အပိုင်း ၁၁၆
Viewers 30k

Chapter 116



လွတ်မြောက်ရန်နည်းလမ်းမရှိသဖြင့် ဦးနှောက်သုံး၍သာ ရင်ဆိုင်ရပေမည်။


ရှန်းလျိုရှန့်က ခဏမျှရပ်တန့်လိုက်သည်။ ထို့နောက် လက်မြှောက်ကာ တိတ်တဆိတ် လှုပ်ရှား၍ မီးတောက်များကို ကောင်းကင်ပေါ်သို့ပစ်လွှတ်လိုက်သည်။ စိတ်ကြီးဝင်နေသော အစိမ်းရောင် နွယ်ပင်များက ချက်ချင်းပင် သူ့ဘေးပတ်လည်၌ ဖုံးအုပ်သွားသည်။ အချို့နွယ်များက လောင်ကျွမ်းလွန်းသဖြင့် တွန့်ကွေးကာ နောက်သို့ အမြန်ပြန်ရုတ်သွားကြသည်။


ရှန်းလျိုရှန့်၏မျက်နှာပေါ်တွင် ပျော်ရွှင်မှုနှင့် ဖုံးလွှမ်းနေသည်။ သို့သော် ခဏအကြာတွင် သူမပျော်နိုင်တော့ချေ။ အရိုးပြိုင်းပြိုင်းဖြစ်နေသည့် နွယ်များက နောက်တွင်ကျန်ရစ်ခဲ့ကာ အဖြူရောင်အဖူးများနှင် နွယ်ရှည်များသာ ပြန်ထွက်လာကြောင်း သူတွေ့လိုက်ရသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် နွယ်ပင်မှ ပန်းများပွင့်လာ၍ ပန်း၏အလည်တွင် မီးကျွမ်းနေသည့်အနံ့များပျံ့နှံ့လာသည်။ မှိန်ဖျော့သော မီးတောက်များက နွယ်ပင်အားလုံးဆီသို့ ပျံ့နှံ့သွားသည်။


မရေတွက်နိုင်သော မီးစွဲနေသည့် မြွေပုံစံနွယ်များက တိုက်ခိုက်လာသဖြင့်ရှန်းလျိုရှန့်က ကြက်သေသေသွားသည်။


နန်းတွင်းမှ တိယွင်ယွီက လင်းနေသည့်ပိတ်ကားထဲ၌ သတိရှိရှိရှောင်တိမ်းနေသော ပုံရိပ်လေးကို ကြည့်နေလျက် လက်ဖက်ရည်တစ်ငုံကို ဖြည်းနှေးစွာ သောက်လိုက်သည်။


ရှင်းလျန်က တိယွင်ယွီဘေးတွင်ရပ်နေသည်။

"သန္ဓေသားကိုးပါးက မြွေပုံစံခေါင်းကိုးလုံးရှိတဲ့ ရေခဲနဲ့မီးထုတ်နိုင်တဲ့ နတ်ဆိုးသားရဲတွေ...ခမည်းတော်က သူတို့ကို လေ့ကျင့်ဖို့ နွယ်ပင်တောအုပ်ကို သုံးချင်တာလား..."


တိယွင်ယွီက အဖြေမပေးလာသော်ငြား မေးလာခဲ့သည်။

 "တကယ်လို့ မင်းသာဆိုရင် ဘယ်လို လွတ်မြောက်အောင် လုပ်မလဲ..."


ရှုရှင်းလျန်၏ မျက်ခုံးများအနည်းငယ်တွန့်သွားပြီးနောက် ခဏမျှ ရယ်မောလာသည်။

 "သမီးတော်ရဲ့ ဝိညာဉ်စွမ်းအားက မလုံလောက်ဘူး...မီးနဲ့ရေခဲနည်းစနစ်ကလည်း အသုံးမဝင်ဘူး...သမီးတော်ဆို မလွတ်နိုင်လောက်ဘူး...ခမည်းတော် လာကယ်မှာကိုပဲ မှီခိုရမှာ...."


သူမစကားဆုံးသွားသောအခါ မေးလာသည်။

"ခမည်းတော်က ငယ်ငယ်လေးတည်းက ရှန့်ချီတောင်မှာ လေ့ကျင့်နေခဲ့တာဆိုတော့ နွယ်ပင်တောအုပ်ကို ကြုံဖူးမှာပေါ့...အဲဒီတုန်းက ဘယ်လိုဖျက်ဆီးခဲ့တာလဲ..."


