Chapter 124
ညက တဖြည်းဖြည်းမှောင်မိုက်လာ၍ မြေပြင်မှတက်လာသော လေအေးများက တောအုပ်၏ ထောင့်တိုင်းတွင် ပြည့်နှက်နေသည်။
အံ့အားသင့်စရာကောင်းသည်မှာ စုပိုင်ချယ့်က လျင်မြန်စွာ နိုးလာခဲ့သည်။
ရှန်းလျိုရှန့် သူ့ခြေလက်များကို ချည်နှောင်လိုက်ချိန်တွင် ကတ္တီပါနီရောင်မျက်ဝန်းတစ်စုံနှင့် အကြည့်ချင်းဆုံသွားသည်။ ထိုမျက်ဝန်းများက ယခင်ကဲ့သို့ ကြည်လင်တောက်ပ မနေပေ။ မျက်ဆံများ ကျုံ့ဝင်နေပြီး သွေးများပြည့်နေကာ အဆုံးမဲ့သတ်ဖြတ်လိုစိတ်များ ပါဝင်နေသည်။
၎င်းက လူသားမျက်လုံးများနှင့်မတူဘဲ ဝိညာဉ်အသိစိတ်မရှိသော သားရဲမျက်ဝန်းများနှင့်တူပြီး ရက်စက်ကြမ်းကြုတ်မှုနှင့် သတ်ဖြတ်လိုစိတ်တို့ဖြင့် ပြည့်နေသည်။
ကျူးယန်၏ ဘေးထွက်ဆိုးကျိုးကြောင့် စုပိုင်ချယ့်၏ အနက်ရောင်ဆံပင်များက အဖြူရောင်ပြောင်းသွားကာ မျက်နှာတစ်ခုလုံး အနက်ရောင်မျဉ်းများဖြင့် ပြည့်နေသည်။ အကယ်၍ သူ့ခြေလက်များကို မချုပ်နှောင်ထားပါက အားကုန်သုံး၍ ပြေးလာပြီး ရှန်းလျိုရှန့်ကို တစ်ဟုန်ထိုး တိုက်ခိုက်တော့မည်ဖြစ်သည်။
ထိုသို့ဖြစ်နေသော်လည်း သူက တိုက်ခိုက်ရန် ကြိုးစားနေဆဲဖြစ်ကာ သွေးများဖြင့်ပြည့်နေသည့် ပါးစပ်ကြီးကိုဟပြီး ထိုနေရာတွင်ရှိသည့် တစ်ဦးတည်းသောသက်ရှိကို မျက်လုံးများမှေးကျဉ်း၍ကြည့်နေသည်။
သူ့ လူသားအသိစိတ်က လုံးဝပျောက်ဆုံးသွားပြီဖြစ်၍ သူ့ဆာလောင်မှုကို တည်ငြိမ်သွားစေရန် သတ်ဖြတ်ခြင်းတစ်မျိုးတည်းကိုသာ မှီခိုရတော့မည်ဖြစ်သည်။
ရှန်းလျိုရှန့်က သူ့ကို မည်သို့ကိုင်တွယ်ရမည်ကို မဆုံးဖြတ်ရသေး၍ လက်တစ်ဖက်မြှောက်၍ ရ်ိုက်ချလိုက်ပြီး သတ်လစ်သွားအောင် ပြုလုပ်လိုက်သည်။
စုပိုင်ချယ့် သတိမလစ်သွားမီ ထုံရှီးက အသည်းအသန်ကြိုးစားလိုက်သောကြောင့် စုပိုင်ချယ့်၏အသိစိတ်ကို တိုက်ခိုက်နေသည့် မကောင်းဆိုးဝါးကို ပြန်ဖိနှိပ်နိုင်ခဲ့သည်။
သူက စုပိုင်ချယ့်အတွက် တွေးပေးနေခြင်းမဟုတ်သော်လည်း သူ့ဝိညာဉ်က ဤနေရာတွင် ရှိနေဆဲဖြစ်၍ သူတို့နှစ်ယောက်က တစ်သားတည်းဖြစ်နေသောကြောင့်ဖြစ်သည်။ သို့ဖြစ်၍ စုပိုင်ချယ့် သတိလစ်သွားပါက သူသည်လည်း အပြင်လောကကို အာရုံခံသိမြင်နိုင်မှု ပျောက်ကွယ်သွားမည်ဖြစ်၍ မူလက လျစ်လျူရှု့ထားသော်လည်း မတတ်နိုင်ဘဲ ကူညီလိုက်ရခြင်းဖြစ်သည်။ ရှန်းလျိုရှန့်က ယခုနောက်ပိုင်းတွင် တဖြည်းဖြည်း ပိုကြောက်စရာကောင်းလာသောကြောင့် ထုံရှီးက သူ့ကို တစ်ချိန်လုံး မျက်စိဒေါက်ထောက်ကြည့်နေလိုခြင်းဖြစ်သည်။
