Chapter 119
သူ ရှေးဟောင်းနည်းစနစ်အချို့ကို သိနေခြင်းလားဟု ကျိုးရွှမ်လန်ကို မေးလိုက်သည်။ ထိုအချိန်တွင် ကျိုးရွှမ်လန်က ရှက်ရွံ့နေပုံရကာ ပြောပြရန် ငြင်းဆန်လာသည်။ အကယ်၍ ရှန်းလျိုရှန့်သင်ယူချင်လျှင် သူသင်ပေးမည် ဟူ၍သာပြောလေသည်။
"မင်းက အဲဒီ မန္တန်တွေကို သိပြီးမွေးဖွားလာတာ ဖြစ်နိုင်ပါ့မလား..."
ရှန်းလျိုရှန့်၏ မျက်နှာပေါ်မှ မျော်လင့်နေသည့်အကြည့်ကိုမြင်သောအခါ ခဏမျှတိတ်ဆိတ်သွားပြီးနောက် ကျိုးရွှမ်လန်ကပြောလာသည်။
"ကျွန်တော် ရှစ်စွမ်းကိုပြမယ်...ဒါပေမဲ့ ရှစ်စွမ်း မရယ်ရဘူးနော်..."
၎င်းကို ကြားသောအခါ ရှန်းလျိုရှန့်က ပြင်းပြင်းထန်ထန် ခေါင်းညိတ်ပြလာသည်။
"ကောင်းပြီ..."
သူက ပို၍ပင် သိချင်လာရကာ မျက်တောင်မခတ်ပဲ စိုက်ကြည့်နေသည်။ ခဏမျှကြာပြီးနောက် ကျိုးရွှမ်လန်အရှေ့တွင် ဆန်းကြယ်သော အလင်းတစ်ချက်လက်သွားကာ မြေပြင်ပေါ်၌ တစ်စုံတစ်ခုပေါ်လာသည်။
"ဖွီး..."
ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည့် ခဏတွင်ရှန်းလျိုရှန့်က ကျယ်လောင်စွာ မရယ်မောပဲမနေနိုင်ခဲ့ချေ။ သူက ပါးစပ်ကို မြန်မြန်အုပ်၍ အနည်းငယ် တောင့်တင်းနေသည့် ကျိုးရွှမ်လန်ကို ကြည့်ကာ ဖြူဖြူစင်စင်နှင့် မျက်တောင်များ ပုတ်ခတ်ပြလာသည်။
"ဟား...ဟား...ဟား.."
ကျိုးရွှမ်လန် : "....."
ရှန်းလျိုရှန့် ကျယ်လောင်စွာ ရယ်မောနေသည်မှာ အံသြစရာမရှိပေ။ သူ အမှန်တကယ်မထိန်းနိုင်ဖြစ်သွားသည်။ ကျိုးရွှမ်လန်က အချိန်အကြာကြီးတုံ့ဆိုင်းနေပြီးမှ နဂါးဥခွံတစ်ဝက်ကို ထုတ်ယူလာမည်ဟု မထင်ထားခဲ့ချေ။
ညအချိန်ဖြစ်သော်ငြား အနက်ရောင်ဥခွံမှ ရွှေရောင်ဖျော့ဖျော့ ထုတ်လွှတ်နေသည်။ ဆန်းကြယ်၍မြင့်မြတ်နေပုံပေါက်သော်လည်း နဂါးဥခွံဖြစ်သည်ဟူသော အမှန်တရားကို မပြောင်းလဲနိုင်ပေ။
ကျိုးရွှမ်လန်က နဂါးဥမှပေါက်လာသော နဂါးနက်လေးဖြစ်လျက် မသိနားမလည်သည့်အရွယ် ဖြစ်နေသေးကြောင်း စဉ်းစားမိသဖြင့် ရှန်းလျိုရှန့်က နှုတ်ခမ်းဖိကိုက်၍ ကျယ်ကျယ်မရယ်မိစေရန် ကြိုးစားနေသည်။ မျက်လုံးထောင့်မှ မျက်ရည်စအချို့ကိုပါ ထိန်းချုပ်ထားသည်။
ကျိုးရွှမ်လန်က နဂါးဥခွံအား ပြန်သိမ်းချင်စိတ်ကို သည်းခံကာ ခြောက်ကပ်ကပ် ရှင်းပြလာသည်။
"တပည့် နတ်ဆိုးနယ်မြေကို ပြန်သွားတုန်းက မှတ်ဉာဏ်တစ်ချို့ကို ဝေဝေဝါးဝါးပြန်ရလာတယ်...ပြီးတော့ နဂါးဥခွံကို ရှာတွေ့လာတယ်...ဒါပေမဲ့ တစ်ဝက်ကတော့ ပျောက်နေတုန်းပဲ..."
