Chapter 117
သူက မာပေါ်ကျုံးအပေါ်တွင် ဖြုန်းတီးမှုအလွန်များသွားခဲ့ပေသည်။ သူက ထိုကိစ္စထဲတွင် ထပ်မံ၍ ဝင်မပါလိုတော့ပါပေ။ တစ်ချိန်က ခေါင်းညိတ်ကာ မာပေါ်ကျုံးအား သဘောတူခဲ့သည်မှာ သူဖြစ်လေသည်။ အလွယ်လမ်းလိုက်ချင်သူမှာ သူဖြစ်ပြီး ထိုအတွက် တန်ကြေးကို ပေးရန် ဆန္ဒရှိပေသည်။ သူက ကျန်ရစ်သည့် သူ့ဘဝတစ်လျှောက်တွင် မည်သူ၏ ထိန်းချုပ်မှုအောက်တွင်မှ မနေရရန်သာ မျှော်လင့်ပေသည်။
သူက အကြံအစည်များ၊ လောဘများဖြင့် ပြည့်နေသော ဖျော်ဖြေရေး နယ်ပယ်မှ ထွက်ခွာသွားပြီးနောက် ဆိုင်တစ်ဆိုင်ဖွင့်ကာ ကိုယ်ပိုင်ဘဝကို စတင်ခဲ့လိုက်သည်။
မာပေါ်ကျုံးကလည်း သူ့ကို ထပ်မံ ဒုက္ခမပေးတော့ပါချေ။ သူက ကုမ္ပဏီများမှ ကျောက်ယွီ၏ ပွဲခနှင့် လုပ်အားခကို ကိုင်တွယ်ကာ အနာကျက်ရန် အချိန်ယူခဲ့လေသည်။ ထို့နောက် သူက သူ့၏ ကြိုက်နှစ်သက်မှုများနှင့် အပြုအမူများအပေါ် ထပ်မံ မြှုပ်နှံနေလေသည်။
ထို့နောက်တွင် သူက လင်းလော့ချင်းနှင့် တွေ့ဆုံခဲ့ရသည်။ ကြည်လင်၊ သန့်စင်၊ ညင်သာ၊ ထက်မြက်ပြီး နေရောင်ကဲ့သို့ တောက်ပသော လင်းလော့ချင်းက သူအလိုရှိသော ပုံရိပ်ကို ပြီးပြည့်စုံစွာ ဖြည့်စွက်နိုင်ပေသည်။
သူ့၏ သရုပ်ဆောင် စွမ်းရည်များကပင် သူ့အသက်အရွယ်ထဲရှိ တခြားသူများထက် သာလွန်နေပေသည်။
ရှစ်ကျန်းက မာပေါ်ကျုံးကို ထပ်မံ တွေ့ရရန် မမျှော်လင့်ထားခဲပေ။ မာပေါ်ကျုံးမှာ လင်းလော့ချင်းအား ကျောက်ယွီကို ချဉ်းကပ်ခဲ့သည့်နည်းလမ်းအတိုင်း ချဉ်းကပ်လာလိမ့်မည်ဟုလည်း မမျှော်လင့်ထားချေ။
သူက သောကစိတ်ဖြင့် ကျောက်ယွီဖြစ်ခဲ့သည့်အတိုင်း ပြန်ဖြစ်လာမည်ကို စိုးရိမ်နေမိသည်။ သူ တုံ့ဆိုင်းနေခဲ့သော်လည်း ရပ်မကြည့်မနေနိုင်ဆဲဖြစ်လေသည်။
"သူက အခုကောင်းကောင်းနေနေပါတယ်..."
ရှစ်ကျန်းက ညင်သာစွာဆိုလိုက်လေသည်။
"သူ့ဆိုင်ရဲ့ ဝင်ငွေက မင်းသားလုပ်တုန်းကထက်ကို ပိုကောင်းပါတယ်... ပိုက်ဆံအတွက် စိတ်မပူနဲ့..."
"တကယ်လား..."
လင်းလော့ချင်းက အပြုံးနှင့်ဆိုလိုက်သည်။
"ကောင်းတယ်..."
ဤသည်က ဇာတ်သိမ်းကောင်းတစ်ခုဟု ယူဆ၍ ရနိုင်ပေသည်။
"အင်း..."
