Chapter 120
ညအချိန်တွင် အစောင့်များက နန်းတော်အတွင်း လှည့်ပတ်စစ်ဆေးနေသည်။
စာကြည့်ဆောင်ကို ဖြတ်သွားချိန်တွင် အမှောင်ထဲမှ ခိုးကြောင်ခိုးဝှက်ပုံရိပ်လေးတစ်ခုကို မြင်လိုက်ရသည်။ စစ်ဆေးမေမြန်းရန် ရှေ့တိုးသွားသောအချိန်တွင် ရှန်းလျိုရှန့်ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် အစောင့်က အံသြသွားပြီး မေးလာ၏။
" မင်းသားလေးလား..."
ရှန်းလျိုရှန့်က ငြိနေသော ခေါင်းကို ထုတ်ကာ ပိတ်ထားသော တံခါးကို ကြည့်လိုက်သည်။
"ဘာမှ မဟုတ်ဘူး...မင်းလုပ်စရာရှိတာလုပ်ပါ...ငါ့ကိုစိတ်မပူနေနဲ့..."
ကျိုးရွှမ်လန်ကို အခန်းသို့ဦးစွာ ပြန်ခိုင်းလိုက်ပြီးနောက် အမှန်တရားကို ကိုယ်တိုင်ရှာဖွေရန် ထွက်လာခဲ့သည်။
အစောင့်များထွက်သွားပြီးနောက် ရှန်းလျိုရှန့်က အသက်ရှုင်းပြင်းပြင်းရှူ၍ တံခါးဆီသို့သွားကာ တံခါးခေါက်လိုက်သည်။
"ခမည်းတော်...အခြေတည်ဝိညာဉ်ကို လာခေါ်တာပါ..."
တံခါးပွင့်လာ၍ အတွင်းမှ အလင်းရောင်က သူ့ကိုလာထိခတ်နေသည်။ ထို့နောက် ငိုသံတစ်သံက နားအတွင်းသို့ ဝင်လာသည်။
"အီး...ဟီး...ဟီး..."
ရှန်းလျိုရှန့်က အသံကြားနေရသောအခါ ကြည့်မိလိုက်သည်။ ကြီးမား၍ အလွန်လက်ရာမြောက်သော စာအုပ်စင်၏အလည်တွင် လက်တစ်ဖဝါးအရွယ် ယွမ်ယင်းလေးရှိနေသည်။ ယွမ်ယင်းက အဖြူရောင်ဝတ်ရုံနှင့် ရွှေသရဖူကို ဆင်ယင်ထားကာ ရွှေဇာမဏီပုံစံ ခါးစည်းကြိုးကို ခါးပတ်လည်တွင် စည်းနှာင်ထားသည်။ လက်ထဲတွင် မှင်ချောင်းကို ကိုင်ထားလျက် မှင်တုံးဘေးပတ်လည်တွင် လှည့်ပတ်နေသည်။ ဝတ်ရုံအနားစများက လှုပ်ရှားမှုအလိုက် ဘယ်ညာဝေ့ယမ်းနေကြသည်။
ယွမ်ယင်းနှင့် တူညီစွာဝတ်ဆင်ထားသော တိယွင်ယွီက စာလိပ်ကိုကိုင်ထားလျက် မျက်လွှာချထားသည်။ သူ၏အမူအရာမှာ အတွေးများနှင့်ပြည့်နေပုံရသည်။
"ဒါက အတုကြီး...ကျန်တဲ့ စာလိပ်နှစ်ခုက နတ်ဆိုးမြို့တော်မှာ... တစ်ခုနဲ့တစ်ခု အရမ်းနီးကပ်နေတယ်..."
ရှန်းလျိုရှန့်က စိတ်သက်သာရာရစွာ သက်ပြင်းရှိုက်လိုက်ကာ အဝတ်အစားအသစ်များကြောင့် အလွန်ပျော်ရွှင်နေသော ယွမ်ယင်းလေးကို တစ်ချက်ကြည့်လိုက်သည်။
"အရင်တစ်ခေါက် ပါ့ဟွမ်ကိုသွားတဲ့သူကို နတ်ဆိုးမြို့တော်ဆီ ခေါ်ဖို့ ခက်ခဲလိမ့်မယ်ထင်တယ်..."
တိယွင်ယွီကပြောလာသည်။
"စည်းပိတ်ထားတဲ့နေရာကို မှတ်တမ်းတင်ထားတဲ့စာလိပ်အစစ်က နတ်ဆိုးမြို့တော်မှာရှိတယ်... ပါ့ဟွမ်ကို သွားတဲ့သူက စာလိပ်အတုညွှန်ပြတဲ့အတိုင်းသွားလိမ့်မယ်...တစ်ခုခုမှားနေမှန်းသိသွားရင် နတ်ဆိုးမြို့တော်ကို လာလိမ့်မယ်..."