တိယွင်ယွီက ညင်သာသော အသံဖြင့်ပြောလာသည်။

"တကယ်လို့ သေသေချာချာအသေးစိတ်ကြည့်ရင် နွယ်ပင်ရဲ့ တိုက်ခိုက်မှုက သာမန်မဟုတ်ပဲ သတိရှိနေတာကို တွေ့ရလိမ့်မယ်...တစ်ဖက်လူရဲ့ တုန့်ပြန်ချက်ကိုကြည့်ပြီး သူတို့က ပြန်တုန့်ပြန်တာ...ကျိုးရွှမ်လန်ဘက်ကို ကြည့်လိုက်...နွယ်ပင်တွေက အစိမ်းရောင်ရင့်နေပြီး ပိုပြီးအားပြင်းပြင်းနဲ့တိုက်ခိုက်နေတာ...သိသိသာသာကိုပဲ သူဒေါသထွက်နေတာ...ဘာလို့လဲဆိုတော့ မြေကြီးပေါ်မှာ နွယ်ပင်တော်တော်များများက ပျက်ဆီးနေလို့...”


"မင်းရဲ့ အစ်ကိုတော်ကို ကြည့်လိုက်...သူ့ခေါင်းကိုနွယ်ပင်တစ်ပင် ရိုက်တာခံလိုက်ရတော့ ဒေါသအရမ်းထွက်နေတယ်... အခြားနွယ်တွေကို လျစ်လျူရှုပြီး အဲဒီစပျစ်နွယ်ကိုပဲ လိုက်ခုတ်နေတာ... နွယ်ပင်က အဲဒါကိုလည်း သတိထားမိသွားရော တိုက်ခိုက်တာရပ်လိုက်ပြီးတော့ အဲဒီနွယ်ကိုပဲသုံးပြီး သူ့ကိုစနေတာ..."


ရှုရှင်းလျန်၏ အကြည့်များက ပိတ်ကားပေါ်သို့ ကျရောက်သွားကာ ပါးစပ်ကိုအုပ်၍ ရယ်မောလာသည်။


"ဒီနွယ်တွေက အဓိကပဲ...အခုသူတို့ကပိုပြီး အနှစ်သာရရှိလာပြီ...သူတို့ကို ပင်မခန္ဓာကိုယ်ရဲ့ရင်းမြစ်ကိုရှာပြီးတော့ ဖြေရှင်းနိုင်တယ်...ဒီလိုမှ မဟုတ်ရင် သူတို့က အဆုံးမရှိထပ်ထွက်လာဦးမှာပဲ...”


ရှုရှင်းလျန်က ပြောလာသည်။

"ဒီလိုဆိုရင် ခမည်းတော်က နွယ်ပင်ဝိညာဉ်ကို ဖမ်းမိပြီးတော့ ချမ်းသာပေးထားတာပေါ့...အခုသူက ခမည်းတော်ရဲ့ ညွှန်ကြားချက်ကို လိုက်နာရမှာပေါ့..."


တိယွင်ယွီ : "ကိုယ်တော် သူတို့ကို ပြန်မဆုတ်ခိုင်းထားဘူး..."


ရှုရှင်းချန်က ခဏမှ ကြက်သေသေသွားကာ စိတ်ပူသောအမူအရာပေါ်လာသည်။

"တကယ်လို့ သူတို့ပိတ်မိနေပြီး မထွက်လာနိုင်ရင်ရော ခမည်းတော်က သူတို့ကို ဂရုမစိုက်ဘူးလား..."


တိယွင်ယွီ : "သူတို့ထဲက နှစ်ယောက်ကတော့ ထွက်လာနိုင်မှာပါ...ဒါက အချိန်ပြဿနာပဲရှိမှာ..."


ရှုရှင်းလျန်၏ နှလုံးသားက စည်းချက်လွဲသွားရကာ ပိတ်ကားအလည်မှ အကျပ်ရိုက်နေဟန်ရှိသော ပုံရိပ်လေးကို ကြည့်လိုက်သည်။

"အကြီးဆုံးအစ်ကိုတော်ကရော ဘယ်လိုလဲ..."


တိယွင်ယွီက ခဏမျှတိတ်ဆိတ်နေကာ မျက်မှောင်အနည်းငယ်ကြုတ်သွားသည်။

"သူက နွယ်ပင်ကို သေချာပေါက်တွေ့ပေမဲ့ မတိုက်ခိုက်ဘူး...သူဘာလုပ်ချင်နေမှန်း ကိုယ်တော်လည်း မသိဘူး..."


