အပိုင်း ၁၂၃
Viewers 30k

Chapter 123




ရှန်းလျိုရှန့်က "မင်းသားလေး" ဟူသောစကားကို ရေးတေးတေးကြားလိုက်၍ အသိတစ်ယောက်ယောက်ဟု ထင်လိုက်ခြင်းဖြစ်သည်။ အသံလာရာဆီသို့ ခေါင်းလှည့်ကြည့်လိုက်သောအခါ ရင်းနှီးသည့်လူတစ်ယောက်ကိုမှ မမြင်ရသည့်အပြင် အားလုံး၏ အမူအရာက ပြောင်းလဲသွားပြီး သူ့ကို ကြောင်စီစီဖြင့်ကြည့်နေကြောင်း တွေ့လိုက်ရသည်။


ရှန်းလျိုရှန့် စိတ်ရှုပ်ထွေးစွာဖြင့် မျက်တောင်တစ်ချက်ခတ်လိုက်ပြီးနောက် သူ့မျက်နှာထက်တွင် ကြင်နာ၍တောက်ပသော အပြုံးတစ်ခု ဖြစ်တည်လာသည်။


အစောပိုင်းက ဆူညံပွက်လောရိုက်နေခဲ့သော လူအုပ်ကြီးက ချက်ချင်းငြိမ်ကျသွားသည်။


အားလုံးတိတ်ဆိတ်နေစဉ်တွင် ကျိုးရွှမ်လန်က အဓိပ္ပါယ်ဖော်ရခက်သည့်လေသံဖြင့် ပြောလိုက်သည်။

" ရှစ်စွမ်း သူတို့ကို မပြုံးပြနဲ့..."


ရှန်းလျိုရှန့်က အကြည့်လွှဲလိုက်သည်။

" ဘာလို့လဲ ငါပြုံးပြတာ ကြင်နာတယ်လို့ မထင်ရလို့လား..."


ကျိုးရွှမ်လန်က အသံတိုးတိုးဖြင့် ပြောလိုက်သည်။

" ကျွန်တော့်အတွက်လည်း ချန်ထားဦးလေ..."


ရှန်းလျိုရှန့် ပြုံးစစဖြစ်သွားပြီး ခေါင်းညိတ်ပြလိုက်သည်။

" ‌ဟုတ်ပါပြီ ငါ မင်းအတွက် သိမ်းထားပါ့မယ်..."


သူတို့နှစ်ယောက်က ဘေးနားတွင် လူတစ်ယောက်မှမရှိဟန်ဖြင့် တစ်ယောက်ကိုတစ်ယောက် ကျီစယ်ပြောဆိုနေသည်ကို မြင်လိုက်ရသောအခါ ဘေးနားတွင် ရပ်ကြည့်နေသောဟွားကျန်းက သည်းမခံနိုင်တော့ပေ။ 


" ငါ့ရဲ့ အနောက်ဆောင်မှာ နတ်ဆိုးမအချောလေးတွေ အယောက်သုံးထောင်တောင်ရှိတာ ငါတောင် သူတို့နဲ့ အဲ့လိုမနေဘူး... ကျိုးရွှမ်လန် မင်းလက်တွေ မနာဘူးလား... လျှို့ဝှက်နယ်ပယ်ကို သွားချင်စိတ်ရော ရှိသေးရဲ့လား..."


ရှန်းလျိုရှန့်က ကျိုးရွှမ်လန်၏လက်မောင်းကို အမြန်ပုတ်ပြီး အောက်ချခိုင်းလိုက်သည်။

ငါတို့ကိုကြည့်နေတဲ့လူတွေ အုပ်လိုက်ကြီးရှိတာကို ငါမေ့သွားတာပဲ...


ကျိုးရွှမ်လန်က သူ့ကိုချပေးလိုက်ပြီးနောက် ဗလာကျင်းသွားသောလက်ကိုကြည့်ပြီး ဟွားကျန်းကို မျက်လုံးလှန်၍ မကျေမနပ်ကြည့်လိုက်သည်။


ဟွားကျန်းက သူ၏ မက်မွန်ပွင့်မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး နောက်နှစ်လှမ်းဆုတ်လိုက်သည်။ ထိုအချိန်တွင် အဌမနတ်ဆိုးဘုရင်က လူတစ်ရပ်နီးပါးရှိသောလိပ်ခွံကြီးကိုကိုင်၍ အမြန်ပြေးလာသည်။

" ငါ့ မှော်လက်နက်ကို ပြန်သွားယူရတာနဲ့ နောက်ကျသွားတယ် မင်းတို့အားလုံး ငါ့ကိုစောင့်နေလိုက်ရပြီ စိတ်မရှိပါနဲ့..."


