အပိုင်း ၁၂၂
Viewers 30k

Chapter 122



သူ ရောက်သွားချိန်တွင် နတ်ဆိုးဘုရင်များစုဝေး၍ လျှို့ဝှက်နယ်ပယ်ကြီးတစ်ခုကိုဖွင့်ရန် ပြုလုပ်နေသည်အား မြင်လိုက်ရသည်။


နတ်ဆိုးဘုရင်များအားလုံးကို တစ်နေရာတည်းတွင် အတူတကွတွေ့ရှိရခြင်းက ခမ်းနားသော စုစည်းမှုတစ်ရပ်ဖြစ်သည်။ ခဏအကြာတွင် ထိုနေရာ၏ဘေးမှ အဆောက်အဦးသာမက အနီးနားရှိလမ်းမပေါ်မှ အထပ်မြင့်အဆောက်အဦးများတွင်လည်း ကြည့်ရှု့သူများဖြင့် ပြည့်နှက်ကုန်သည်။


အဝေးမှကြည့်ပါက ကျယ်ပြန့်သောနေရာလွတ်တစ်ခုတွင် လူအချို့ရပ်နေပြီး သူတို့ကို များပြားလှသောလူအုပ်ကြီးက ဝန်းရံထားသည်ကို တွေ့နိုင်ပေသည်။


ရှန်းလျိုရှန့်က လက်ထဲတွင်  သကြားလုံးချောင်းနှစ်ချောင်းကိုင်ထားလျက် အပြင်ဘက်ဆုံးကျသောအထပ်တွင်ရပ်နေပြီး လူကြားထဲ တိုးမဝင်နိုင်အောင် ဖြစ်နေသည်။ သူ့နားထဲတွင် "နဝမနတ်ဆိုးဘုရင်" ၊ " "တတိယနတ်ဆိုးဘုရင်"၊ "စတုတ္ထနတ်ဆိုးဘုရင်" ဟူသော အော်ဟစ်သံများဖြင့် ပြည့်နှက်နေသည်။ 


ထိုအသံများထဲတွင် ကျိုးရွှမ်လန်နှင့် ဟွားကျန်း၏နာမည်ကိုအော်ခေါ်သံများက အများဆုံးဖြစ်သည်။ သူတို့၏ရုပ်ရည်သွင်ပြင်က ချောမောပြီး ခွန်အားကလည်း နတ်ဆိုးလောက၏ထိပ်တန်းများထဲ အပါအဝင်ဖြစ်နေသောကြောင့်ပင်။ ထိုမျှသာမက သူတို့နှစ်ယောက်လုံးက ငယ်ငယ်ရွယ်ရွယ်နှင့် နတ်ဆိုးဘုရင်ဟူသောနေရာကို ရနိုင်ခဲ့ပေသည်။ သို့ဖြစ်၍ အခြားသောနတ်ဆိုးဘုရင်များနှင့်ယှဉ်ပါက သူတို့က နတ်ဆိုးများအကြား သိသိသာသာနာမည်ကြီးနေသည်။


သို့ရာတွင် ဟွားကျန်းနှင့်ယှဉ်ပါက ကျိုးရွှမ်လန်၏နာမည်ကို အော်ခေါ်နေသည်က ပိုများသည်။


နဝမနတ်ဆိုးဘုရင်၏ ကိုယ်ကျင့်တရားကောင်းမှုနှင့် စွမ်းအားကြီးမှုဂုဏ်သတင်းက နတ်ဆိုးလောကမှ စွန့်ပစ်မြေရှစ်ပါးအထိ ပျံ့နှံ့နေခဲ့သည်မှာ ကြာပြီဖြစ်သည်။ နတ်ဆိုးလောကတွင်မူ ကိုယ်ကျင့်တရားကောင်းမွန်ခြင်းက မူမမှန်ခြင်း ဖြစ်နေသော်လည်း ကျိုးရွှမ်လန်၏ အစစအရာရာသာလွန်နေသည့်အနေအထားများနှင့် ပေါင်းစပ်လိုက်သည့်အခါ အခြားနတ်ဆိုးဘုရင်များနှင့် ယှဉ်နိုင်သွားပြီး ပြိုင်ဘက်ကင်းတစ်ယောက် ဖြစ်လာစေသည်။


