Chapter 118
"အဲဒါ မိုးရွာတာမဟုတ်ဘူး...,"
ရှုရှင်းချန် နှုတ်ခမ်းစူလိုက်မိသည်။
"ခမည်းတော်က ကျိုးရွှမ်လန်ကို အဲဒီမှာ သင်ပေးနေတာ..."
ရှန်းလျိုရှန့်၏ အမူအရာက တောင့်ခဲသွားသည်။ သူ သဘောပေါက်သွားချိန်တွင် မသေချာသော အမူအရာသို့ ပြောင်းလဲသွားသည်။ ခဏအကြာတွင် သူ မတ်တပ်ရပ်လိုက်ပြီးနောက် မြေပြင်ပေါ် တည်ငြိမ်စွာ ပြန်ထိုင်ချလိုက်သည်။
ဒါကြီးက...
သေတော့မယ်...အင်မော်တယ်တစ်ယောက်ရဲ့ တပည့်ကသေတော့မယ်...
သူ့မျက်နှာ ဖြူဖျော့လာသည်ကို တွေ့သောအခါ ရှုရှင်းချန်က လက်မြှောက်၍ ဝေ့ယမ်းပြလာသည်။
"ဘယ်နည်းစနစ်ကို ကျင့်ဖို့ ရွေးချင်လဲ...ဒါတွေအကုန်လုံး ခမည်းတော် တိတ်တဆိတ်သိမ်းဆည်း ထားတာတွေပဲ...အကုန်လုံးက အဖိုးတန်တာမို့လို့ သူများဆီမရောက်စေနဲ့..."
ရှန်းလျိုရှန့်က အာရုံပြန်ရလာသောအခါ ကျပန်းတစ်ခု ကောက်ယူ၍ သူ၏လက်ဖဝါးကို စာလိပ်ပေါ်သို့ တင်လိုက်သည်။ အသိစိတ်ပင်လယ်တွင် စကားလုံးလေးလုံး ရုတ်တရက်ပေါ်လာသည်။
ကြယ်ရွှေ့ပြောင်းခြင်း...
ရှန်းလျိုရှန့်က ခေါင်းမော့၍ ညကောင်းကင်ကို ကြည့်လိုက်သည်။
"ဒီလျှို့ဝှက်နည်းစနစ်က အခါသမယနဲ့ ကိုက်ညီတယ်လေ...မဟုတ်ဘူးလား..."
သူ နည်းစနစ်ရွေးချယ်သည့်နည်းကို ကြည့်၍ ရှုရှင်းချန်တစ်ယောက် ဆွံ့အသွားသည်။ ထို့နောက် မြေပြင်ပေါ်ရှိ အခြားစာလိပ်များဆီသို့ အကြည့်ရောက်ကာ တစ်ခုချင်းစီကြည့်နေလိုက်သည်။ နည်းလမ်းပေါင်းများစွာနှင့် ရွေးချယ်ပြိိိီးနောက်ဆုံးတွင် စွမ်းအားကြီးပုံရသော မန္တန်ကိုသာ ရွေးချယ်လိုက်သည်။
ကောင်းကင်လှုပ်ခတ်ချိပ်စည်း...
ရှုရှင်းချန် : "ကျွန်တော့်မန္တန်က ပြီးသွားရင် ချိပ်စည်းတစ်ခုတည်းနဲ့ လောကကြီးရဲ့ အရောင်ကိုပါ ပြောင်းလဲနိုင်တယ်...."
ရှန်းလျိုရှန့် : "မန္တန်တွေက ကိတ်မုန့်အပေါ်မှာ အချိုလောင်းရုံပဲ...ကျင့်ကြံဆင့်သာ မမြင့်ရင် မန္တန်ရဲ့ အစွမ်းကလည်း မျှော်လင့်ထားသလို ဖြစ်မှာ မဟုတ်ဘူး..."