ဤအခိုက်အတန့်တွင် နတ်ဆိုးလောက၏ ဘုရင်များအနက် ဒဏ်ရာရ‌ထားသော မဟာနတ်ဆိုးဘုရင်၊ ဂူပိတ်ကျင့်ကြံနေသည့် ဆဌမနတ်ဆိုးဘုရင်နှင့် သေဆုံးသွားခဲ့ပြီဟုဆိုကြသော သတ္တမနတ်ဆိုးဘုရင်မှလွဲ၍ ကျန်ရှိသူခြောက်ယောက်လုံး ‌ဤနေရာသို့ ရောက်ရှိနေကြသည်။


ဤတစ်ကြိမ် သူတို့အားလုံးစုဝေးလာရခြင်းမှာ နတ်ဆိုးလောကတွင် ပျောက်ဆုံးနေခဲ့သည်မှာ နှစ်ထောင်ချီကြာပြီဖြစ်သော အထွတ်အမြတ်ပစ္စည်း နတ်ဆိုးအရိုးဆေးကြောင့်ဖြစ်သည်။


နတ်ဆိုးအရိုးဆေးက နတ်ဆိုးမြို့တော်ရှေ့ဘက်မှ လျှို့ဝှက်နယ်ပယ်ထဲ ကျသွားသည်ကို တစ်စုံတစ်ယောက်က မြင်ခဲ့၏။ ထို့နောက်တွင် လျှို့ဝှက်နယ်ပယ်ကို အင်အားကြီးနတ်ဆိုးအစွမ်းဖြင့် ပိတ်ဆို့လိုက်သောကြောင့် ဖွင့်မရဖြစ်နေခဲ့ခြင်းဖြစ်သည်။


နတ်ဆိုးလှိုဏ်ဂူတွင် ဒဏ်ရာအပြင်းအထန်ရ‌ခဲ့သော မဟာနတ်ဆိုးဘုရင်က ဤကိစ္စတွင် အားလုံးပူးပေါင်းလုပ်ဆောင်ပြီး လျှို့ဝှက်နယ်‌ပယ်ကို တစ်ယောက်ချင်းစီ၏ ကိုယ်ပိုင်စွမ်းအားသုံး၍ ဖွင့်သင့်သည်ဟု အဆိုပြုခဲ့သည်။


ထိုနတ်ဆိုးဘုရင်အားလုံးမှာ မူလတည်းက ကိုယ်ပိုင်အတွေးကိုယ်စီရှိကြသောကြောင့် နတ်ဆိုးအရိုးဆေးပေါ်လာသည်နှင့် အခွင့်အရေးယူရန် ပြင်ဆင်ထားကြခြင်းဖြစ်သည်။ ထိုကိစ္စကိုကြားသည်နှင့် သူတို့ အပြည့်အ‌ဝထောက်ခံလိုက်ကြပြီး မြို့တော်၏အရှေ့ပိုင်းသို့သွားပြီး မန္တန်အစီအရင်များသုံး၍ လျှို့ဝှက်နယ်ပယ်ကို အတင်းအကြပ်ဖွင့်ရန် ဆုံးဖြတ်လိုက်ကြသည်။


ရှန်းလျိုရှန့်သည်လည်း နတ်ဆိုးအရိုးဆေးအကြောင်းကို ကြားဖူးသည်။ ဒဏ္ဍာရီအရဆိုလျှင် ၎င်းဆေးက နတ်ဆိုးတစ်ကောင်၏ခန္ဓာကိုယ်ကို ပြန်လည်ပုံသွင်းနိုင်ပြီး ကောင်းကင်ဘုံကို ခြေတစ်လှမ်းတည်းဖြင့် ရောက်ရှိနိုင်ပေသည်။ ၎င်း၏ဆွဲဆောင်မှုကို မည်သည့်နတ်ဆိုးမှ မတွန်းလှန်နိုင်ကြပေ။ 


ကျိုးရွှမ်လန်က မြိုအရှေ့ပိုင်းကို လျှောက်သွားနေစဉ် တီတိုးပြောလိုက်သည်။

" တကယ်တော့ နတ်ဆိုးအရိုးဆေးက အရင်တုန်းက အရှေ့ပိုင်းကျက်တီးမြေမှာ ရှိခဲ့တာ..."


ထိုနေရာသာဖြစ်နေပြန်၍ ရှန်းလျိုရှန့် မျက်ခုံးပင့်လိုက်မိသည်။

" မင်း သိနေတာလား..."


ကျိုးရွှမ်လန် ခေါင်းညိတ်ပြလိုက်သည်။

" ကျွန်တော် ကျင့်ကြံရေးလောကမှာ ရှိနေတုန်းက အောင်းယွဲ့နဲ့ အပေးအယူလုပ်ပြီး သူ့ကို နတ်ဆိုးအရိုးဆေးရဲ့တည်နေရာ ပြောပြခဲ့တယ်... ဒါပေမဲ့ သူက အောင်မြင်ရမယ့်အစား နတ်ဆိုးအရိုးဆေးကို နှောင့်ယှက်မိလို့ ဆေးက အဲ့နေရာက ထွက်သွားခဲ့တာ..."


ရှန်းလျိုရှန့် အံ့အားသင့်သွားသည်။ နတ်ဆိုးအရိုးဆေးအပေါ် နတ်ဆိုးများ၏ လိုချင်တောင့်တစိတ်ကို အကဲခတ်ကြည့်ရုံဖြင့် အောင်းယွဲ့ ထိုအခွင့်အရေးကို လက်လွှတ်သွားခဲ့ခြင်းကို အလွန်နောင်တရနေပေမည်။

" သူ အဆင်ပြေရဲ့လား..."


ကျိုးရွှမ်လန် : " သူ အဲ့တုန်းက ရက်ပိုင်းလောက် အူနေခဲ့တာလေ... နောက်တော့ ကျွန်တော် ကြက်ခြေထောက်တစ်ချောင်း ပစ်ကျွေးလိုက်တာ ရပ်သွားရော..."