ထိုအချိန်မှစ၍ အားလုံးက နဝမနတ်ဆိုးဘုရင်မ ဖြစ်လာရန် ကြိုးပမ်းကြတော့သည်။


" နဝမနတ်ဆိုးဘုရင် အားးး " ၊ " ကျွန်မကိုကြည့်ပါဦး ကျွန်မကိုကြည့်ပါဦး " ၊ " နဝမနတ်ဆိုးဘုရင် " ထိုအသံများက ရှန်းလျိုရှန့်၏နားထဲ ပဲ့တင်ထပ်လာသည်။


သူက အပြင်ဘက်အကျဆုံးအထပ်တွင် ရှိနေသည့်အပြင် သူ့လည်ပင်းက နာကျင်နေသောကြောင့် ကျိုးရွှမ်လန်၏အရိပ်ကိုပင် မမြင်ရချေ။ နတ်ဆိုးဘုရင်များနှင့် အနီးဆုံးဖြစ်သည့် အဆောက်အဦးလက်ရန်းတွင် ရပ်နေကြသည့် မကောင်းဆိုးဝါးမအုပ်စုက စိတ်လှုပ်ရှားစွာဖြင့် လက်ကိုင်ပဝါများယမ်းပြနေသည်ကိုသာ မြင်ရပေသည်။


" တတိယ နတ်ဆိုးဘုရင် ဒီကိုကြည့်ပါဦး..."


" အားးး သူ ဒီဘက်ကိုကြည့်နေပြီ..."


" နဝမနတ်ဆိုးဘုရင်က ဘာလို့ အဝေးကြီးမှာ ရပ်နေတာလဲ ဒီဘက်ကိုလာရပ်ပါဦး..."


ရှန်းလျိုရှန့်က သကြားလုံးချောင်းကိုကိုက်ထားလျက် သူ့မျက်ဝန်းထဲတွင် သဝန်တိုနေသည့် အကြည့်တချို့ရှိနေသည်။ သူ ကျိုးရွှမ်လန်၏ အရှေ့တွင် ကွယ်၍ရပ်နေချင်သော်လည်း မကောင်းဆိုးဝါးအုပ်စုကြီးကို ဒေါသထွက်အောင်လုပ်မိမည်စိုး၍ သူ့အတွေးများကို ဖိနှိပ်ထားလိုက်ရသည်။


သူ့အကြည့်များက လေထုအလယ်မှတစ်ဆင့် ဗ အဆောက်အဦးမြင့်ကြီးတစ်ခု၏ ဗလာကျင်းနေသော ခေါင်မိုးပေါ်ရောက်သွားသည်။


ရှန်းလျိုရှန့်. ခေါင်မိုးပေါ်ကိုကြည့်လိုက်သည့်အခါ ထိုနေရာမှဆိုလျှင် အောက်ဘက်မှမြင်ကွင်းကို ထင်ထင်ရှားရှားတွေ့မြင်နိုင်ကြောင်းသိ၍ အမြန်ရောက်သွားတော့သည်။


နတ်ဆိုးဘုရင်များက တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းနေပုံဖြင့် ဤနေရာတွင် ရှိနေကြခြင်းဖြစ်သည်။ သူတို့က တစ်ယောက်နှင့်တစ်ယောက် အမြဲတိုက်ခိုက်ပြီး တစ်ယောက်ကိုတစ်ယောက် တိတ်ဆိတ်စွာပြိုင်ဆိုင်နေကြသူများဖြစ်၍ အတူတူစောင့်ဆိုင်းနေကြသော်လည်း တစ်ယောက်တစ်နေရာရပ်နေပြီး စကားတစ်ခွန်းမှ မဟကြပေ။ 