ရှန်းလျိုရှန့်က "အင်း..." ဟု နှစ်ကြိမ်ခန့်မျှ ခက်ခက်ခဲခဲပြောလာသည်။
နှုတ်ခမ်းထောင့်များက အချိန်ကြာကြာ မြင့်တက်နေရသဖြင့် အနည်းငယ်နာကျင်နေသည်။ သူက နှုတ်ခမ်းထောင့်များကို ပွတ်သပ်ကာ အနည်းငယ်မျှ ချောင်းဟမ့်လိုက်သည်။ ထို့နောက် လေးနက်စွာ ပြောလာသည်။
" စောစောပိုင်းတုန်းက မင်းရဲ့ လျှို့ဝှက်နည်းစနစ်က အတူပါလာတာလို့ ပြောတယ်မှတ်လား...အဲဒါမင်းရဲ့ ဥခွံ...မဟုတ်ဘူး သားပေါက်အိမ်လား...အဲဒီမှာ လျှို့ဝှက်နည်းစနစ်ကို မှတ်တမ်းတင်ထားတာလား..."
ကျိုးရွှမ်လန်၏ လက်ချောင်းများက အနက်ရောင်ဥခွံပေါ်သို့ ကျရောက်သွားကာ ရွှေရောင်အလင်းက ချက်ချင်းပေါ်လာ၍ ရှုပ်ထွေးသည့် စကားလုံးများပေါ်လာသည်။
"ဒီတပည့်က တစ်ချို့ကို အဓိပ္ပါယ်ကောက်ထားပေမဲ့ အဲဒါတကယ်အမှန်ပါ..."
၎င်းက မှော်ဆန်သည်ဟု ရှန်းလျိုရှန့်တွေးလိုက်မိသည်။ ညာဘက်လက်ကို မြှောက်၍ လက်ချောင်းသွယ်သွယ်လေးများနှင့် နဂါးဥခွံပေါ်တင်လိုက်သည်။ လရောင်အောက်တွင် သူ၏လက်ချောင်းများက ကျောက်စိမ်းသဖွယ် ဖြူဖွေးနေသည်။
နဂါးဥခွံက အေးစက်ပြီးမာကျောသော်ငြား အလွန် သက်သောင့်သက်သာဖြစ်နေသည်။
ရှန်းလျိုရှန့်က လက်ချောင်းထိပ်များနှင့်ထိတွေ့လာသည်။ ထို့နောက် လက်ညိုးကို ကွေး၍ ခပ်ဖွဖွခေါက်လိုက်သည်။ တစ်နည်းနည်းဖြင့် ရင်းနီးနေသည့် ခံစားချက်တစ်ခုက သူ၏နှလုံးသားအတွင်းသို့ ရုတ်ချည်း ဝင်ရောက်လာသည်။ အနှီ အပြုအမူမျိုး ယခင်က လုပ်ဖူးသည့်နှယ်ပင် ခံစားရသည်။
သူက ကြက်သေသေသွားလျက် အိမ်မက်ဆိုးတွင် ပိတ်မိနေချိန်၌ သူ၏မှတ်ဉာဏ်ထဲတွင် အနက်ရောင်ဥကြီးကြီးတစ်ခုပေါ်လာသည်ကို မှတ်မိသွားသည်။ အစပိုင်းတွင် သံသယသာဖြစ်ခဲ့သော်ငြား ယခုတွင် မငြင်းနိုင်သော သက်သေရှိနေသည်။ ၎င်းကသာ နဂါးဥဖြစ်နေခဲ့လျှင် အတွင်း၌ရှိခဲ့သောသူမှာ ကျိုးရွှမ်လန်ဖြစ်လိမ့်မည်။