ရှစ်ကျန်းက ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူ့ဖုန်းက မြည်လာသည်။ တခြားသော ရိုက်ကွင်း အလုပ်သမားတစ်ဦးက သူ့ကို ရှာနေလေသည်။
ရှစ်ကျန်းက ဖုန်းကို ဖြေလိုက်ပြီး စကားအနည်းငယ်ပြောကာ လင်းလော့ချင်းအား ဆိုလိုက်သည်။
"ငါသွားရတော့မယ်... ပေါက်စီတွေ စားဖို့မမေ့နဲ့နော်..."
"အင်း... ကျေးဇူးပါ ကျန်းကော... ဒီတစ်ခါကတော့ ပေါက်စီတွေအတွက် ပြောတာ..."
ရှစ်ကျန်းက ရယ်လိုက်လေသည်။ သူ့အပြုအမူမှာ ယခင်ကအတိုင်း ရက်ရောတတ်ကာ သဘောထားကြီးဟန် ပေါက်နေဆဲ ဖြစ်သည်။
"ရပါတယ်..."
ထို့နောက် သူက တဲထဲမှ ထွက်သွားလေသည်။
လင်းလော့ချင်းက စားပွဲပေါ်မှ ပေါက်စီများကို ကြည့်လိုက်သည်။ သူက ပြီးခဲ့သည့် ရက်များက ရှစ်ကျန်း၏ အပြုအမူများကို တွေးမိကာ သူ့နှလုံးသားထဲသို့ နေရောင်တစ်ခုဝင်ရောက်လာသည်ဟု ခံစားလိုက်ရပေသည်။
သူက ရှစ်ကျန်းကို ကူညီရန် ပထမဆုံး ဆုံးဖြတ်လိုက်သည့်အချိန်က ၄င်းမှာ သူတို့နှစ်စလုံးအတွက်ဟု ခံစားရလေသည်။ လင်းလော့ချင်းက ရှစ်ကျန်းမှာ အနာဂတ် ခေတ်သုံးခေတ်၏ ရုပ်ရှင်ဧကရာဇ်ဖြစ်သည်ကိုသိထားသော်လည်း မည်သည့် အကျိုးမှ မမျှော်လင့်ထားပါပေ။ သူက ရှစ်ကျန်း၏ ငုပ်နေသော အချိန်ကာလကို အဆုံးသတ်ပေးကာ ရှစ်ကျန်းကို သူ့ကိုယ်ထဲမှ တစ်စုံတစ်ခုကိုပြုလုပ်ရန် အခွင့်အရေးကို မကြာမီတွင် ခွင့်ပြုပေးခြင်း ဖြစ်လေသည်။
လင်းလော့ချင်းက ၄င်းကို သူ ကုမ္ပဏီအတွက် တစ်ခုခုပြုလုပ်ပေးသည်ဟု သတ်မှတ်လိုက်သည်။
သူ ရှစ်ကျန်းနှင့် ဆက်ဆံကြည့်သောအခါ သူက ကြင်နာတတ်သော်လည်း မမြှောက်ပင့်ပါပေ။ သူက ရှစ်ကျန်းအား ကျန်သည့်အဖွဲ့ဝင်များကိုပြုမူသည့်အတိုင်းသာ ပြုမူသည်။ ရှစ်ကျန်းက သူ့၏ ကရုဏာကို လက်ခံလိုပါက သူက ချစ်ခင်မှုကို တိုးချဲ့သွားမည် ဖြစ်သည်။ ရှစ်ကျန်းက ဝန်လေးနေပါက လင်းလော့ချင်းသည်လည်း အလျင်စလိုပြုမူမည် မဟုတ်ပေ။
ယခုတွင် ရှစ်ကျန်းက သူ့၏ စေတနာကို လက်ခံရုံသာမက ပြန်လည်ပေးနေပုံပင် ရသည်။ ဤကဲ့သို့ အပြန်အလှန်မျိုးက လင်းလော့ချင်းကို ပျော်ရွှင်ကာ ရင်ထဲထိစေသည်။
သူ ဤကဲ့သို့ ခံစားချက်ကို နှစ်သက်ပြီး ရှစ်ကျန်းနှင့် ပို၍ပင် စာချုပ်ချုပ်ချင်လာသည်။
လင်းလော့ချင်းက ခေါင်းငုံ့ကာ သူ့ဖုန်းကို ယူလိုက်ပြီး ကျိယွီရှောင်ကို စာတိုတစ်ခု ပို့လိုက်သည်။
မင်္ဂလာနံနက်ခင်းပါ... မင်း နိုးပြီလား... ငါအခု ရှစ်ကျန်းဘာလို့ သူလုပ်ခဲ့တာကို လုပ်ခဲ့တာလဲဆိုတာသိပြီ... မင်း ငါနဲ့ အဖြေလဲချင်လား...