ရှန်းလျိုရှန့် အားပါးတရ ရယ်မောလိုက်မိသည်။ သူတို့စကားပြောနေစဉ်တွင် လူအုပ်စုကြီးက နတ်ဆိုးမြို့တော်မှ တဖြည်းဖြည်းထွက် ထွက်လာ၍ လေထဲရှိ အော်ရာက အလွန်ပါးလှပ်လာသည်။ အော်ရာအများစုကို လျှို့ဝှက်နယ်ပယ်က စုပ်ယူသွားခြင်းဖြစ်သည်။ ၎င်းက နတ်ဆိုးမြို့တော်တွင် ရှိနေသည်နှင့် အလွန်ကွဲပြားပေသည်။


နတ်ဆိုးဘုရင်များက လျှို့ဝှက်နယ်ပယ်ကို မည်သို့ဖြတ်ကျော်ရမည်အကြောင်း ဆွေးနွေးနေပြီး ဆုံးဖြတ်ပြီးသွားသောအခါ တစ်ယောက်စီ နေရာယူလိုက်ကြသည်။


ကျိုးရွှမ်လန်က ရှန်းလျိုရှန့်ကို သူ့ဘေးနားဆွဲခေါ်ထားပြီး သူတို့နှစ်ယောက် လူစုမကွဲသွားစေရန် လက်တစ်ဖက်ကိုကိုင်ထားကာ အခြားလက်တစ်ဖက်ဖြင့် အစီအရင်ပြုလုပ်နေသည်။ 


နတ်ဆိုးဘုရင်များက လမ်းတစ်လျှောက်တွင် သူတို့သွားမည့်နေရာကို မဖုံးကွယ်ထားခဲ့ကြ၍ နတ်ဆိုးအရိုးဆေးက လျှို့ဝှက်နယ်ပယ်တွင် ရှိနေကြောင်းသတင်းက လမ်းကြိုလမ်းကြားပါမကျန် ပျံ့နှံ့သွား၍ မြို့ထဲမှလူများက အာရုံစိုက်လာကြသည်။ နတ်ဆိုးဘုရင်များ လျှို့ဝှက်နယ်ပယ်တွင်းသို့ ဝင်ရောက်ချိန်တွင် သူတို့လည်း ထိုနေရာသို့ခြေချပြီး ကြိုးစားကြည့်ချင်နေကြသည်။


ကံကောင်းပါက နတ်ဆိုးအရိုးဆေးကို‌ရှာတွေ့ပြီး ဘဝတစ်ခုလုံး ထာဝရပြောင်းလဲသွားနိုင်ပေသည်။


သို့ရာတွင် လျှို့ဝှက်နယ်ပယ်က လှုပ်ခါပြီး ပွင့်လာတော့မည့်အချိန်၌ တစ်ချိန်လုံးငြိမ်သက်နေခဲ့သည့် နတ်ဆိုးဘုရင်နှစ်ယောက်က သူတို့ကိုသီးသန့်ဖယ်ထုတ်ထားနိုင်ရန် အရံအတားတစ်ခု ဖန်တီးလိုက်သည်။


အားလုံးက ဒေါသထွက်သွားကြသော်လည်း ပြန်မပြောရဲကြ၍ ကံကောင်းမည်ဟု မျှော်လင့်ချက်ထားနေခြင်းကို စွန့်ပယ်လိုက်ရန်သာ တတ်နိုင်တော့သည်။


ထောင့်တစ်နေရာတွင်ရှိနေသည့် လူတစ်ယောက်က လျှို့ဝှက်နယ်ပယ်ထဲမှ လှုပ်ရှားမှုကို စောင့်ကြည့်နေသည်။ အရံအတားကို မြင်လိုက်သည့်အခါတွင်လည်း သူ့အမူအရာက မပြောင်းလဲသွားပေ။ 


ပုံမှန်အချိန်တွင် လှပနုနယ်နေသော မျက်နှာလေးက ယခုအခါ မြို့ရိုး၏အရိပ်အောက် ရောက်နေသည့်အပြင် ထူးဆန်းသည့် အနက်ရောင် နတ်ဆိုးအမှတ်အသားများက သူ့နှုတ်ခမ်းထောင့်မှ မျက်လုံးအောက်အထိ ပြည့်နေ၍ ရန်လိုဟန်ပေါ်ပြီး ကြောက်စရာကောင်းနေပေသည်။


သူ့ခေါင်းထဲမှ အသံတစ်သံက ပြောလိုက်သည်။

" ငါဆက်ပြီး မထိန်းချုပ်နိုင်တော့ဘူး... မင်း ငါ့စကားကို နားမထောင်ဘူးဆိုရင် နောက်ကျ ကိုယ့်ဘာသာ ကယ်နိုင်မှာ မဟုတ်ဘူးနော်..."