ရှုရှင်းချန်က နှာခေါင်းရှုံ့လိုက်သည်။
"ကျွန်တော်က နတ်ဘုရားအသွင်ပြောင်းအဆင့်ကို ရောက်ပြီးသွားပြိိိိီ...နောက်ထပ် ဆယ်နှစ်သာပေးလိုက်ရင် သေချာပေါက် မဟာယနအဆင့်ကို ရောက်နေမှာ...ခင်ဗျား ဂရုစိုက်မှ ရတော့မယ်...နောက်ကျရင် ခင်ဗျား ကျွန်တော့်နောက်မှာ ကျန်ခဲ့ပြီး ခမည်းတော်ကို ရှက်လို့ မတွေ့ရဲ ဖြစ်နေမယ်... "
ရှုရှင်းချန်က အနာဂတ်တွင် ဧကရာဇ်ယွင်ယွီက သူ၏ခေါင်းကို ထိတွေ့ပေးမည်အား တွေးတောလျက် မျက်နှာပေါ်၌ အပြုံးလေးတစ်ခုဖြင့် စာလိပ်ကို ခေါက်လိုက်သည်။
[**"ကိုယ်တော့်သား ရှင်းချန်က အရမ်းအံသြဖို့ကောင်းတဲ့ စွမ်းရည်ရှိတာပဲ... ဧကရာဇ်ထီးနန်းကို သံသယရှင်းရှင်းနဲ့ လွှဲပေးနိုင်ပြီ...ရှန်းလျိုရှန့်ကတော့ မင်းရဲ့ ညီတော်ဆီကနေ သင်ယူရမယ်...ဒီလိုဆိုရင် မင်းမှာစွမ်းရည်ရှိခဲ့ရင် ရှင်းချန်က တစ်ခါတစ်ရံ ထီးနန်းမှာ ထိုင်ခွင့်ပြုရင် ပြုမှာပေါ့လေ..."**]
[** ရှရှင်းချန် တစ်ယောက်တည်း စိတ်ကူးယဉ်နေတာပါ ]
ရှုရှင်းချန်က ပြုံးနေသည်ကို မရပ်တန့်နိုင်တော့ချေ။.
ရှန်းလျိုရှန့်က စာလိပ်ကို ခပ်တင်းတင်းဆုပ်ကိုင်ထားလိုက်သည်။ ခဏမျှကြာပြီးနောက် ရှုရှင်းချန်မျက်နှာကို ကြည့်ကာ ပြောလာသည်။
"တကယ်လို့ ခမည်းတော်က ဒီမှာ မရှိဘူးဆိုရင်..."
မူလဇာတ်ကြောင်းတွင် ဧကရာဇ်ယွင်ယွီ၏ ရုတ်တရက်သေဆုံးခြင်းမှာ မရှင်းမလင်းဖော်ပြထားသည်။ ထိုနှစ်က ကောင်းကင်ဘုံသို့ တက်ရန် ကျရှုံးခြင်းနှင့် သက်ဆိုင်နေပေလိမ့်မည်ဟု ရေးတေးတေးခံစားရသည်။
နှစ်ရာချီကြာတာတောင် ဘာမှမဖြစ်ပဲနဲ့ ရုတ်တရက်ကြီး ဘယ်လိုသေသွားတာလဲ...
ရှုရှင်းချန်က ပဟေဠိဖြစ်နေသည်။
"ဒီမှာ မရှိဘူးဆို...သူက ဘယ်သွားလို့လဲ..."
ရှန်းလျိုရှန့်က ခဏမျှ တိတ်ဆိတ်နေပြီးနောက် ရယ်မောကာပြောလာသည်။
"ကောင်းကင်ဘုံကို တက်သွားတာမျိုးပေါ့..."
ရှုရှင်းချန်မျက်နှာပေါ်မှ အပြုံးက တဖြည်းဖြည်း မှိန်ဖျော့လာသည်။
"ရှင်းလျန်ကို မွေးပြီး မကြာခင်မှာပဲ အမေက ကောင်းကင်ဘုံကို တက်ပြီးထွက်သွားတယ်...သူလည်း မတတ်နိုင်ခဲ့ပေမဲ့ ကျွန်တော်အရမ်းဝမ်းနည်းခဲ့တယ်...အဲဒီတုန်းက ခမည်းတော်က ကတိပေးခဲ့တယ်... သူ ကောင်းကင်ဘုံကို မတက်ပဲ အမြဲတမ်း ကျွန်တော်ရယ် ရှင်းလျန်ရယ်နဲ့ အတူ ရှိမယ်လို့ပေါ့..."
ရှန်းလျိုရှန့်၏ မျက်နှာမှာ လေးနက်လာသည်။
"သူ့ရဲ့ ကျင့်ကြံဆင့်က ကောင်းကင်ဘုံတက်ခြင်းအဆင့်ကို ဘယ်အချိန်တည်းက ရောက်တာလဲ...လောကကြီးက သူ့ကို လိုက်လျောမှာ မဟုတ်ဘူး...သူကောင်းကင်ဘုံကို မတက်ရင် သေလိမ့်မယ်..."