ရှန်းလျိုရှန့်က ဧကရာဇ်ယွင်ယွီမန္တန်ဖုံးထားသော စာလိပ်အတုကို အနီးကပ်ကြည့်လိုက်သည်။ ၎င်းက ဦးတည်ရာနှစ်ခုကို ဖော်ပြထားလျက် ၎င်းဦးတည်ရာနှစ်ခုမှာ အမှန်တကယ်ပင် အလွန်နီးကပ်နေသည်။
ဘေးမှ ယွမ်ယင်းလေးက ၎င်းကိုကြည့်ချင်သဖြင့် ခြေထောက်များကို ချိန်ဆကြည့်လိုက်သောအခါ ကြည့်နိုင်ရန်အတွက် သူ၏ခြေထောက်များက အလွန်တိုနေကြောင်းသိလိုက်ရသည်။ သက်ပြင်းချကာ လက်မောင်းများဖြင့် မှင်သာဆက်သွေးနေလိုက်သည်။ အဝတ်အစားများ မှင်ထပ်မံ စွန်းသွားမည်ကို ကြောက်ရွံနေသဖြင့် သူ၏ လှုပ်ရှားမှုများက အလွန်သတိကြီးကြီးထားလျက်ရှိသည်။
တိယွင်ယွီက စာလိပ်ကို ရှန်းလျိုရှန့်ထံသို့ ပေးလိုက်သည်။
"ယူထားလိုက် ပြီးရင် နတ်ဆိုးမြို့တော်ကို သွားလိုက်..."
ရှန်းလျိုရှန့်က ခေါင်းညိတ်လိုက်သည်။ ရှုရှင်းလျန်အကြောင်းတွေးမိသောအခါ သူ ပြောလိုက်သည်။
"ရှင်းလျန်က အမြဲတမ်းအပြင်လောကကို တွေ့ချင်နေခဲ့တာ...ဧကရာဇ်က ဘာလို့ သူ့ကို အပြင်ထွက်ခွင့်မပေးတာလဲ..."
တိယွင်ယွီ: "သူ့မှာ ထူးခြားတဲ့ အခြေအနေရှိတယ်...အပြင်ထွက်တာက အန္တရာယ်များတယ်...အထူးသဖြင့် နတ်ဆိုးနယ်မြေပဲ...."
ရှန်းလျိုရှန့်၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားသည်။
"ဘယ်လိုအခြေအနေမျိုးလဲ..."
မူရင်းဇာတ်ကြောင်းတွင် ဧကရာဇ်သေဆုံးပြီးမကြာမီမှာပင် ရှုရှင်းလျန်ကို နတ်ဆိုးနယ်မြေတွင် ပျောက်ဆုံးသွားကြောင်းကို အနည်းငယ်ဖော်ပြထားသည်။ ရှုရှင်းချန်က သူမကိုရှာဖွေရန် လူများစွာလွှတ်ခဲ့သော်ငြား အချည်းနှီးသာဖြစ်ခဲ့သည်။
တိယွင်ယွီ: "ဝိညာဉ်ဗလာခန္ဓာကိုယ်..."
ရှန်းလျိုရှန့်က ခဏမျှ ကြက်သေသေသွားသည်။ သူတစ်ခါမျှမကြားဘူးကြောင်းပြောရန်ပြင်လိုက်ချိိန်တွင် တိယွင်ယွီကပြောလာသည်။
"ကိုယ်တော် နာမည်ပေးထားတာ..."
ရှန်းလျိုရှန့် : "....."
ငါ ဗဟုသုတနည်းနေတာ မဟုတ်ဘူးပဲ...
တိယွင်ယွီက ရှင်းပြလာသည်။
"ရှင်းလျန် ကလေးဘဝတုန်းက နတ်ဆိုးနယ်မြေမှာ ပျောက်သွားဖူးတယ်...ကိုယ်တော် သူ့ကို ရှာတွေ့တဲ့အချိန်မှာ နတ်ဆိုးသားရဲတစ်ကောင်က သူ့ကိုယ်ထဲမှာ ရှိနေတာ..."
ရှန်းလျိုရှန့် မျက်လုံးများပြူးကျယ်လာသည်။ ယွမ်ယင်းလေး၏နားရွက်များကလည်း တရွရွဖြစ်လာသည်။ စကားလုံးများကို နားမလည်သော်ငြား ရှန်းလျိုရှန့်နှင့်အတူ ပူးပေါင်းဆောင်ရွက်ကာ ပါးစပ်ကျယ်ကျယ်ဟထားလိုက်သည်။ တိယွင်ယွီက သတိထားမိသွား၍ သူ့ကို ကြည့်လိုက်မှ သူ၏အံသြထိတ်လန့်သည့် အမူအရာကို ဒေါသတကြီးပြန်သိမ်းသွားလေသည်။
တိယွင်ယွီ : "ဒီလောကကြီးမှာ နတ်ဆိုးသားရဲတွေကို သန့်စင်နိုင်တဲ့ နည်းစနစ်ရှိတယ်ဆိုတာ သိထားလား..."
