အပိုင်း ၁၁၇
Viewers 30k

Chapter 117



ကျိုးရွှမ်လန်က ဝတ်ရုံတစ်ထည်ကို သိုလှောင်အိတ်မှ ထုတ်ယူလာကာ ရှန်းလျိုရှန့်ကို ဝတ်ဆင်ပေးလာသည်။ ရှုပ်ထွေးနေသော ဆံပင်များကို စု၍ အနီရောင် ဆံပင်စည်းကြိုး ရှည်ရှည်တစ်ချောင်းဖြင့် စည်းနှောင်ပေးလိုက်သည်။ ထို့နောက် ရှန်းလျိုရှန့်အား ရင်ခွင်အတွင်း၌ ပွေ့ဖက်၍ မျက်တောင်တစ်ခတ်အတွင်း ကြည်လင်သော မြစ်ကမ်းဘေးသို့ရောက်လာလေသည်။


ရှန်းလျိုရှန့်တစ်ယောက် အသိဝင်လာသောအခါ သူ၏မျက်နှာပေါ်မှ ဖုန်များက ရေစုပ်ထားသော ပိုးပုဝါဖြင့် သန့်ရှင်းပေးနေပြီဖြစ်သည်။ 


နွယ်ပင်များနှင့် နေလည်ကတည်းက တိုက်ခိုက်နေခဲ့ရသောကြောင့် သူအမှန်တကယ်ပင် ပင်ပန်းနေသည်။ ဤအခြေအနေကိုတွေ့သောအခါ ရှန်းလျိုရှန့်တစ်ယောက် ဟန်ဆောင်နေခြင်းကို ရပ်တန့်ကာ ကျိုးရွှမ်လန်ကို မှီရန် ရှေ့သို့ ကိုင်းလာသည်။ သူက ကျိုးရွှမ်လန်၏ဝတ်ရုံကို လက်မြှောက်၍ ဆုပ်ကိုင်ကာ ပုခုံးကျယ်ကျယ်ထက်တွင် နဖူးတင်လျက် အနားယူလိုက်သည်။


ရှန်းလျိုရှန့်မျက်လုံးများ မှေးစင်းနေ၍ ဤသည်ကို အလွန် နှစ်ခြိုက်နေပုံရသည်။


ယခုအချိန်မှ စ၍ ပျော်ရွှင်သော ငါးဆားနယ်တစ်ကောင်ဘဝသို့ ကောက်ကာငင်ကာရောက်လာပုံရသည်။


အတွေးတစ်ခု စိတ်ထဲသို့ ရောက်လာသည်နှင့်အမျှ နောက်ကျော့မှ အေးစိမ့်သွားသည်။ ရှန်းလျိုရှန့်က ရုတ်ချည်းခေါင်းမော့၍ တိယွင်ယွီတစ်ယောက် အမှောင်ထဲမှ စောင့်ကြည့်နေလောက်သည်ကို တွေးမိသဖြင့် အလွန်ထိတ်လန့်သွားကာ တစ်ကိုယ်လုံး တုန်ယင်လာလေသည်။


ကျိုးရွှမ်လန် : "ရှစ်စွမ်း...ဘာဖြစ်လို့လဲ..."


ရှန်းလျိုရှန့်က ခြောက်ကပ်ကပ်ဖြင့် ချောင်းဆိုးလိုက်သည်။

"အဆင်ပြေပါတယ်..."


ရှန်းလျိုရှန့် အမြန်ပင် မတ်မတ်ရပ်၍ ဝတ်ရုံကို ဝတ်ဆင်လိုက်သည်။ ကျိုးရွှမ်လန်၏ အဝတ်အစားမှာ သူဝတ်လေ့ရှိသည်များထက် အနည်းငယ်ကြီးသည်။ ဝတ်ရုံအောက်အနားစများက မြေပြင်ပေါ်သို့တိုက်နေသည်။ ရှန်းလျိုရှန့်က ခါးစည်းကြိုးတင်းတင်းချည်၍ ညာဘယ်ကြည့်ကာ ကျိုးရွှမ်လန်၏ဝတ်ရုံလက်ကို ဆွဲလျက် အလျင်အမြန်ပြေးသွားသည်။


"အလုပ်ပဲလုပ်..."