ရှုရှင်းချန်က အံသြသွားကာ ရှင်းပြလာသည်။
"ဧကရာဇ်ရဲ့ ကျင့်ကြံဆင့်က ဟိုးအရင်တည်းက သုံးလောကကို ကျော်လွန်သွားတာ...သူသာ တက်ရောက်ချင်ရင် ထွက်သွားတာ ကြာလှပြီ...ခင်ဗျားနဲ့ ကျွန်တော်တောင် ရှိလာမှာ မဟုတ်ဘူး...ဧကရာဇ်က ထွက်မသွားချင်လို့ဖြစ်မယ်...ဒီလောကကြိီးမှာ ထာဝရနေဖို့ သူဘာနည်းလမ်းတွေသုံးထားတာလဲ..."
ရှန်းလျိုရှန့်က မျက်မှောင်ကြုတ်လျက် ရှုရှင်းချန်ကို အတန်ကြာ စိုက်ကြည့်နေခဲ့ပြီးနောက် စကားလုံးများကို ပြန်မျိုချလိုက်သည်။ သူသည်လည်း စိတ်ရှုပ်ထွေးနေသဖြင့် ရှုရှင်းချန်ကို မပြောပြမီ အဖြေရှာသည်က ပိုကောင်းမည်။
ရှန်းလျိုရှန့်က စကားထပ်မပြောတော့ပေ။ ထို့နောက် လက်မြှောက်ပြီး စာလိပ်ကို ခေါက်လိုက်၍ အတန်ကြာ ဂရုတစိုက်ကြည့်နေမိကာ ပို၍ စိတ်ဝင်စားလာသည်။
'ကြယ်ရွှေ့ပြောင်းခြင်း' ဟုခေါ်သော မန္တန်က တစ်ခုနှင့် တစ်ခု နေရာပြောင်းလဲနိုင်သည်။ အကယ်၍ သက်မဲ့အရာဖြစ်ပါက တိုက်ရိုက်ပင် ရွှေ့ပြောင်းနိုင်သည်။ သက်ရှိဖြစ်နေပါက အခြားတစ်ယောက်ထံမှဆံပင်၊ သူာအမြဲဆောင်လေ့ရှိသည့် ကျောက်စိမ်းပြား၊ ဝတ်ရုံအပိုင်းအစ စသဖြင့် ပစ္စည်းများ လိုအပ်သည်။
ရှန်းလျိုရှန့်က တိတ်တဆိတ်ပင် အံ့သြ သွားလျက် အာရုံထွေပြားစေသော အတွေးများကို ချက်ချင်း ဘေးဖယ်၍ လေ့ကျင့်ရာတွင် အာရုံစိုက်လိုက်သည်။ နာရီဝက်ကြာသောအခါ မျက်လုံးများဖွင့်၍ ရှေ့ရှိကျောက်တုံးပေါ်သို့ အကြည့်ရောက်သွားပြီးနောက် လက်ချောင်းများဖြင့် နည်းစနစ်တစ်ခုဆွဲလိုက်သည်။
ဂလောက်...
ကျောက်စရစ်ခဲလေးတစ်ခု ပြုတ်ကျလာကာ ရှန်းလျိုရှန့်၏ ပုံရိပ်လေးပေါ်လာသည်။
ရှန်းလျိုရှန့်၏ မျက်လုံးများတောက်ပလာသည်။ သက်မဲ့များကို နေရာပြောင်းလဲခြင်းက မခက်ခဲပေ။ ခက်ခဲသည်များက အနောက်တွင်ရှိသည်။
ဘေးသို့ လှည့်ပတ်ကြည့်ကာ ရှုရှင်းချန်ပေါ်သို့ အကြည့်ရောက်သွားသည်။ ရှုရှင်းချန်က မန္တန်များကို ပြင်းပြင်းထန်ထန်လေ့ကျင့်နေပုံမှာ သိသာနေသဖြင့် သူ့ကို မနှောင့်ယှက်ချင်ပေ။ ခဏမျှ စဉ်းစားပြီးနောက် အခြေတည်ဝိညာဉ်ကို ဆင့်ခေါ်လိုက်သည်။
ယွမ်ယင်းလေးက ချီအရင်းအမြစ်အတွင်း၌ ငြိမ်းငြိမ်းချမ်းချမ်းနေခဲ့ခြင်းဖြစ်သော်လည်း ရုတ်တရက်ဆင့်ခေါ်ခြင်းခံခဲ့သည်။ သူ မတုံ့ပြန်နိုင်မီမှာပင် ဝတ်ရုံက လက်သည်းခွံအရွယ်သို့ စုတ်ပြဲသွားသည်။
နူးညံ့ဖြူစင်သော မျက်နှာလေးက ခဏမျှ ဖုံးအုပ်ခြင်းခံလိုက်ရသည်။ နောက်တွင် ချီမခံရကာ သစ်ကိုင်းရှည်ရှည်တစ်ခုပေါ်သို့ ရောက်သွားသည်။
ရှန်းလျိုရှန့် : "ဒီမှာ ရပ်နေဦး...မလှုပ်နဲ့...မင်းငါနဲ့ ခဏလောက် လေ့ကျင့်ပေးဦး..."