သူ့အမြင်တွင် ထိုလူက သူ၏မူရင်းသွင်ပြင်မှ တဖြည်းဖြည်း သွေဖယ်လာခဲ့ပေသည်။ အကယ်၍ ရှန်းလျိုရှန့်အလိုရှိတိုင်းလုပ်ခွင့်ပြုထားပါက ကျိုးရွှမ်လန်က သူ့ဘက်လုံးဝရောက်သွားပေမည်။
သို့ဖြစ်၍ စုပိုင်ချယ့် အသိစိတ်ပြန်ဝင်လာအောင် ကူညီပေးခဲ့ခြင်းဖြစ်သည်။ တစ်ချိန်တည်းမှာပင် စုပိုင်ချယ့်က မှားနေသည်များကိုသဘောပေါက်ပြီး အနာဂတ်တွင် သူ့အမိန့်ကိုနာခံလိမ့်မည်ဟု ထုံရှီး တွေးလိုက်မိခြင်းပင်။
ထုံရှီးက တာဝန်များပြီးမြောက်သွားမည့် အနာဂတ်ကို စိတ်ကူးယဉ်နေချိန်တွင် စုပိုင်ချယ့်က တဖြည်းဖြည်းမျက်လုံးပွင့်လာသည်။
သူ၏ ဝေဝါးဝါးမြင်ကွင်းထဲတွင် သူနှင့်မျက်နှာချင်းဆိုင်၌ တင်ပျဉ်ခွေထိုင်နေသူကို ချက်ချင်းသတိပြုမိလိုက်သည်။
စုပိုင်ချယ့်က သူ သတိမမေ့သွားမီ ဖြစ်ပျက်ခဲ့သည့်အရာများကို မမေ့သေး၍ စိတ်လှုပ်ရှားသွားမိသည်။
သူက ငါ့ကိုကယ်ပေးလိုက်တာပဲ...
[ သူ့အသိစိတ်ကို ကျူးယန်အပိုင်သိမ်းသွားမှာစိုးလို့ ရှန်းလျိုရှန့်က ရိုက်ချလိုက်တဲ့အချိန် ထုံရှီးက ရွေးချယ်စရာမရှိတော့ဘဲ သူ့ကိုကယ်ပေးလိုက်ရတာပါ၊ အဲ့တော့ ရှန်းလျိုရှန့်က သွယ်ဝိုက်ပြီး ကယ်ပေးလိုက်သလိုဖြစ်သွားလို့ သူ့ရင်ထဲထိသွားတာပါ ဒါပေမဲ့ ကယ်လိုက်တာ ရှန်းလျိုရှန့်မှန်း မသိသေးပါဘူး🤣 ]
သူရဲကောင်းတွေ ဒုက္ခရောက်နေတဲ့အချိန် အလှလေးက လာကယ်တယ်တဲ့လား... ဒါမျိုးကျ လောကကြီးထဲ ကြားနေကျ ဇာတ်လမ်းမျိုးတော့ မဟုတ်ဘူး... ဒါပေမဲ့ ကံကြမ္မာရဲ့သားတော်တိုင်း ဒီလိုဖြစ်လာဖို့ ထိုက်တန်ပါတယ်... ကောင်းကင်ဘုံက နောက်ဆုံးတော့ ငါ့ကို မျက်နှာသာပေးပြီထင်တယ်...
ရှန်းလျိုရှန့်က သိုလှောင်အိတ်ထဲမှ လိမ္မော်သီးတစ်လုံးကိုထုတ်၍ တစ်ကိုက်ကိုက်လိုက်သည့်အခါ သူ့ကို လှမ်းကြည့်နေသူနှင့် အကြည့်ချင်းဆုံသွားသည်။
သူ ပြန်ကြည့်လိုက်သည့်အခါ စုပိုင်ချယ့်၏ ဖြူဖျော့နေသည့်မျက်နှာကို မြင်လိုက်ရပြီး တောက်ပနေသည့် မျက်ဝန်းထဲတွင် မျက်ရည်များ တွဲလဲခိုနေကာ သူ့ကိုငြိမ်သက်စွာကြည့်နေသည်။ သနားစဖွယ်ပုံစံလေးက လေထဲမိုးထဲရောက်နေသည့် ပန်းပွင့်ဖြူလေးနှင့် တူလှပေသည်။
ငါတောင် သနားမိသွားပြီ...
ရှန်းလျိုရှန့်က သူ့နားကပ်လာသည်။
" ထတော့..."