ကျိယွီရှောင်က နိုးနေပြီး ဖြစ်သည်။
သူက မနေ့ညက အိပ်ဆေးအချို့သောက်ခဲ့၍ အိပ်ပျော်နိုင်ခဲ့သော်လည်း အေးအေးချမ်းချမ်း မအိပ်နိုင်ပေ။ မတော်တဆမှုမှ မှတ်ဉာဏ်များနှင့် ရနံ့များက သူ့အိပ်မက်ထဲသို့ ဝင်ရောက်လာပြီး ခေါင်းတစစ်စစ်ကိုက်ကာ နိုးလာရသည်။
သူက လင်းလော့ချင်း၏ စာကိုဖတ်ပြီးနောက် စာဖြင့်ပြန်ဖြေလိုစိတ်မရှိပဲ video call တန်းခေါ်လိုက်ပေသည်။
လင်းလော့ချင်း ဖုန်းကိုင်လိုက်သည်နှင့် ကျိယွီရှောင်က ဖြူဖျော့နေသော မျက်နှာဖြင့် ကုတင်ခေါင်းရင်းကိုမှီထားသည်ကို တွေ့လိုက်သည်။ သူ့၏ ချောမောသော သွင်ပြင်များက နုနယ်လှကာ ခပ်ယဲ့ယဲ့ဟန် ပေါက်ပြီး သူ့၏ လှပခြင်း ခံစားချက်တစ်ခု ပေးနေလေသည်။
"ဘာလို့လဲ..."
လင်းလော့ချင်းက စိုးရိမ်တကြီး မေးလိုက်သည်။
"မင်းနေမကောင်းဘူးလား..."
သူက ကျိယွီရှောင်မှာ မူလဝတ္ထုတွင် တစ်နှစ်ကျော်ကျော်ပင် မနေရသည်ကို တွေးမိသွားကာ အလျင်အမြန်ဆိုလိုက်လေသည်။
"မင်းအခုထိ ဆရာဝန်မပြရသေးဘူးလား... ဝေ့ကျွင်းဟယ်နဲ့ သူ့မိသားစုက ကိုယ်ပိုင်ဆေးခန်းတစ်ခုထောင်ထားတာ မဟုတ်ဘူးလား... မင်း ဘာလို့ သွားမကြည့်တာလဲ..."
ကျိယွီရှောင်မှာ လင်းလော့ချင်း ဤသည်ကို သတိပြုမိမည်ဟု မမျှော်လင့်ထားပါပေ။ သူက ကိုယ်လက်သန့်စင်ပြီးနောက် မှန်ကြည့်လိုက်ရာ နေမကောင်းသည့်ပုံမပေါက်သည်ကို မြင်ပေသည်။ သို့သော် အရာရာမှာ ဖုန်း၏ ဖန်သားပြင်ပေါ်မှဖြစ်ပြီး သူက ၄င်းကို စိတ်ထဲမထားပါပေ။ ဖုန်းမှာ ၄င်း၏ ကိုယ်ပိုင် ညှိနှိုင်းမှုများရှိပြီး လင်းလော့ချင်းက ၄င်းကို သတိမပြုမိသင့်ပါပေ။ ထိုအခါမှသာလျှင် သူက video call စခေါ်လိုက်ခြင်း ဖြစ်ပေသည်။ သို့သော် လင်းလော့ချင်းက သိသွားပေသည်။
"ဘာမှမဟုတ်ပါဘူး..."