"ဟမ့်..."
ယွမ်ယင်းလေးက မပျော်မရွှင်ဖြစ်ကာ အသံပြုလာပြီးနောက် သစ်ကိုင်းပေါ်သို့ ထိုင်ချလိုက်သည်။
" ကျွန်တော် မတ်တပ်မရပ်ချင်ဘူး...ထိုင်ပဲ ထိုင်ချင်တာ..."
ယွမ်ယင်းကို ထိန်ချုပ်ရန် မန္တန်များသင်ပေးပြီးတည်းက ရှန်းလျိုရှန့်မှာ ယွမ်ယင်းနှင် မဆက်သွယ်ရသေးပေ။ ဤတစ်ကြိမ်တွင် ယွမ်ယင်း၏ သုံးနှစ်သားအရွယ် ကလေးဆန်မှုကို သူ နားလည်သွားသည်။ ယွမ်ယင်းလေးကလည်း မညှိိ့နှိုင်းနိုင်သော ရည်ရွယ်ချက်ကို ခံစားမိပုံရကာ တိတ်တဆိတ် ခုခံရုံမှတစ်ပါး ရွေးချယ်စရာမရှိပေ။
ရှန်းလျိုရှန့်က ယွမ်ယင်းကို သစ်ပင်ပေါ်တွင်ထားပြီး ဝိညာဉ်စွမ်းအင်မည်မျှပေါများနေသည်ကို ကြည့်လိုက်သည်။ အပြင်ထွက်လာခဲ့ပြီးဖြစ်သဖြင့် သူ့ကို ဝိညာဉ်စွမ်းအင် ပို၍စုပ်ယူစေခြင်းက ပိုကောင်းလိမ့်မည်။
ခဏမျှကြာပြီးနောက် ယွမ်ယင်းထံသို့ မန္တန်တစ်ခုကျရောက်လာလေသည်။
ပုံရိပ်လေးက ရိုက်ချက်တစ်ချက်ဖြင့် သစ်ပင်ပေါ်မှ လိမ့်ကျလာကာ ခေါင်းထိသွားလေသည်။ သူပြုတ်ကျသွား၍ အတန်ကြာ ကြက်သေသေနေလေသည်။ ရှန်းလျိုရှန့်က ကူညီပေးရန် ရှေ့သို့လှမ်းလာ၍ ကြွေကျနေသောသစ်ရွက်ကို ညင်ညင်သာသာဖယ်ရှားပေးလိုက်ကာ သက်ပြင်းချမိသွားသည်။
"ငါ သိပ်မသေချာလို့...ကိစ္စမရှိဘူး...ဒီတစ်ခေါက် မြေကြီးပေါ်မှာပဲထိုင်လေ...ထပ်လုပ်ကြရအောင်..."
ယွမ်ယင်းလေးက မျက်လုံးများပြူးလာကာ ဒေါသတကြီး ပါးဖောင်းလိုက်သည်။ သို့သော် နောက်တစ်ခဏတွင် နှုတ်ခမ်းစူလာကာ မျက်ရည်များကျလာတော့သည်။
အမူအရာပြောင်းလဲသည်က အလွန်လျင်မြန်လှသည်။ အမှန်တကယ်ပင် ရှန်းလျိုရှန့်၏ အခြေတည်ဝိညာဉ်ဖြစ်ကာ သူ၏မူပိုင်ပုံစံပင်ရှိနေသည်။
ဒါပေမဲ့ ဘာလို့ရုတ်တရက်ကြီး ထငိုရတာလဲ...