စုပိုင်ချယ့်က မြို့ရိုးကို လက်တစ်ဖက်ဖြင့်ဖိထားသောကြောင့် လက်ငါးချောင်းလုံးက ကျောက်နံရံထဲတွင် နစ်မြုပ်နေပြီး သွေးများထွက်နေသည်။

" မကောင်းဆိုးဝါးတွေကို ထိန်းကျောင်းရတာ ဒါမျိုးအကျိုးဆက်တွေရှိမယ်ဆိုတာ မင်းသိသင့်တယ်... မင်းငါ့ကို သင်ပေးခဲ့တာတွေအားလုံးက အခု မင်းကို ပြန်ခြိမ်းခြောက်ဖို့ ဖြစ်လာတာပဲ..."


" ဒါပေါ့..."


ထုံရှီးက အေးတိအေးစက်ပြောလိုက်သည်။

" ငါ့မှာ မကောင်းတဲ့ရည်ရွယ်ချက်တွေရှိနေတာ မင်းသိတာပဲ... နောက်ဆုံး ဆန်းစစ်ကြည့်မယ်ဆိုရင်တော့ မင်းက ငါ့နည်းလမ်းတွေကို အထင်သေးတယ်... ငါ့စွမ်းရည်ကိုကျ အရမ်းတွေမျှော်လင့်ထားပြီး တာအိုလမ်းစဉ်ကျင့်ကြံတဲ့နေရာမှာ ဖြတ်လမ်းတွေသုံးတယ်... အဲဒါကြောင့် သေလုမျောပါးဖြစ်နိုင်တဲ့ ထောင်ခြောက်ထဲ ကျသွားရတာကို ငါ့ကို ငတုံးလို့ပြောသေးတယ်..."


စုပိုင်ချယ့်၏သွေးများ ဆူပွက်လာသည်။ သူ အံကြိတ်ထားလိုက်ပြီး အန်ထွက်လာတော့မည့်သွေးများကို မနည်းထိန်းထားလိုက်ရသည်။ ခဏအကြာတွင် အသက်ပြင်းပြင်းရှုပြီး ပြောလိုက်သည်။


" နောက်ဆုံးမှာ ဗီလိန်ကပဲ အနိုင်ရမှာပါ... ငါ နတ်ဆိုးအရိုးဆေးကို ယူသွားနိုင်တဲ့အချိန်ကျရငါ မင်းငါ့ကို ဘာလုပ်နိုင်မလဲ ကြည့်ရသေးတာပေါ့..."


ထိုစကားကိုကြားသည့်အခါ ထုံရှီးကရယ်လိုက်သည်။

" ဒါဆိုလည်း ကြည့်ကြသေးတာပေါ့... မင်းကပဲ ဆေးကို အရင်ရမလား ကျူးယန်ရဲ့ နောက်ဆက်တွဲသက်ရောက်မှုတွေပဲ အရင်ပေါ်လာမလား..."


စုပိုင်ချယ့်၏ရင်ထဲ ထိတ်လန့်သွားသည်။ ထုံရှီးထံတွင် စွမ်းရည်မျိုးစုံရှိသော်လည်း အပြင်လောကမှ အချို့လူများက သူ့ကို အာရုံခံနိုင်စွမ်းရှိ၍ သတိလက်လွတ် ထုတ်အသုံးမချရဲပေ။ သို့ရာတွင် လျှို့ဝှက်နယ်ပယ်ထဲ၌မူ မည်သူကမှ သတိမပြုမိနိုင်သည်ဖြစ်၍ အသုံးချနိုင်လောက်ပေသည်။


ယခုအခါ လျှို့ဝှက်နယ်ပယ်ထဲဝင်လျှင် အခြားသောလှည့်စားမှုများကို ခံစားရနိုင်သော်လည်း စုပိုင်ချယ့်ထံတွင် ရွေးချယ်စရာမရှိတော့ပေ။


တနတ်ဆိုးအရိုးဆေးရှိသည့် လျှို့ဝှက်နယ်ပယ်က တဖြည်းဖြည်းပွင့်လာသည်ကို စိတ်ပျက်လက်ပျက်ဖြင့် ကြည့်နေလိုက်သည်။ သူ့ဝတ်ရုံလက်ရှည်ကြီးကို တစ်ချက်လှုပ်ခါလိုက်သည်နှင့် အရံအတားကို ချိုးဖျက်ပြီး ကောင်းကင်ထက်မှ အဖြူရောင်အလင်းတန်းပေါ်သို့ ရောက်ရှိသွားပေသည်။


လျှို့ဝှက်နယ်ပယ်ထဲရှိ ညကောင်းကင်ယံထဲတွင် တလက်လက်တောက်ပနေသည့် ကြယ်များဖြင့် ပြည့်နေသည်။


ကြယ်ရောင်များက အလွန်တောက်ပနေပြီး အလင်းရောင်ဖျော့ဖျော့တစ်မျိုးက တိတ်ဆိတ်ငြိမ်သက်နေသည့် သစ်တောကို လွှမ်းခြုံထား၍ အပြင်လောကရှိ နေ့အချိန်နှင့် လုံးလုံးလျားလျား ကွာခြားနေပေသည်။


စုပိုင်ချယ့်က သစ်တောထဲပေါ်လာပြီး သစ်ပင်ကြီးတစ်ပင်ကိုမှီနေကာ သူ့ရင်ဘက်ကိုလက်တစ်ဖက်ဖြင့် အုပ်ထားသည်။ သူ့မျက်နှာထက်မှ အနက်ရောင်နတ်ဆိုးအမှတ်အသားများက ပို၍သိသာထင်ရှားလာသည်။


ဝိညာဉ်စွမ်းအားကို အသုံးပြုလိုက်ရ၍ ဘေးထွက်ဆိုးကျိုးများက တဖြည်းဖြည်းပိုမိုပြင်းထန်လာသည်။

ငါ မတ်တပ်တောင် မနည်းရပ်နေရတာ ဆေးလုံးကို ဘယ်လိုများ ယူရမလဲ...