သူ တဖြည်းဖြည်းကပ်လာသည်နှင့် စုပိုင်ချယ့်က ခဏတာ မှင်သက်သွားပြီး သူ့မြင်ကွင်းထဲမှ ဝေဝါးဝါးပုံရိပ်က တဖြည်းဖြည်းကြည်လင်လာသည်။
ထိုလူ၏ မျက်နှာက အလွန်ကြည့်ကောင်းပြီး ဇာမဏီမျက်ဝန်းတစ်စုံက လောကကြီးတွင် ပြိုင်ဘက်ကင်းဖြစ်ပေသည်။ သူ ရယ်လိုက်သည့်အခါ မျက်တောင်အဖျားများ အနည်းငယ်ကော့တက်သွား၍ အကြောင်းအရင်းမရှိဘဲ ညှို့ငင်မှုတစ်မျိုးကို ထုတ်လွှတ်နေသကဲ့သို့ ထင်ရပေသည်။
သူ့မျက်နှာလေးကို ကြည့်ရသည်ပင် အလွန်မျက်စိပသာဒဖြစ်နေစေသည်။
သို့ရာတွင် ဤနေရာ၌ပင် ရပ်တန့်မသွားချေ။ ထိုလူ၏မျက်နှာကို ရှင်းလင်းပြတ်သားစွာ မြင်လိုက်ရချိန်တွင်မူ သူ့တစ်ကိုယ်လုံး ဆတ်ခနဲတုန်ယင်သွားပြီး စုပိုင်ချယ့်၏နှလုံးသားထဲမှ လှပသောအတွေးများက အပိုင်းပိုင်းအစစ ဖြစ်ကုန်ပေသည်။
ရိုက်ချက်ပြင်းပြင်းကြောင့် သူ့အသိစိတ်က ရုတ်ချည်းနိုးကြားလာပြီး သူ့ခြေလက်များက ချည်နှောင်ခံထားရကြောင်း သတိပြုလိုက်မိသည်။
သူ့ကိုချည်နှောင်ထားသည်များကလည်း မည်သည့်အရာများဖြစ်သည်ကို မသိပေ။ ၎င်းတို့က စေးကပ်ကပ်ဖြစ်နေပြီး ည၏အေးစက်မှုအချို့ကိုလည်း စုစည်းထားသည်။
စုပိုင်ချယ့်က လွတ်အောင်မရုန်းနိုင်သောကြောင့် အနည်းငယ် စိတ်ညစ်သွားသည်။ သူက ရှန်းလျိုရှန့်၏ရည်ရွယ်ချက်နှင့် ယာယီငြိမ်သက်သွားသောကျူးယန်ကို မည်သို့ကိုင်တွယ်ရမည်အား တွေးနေမိသည်။
သူ့စိတ်ထဲမှ ထုံရှီးကလည်း အဆက်မပြတ်ပြောနေသည်။
" ငါမင်းကို အမွှေးတိုင်တစ်ဝက်စာအချိန်ထပ်ပေးထားတာကိုတောင် ခေါင်းမာနေဦးမယ်ဆိုရင်တော့ မင်းကို ငါ ဂရုမစိုက်တော့ဘူး... အဲ့အချိန်ကုန်ရင် မင်းလည်း လမ်းလျှောက်နေတဲ့လူသေ ဖြစ်သွားလောက်ပြီ... မင်းရဲ့ဝိညာ၍ပါ ပျောက်သွားမယ်ဆိုရင်တော့ မင်းလည်း ဒီလောကကနေ လုံးဝပျောက်သွားလောက်ပြီ ငါပြောချင်တာကို သဘောပေါက်လား..."
ရှန်းလျိုရှန့်က မျက်နှာပျက်နေသည့် စုပိုင်ချယ့်ကို တစ်ချက်ကြည့်ကာ အသိစိတ်ပြန်ဝင်လာပြီဟုထင်၍ လိမ္မော်သီးကိုကိုက်လျက်နှင့် မေးလိုက်သည်။
" မင်းလည်း နတ်ဆိုးအရိုးဆေးကို လိုချင်နေတာလား... အဲဒီဆေးက မင်းကိုယ်ထဲကကျူးယန်ကို ထိန်းချုပ်နိုင်တာများလား..."
စုပိုင်ချယ့်က သူ့ကိုစိုက်ကြည့်နေပြီးနောက် အလေးအနက်စဉ်းစားနေသည်။ ထို့နောက် အားနည်းနေသည့်လေသံကို မနည်းတင်းထားပြီး သူ့မေးခွန်းကို ပြန်မဖြေဘဲ ပြောလာသည်။
" ဘာလို့ငါ့ကို ချည်ထားတာလဲ ကြိုးပြန်ဖြည်ပေး..."