ရှန်းလျိုရှန့်က မီးနွယ်ပင်များ၏ ဝန်ရံခြင်းကို ခံနေရကာ အရည်ပျော်လုနီးပါးပင်ဖြစ်နေသည်။ သူက ရေခဲအတားအဆီးကို ဖြစ်ပေါ်လာစေ၍ အတွင်း၌ မတ်တပ်ရပ်နေသည်။ ရှန်းလျိုရှန့်က ပုန်းအောင်းနေစဉ်တွင် လက်အပြည့် ရေခဲတုံးများအဖြစ် ပြောင်းလဲကာ သူ့ပါးစပ်အတွင်းသို့ ပစ်ထည့်လိုက်သည်။ ထို့နောက်၎င်းရေခဲတုံးများကို မရပ်မနား ကိုက်ဝါးနေသည်။


ဇာမဏီမျက်ဝန်းတစ်စုံက အတားအဆီးအပြင်ဘက်မှ မီးနွယ်ပင်များကို စိုက်ကြည့်နေသည်။ သူက ခဏမျှတွေးဆနေပြီးနောက် လက်မြှောက်၍ နှုတ်ဆက်လာသည်။


အတားအဆီး၏အနီးဆုံးတွင်ရှိသော နွယ်ရှည်မှာ ခဏမျှရပ်တန့်သွားပြီး အလိုလျောက်ပင် လှုပ်ယမ်းကာ တုန့်ပြန်လာသည်။


ရှန်းလျိုရှန့်၏ နှုတ်ခမ်းများ မြင့်တက်လာသည်။နွယ်ပင်က သတိရှိရုံသာမက ယဉ်ကျေးမှုပါရှိပုံရသည်။

တကယ် စိတ်ဝင်စားစရာပဲ...


ရေခဲအတားအဆီးက မီးတောက်များကြောင့် အလျင်အမြန်ပင်အရည်ပျော်လာသည်။


မီးတောက်များ ဝါးမျိုခြင်းကို ခံရတော့မည်ကို ကြည့်၍ ရှန်းလျိုရှန့်က မျက်လုံးများက အနည်းငယ်လက်သွားသည်။ ထို့နောက် ဝတ်ရုံအနားစကို ခပ်တည်တည်ပင်မကာ အတွင်းဝတ်အဖြူကို ဖော်ပြလိုက်သည်။


"ဇွီ..."

အနည်းငယ်ဖြဲလိုက်သည်။


နွယ်ပင်က မြေပြင်ပေါ်သို့ တစ်ချက်ကြည့်လိုက်သည်။ ရှန်းလျိုရှန့်တစ်ယောက် အောက်ငုံ့၍ သစ်ကိုင်းအကြီးတစ်ခုနှင့် အသေးတစ်ခုကို ကောက်ယူကာ ဟိုဟိုသည်သည်လုပ်နေသည်။


"အစ်ကိုတော် ဘာလုပ်နေတာလဲ... "


ရေခဲအတားအဆီးက မတောင့်ခံနိုင်တော့သော်လည်း ရှန်းလျိုရှန့်က လျစ်လျူရှုထားမြဲဖြစ်သည့်ကို ကြည့်၍ ရှုရှင်းလျန်တစ်ယောက် စိတ်ပူလာလေသည်။


"ခမည်းတော်..."


တိုက်ခိုက်သင့်သူများနှင့် ရင်ဆိုင်ရလျှင် နွယ်ပင်များက သနားမည်မဟုတ်ပေ။


တိယွင်ယွီက စားပွဲခုံကို လက်ချောင်းများနှင့် ခပ်ဖွဖွခေါက်လျက် ပိတ်ကားကို စိုက်ကြည့်နေသည်။ သူစကားပြောရန် ပြင်လိုက်ချိန်‌၌ မီးနွယ်ပင်များ မတိုက်ခိုက်မီ ရှန်းလျိုရှန့်က မြင်ကွင်းမှ ခုန်ထွက်လိုက်သည်။


ရှန်းလျိုရှန့်က လေထဲ၌ ရပ်တန့်နေလျက် လွှမ်းမိုးနေသော မီးနွယ်ပင်များကို မျက်နှာချင်းဆိုင်လိုက်ကာ လက်မောင်းကို ရုတ်တရက်မြှောက်လိုက်သည်။

"နည်းနည်းလောက်စောင့်ပေးဦး.."


တိယွင်ယွီ၏မျက်လုံးထဲတွင် ရှုပ်ထွေးမှုအနည်းငယ်ရှိနေသည်။ ထို့နောက် ရှန်းလျိုရှန့်၏ လက်ထဲ၌ ရိုးရှင်းသည့် အလံဖြူလေးတစ်ခုကို ခပ်မြင့်မြင့် ကိုင်မြောက်ထားကာ လေထဲတွင် တဖျပ်ဖျပ်လှုပ်ခတ်နေကြောင်း တိယွင်ယွီတွေ့လိုက်ရသည်။


"အရှုံးပေးတယ်..." 