သူ ချောင်းဆိုးလိုက်ပြီး တစ်ကိုယ်လုံးဖြူဖျော့နေသည်။

" ငါသေရင် မင်းလည်းတူတူသေမှာ..."


စုပိုင်ချယ့်က ဤအခြေအနေ‌ထိရောက်နေသည့်တိုင် သူ့ကိုခြိမ်းခြောက်ရဲမည်ဟု မမျှော်လင့်ထားမိ၍ ထုံရှီးသရော်လိုက်သည်။

" မင်း မသေပါဘူး... ဘေးထွက်ဆိုးကျိုးတွေကြောင့် ဝိညာဉ်က ပျောက်သွားရုံပဲ... အဲဒါ ငါနဲ့ဘာဆိုင်လို့လဲ... စုပိုင်ချယ့်ရဲ့ခန္ဓာကိုယ်ရှိနေသရွေ့ ငါ့တာဝန်တွေကို ဆက်လုပ်လို့ရတယ်..."


စုပိုင်ချယ့် မျက်မှောင်ကြုတ်လိုက်ပြီး ထိုကိစ္စအကြောင်း မေ့ထားလိုက်သည်။


" အဲ့အချိန်ကျရင် မင်းရဲ့ဝိညာဉ်က ပျောက်သွားပြီဆိုတော့ ခန္ဓာကိုယ်က ရုပ်သေးရုပ်ဖြစ်ပြီလေ... ငါ ပိုပြီးတောင် ထိန်းချုပ်လို့ ကောင်းသွားဦးမယ်..."

ထုံရှီးက လှောင်လိုက်သည်။


" Host(ပိုင်ရှင်)ကို တိုက်ခိုက်လို့မရလို့သာ မဟုတ်ရင် ငါမင်းကို သတ်ပစ်လိုက်တာကြာပြီ... အခု မင်း စိတ်ဓာတ်ကျနေတာဆိုတော့ ငါမင်းကို နောက်ဆုံးတစ်ကြိမ် အခွင့်အရေးပေးမယ်... အဲတော့ ငါစကားနားထောင်... အခု တစ်နေရာရာကိုသွားလိုက် ကျိုးရွှမ်လန် အဲဒီနေရာရောက်အောင် ငါမျှားခေါ်လာမယ်..."


" တခြားကိစ္စတွေကို ငါလောလောဆယ် ဂရုမစိုက်သေးဘူး ငါတို့ကြားကကိစ္စကို နောက်မှရှင်းမယ်... အခုလောလောဆယ်သူက အဆုံးစွန်နည်းဗျူဟာပစ်မှတ်တစ်ခု ဖြစ်နေတယ် မင်း သူ့ကို အနိုင်ယူနိုင်မှဖြစ်မယ်..."


 စုပိုင်ချယ့်က မနည်းအသက်ရှုနေရပြီး ပင်စည်ကို လက်တစ်ဖက်ဖြင့် ထိန်းကိုင်ထားကာ ‌သစ်တောထဲ လေအေးတစ်ချက်ဝှေ့သွားချိန်၌ သူ့နှဖူးပြင်မှ ဇောချွေးများ လှိမ့်ဆင်းလာသည်။


သူက အသက်ကို တန်ဖိုးထားသူတစ်ယောက်ဖြစ်သည်။ ထိုသို့မဟုတ်လျှင် ဤလောကသို့ ပထမဆုံးရောက်ရှိလာစဉ်အချိန်တည်းက ထုံရှီးသဘောအတိုင်းလိုက်နာပြီး သူ အလိုမရှိသည့် ချစ်စရာကောင်းသည့်ကောင်းလေးပုံစံ ဟန်ဆောင်နေမည်မဟုတ်ပေ။ နောက်ပိုင်းတွင် သူ့ကိုယ်သူ ကာကွယ်နိုင်သော စွမ်းရည်အနည်းငယ် ရရှိလာ၍ ထိုပုံစံအတိုင်း ဆက်မနေချင်သောကြောင့် စည်းမျဉ်းများကို တဖြည်းဖြည်းချိုးဖောက်လာခြင်းဖြစ်သည်။


သူပြောသည်ကို ကြားသည့်အခါ စုပိုင်ချယ့်၏စိတ်ထဲ တွက်ချက်နေလျက်ဖြင့် ပြောလိုက်သည်။

" ကောင်းပြီလေ... အရင်ဆုံးဘေးထွက်ဆိုးကျိုးတွေကနေ သက်သာအောင်လုပ်ပေး မဟုတ်ရင် ငါ ထိန်းထားနိုင်တော့မှာ မဟုတ်ဘူး..."


ထုံရှီး မရယ်ဘဲ မနေနိုင်တော့ပေ။ 

" ဒီလိုဖြစ်နေတာ ကြာပြီပဲ... ခဏနေလောက်ကျရင် ပြန်သက်သာသွားမှာပါ..."