မူလကိုယ်၏ရှစ်စွမ်းက သူ၏ဖူးစာရှင်ဟု ပြောခဲ့သဖြင့် မူလကိုယ်က သူ့(နဂါးဥ)ကိုကာကွယ်ပေးခဲ့သည်။
ရှန်းလျိုရှန့်က မျက်မှောင်ကြုတ်လိုက်ကာ ရုတ်တရက်လက်ပြန်ချလိုက်သည်။
ကျိုးရွှမ်လန်က သူ၏ခံစားချက်ပြောင်းလဲမှုကို သတိထားမိသွားသည်။
"ရှစ်စွမ်း...ဘာဖြစ်လို့လဲ..."
ရှန်းလျိုရှန့်က ဥခွံကို လက်ချောင်းများနှင့် တောက်ကာ မျက်လုံးများ အနည်းငယ်ကျဉ်းမြောင်းသွားသည်။
"နတ်ဆိုးနယ်မြေကနေ ကျင့်ကြံရေးလောကထိရောက်လာအောင် ဘာလို့လာခဲ့တာလဲ...အင်မော်တယ်ဂိုဏ်းတွေအများကြီးရှိတဲ့အထဲမှ ချင်းလင်ဂိုဏ်းကိုရွေးပြီးတော့ ငါ့ကို ရှစ်စွမ်းအနေနဲ့ဘာလို့ ရွေးချယ်ခဲ့တာလဲ..."
အနှီကိစ္စများသည် မူလဇာတ်ကြောင်းတွင် မပါဝင်သော်ငြား အမှန်တကယ်ပင် တည်ရှိနေသည်။
ရှန်းလျိုရှန့်က အံကြိတ်လိုက်မိသည်။
ငါက ကျိုးရွှမ်လန်ရဲ့ သားပေါက်လေးဘဝကို ကယ်တင်ခဲ့လို့ လရောင်ဖြူလေးဖြစ်လာတာလား...နဂါးပေါက်လေးက မိုင်ထောင်ချီလောက် သူ့နောက်လိုက်နေခဲ့တာလား...
ကျိုးရွှမ်လန်က နောက်ကျောမှ အေးစိမ့်မှုကို ခံစားလိုက်ရကာ ထူးထူးခြားခြား နိုးကြားလာသည်။ မှားဖြေမိခဲ့ပါက အကျိုးဆက်မှာ ဆိုးဝါးလိမ့်မည်ဟု သူခံစားလိုက်ရသည်။
ဂရုတစိုက်စဉ်းစား၍ လျှပ်စီးများရှောင်ရှားနိုင်ရန် သတိကြီးကြီးထားကာ ဖြေလာသည်။
"တပည့်က အဲဒီအချိန်တုန်းက ငယ်နေသေးတော့ သိပ်မမှတ်မိဘူး... နဂါးဥကို ရှာတွေ့တာကလည်း မှတ်ဉာဏ်အပိုင်းအစအချို့ကြောင့်ပါပဲ..."
ရှန်းလျိုရှန့်က မေးစေ့ကို ထိလိုက်သည်။
"တကယ်လား..."