သူတို့ ဤနေရာသို့အပို့ခံရချိန်တွင် တိယွင်ယွီက ရှန့်ချီတောင်ပေါ်သို့ တက်ရန်ပြောခဲ့သည်။


ရှန့်ချီတောင်က ညဘက်တွင် တောက်ပသော လရောင်က ဖုံးလွှမ်းထားကာ မြူများမှာ ပေါ့ပါးတိတ်ဆိတ်လျက် ငြိမ်းချမ်းနေသည်။


များမကြာမီတွင် တအုန်းအုန်းမြည်သံက အောက်ခြေမှထွက်ပေါ်လာသည်။ ဝိညာဉ်စွမ်းအင် ပမာဏအများအပြားက စိတ်မရှည်စွာ လိမ့်ဝင်လာကာ ည၏တိတ်ဆိတ်ငြိမ်သက်မှုကို ပြိုကွဲစေလိုက်သည်။


ခြေဆယ်ချောင်းနှင့်ပင့်ကူကြီးက မှောင်မိုက်စိုထိုင်းသော ဂူအဝတွင် ရပ်နေလျက် သူ၏ရောင်စုံပင့်ကူ ခြေထောက်ရှည်ကြီးများကို ဆန့်ထုတ်၍ ကြည်စင်သောပင့်ကူမျှင်များ တဖြည်းဖြည်း ထုတ်ယူနေသည်မှာ လမင်းအောက်တွင် ဂီတတူရိယာတစ်ခုခု တီးခတ်နေသည့်နှယ်ပင်ဖြစ်နေသည်။


ပင့်ကူအိမ်တစ်ခုလုံး ရှုပ်ထွေးငြိတွယ်နေသည်။


နက်နက်ရှိုင်းရှိုင်းတွယ်ငြိနေရာမှ ခွဲခွာလုနီးပါးဖြစ်နေသော ပုံရိပ်လေးနှစ်ခုမှာ ချက်ချင်းပင် ထပ်မံတွယ်ငြိသွားပြန်သည်။


မကြာမီက နှစ်ယောက်သား ပင့်ကူကြီး၏ထောင်ချောက်သို့ ကျရောက်သွားခဲ့သည်။ ကျိုးရွှမ်လန်၏ နောက်ကျောမှာ ပင့်ကူမျှင်နှင့်ကပ်ငြိနေသဖြင့် လှုပ်ရှားရန် ခက်ခဲနေ၏။ ရှန်းလျိုရှန့်က ကျိုးရွှမ်လန်ပေါ်သို့ ပြုတ်ကျ၍ လက်နှင့် ခြေများက ကပ်ငြိနေသည်။


သူ့ခန္ဓာကိုယ်တွင်းမှ ဝိညာဉ်စွမ်းအင်များက ပင့်ကူမျှင်မှတစ်ဆင့် စီးဆင်းသွားကြောင်းတွေ့ရသောအခါ ပင့်ကူမျှင်မှ လွတ်မြောက်ရန် ရှန်းလျိုရှန့် ကြိုးစားလိုက်သည်။ ခက်ခက်ခဲခဲနှင့် သူ၏လက်များလွတ်မြောက်လုနီးပါးဖြစ်လာသည်။ မမျှော်လင့်ထားစွာပင် ပင့်ကူအိမ်က ပြင်းပြင်းထန်ထန် တုန်ခါလျက် နဂိုမူလ အခြေအနေသို့ ပြန်ရောက်သွားသည်။


သူက ကျိုးရွှမ်လန်အပေါ်သို့ ပြန်ကျသွားသည်။ သူနောက်လှည့်ကြည့်သောအခါ ပင့်ကူကြီးကိုတွေ့လိုက်ရသဖြင့် ထိတ်လန့်သွားသည်။


ယခု သူတို့နှစ်ယောက်လုံး ပိတ်မိနေပြီဖြစ်သည်။ ပင့်ကူကြီးက တိုက်ခိုက်လာမည်ဆိုလျှင် အလွန်အန္တရာယ်များနေသည်။


သို့သော် မမျှော်လင့်ထားစွာပင် ပင့်ကူကြီးက ဂူအဝတွင်သာ ရပ်နေလျက် ပင့်ကူအိမ်ပေါ်သို့ တက်မလာချေ။ ၎င်းက တိုက်ခိုက်ရန် ရည်ရွယ်ချက်လုံးဝမရှိပုံရသည်။


ရှန်းလျိုရှန့်က ရွှင်ပျသွားကာ ပင့်ကူအိမ်ကို လက်ဖဝါးထဲမှ နည်းနည်းစီဆွဲထုတ်ရန် အားပြန်ဖြည့်တင်းနေလိုက်သည်။ သို့သော်ငြား သူအောင်မြင်လုလုအချိန်တွင် ပင့်ကူအိမ်က ထပ်မံတုန်ခါသွား၍ ကြိုးပမ်းမှုများက ချက်ချင်းပင် အချည်းအနှီးဖြစ်သွားသည်။


တိုက်ဆိုင်သည်လည်း ဖြစ်နိုင်သောကြောင့် ရှန်းလျိုရှန့် ထပ်မံကြိုးစားကြည့်လိုက်သည်။


အောင်မြင်ရန် ခြေတစ်လှမ်းအလို၌ သူ ညည်းညူလျက် ကျိုးရွှမ်လန်ပေါ်သို့ ပြန်ပြုတ်ကျသွားသည်။


ရှန်းလျိုရှန့်က ပင့်သက်ရှိုက်နေလျက် မျက်လုံးများက ဒေါသကြောင့်နီရဲလာကာ လှည့်ကြည့်၍ အံကြိတ်ပြီး ပြောလာသည်။


"ငါ့ကို အချိန်ကောင်းလေး ပေးစမ်းပါဟ...ဘာလို့ လူတွေအပေါ်မှာ လှည့်ကွက်တွေနဲ့ ကစားနေတာလဲ..."


သူလွတ်မြောက်မည့်အချိန်တိုင်းတွင် ပင့်ကူကြီးက ပင့်ကူအိမ်ကို တောက်နေ၏။

ရှင်းရှင်းလင်းလင်းကို လာဆွနေတာ...


ပင့်ကူကြီးက သူ့ကို လျစ်လျူရှုလျက် ရောင်စုံခြေထောက်ရှည်ကြီးကို မြှောက်ကာ ခေါင်းကုတ်လိုက်သည်။


ကျိုးရွှမ်လန်က ဒေါသကြီးနေသူကို ရင်ခွင်အတွင်း၌ ဖိထားလိုက်သည်။ ရှစ်စွမ်း ဒေါသထွက်လွန်းသဖြင့် မျက်နှာများနီရဲလာသည်ကို သူ မမြင်ခဲ့ဖူးပေ။ သူ၏မျက်လုံးနက်နက်လေးများတွင် အပြုံးတစ်စွန်းတစ်စ ဖော်ပြထားကာ တီးတိုးပြောလာသည်။

"ရှစ်စွမ်း ဒေါသမထွက်ပါနဲ့...ပင့်ကူတွေကို ကြည့်ရတာ ဗိုက်ပြည့်နေပုံရတယ်...သူတို့က အချိန်တစ်ခုအထိ ကျွန်တော်တို့ကို ထိမှာမဟုတ်ဘူး...သူတို့ရဲ့ သားကောင်ကိုလည်း ထွက်ပြေးမလွတ်မြောက်စေချင်လို့ဖြစ်မယ်..."


ရှန်းလျိုရှန့် အံကြိတ်လိုက်သည်။

ရှန့်ချီတောင်မှာ ဘယ်လိုဟာတွေ ပုန်းအောင်းနေတာလဲ...ရေခဲနဲ့မီးထုတ်နိုင်ပြီး မာကြောတဲ့ နွယ်ပင်တွေ...ကပ်သွားရင် ဖျက်ဆီးလို့မရတဲ့ ပင့်ကူမျှင်တွေ...နတ်ဘုရားအသွင်ပြောင်းအဆင့်တောင် ခုခံနိုင်မှာ မဟုတ်ဘူး...


ရှန်းလျိုရှန့်၏ မျက်တောင်များက အနည်းငယ်တုန်ယင်နေလျက် သောကရောက်ကာ စိတ်ရှုပ်လာသည်။ ဤသို့ဖြစ်ရသည်မှာ ပင့်ကူကြီးကြောင့်ပင် မဟုတ်ပေ။ အချစ်ပန်းကူကြောင့်လည်း တစ်စိတ်တစ်ပိုင်းကာဝင်နေသည်။


ကူပိုးကောင်က ကျိုးရွှမ်လန်၏ နှလုံးသွေးကြောင့် ဒဏ်ရာရသွားသဖြင့် ၎င်း၏လှုပ်ရှားမှုကို သတိထားမိရုံမျှသာ သူခံစားနိုင်ကာ သေသည်၊ ရှင်သည်ကို မသိနိုင်ချေ။ သို့သော် မတိုင်မီက ကျိုးရွှမ်လန်ပေါ်သို့ သုံးလေးခါပြုတ်ကျပြီးနောက် ပွတ်တိုက်မိကာ သူ့ခန္ဓာကိုယ်မှာ အနည်းငယ်ပူနွေးလာသည်။ ယခုအချိန်တွင် နှစ်ယောက်သားမှာ တစ်ဦးနှင့်တစ်ဦးထပ်လျက်ရှိနေပြန်သည်။


ရှန်းလျိုရှန့်၏ လည်ဂုတ်မှာ ပူလာ၍ ခြေထောက်များက မထိန်းချုပ်နိုင်စွာ အားနည်းလာသည်။


ဇာမဏီမျက်လုံးများက နီရဲလာသည်။ အတန်ကြာစဉ်းစားပြီးနောက် ကျိုးရွှမ်လန်ကို သူစိုက်ကြည့်လိုက်သည်။ 


"ပင့်ကူတွေက နတ်ဆိုးသားရဲတွေလို့ ပြောနိုင်တာပဲ...မင်းက နဂါးမဟုတ်ဘူးလား...မင်းသူ့ကို သတ်နိုင်တယ်လေ..."


ကျိုးရွှမ်လန်က ခဏမျှကြက်သေသေ သွားပြီးနောက် မျက်လုံးပင့်ကာ ရင်ခွင်အတွင်းမှ လူကို ကြည့်လိုက်သည်။ ထိုသူက ပါးစပ်ဖွင့်၍ ချွန်ထက်သည့် သွားဖြူဖြူလေးများ ဖော်ပြလာကာ ရည်မွန်သည့်ပုံနှင့် သွားဖြဲပြလာသည်။


"ဒီအတိုင်း...ဝူး...အူး.."


"သူ့ကို ပြင်းပြင်းကန်လိုက်"


သရုပ်ပြပြီးနောက် မှော်လင့်စောင့်စားနေသည့်ပုံနှင် ရှန်းလျိုရှန့်၏ မျက်လုံးများ အနည်းငယ်တောက်ပသွားသည်။ 


ထို့နောက် တပည့်ဖြစ်သူက တိတ်ဆိတ်နေသည်ကို တွေ့လိုက်ရသည်။ ကျိုးရွှမ်လန်က မတတ်နိုင်ပဲ နှုတ်ခမ်းပါးများမြှောက်ကာ ခပ်ပြုံးပြုံးပြောလိုက်သည်။


"ရှစ်စွမ်း...ဒီတပည့်က အောင်းယွဲ့ မဟုတ်ပါဘူး..."


ရှန်းလျိုရှန့် : "....."

ဒါဆို ဘယ်သူကခွေးလဲ...


*****

ညလေအေးက ခန္ဓာကိုယ်ကို ဖြတ်တိုက်သွားကာ ပို၍ပို၍ ပူလောင်လာစေ၍ ချွေးပါးပါးတစ်လွှာက လည်ဂုတ်ပေါ်မှ စီးကျလာသည်။ ရှန်းလျိုရှန့် အနည်းငယ် မျက်မှောင်ကြုတ်၍ တုံ့ဆိုင်းစွာပြောလာသည်။ 

"ဒီအတိုင်း မင်းသူ့ကို နည်းနည်းခြောက်လိုက်...မြန်မြန်လေး..."


စကားဆုံးသောအခါ သူ၏အသံမှာ ဗလုံးဗထွးနှင့် နူးညံ့ညင်သာလာကာ ပုံမှန်နှင့် လုံးဝကွဲပြားနေသည်။


ပုံမှန်နဲ့ မတူဘူး...


ရှန်းလျိုရှန့် နှုတ်ခမ်းများစူ၍ မျက်နှာလွှဲကာ စကားပြောနေခြင်းကို ရပ်တန့်လိုက်သည်။ သစ်တောတစ်နေရာမှ လေတိုးသံများကို ကြားနေရသည်။ သူ့မျက်နှာနှင့်နီးနေသည့် ဝတ်ရုံအောက်မှ နှလုံးခုန်သံလည်း ရုတ်ချည်းမြန်လာသည်ကို ခံစားလိုက်မိသည်။ 


သူ့ခါးပတ်လည်ရှိ ကျိုးရွှမ်လန်လက်မောင်းများက တင်းကျပ်လာကာ အသံမှာ ညအချိန်၌ ထူးထူးခြားခြားပင် တိုးညှင်းနေသည်။


"ရှစ်စွမ်း...ဘာဖြစ်လို့လဲ..."


ရှန်းလျိုရှန့်၏ မျက်တောင်များ အနည်းငယ်တုန်ယင်သွားကာ ပင့်သက်ရှိုက်လိုက်သည်။

"နည်းနည်း မသက်သာခံစားနေရတယ်..."


ရှန်းလျိုရှန့်က ကျိုးရွှမ်လန်ကိုယ်ပေါ်သို့ လဲလျောင်းလိုက်သည့်အခါ ရင်းနှီးသော အသက်ရှူငွေ့လေးက လွှမ်းခြုံသွား၍ တင်းမာနေသောစိတ်များက အနည်းငယ် ပြေလျော့သွားသည်။ သူ မတတ်နိုင်ဘဲ နီးနီးကပ်ကပ်တိုးသွားလိုက်သည်။ သို့သော် သူတို့နှစ်ဦးမှာ လေးမတိုးနိုင်စွာ နီးကပ်နေပြီးဖြစ်သည်။


သူတို့ဘယ်လိုလုပ်ထပ်နီးလို့ရတော့မှာလဲ...


ရှန်းလျိုရှန့်က ခေါင်းမြှုပ်၍ စိတ်မရှည်စွာပင် ပါးစပ်ဟပြီး ဝတ်ရုံစကို ကိုက်ဆွဲလိုက်ကာ ဒေါသကို ဖွင့်ထုတ်လိုက်သည်။ 


ကျိုးရွှမ်လန်ပွေ့ဖက်ထားသောသူမှာ တောင့်တင်းလာကာ ခါးပတ်လည်မှ လက်မောင်းများက ရုတ်ချည်း တင်းကြပ်သွားသည်။ သူပုံမှန်မဟုတ်ကြောင်းကို တွေ့ရှိသွားသောအခါ ကျိုးရွှမ်လန်၏ အမူအရာ ပြောင်းလဲသွား၏။ ခဏအကြာတွင် ရှန့်ချီတောင်ကောင်းကင်အရောင်မှာ ပြောင်းလဲသွားကာ မမြင်နိုင်သော စွမ်းအားကြီးဖိအားတစ်ခုက ပင့်ကူကြီးဆီသို့ တည့်တည့် ဦးတည်ကာ ကျဆင်းလာသည်။


ပင့်ကူက ခေါင်းကို ကုတ်ခြစ်နေရာမှ ရပ်တန့်သွားပြီးကြီးမားသောမျက်လုံးများ ပွင့်ဟလာသည်။


၎င်းက နဂါးစွမ်းအင်ကို သတိထားမိသွားကာ အထိတ်တလန့်ဖြစ်လျက် နက်မှောင်အေးစက်သော မျက်လုံးတစ်စုံနှင့် ဆုံသွားသည်။ ပေပေါင်းများစွာမြင့်မားသော ပင့်ကူခြေထောက်များက ရုတ်တရက်ပင် တုန်ယင်လာသည်။ နောက်တစ်ခဏတွင် မြေပြင်၌ ဖုန်မှုန့်များနှင့် ပြည့်နှက်သွားကာ လှည့်မကြိုက်ပဲ ဂူအတွင်းသို့ ပြေးဝင်သွားသည်။ 


ကျိုးရွှမ်လန်၏ မျက်လုံးများက နဂိုအခြေအနေသို့ ပြန်ပြောင်းသွား၍ ရှန်းလျိုရှန့်၏ခါးပေါ်မှ လက်များကို အားအနည်းငယ်သုံးလိုက်သည်။

"ကျွန်တော် ရှစ်စွမ်းကို ပင့်ကူအိမ်ကနေ အရင်တွန်းပေးမယ်..."


ရှန်းလျိုရှန့်ခန္ဓာတစ်ခုလုံး အပူများပြည့်နှက်နေသဖြင့် မူးဝေစွာ တုန့်ပြန်လိုက်သည်။ သို့သော် သူ၏ခါးပေါ်ရှိ လှုပ်ရှားမှုက သူ့ကို မထိန်းနိုင်စွာ တုန်ယင်လာစေသည်။ သူက ခေါင်းငုံ့၍ စတင် ညည်းညူလာသည်။


"မထိနဲ့..."

သူက သတိမရှိစွာ ပြောလာကာ အလိုအလျောက်ပင် စိတ်ရှိတိုင်းပြောလာသည်။

"တကယ်လို့ မင်းထပ်ထိရင် ငါမင်းကို ယဉ်ကျေးတော့မှာမဟုတ်ဘူး..."


၎င်းကို ကြားသောအခါ ကျိုးရွှမ်လန်က ရပ်တန့်သွားပြီး ရယ်မောလျက်ပြောလာသည်။

"ရှစ်စွမ်းက ဘာလို့ ဒီလောက်ကြမ်းတမ်းနေတာလဲ..."


ရှန်းလျိုရှန့် စကားပြောရန်ပြင်လိုက်ချိန်တွင် ကျိုးရွှမ်လန်က သူ၏ခါးကို ညင်ညင်သာသာဆွဲ၍ ပင့်ကူအိမ်မှ လွတ်မြောက်စေကာ မြေပြင်ပေါ်သို့ ကျစေလိုက်သည်။ သူ့ခြေထောက်များက အားနည်းနေကာ မတည်မငြိမ်ဖြစ်နေသည်။ နှစ်ဖက်လုံးတွင် ရွှေချည်ထိုးထားသော ဝတ်ရုံလက်ခပ်ကြီးကြီးကို ဆုပ်ကိုင်လိုက်သည်။ သူ၏ ဟိုဟိုသည်သည် လှည့်လည်နေသော မျက်လုံးများက ပိန်သွယ်သောပုံရိပ်လေးဆီသို့ ဖြေးဖြေးချင်း ရောက်ရှိလာသည်။


လေထုထဲ လွင့်မျောနေသည့် ဝိညာဉ်စွမ်းအားများက ရပ်တန့်နေကာ ရှန်းလျိုရှန့် တစ်ကိုယ်လုံးတုန်ယင်လာလေသည်။

"ခ...ခမည်းတော်"


တိယွင်ယွီက အမှောင်ထဲမှ စောင့်ကြည့်နေကြောင်းကို သူမေ့သွားမိသည်။


ထိုအချိန်တွင် ရှန်းလျိုရှန့်၏ ရှင်းလင်းနေသည့် သတိအာရုံလေးမှာ လန့်ပြေးသွား၏။ သူ၏ လက်ချောင်းများ အားနည်းလာကာ မြေပြင်ပေါ်သို့ တိုက်ရိုက်လဲကျသွားတော့သည်။


.....



သူ နိုးထလာသောအခါ ကောင်းကင်ပေါ်မှ ကြယ်များက သူ့မြင်ကွင်းအတွင်းသို့ ရောက်လာသည်။ ရှန်းလျိုရှန့် တစ်ဒင်္ဂမျှ ကြက်သေသေသွားလျက် ထထိုင်ကာ ဘေးပတ်လည်သို့ ကြည့်လိုက်သည်။


သူက ရှန့်ချီတောင်ထိပ်သို့ရောက်ရှိနေခြင်းဖြစ်ကာ ဘေးပတ်လည်တွင် တိတ်ဆိတ်နေလျက် မည်သူမျှမတွေ့ရပေ။ လည်ဂုတ်သို့ ထိကြည့်သောအခါအစောပိုင်းကပူလောင်မှုမှာ ပျောက်ကွယ်သွားပြီဖြစ်သည်။ သူ့အရေပြားက အနည်းငယ်အေးနေသဖြင့် အလွန် သက်သောင့်သက်သာ ခံစားရလေသည်။


ထိုအချိန်၌ ရှေ့တွင်ရှိသော ဝိညာဉ်စွမ်းအားများက သိပ်သည်းလာသည်။


ရှန်းလျိုရှန့်တစ်ယောက် နှလုံးသားစည်းချက်မမမှန် ဖြစ်သွားသည်။ ခရမ်းရောင်အလင်းမှိန်မှိန်လေးတွေ့မှသာ သူ စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်မိသည်။

"မင်းပဲ..."


ကံကောင်းထောက်မစွာပင် တိယွင်ယွီမဟုတ်ခဲ့ချေ။ မဟုတ်ပါက သူ့ကိုရိုက်နှက်ရန် တို့ဟူးရှာလာမည်ဖြစ်သည်။


"ခင်ဗျားလေသံက ဘာဖြစ်တာလဲ...ကျိုးရွှမ်လန် မဟုတ်လို့ အရမ်းစိတ်ပျက်သွားတာလား...ခမည်းတော်က သူ့ကို မှော်မန္တန် သီးသန့်သင်ပေးနေတယ်...သူ မလာနိုင်ဘူး..."


ရှုရှင်းချန်က ဒေါသတကြီးခြေ ချိတ်ထိုင်လိုက်သည်။ ထို့နောက် လက်မောင်းအတွင်းမှ စာလိပ်အနည်းငယ်ကို ထုတ်ကာပြောလာသည်။


"ခမည်းတော်ကသာ မလာခိုင်းရင် ကျွန်တော်လည်း ဒီကိုလာပြီး ခင်ဗျားကို မရှာပါဘူး..."