ရှန်းလျိုရှန့်က ခေါင်းခါလိုက်သည်။ ချီလင်မြို့၌ရှိခဲ့ချိန်တွင် လူအများကစုပိုင်ချယ့်ကို ကျူးယန်ဟုသတ်မှတ်ထားကြသည်။ နောက်မှ စုပိုင်ချယ့်က ကျူးယန်ကို သန့်စင်ထား၍ သူ့ကိုယ်ကျိုးအတွက် အသုံးချနေသည်ကို သူသဘောပေါက်သွားသည်။
"သေမျိုးခန္ဓာကိုယ်က နတ်ဆိုးသားရဲရဲ့ စွမ်းအားကို ဘယ်လို သယ်ဆောင်နိုင်တာလဲ..."
"အဲဒါက မှော်အတတ်ပဲ...လူနည်းစုပဲ အောင်မြင်နိုင်ကြတာ...သူတို့က နောက်ပိုင်းမှာ နတ်ဆိုးသားရဲတွေ တိုက်ခိုက်တာကို ခံရကြတယ်..."
တိယွင်ယွီက အသံနက်နက်ဖြင့်ပြောလာသည်။ "ဒါပေမဲ့ ရှင်းလျန်က အဲဒါနဲ့ မတူဘူး...သူ့ရဲ့ခန္ဓာကိုယ်က နတ်ဆိုးသားရဲတွေကို ပိတ်မိစေတဲ့ သဘာဝလိုဏ်ဂူနဲ့တူတယ်...နတ်ဆိုးသားရဲကို ဘေးကင်းကင်းနဲ့ အဆင်ပြေစေတယ်..."
ရှန်းလျိုရှန့်ကထိတ်လန့်သွားသည်။
ဒီလိုဆိုရင် ရှုရှင်းလျန်က စွမ်းအားကြီးနတ်ဆိုးသားရဲတစ်ကောင်ကို သန့်စင်ဖို့ အသုံးပြုခံလိုက်ရပြီးတော့ ထိန်းချုပ်ခံလိုက်ရတာပေါ့...တော်တော်လေးအကူအညီဖြစ်သွားမှာပဲ...
"ဘယ်သူလုပ်တာလဲ..."
တိယွင်ယွီ : "ကိုယ်တော်ရောက်သွားတဲ့ အချိန်မှာ သူတို့က ထွက်ပြေးသွားကြပြီ...ဘယ်သူ့ကိုမှ မတွေ့ခဲ့ရဘူး...ကံကောင်းလို့ သူ့ကိုယ်ထဲက နတ်ဆိုးသားရဲက ရင်ဆိုင်ဖို့ မခက်ခဲခဲ့ဘူး...ဒါကြောင့် ကိုယ်တော် သူ့ကို ကယ်နိုင်ခဲ့တယ်..."
ရှန်းလျိုရှန့်က ခဏမျှတွေးဆလိုက်သည်။
"ရှင်းလျန်က ဒါကို မမှတ်မိဘူး...ဧကရာဇ် သူ့ကို ပြောပြသင့်တယ်...မဟုတ်ရင် အချိန်အကြာကြီး မကျေမနပ်ဖြစ်နေလိမ့်မယ်..."
တိယွင်ယွီ : "အဲဒါက ကောင်းတဲ့အရာမဟုတ်ဘူး...သူ ဘာလုပ်ရမှာလဲဆိုတာပဲ ကိုယ်တော်ကမှတ်မိစေချင်တယ်..."
ရှန်းလျိုရှန့်က ပြန်ဖြေရန် ပြင်လိုက်ချိန်တွင် စားပွဲပေါ်ရှိ သူ၏လက်ကို ခြေထောက်သေးသေးလေးက ဖွဖွလေး လာထိလေသည်။
"မှင်က အရောင်တင်ပြီးသွားပြီ...ကျွန်တော် နည်းနည်းလေး ပင်ပန်းနေလို့ အိမ်ပြန်ချင်တယ်..."