ကျိယွီရှောင်က ဖုန်းကို အပြစ်တင်လိုက်လေသည်။
"အဲ့ဒါ ဖုန်းကြောင့်နေမှာပေါ့... ဖုန်းက ငါ့မျက်နှာကို နဂိုထက် ပိုဖြူအောင် လုပ်ထားတာနေမှာ... စိတ်မပူနဲ့..."
လင်းလော့ချင်းက အလုံးစုံ စိတ်မချသေးပါချေ။
"တကယ်လား..."
ကျိယွီရှောင်က ခပ်ဖွဖွ ပြုံးလိုက်လေသည်။
"အဲ့လိုမှမဟုတ်ရင် ဘာဖြစ်ရဦးမှာလဲ..."
"သေချာအောင်လုပ်တာ ဘာမှမမှားဘူး..."
လင်းလော့ချင်းက အသံတိုးတိုးနှင့် ဆိုလိုက်သည်။
"ဒီတစ်ပတ် မင်းငါ့ကို လာတွေ့ရင် ငါသေချာကြည့်ရမယ်..."
ကျိယွီရှောင်က ခေါင်းညိတ်ကာ ညင်သာစွာ ဆိုလိုက်သည်။
"ဟုတ်ပြီ..."
လင်းလော့ချင်းက ကျိယွီရှောင်၏ တုံ့ပြန်မှုကိုမြင်ပြီး အနည်းငယ် စိတ်အေးသွားသည်ဟု ခံစားလိုက်ရပေသည်။ သူက ကျိယွီရှောင်ကို ဆက်တိုက် စိတ်ပူနေကာ အိမ်ကို ချက်ချင်းမပြန်နိုင်မည်ကို စိုးရိမ်နေပေသည်။
ကျိယွီရှောင်က လင်းလော့ချင်းသူ့အား စိုက်ကြည့်နေသည်ကို မြင်ကာ စပြောလိုက်လေသည်။
"မင်းခုဏက ရှစ်ကျန်းရဲ့ အပြုအမူတွေနောက်က ရည်ရွယ်ချက်ကို သိပြီလို့ ပြောလိုက်တယ်မလား... မင်းသူ့ကို မေးလိုက်တာလား..."
"အင်း..."
လင်းလော့ချင်းက ခေါင်းညိတ်ကာ သူတို့ မူလဆွေးနွေးနေသည့် ခေါင်းစဉ်ကို ပြန်သွားလိုက်သည်။
"သူက ငါ့ကို ကူညီချင်နေတာ..."
"ဘယ်လိုမျိုးလဲ..."
လင်းလော့ချင်းက သူ့ကို တစ်ခုမှ မဖုံးကွယ်ထားပါပေ။ သူက ကျိယွီရှောင်ကို မာပေါ်ကျုံးနှင့် ကျောက်ယွီအကြောင်း အတိုချုန်းပြောပြလိုက်သည်။
ကျိယွီရှောင်က အါးစပ်အဟောင်းသားဖြစ်ကာ အနည်းငယ် အံ့ဩနေပေသည်။ သူက သံသယဝင်ခဲ့သော်လည်း မာပေါ်ကျုံးမှာ လူ့ကျင့်ဝတ် ဖောက်ဖျက်မှုတွင် ပါဝင်နေရုံသာမက တခြားသူများကို သူ့ကိုယ်ပိုင် စံပြရုပ်သေးရုပ်အဖြစ် ပြောင်းလဲရန်အတွက် ဝါသနာပါနေမည်ဟု မမျှော်လင့်ထားပါပေ။
ဒါက အတော်လေး... အထင်ကြီးစရာပဲ...
"မင်းရော ဘာသိထားသေးလဲ..."
လင်းလော့ချင်းက မေးမြန်းလိုက်သည်။
"ငါ့လက်ထောက်က ငါ့ကို ဘာအကြောင်းမှ မပြန်သေးဘူး... ဒါပေမဲ့ ငါ့ထင်တာ မှန်တယ်..."
ကျိယွီရှောင်က သူ့ကိုကြည့်လိုက်သည်။
"ရှစ်ကျန်းက မင်းကို ရုတ်တရက်ကြီး ပိုပြီး လေ့ကျင့်ခန်းလုပ်ဖို့ပြောတာက သာမန်ထက်ကို ပိုသိနေလို့ဆိုတာ ရှင်းနေတာပဲ... သူက မာပေါ်ကျုံးက အဲ့လို အကျင့်နဲ့ ကောင်လေးတွေကို မကြိုက်တာကို သိတယ်လေ... အဲ့တော့ ဘာလို့လဲ... အဲ့အကြောင်းပြချက်က ပဟေဠိကို ဖြေရှင်းပေးသွားတာလေ..."
"မင်းနဲ့ ရှစ်ကျန်းရဲ့ ဆက်ဆံရေးက ကောင်းတယ်လို့ ယူဆလို့ရတယ်လေ... သူက မင်း သူ့သူငယ်ချင်းလုပ်ခဲ့တဲ့ အမှားမျိုး လုပ်မိမှာကို သည်းမခံနိုင်ဘူး... တစ်ချိန်တည်းမှာပဲ သူက မင်းရဲ့ တကယ့်အဆင့်အတန်းနဲ့ သရုပ်မှန်ကို မသိဘူးလေ... သူက မင်းကို သာမန် မင်းသားတစ်ယောက်လို့ အထင်လွဲနေတာ... မာပေါ်ကျုံးက မင်းကို စိတ်ဝင်စားနေတော့ မင်းသဘောတူတူမတူတူ စွန့်စားစရာတွေတော့ ရှိမှာပဲလေ... ဘေးကင်းတဲ့နည်းလမ်းက မာပေါ်ကျုံး မင်းကို စိတ်ဝင်စားတာ လျော့သွားဖို့ပဲ... မင်းက သူ့ကို ငြင်းစရာလဲမလိုတော့ဘူး... မင်းအပေါ် အဲ့လိုရည်ရွယ်ချက်ရှိနေတဲ့ လူတစ်ယောက်ရှိတယ်ဆိုတာလဲ မသိရတော့ဘူးလေ... မင်းက စိတ်မသက်မသာဖြစ်တာကို ရှောင်နိုင်မယ်... အဲ့ဒါဆို မင်းအတွက် အကောင်းဆုံးဖြစ်မှာ သံသယဝင်စရာကို မရှိဘူးလေ..."
"အဲ့လိုဆိုတော့လဲ သူက တော်တော် စဉ်းစားပေးတတ်တာပဲ..."
"ဟုတ်တယ်မလား..."
လင်းလော့ချင်းက ဝင့်ကြွားစွာဆိုလိုက်သည်။
"အဲ့ဒါဆို ငါသူနဲ့ စာချုပ်ချုပ်လို့ရသင့်တယ်... ဟုတ်တယ်မလား..."
ကျိယွီရှောင်က သူ့အမူအရာထဲတွင် ဝင့်ကြွားဟန်ကို မြင်ကာ တမင်ဆိုလိုက်လေသည်။
"သူနဲ့ စာချုပ်ချုပ်တာက မင်းကို အရမ်းပျော်စေတာလား..."
လင်းလော့ချင်း - ... သူက ဘယ်လိုလုပ်ပြီး ဒီကိုထပ်ေရာက်သွားတာလဲ...
"အဲ့ဒါက မင်းကို တွေ့ရတာလောက်တော့ မဟုတ်ပါဘူး..."
ကျိယွီရှောင်က နှာမှုတ်လိုက်လေသည်။
"အဲ့ဒါဆိုလဲ စာချုပ်ချုပ်လိုက်လေ... မင်းက သူဌေးပဲ... မင်းစာချုပ်ချုပ်ချင်တဲ့လူနဲ့ ချုပ်လို့ရတာပဲ..."
"ဒါပေမဲ့ ငါက ငါ့ရဲ့ သူဌေးကို တင်ပြဖို့ လိုသေးတာပဲလေ..."
လင်းလော့ချင်းက ကျိယွီရှောင်၏ ဒေါသကို နှစ်သိမ့်ပေးလိုက်သည်။
ကျိယွီရှောင်မှာ ခံစားချက်ပြန်ကောင်းလာစေရန် ချော့မော့နှစ်သိမ့်ခံလိုက်ရပေသည်။ အိပ်ဆေးမှ ယူဆောင်လာသည့် နာကျင်မှုက တဖြည်းဖြည်း လျော့နည်းသွားလေသည်။ သူက မေးလိုက်လေသည်။
"မင်း မာပေါ်ကျုံးကို ဘာလုပ်မယ်လို့ စဉ်းစားထားလဲ..."
လင်းလော့ချင်းမှာ ထိုမေးခွန်းကို စဉ်းစားပြီးသား ဖြစ်သည်။ သူက ရှစ်ကျန်းသူ့ကို ကာကွယ်လိုသည်နှင့် လင်းလော့ချင်းအား လေ့ကျင့်ခန်းလုပ်စေလိုသော သူ့၏ ရည်ရွယ်ချက်ကို နားလည်ပေသည်။ သို့သော် သူက မာပေါ်ကျုံးမှာ ထိုသို့ စိတ်ရောဂါရှိသူတစ်ဦးအမှန်တကယ် ဟုတ်သည်လားကို သိလိုပေသည်။ ထိုသို့ဖြစ်နေပါက ဤကဲ့သို့ လူတစ်ယောက်အား လူမှုအသိုင်းအဝိုင်းမှ ဖယ်ရှားပစ်ရန်သာ တတ်နိုင်ပေသည်။
"ငါ မိန်းမစိုးလင်းအနေနဲ့ မျှားခေါ်ပြီး တစ်ဖက်က ငါးစာကိုလာဟပ်မလားဆိုတာကို ကြည့်ဖို့ စီစဉ်ထားတယ်..."
ကျိယွီရှောင်က မျက်ခုံးပင့်လိုက်လေသည်။
"အဲ့ဒါဆိုရင် မင်းကိုယ်မင်း ကောင်းကောင်း ကာကွယ်ထားတာ သေချာအောင်လုပ်နော်..."
"စိတ်မပူပါနဲ့..."
လင်းလော့ချင်းက ဆိုလိုက်သည်။
"သူ ငါ့ကို ထိရဲရင် သူ့ခေါင်းကို အလေးတုံးတစ်ခု ပစ်ပေးလိုက်မယ်..."
"ဒါပေမဲ့ မင်းအလေးတုံးတစ်ခုကို သယ်ထားရင် သူမင်းကို လုံးဝ ချဉ်းကပ်ချင်မှာမဟုတ်ဘူး..."
"အဲ့တော့ အနည်းဆုံး ငါက ကိုယ့်ဘာသာ ရုပ်ဖျက်လို့ရတာပေါ့..."
"အဲ့ဒါဆို တစ်ခုခုလိုရင် ငါ့ကို ခေါ်လိုက်... မင်းကိုယ်တိုင် ကျားပါးစပ်ထဲ မရောက်စေနဲ့ဦး... အဲ့ဒါဆိုရင် ဝမ်းနည်းစရာဖြစ်တော့မှာ..."
"ငါ့ကိုယ့်ငါ အဲ့လိုအခြေအနေရောက်ဖို့ ဘယ်လိုလုပ်ပြီး ခွင့်ပြုရမှာလဲ..."
လင်းလော့ချင်းက ဆိုလိုက်သည်။
"မင်းက ငါ့အပေါ် ယုံကြည်ချက်ရှိသင့်တယ်..."
"ဟုတ်ပါပြီ..."
ကျိယွီရှောင်က ပြုံးလိုက်သည်။
"အဲ့ဒါဆိုရင် ကံကောင်းပါစေ..."
"အဲ့ဒါ ပိုကောင်းတယ်..."
မကြာမီတွင် လင်းလော့ချင်းက ယောင်မော့မော့၏ အသံကို ကြားလိုက်ပေသည်။
"ငါအလုပ်ပြန်သွားရတော့မယ်..."
လင်းလော့ချင်းက ကျိယွီရှောင်ကိုကြည့်လိုက်သည်။
"အိပ်ရေး ဝဝအိပ်ဦး... တစ်ခုခု နေမကောင်းတာရှိရင် သွားပြလိုက်... အချိန်ဆွဲမနေနဲ့..."
"အင်းပါ..."
ကျိယွီရှောင်က ကူကယ်ရာမဲ့သည်ဟု ခံစားလိုက်ရသည်။
"မကြာခင် ငါ့ကို လာတွေ့ဖို့လဲ မမေ့နဲ့..."