ကျိုးရွှမ်လန်က အနက်ရောင်ဝတ်ရုံကိုဝတ်ဆင်ထားပြီး သူ့ပုံစံက အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးဖြစ်နေကာ ဆံပင်ကိုလည်း အနက်ရောင်ကျောက်စိမ်းသရဖူဖြင့် သေသပ်စွာစည်းနှောင်ထားသည်။ သူ့နှာတံက ဖြောင့်စင်းနေပြီး မျက်ခုံးများက ထူထဲနေကာ နှုတ်ခမ်းများက ပါးလှပ်နေ၏။ ယခုအချိန်တွင် သူ့မျက်နှာက အတော်အတန်အေးစက်နေကာ သူ့ဘေးပတ်ပတ်လည်မှ အော်သံများကို လျစ်လျူရှု့ထားသည်။


သူနှင့် မနီးမဝေးတွင်ရပ်နေသော ဟွားကျန်းက မက်မွန်ပွင့်မျက်ဝန်းများဖြင့် အဆက်မပြတ် မျက်စိပစ်ပြကာ အရပ်မျက်နှာအနှံ့မှ အော်သံများကို တုံ့ပြန်နေ၍ မကောင်းဆိုးဝါးမလေးများ၏အော်သံက ပိုမိုကျယ်လောင်လာသည်။


ရှန်းလျိုရှန့်က တံစက်မြိတ်ပေါ်တွင် ဂရုတစိုက်ကြည့်ပြီး အောက်ဘက်ကို လက်ဝှေ့ယမ်းပြကာ ကျိုးရွှမ်လန်၏အာရုံစိုက်မှုကိုရရန် ကြိုးပမ်းလိုက်သည်။


သို့ရာတွင် သူ့တပည့်၏ အာရုံစိုက်မှုကို မရရှိမီမှာပင် အောက်ဘက်မှ လူအုပ်စုကြီးက သူ့ကိုဦးစွာ သတိပြုမိသွားသည်။ မကောင်းဆိုးဝါးအုပ်စုကြီးက အိမ်မက်မက်နေရာမှ နိုးထလာသကဲ့သို့ဖြစ်ပြီး ကျယ်ပြန်လှသည့်ခေါင်မိုးထက်တွင် မည်သူမှ မရှိနေကြောင်း သိလိုက်သည်။


ရလဒ်အနေဖြင့် အားလုံးကဝုန်းခနဲ ပြေးတက်လာတော့သည်။


ရှန်းလျိုရှန့် ကြောက်လန့်မှုကြောင့် မျက်နှာတစ်ခုလုံး ဖြူဖျော့သွားသည်။ ရုတ်တရက် သူ့ဘေးနားတွင် လူပေါင်းများစွာဖြင့် ပြည့်သွားပေသည်။ သူက တံစက်မြိတ်အစွန်းတွင် ရပ်နေခြင်းဖြစ်၍ စိတ်မရှည်သော မကောင်းဆိုးဝါးများ၏ အတွန်းခံနေရသည်။


ရှန်းလျိုရှန့်က မကုန်သေးသည့် သကြားလုံးချောင်းကို ကိုင်ထားလိုက်သည်။


" မတိုးကြနဲ့ မတိုးကြနဲ့ နေပါဦး..."


သူ့စကားမဆုံးမီမှာပင် တစ်ယောက်ယောက်၏ တံတောင်ဆစ်က သူ့ကျောပြင်ကို လာထိသည်။ ရှန်းလျိုရှန့် ဒယိမ်းဒယိုင်ဖြစ်သွားပြီး ခြေထောက်က ခေါင်မိုးနှင့်လွတ်ကာ လေထဲရောက်သွားတော့သည်။


ခေါင်းမိုးပေါ်တွင် ရုတ်ရုတ်သဲသဲဖြစ်နေသည်များက နတ်ဆိုးဘုရင်များအပါအဝင် အောက်ဘက်မှလူအားလုံး၏ အာရုံစိုက်မှုများကို ရရှိသွားသည်။