သူ့ အမူအရာပျော့ပျောင်းလာသည်ကို ကြည့်၍ ကျိုးရွှမ်လန်တစ်ယောက် ချက်ချင်းပင် ခေါင်းညိတ်ပြလာသည်။ ရှန်းလျိုရှန့်က အတန်ကြာတွေးဆနေခဲ့သည်။
သူ မမှတ်မိဘူးဆိုမှတော့ မူလကိုယ်ကြောင့်မဟုတ်ပဲ ငါ့ကို ကြိုက်တာဖြစ်နိုင်ပါတယ်...
ရှန်းလျိုရှန့်က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သော်ငြား အနည်းငယ်မပျော်မရွှင် ဖြစ်နေဆဲပင်။
ကျိုးရွှမ်လန်၏မျက်လုံးများ အနည်းငယ်ကျဉ်းမြောင်းသွားကာ ငိုက်စင်းနေသည့် အနက်ရောင်မျက်တောင်များကို ငေးကြည့်လိုက်သည်။ ရှန်းလျိုရှန့်က နှုတ်ခမ်းပါးများ စူထားကာ ချက်ချင်းပင် မျက်မှောင်ကြုတ်နေသည်။
ရှန်းလျိုရှန့် စဉ်းစားနေသည့်အကြောင်းကို သူမသိသော်ငြား အမူအရာရုတ်တရက် ပြောင်းလဲသွားလျက် မပျော်မရွှင်ဖြစ်သွားသည်ကို တွေ့ရသည်။ခဏမျှ စဉ်းစားပြီးနောက် ကျိုးရွှမ်လန်က ခေါင်းငုံ့၍ နှုတ်ခမ်းစူစူလေးကို သူ၏နှုတ်ခမ်းများနှင့် ထိတွေ့လိုက်သည်။
ပြူးကျယ်နေသည့် ဇာမဏီမျက်လုံးများနှင့် ရင်ဆိုင်ရသောအခါ ကျိုးရွှမ်လန်၏ ချောမောသော မျက်နှာလေးက ပြုံးနေခဲ့သည်။
ရှန်းလျိုရှန့်က မတုံ့ပြန်နိုင်သေးပေ။ နှုတ်ခမ်းထောင့်မှ နွေးထွေးသော အသက်ရှူငွေ့ကိုသာ ခံစားနေရသည်။ နူးညံ့သော်လည်း အနည်းငယ် ယားယံစေသည့် အထိအတွေ့က မှတ်ဉာဏ်ထဲတွင် လတ်ဆတ်နေသဖြင့် စိတ်ထဲ၌ ထပ်ခါထပ်ခါ မြင်ယောင်နေသည်။
သူ၏နားရွက်ဖျားများက အနီရောင်ပြောင်းလာသည်။
"မင်းရုတ်တရက်ကြီး ဘာလုပ်တာလဲ..."
ကျိုးရွှမ်လန်က နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ပွင့်နှင့် သူ့ကို စိုက်ကြည့်နေသည်။
"ရှစ်စွမ်း မပျော်တာတွေ့လို့ ဒီတပည့်က နှစ်သိမ့်ပေးချင်လို့ပါ..."
ရှန်းလျိုရှန့်က မျက်ခုံးများပင့်ကာ ပြောလာသည်။
"တစ်ခြားသူတွေရဲ့ တပည့်တွေက သူတို့ရဲ့ရှစ်စွမ်းကို ဒီလိုမျိုးနှစ်သိမ့်တယ်လို့ တစ်ခါမှ မကြားဖူးဘူး..."
"ဘာလို့ဆို တစ်ခြားတပည့်တွေက ကျိုးရွှမ်လန် မဟုတ်လို့ပါ..."
ကျိုးရွှမ်လန်က အနားတိုးလာ၍ သူ၏ နက်ရှိုင်းသောအသံမှာ နားအတွင်းသို့ ဝင်ရောက်လာသည်။
"တစ်ခြားလူတွေရဲ့ ရှစ်စွမ်းကလဲ ရှန်းလျိုရှန့်လောက်မှ မထူးခြားကြတာ..."