အိမ်ဆိုသည်မှာ ရှန်းလျိုရှန့်၏ ခန္ဓာကိုယ်ထဲမှ ချီအရင်းအမြစ်ရှိရာကို ပြောခြင်းဖြစ်သည်။
တိယွင်ယွီက ယွမ်ယင်းလက်ထဲမှ မှင်ချောင်းကို ယူ၍ ခေါင်းကို ပွတ်သပ်လိုက်သည်။ ထို့နောက် ပုံရိပ်လေးကို သူ၏လက်ချောင်းများနှင့် ညင်ညင်သာသာ ထိတွေ့ကာ ရှန်းလျိုရှန့်၏ ချီအရင်းအမြစ်အတွင်းသို့ ပြန်ပို့ လိုက်ပြီးနောက် မေးလာသည်။
"ဒီနေ့ မင်း ဘာမန္တန်ကို လေ့ကျင့်ခဲ့လဲ..."
ရှန်းလျိုရှန့် : "ကြယ်ရွှေ့ပြောင်းခြင်း."
တိယွင်ယွီက ခါးမှ ကျောက်စိမ်းပြားကို ထုတ်ကာ လက်မြှောက်၍ ပေးလိုက်သည်။ ရှန်းလျိုရှန့်က သတိလက်လွတ် ဖမ်းထားလိုက်မိသည်။ ကျောက်စိမ်းပြားက လက်ဖဝါးပေါ်သို့ ကျသောအခါ အသက်ရှူသံနွေးနွေးလေး ထုတ်လွှတ်နေသည်။ ၎င်း၌ ထွင်းထားသော ဧကရာဇ်ဟူသည့် စကားလုံးမှ ရွှေရောင်အလင်းတန်းက အလွန်တောက်ပနေသည်။
ရှန်းလျိုရှန့်က အံသြနေစဉ်တွင် တိယွင်ယွီပြောလာသည်ကို ကြားလိုက်ရသည်။
"ဒီလိုဆိုရင် ကိုယ်တော်နဲ့ ပြောင်းရွှေ့ပေး..."
ရှန်းလျိုရှန့် : "ဟမ်..."
ဘယ်လိုတောင် မြန်တာလဲ...
သူ ခဏမျှရပ်နေလျက် တုံ့ဆိုင်းနေသည်။ ထို့နောက် ဝိညာဉ်စွမ်းအင်များကို စုစည်း၍ မန္တန်တစ်ခုကို ရွတ်ဆိုလိုက်သည်။
အခန်းက တစ်ဒင်္ဂမျှ တိတ်ဆိတ်နေသည်။ နောက်တစ်ဒင်္ဂမျှ ထပ်မံတိတ်ဆိတ်နေသည်။
တိယွင်ယွီကလည်း တိတ်ဆိတ်နေသည်။ အချိန်ဤမျှကြာသည့်တိုင် မသင်ယူနိုင်သဖြင့် အနည်းငယ်တုံးအသည်ဟု သူ့နှလုံးသား အောက်ခြေတွင် ခံစားနေရသည်။
ရှင်းချန်နှင့် ရှင်းလျန်သာဖြစ်ပါက သူတို့ကို နူးနူးညံ့ညံ့ နှစ်သိမ့်ပေးမည်ဖြစ်သည်။ သို့ရာတွင် ရှန်းလျိုရှန့်နှင့် ရင်ဆိုင်ရသည့်အခါ နှစ်သိမ့်ပေးချင်စိတ်မရှိရုံမျှမက ဟာသလုပ်ချင်စိတ်ပါရှိနေခဲ့သည်။
သို့သော်ငြား သူ့စိတ်သူ ထိန်းချုပ်လိုက်သည်။ သူ ရေပြင်ညီကဲ့သို့ စဉ်းစားပြီးနောက် မတ်တပ်ရပ်ကာ ကျောက်စိမ်းပြားကို ပြန်ယူလိုက်၍ ရှန်းလျိုရှန့်၏ ပုခုံးကို ပုတ်လိုက်သည်။
"လေ့ကျင့်တဲ့နေရာမှာ အလျင်မလိုနဲ့...ပြန်သွားပြီး စောစောအနားယူ...မနက်ဖြန်ကျရင် နတ်ဆိုးမြို့တော်ကို သွားမယ်..."
တိယွင်ယွီက တံခါးဆီသို့ လျှောက်သွားကာ စားပွဲဘေးမှ ပုံရိပ်လေးနှင့် နေရာပြောင်း၍ ထပ်မံသရုပ်ပြလိုက်သည်။
"အဲဒါက နည်းနည်းတော့ ခက်ခဲတယ်...ပုံမှန်သုံးနိုင်ဖို့ ဘယ်လိုလုပ်ရမလဲဆိုတာ သင်ယူနိုင်ဖို့ အချိန်ပေးရလိမ့်မယ်...စိတ်မပျက်နဲ့..."
စကားဆုံးသည်နှင့် တစ်ပြိုင်နက် တံခါးပိတ်သွားလေသည်။
ရှန်းလျိုရှန့်က ခဏမျှ ကြက်သေသေသွားသည်။ တိယွင်ယွီက သူ့ကို နှစ်သိမ့်မည်ဟု မထင်ထားပေ။ သူစိတ်လှုပ်ရှားသွားချိန်တွင် အခန်းတွင်းမှ ရယ်သံတိုးတိုးကိုကြားလိုက်ရသည်။
"နည်းနည်းခက်ခဲတာလား...ဟားဟား..."
ရှန်းလျိုရှန့် : "..."
သူ အံကြိတ်လိုက်ကာ အဆောင်သို့ လမ်းလျှောက်သွားလိုက်ပြီးနောက် လမ်းတစ်ဝက်တွင် ကျိုးရွှမ်လန်၏ အခန်းဆီသို့ လှည့်သွားလိုက်သည်။ အတွင်း၌ မီးလင်းနေသည်။ သူ တံခါးမခေါက်ရသေးမီမှာပင် တံခါးက ပွင့်နေပြီးသားဖြစ်နေသည်။
ကျိုးရွှမ်လန်က ကျောက်စိမ်းပြားကို ကိုင်ထားလျက် အောင်းယွဲ့နှင့် အခြားသူများကို စကားပြောနေကာ အမူအရာက လေးနက်နေသည်။ ရှန်းလျိုရှန့်က ချက်ချင်းမေးလိုက်သည်။
"ဘာဖြစ်လို့လဲ..."
ကျိုးရွှမ်လန်က ကျောက်စိမ်းပြားကို ချ၍ပြောလာသည်။
"ချင်းလင်ဂိုဏ်းချုပ်က နတ်ဆိုးမြို့တော်မှာ ပေါ်လာပြီး ဟမ်ကျု့ယင်နဲ့ တိုက်ခိုက်နေတယ်လို့ အခုလေးတင် သတင်းရထားတယ်..."
ရှန်းလျိုရှန့်၏ အမူအရာက ပြောင်းလဲသွားသည်။
"ရှစ်ရှုန်းက ဘာဖြစ်နေတာလဲ..."
ဟမ်ကျု့ယင်က နှစ်ရာချီနေထိုင်ခဲ့သည့် နတ်ဆိုးသားရဲအိုကြီးဖြစ်သည်။ လင်ယဲ့၏ကျင့်ကြံဆင့်မည်မျှမြင့်မြင့် အရေးမပါလှပေ။ ဆယ်စုနှစ်အနည်းငယ်မျှသာရှိသော ကျင့်ကြံဆင့်နှင့် ဟမ်ကျု့ယင်ကို မယှဉ်နိုင်ပေ။
လင်ယဲ့က အနိုင်ရလိုစိတ်ရှိ၍ ရက်စက်သော လူတစ်ယောက်ဖြစ်သည်။ သူရုတ်တရက်လုပ်သည့် ထူးဆန်းသောအရာများက မဟာနတ်ဆိုးဘုရင်ကို ပြဿနာဖြစ်စေကာ ကျိုးရွှမ်လန်ကိုသတ်ရန်လည်း အကြိမ်ကြိမ်ကြိုးပမ်းခဲ့သည်။ အနှီအပြုအမူများက ရှန်းလျိုရှန့်ကို မည်သည့်အတွေးမျှမဝင်စေသော်ငြား သတင်းကြားပြီးနောက် သတိလက်လွတ် စိတ်ပူမိနေသေးသည်။
ကျိုးရွှမ်လန်က ပြောလာသည်။
"သူဒဏ်ရာရသွားပြီးတော့ ဘယ်မှာရှိနေလဲ မသိဘူးတဲ့..."
စကားဆုံးသောအခါ ရှန်းလျိုရှန့်၏ အမူအရာမှာ အနည်းငယ် တင်းကြပ်သွားသည်။
"ရှစ်စွမ်း အရမ်းစိတ်မပူပါနဲ့...အောင်းယွဲ့အပြောအရဆိုရင် ဟမ်ကျု့ယင်လည်း ဒဏ်ရာရသွားပြီးတော့ လင်ယဲ့ဆီကနေ ဘာအကျိုးအမြတ်မှ မရလိုက်ဘူး..."
ရှန်းလျိုရှန့်က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ ထို့နောက် ကျိုးရွှမ်လန်ကို တစ်ချက်ကြည့်ကာ ခေါင်းငုံ့၍ သက်ပြင်းချမိသွားပြန်သည်။
"ရှစ်ရှုန်းက မင်းကို သတ်ဖို့ အကြိမ်အများကြီး ကြိုးစားခဲ့ပေမဲ့ ငါက ဒီလိုမျိုး..."
"ဒါက ကျွန်တော်နဲ့ ဂိုဏ်းချုပ်လင်ကြားက ကိစ္စပါ..."
ကျိုးရွှမ်လန်က ကြားဖြတ်၍ လေးလေးနက်နက်ပြောလာသည်။
"ဒီတပည့်ကလည်း သူဘာလို့ ကျွန်တော့်ကို သတ်ချင်နေတာလဲဆိုတာ ရှာဖွေဖို့ လိုသေးတယ်..."
ချီလင်မြို့၌ရှိစဉ်က လင်ယဲ့က ပါ့ဟွမ်ကို လာရောက်ဖျက်ဆီးနေသဖြင့် သူပြန်သွားခဲ့ရသည်။ တစ်ဖက်လူက သူ့ကို ထွက်လာစေချင်နေခြင်းဖြစ်မည်။ မမျှော်လင့်စွာပင်သူပြန်လာချိန်၌ လင်ယဲ့က သူ့ကို ပစ်မှတ်ထားရမည့်အစား တစ်စုံတစ်ခုကို လာရှာကြောင်း သိလိုက်ရသည်။ သူက နေရာအနှံ့ကို မြေလှန်ရှာသွားခဲ့သည်။
သို့သော် ၎င်းက လင်ယဲ့မှ သူ့ကိုတွေ့ချိန်တွင် သတ်လိုသည့်ရည်ရွယ်ချက်ရှိကြောင်းကို မပြောင်းလဲသွားချေ။
ရှန်းလျိုရှန့်က မျက်ခုံးများပွတ်သပ်လိုက်သည်။ နတ်ဆိုးမြို့တော်သို့ သွား၍ လင်ယဲ့နှင့်တွေ့ကာ တပည့်ဖြစ်သူနှင့်မည်သို့သောပြဿနာရှိ၍ နဂါးနှင့်အဘယ့်ကြောင့် တိုက်ခိုက်ရကြောင်း ရှာဖွေသည်က ပိုကောင်းလိမ့်မည်။
စကားပြောပြီးနောက် ရှန်းလျိုရှန့်အတွေးများ ငြိမ်သက်သွားသည်။ ထို့နောက် အခန်းသို့ပြန်ကာ ဆေးကြောလိုက်၍ စွမ်းအင်ဖြည့်တင်းရန် အိပ်ရာပေါ်သို့ သွားအိပ်လိုက်သည်။
....
နောက်တစ်နေ့ အရုဏ်တက်ချိန်တွင် အိပ်ရာမှထကာ ပစ္စည်းများ ထုတ်ပိုး၍ ထွက်ခွာရန်ပြင်ဆင်ကြသည်။
နတ်ဆိုးမြို့တော်မှာ ချီလင်မြို့နှင့် ကွာခြား၏။ နတ်ဆိုးမြို့တော်တွင် နန်းတော်အတွက်နေရာ လူသိရှင်ကြားဖြစ်သောနေရာရှိပြီး တော်ဝင်ဆရာများနှင့် နန်းတွင်းပြောရေးဆိုရေးရှိသူများက နေရာတွင် ထိုင်နေကြသည်။ ရှန်းလျိုရှန့်နှင့် အခြားသူများက သူတို့ကို ကောင်းကောင်းမွန်မွန်နှုတ်ဆက်လိုက်ကြသည်။
အချိန်ကိုက်ပင် ဤအချိန်သည် နတ်ဆိုးမင်းသမီး၏ မင်္ဂလာပွဲပင်ဖြစ်နေခေသည်။ အနည်းငယ်သော လက်ဆောင်များပြင်ဆင်ပြီးနောက်တွင် နန်းတွင်းမှ ကြွရောက်ဂုဏ်ပြုပေးသော မင်းသားနှစ်ပါးအဖြစ် ပေါ်ပေါ်ထင်ထင် ဝင်ရောက်လာနိုင်မည်ဖြစ်သည်။
နေရာကူးပြောင်းအစီအရင်သို့ မဝင်မီတွင် ရှန်းလျိုရှန့်က ပြုံးပြနေသော ရှုရှင်းလျန်ကို ကြည့်လိုက်သည်။ သူရှေ့တိုးမည့်အချိန်တွင် ရှုရှင်းချန်က လက်ဦးမှုယူကာ စိတ်မကောင်းဖြစ်နေပုံဖြင့် ညီမဖြစ်သူကို တီးတိုးနှစ်သိမ့်ရန် ဘေးသို့ ဆွဲခေါ်သွားသည်။ ရှုရှင်းချန်က အဖြစ်အပျက်အလည်တွင် မည်သည်ကိုပြောလိုက်ကြောင်း သူ မကြားသော်ငြား ရှုရှင်းလျန်က ရယ်မောသွားသည်။
"ဒါကို အစ်ကိုတော့်ကို နန်းတော်မှာပဲစောင့်နေပါ့မယ်..."
ရှန်းလျိုရှန့်က လက်နောက်ပစ်၍ ဂရုမစိုက်သောအမူအရာနှင့် တိယွင်ယွီဘက်သို့ လှည့်ကြည့်လိုက်သည်။ ထို့နောက်တွင် အနည်းငယ် ခေါင်းညိတ်ပြကာ ပြောလာသည်။
"သွားကြစို့..."
နေရာကူးပြောင်းအစီအရင်က အလင်းတစ်ချက်လက်၍ နေရာမှ ပုံရိပ်သုံးခုက ပျောက်ကွယ်သွားကာ နတ်ဆိုးမြို့တော်တွင်ပေါ်လာသည်။
ရှေ့ရှိ မြင်ကွင်းမှာ ပြောင်းလဲသွားသည်။
လူအမြောက်အများက နေရာကူးပြောင်းအစီအရင်ရှေ့တွင် ရပ်နေကြ၍ ကျန်းဟွိုက်ဝူက အရိုအသေပေးလာသည်။ ထိုသူက ခမည်းတော်နောက်သို့ လိုက်လေ့ရှိသည့် မိတ်ဆွေဟောင်းဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ရှန်းလျိုရှန့်က ရယ်မော၍ နေရာကူးပြောင်းအစီအရင်မှထွက်လိုက်၏။
"ငါ အရင်ဆုံးအပြင်မှာ လမ်းလျှောက်ထွက်လိုက်ဦးမယ်..."
ရှုရှင်းချန် : "ကျွန်တော့်ကို စာလိပ်ပေးလိုက်...ကျွန်တော် သူ့ကို သွားရှာလိုက်မယ်..."
ရှန်းလျိုရှန့်က သူ့ကို လွှဲပေးလိုက်သည်။
"ငါတို့ အလျင်လိုမနေဘူးလေ...ဘာလို့ နတ်ဆိုးမြို့တော်နဲ့ရင်းနှီးအောင် မလုပ်ရမှာလဲ..."
ရှုရှင်းချန်က နားထောင်ရန် ငြင်းဆန်လိုက်ကာ အလုပ်ကြိုးစားသည့်ပျားလေးကဲ့သို့ သန္နိဋ္ဌာန်ချထားလျက် နှောင့်နှေးခြင်းမရှိ စာလိပ်ရှာရန်သွားလေသည်။ ၎င်းကိုကြည့်၍ ရှန်းလျိုရှန့်က သူ့ကို ဆွဲဆောင်ရန်ကြိုးစားခြင်းကို ရပ်တန့်လိုက်သည်။ ထို့နောက်သူက ကျိုးရွှမ်လန်ကို မျက်စိမှိတ်ပြလိုက်ကာ အဆောင်အပြင်သို့ ဆွဲခေါ်သွားသည်။
သို့သော် အဝသို့ရောက်သောအခါ ကျိုးရွှမ်လန်က ရပ်တန့်လိုက်သည်။
သူက နဝမနတ်ဆိုးဘုရင်ဖြစ်သဖြင့် ဟမ်ကျု့ယင်၏ ပိုင်နက်အတွင်း၌ အလျင်စလိုပေါ်လာသည်မှာ မသင့်တော်ချေ။ ကံကောင်းစွာပင် ယောင်မုန့်ယွဲ့က လက်ထပ်မည်ဖြစ်သဖြင့် အခြားနတ်ဆိုးဘုရင်များက နတ်ဆိုးမြို့တော်သို့ ကိုယ်တိုင်လာကာ နတ်ဆိုးဘုရင်အတွက် ဂုဏ်ပြုလက်ဆောင်များ ယူလာကြသည်။ ကျိုးရွှမ်လန်က ထိုအကြောင်းပြချက်ဖြင့် လျော်ကန်စွာ ထွက်ပေါ်လာရမည်ဖြစ်သည်။
သို့သော် ဟမ်ကျု့ယင်၏ နတ်ဆိုးဂူသို့ ဦးစွာ လက်ဆောင်သွားပေးရပေမည်။
"တပည့်က နတ်ဆိုးဂူကို သွားရမှာမို့ ပြီးမှ ရှစ်စွမ်းကို လာတွေ့ပါ့မယ်..."
ရှန်းလျိုရှန့်က ၎င်းကို မေ့လျော့နေမိသဖြင့် ချက်ချင်းပင် လက်ဝေ့ယမ်းပြလိုက်သည်။
"သွားလေ...ငါ ကိုယ့်ဘာသာ လျှောက်ကြည့်နေလိုက်မယ်..."
နှစ်ယောက်သား လမ်းဆုံ၌ ခွဲခွာသွားလိုက်ကြသည်။ ရှန်းလျိုရှန့်က နှစ်လှမ်းခန့် လျှောက်ပြီးချိန်၌ လေထဲရှိ ရင်းနှီးနေသော မွှေးရနံက သူ့ကို ရုတ်ချည်းဆွဲဆောင်သွားသည်။ ခေါင်းမော့ကြည့်သောအခါ ရင်းနှီးနေသော ပုံရိပ်တစ်ခုက အော်ဟစ်နေသည်ကို တွေ့လိုက်ရသည်။
"လောကကြီးမှာ ဒီလိုမျိုးမွှေးရနံပင်တွေ မရှိနိုင်တော့ဘူး...နှလုံးသားမဲ့တဲ့သူတွေကို ဂရုမစိုက်နဲ့...ပျော်စရာလေးတွေ လုပ်ဖို့ စားသောက်ဆိုင်ကို ခေါ်သွားပေးမယ်..."
အနှီသူ၏ဘေးမှ အမျိုးသမီးလေးက အလွန်လှပသော်ငြား အကြောင်းအရင်းမသိနိုင်စွာ ကွေးညွှတ်နေသော အနီရောင်နှုတ်ခမ်းက ကြီးစိုးချယ်လှယ်လိုပုံပေါက်နေသည်။
အမျိုးသမီးလေးက မတုန့်ပြန်မီတွင် သူမနောက်မှ လိုက်လာသောသူက ချက်ချင်းပြောလာသည်။
"မရဘူးလေ...မင်းသမီးလေးရဲ့...မဟာနတ်ဆိုးဘုရင်သာသိသွားရင် စိတ်ဆိုးလိမ့်မယ်..."
ယောင်မုန့်ယွဲ့က ဒေါသတကြီးပြောလာသည်။
"ထွက်သွားစမ်း...သူက အခုထိဒဏ်ရာရနေတုန်းပဲ...သွားပြီးတိုင်လိုက်လေ..."
သူမစကားဆုံးသောအခါ ဘေးနားမှ နန်ရှန့်ကို ဆွဲခေါ်၍ ဖြေးဖြေးချင်းပြောလာသည်။
"နင်နဲ့ တတိယနတ်ဆိုးဘုရင်က အခုမှ ရောက်တာကို ဘယ်လိုလုပ် ဒီနေရာတွေကို သိနေရတာလဲ..."
နန်ရှန့် : "ရှုံးယို့က ဒီမှာ မရှိဘူးလို့ ငါ့ဝမ်းကွဲကပြောတယ်...သူက ငါပြဿနာလုပ်ပြီး ပြဿနာဖြစ်စေမှာ ကြောက်နေတာ...အဲတော့ ငါကို တစ်ချို့ပျော်စရာလေးတွေစီ ညွှန်းပေးလိုက်တာ..."
ယောင်မုန့်ယွဲ့က ရယ်မောလာသည်။
"ဒီလိုဆိုရင် သွားရအောင်...ငါတစ်ယောက်ကို အထဲမှာဖွက်ထားတယ်..."
နန်ရှန့်က အံသြသွားသည်။
"အဲဒီလူလား..."
ယောင်မုန့်ယွဲ့က တတွတ်တွတ်ပြောလာသည်။
"သူက လူစားထိုးပဲ...သူကတကယ် အဲဒီလူနဲ့တူတယ်...သူ့ကိုရှာဖို့ ငါအများကြီး အားစိုက်ထုတ်ထားရတာ...အဲဒီလူ စိတ်လှုပ်ရှားအောင် သတင်းဖြန့်ဖို့ ငါစီစဉ်ထားတယ်...မဟုတ်ရင် သူကလာမှာမဟုတ်ဘူး...ငါ့ကို တစ်ခြားသူနဲ့ လက်ထပ်ခွင့်ပေးစမ်းပါ..."
နန်ရှန့် : "ဘယ်လောက်တောင် ပြောင်မြောက်တဲ့ အကြံလဲ...."
ယောင်မုန့်ယွဲ့ : "သာမန်ပါပဲ...."
ထိုနှစ်ယောက်၏ အနောက် မနီးမဝေးတွင် ရှိနေသော ရှန်းလျိုရှန့်က ဦးတည်ရာပြောင်းလိုက်ကာ အမြန်ဆုံးစာပို့ငှက် ဝယ်ယူရန် ဆိုင်လိုက်ရှာလေသည်။
အစားထိုးရှိနေသဖြင့် ချင်းလင်ဂိုဏ်းကို သူ အနည်းငယ်သတိပေးရမည်။ သို့မှသာ အခြားတစ်ဖက်က ဒေါတကြီးဖြင့် လမ်းတစ်ဝက်မှ လှည့်ပြန်မသွားမည်ဖြစ်သည်။