လင်းလော့ချင်းက ပြုံးကာဆိုလိုက်သည်။
ထို့နောက် သူက အင်တင်တင်ဖြင့် ဖုန်းချလိုက်သည်။
ကျိယွီရှောင်က လင်းလော့ချင်း၏ ပုံရိပ်ပျောက်ကွယ်သွားသည့် သူ့ဖုန်း၏ ဖန်သားပြင်ကိုကြည့်လိုက်သည်။ သူက wechat၏ homepage ထဲသို့ ပြန်ဝင်လိုက်သည်။ ကျိယွီရှောင်က စိုးရိမ်နေပေသည်။
မဟုတ်ဘူး... သူတကယ်ကို တစ်ခါလောက်တော့ သွားပြီးကြည့်ဖို့လိုတယ်...
ထိုအခိုက်အတန့်တွင် သူက မာပေါ်ကျုံးကို သူကိုယ်တိုင် အကဲဖြတ်ရန် လိုသည်။
အချိန်ကျလာလို့လင်းလော့ချင်းက မာပေါ်ကျုံးကို မနိုင်ရင် ဒုက္ခရောက်ဦးမယ်...
ကျိယွီရှောင်က သူ့နဖူးကို ဖိထားကာ သူ့ဇနီးမှာ အမှန်တကယ်ပင်... ပျားနှင့် လိပ်ပြာများကို ဆွဲဆောင်နိုင်စွမ်းရှိသည်ဟု ခံစားရပေသည်။
အသက် ၅၀နားနီးနေသော မာပေါ်ကျုံးရှိနေပြီး အသက်၂၀ကျော် ရှစ်ကျန်းလဲ ရှိပေသည်။
သူက တကယ်ကို တစ်ယောက်မှကို အလွတ်မပေးတာပဲ...
သူ့မိန်းမကို တကယ်ကို အထင်ကြီးစရာပဲ...
လင်းလော့ချင်းမှာ ပေါက်စီများကို စားပြီးနောက် ယောင်မော့မော့နှင့် သရုပ်ဆောင်ရန် သွားလိုက်ပြီး ရှစ်ကျန်းကို စာတိုတစ်စောင် ပို့လိုက်လေသည်။ သူက မေးလိုက်သည်။
မာပေါ်ကျုံးကိစ္စကို ထည့်မတွက်ရင် ငါက လေ့ကျင့်ခန်းလုပ်ဖို့ လိုနေလား...
သူက လေ့ကျင့်ခန်းလုပ်ခြင်းအား မဆန့်ကျင်သော်လည်း ၄င်းက သူ့အချိန်အတော်များများကို သိမ်းပိုက်ထားပေသည်။ သူက ကျိယွီရှောင်ကို စိုးရိမ်သလို မာပေါ်ကျုံးဟူသည့် ငါးတစ်ကောင်ကိုလည်း ဖမ်းချင်သည်။
အချိန်ကုန်သက်သာလျှင် ကျိယွီရှောင်နှင့် စကားပြောခြင်းကဲ့သို့သော အဓိပ္ပာယ်ရှိသည့် ကိစ္စများတွင် အချိန်ဖြုန်းရန်အတွက် သူက လိုက်လျောမှုတစ်ခု ပြုလုပ်ရပေမည်။
ရှစ်ကျန်း၏ တုံ့ပြန်ချက်က အလျင်အမြန် ရောက်လာပေသည်။
မင်းဆိုရင် ဘာနေနေ အဆင်ပြေတယ်လို့ ငါထင်တယ်...
လင်းလော့ချင်း - ငါက ခွန်အား လုံလုံလောက်လောက်ရှိတယ်လို့ မင်းထင်လား... ငါဆိုလိုတာက ရန်ဖြစ်ရတဲ့ အခန်းတွေအတွက်ဆိုရင်ပေါ့...
ရှစ်ကျန်း - ...မင်းက တကယ်ကို မင်းရဲ့ ကိုယ်ပိုင်ခွန်အားကို သတိမမူဖြစ်နေတာပဲ...
ရှစ်ကျန်း - လုံလောက်တယ်...
လုံလောက်တာထက်ကို ပိုတယ်...