ရှန်းလျိုရှန့်က အဖြူရောင်အလံကို လက်တစ်ဖက်ဖြင့် ဝှေ့ယမ်းနေသည်။


"အရှုံးပေးချင်တယ်လို့ ဧကရာဇ်ကို ပြောလိုက်ပါ...."


အနှီမြင်ကွင်းကို တွေ့သောအခါ ရှုရှင်းလျန်က ပါးစပ်အုပ်၍ ရယ်မောလိုက်သည်။ သူမ၏အစ်ကိုတော်က နွယ်ပင်ဝိညာဉ်မှာ ခမည်းတော်၏အမိန့်အောက်တွင်ရှိကြောင်း ခန့်မှန်းမိနေသည်။


တိယွင်ယွီက မသိနိုင်သော အဓိပ္ပါယ်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။


အရည်အချင်းမပြချင်ပဲနဲ့ ကျော်ဖြတ်ချင်တယ်ပေါ့... တုံးအလိုက်တာ...


ရှန်းလျိုရှန့်၏ဘေးပတ်လည်မှ မီးတောက်များက ပို၍ပြင်းထန်လာကြသည်။ ၎င်းတို့က ဒေါသထွက်နေသဖြင့် တိုက်ခိုက်ချင်နေကြသည်။


သို့သော်ငြား ခဏအကြာတွင် ရှန်းလျိုရှန့်ကထပ်မံရပ်တန့်သွားပြန်သည်။


ရှန်းလျိုရှန့်၏ အခြားလက်တစ်ဖက်တွင် အခြေတည်ဝိညာဉ်ငယ်လေးကို ဖော်ပြလိုက်သည်။


လက်နှစ်ဖက်လုံးတွင် အဖြူရောင်အလံကို ကိုင်ထားကာ အားကုန်သုံး၍ ဝှေ့ယမ်းလျက် သူ၏ ချိုသာသော အသံလေးကို မြှင့်လိုက်သည်။


 "အရှုံးပေးတယ်...ခမည်းတော်...ကျွန်တော်အရှုံးပေးချင်တယ်..."


တိယွင်ယွီ : "....."


ရှန်းလျိုရှန့်က နွယ်ပင်များကို ဖြေရှင်းချင်ရုံသာမက သူနှင့် ကလိမ်ကကျစ် ကစားချင်နေကြောင်းတိယွင်ယွီ ရှင်းရှင်းလင်းလင်း နားလည်လိုက်သည်။


တိယွင်ယွီက တိတ်တဆိတ်စောင့်ကြည့်နေမည်ဟု ရှန်းလျိုရှန့်ခန့်မှန်းမိသဖြင့် စမ်းသပ်ကြည့်ရန် အခြေတည်ဝိညာဉ်ကို တမင်ရည်ရွယ်၍ ဖန်တီးခဲ့ခြင်းဖြစ်သည်။


မြွေကဲ့သို့ မီးနွယ်ပင်များက တိုက်ခိုက်မှုကို ရပ်တန့်လိုက်ကာ လေထဲ၌ တွေဝေနေကြသည်။ နွယ်ပင်ထိပ်များက အနည်းငယ်ယိမ်းထိုးနေလျက် အဖြူရောင်အလံကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ ဘယ်ညာဝှေ့ယမ်းနေသည့် ယွမ်ယင်းလေးကို စိုက်ကြည့်နေကြသည်။


ခဏအကြာတွင် နွယ်ပင်တစ်ပင်က ၎င်းပတ်လည်ရှိ မီးတောက်ကို ကြည့်၍ ခန္ဓာကိုယ်တစ်ခုလုံး ရေကန်ကြည်ကြည်အတွင်းသို့ နစ်မြုပ်စေလိုက်သည်။ လောင်းကျွမ်းစေသည့် အပူကို ဖယ်ရှားပြီးနောက် အစိမ်းရောင်နွယ်၏ထိပ်ပိုင်းကို လိပ်၍ ယွမ်ယင်းလေးကို ဆွဲခေါ်ကာ သစ်ပင်ကြီးနှစ်ပင်ကြားတွင် ထားလိုက်သည်။ သေးငယ်သည့်ကျောက်ခုံလေးပင် ထွင်းပေးထားလေသည်။


တောအုပ်အတွင်း၌ အလွန်အေးလှသည်။ ယွမ်ယင်းလေး အအေးကြောက်နေမည်စိုးသဖြင့် ဘေးတစ်ဖက်တစ်ချက်ရှိ နွယ်များတွင် မီးတောက်များထွန်းညှိကာ နွေးထွေးစေလိုက်သည်။