စုပိုင်ချယ့် အကူအညီတောင်းချိန်တွင် ထုံရှီးပြန်၍ မလှောင်ပြောင်သည်က ရှားရှားပါးပါးဖြစ်သည်။ ခဏအကြာတွင် သူ့ကိုယ်တွင်းမှ နတ်ဆိုးသားရဲ၏ ရန်လိုနေမှုက အနည်းငယ် လျော့ပါးသွားသည်။


သူ အသက်ပြင်းပြင်းရှုလိုက်ပြီးနောက် သက်တောင့်သက်သာဖြစ်သွား၍ ထုံရှီး၏ဆုံးဖြတ်ချက်ကို ယိမ်းယိုင်အောင် ပြုလုပ်ရန် ကြိုးစားလာသည်။

" တာဝန်က အစတည်းက ကျရှုံးနေပြီပဲ... တကယ်လို့ ငါသေသွားရင်တောင် မင်း မနည်းရုန်းကန်နေရမှာ... ကျိုးရွှမ်လန်က အခု ငါ့ကိုမြင်ရင်လည်း ဘာခံစားချက်မှ ရှိတာမဟုတ်တော့ တစ်ခါတည်းတိုက်ခိုက်လာလိမ့်မယ်..."


ထုံရှီးကပြောလာသည်။

" မင်း ငါ့ကို ဟာသလုပ်စရာမလိုပါဘူး... ဒီနေရာက ငါ့ရဲ့ထိန်းချုပ်မှုအောက်မှာပဲရှိတာ... အရင်ဆုံး ငါ အရှုပ်တွေကို အမြန်ရှင်းပစ်မယ်... အဲ့အချိန်ကျ မင်းနဲ့သူက တာအိုလက်တွဲဖော် ဖြစ်လာမှာပဲ... ပြီးရင်..."


" ဖွီး..."

စုပိုင်ချယ့် သွေးအန်ထွက်လာပြီး သူ့မျက်နှာက စက္ကူတစ်ရွက်သဖွယ် ဖြူဖျော့လာသည်။

" မင်း စိတ်ကူးယဉ်နေတာပဲ... အခုနေ ငါပေါ်လာတာနဲ့ သူ ငါ့ကိုမသတ်ပစ်ရင်တောင် တော်တော်ကံကောင်းနေပြီ... မင်း ဆန္ဒတွေ ဘယ်လိုလုပ်ပြည့်မှာလဲ..."


" ရိုးရိုးလေးပါပဲ... သူ့မျက်လုံးထဲမှာ မင်းက မင်းမဟုတ်ဘဲ သူ ချစ်တဲ့သူဖြစ်နေရင် ရပြီလေ..."

ထုံရှီးထံတွင် အကြံတစ်ခု ရှိနေသည်။

" အရင်ဆုံး လှည့်ကွက်တစ်ခုသုံးပြီးတော့ သူ့ကိုမျှားခေါ်ရမယ်... ပြီးရင် မင်းက အချိန်ကိုက်ပေါ်လာပြီးတော့ သူ့မျက်လုံးထဲရောက်သွားရင်ရပြီလေ... အဲ့အချိန်မှာ မင်းက သူချစ်တဲ့လူရဲ့ပုံစံမျိုးဖြစ်နေမှာဆိုတော့ ငါတို့ လုပ်ချင်တာဆက်လုပ်လို့ရပြီ..."


စုပိုင်ချယ့် သူ့နှဖူးကိုသူ ထိန်းကိုင်ထားလိုက်သည်။

" လွတ်လမ်းတွေ အများကြီးရှိနေတာ သူ့ကိုဘယ်လို မျှားခေါ်မှာလဲ... ပြီးတော့ သူက နတ်ဆိုးဘုရင်ဆိုတာ မမေ့နဲ့ဦးနော်... ထူးဆန်းနေတာကြီးကို သတိမထားမိဘဲနေမယ်လို့ မင်စ အာမခံနိုင်လို့လား... အန္တရာယ်တွေနဲ့ပြည့်နေတဲ့ လျှို့ဝှက်နယ်ပယ်ထဲမှာ ရှန်းလျိုရှန့် ရုတ်တရက်ကြီးပေါ်လာတာကို သူက သတိကြီးကြီးမထားဘဲ နေမယ်မထင်ဘူး... ပြီးတော့ သူက အတုနဲ့အစစ်ကို မခွဲနိုင်မှန်း မင်းဘယ်လိုသိလဲ...


ထုံရှီးထိတ်လန့်သွားသည်။

" အဲ့လူက ရှန်းလျိုရှန့်ဆိုတာ မင်း ဘယ်လိုသိလဲ..."


စုပိုင်ချယ့်က ထုံရှီး၏ခေါင်းကို ပိတ်ကန်ပစ်ချင်လာသည်။

" ဘာလဲ ငါ့ကိုများ ကန်းနေတယ်ထင်နေလား... ခုနတုန်းက သူ့ရင်ခွင်ထဲဖက်ထားတာ ဘယ်သူလဲ ငါမို့လို့လား..."


ထုံရှီး ‌ချက်ချင်းဒေါသထွက်လာသည်။

" မင်း ဘာလို့ အဓိပ္ပါယ်မရှိတာတွေ ပြောနေတာလဲ... ငါ ခိုင်းတဲ့အတိုင်းပဲလုပ်... သေချင်နေတာလား..."