စုပိုင်ချယ့်ဝန်မခံလိုသော်လည်း သူ သနားစဖွယ်ပြုမူလိုက်သည်နှင့် သူ့အပေါ် စိတ်မပျော့သွားသူ မရှိပေ။ ဤနှစ်ပိုင်းများတွင် နတ်ဘုရားထိန်းချုပ်နည်းလမ်းကိုမှီခိုပြီး အခက်အခဲများစွာကို ကျော်ဖြတ်နိုင်ခဲ့ပေသည်။
ယခုအချိန်တွင် ဝိညာဉ်စွမ်းအင်ကိုသုံး၍ နတ်ဘုရားထိန်းချုပ်နည်းလမ်းကို မသုံးသင့်သော်လည်း ဤကဲ့သို့ သနားစရာသွင်ပြင်လေးဖြင့်ဆိုပါက ရှန်းလျိုရှန့်...
" ဟာ ... သွားပြီ..."
စုပိုင်ချယ့်၏ အမူအရာက အေးခဲတောင့်တင်းသွားပြီး ခေါင်းငုံ့လိုက်သည်။ သူ စကားပြောတော့မည့်အချိန်မှာပင် ပါးပြင်ပေါ်မှ အနက်ရောင်အမှတ်အသားများ ပေါ်လာပြန်သည်။
သူ့ အမူအရာက အနည်းငယ်ပြောင်းလဲသွားပြီး အခြေအမြစ်မရှိသည့်စကားများပြောနေခြင်းကို ရပ်တန့်လိုက်သည်။ အချိန်တိုအတွင်းမှာပင် မမျှော်လင့်ထားသူတစ်ယောက်ဖြစ်သည့် ရှန်းလျိုရှန့်ကို အသုံးချရမည့်နည်းလမ်းအား ရှာတွေ့သွား၍ သူ့ဘက်က စတင်ဈေးဆစ်တော့သည်။
" ကြိုးမဖြည်ပေးရင်လည်း ရပါတယ်... ငါ ကျူးယန်ကို မထိန်းချုပ်နိုင်တော့ဘူးဆိုတော့ မင်းငါ့ကိုကူညီမှရမယ်..."
ရှန်းလျိုရှန့် မျက်ခုံးပင့်ပြီး ပြုံးလိုက်မိသည်။
" မင်း တစ်ခုခုကို အထင်လွဲနေပြီထင်တယ်... ငါက ဘာကိစ္စ မင်းကိုကူညီရမှာလဲ..."
စုပိုင်ချယ့် : " ကျိုးရွှမ်လန် ဘယ်နေရာမှာရှိလဲ ငါသိတယ်..."
ရှန်းလျိုရှန့် မျက်လုံးများမှေးကျဉ်းလိုက်သည့်အခါ စုပိုင်ချယ့်က သူ့အမူအရာကို အကဲခတ်နေသည်။ သူ့ရင်ထဲတွင် ယုံကြည်ချက်အပြည့်ရှိနေသောကြောင့် ရဲဝံ့စွာဆက်ပြောလိုက်၏။
" သူ တော်တော် အန္တရာယ်များတဲ့ ထောင်ခြောက်ထဲကျသွားပြီ... အဲဒီနေရာကို ငါကလွဲပြီး ဘယ်သူမှမသိဘူး... ငါနဲ့ အပေးအယူလုပ်မလား မလုပ်ဘူးလားကတော့ မင်းအပေါ်ပဲ မူတည်တယ်... တစ်ခုကိုရွေးလိုက်လေ..."
ရှန်းလျိုရှန့် မျက်မှောင်ကြုတ်လိုက်ပြီး သူ ပြောနေသည်က အမှန်အမှား မခွဲခြားနိုင်ဖြစ်နေသည်။ သို့သော် ကျိုးရွှမ်လန်ကို ရှာမတွေ့ပါက သူသည်လည်း စိတ်ချလက်ချ နေနိုင်မည်မဟုတ်ပေ။
" ငါ မင်းကို ဘယ်လိုကူညီရမလဲ..."
စုပိုင်ချယ့် ယနေ့အတွက် ပထမဆုံးအကြိမ်ပြုံးလိုက်မိပြီး သူ့စိတ်ထဲမှထုံရှီးက ဒေါသထွက်လာသည်။
" မင်း လုပ်ရဲတယ်ပေါ့... လုပ်ရဲရင် လုပ်ကြည့်စမ်း လုပ်ကြည့်လိုက်..."