ဟွားကျန်းက ထိုနေရာနှင့်အနီးဆုံးဖြစ်၍ အားလုံးကို ရှင်းလင်းစွာမြင်လိုက်ရသည်။ သူ မျက်လုံးလှန်ကြည့်လိုက်ချိန်တွင် တံစက်မြိတ်ပေါ်မှ ပုံရိပ်လေးတစ်ခုကို လှမ်းမြင်လိုက်ရသည်။ ထိုလူက တွန်းထိုးခံနေရပြီး သွားစရာနေရာမရှိတော့၍ ပြုတ်ကျလုဆဲဆဲဖြစ်နေသောကြောင့် သူ ရင်တုန်သွားသည်။


သူ့လက်တစ်ဖက်က အသာမြှောက်လိုက်ပြီး ထိုလူကိုဖမ်းဆွဲရန် ပြင်လိုက်၏။


အလှလေးတစ်ယောက် ပြုတ်ကျတော့မှာကို မကယ်စရာအကြောင်းမရှိဘူးလေ... ငါက လူကိုကယ်တာပဲဆိုတော့ ကျိုးရွှမ်လန် ဘာမှပြောလောက်မှာ မဟုတ်ပါဘူး...


ဟွားကျန်း လက်မြှောက်ထားပြီး အပေါ်ကိုမော့ကြည့်နေသည်။ သူ ထင်ထားသည့်အတိုင်းပင် အလှလေးရှန်းလျိုရှန့်က အမှန်တကယ် ပြုတ်ကျလာသည်။


ဟွားကျန်းက သေချာပြင်ဆင်ထားပြီး လျှပ်စီး၏အရှိန်ဖြင့် အခွင့်အရေးကိုဆုပ်ကိုင်ရန်ပြင်ထားသည်။ အော်ဟစ်သံများ၏အလယ်တွင် သူ ကောင်းကင်ပေါ် ပျံတက်ပြီး အပေါ်မှ ပြုတ်ကျလာသူကို ဖမ်းရန်ပြင်ထားလိုက်၏။


မမျှော်လင့်ထားသည်မှာ သူ့လက်ချောင်းများက ရှန်းလျိုရှန့်၏ဝတ်ရုံစကို ထိခါနီးတွင် တစ်စုံတစ်ယောက်က သူ့နောက်ကျောကို ခပ်ပြင်းပြင်း ပိတ်ကန်လိုက်သကဲ့သို့ တွန်းထုတ်ခံလိုက်ရ၏။


ဗုန်း...


ဟွားကျန်းက ခပ်ပြင်းပြင်းအကန်ခံလိုက်ရပြီး မျက်နှာချင်းဆိုင်အဆောက်အဦး၏လက်ရန်းနှင့် ပြေးဆောင့်သွား၍ အော်သံများစီခနဲ ထွက်လာပြန်သည်။ 


ဟွားကျန်း၏မျက်ဝန်းထဲတွင် ကြယ်များဖြင့်ပြည့်နေပြီး နားကွဲမတတ်ဖြစ်သွားကာ မြေပြင်ပေါ်သို့ ကြောင်စီစီဖြင့် ပြန်ကျလာသည်။ သူ ခေါင်းမော့ကြည့်လိုက်သည့်အခါ ကျိုးရွှမ်လန်က လေထုအလယ်မှလူကို တင်းကြပ်စွာ ဆွဲယူပွေ့ဖက်ထားလိုက်သည်ကို တွေ့လိုက်ရသည်။ သူ အချိန်ကြာသည်အထိ ပါးစပ်အဟောင်းသားဖြစ်နေပြီးနောက် ဆဲရေးလိုက်သည်။


" -ီးပဲ..."


ထိုအချိန်တွင် လူပေါင်းများစွာကလည်း သူနှင့်တစ်ပုံစံတည်း ခံစားလိုက်ရသည်။


အစောပိုင်းတွင် နဝမနတ်ဆိုးဘုရင်ဟူသောနာမည်ကို ကျယ်လောင်စွာအော်ခေါ်နေခဲ့ကြသော လူအုပ်ကြီးက ခဏငြိမ်သက်သွားပြီးနောက် ဒေါသတကြီးဖြင့် ထအော်ကြတော့သည်။


" ဘယ်သူလဲ အဲဒါဘယ်သူလဲ... ဒီလို ညစ်ပတ်တဲ့လှည့်ကွက်မျိုးလုပ်တဲ့ ရွံစရာကောင်းတဲ့ကောင်က ဘယ်သူလဲ... သူ ခေါင်းမိုးပေါ်က ပြုတ်ကျသွားတယ်..."


" နဝမနတ်ဆိုးဘုရင်ကိုလွှတ်လိုက် အကျင့်မကောင်းတဲ့ကောင်..."


" ဝိုး နဝမနတ်ဆိုးဘုရင်က တကယ်ကို ခံ့ညားပြီးတော့ ကြင်နာတတ်တာပဲ... သူ့ရင်ခွင်ထဲက‌လူရေ ကျေးဇူးပြုပြီး နေရာကဖယ်လို့ရမလား... ကျွန်မလည်း ခေါင်မိုးပေါ်ရောက်နေပြီး ခုန်ချဖို့အဆင်သင့်ဖြစ်နေပြီ..."


" အားးး နဝမနတ်ဆိုးဘုရင်ရေ သူ့ကိုမြေကြီးပေါ် ပစ်ချလိုက်ပါတော့..."


…..


ရှန်းလျိုရှန့် ခေါင်မိုးပေါ်မှ ပြုတ်ကျလာ၍ အလွန်ထိတ်လန့်သွားခဲ့ရသည်။ လူတစ်ယောက်က သူ့ကိုရင်ခွင်ထဲဆွဲယူ၍ ဖမ်းထားလိုက်ပြီး ရင်းနှီးနေသည့်ကိုယ်သင်းနံ့က သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည့်အချိန်မှ စိတ်လှုပ်ရှားမှုများပျောက်ကွယ်ပြီး တည်ငြိမ်သွားတော့သည်။


သူ့လက်ထဲတွင် သကြားလုံးချောင်းကိုကိုင်ထားလျက် မျက်လုံးများက သူ့ရှေ့ရှိ မေးရိုးထင်းထင်းမှတစ်ဆင့် အပေါ်ကိုကြည့်လိုက်သည့်အခါ သူ့ကိုငုံ့ကြည့်နေသည့် နက်စွေးစွေးမျက်ဝန်းများနှင့် အကြည့်ချင်းဆုံသွားသည်။


ကျိုးရွှမ်လန်မျက်ဝန်းထဲတွင် ပြုံးရိပ်သန်းနေပြီး နှုတ်ခမ်းပါးများ တွန့်ကွေးသွားသည်။

" ရှစ်စွမ်း ဘာလို့ ဒီကိုရောက်နေတာလဲ..."


သူ့အသံကို ဒေါသတကြီးအော်ဟစ်သံစူးစူးများဖြင့် ချက်ချင်းဖုံးလွှမ်းသွားသည်။ ရှန်းလျိုရှန့် သူ့အသံက်ို အနည်းငယ်မျှသာကြားလိုက်ရ၍ ပြန်မဖြေနိုင်သောကြောင့် ဘေးပတ်ပတ်လည်ကို ကြည့်လိုက်သည်။


ဘေးပတ်ဝန်းကျင်တွင် လူပေါင်းများစွာရှိနေသောကြောင့် ဤသို့ပွေ့ဖက်ခံထားရသည်က အနည်းငယ်ရှက်စရာကောင်းလှပေသည်။


ရှန်းလျိုရှန့် ချောင်းအသာဟန့်လိုက်ပြီး ကျိုးရွှမ်လန်၏ရင်ခွင်ထဲမှထွက်ရန် ကြိုးပမ်းလိုက်သည်။


ထိုအချိန်တွင် လေတစ်ချက်ဝေ့လာပြီး အသည်းကွဲနေသည့် အသံပေါင်းစုံကို သယ်ဆောင်လာသည်။


" သူတောင်းစားလေး ဆင်းလိုက်စမ်း... အခုချက်ချင်းဆင်းစမ်း..."