ရှန်းလျိုရှန့်တစ်ယောက် ရှုပ်ထွေးနေချိန်တွင် ရုတ်တရက်နောက်လှည့်ကြည့်သောအခါ ရှိုက်ငို၍ကြို့ထိုးနေသော ယွမ်ယင်းလေးကို မျက်လွှာချစိုက်ကြည့်နေသည့် တိယွင်ယွီကို တွေ့လိုက်ရသည်။ တိယွင်ယွီက မျက်မှောင်ခပ်ဖွဖွကြုတ်လိုက်သည်။
"ဘာလို့ငိုနေတာလဲ..."
အသံကြားသောအခါ ယွမ်ယင်းလေးက တိယွင်ယွီခြေထောက်ဆီသို့ ချက်ချင်းပင်ပြေးသွားလေသည်။ သူ၏ခြေထောက်သေးသေးလေးများကို မထိန်းနိုင်သဖြင့် အဖြူရောင်ဖိနပ်များကို လက်နှစ်ဖက်ဖြင့် ပွေ့ဖက်လိုက်သည်။ သူ၏ခေါင်းလေးက ရွှေချည်ထိုးထားသည့် ဝတ်ရုံပေါ်တွင် လိမ့်၍ ပွတ်သပ်နေသည်။
"ခမည်းတော်ကို သတိရနေတာ...ကျွန်တော့်ကိုလည်း ခမည်းတော်နဲ့အတူ ခေါ်သွားပါ..."
ရှန်းလျိုရှန့် : "..."
ဟမ် ယွမ်ယင်းက ဧကရာဇ်ကို ဘယ်တုန်းကမျှော်နေလို့လဲ...သူက လေ့ကျင့်ဖော်မဖြစ်ချင်တာ ရှင်းနေတာပဲ...ဒီက လူတွေက လူတွေအကြောင်း၊ သရဲတွေအကြောင်းပြောကြတာ မမြင်ဖူးဘူးလား...သူတကယ်ပဲ ဘယ်သူ့နောက်လိုက်နေတာကို မသိပုံပဲ...
တိယွင်ယွီက လက်မြှောက်၍ ယွမ်ယင်းပေါ်သို့ တင်လိုက်သည်။
သူက ခဏမျှ မျက်လွှာချကာ တိုးတိုးလေးပြောလာသည်။
"လူလိမ်လေး..."
ရှန်းလျိုရှန့်နှင့် ယွမ်ယင်းလေးက တစ်ပြိုင်တည်း အေးခဲသွားလေသည်။
"ကိုယ်တော် မင်းနဲ့ နောက်မှ ကစားပေးမယ်..."
တိယွင်ယွီက ကြက်သေသေနေသော ယွမ်ယင်းလေးကို ကြည့်ကာပြောလာသည်။ ပြီးနောက် ရှန်းလျိုရှန့်အား ကျောက်စိမ်းပုလင်းတစ်ပုလင်း ပေးလိုက်သည်။
"မင်းခန္ဓာကိုယ်ပေါ်က အချစ်ပန်းကူပိုးကောင် က နဂါးသွေးကြောင့် ဒဏ်ရာရသွားပြီး မျှော်လင့်ချက်ပျက်လုနီးပါးဖြစ်နေပြိိိိိီ...နောက်အကြိမ်အနည်းငယ် ကျော်ဖြတ်ပြီးသွားရင် အဆိပ်လည်း ပျောက်ကွယ်သွားမယ်...ဒါကချင်းယွီဆေး ...နာကျင်မှုတချို့ကို သက်သာစေနိုင်တယ်...အနာဂတ်မှာ မင်းနဲ့အတူ သယ်သွားဖို့ သတိရ..."
ရှန်းလျိုရှန့် ယူလိုက်ပြီး ကောင်းကင်ပေါ်ရှိ တိမ်မည်းများက ပြန့်ကျဲသွားသည်ကို တစ်ချက် ကြည့်လိုက်သည်။ ထို့နောက် စကားပြောရန် တုံ့ဆိုင်းနေသည်။
တိယွင်ယွီက မြင်ကွင်းကျယ်ကျယ်ကိုကြည့်၍ ပြောလာသည်။
"နတ်ဆိုးမျိုးနွယ်ရဲ့ စွမ်းအားက လူသားတွေထက် အများကြီး ပိုကြီးမားတယ်..."