ရှန်းလျိုရှန့်ကို အကူအညီတောင်းလိုက်ခြင်းက ထုံရှီးအတွက် အဆိုးရွားဆုံးရလဒ်တစ်ခု ဖြစ်စေခဲ့သည်။ ထိုသို့လုပ်လိုက်ခြင်းအားဖြင့် ထုံရှီး၏ တွက်ချက်မှုများအားလုံးကို ချောက်ထဲပစ်ချလိုက်သကဲ့သို့ ဖြစ်သွားသည်။
" မင်း ကျူးယန်ကို ခဏပဲထိန်းချုပ်နိုင်မှာ တစ်သက်လုံးတော့ မရဘူး... တကယ်လို့ မင်း အဲ့လိုလုပ်ရဲတယ်ဆိုရင် နတ်ဆိုးအရိုးဆေးကိုလည်း ရှာမတွေ့အောင်လို့ကျိန်ပစ်မယ်... အဲဒါဆို မင်းရဲ့ဝိညာဉ်လည်း ဖျက်ဆီးခံလိုက်ရမှာ..."
သို့ရာတွင် ဤအခိုက်အတန့်၌ ထုံရှီးက ဒေါသတကြီး ခြိမ်းခြောက်ရုံမှလွဲ၍ အခြားအရာများ မတတ်နိုင်ပေ။
စုပိုင်ချယ့်က သူ့ကိုလျစ်လျူရှု့ထားပြီး ဆက်ပြောနေသည်။
" ငါမင်းကို နတ်ဆိုးသန့်စင်မန္တန်တစ်ခုသင်ပေးမယ် မင်းက အဲဒါကိုသုံးပြီး ငါ့ကိုယ်ထဲက ကျူးယန်ကို ဖိနှိပ်ပေးပါ..."
ဤနည်းအားဖြင့် သူ့အတွက် နတ်ဆိုးအရိုးဆေးကိုရှာရန် အချိန်ရသွား၍ ထုံရှီး၏ထိန်းချုပ်ခြင်းကို ခံနေစရာအကြောင်း မရှိတော့ပေ။
ရှန်းလျိုရှန့် မျက်လုံးများမှေးကျဉ်းလိုက်သည်။
" အစတည်းက အဲလိုနည်းလမ်းရှိတယ်ဆို တခြားလူတွေကို နတ်ဆိုးသန့်စင်မန္တန်အကြောင်းပြောပြပြီး ကူညီခိုင်းလို့ ရတာပဲလေ..."
စုပိုင်ချယ့်က ပြောလာသည်။
" နတ်ဆိုးလောကမှာနေတော့ ငါ့ဘေးနားမှာ နတ်ဆိုးတွေ ဝိုင်းနေတာလေ... ကျူးယန်ကိုဖိနှိပ်ဖို့အတွက် ငါ့ကို ဘယ်သူက ကူညီမယ်တဲ့လဲ... ပြီးတော့ နတ်ဆိုးသန့်စင်မန္တန်ဆိုတာ လူတိုင်းကို သင်ပေးလို့ တတ်တာမျိုးမှ မဟုတ်တာ..."
စကားပြောနေစဉ်တွင် သူ့ခန္ဓာကိုယ်မှ ဝိညာဉ်စွမ်းအင်များ မြင့်တက်လာ၍ အမြန်ပြောလိုက်သည်။
" မင်း လက်ဖြန့်လိုက် ငါ နတ်ဆိုးသန့်စင်မန္တန် သင်ပေးမယ်..."
စုပိုင်ချယ့်၏လက်များကို အနောက်ဘက်တွင် စုချည်ထားသောကြောင့် မြေပြင်ပေါ် ခက်ခက်ခဲခဲလှိမ့်နေရသည်။ သူ့လက်ချောင်းသွယ်သွယ်များကို ကွေးပြီးနောက် ရှန်းလျိုရှန့်ကို သူ့နားလာရန် အချက်ပြလိုက်သည်။
လက်ချောင်းချင်းထိပြီး မန္တန်ကို လွှဲပြောင်းပေးပြီးသည့်အခါ စုပိုင်ချယ့်က မေးလာသည်။
" ဘယ်လိုလဲ..."
စကားဆုံးသည်နှင့် ပြုံး၍ စကားပြောလိုက်သည့်အသံတစ်ခု ထွက်ပေါ်လာပြီး တစ်ချိန်တည်းမှာပင် သူ့လက်ဖမိုးကို ထိလိုက်သည်ဟု ခံစားလိုက်ရသည်။
" ကိုင်လို့ကောင်းသားပဲ မင်းလက်လေးကို ဒီလိုနူးညံ့နေအောင် ဘယ်လိုထိန်းသိမ်းထားတာလဲ..."
စုပိုင်ချယ့် ထိုနေရာတွင် အေးခဲတောင့်တင်းသွားပြီးနောက် အော်ဟစ်ချင်စိတ်ကို မနည်းတောင့်ခံထားလိုက်ရသည်။
" မွေးဖွားစေ..."
ရှန်းလျိုရှန့်က သူ့စိတ်ဝိညာဉ်ပင်လယ်ထဲ အသစ်ရောက်လာသည့် မန္တန်တစ်ခုကိုကြည့်ပြီး ပြောလိုက်သည်။
" လက်ကလေးက တို့ဟူးဖြူလေးလိုမျိုး အိစက်နေတာပဲ..."