ပထမက အနီးရောင်သန်းနေသော ရှန်းလျိုရှန့်၏နားရွက်များမှာ ၎င်းကို ကြားပြီးချိန်တွင် ရဲတောက်လာလေသည်။ ထို့နောက် အလျင်အမြန်ပင် နှစ်လှမ်းခန့်ဆုတ်ကာ နှစ်ယောက်ကို ခွာလိုက်သည်။
မကောင်းတော့ဘူး...
သူ ငါးစာချိတ်မိသွားပုံရကာ လည်ဂုတ်မှ အပူဖျော့ဖျော့လေး စတင်ခံစားလာရသည်။
ရှန်းလျိုရှန့်က သိုလှောင်အိတ်မှ ချင်းယွီဆေးကို ထုတ်ယူကာ လောင်းချ၍ တစ်ငုံတည်းဖြင့် မျိုချလိုက်သည်။ တုံ့ဆိုင်းနေသည့် ကျိုးရွှမ်လန်ကို ကြည့်၍ စကားပြောရန် ပြင်လိုက်ချိန်တွင် သူ့ ယွမ်ယင်းထံမှ လှုပ်ရှားမှုတစ်ချို့ကို ခံစားလိုက်ရသည်။
ရှန်းလျိုရှန့်က ခဏမျှ ကြက်သေသေသွားကာ ကျိုးရွှမ်လန်ကို ပြောလာသည်။
"မင်း အခု ထွက်ပြေးရင်ရော ဘယ်လိုလဲ..."
ကျိုးရွှမ်လန် : "....."
.....
ကျယ်ဝန်း လင်းထိန်နေသော အခန်းတွင်း၌ လက်တစ်ဖဝါးစာခန့် ယွမ်ယင်းလေးက စားပွဲခုံပေါ်တွင် ရပ်နေကာ လက်နှစ်ဖက်ဖြင့် မှင်ချောင်းကို ကိုင်ထားလျက် မှင်တုံးဘေးပတ်လည်တွင် လှည့်ပတ်နေသည်။
သူ့နှုတ်ခမ်းများစူထားကာ အလွန်စိတ်ညစ်နေပုံရသည်။
သူကျားပါးစပ်က လွတ်လွတ်ချင်းပင် ဝံပုလွေဂူထဲဝင်မိသွားသည်။ ကစားရမည့်အစား အလုပ်လုပ်ရန်လိုအပ်နေသူ ဖြစ်သွား၍ မှင်သွေးသည့် ကောင်လေး လုပ်နေရသည်။
အချိန်တစ်ချို့ ကျော်လွန်ပြီးသောအခါ တိယွင်ယွီက စာလိပ်မှ အကြည့်ကို ပြန်ရုတ်သိမ်း၍ ပုံရိပ်သေးသေးလေးကို ကြည့်လိုက်သည်။ ထိုပုံရိပ်လေးက ပါးစပ်ဟ၍ ပင်ပန်းနွမ်းနယ်စွာ သက်ပြင်းရှည်ကြီးချနေသည်ကို တွေ့လိုက်ရသည်။
သူ စိတ်ထိခိုက်နေပုံရသော်ငြား မှင်သွေးသည့် အလုပ်ကို ကြိုးကြိုးစားစားလုပ်နေခဲ့သည်။
တိယွင်ယွီ၏ နှုတ်ခမ်းထောင့်များ အနည်းငယ်ကွေးတက်သွားသည်။ သုံးနှစ်အရွယ် ရှန်းလျိုရှန့်က ယခုရှန်းလျိုရှန့်ထက် အမှန်တကယ်ပင် ပို၍ကောင်းကောင်းပြုမူတတ်လေသည်။
ယွမ်ယင်းလေးက အကြည့်ကို သတိထားမိကာ မျက်တောင်ခတ်လိုက်သည်။
"ကျွန်တော် ရေဆာတယ်..."
တိယွင်ယွီ : "အခြေတည်ဝိညာဉ်တွေက ရေမဆာဘူး..."