ထိုသို့သော စကားများပြောပြီးနောက်တွင် လေ့ကျင့်နေသော ရှုရှင်းချန်ကို ကြည့်လိုက်သည်။ ထို့နောက် တုန်ယင်နေသော ယွမ်ယင်းလေးကို လက်ဖဝါးတွင်တင်ကာ ထွက်သွားလိုက်သည်။
ရှန်းလျိုရှန့်က အဝေးသို့လျှောက်သွားကာ အနှီစကားလုံးများအကြောင်း စဉ်းစားနေမိသည်။ ချဉ်းကပ်လာသည်နှင့်အမျှ စိတ်ထဲတွင် အကြံတစ်ခု ဖျပ်ခနဲပေါ်လာကာ ရုတ်တရက် သဘောပေါက်သွားသည်။
တိယွင်ယွီပြောချင်သည်မှာ ပင့်ကူအိမ်ကို သူ၏အင်အားဖြင့် မဖျက်ဆီးနိုင်သော်ငြား ထူးခြားသောခန္ဓာကိုယ်နှင့် နတ်ဆိုးမျိုးနွယ်တစ်ယောက်တစ်ဖြစ်လည်း ကျိုးရွှမ်လန်အတွက်မူ ပင့်ကူအိမ်ကို ဖျက်ဆီးရန် မခက်ခဲကြောင်းဖြစ်သည်။
ရှန်းလျိုရှန့် : "....."
ကျိုးရွှမ်လန်ကို တွေ့သည့်အချိန်တွင် စမ်းချောင်းဘေး၌ တရားထိုင်လျက်ရှိနေသည်။ တိယွင်ယွီအသုံးပြုခဲ့သည့် မိုးကြိုးအပြစ်ပေးချက်များ ထည့်သွင်းထားသည့် စာလိပ်က ဘေးတွင်ရှိနေသည်။
မိုးကြိုးအပြစ်ပေးချက်အပြီးတွင် ပတ်ဝန်းကျင်က ကန္တာရဖြစ်ကျန်ခဲ့သည်။ ကျိုးရွှမ်လန်၏ အသားအရေမှာ ကြည့်ကောင်းနေသော်ငြား ညှော်နံ့ရနေခဲ့၏။
တိယွင်ယွီ သရုပ်ပြခဲ့ချိန်တွင် မိုးကြိုးအနည်းငယ်သာ သူ့အပေါ်ကျရောက်ခဲ့သည်။
ကျိုးရွှမ်လန်က သူ၏အမှားဖြစ်သည်ကို သိသောကြောင့် မရှောင်ရှားခဲ့သည့်အပြင် စကားတစ်လုံးမျှမဆိုပဲ ရိုက်ချက်နှစ်ချက်ကို ခံယူခဲ့သည်။ သူက ရှစ်စွမ်းကို အတန်ကြာ တိတ်တိတ်လေး ပွေ့ဖက်ထားခဲ့ချင်သော်လည်း ကူပိုးကောင် ထကြွလာမည်ဟု မမျှော်လင့်ထားမိချေ။ သူ ရှစ်စွမ်းကို အချိန်အကြာကြီး မသက်မသာဖြစ်စေခဲ့မိသည်။
ရှန်းလျိုရှန့် ရောက်ရှိလာသည်ကို သတိပြုမိသောအခါ မျက်လုံးများပွင့်လာကာ နှုတ်ခမ်းများကွေးတက်လာသည်။ ရှန်းလျိုရှန့်၏ အပြုံးက တစ်စုံတစ်ခု မှားယွင်းနေသည်ကို တွေ့သောအခါ ကျိုးရွှမ်လန် ရပ်တန့်သွားရသည်။
"ရှစ်စွမ်း...ရှစ်စွမ်း..."
ရှန်းလျိုရှန့်က လက်ခုပ်တီးလိုက်သည်။
"ကောင်းပြီ..."
ကျိုးရွှမ်လန်က ပျာယာခတ်နေပုံရသည်။ သူက ပါးစပ်ဟ၍ ရှင်းပြရန်ပြင်လိုက်သော်ငြား သူ့ကိုယ်သူ ခုခံပြောဆိုရန် နည်းလမ်းမရှိသည်ကို တွေ့လိုက်ရ၍ အတန်ကြာသည်အထိ တိတ်ဆိတ်နေမိသည်။ အမှားကို ဝန်ခံရန်ပြင်လိုက်ချိန်တွင် သူ၏လက်မောင်းများ ဆွဲယူခံလိုက်ရကာ တစ်စုံတစ်ယောက်က သူ၏ ရင်ခွင်အတွင်း ရုတ်ချည်းပေါ်လာသည်။
ကျိုးရွှမ်လန်က တစ်ဒင်္ဂမျှ ကြက်သေသေသွားသည်။ ထို့နောက် သတိလက်လွတ်ပင် ထိုသူအား လက်မောင်းများဖြင့် ပြန်လည်ရစ်ပတ်မိသွားသည်။
"ရှစ်စွမ်း...ဘာလုပ်နေတာလဲ..."