သူကစကားဆုံးသည်နှင့် အစီအရင်တစ်ခုဖန်တီးပြီး လျှို့ဝှက်နယ်ပယ်ကို လှုပ်ခါအောင်ပြုလိုက်ပြီး အတူရှိနေသူနှစ်ယောက်ကို လူစုကွဲသွားစေသည်။ ထိုအခါမှသာ သူတို့အကြံကို စတင်လုပ်ဆောင်နိုင်မည်ဖြစ်ပြီး တစ်ချိန်တည်းမှာပင် သူ သတ်မှတ်ထားသည့်နေရာကို စုပိုင်ချယ့်လည်း သွားနိုင်မည်ဖြစ်သည်။


စုပိုင်ချယ့် အံကြိတ်ထားပြီး ထိုနေရာသို့ တဖြည်းဖြည်းလျှောက်သွားလိုက်သည်။


လမ်းတစ်ဝက်တွင် သူ့ကိုယ်သူ မထိန်းထားနိုင်တော့ဟန်ဆောင်ပြီး ထုံရှီးကို ထပ်မံကူညီခိုင်းပြန်သည်။ သူ့ကိုယ်တွင်းမှ မကောင်းဆိုးဝါး၏စွမ်းအားကို ဖိနှိပ်သွားနိုင်ပြီဟု ရေးတေးတေး ခံစားနေရသည်။ အကယ်၍ သူ ခဏတောင့်ခံထားနိုင်ပါက လျှို့ဝှက်နယ်ပယ်ထဲတွင် နတ်ဆိုးအရိုးဆေးကို ရှာနိုင်ရန် အခွင့်အရေးရ၍ ခဏကြာဆသာအခါ ထွက်ပြေးသွားတော့၏။


ထုံရှီး မယုံကြည်နိုင်ဖြစ်နေပြီး ဒေါသထွက်လာသောကြောင့် စုပိုင်ချယ့်ကို ချက်ချင်း အဆုံးသတ်ပစ်ချင်လာသည်။


သို့ရာတွင် ကျိုးရွှမ်လန်ကို ထောင်ခြောက်ဆင်ရဦးမည်ဖြစ်၍ ချက်ချင်းမလုပ်နိုင်သေးဘဲ ထိန်းထားရသည်။ သူက ဤနယ်ပယ်အတွင်းမှ ကိစ္စများစွာကို ဝင်ရောက်နှောင့်ယှက်ထားခြင်းဖြစ်၍ ထပ်မံလှုပ်ရှားပါက နယ်ပယ်တစ်ခုလုံး ပြိုပျက်သွားနိုင်ပေသည်။


၎င်းက အပြင်လောကအတွက် ထိတ်လန့်ဖွယ်ရာသတင်းဖြစ်ပြီး သူ ရှိနေကြောင်းဖော်ထုတ်ခံရပါကလည်း ကောင်းသည့်ကိစ္စ ဖြစ်လာမည် မဟုတ်ပေ။ 


စုပိုင်ချယ့် တဖြည်းဖြည်းထွက်ပြေးသွားသည်ကိုမြင်သည့်အခါ ထုံရှီး အလွန်ဒေါသထွက်လာပြီး နောက်ဆုံးတွင် အေးစက်စက်‌ရယ်သံတစ်ခုဖြင့် စုပိုင်ချယ့် ထွက်ပြေးမည်ကို ဟန့်တားလိုက်သည်။

" ငါ နတ်ဆိုးအရိုးဆေးကို လျှို့ဝှက်နယ်ပယ်ရဲ့အပြင်ဘက် ပို့ထားလိုက်ပြီ မင်း အဲ့ဟာကို ရမယ်မထင်နဲ့..."


စုပိုင်ချယ့်၏ခြေလှမ်းများ ချက်ချင်းရပ်တန့်သွားပြီး သူ ကျူးယန်ကို ဖိနှိပ်ရန် ကြိုးပမ်းထားသော ဝိညာဉ်စွမ်းအားများ ချက်ချင်းပြေလျော့သွားကာ မျက်လုံးများနီရဲလာသည်။

" ငါမင်းကို အပိုင်းပိုင်းဖြဲပစ်မယ်..."


" မင်း အဲ့လိုပြောတာလည်း အကြိမ်ပေါင်းထောင်ချီနေပြီ... ဒီလောကမှာ ငါ့ကိုအဲ့လိုလုပ်နိုင်တဲ့သူတွေတော့ ရှိမှာပါ ဒါပေမဲ့ အဲဒီလူက မင်းမဟုတ်ဘူး..."


ထို့နောက်တွင် ထုံရှီးက စကားများစွာပြောနေသော်လည်း စုပိုင်ချယ့်က ရှင်းလင်းစွာမကြားနိုင်တော့ချေ။ ကျူးယန်က သူ့အသိစိတ်ကို တဖြည်းဖြည်းဝါးမျိုသွားသောကြောင့် သူ ကြောင်စီစီဖြင့် သစ်တောထဲ လမ်းလျှောက်နေမိသည်။ သူ၏ နောက်ဆုံးအသိစိတ် ပျောက်ကွယ်သွားတော့မည့် အချိန်၌ နားထဲတွင်ကြား ရေစီးသံကို ကြားလိုက်ရသည်။


ဤနေရာ၏ရှေ့တွင် စမ်းချောင်းတစ်ခုရှိပုံရပြီး ထိုနေရာ၌ လူတစ်ယောက်ရပ်နေသည်။


.....