လင်းလော့ချင်း ကျေနပ်သွားလေသည်။
သူ ခေတ္တမျှ တွေးတောနေပြီး ရှစ်ကျန်းထံမှ မည်သည့်အရာကိုမဆို သိမ်းထား၍ ရသည်ဟု ဆုံးဖြတ်လိုက်သည်။ သူက ဖုန်းခေါ်လိုက်ပေသည်။
ရှစ်ကျန်းက ဖုန်းကို ကြောင်အစွာ လက်ခံလိုက်သည်။ သူက မေးလိုက်လေသည်။
"ဘာလို့လဲ..."
"ဒီလိုရှိတယ် ကျန်းကော... အစ်ကိုက ကျွန်တော်အတွက် အကုန်လုံးလုပ်ခဲ့တာကို ကျွန်တော်သိပါတယ်... ပြီးတော့ ကျွန်တော်က အစ်ကို့ရဲ့ အစီအစဉ်အတိုင်း လေ့ကျင့်ရင် ဘာမှဖြစ်မလာဘူးဆိုတာလည်း ကျွန်တော်သိပါတယ်... ဒါပေမဲ့ ကျွန်တော်က မဆိုင်တဲ့လူတစ်ယောက်အတွက် အချိန်တွေအများကြီး မကုန်ချင်ဘူး... ကျွန်တော်က လေ့ကျင့်ဖို့ လိုတယ်ဆိုရင် လေ့ကျင့်မှာပါ... ဒါပေမဲ့ အဲ့ဒါက ဘေးဒုက္ခကို ကျော်လွှားဖို့ဆိုရင် ဘာလို့ ကျွန်တော်ကိုယ်တိုင်ပဲ ဘေးဒုက္ခရဲ့ ရင်းမြစ်နဲ့ ရှောင်မနေပဲ နေရမှာလဲ..."
ရှစ်ကျန်း - ...
"မင်းဘာကို ဆိုလိုတာလဲ လော့ချင်း... စိတ်လိုက်မာန်ပါမလုပ်ပါနဲ့... ငါပြောထားတာကို မေ့သွားပြီလား... သူ့အဆင့်အတန်းနဲ့ နောက်ခံတွေ အားလုံးက အဲ့မှာရှိနေတယ်... မင်းသားငယ်လေးတစ်ယောက်အနေနဲ့..."
"ကျန်းကော ကောင်းကောင်းနားလိုက်ဦး... ကျွန်တော့်မှာ ကိုယ်ပိုင်အစီအစဉ်တွေရှိပါတယ်... ကျွန်တော့်မှာ အဲ့အစီအစဉ်တွေ ရှိမှာတော့ ကိုယ်ပိုင် လုပ်နိုင်စွမ်းလည်း ရှိတာပေါ့..."
လင်းလော့ချင်းက ဆိုလိုက်သည်။
"သူက ကျွန်တော်ကို လာမစရင် ကျွန်တော်က သေချာပေါက် သွားပြီး ရန်မစပါဘူး... ဒါပေမဲ့ သူက ကျွန်တော်အပေါ်ကို မရှိသင့်တဲ့ အကြံအစည်တွေထားရင်တော့ သူ့ကို သင်ခန်းစာတစ်ခုပေးရမှာ သဘာဝပဲလေ..."
"ဒါပေမဲ့..."
"ကျန်းကော... ကျွန်တော်အခု သရုပ်ဆောင်နေတဲ့ ဇာတ်ကောင်က တတိယ ခေါင်းဆောင်မင်းသားဖြစ်နေပြီ... ကျွန်တော်က မထင်မရှား မင်းသားငယ်လေး မဟုတ်ပါဘူး... ကျွန်တော်ဇာတ်ကောင်ရဲ့ ဇာတ်ကွက်က အတော်လေးကောင်းပြီး
ကျွန်တော့်ရဲ့ ကုမ္ပဏီက ကျွန်တော်ကို ကောင်းကောင်း ထောက်ပံ့ပေးတယ်... ကျွန်တော့်ကို ဘာမှမလွယ်တကူဖြစ်လာစေမှာမဟုတ်ဘူး..."
သူက ထိုသို့ဆိုနေရာ ရှစ်ကျန်းသည် လင်းလော့ချင်းမှာ ကျောက်ယွီနှင့် အမှန်တကယ်ပင် ခြားနားသည်ကို သေချာ သဘောပေါက်သွားလေသည်။