ရှန်းလျိုရှန့် : "ငါ မင်းကို ဖက်နေတာလေ..."
ကျိုးရွှမ်လန်က ထိတ်လန့်သွားသည်။ သူ မတုံ့ပြန်နိုင်မီမှာပင် လက်မောင်းအတွင်းမှသူက ခေါင်းမော့၍ သူ့နားရွက်နားသို့ တိုးကပ်လာနေသည်။
သူ၏နားအတွင်းသို့ ရောက်လာသည့် အသံလေးက အပြုံးလေးနှင့် ပြည့်နှက်နေသည်။
"မင်း ခိုးကြောင်ခိုးဝှက်လုပ်စရာ မလိုပါဘူး...ငါ့ကိုဖက်ချင်ရင် ဘာလို့ စိတ်ထိန်းနေမှာလဲ..."
ဘာလို့ စိတ်ထိန်းနေမှာလဲ...
ကျိုးရွှမ်လန်က ပြန်မဖြေလာသော်ငြား ရင်ခွင်ထဲမှလူကို ပို၍တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်သည်။
သူ ဆယ်ကျော်သက်အရွယ်တည်းက အိမ်မက်မက်ခဲ့ရသော သူမှာ ရုတ်တရက် သူ့အတွက်ဖြစ်လာခဲ့သည်။ ထိုကဲ့သို့ ပီတိဖြစ်ဖွယ်အကြောင်းအရာကြောင့် မလွယ်ကူသည့်နှယ် ခံစားလိုက်ရသည်။
သူက လုံလုံလောက်လောက် စိတ်ရှည်သည်းခံ၍ ထောင်ချောက်ဆင်ခဲ့ပြီး ရှစ်စွမ်း ၎င်းထောင်ချောက်အတွင်းသို့ ကျသွားရန် တစ်ဆင့်ချင်းသွေးဆောင်ခဲ့သည်။ မမျှော်လင့်ထားစွာ လမ်းတစ်ဝက်တွင် ရှစ်စွမ်းက ခြေလှမ်းရန် ဦးဆောင်မှုကို ရယူခဲ့သည်။ သို့သော် ထိုသူနှင့် ရင်ဆိုင်ရသောအခါ ကျိုးရွှမ်လန်တစ်ယောက် ခိုကိုးရာမဲ့နေလျက် အတန်ကြာသည်အထိ ဘာလုပ်ရမည်ကို မသိတော့ချေ။
ငါ ဘာလုပ်ချင်ခဲ့တာလဲ...သေချာပေါက် တစ်ခြားဘယ်သူမှ မမြင်အောင် ရှစ်စွမ်းကို ဖွက်ထားချင်ခဲ့တာ...
အနှီအတွေးများကို ဖော်ထုတ်၍ ရှစ်စွမ်းကို သူ၏အော်ရာနှင့် ဖုံးကွယ်ထားမည်။ ဤသို့ဖြင့် ရှစ်စွမ်းက သူ့အပိုင်ဖြစ်သည်ကို လူတိုင်းက သိသွားကြမည်ဖြစ်ကာ မရှိသင့်သော အတွေးများကို ရုတ်သိမ်းနိုင်ကြလိမ့်မည်။
ထိုကဲ့သို့သော အတွေးများက သူ၏စိတ်တွင်း၌ အော်ဟစ်နေသော်ငြား နောက်ဆုံး အကြောင်းပြချက်က လွှမ်းမိုးသွားသည်။
သူ ရှစ်စွမ်းကို အဲလိုဆက်ဆံရမှာ မလိုလားဘူး...
ကျိုးရွှမ်လန်က ခေါင်းငုံ့ကာ ရှန်းလျိုရှန့်ပုခုံးပေါ်သို့ မေးတင်လိုက်သည်။ သူ၏ညပုံမှန် နာခံတတ်သည့် စရိုက်ကိုပြသကာ ဖြေးဖြေးလေး ပြောလာခဲ့သည်။
"ရှစ်စွမ်း လန့်သွားမှာ ကြောက်လို့ပါ..."
ရှန်းလျိုရှန့် : "ဟမ်..."
ငါက သတ္တိနည်းနေပုံပေါက်လို့လား...ဖက်ရုံလောက်နဲ့ လန့်ပြေးရအောင်လေ...