ရှန်းလျိုရှန့်က ထူးဆန်းစွာဖြင့် သူ့တပည့်နှင့် ရုတ်တရက်ကြီး လူစုကွဲသွားခဲ့ရသည်။ သူ စိတ်ရှုပ်ထွေးသွားသောကြောင့် သစ်တောထဲတွင် လူတစ်ယောက်ယောက်ကို ရှာဖွေနေခြင်းဖြစ်သည်။ သူ ခြေဦးတည့်ရာ လျှောက်သွားနေစဉ်၌ ရေစီးသံကြားလိုက်ရ၍ စမ်းချောင်းသို့ရောက်လာ၍ အေးစက်စက်ရေများဖြင့် မျက်နှာသစ်နေခြင်းပင်။


ထိုအချိန်၌ သူ့နောက် မနီးမဝေးတွင် တစ်ယောက်ယောက်လဲကျသွားသည့်အသံမျိုး ကြားလိုက်ရသည်။


သူ မတ်တပ်ရပ်ပြီး ထိုနေရာသို့ သတိဖြင့်သွားလိုက်သည်။ လဲကျသွားသူကို မြင်လိုက်သည့်အခါ သူ့မျက်နှာ အမူအရာက ထူးဆန်းလာပြီး နှုတ်ခန်းထောင့်များတွန့်ကွေးကာ အပြုံးမမည်သော အပြုံးတစ်ခုကို ပြုံးလိုက်သည်။


မိတ်ဆွေဟောင်းကြီးပဲ...


ရှန်းလျိုရှန့် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီးသည့်နောက်တွင် သူ့အကြည့်များက စုပိုင်ချယ့်၏ မျက်နှာပေါ်မှ နတ်ဆိုးအမှတ်အသားများပေါ်ရောက်သွားကာ တစ်ဖက်လူက အသက်မျှင်းမျှင်းသာ ရှုနေသည်ကိုလည်း သတိပြုမိလိုက်သည်။ တိယွင်ယွိပြောပြခဲ့ဖူးသည့် နတ်ဆိုးသားရဲကိုယဉ်ပါးအောင် ပြုလုပ်ခြင်း၏ ဘေးထွက်ဆိုးကျိုးကို ပြန်တွေးမိသောအခါ သူ့မျက်ခုံးများကို ပင့်လိုက်မိသည်။


ကြည့်ရတာ စုပိုင်ချယ့်က ကျူးယန်ကို တကယ်ယဉ်ပါးအောင် လုပ်နေတာပဲ...


ရှန်းလျိုရှန့် သူ့သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းပုလင်းတစ်ပုလင်းကိုထုတ်ပြီး အတွင်းမှ ဆေးရည်ပြာများကို လက်ပေါ်လောင်းချလိုက်သည်။ ထို့နောက် သလင်းကျောက်သဖွယ်ကြည်လင်သော ပင့်ကူမျှင်ကို သိုလှောင်အိတ်ထဲမှ ထုတ်ယူလိုက်၏။


ပင့်ကူမျှင်က စွမ်းအားကြီးကြောင်းသိသည့်အခါ ၎င်းကို သူ့ကိုယ်ကျိုးအတွက် သုံးနိုင်မည်လားဟု တိယွင်ယွီကို မေးခဲ့သည်။ မကြာမီအချိန်တွင် တိယွင်ယွီက သူ့အတွက် ပင့်ကူကြီး၏သွေးကို ယူလာပေးခဲ့ပြီး ကပ်စေးမနေအောင် လက်ပေါ်တွင် လိမ်းခိုင်းခဲ့သည်။ ထို့နောက် ထိုပင့်ကူကြီးကို ပင့်ကူမျှင်များ ထုတ်ခိုင်းခဲ့ပေသည်။ သူ ထုတ်ပေးသည့် ပင့်ကူမျှင်များကို ဘောလုံးတစ်လုံးသဖွယ်ဖြစ်အောင်လုံးပြီးမှ ရှန်းလျိုရှန့်ကို ပေးခဲ့၏။

 

တိယွင်ယွီက စွမ်းအားကြီးသည့်မကောင်းဆိုးဝါးများ ပင့်ကူမျှင်ကို မထိုးဖောက်နိုင်စေရန် ပင့်ကူမျှင်၏ မာကြောမှုနှင့် စေးကပ်မှုကို အဆင့်မြှင့်တင်နိုင်သည့် မန္တန်ကိုပါ သင်ပေးခဲ့သည်။


ရှန်းလျိုရှန့် မျက်လွှာချထားပြီး မြေပြင်ပေါ်လဲကျနေသည့် အားနည်းနေသူကို တစ်ချက်ကြည့်ပြီးနောက် သူ့လက်ထဲမှ ကျုံ့နိုင်ဆန့်နိုင်သည့် ပင့်ကူမျှင်ကိုယူလိုက်သည်။


သူ သေသွားတာဖြစ်ဖြစ် ရှင်နေတုန်းဖြစ်ဖြစ် အရင်ဆုံး ကြိုးချည်ထားရမယ်...