" နဝမနတ်ဆိုးဘုရင်ကိုလွှတ်လိုက်..."


" ဘာလို့ ဒီလောက်တောင် ရဲတင်းရတာလဲ... ငါဆိုတဲ့ နဝမနတ်ဆိုးဘုရင်မကို မရှိဘူးလို့များ သဘောထားနေတာလား..."


" နဝမနတ်ဆိုးဘုရင်ကို လွှတ်လိုက်စမ်း နင့်နေရာကို ငါလာမယ်..."


ရှန်းလျိုရှန့် : "..."


သူ ခဏတာငြိမ်ကျသွားပြီးနောက် လက်နှစ်ဖက်ကိုမြှောက်ပြီး ကျိုးရွှမ်လန်၏လည်ပင်းတွင် ရစ်ပတ်လိုက်သည်။ သူ့ဆံပင်ရှည်ကြီးက နောက်တွင်ဖြာကျနေပြီး သူ့တပည့်၏ပခုံးနှင့်လည်ပင်းပေါ် သို့ သူ့မျက်နှာချောချောလေးကို အပ်ထားလိုက်သည်။


သူကငါ့အပိုင်... ငါ့ အပိုင်ပဲ...


ဘယ်သူမှ လုယူလို့မရဘူး...



အနက်ရောင်ဆံနွယ်များက သွယ်လျသောလည်တိုင်ကို လာရောက်ပွတ်သပ်နေသည်။


ကျိုးရွှမ်လန်က သူ့ရင်ခွင်ထဲမှလူကို လက်နှစ်ဖက်ဖြင့် တင်းကြပ်စွာပွေ့ဖက်ထားလိုက်သည်။ ခဏအကြာတွင် ရှန်းလျိုရှန့်က ခုန်ဆင်းတော့မည်ဟုထင်၍ သူ့လက်ကို ဖြေလျှော့ပေးလိုက်သော်လည်း မမျှော်လင့်ထားသည်မှာ တစ်ဖက်လူက သူ့ဘက်ပြန်လှည့်လာပြီး လက်နှစ်ဖက်ဖြင့် သူ့လည်ပင်းကိုဖက်တွယ်ကာ သူ့ကိုပိုမိုမှီခိုချင်နေသည့်သဖွယ် မျက်နှာကိုအပ်ထားသည်။


ထိုသို့သော နီးကပ်လာသည့်အပြုအမူကြောင့် ကျိုးရွှမ်လန်၏ နှလုံးသားက နူးညံ့ပျော့ပျောင်းသွားရသည်။


သို့သော်တစ်ချိန်တည်းမှာပင် သူ့စိတ်ထဲ၌ ရှုပ်ထွေးမှုတစ်ခု ဖြစ်ပေါ်လာသည်။ သူစဉ်းစားနေစဉ် ဘေးပတ်ဝန်းကျင်မှ အော်ဟစ်ဆူပူသံများကို နောက်ဆုံး၌ သတိပြုမိသွားသည်။


ကျိုးရွှမ်လန် အနည်းငယ်အံ့အားသင့်သွားပြီး ရုတ်ချည်းသဘောပေါက်သွားတော့သည်။


သူ့နှုတ်ခမ်းပါးများက အထိန်းအကွပ်မဲ့ တွန့်ကွေးသွားပြီး ရယ်မောလိုက်ကာ မျက်ဝန်းထဲတွင်လည်း မြတ်နိုးမှုအရိပ်ယောင်သန်းလာသည်။


သူ့ပိုင်ဆိုင်မှုကို အားလုံး၏ရှေ့တွင် အတိအလင်းကြေညာခဲ့သော ရှန်းလျိုရှန့်မှာလည်း ရဲရဲတင်းတင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ အဓိပ္ပါယ်ပါပါဖြင့် ရယ်လိုက်သံကို ကြားလိုက်ရသည့်အခါ သူ့ရည်ရွယ်ချက်များကို တစ်ဖက်လူက သိရှိသွားပြီဟု မှန်းဆမိလိုက်သောကြောင့် နားရွက်များနီရဲသွားသည်။


ခဏကြာသည်အထိ သူ ဆက်နေရမည် အောက်ဆင်းရမည်ကို မဆုံးဖြတ်နိုင်ဖြစ်နေသည်။


သူတို့လေးပတ်ပတ်လည်မှ မကောင်းဆိုးဝါးများအားလုံး ပေါက်ကွဲကုန်ကြသည်။ အကယ်၍အမြင်အာရုံစူးရှသူတစ်ယောက်ယောက်က ကျိုးရွှမ်လန်၏အမူအရာကို မြင်ခဲ့လျှင်မူ တစ်ခုခု မှားယွင်းနေကြောင်း သိနိုင်ပေမည်။ ကျိုးရွှမ်လန်၏ တခြားလူများကို ကြည့်သောအကြည့်နှင့် သူ့ရင်ခွင်ထဲလူကိုကြည့်သောအကြည့်က လုံးဝကွဲပြားနေသည်။


" မဟုတ်သေးဘူး နဝမနတ်ဆိုးဘုရင်က သူ့ကိုသိတယ်ထင်တယ်..."


" အဲဒီနတ်ဆိုးလေးက ဘယ်ကနေရောက်လာတာလဲ... သူ့အဝတ်အစားတွေကတော့ ပုံမှန်ပါပဲ..."


" အားးး "


မြေပြင်ပေါ်မှ လူတစ်ယောက်က ရုတ်တရက်ထအော်ပြီး မျက်လုံးများကို ပွတ်နေသည်။ သူ့ဘေးနားမှလူက လန့်သွားသောကြောင့် သူ့ကိုတွန်းထုတ်လိုက်သည်။


" မင်း ဘာတွေထအော်နေတာလဲ သေချင်လို့လား..."


" အဲဒါဘယ်သူလဲဆိုတာ ငါသိတယ်..."

ဘေးနားမှလူအားလုံး၏အကြည့်က သူ့ထံသို့ ရောက်ရှိလာသည်။


ထိုလူက စိတ်လှုပ်ရှားစွာဖြင့် တံတွေးမျိုချလိုက်ပြီး အထစ်ထစ်အငေါ့ငေါ့ပြောလာသည်။

" မင်း မင်းသားလေး... သူက ဧကရာဇ်နန်းတော်ရဲ့ မင်းသားလေးပဲ... ငါ စောစောတုန်းက အနောက်ပိုင်းလမ်းမှာ သူ့ကို လင်းတုနဲ့အတူ တွေ့ခဲ့တယ်... အရှင်လင်းတုက သူ့ကို အရိုအသေပြုပြီးတော့ မင်းသားလေးလို့ ခေါ်လိုက်တာကို ငါ့မျက်လုံးနဲ့ တပ်အပ်မြင်ခဲ့တာ..."


" ဘာ... ‌ဒါဆိုရင် သူက ဧကရာဇ်ရဲ့သွေးသားပေါ့..."


" မင်းသားလေးက ငါတို့နတ်ဆိုးမြို့တော်ကို တကယ်ရောက်လာတာပဲ... သူက ရှန့်ချီတောင်လို နတ်ဘုံမျိုးမှာနေရတာပျင်းလို့ ဒီကိုလာလည်တာများလား..."


" မင်း အမြင်မှားနေတာများလား..."