ခဏကြာပြီးနောက် လတ်လတ်ဆတ်ဆတ် သစ်သီးအခိုင်လိုက်ကို တစ်နေရာရာမှ ယူလာကာ ယွမ်ယင်းလေးထံ ပေးလိုက်သည်။


ယွမ်ယင်းလေးက ပင်ကိုအားဖြင့် ရှန်းလျိုရှန့်ဆီသို့သာ ပြန်လာချင်လေသည်။ သို့သော် သစ်သီးအခိုင်လိုက်ကိုမြင်သောအခါ လက်ထဲမှ အလံဖြူကိုချ၍ လိမ္မော်သီးတစ်လုံးကို လက်နှစ်ဖက်ဖြင့် ကောက်ယူလိုက်ကာ ခုံပေါ်၌ ပြန်ထိုင်ချလိုက်သည်။


ထို့နောက် မျက်နှာပေါ်ရှိ အပြုံးလေးနှင့်အတူ ပြောလာသည်။

 "ဒါဆို ကျွန်တော် အရှုံးမပေးတော့ဘူး..."


ရှန်းလျိုရှန့်က သူ့ပတ်လည်၌ ဝိုင်းနေသော မီးတောက်များကို ကြည့်လိုက်သည်။ ထို့နောက် လိမ္မော်သီးအား သာသာယာယာ ဝါးစားနေသော ယွမ်ယင်းလေးကို ကြည့်ကာ ကြက်သေသေနေတော့သည်။

အတုကြီး...အတုအယောင် မင်းသားငယ်လေးပဲ...နန်းတွင်းရဲ့ မင်းသားလေးအစစ်ကရော...


သူ မတုန့်ပြန်နိုင်မီမှာပင် သူလက်ထဲမှ အဖြူရောင်အလံက မီးတောက်နွယ်တစ်ခုကြောင့် မီးခိုးအဖြစ်သို့ လောင်ကျွမ်းသွားသည်။ အစောပိုင်းက ညင်သာနေသည့် နွယ်ပင်များမှာ ထင်ယောင်ထင်မှားသာဖြစ်မည်။ မီးလှိုင်းအလွှာများကဲ့သို့ မီးနွယ်များက ပြင်းထန်သောလေသံများနှင့် နီးကပ်လာသည်။


ရှန်းလျိုရှန့်က ရန်သူကို တုန့်ပြန်ရုံမှတစ်ပါး ရွေးချယ်စရာမရှိချေ။ မီးနွယ်များ၏လှုပ်ရှားမှုကို ဖမ်းဆုပ်နိုင်ရန် မျက်စိမှိတ်၍ ဝိညာဉ်အာရုံကို သုံးလိုက်သည့်နောက်တွင် သူ၏ရှောင်တိမ်းသည့်အလျင်မှာ ချက်ချင်းပင် ပို၍မြန်လာသည်။


သူက သစ်တောအတွင်း၌ ရည်ရွယ်ချက်ရှိရှိရွေ့လျားနေသည်။ ခဏကြာပြီးနောက် သူ့နောက်သို့လိုက်နေသော နွယ်ပင်များက ရှုပ်ထွေးသွားသဖြင့် ဘယ်ညာရုန်း၍ တစ်ခုနှင့်တစ်ခုလွတ်မြောက်ရန် ကြိုးပမ်းနေသည်။ သို့သော်ထိုလှုပ်ရှားမှုများက ပို၍ ပို၍ပင်တင်းကြပ်မြဲမြံစေလာသည်။


သူက ကျယ်လောင်သောအသံဖြင့် ဆင်းသက်လိုက်သည်။သူ၏ နှုတ်ခမ်းထောင့်များက တွန့်ကွေးနေသည်။

 "ညံ့လိုက်တာ..."


စကားဆုံးသည်နှင့်တစ်ပြိုင်နက် ပေါက်ကွဲသံတစ်ခုကို ကြားလိုက်ရသည်။ ရှန်းလျိုရှန့် လှည့်ကြည့်လိုက်သောအခါ ငြိနေသော စပျစ်နွယ်တစ်ဝက်ခန့်မျှ ပျက်ဆီးသွားသည်ကိုတွေ့လိုက်ရသည်။ ပျက်ဆီးသွားသည်နှင့်အမျှ အလင်းအလျင်ကဲ့သို့ ပြန်ကြီးထွားလာပြီး ပို၍ကြံ့ခိုင်ကာ မာကြောလာသည်။


ရှန်းလျိုရှန့် : "....."


ဘမ်း...ဘမ်း...