ယွမ်ယင်းလေးက ပါးဖောင်းလိုက်သည်။
"ဒါဆိုလည်း ကျွန်တော်ဗိုက်ဆာတယ်..."
တိယွင်ယွီ : "အခြေတည်ဝိညာဉ်တွေက ဗိုက်မဆာဘူး..."
ယွမ်ယင်းလေးက နှင်းခဲကဲ့သို့အပင်လေးအား ရုတ်တရက် ထုရိုက်လိုက်ကာ မသာမယာပြောလာသည်။
"ဒါပေမဲ့ ကျွန်တော် အရသာခံချင်တယ်လေ..."
တိယွင်ယွီက သူ့ကို ခဏမျှ စိုက်ကြည့်နေသည်။ အခြေတည်ဝိညာဉ်များက အရသာမခံနိုင်ကြောင်းသူပြောချင်သော်ငြား စကားလုံးများက သူ၏နှုတ်ခမ်းပါးတွင် ပျောက်ကွယ်သွားသည်။ သူမတ်တပ်ရပ်ကာ သစ်သီးပန်းကန်ပြားကို ယူသွားသည်။
"မင်း ဘာလိုချင်လဲ..."
မှင်တုံးပေါ်တွင် ခန္ဓာကိုယ်မှီတင်ထားသော ယွမ်ယင်းလေးက လက်တစ်ဖက်လွှတ်၍ လက်ညိုးဖြူဖြူတိုတိုလေးနှင့် ရွှေရောင်လိမ္မော်သီးကို ညွှန်ပြလာသည်။
တိယွင်ယွီက ယူပေးလိုက်ပြီးနောက် ယွမ်ယင်းလေးက သူ၏ပါးစပ်လေး ဖွင့်ပေးလာသည်ကို မြင်လိုက်ရသည်။
"အာ..."
"....."
တိယွင်ယွီက ခဏမျှ တိတ်ဆိတ်သွားကာ သူ၏ ပေါ့ပေါ့ပါးပါးအကြည့်များက ရှန်းလျိုရှန့် အသေးစားလေးဆီသို့ ရောက်သွားသည်။ တစ်ဖက်လူက သူ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေလျက် ဆက်လက်ပြောလာသည်။
"အာ..."
တိယွင်ယွီ : "...လက်ထုတ်ပြီး ကိုယ့်ဘာသာ ကိုင်စား..."
ယွမ်ယင်းလေးက နီးကပ်နေသော်လည်း အလှမ်းဝေးနေသည့် လိမ္မော်သီးကို ကြည့်လိုက်သည်။ မျက်လုံးများနီရဲလာကာ နူးညံ့ညင်သာသည့် အသံလေးမှာ ငိုနေသည့်နှယ်ခံစားရစေသည်။
"ကျွန်တော့်မှာ လက်တစ်ဖက်တည်းရှိတာ မကိုင်နိုင်ဘူး..."
တိယွင်ယွီက ယွမ်ယင်းလေး၏ လွတ်လပ်နေသော ညာဘက်လက်သို့ အကြည့်ဖြတ်သန်းသွားကာ အခြားတစ်ဖက်သို့ ကြည့်လိုက်သည်။ ဘယ်ဘက်လက်မှာ သူနှင့် အရပ်တူသည့် မှင်ချောင်းကို ကိုင်ထားဆဲဖြစ်သည်။
"မှင်ချောင်းကို ချလိုက်..."
ယွမ်ယင်းလေးက နှာခေါင်းထိပ်ကို တွန့်လိုက်သည်။
"မပြီးသေးဘူးလေ..."
မှင်ချောင်းကို တင်းတင်းကြပ်ကြပ်ဖက်ထားကာ တတွတ်တွတ်ပြောလာသည်။
"မှင်ကို ကောင်းကောင်းမသွေးထားဘူးလို့ ကျွန်တော်မပြောဘူးလား...ခမည်းတော် ရေးလို့ရမှာ မဟုတ်ဘူး..."