ထိုစကားကြားသည့်အခါ အစောပိုင်းက ထအော်သည့်နတ်ဆိုးက စိတ်လှုပ်ရှားသွားသည်။

" ငါ ငါတွေ့ခဲ့တဲ့ ဝတ်ရုံနဲ့တော့ တစ်ပုံစံတည်းပဲ... သူပဲနေမှာပါ..."


" သူ့မျက်နှာကိုအပ်ထားတာ နှမျောစရာပဲ... မဟုတ်ရင် မင်း တစ်ချက်ကြည့်လိုက်ရုံနဲ့ ဟုတ် မဟုတ် ပြောနိုင်မှာ..."


" အဲဒါဆို မင်းသားလေးရဲ့မျက်နှာကို မင်း တွေ့လိုက်မှာပေါ့... ငါတို့ကြားဖူးတာတွေကတော့ အရမ်း အလွန်အကြူးဖြစ်လွန်းလို့ အတုအယောင်လို့တောင် ထင်ရတယ်... လူအစစ်က ဘယ်လိုပုံစံမျိုးလဲ..."


ထိုစကားကိုကြားသည့်အခါ နတ်ဆိုး၏ စိတ်ရှုပ်ထွေးနျေသာ အမူအရာ ပျောက်ကွယ်သွားပြီး အဆုံးမရှိသောစကားများကို ပြောတော့မည့်ဟန်ဖြင့် ပါးစပ်ဟလိုက်သည်။


" လူငယ်လေးနှစ်ယောက်မှာ နဝမနတ်ဆိုးဘုရင်ချီထားတဲ့ လူငယ်လေးက တော်တော်ချောတာ... ငါ အဝေးကနေ တစ်ချက်ပဲ လှမ်းမြင်လိုက်တာတောင် အရမ်းလှတယ်... အသက်ရှုမှားလောက်တဲ့ အလှမျိုးပဲ..."


" မင်းတို့ ငါပြောတာ မယုံကြဘူးမလား... မင်းတို့ သူ့မျက်နှာကိုမြင်လိုက်ရင် တကယ် အံ့ဩသွားကြလိမ့်မယ်..."


သူ စကားဆုံးသည်နှင့် တချိူ့ကရုတ်တရက် ရယ်လိုက်ကြသည်။


" မင်းက အခြေအမြစ်မရှိတာတွေပြောနေတာပဲ... ဒါမှမဟုတ် လောကကြီးကို မမြင်ဖူးတဲ့ တောထဲက နတ်ဆိုးငယ်လေးများလား..." 


ထိုလူက တစ်ဖက်မှ နတ်ဆိုး၏စကားကို ပြက်ရယ်ပြုလျက် တစ်ဖက်သို့လှည့်ကြည့်လိုက်သည်။

" မင်း တစ်ချက်ပဲမြင်လိုက်တာတောင် အဲ့လောက်ချောတယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး ငါ..."


သူ့စကားမဆုံးမီ ကျိုးရွှမ်လန်၏ရင်ခွင်ထဲမှလူက ခေါင်းမော့ကြည့်လာသောကြောင့် မျက်နှာကိုကွယ်ထားသော ဆံပင်များက ဘေးတစ်ဖက်သို့ကျသွားပြီး အလွန့်အလွန်ချောမောသည့် မျက်နှာလေးတစ်ခု ပေါ်လာသည်။


ဇာမဏီမျက်ဝန်းတစ်စုံက ထိုနေရာကို

သင်္ကာမကင်းဖြင့်လှမ်းကြည့်နေပြီး မျက်တောင် တစ်ချက်ခတ်လိုက်သည်။


" ငါ..."


ထိုလူ စကားပြောနေရာမှရပ်သွားပြီး ရင်ဘတ်ကိုအုပ်ထားကာ အထစ်ထစ်အငေါ့ငေါ့ ပြောလိုက်သည်။


" ငါ ငါလည်းသဘောကျတယ်..."