နှစ်နည်းနည်းလောက် ကြာသွားတာတောင်မှ သူ့ပုံစံက မူရင်းဝတ္ထုထဲပြောထားသလိုဖြစ်နေတုန်းပဲ အံ့ဩစရာကောင်းလိုက်တာ...
ထိုစကားကိုကြားပြီးသည်နှင့် စုပိုင်ချယ့် သတိလစ်သွားတော့သည်။ သူ ပြန်နိုးလာသည့်အခါ သူ့မျက်နှာထက်မှ နတ်ဆိုးအမှတ်အသားများက ပိုမိုထင်ရှားလာပြီး ရှန်းလျိုရှန့်ရှိရာသို့ အစွယ်များထုတ်၍ ဦးတည်လာရန် ပြင်နေပြန်သည်။
ရှန်းလျိုရှန့်က တည်ငြိမ်သောအမူအရာဖြင့် သစ်ပင်ပေါ် ပြန်ခုန်တက်သွားပြီး သူ့ကိုမြေပြင်တွင် ရုန်းကန်နေစေလိုက်သည်။ ထို့နောက် နတ်ဆိုးသန့်စင်မန္တန်ကို စိတ်နှစ်၍ လေ့လာနေလိုက်သည်။ ထိုမန္တန်က နတ်ဆိုးကျင့်စဉ်မျိုးဖြစ်သော်လည်း နတ်ဆိုးသားရဲများကိုသာ ဖိနှိပ်နိုင်ခြင်းဖြစ်ပြီး ရှန်းလျိုရှန့်ကဲသို့ ကျင့်ကြံသူများအပေါ် သက်ရောက်မှုမရှိပေ။
နာရီဝက်ခန့်ကြာသည့်အခါ ရှန်းလျိုရှန့်က စုပိုင်ချယ့်ကို ဟန့်တားလိုက်ပြီး သူ့နှဖူးကို လက်တစ်ဖက်ဖြင့်ဖိကာ အခြားလက်တစ်ဖက်ဖြင့် မန္တန်ရွတ်လိုက်သည်။
ခဏအကြာတွင် စုပိုင်ချယ့်၏မျက်လုံးအိမ်ထဲမှ သွေးနီရောင်က အရောင်ဖျော့လာသည်။
စုပိုင်ချယ့် တဖြည်းဖြည်း အသိစိတ်ပြန်ဝင်လာပြီးနောက် သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ အခြေအနေကို လေ့လာကြည့်ပြီးသည့်အခါ မျက်မှောင်ကြုတ်သွားရသည်။
" ဒီလောက်လေးပဲ ဖိနှိပ်ထားမယ်ဆိုရင် ကျူးယန်က နောက်နာရီဝက်တောင်မကြာတဲ့အချိန်မှာ ပြန်ရောက်လာလိမ့်မယ်..."
ရှန်းလျိုရှန့်က ပြောလာသည်။
" အရေးမပါတာတွေ ပြောမနေနဲ့တော့... လူကို အရင်သွားရှာမယ် တွေ့ပြီဆိုမှ ငါမင်းကို ထပ်ကူညီပေးမယ်..."
သူ ကြိုးစားကြည့်လိုက်ချိန်တွင် သူ့စွမ်းအားကုန်ထုတ်သုံးလိုက်ပါက ကျူးယန်ကို လပိုင်းခန့်အထိပင် ဖိနှိပ်နိုင်ပေသည်။ သို့သော် သူက အားကုန်ထုတ်၍ မကြိုးစားခဲ့သည့်အပြင် အနည်းငယ်မျှသာထုတ်သုံးခဲ့သည်။ နောက်ပိုင်းမှသာ ခွန်အား၏ ၂၀ရာခိုင်နှုန်း ၃၀ရာခိုင်နှုန်းကိုသုံးမည်ဟု ကြံစည်ထားခဲ့သည်။
.....