ရှန်းလျိုရှန့်က အတန်ကြာစဉ်းစားပြီးနောက် သူ၏တပည့်မှာ ယခုတွင် အနက်ရောင်နဂါးလေးသာဖြစ်ပြီး မူလဇာတ်ကြောင်းမှသုံးလောကအရှင်မဟုတ်ကြောင်းကို ရုတ်တရက်သဘောပေါက်သွားသည်။ ကျိုးရွှမ်လန်၏စိတ်တွင် ရှန်းလျိုရှန့်ကို ပွေ့ဖက်ခြင်းမှာ အရိုအသေမဲ့ခြင်းသာဖြစ်သည်။ နီရဲနေသောမျက်နှာလေးမှာ စကားလုံးများဖြင့်ဖော်ပြရန် ခက်ခဲနေသောကြောင့်ဖြစ်သည်။
ဒါကြောင့် တိတ်တိတ်လေး လုပ်ရတာကို...
စဉ်းစားပြီးနောက် ခရီးရှည်ကြီးသွားရန်ရှိသေးသည်ဟု ရှန်းလျိုရှန့် ခံစားမိလိုက်သည်။
ရပြီ...ငါပဲ လက်ဦးမှုယူပြီး အလုပ်ကြိုးစားလိုက်မယ်...အဲဒါမှ ကျိုးရွှမ်လန်က အနာဂတ်ကျရင် အိပ်ရာထဲမှာယှဉ်ပြိုင်နိုင်လောက်တဲ့အထိ ယုံကြည်မှုရှိနေမှာ..
ရှန်းလျိုရှန့်က သူ၏အတွေးတိုက်ပွဲကို မထိန်းချုပ်နိုင်သဖြင့် ကျိုးရွှမ်လန်၏ရင်ခွင်ထဲ တိုးဝှေ့နေရသည်မှာ မသက်မသာဖြစ်လာသည်။
"ငါမင်းကို မန္တန်တစ်ခုပြမယ်..."
ကျိုးရွှမ်လန်က တုန့်ပြန်လိုက်ပြီးချိန်တွင် ရင်ခွင်ထဲမှ ပုံရိပ်လေးက သစ်ရွက်ခြောက်အဖြစ်သို့ ပြောင်းလဲသွားကာ လေတိုက်ခတ်လာသည်နှင့်အတူ လေထုထဲသို့ဝေ့ဝဲသွားသည်။
"....."
ရှန်းလျိုရှန့်က မန္တန်ကိုအသုံးပြု၍ ထွက်ခွာသွားကာ သစ်ပင်အောက်တွင် ပြန်ပေါ်လာသည်။ ထို့နောက် ပေါ့ပါးပျင်းရိသည့် နဂိုပုံစံသို့ ပြန်ပြောင်းကာ လမ်းပြန်လျှောက်လာသည်။
"ခုနလေးတင်မှ သင်လိုက်တာ အံသြဖို့ကောင်းတယ်မှတ်လား..."
ကျိုးရွှမ်လန်က သူ့အပေါ်မှ သစ်ရွက်များကို ပုတ်ခါပေးနေလျက် အကြည့်များကို ဇာမဏီမျက်ဝန်းတောက်တောက်လေးများနှင့် ဆုံတွေ့ရန် မော့လိုက်ကာ ရယ်မောသံနှင့်ပြောလာသည်။
"ကြယ်ရွှေ့ပြောင်းခြင်းလား...ရှစ်စွမ်းက တကယ်ကြီးအစွမ်းထက်တာပဲ..."
ရှန်းလျိုရှန့်က အံသြသွားသည်။
"မင်း ဘယ်လိုလုပ်သိနေတာလဲ..."
အဲဒါက နန်းတော်က ဘယ်တော့မှ မဖြန့်ခဲ့တဲ့ လျှိုဝှက်နည်းစနစ်မဟုတ်ဘူးလား...
ကျိုးရွှမ်လန်က မိုးကြိုးအပြစ်ပေး
ခြင်းကို မှတ်တမ်းတင်ထားသည့် စာလိပ်ကို ကောက်ယူလိုက်သည်။
"ဧကရာဇ် ဘယ်လိုသိတာလဲတော့ ကျွန်တော်မသိပေမဲ့ အဲဒီ လျှိုဝှက်နည်းစနစ်ကတော့ တပည့်နဲ့အတူပါလာတာပါ..."
ရှန်းလျိုရှန့်က ရှုပ်ထွေးနေသည်။
အတူပါလာတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ...