အပိုင်း ၁၂၁
Viewers 30k

Chapter 121




နေ့ခင်းသို့ရောက်သည့်အခါ ရှန်းလျိုရှန့် စားသောက်ဆိုင်တစ်ဆိုင်ကို ရှာတွေ့သွားသည်။


စားသောက်ဆိုင်က အလွန် စီးပွားရေးကောင်းမွန်လှပြီး လူများစွာဖြင့် ပြည့်နေပေသည်။ ရှန်းလျိုရှန့်က ထိုလူများအကြား တိုးဝှေ့ဝင်လာပြီးသည့်နောက် စားပွဲအလွတ်တစ်လုံးကိုတွေ့လိုက်သည်။ သူ စားစရာများမှာပြီးနောက် ဝိုင်တစ်ခွက်ငှဲ့ကာ တဖြည်းဖြည်းချင်း အရသာခံသောက်နေသည်။


အဆောက်အဦးထဲတွင် ဆူညံနေပြီး စကားသံအများစုမှာ ယောင်မုန့်ယွဲ့၏ လက်ထပ်ပွဲအကြောင်းနှင့် ယမန်နေ့ညက ရှန်းမန်းဂိုဏ်းချုပ်ပြုလုပ်ခဲ့သည့် ပြဿနာအကြောင်းဖြစ်သည်။


ဟမ်ကျု့ယင်က နတ်ဆိုးလောကတွင် နာမည်ဂုဏ်သတင်း အတော်အသင့်ရှိသူတစ်ယောက်ဖြစ်သည်။ ယောင်မုန့်ယွဲ့၏ လက်ထပ်ပွဲက နတ်ဆိုးလောကတစ်ခုလုံးအတွက် ပျော်စရာအဖြစ်အပျက်တစ်ခုဆိုလျှင်လည်း ချဲ့ကားသည်ဟု မပြောနိုင်ပေ။ လွန်ခဲ့သည့် ရက်ပိုင်းအတွင်းတွင် အရေးပါသောလူအချို့ ရောက်ရှိလာပြီး အများစုအာရုံစိုက်နေကြသော နတ်ဆိုးဘုရင်များလည်း တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။


ဆဌမနတ်ဆိုးဘုရင် ကျူးယန်နှင့် သေဆုံးသွားပြီဟုဆိုသော ဝမ်ရမ်ချင်မှလွဲ၍ အားလုံး ရောက်ရှိနေကြသည်။


ထိုအချိန်တွင် တစ်ယောက်က ထပြောလာသည်။

" ဆဌမနတ်ဆိုးဘုရင်လည်း ဒီကိုရောက်နေတယ်... ငါ မနေ့ကလူတစ်ယောက်ကိုတွေ့ခဲ့တယ် သူ့ဆီကနေ စွမ်းအားကြီးတဲ့ ကျူးယန်တစ်ကောင်ရဲ့အော်ရာမျိုးရတယ်..."


" အတုပဲနေမှာပေါ့... ဆဌမနတ်ဆိုးဘုရင်က ဂူပိတ်ကျင့်ကြံနေတာ နှစ်ပေါင်းများစွာကြာပြီ သူ ပြန်ထွက်လာပြီဆိုတဲ့ သတင်းမျိုး မကြားပါဘူး..."


အခြားတစ်ယောက်က သူပြောသည်ကို ခွန်းတုံ့ပြန်လိုက်သည်။


" နဝမနတ်ဆိုးဘုရင်ကတော့ ဒီကိုရောက်နေတယ် သူ့ကို မနက်က မြင်လိုက်ကြတဲ့လူတွေရှိတယ်... အရှင်အောင်းယွဲ့လည်း ရောက်လာမယ်ထင်နေတာ ဒါပေမဲ့ သူ မလာဘူးပဲ..."


" နဝမနတ်ဆိုးဘုရင်က ဒီကိုရောက်တာ နှစ်နည်းနည်းလောက်ပဲရှိသေးပေမယ့် တော်တော်လေး စွမ်းအားကြီးလာတာပဲ..."


" ဟုတ်ပါ့... ပါ့ဟွမ်(စွန့်ပစ်မြေရှစ်ပါး) ဆိုတဲ့နေရာကို သိမ်းပိုက်ဖို့ဆိုတာ ကောင်းကင်ဘုံကို တက်ရတာလိုမျိုး ခက်ခဲတယ်... နဝမနတ်ဆိုးဘုရင်တစ်ယောက်ပဲ ဒီလိုစွမ်းအားမျိုးရှိတာ... ဒါပေမဲ့ နဝမနတ်ဆိုးဘုရင်ရဲ့ အသွင်အစစ်က ဘာလဲဆိုတာ သိကြလား..."


ထိုအချိန်တွင်မူ အားလုံးက တစ်ညီတစ်ညွတ်တည်း ပြောလာသည်။

" ငါတို့မသိဘူး... ဒါပေမဲ့ နတ်ဆိုးကြီးတစ်ကောင်ပဲဆိုတာတော့ သေချာတယ်..."


ရှန်းလျိုရှန့်၏နှုတ်ခမ်းများ တွန့်ကွေးသွားပြီး တူကိုကိုင်၍ ဟင်းပွဲကိုစားကာ ပျော်ရွှင်နေမိသည်။


သူတစ်ယောက်တည်းက ကျိုးရွှမ်လန်ကို မည်မျှချီးကျူးသည်ဖြစ်စေ သူ့တပည့်ကို အခြားလူများ ချီးကျူးကြသည်ကို နားထောင်ရခြင်းကိုလည်း  အလွန်နှစ်ခြိုက်နေမိသည်။


သို့ရာတွင် ခဏအကြာ၌ ရွှမ်ဟွမ်ဓားစွမ်းအင် လက်တစ်ဆုပ်စာခန့်ကို အာရုံခံမိ၍ သူ၏ ပျော်ရွှင်နေသော ခံစားချက်လေး ပျောက်ကွယ်သွားသည်။ 


ရှန်းလျိုရှန့်က တူနှင့် ပန်းကန်လုံးများကို ချထားလိုက်ပြီး စားပွဲပေါ်တွင် ဝိညာဉ်ကျောက်တုံးအချို့ကိုတင်ကာ ပြတင်းပေါက်မှ ခုန်ချသွားပြီး ဓားစွမ်းအင်ကိုရှာဖွေရန် ထွက်ခွာသွားသည်။


လမ်းရှည်ကြီး၏အလည်တွင် လူများစွာစုဝေးနေကြသည်။ ရှုရှင်းချန်က လက်တစ်ဖက်မြှောက်၍ ဓားကိုဓားအိမ်ထဲမှ တစ်ဝက်ခန့်ထုတ်ထားကာ လူအုပ်ကြီး၏ရှေ့တွင် ရပ်နေသည်။ သူ့မျက်နှာထက်တွင် အ‌ထင်အမြင်သေးမှုများဖြင့် ပြည့်နေပေသည်။ 


" ငါက ဘာကိစ္စ မင်းကို လမ်းဖယ်ပေးရမှာလဲ... ဟာသပဲ... မင်းကိုယ်မင်း ဘာကောင်ထင်နေလဲ..."


သူနှင့် မျက်နှာချင်းဆိုင်မှလူ၏ မျက်နှာက အနည်းငယ်ရက်စက်ပုံပေါ်ပြီး ယောင်မုန့်ယွဲ့နှင့် အနည်းငယ်တူသော်လည်း သူ၏ အေးစက်စက်အပြုံးကြောင့် ပို၍ လွှမ်းမိုးနိုင်စွမ်းရှိပုံပေါ်သည်။ 


ထိုလူက ဟမ်ကျု့ယင်၏သား ဟမ်ဖေးရှန့်ဖြစ်သည်။


သူ စကားမပြောမီတွင် သူ့ဘေးနားမှ လူအုပ်စုက အသံတိုးတိုးဖြင့် တီးတိုးပြောနေကြသည်။ ဟမ်ဖေးရှန့်က မဟာနတ်ဆိုးဘုရင်ကိုမှီခိုနေကြောင်း နတ်ဆိုးမြို့တော်တွင်သာမက နတ်ဆိုးလောကတစ်ခုလုံးသိကြသည်။ သူ့ကိုမြင်သမျှလူတိုင်းက ‌လမ်း‌ဖယ်ပေးရပေသည်။ ခရမ်းရောင်သရဖူနှင့်လူငယ်လေးက လမ်းအလယ်တည့်တည့်တွင်ရပ်နေခြင်းဖြစ်၍ သူ့သေလမ်းသူရှာနေခြင်း ဖြစ်ပေသည်။


" သခင်လေး အဲဒါကဘယ်သူလဲ..."

ဟမ်ဖေးရှန့်၏ရင်ခွင်ထဲမှ မိန်းမလှလေးက အသံလွင်လွင်ဖြင့် ရယ်လိုက်သည်။


" ကျွန်မ သူ့ကို မမြင်ဖူးဘူး..."


တစ်စုံတစ်ယောက်က သူ့အမိန့်ကိုဖီဆန်ရဲသောကြောင့် အားလုံးရှေ့တွင် မျက်နှာပျက်သွားရ၍ သူ့မျက်နှာထက်တွင် လူသတ်လိုသော အမူအရာဖြင့် ပြည့်နေသည်။


" သူ ဝတ်စားထားတဲ့ပုံကိုလည်း ကြည့်လိုက်ပါဦး...ချမ်းသာလာတာ သိပ်မကြာသေးတဲ့ကောင် နေမှာပေါ့... အခုနောက်ပိုင်း နတ်ဆိုးမြို့တော်ထဲမှာ လူကောင်းနဲ့ လူဆိုးတွေ ရောနေတာ... မျိုးမစစ်ပေါင်းစုံလည်း ဒီကိုရောက်‌လာပြီ..."


ရှုရှင်းချန် ဒေါသထွက်သွားပြီး ပြောလိုက်သည်။

" မင်း ဘယ်သူ့ကို မျိုးမစစ်လို့ ခေါ်နေတာလဲ..."


" မင်းကိုခေါ်တာလေ..."


ဟမ်ဖေးရှန့်က သူ့ရင်ခွင်ထဲမှ မိန်းမလှလေးကို တွန်းထုတ်လိုက်ပြီး သူ့နောက်လိုက်များကို အချက်ပြလိုက်သည်။


" သူ့ကိုဖမ်းပြီး ခြေထောက်တွေ ရိုက်ချိုးပစ်... သူ့ကိူ သင်ခန်းစာမပေးဘူးဆိုရင် နတ်ဆိုးမြို့တော်က ဘယ်သူ့ပိုင်နက်ဆိုတာ သဘောပေါက်မှာ မဟုတ်ဘူး..."


ရှုရှင်းချန်၏ အမူအရာက ပြောင်းလဲသွားသည်။

" မင်းက မဟာနတ်ဆိုးဘုရင်လား..."


ဟမ်ဖေးရှန့် သရော်လိုက်သည်။ 

" အဲဒါ ငါ့အဖေလေ... မင်း ကြောက်သွားတာလား... ငါ့ကို ဒူးထောက်တောင်းပန်စမ်း... မင်း အဲလိုလုပ်ရင်တော့ ငါသနားပြီး ခွင့်လွှတ်ချင် ခွင့်လွှတ်မှာပေါ့..."


ရှုရှင်းချန် : " ဪ နတ်ဆိုးအရိုင်းအစိုင်းကောင်ပဲ..."


ဟမ်ဖေးရှန့်၏ မျက်လုံးများက ဒေါသကြောင့် ချက်ချင်းနီရဲလာသည်။


" မင်း ဘယ်သူ့ကို နတ်ဆိုးအရိုင်းအစိုင်းလို့ ခေါ်လိုက်တာလဲ..."


" မင်းလေ..."

ရှုရှင်းချန် ခဏစဉ်းစားပြီး ထပ်ပြောလိုက်သည်။

" ပြီးတော့ မင်းအဖေ..."


ထိုအချိန်တွင် ရှုရှင်းချန်က ကောင်းကင်ကိုဆုတ်ဖြဲလိုက်သကဲ့သို့ ဖြစ်သွားပေသည်။ ဟမ်ဖေးရှန့် အမိန့်မပေးမီမှာပင် သူ့နောက်မှလက်အောက်ငယ်သားများက ရှုရှင်းချန်ကို စတင်တိုက်ခိုက်ကြတော့သည်။ ဟမ်ဖေးရှန့်လည်း ဒေါသထွက်သွားသည်။


" သူ့ကို အပိုင်းပိုင်းဖြစ်အောင်လုပ်ပစ်... ပြီးရင် သူ ဘယ်ကကောင်ဆိုတာရှာပြီး သူ့ဇာတိကိုပြန်ပို့လိုက်... သူ့အဖေက ဘယ်လိုခွေးမျိုးလဲဆိုတာ ငါသိချင်သေးတယ်..."


သူ့စကားမဆုံးမီမှာပင် ကျောက်စရစ်ခဲတစ်ခဲက မျက်နှာကိုလာမှန်သည်။ ဟမ်ဖေးရှန့်၏မျက်နှာက တစ်ဖက်သို့စောင်းသွားပြီး သူ့ပါးစပ်ထဲမှ သွေးနှင့်အတူ သွားများပြုတ်ထွက်လာသည်။


အားလုံး ထိတ်လန့်သွားပြီး ကြောက်လန့်မှုကြောင့် ငြိမ်သက်ကုန်သည်။


ဒီလောက်သတ္တိရှိတာ ဘယ်သူလဲ...


အံ့အားသင့်စရာကောင်းသည်မှာ ရှုရှင်းချန်၏ဘေးတွင် လူတစ်ယောက် ရောက်လာသည်။ ထိုလူက အနက်ရောင်ဆံပင်နှင့် ချောမောသောမျက်နှာလေးရှိပြီး ကျောက်စိမ်းသဖွယ်ဖြူဖွေးသောလက်ချောင်းထဲတွင် ကျောက်ခဲ နှစ်ခဲသုံးခဲခန့် ကိုင်ထားသည်။ သူ့ခေါင်းကိုစောင်းငဲ့လိုက်ပြီးနောက် အေးအေးလူလူပင် ပြုံးပြလိုက်သည်။


" မင်း တစ်ခါမှ စာအုပ်မဖတ်ဘူးထင်တယ်... လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာတုန်းက နတ်ဆိုးမြို့တော်ဆိုတဲ့နေရာက ငှက်တွေတောင် အလေးမစွန့်တဲ့နေရာပဲ... တစ်ရက် ဧကရာဇ်ဒီနေရာကနေဖြတ်သွားတုန်း ညဘက် ဒီမှာ အနားယူတော့ အရပ်မျက်နှာအနှံ့က ဝိညာဉ်စွမ်းအင်တွေကို ဆင့်ခေါ်ခဲ့လို ဒီလိုဖြစ်လာတာ အဲတော့ မင်းနဲ့ မင်းအဖေကို နတ်ဆိုးအရိုင်းအစိုင်းလို့ခေါ်တာ ဘာများမှားလို့လဲ..."


ဟမ်ဖေးရှန့်က ရန်လိုနေသည့် အမူအရာဖြင့် သူ့ပါးစပ်ကိုအုပ်ထားသည်။ သူ့ပါးစပ်ထဲတွင် အလွန်နာကျင်လာသောကြောင့် ချွေးပြန်လာပေသည်။


သူ ယခင်က သွားများကျွတ်ထွက်သည်အထိ တစ်ခါမှ မခံစားခဲ့ရဖူးပေ။ သူ မြေပြင်ကို ခြေဆောင့်နင်းလိုက်ပြီးနောက် နှဖူးမှသွေးကြောများ ထောင်တက်လာသည်။


" မင်းတို့ဘာလုပ်နေကြတာလဲ... သူတို့နှစ်ယောက်လုံးကို သတ်ပစ်လေ..."


သူ့လက်အောက်ငယ်သားများက နတ်ဘုရားအသွင်ပြောင်းအဆင့်မှ ကျင့်ကြံသူနှစ်ယောက်နှင့် မယှဉ်နိုင်သောကြောင့် သူတို့အားလုံး မြေကြီးပေါ် လဲကျကုန်သည်။


သူတို့နှစ်ယောက်၏ ကျင့်ကြံဆင့်က ထိုမျှ မြင့်မားမည်ဟု မထင်ထား၍ ဟမ်ဖေးရှန့် လန့်သွားရသည်။ သူ ဘေးပတ်ပတ်လည်ကို ကြည့်လိုက်သည့်အခါ မည်သူမှ မရှိနေတော့၍ အမြန်နောက်ဆုတ်လိုက်ရသည်။ သူက ခွန်အားနည်းနေခြင်းမဟုတ်သော်လည်း သန်မာသောဖိအားတစ်ခုက သူ့အပေါ်ကျရောက်လာ၍ သူ့မျက်နှာက အလွန်အမင်းအကျည်းတန်လာသည်။


" ဒီနေရာက နတ်ဆိုးမြို့တော်နော် ငါ့ကို ဘယ်သူမှ မထိရဲဘူး..."


သူ မည်သူဖြစ်ကြောင်း သိပြီးပါက တစ်စုံတစ်ယောက်က သူ့ကိုထိရဲမည်မဟုတ်ဟု ထင်ထားခဲ့သည်။ သို့ရာတွင် သူ ထိုသို့တွေးနေစဉ်မှာပင် အနီးနားရှိ နံရံရှိရာဘက်သို့ အညှာအတာမဲ့စွာ ဆောင့်ကန်ခံလိုက်ရ၍ မြေပြင်တွင်လှိမ့်နေပြီး သွေးအန်ကာ ပျာယာခတ်သွားတော့သည်။


သူ့မျက်နှာကို လက်သီးချက်ပြင်းပြင်းများ လာရောက်ထိမှန်ချိန်တွင် သူ့မျက်စိရှေ့သို့ ခန္ဓာကိုယ်တောင့်တောင့်နှင့်လူတစ်ယောက် ရောက်လာသည်။


ဟမ်ဖေးရှန့် ဝမ်းသာသွားသည်။ ထိုလူက နတ်ဆိုးမြို့တော်တွင် ကျင့်ကြံဆင့်က သူ့ဖခင်ပြီးလျှင် ဒုတိယနေရာတွင် ရှိနေသောလူဖြစ်သည်။


" ‌ဦးလေးလင်း ကျွန်တော့်ကို ကူညီပါဦး..."


ဖြောင်း...


ထိုလူ၏လက်က တဖြည်းဖြည်းအောက်ရောက်လာပြီး လမ်းမပေါ်တွင် ရိုက်နှက်သံကျယ်ကြီး ထွက်ပေါ်လာသည်။


ဟမ်ဖေးရှန့်၏ နှုတ်ခမ်းထောင့်တွင် သွေးများပိုများလာပြီး မျက်လုံးများက နီရဲနေကာ သူ့မျက်နှာပေါ်မှ လက်ဝါးရာကြီးက အထင်းသားဖြစ်လာသည်။


" ခင်ဗျား ရူးသွားပြီပဲ လင်းတု... ကျုပ် အဖေနဲ့ ခင်ဗျားကိုတိုင်မယ်..."


လမ်းပေါ်မှလူအုပ်ကြီးမှာ သူတို့မျက်စိရှေ့တည့်တည့်မှမြင်ကွင်းကြောင့် ထိတ်လန့်သွားကြသည်။ နတ်ဆိုးမြို့တော်တွင် လင်းတု၏လက်အောက်ငယ်သားက သောင်းချီရှိသောကြောင့် အလွန်အာဏာရှိသူတစ်ယောက်ဟု ဆိုရပေမည်။ သူက သာမန်အချိန်တွင်ဟမ်ဖေးရှန့်ကို အမြဲတရိုတသေသာ ဆက်ဆံလေ့ရှိ၍ သခင်လေးကို လူကြားသူကြားထဲတွင် တိုက်ခိုက်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။


အားလုံး အံ့အားသင့်သွားပြီးနောက် သူတို့အကြည့်များက မရင်းနှီးသည့်လူနှစ်ယောက်အပေါ် ကျရောက်သွားကာ တစ်ခုခုမှားယွင်းနေသည်ဟုထင်၍ ငြိမ်ကျသွားကုန်သည်။


လင်းတုက ဟမ်ဖေးရှန့် အော်ဟစ်သောင်းကျန်းနေသည်ကို လျစ်လျူရှု့ထားပြီး တစ်ဖက်သို့လှည့်လာပြီးနောက် လူငယ်လေးနှစ်ယောက်ကို ဦးညွတ်အရိုအသေပြု၍ ပြောလိုက်သည်။


" မင်းသားလေတို့နှစ်ယောက်ကို ဂါရဝပြုပါတယ်... ကျွန်တော်တို့သခင်လေးက မျက်စိကန်းနေလို့ စော်ကားမိသလိုဖြစ်သွားရပါတယ် ကျေးဇူးပြုပြီး အပြစ်မမြင်ပါနဲ့..."


ဟမ်ဖေးရှန့် မျက်လုံးအပြူးသားဖြစ်သွားရသည်။


မင်းသားလေးတဲ့လား... သူတို့က ဧကရာဇ်ရဲ့သွေးသားတွေလား...


ရှုရှင်းချန်က မျက်လုံးအိမ်တစ်ခုလုံး တဆတ်ဆတ်တုန်နေသည့် ဟမ်ဖေးရှန့်ကိုတစ်ချက်ကြည့်ပြီး နှာမှုတ်ကာ ဝတ်ရုံလက်ကို တစ်ချက်ခါလိုက်သည်။


" သူက တော်တော်လေးရိုင်းစိုင်းထားတာဆိုတော့ အပြစ်တော့ပေးသင့်တယ်... ‌ဒါပေမဲ့ ခင်ဗျားက အလိုက်တသိပြုမူပေးလိုက်တယ်ဆိုတော့ ဒီကိစ္စကို မေ့ထားလိုက်ပါ့မယ် နောက်တစ်ကြိမ်ဆိုတာမျိုးတော့ ရှိလာမှာ မဟုတ်ဘူး..."


စကားဆုံးသည်နှင့် သူ့ဘေးမှ ရှန်းလျိုရှန့်ကိုကြည့်ပြီး တီးတိုးပြောလိုက်သည်။

" ဘယ်လိုထင်လဲ..."


ရှန်းလျိုရှန့်က ကျယ်လောင်စွာပြောလိုက်သည်။

" မင်းအပေါ်ပဲမူတည်တယ်လေ..."


ဟမ်ဖေးရှန့်၏မျက်နှာက နီတစ်လှည့်စိမ်းတစ်လှည့်ဖြစ်နေပြီး သူ့လက်ထဲမှ သွေးများရွှဲနေသည့် သွားနှစ်ချောင်းကို တင်းကြပ်စွာကိုင်ထားသည်အား တွေ့လိုက်ရသည်။ ရှုရှင်းချန်က သူ သင်ခန်းစာလုံလုံလောက်လောက်ရသွားပြီဟုထင်၍ ဘာမှထပ်မပြောတော့ဘဲ ရှန်းလျိုရှန့်နှင့်အတူ ထွက်သွားတော့သည်။


သူတို့နှစ်ယောက် လူမြင်ကွင်းမှ ပျောက်ကွယ်သွားသည်နှင့် ငြိမ်သက်နေသောလူအုပ်ကြီးက ချက်ချင်းစိတ်လှုပ်ရှားလာကြသည်။


ဧကရာဇ်နန်းတော်က သုံးလောကတွင် ဖြစ်ပျက်နေသည့်အကြောင်းကိစ္စများကို အာရုံမစိုက်သည်က များပေသည်။ ဤအလှည့်အပြောင်းတွင် မင်းသားလေးနှစ်ပါးက မမျှော်လင့်ဘဲရောက်လာသည့်အတွက် သူတို့နတ်ဆိုးမြို့တော်ကို လာရောက်ဂုဏ်ပြုခြင်းဖြစ်ပေမည်။ ဧကရာဇ်က မဟာနတ်ဆိုးဘုရင်အပေါ် ဤနည်းလမ်းဖြင့် လေးစားသမှုပြသမည်ဟု မမျှော်လင့်ထားခဲ့၍ သူတို့အားလုံး ဂုဏ်ယူဖွယ်ရာဟု ခံစားလိုက်ရပြီး စိတ်လှုပ်ရှားကုန်ကြသည်။


" မဟာနတ်ဆိုးဘုရင်က ဧကရာဇ်နဲ့ ခေတ်ပြိုင်ဖြစ်ခဲ့တဲ့သူ ဖြစ်ထိုက်ပါပေတယ်... ကြည့်ရတာ ဧကရာဇ်က သူ့ကို တော်တော်အလေးထားတဲ့ပုံပဲ..."


" ဧကရာဇ်က ဂုဏ်ပြုလက်ဆောင်တွေပဲ ပြင်ပေးလိုက်မယ်ထင်နေတာ မင်းသားလေးနှစ်ယောက်ကိုပါ လွှတ်လိုက်မယ်မထင်ထားမိဘူး... ဒီလောက်တိုရင်ကို ဧကရာဇ်က ငါတို့ကို အရေးပေးတာ သိသာနေပါပြီ..."


" သူတို့နှစ်ယောက်က တော်တော်လေး အထင်ကြီးစရာကောင်းပြီး သာမန်မဟုတ်လောက်ပါဘူးလို့ ထင်နေတာ တကယ်ကြီး ဧကရာဇ်ရဲ့သားတော်တွေဖြစ်နေတာပဲ... ငါ ကြားဖူးတာတော့ သူတို့ထဲကတစ်ယောက်က နန်းတွင်းကို လွန်ခဲ့တဲ့နှစ်ပိုင်းကမှ ပြန်ရောက်လာတာတဲ့ ... အနာဂတ်မှာတော့ စိတ်လှုပ်ရှားစရာကောင်းဝာာတွေ ဖြစ်လာတော့မယ်..."


တစ်ယောက်က ထမေးလိုက်သည်။

" ဘယ်လိုစိတ်ဝင်စားစရာ ကောင်းတာလဲ..."


သူ့ဘေးနားမှလူက လက်ခုပ်တစ်ချက်ထတီးလိုက်သည်။

" ဒီညီအစ်ကိုနှစ်ယောက်က ဧကရာဇ်နေရာအတွက် အသေအကြေတိုက်ခိုက်ကြတော့မှာကို ပြောတာလေ..."


.....


ရှုရှင်းချန်နှင့် ရှန်းလျိုရှန့်တို့ တစ်ချိန်တည်းတွင် နှာထချေတော့သည်။ ရှုရှင်းချန်က ‌ပိုးလက်ကိုင်ပဝါတစ်ထည်ထုတ်ပြီး သုတ်လိုက်သည်။


" လင်းတုဆိုတဲ့လူက ကျွန်တော်တို့ကို မှတ်မိသားပဲ... ဟမ့် သူ အချိန်ကိုက်ရောက်လာလို့ပေါ့ မဟုတ်ရင် အဲဒီ သခင်လေးဆိုတဲ့ကောင် ငိုယိုတဲ့အထိ ရိုက်ပစ်ဦးမှာ..."


ရှန်းလျိုရှန့်က စာလိပ်ကိုဖြည်လိုက်သည်။

" ငါတို့ ဘယ်နေရာမှာရှိနေတယ်ဆိုတာကို တမင်ဖုံးကွယ်ထားတာမှ မဟုတ်တာ... အဲ့တော့ ရှာတွေ့သွားတာလည်း မထူးဆန်းပါဘူး... ပြီးတော့ အဲလူအစတည်းကရောက်နေပြီး အမှောင်ထဲကနေစောင့်ကြည့်နေတာ..."


သူ စကားပြောနေစဉ်တွင် မျက်မှောင်အသာကြုတ်လိုက်မိသည်။ စာလိပ်က အခြားစာလိပ်နှစ်ခု၏နေရာကို အတူတကွပြနေသော်လည်း ၎င်းတို့က ပေါ်လိုက်ပျောက်လိုက် ဖြစ်နေသည်။ တစ်ခါတစ်ရံတွင် မျက်စိတစ်မှိတ်အတွင်း မိုင်ထောင်ချီနေရာသို့ ခုန်ကူးသွား၍ သူတို့၏ နေရာအတိအကျကို ရှာရခက်နေသည်။


ရှုရှင်းချန် မြင်သည့်အခါ ပြောလာသည်။

" ကျွန်တော် တစ်မနက်လုံးလိုက်နေတာပဲ အဲဒါက အရှေ့ကနေ အနောက်ကိုရောက်သွားတော့ ဖမ်းမမိဘူးဖြစ်နေတာ..."


ရှန်းလျိုရှန့် အချိန်အတန်ကြာစိုက်ကြည့်လိုက်ပြီးနောက် စဉ်းစားနေသည်။ 


" နတ်ဆိုးမြို့တော် ပတ်ပတ်လည်မှာ လျှို့ဝှက်နယ်ပယ်တွေအများကြီးရှိတယ်... အဲဒီလူက စာလိပ်မပါဘဲ နယ်ပယ်တွေထဲ ခြေချသွားတာ ဖြစ်နိုင်ချေရှ်ိတယ်..."


လွန်ခဲ့သောနှစ်ရာပေါင်းများစွာခန့်က နတ်ဆိုးမြို့တော်မှာ ကျက်တီးမြေတောအုပ်ကြီးဖြစ်ခဲ့သည်။ နတ်ဆိုးလောကမှာ ၎င်း၏ဆန်းကြယ်သော လျှို့ဝှက်ချက်များကြောင့် လူသိများခြင်းဖြစ်သည်။ ဧကရာဇ်ယွင်ယွီ ဤနေရာသို့ရောက်လာပြီး နယ်မြေငယ်လေးတစ်ခုဖြစ်အောင် မရှင်းလင်းသွားမီအချိန်ထိ ဤနေရာက အတည်တကျအခြေချ၍ရနိုင်သောနေရာ မဟုတ်ခဲ့ပေ။  နောက်ပိုင်း ဧကရာဇ်ထွက်သွားပြီးနောက် သူ့နေရာကို ဟမ်ကျို့ယင်က အစားထိုးဝင်ရောက်ခဲ့သည်။ သူ ဤနေရာကို လက်ဆင့်ကမ်းယူလိုက်ပြီးသည့်နောက်တွင်မူ ယနေ့အချိန်ထိ စည်ကားကြွယ်ဝသော နတ်ဆိုးမြို့တော်အဖြစ် တဖြည်းဖြည်း ပြောင်းလဲခဲ့ပေသည်။


ယခုလက်ရှိ နတ်ဆိုးမြို့တော်၏ ဘေးပတ်ပတ်လည်တွင်  အန္တရာယ်နှင့် အခွင့်အရေးတို့ ပူးတွဲတည်ရှိနေသည့် လျှို့ဝှက်နယ်ပယ်များရှိပြီး နတ်ဆိုးကျင့်ကြံသူအများစုက ထိုနေရာသို့ဝင်ရောက်နိုင်ရန် ရွေးချယ်ကြသည်။


ရှုရှင်းချန်ပြောလိုက်သည်။

" ဒါဆိုရင်တော့ ကျွန်တော် လူလွှတ်ထားပြီး လျှို့ဝှက်နယ်ပယ်ရဲ့အပြင်ကို စောင့်ကြည့်ခိုင်းထားလိုက်မယ်..."


" ဒါပေမဲ့ စောင့်ကြည့်ဖို့ လျှို့ဝှက်နယ်ပယ်တွေက များလွန်းတယ်... အဲ့လူ နယ်ပယ်ထဲမှာတော့ တစ်ချိန်လုံး ဝင်မနေနိုင်လောက်ပါဘူး... သူ အပြင်ထွက်လာတာနဲ့ တည်နေရာကိုသိရပြီ... ငါတို့ သူ့ရဲ့လှုပ်ရှားမှုတွေကိုစောင့်ကြည့်နေပြီး သူထွက်လာမှ လိုက်ကြမယ်..."

ရှန်းလျိုရှန့်က တုမြောင်စာလိပ်ကို ရှုရှင်းချန်၏လက်ထဲ ထည့်ပေးလိုက်သည်။


" မင်းက နေ့ဘက်မှာစောင့်ကြည့် ငါ ညဘက်မှာစောင့်ကြည့်မယ်..."


ရှန်းလျိုရှန့် တစ်ဖက်သို့လှည့်၍ ထွက်သွားတော့မည်ကို မြင်သည့်အခါ မေးလိုက်သည်။

" ဘယ်သွားမလို့လဲ..."


" ညနေအတွက် ပြင်ဆင်ရင်း သရေစာမုန့်တွေ သွားဝယ်ထားမလို့လေ..."


ရှန်းလျိုရှန့်က သူ့ကိုလက်ပြပြီး ထွက်ခွာသွားသည်။ သူ လမ်းပေါ်တွင် လျှောက်သွားနေပြီး ဝယ်ပြီးသမျှပစ္စည်းတိုင်းကို သိုလှောင်အိတ်ထဲ ပစ်ထည့်နေပြီးနောက် လက်ထဲတွင် သကြားလုံးချောင်းနှစ်ချောင်းကိုသာ ကိုင်ထားသည်။ သူ ပြန်သွားတော့မည့်

အချိန်တွင် လူအများ အုတ်အော်သောင်းနင်းဖြစ်နေသံကို ကြားလိုက်ရသည်။


" နတ်ဆိုးဘုရင် " ၊ " လျှို့ဝှက်နယ်ပယ် " ဟူသော စကားအချို့ကို ခပ်သဲ့သဲ့ကြားလိုက်ရ၍ သကြားလုံးချောင်းကိုကိုက်လျက် အမြန်ပြေးသွားတော့သည်။