ရှန်းလျိုရှန့်က ထိတ်လန့်သွားသည်။

"ခမည်းတော်က သူ့ကို ဘာလို့ မန္တန်သင်ပေးတာလဲ..."


"ကျွန်တော် မသိဘူး..."

ရှုရှင်းချန်၏ မျက်နှာက မလိုလားမှုများနှင့် ပြည့်နှက်နေသည်။


"ခမည်းတော်က ကျွန်တော့်ကို သင်ပေးဖို့ကျ မလာဘူး...ဘာလို့သူဖြစ်နေတာလဲ..."


စကားဆုံးသည်နှင့်တစ်ပြိုင်နက် အဝေးမှ ထိတ်လန့်ဖွယ်ရာ ဆူညံသံကြီးကို ကြားလိုက်ရသည်။


နှစ်ယောက်သား ဘေးပတ်လည်သို့ ကြည့်လိုက်ကြသည်။ သူတို့အပေါ်တွင် တောက်ပနေသည့် ကြယ်လေးများကို မြင်တွေ့နိုင်သော်ငြား အဝေးတစ်နေရာ၌မူ မိုးကြိုးလျှပ်စီးများရှိနေသည်။ ခရမ်းရောင် မိုးကြိုးသွားက စပါးအုံးမြွေကြီးတစ်ကောင်နှယ် အရိုင်းဆန်စွာ လှုပ်ရှားနေသည်။ အဝေးကကြည့်လျှင်ပင် အလွန်ထိတ်လန့်ဖွယ်ဖြစ်နေသည်။


ရှုရှင်းချန်က ခဏမျှ ကြက်သေသေသွားကာ သံပုရာသီးများနှင့်ပြည့်နှက်နေသည့် သစ်ပင်တစ်ပင်နှယ် ခံစားလိုက်ရသည်။

အဲဒီမိုးကြိုး အကြီးကြီးရှိတဲ့ နေရာက ခမည်းတော်နဲ့ ကျိုးရွှမ်လန်ရှိနေတဲ့နေရာ အတိအကျပဲ...ခမည်းတော်က ကျိုးရွှမ်လန်ကို ခြောက်ခြားစရာမန္တန်တွေ တကယ်ကြီးသင်ပေးနေတာပဲ...


ရှုရှင်းချန်၏မျက်နှာက အလွန်အမင်း ချဉ်တူးနေသည်။ ထို့နောက် တိယွင်ယွီပေးလိုက်သော စာလိပ်များကို မြေပြင်ပေါ်သို့ ချကာ သုန်သုန်မှုန်မှုန်နှင့် စီနေသည်။


"ဒီလျှို့ဝှက်နည်းစနစ်တွေကို ကျွန်တော်တို့ လေ့ကျင့်သင့်တယ်လို့ခမည်းတော်က ပြောလိုက်တယ်...ပြီးတော့ ကျိုးရွှမ်လန်ကို သူကိုယ်တိုင် ညွှန်ကြားမယ်တဲ့..."


ရှန်းလျိုရှန့်က သံသယအပြည့်နှင့် ညွှန်ပြလာသည်။

" နန်းတွင်းမှာ မိုးရွာတော့မှာလား..."


သူ မိုးစက်များ မတွေ့ရပဲ နန်းတွင်း၌ နေခဲ့သည်မှာ ခုနစ်နှစ်ရှိပြီဖြစ်သည်။ ရုတ်တရက် ထိုသို့သော ကမ္ဘာပျက်လောက်သည်အထိ မိုးကြိုးများနှင့် မြင်ကွင်းကို

မြင်လိုက်ရသောအခါ ထိတ်လန့်သွားကာ ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။


"အဲဒါ မိုးရွာတာမဟုတ်ဘူး...," 

ရှုရှင်းချန် နှုတ်ခမ်းစူလိုက်မိသည်။


"ခမည်းတော်က ကျိုးရွှမ်လန်ကို အဲဒီမှာ သင်ပေးနေတာ..."