အခြားတစ်ဖက်ရှိ လှပသော ပတ်ဝန်းကျင်အနေအထားနှင့် လှိုဏ်ဂူတစ်ခုထဲတွင် ကျိုးရွှမ်လန်က ဝိညာဉ်သစ်ပင်တစ်ပင်အောက်၌ တင်ပျဉ်ခွေထိုင်နေသည်။
သူ့နှဖူးပြင်ထက်တွင် ချွေးအလွှာပါးတစ်ထပ်ဖြစ်ပေါ်နေပြီး မျက်ခုံးများလည်း တွန့်ချိုးထားပေသည်။
လျှို့ဝှက်နယ်ပယ်က မတည်မငြိမ်ဖြစ်ပြီး လှုပ်ရှားလာခဲ့သောကြောင့် သူ ရှန်းလျိုရှန့်နှင့် လူစုကွဲသွားခဲ့သည်။ လိုက်ရှာနေစဉ်အချိန်မှာပင် ရှန်းလျိုရှန့်နှင့်အလွန်တူသော ပိန်ပိန်သွယ်သွယ်လူတစ်ယောက်ကို ရှာတွေ့၍ ချက်ချင်း သူ့နောက်ကို ပြေးလိုက်သွားခဲ့သည်။
လှိုဏ်ဂူထဲအထိ လိုက်လာပြီးသည့်အခါ တစ်ခုခုမှားယွင်းနေကြောင်း သတိပြုမိသွားပေသည်။
လှိုဏ်ဂူထဲတွင် ရနံ့သင်းသင်းတစ်မျိုး ပျံ့နှံ့နေသည်။ ထိုအနံ့ကိုရချိန်တွင် ကျိုးရွှမ်လန် ချက်ချင်းအသက်အောင့်ထားလိုက်သော်လည်း အကျိုးမထူးတော့ပေ။ အနံ့က ဝိညာဉ်စွမ်းအင်နှင့် ရောယှက်သွားပြီး သူ့သွေးကြောထဲ အမြန်စီးဝင်သွားခဲ့သည်။
တစ်ခဏတွင်းချင်း ကျိုးရွှမ်လန်၏မျက်လုံးများ မှိန်လာတော့သည်။
သူ ဤနေရာမှ ထွက်သွားလိုသော်လည်း ပိတ်မိနေဆဲဖြစ်၍ တစ်စုံတစ်ယောက်က သူရှိရာသို့လာနေပြီး ရည်ရွယ်ချက်ရှိရှိဖြင့် ထောင်ခြောက်ဆင်ထားကြောင်း သိသာပေသည်။
သူ့ခန္ဓာကိုယ်တွင်းမှအပူက မြင့်တက်လာသည်ကို သတိပြုမိ၍ အသက်မှန်မှန်ရှုပြီး ထိုလူ၏ ရည်ရွယ်ချက်ကို တွေးနေသည်။ ထိုနည်းလမ်းမျိုးကို အသုံးချထားသည်ဖြစ်ရာ နောက်ထပ် ပေါ်လာမည့်သူက "ရှစ်စွမ်း" မဖြစ်နိုင်ပေ။
သစ်ပင်အောက်မှလူငယ်လေး၏ ရင်ထဲတွင် ကြောက်ခမန်းလိလိ သတ်ဖြတ်လိုစိတ်တစ်မျိုး ဖြစ်ပေါ်လာသည်။
ခဏအကြာတွင် သူ ကြားနေရသည့်ခြေသံများ ရပ်တန့်သွား၍ ကျိုးရွှမ်လန်က နက်စွေးစွေးမျက်လုံးများဖွင့်ပြီး ရှေ့တည့်တည့်ရှိ ကျောက်တုံးနံရံကြီးကို ကြည့်လိုက်သည်။
သူ့လက်ဖျားများကို တိတ်တဆိတ် ဖိညှစ်နေမိသည်။
ခဏအကြာတွင် အမှောင်ထုထဲမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာပေသည်။ ကျိုးရွှမ်လန်က ဝိညာဉ်စွမ်းအားကိုဆင့်ခေါ်ပြီး စတင်တိုက်ခိုက်ရန် ပြင်လိုက်သည့်အခါ အံ့အားသင့်မှုများဖြင့်ပြည့်နေသော ဇာမဏီမျက်ဝန်းတစ်စုံကို မြင်လိုက်ရသည်။ သူ ခဏရပ်တန့်သွားပြီး ဝိညာဉ်စွမ်းအားများလည်း ပျောက်ကွယ်သွားသည်။
" မင်း အဆင်ပြေရဲ့လား..."
လှိုဏ်ဂူထဲတွင် အချိန်အတန်ကြာအောင် လှည့်ပတ်နေခဲ့သည့် ရှန်းလျိုရှန့်က နောက်ဆုံးတွင် လူတစ်ယောက်ကိုမြင်လိုက်၍ တင်ပျဉ်ခွေနေသော ထိုလူရှိရာသို့ ချဉ်းကပ်လာခြင်းဖြစ်သည်။
ရှန်းလျိုရှန့် သူ့ရှေ့တွင်ထိုင်ချလိုက်သည့်အခါ နှဖူးထက်တွင် ချွေးများစိုနေသည်ကို တွေ့လိုက်ရသည်။
" ပူလွန်းတယ်နော် ငါတောင် နေရတာ မသက်မသာဖြစ်မိတယ်..."