လှောင်ပြောင်ခံရခြင်းကြောင့် ဒေါသထွက်နေသဖြင့် စပျစ်နွယ်များ၏ အလျင်မှာ နှစ်ဆဖြစ်နေသည်။ ရှန်းလျိုရှန့်က ရှောင်တိမ်းရန် ကျရှုံးသွားသဖြင့် ဘယ်ဘက်လက်မောင်းကို ရိုက်မိသွားသည်။ သူ့အားအသက်ရှူရန် အခွင့်အရေးမပေးပဲ အခြားနွယ်များကပါ အပြေးအလွှားဝင်လာကြသည်။


တောအုပ်ထဲ၌ ရုတ်တရက်ပင် အက်ကွဲသံတစ်သံကြားလိုက်ရသည်။


နန်းတွင်းထဲမှ ထိုမြင်ကွင်းကို စိုက်ကြည့်နေသော ရှုရှင်းလျန်မှာ အနည်းငယ်မျက်မှောင်ကြုတ်သွားရသည်။ ရှန်းလျိုရှန့်ဘေးရှိ နွယ်ပင်များက အခြားနှစ်ယောက်နေရာထက် သိသိသာသာပင် ပို၍မြန်ဆန်သန်မာနေသဖြင့် အံ့သြသွားသည်။


"အစ်ကိုတော့်အပေါ်မှာ အရမ်းပြင်းထန်နေတာ မဟုတ်ဘူးလား..."


"အဲဒါ ကိုယ်တော့်အမိန့် မဟုတ်ဘူး...သူကအရမ်းမောက်မာနေလို့ဖြစ်တာ..." 


တိယွင်ယွီ၏အကြည့်များက အကျပ်ရိုက်လျက်ပြေးလွှားနေရသော ပုံရိပ်လေးပေါ်၌ ကျရောက်နေသည်။ ထိုသူ၏မျက်ခုံးများ အနည်းငယ်လှုပ်ရှားသွားကာ ခဏကြာပြီးနောက် ရယ်မောနေပုံရသည်။


"လုံလောက်ပြီ...ဆက်ကြည့်ကြတာပေါ့..."


သေရေးရှင်ရေးအခက်အခဲအတွင်းသို့ ကျရောက်နေသော ရှန်းလျိုရှန့်ကိုသာ သူကြည့်နေလိုက်သည်။

.

နွယ်ပင်များက အံသြစရာကောင်းသည်ဟု ရှန်းလျိုရှန့်ထင်သည်။ အဖြူရောင်ပန်းများက မိီးများထုတ်နိုင်ရုံသာမက ရေခဲမြှားများပါ ပစ်လွှတ်နိုင်သည်။ အော်ဟစ်သည်အထိ အကင်ခံရကာ အအေးဒဏ်ကြောင့် တုန်ယင်လာသည်အထိ၊ မမျှော်လင့်ထားပဲ နှာချေလျှင်ပင် ကြာပွတ်ဖြင့်အရိုက်ခံရလေသည်။


ကံကောင်းထောက်မစွာပင် အချိန်ကြာလာသည်နှင့်အမျှ အရှိန်နှင့် အသားကျလာသည်။ သူ၏တုန့်ပြန်မှုမှာလည်း များစွာတိုးတက်လာသည်။


ညသို့ရောက်သည်အထိ ရေခဲနှင့်မီး သံသရာစက်ဝန်းတွင် လွယ်လွယ်ကူကူရှောင်ရှားနိုင်လာသော်ငြား ခန္ဓာကိုယ်တွင်းမှ ဝိညာဉ်စွမ်းအားမှာ ကုန်ခမ်းလုနီးပါးဖြစ်နေသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် ဒဏ်ရာဒဏ်ချက်များနှင့် ဖုံးလွှမ်းနေသည်။


နဖူးမှချွေးကို သပ်ချလိုက်ကာ ဟောဟဲလိုက်နေသည်။ ခဏအကြာတွင် သူမောပန်းလာကာ လဲကျသွားသည်။


သို့သော်ငြား နွယ်ပင်များက အမိန့်လက်ခံရရှိပုံရကာ ဆက်လက်တိုက်ခိုက်ခြင်းမရှိတော့ပေ။ ရေပုလင်းတစ်ခုကို ပစ်ပေးလာကာ နွယ်ပင်များ ပြန်ရုတ်သိမ်းသွားသည်။


ကျောက်ထိုင်ခုံပေါ်မှ ယွမ်ယင်းလေးက ခုန်ဆင်းကာ လက်မောင်းအတွင်း၌ လိမ္မော်သီးပိုက်လျက် အလျင်အမြန်ပြေးလာခဲ့သည်။ သူ လမ်းတွင် ကျောက်တုံးနှင့်ခလုတ်တိုက်မိကာ ခပ်ပြင်းပြင်းလဲကျသွားသည်။ ပုံရိပ်လေးမှာ အတန်ကြာသည်အထိ မထနိုင်ချေ။ 