တိယွင်ယွီက ခဏမျှ ကြက်သေသေသွားကာ ယွမ်ယင်းလေး၏ပါးစပ်နားသို့ လိမ္မော်သီးကို တိုးပေးလာသည်။
"မင်းအခွံမခွာဘူးဆိုတာ ကိုယ်တော် မှတ်မိတယ်..."
အစောပိုင်းက စိတ်ညစ်နေဟန်ရသည့် ယွမ်ယင်းလေး၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ရုတ်ချည်းပေါ်လာသည်။ သူကခပ်ပြင်းပြင်းကိုက်ကာ လိမ္မော်သီးခွံပေါ်တွင် ကိုက်ရာတိမ်တိမ်လေးချန်ခဲ့သည်။
ခဏမျှကြာပြီးနောက် ခေါင်းမော့၍ မျက်ခုံးများပင့်တက်လာသည်။
"ချိုတယ်..."
တိယွင်ယွီ: "ထပ်လိမ်ပြန်ပြီ...မင်းမှ အရသာမခံနိုင်တာ..."
ယွမ်ယင်းလေးက ခပ်မြူးမြူးလေး ရယ်မောလာသည်။
"အရသာခံစရာမလိုပါဘူး...ဧကရာဇ်ကျွေးတဲ့ လိမ္မော်သီးဖြစ်မှာတော့ ချိုနေမှာပဲ..."
စကားဆုံးသောအခါ ပတ်ဝန်းကျင်က တိတ်ဆိတ်သွားသည်။ ခဏကြာမှ တိယွင်ယွီက ရယ်မောကာ ပြောလာသည်။
"မင်းက တော်တော်လေးချိုတာပဲ..."
၎င်းကိုကြားသောအခါ ယွမ်ယင်းလေးက ကြောင်သွားကာ စိတ်ရှုပ်ထွေးနေပုံဖြင့် ပြောလာသည်။
"ဧကရာဇ်က ဘယ်လိုလုပ်သိတာလဲ...အစ်ကိုကြီးပဲ ဒါကိုသိတာလေ..."
တိယွင်ယွီ၏ အပြုံးက မှိန်ဖျော့သွားကာ မေးလာသည်။
"အစ်ကိုကြီးက ဘယ်သူလဲ...ကျိုးရွှမ်လန်လား..."
ယွမ်ယင်းလေး ခေါင်းညိတ်သည်ကို တွေ့သောအခါ တိယွင်ယွီက မေးလာသည်။
"ဘာလို့ သူတစ်ယောက်တည်းကပဲ သိတာလဲ..."
ယွမ်ယင်းလေးက မျက်တောင်ခတ်ကာ ခေါင်းမော့လိုက်သည်။ ထို့နောက် တိယွင်ယွီကို သရုပ်ပြရန် နှုတ်ခမ်းစူလိုက်သည်။
"ဘာလို့ဆို သူတစ်ယောက်ပဲ အရသာခံဖူးလို့..."
အခန်းတွင်းမှ ဝိညာဉ်စွမ်းအားများ သိပ်သည်းလာပြီး အလွန်စွမ်းအားကြီးသည့် အားများကဖိနှပ်ချုပ်ချယ်လာသဖြင့် လေထုထဲတွင် တန့်နေသည်။
အတန်ကြာမြင့်သောအခါ ဘေးပတ်လည်မှ ဝိညာဉ်စွမ်းအားများက ဆက်လက်စီးဆင်းလာသည်။
တိယွင်ယွီ
က လိမ္မော်သီးကို အောက်ချ၍ မှင်ဆက်သွေးနေပြီးနောက် လက်များကို ဝတ်ရုံနှင့် ပေါ့ပေါ့ပါးပါးသုတ်နေသည့် ပုံရိပ်လေးကို ကြည့်လိုက်သည်။
ကိုယ်တော်က အခုလေးတင် အသေးလေးကို အရမ်းညင်ညင်သာသာ လွှတ်ပေးထားလိုက်ပုံပဲ...