စကားပြောနေလျက်ဖြင့် ကျောက်းစိမ်းသဖွယ်ဖြူဖွေးသည့်လက်ကို ဆန့်ထုတ်လိုက်ပြီး ကျိုးရွှမ်လန်၏နှဖူးပေါ်တင်လိုက်သည်။
အလွန်မြင့်တက်နေသည့် ခန္ဓာကိုယ်အပူချိန်ကြောင့် ရှန်းလျိုရှန့် လန့်သွားပြီး စကားပြောတော့မည့်အချိန်တွင် သူ့လက်ကောက်ဝတ်သွယ်သွယ်လေးကို ဖမ်းဆုပ်ခံလိုက်ရပြီး နားနားတွင် အေးစက်စက်အသံကို ကြားလိုက်ရသည်။
" ရှစ်စွမ်းရဲ့ ပုံစံတူမျိုးစုံကို ငါတွေ့ဖူးပေမယ့် မင်းကတော့ သူနဲ့အတူဆုံးပဲ..."
ရှန်းလျိုရှန့် : " ဟမ် ..."
သူ အံ့အားသင့်သွားပြီးနောက် မျက်လုံးအပြူးသားဖြစ်သွားသည်။
" ငါက တကယ့်အစစ်လေ..."
ကျိုးရွှမ်လန်၏မျက်နှာထက်တွင် စိတ်အနှောင့်အယှက်ဖြစ်သွားသည့် အမူအရာအချို့ ပေါ်လာသည်။ ထိုခန္ဓာကိုယ်အတု၏ လှုပ်ရှားမှုတိုင်းက အစစ်နှင့် အလွန်တူနေပြီး အထူးသဖြင့် သူ့နားကပ်လာချိန်တွင် ရှစ်စွန်းနှင့် တစ်ပုံစံတည်းနီးပါးတူသည့် အော်ရာတစ်မျိုးကို ခံစားလိုက်ရသည်။ တစ်ခဏတွင်းချင်းမှာပင် သူ ကြိုးစားအားထုတ်ပြီး ဖိနှိပ်ထားခဲ့ရသည့် အပူက ခန္ဓာကိုယ်တစ်ခုလုံးတွင် တစ်ဖန် ပျံ့နှံ့လာပြန်၏။
ဤလူကို အတုအယောင်ဟု မသိနေခဲ့ပါက သူ့ရှစ်စွမ်းအစစ်ဟု ကျိုးရွှမ်လန် ယုံကြည်သွားမိပေမည်။
သူ့ရှေ့မှ ရှန်းလျိုရှန့်၏ လက်ကောက်ဝတ်ကိုဆုပ်ကိုင်ထားသည့်လက်များကို တင်းကြပ်လိုက်ပြီး နာကျင်အောင် လုပ်လိုက်မိသည်။ ထို့နောက် နှုတ်ခမ်းပါးများကို ပွင့်ဟလာပြီး အေးစက်စက်အသံဖြင့် အော်ပြောလိုက်သည်။
" ဝေးဝေးသွားစမ်း..."
ကျိုးရွှမ်လန် ထိုစကားများကို ပြောလိုက်ချိန်တွင် လေသံက အေးစက်နေပြီး မျက်ဝန်းထဲတွင်လည်း ရန်လိုမှုများဖြင့်ပြည့်နေကာ ချောမောခံ့ညားသောမျက်နှာက တဖြည်းဖြည်း ရက်စက်ကြမ်းကြုတ်သည့်ဟန် ဖြစ်လာသည်။ သူရဲဘောကြောင်တတ်သူဆိုပါက ချက်ချင်းပင် နောက်ဆုတ်သွားပေမည်။
သို့ရာတွင် သူ့တပည့်က ပါးစပ်ထဲရှိရာ လျှောက်ပြောနေကြောင်း ရှန်းလျိုရှန့် တစ်ချက်ကြည့်ရုံဖြင့် သိလိုက်သည်။
အနည်းငယ်ခက်ထန်လှသည်ဆိုသော်လည်း ကျိုးရွှမ်လန်၏ အကျင့်စရိုက်ဖြင့်ဆိုပါက အဓိပ္ပါယ်မရှိသည့်စကားများကို များစွာပြောနေမည်မဟုတ်ပေ။ သူ့လက်တစ်ဖက်မြှောက်ပြီး ရိုက်ချလိုက်ရုံဖြင့် လူတစ်ယောက်က လွင့်ထွက်သွားနိုင်
သည်။
သို့ရာတွင် ဤအခိုက်အတန့်၌ သူက ရှန်းလျိုရှန့်၏လက်ကောက်ဝတ်ကို တင်းကြပ်စွာကိုင်ထားပြီး မာကြောစွာပြောနေသည်။
" ဝေးဝေးနေစမ်း..."
ပါးစပ်ကတော့ ထွက်သွားခိုင်းနေပြီး ငါ့လက်ကိုကျ အသည်းအသန်ကိုင်ထားတယ်ပေါ့...