ရှန်းလျိုရှန့်တစ်ယောက် ဆွံ့အသွားရကာ ကူညီပေးရန် ရှေ့သို့ လှမ်းလာသည်။


ယွမ်ယင်းလေးက လိမ္မော်သီးကို ဆုပ်ကိုင်လျက် မူးဝေနေကာ တိုးတိုးလေးပြောလာသည်။


" ကျွန်တော်အစိမ်းရောင်လေးတွေ တွေ့လိုက်တယ်... ဘာလို့ ကျွန်တော့်ကို ရိုက်ခွင့်မပေးတာလဲ..."


"ငါနဲ့သာ ပြင်းပြင်းထန်ထန် လာလေ့ကျင့်စမ်းပါ... အဲဒီနွယ်နဲ့ ဘာလုပ်နေတာလဲ..."


ရှန်းလျိုရှန့်က တိယွင်ယွီ၏ ဆိုလိုရင်းကို နားလည်သည်။ သူက လိမ္မော်သီးကို ပွတ်သပ်၍ တစ်ကိုက်ကိုက်လိုက်သည်။


"ပြီးတော့ မင်းက ချော်လဲပီး ပြန်တောင်မထနိုင်တာ...ဘယ်သူ့ကို ရိုက်နိုင်မှာလဲ..."


ယွမ်ယင်းလေးက စူပုတ်သွားကာ ခေါင်းငုံ့၍ လက်ညိုးထိုးပြလေသည်။


အသက်စွမ်းအင်ကို သူကိုယ်တိုင် ကျင့်ကြံနိုင်ချိန်ကတည်းက သူ၏ခန္ဓာကိုယ်မှာ ပို၍ ပို၍ လေးလံလာကာ ကြာကြာမခုန်ပေါက်နိုင်တော့ချေ။


ရှန်းလျိုရှန့်က အလွန်နစ်နာနေဟန်ရှိသော ယွမ်ယင်းလေးအား မေးစေ့ကို ပင့်ကိုင်၍ ကြည့်လိုက်သည်။ အနီးကပ်စစ်ဆေးပြီးနောက်တွင် သူ့မျက်ခုံးများပင့်လိုက်သည်။


မျက်နှာဖောင်းဖောင်းလေးမှာ အနည်းငယ်သွယ်လာပုံရသည်။ သူက ကြီးထွားလာခြင်းကြောင့် ဖြစ်နိုင်သည်။


ရှန်းလျိုရှန့်က ပါးအိအိလေးများကို ဆွဲလိုက်သောအခါ ယွမ်ယင်းလေးမှာ မပျော်ရွှင်မှုနှင့်အတူ မျက်လုံးများပြူးလာသည်။ ရှန်းလျိုရှန့်က သူ့ကို ချီသိုလှောင်ရာကိုယ်တွင်းသို့ ပြန်ခေါ်ကာ ဆက်လက်ကြည့်ရှုစောင့်ရှောက်လိုက်သည်။


ဝိညာဉ်ပျက်ဆီးခြင်းက မှတ်ဉာဏ်ပျောက်ဆုံးစေသည်ဟု တိယွင်ယွီက ဖော်ပြခဲ့သည်။ သူ့ထံတွင် မူလကိုယ်၏မှတ်ဉာဏ်မရှိသည်မှာ သူက အခြားကမ္ဘာမှရောက်လာသည့် အပြင်လူဖြစ်သောကြောင့်ဟု ရှန်းလျိုရှန့်ထင်ထားခဲ့သည်။ ယခုတွင် သူ မရောက်လာမီ မူလကိုယ်၏ မှတ်ဉာဏ်များက ပြဿနာတစ်ခုခုဖြစ်ခဲ့ပုံရသည်။


ရှန်းလျိုရှန့် မျက်ခုံးများပွတ်သပ်ကာ တောအုပ်မှထွက်လာသည်။ သူ၏ဝိညာဉ်ပြန်လည်ပြင်ဆင်ပြီးချိန်တွင် တစ်ခုခုပြန်မှတ်မိလာနိုင်သည်။


အခြားနှစ်ယောက်ပြန်ထွက်လာသည်မှာ အချိန်ကြာမြင့်လှပြီဖြစ်သည်။ ရှုရှင်းချန်က ခေါင်းကို အုပ်ကိုင်ထားလျက် နွယ်ပင်များအား လက်စားချေလိုသော အကြည့်ဖြင့်ကြည့်နေသည်။ ကျိုးရွှမ်လန်က တောအုပ်အပြင်ဘက်တွင် မတ်တပ်ရပ်စောင့်ဆိုင်းနေသည်။ ပိန်သွယ်သောပုံရိပ်လေးကို မြင်သောအခါ ကျိုးရွှမ်လန် မျက်မှောင်ကြုတ်လိုက်သည်။


ရှစ်စွမ်း ဒဏ်ရာရလာတယ်...


ရှန်းလျိုရှန့်၏ ဆံပင်ရှည်များက ရှုပ်ပွနေလျက် အပြင်ဝတ်ရုံမှာ မီးကြောင့် စုတ်ဖွာနေသည်။ သူက ဆိုးဝါးနေသော အမူအရာဖြင့်ထွက်လာသည်။ တစ်စုံတစ်ယောက်နှင့်မတွေ့မီတွင် မျက်နှာသစ်ရန် ရေအချို့ရှာဖွေချင်သော်ငြား ကျိုးရွှမ်လန်နှင့် တွေ့မည်ဟု မမျှော်လင့်ထားခဲ့ချေ။


နောက်ပြန်လှည့်၍ လျှောက်သွားချင်စိတ်ရုတ်တရက် ပေါ်လာသည်။


"ရှစ်စွမ်း..." 

ကျိုးရွှမ်လန်က မျက်တောင်တစ်ခတ်အတွင်းရောက်လာကာ သူကိုရပ်တန့်သွားစေသည်။


ရှန်းလျိုရှန့်၏လက်မှာ ဆွဲယူခြင်းခံရကာ ဝတ်ရုံလက်ကို လှန်တင်ခံလိုက်ရသည်။ သူ၏ လက်ကောက်ဝတ်တွင် မီးလောင်ဒဏ်ရာများ အကွက်လိုက်ရှိနေသည်။ ၎င်းကို ကြည့်၍ ကျိုးရွှမ်လန်က မျက်လွှာချထားချိန်တွင် ရှေ့တွင်ရှိနေသူထံမှ ရယ်မောသံထွက်ပေါ်လာသည်။


 "မနာပါဘူး...နည်းနည်းလေးယားရုံလောက်ပဲ..."


၎င်းမှာ ရှန်းလျိုရှန့်၏ ဂရုမစိုက်မှုကြောင့် မီးနွယ်များ၏ တိုက်ခိုက်ခြင်းခံလိုက်ရသဖြင့် ကျန်ရစ်ခဲ့သည်များဖြစ်သည်။ သူ ဆေးလိမ်းပြီးသွာပြီဖြစ်သဖြင့် ကုသနိုင်ရန် အချိန် အလွန်မကြာတော့ပေ။


ကျိုးရွှမ်လန်က နှုတ်ခမ်းစူ၍ မည်သည်မျှမပြောပဲ မပျှော်မရွှင်ဖြစ်နေကြောင်း တွေ့သောအခါ ရှန်းလျိုရှန့် ခေါင်းစောင်း၍ သူ့အမူအရာကို ကြည့်လာသည်။


အနှီ ဒဏ်ရာမှာ မည်သည်မျှမဟုတ်သလို၊ မိမိသည်လည်း လေတစ်ချက်တိုက်ရုံမျှဖြင့် လဲကျသွားနိုင်သည့် သနားစဖွယ်လူတစ်ယောက်မဟုတ်သော်ငြား အရှေ့ရှိလူက ၎င်းဒဏ်ရာကြောင့် စိတ်ဓာတ်ကျနေသည်ကို မြင်ရသောအခါ သူ မပျှော်ရွှင်ပဲ မနေနိုင်ချေ။


ရှန်းလျိုရှန့် မျက်ခုံးများပင့်ကာ ပြုံးလာသည်။

"မင်း ဝမ်းနည်းနေတာလား..."


"ဟုတ်တယ်..."

ကျိုးရွှမ်လန်က သူ့ကို စိုက်ကြည့်လာသည်။ 


ရှန်းလျိုရှန့်၏ နှလုံးမှာ စည်းချက်လွဲသွားသည်။ ကျိုးရွှမ်လန်တစ်ယေ

ာက် ဖုံးကွယ်ခြင်းမရှိ ရက်ရက်ရောရော ဝန်ခံလာမည်ဟု သူမမျှော်လင့်ထားချေ။ ပါးများပူလောင်လာလျက် လက်ကို ချက်ချင်းပြန်ဆွဲယူလိုက်သည်။


တစ်ခုခုတော့မှားနေပြီ...အရင်တုန်းက ထိန်းထိန်းသိမ်းသိမ်းရှိတဲ့ တပည့်လေးက ဘယ်လိုဖြစ်သွားတာလဲ...