Chapter 118
လင်းလော့ချင်းက သူနှင့် ကျောက်ယွီကဲ့သို့ ဖျော်ဖြေရေးလောကထဲရှိ အစာကွင်းဆက်၏ အောက်ခြေတွင် လှည့်လည်သွားလာနေသော မင်းသားတစ်ယောက် မဟုတ်ပါချေ။ သူ့ကုမ္ပဏီက သူ့ကို အကောင်းမြင်ကာ သူ့ကို ရင်းမြစ်များ၊ အခွင့်အရေးများနှင့် ထောက်ပံ့ပေးထားသည်။
ဤကိစ္စတွင် သူ့ကုမ္ပဏီက သူ့ကို အလွယ်တကူ ကံဆိုးမှုဖြစ်စေရန် ခွင့်မပြုဆိုသည်မှာ မှန်နိုင်ပေသည်။
"အဲ့ဒါဆို မင်းဂရုစိုက်နော်..."
ရှစ်ကျန်းက စိတ်မအေးစွာ ဆိုလိုက်သည်။
"ကျွန်တော်သိပါပြီ..."
လင်းလော့ချင်းက သဘောတူလိုက်သည်။
ရှစ်ကျန်းက ဖုန်းချလိုက်ရာ ရိုက်ကွင်းမန်နေဂျာက သူ့ဆီသို့လာပြီး မေးမြန်းလိုက်သည်။
"ရှောင်ရှစ် မင်း သဘက်ခါလာမှာလား ဒါမှမဟုတ်ရင် အဲ့နောက်ရက်မှလာမှာလား... မင်းသွားရင် ငါထပ်ပြီး ဝန်ထမ်းမလုံမလောက် ဖြစ်တော့မှာ... ငါနောက်ထပ်အလုပ်သမားတွေ ထပ်ရှာရမှာ... အဲ့ဒါတွေအကုန်လုံး ရှောင်ခယ့်ရဲ့ အမှားတွေပဲ... ဒီလောက်ကြာနေပြီကို သူ့ကိစ္စက မပြီးသေးဘူး... တခြားသူတွေရဲ့ အလုပ်ကို နှောင့်နှေးစေတယ်..."
ရှစ်ကျန်းက သူ့ဖုန်းကို တင်းတင်းဆုတ်လိုက်သည်။ သူက စိတ်မပူပဲ မနေနိုင်ပါချေ။
မဟုတ်ဘူး... သူထွက်မသွားနိုင်တာ... အနည်းဆုံးတော့ ဒီကိစ္စအခြေမကျခင်အထိပေါ့...
သို့မဟုတ်ပဲ သူက အလုပ်သမားများနှင့် ယခုထွက်ခွာလိုက်ပါက သူကောင်းကောင်းနားနိုင်မည်မဟုတ်သည်မှာ သေချာပေသည်။
"ဆရာစွန်းက အဲ့လိုပြောမှတော့ ကျွန်တော်ရက်နည်းနည်း ထပ်နေလိုက်ပါမယ်..."
ရှစ်ကျန်းက ဆိုလိုက်သည်။
"အဲ့ဒါ အကောင်းဆုံးပဲ..."
စွန်းထောင်က ပြုံးကာ ဆိုလိုက်သည်။
"ရှောင်ရှစ် မင်းက စိတ်ရင်းကောင်းတယ်... နောက်ဆိုရင် ငါတခြားဒါရိုက်တာတွေတွေ့ရင် မင်းကို သေချာပေါက် ထောက်ခံပေးမယ်..."
ရှစ်ကျန်းက ပြုံးကာ ယဉ္ကျေးစွာဆိုလိုက်သည်။
"ကျေးဇူးပါ..."
လင်းလော့ချင်းမှာ ငါးမျှားရန်ဆုံးဖြတ်လိုက်ရာ အဖွဲ့ထဲတွင် အလုပ်လုပ်ခြင်းကို ရပ်လိုက်သည်။ ဝူရှင်းယွမ်က အလေးတုံးကို သယ်လာပြီး မေးလိုက်သည်။
"မင်း အလေးမ,မတော့ဘူးလား..."
"အင်း..."
"ဘာလို့လဲ..."
လင်းလော့ချင်းက အနားကပ်ကာ သူ့အား မာပေါ်ကျုံး၏ ကိစ္စကို ပြောပြလိုက်သည်။ ဝူရှင်းယွမ်က နားထောင်ကာ သူတို့နှင့်အတူ ထိုကဲ့သို့ အန္တရာယ်တစ်ခုကို သွေးဆောင်နေသည့်အရာ ရှိမည်ဟုမမျှော်လင့်ထားပါပေ။
သို့သော် သူ့ကို အပြစ်တင်၍ မရပါပေ။ လူတိုင်းတွင် သူတို့၏ ကိုယ်ပိုင် လျှို့ဝှက်ချက်များ ရှိပေသည်။ မာပေါ်ကျုံး၏ အစွဲအလမ်းမှာ နက်နက်ရှိုင်းရှိုင်း ဖုန်းကွယ်ထားခဲ့ပေသည်။ သူတို့ အဖွဲ့ထဲသို့ မဝင်ရောက်မီက ဝူရှင်းယွမ်မှာ ထုတ်လုပ်ရေးတွင် ပါဝင်သော အနုပညာရှင်များအားလုံးကို ကြည့်ရှုခဲ့ပေသည်။ သို့သော် သူက မည်သည့် သံသယမှမရှိရာ အနုပညာရှင်များကို နက်နက်ရှိုင်းရှိုင်း စုံစမ်းရန်အတွက် သီးသန့်စုံထောက်တစ်ယောက်ငှားရန် မလုပ်ခဲ့ပေ။ သူက သဘာဝအလျှောက် အမှောင်ထဲတွင် ပုန်းကွယ်ကာ လူသားအရေပြားနောက်တွင် သားရဲတစ်ကောင်ကို ဖုန်းကွယ်ထားပေသည်။
"အဲ့တော့ မင်းက သူ့ကိုမျှားခေါ်ဖို့ စီစဉ်နေတာပေါ့..."
ဝူရှင်းယွမ်က အသံတိုးတိုးဖြင့် ဆိုလေသည်။
လင်းလော့ချင်းက ခေါင်းညိတ်ပြလေသည်။
"ဥက္ကဌ ကျိရော အဲ့ဒါကို သိထားလား..."
"အင်း..."
လင်းလော့ချင်းက သူ့ကို ကြည့်လိုက်သည်။
"သူလည်း သဘောတူပြီးပြီ..."
ကောင်းပြီ... ကျိယွီရှောင်က သဘောတူထားပြီးပြီဆိုတော့ သူက ဘာသဘောမတူစရာရှိမှာလဲ... သူက လင်းလော့ချင်းကို ကောင်းကောင်း ကာကွယ်နိုင်သရွေ့ အဆင်ပြေပါတယ်...
ဘာပဲဖြစ်လာဖြစ်လာ လင်းလော့ချင်းသာ အဆင်ပြေရင် အကုန်အဆင်ပြေတယ်...
"နားလိုက်ဦး... ငါ သူ့ကို မင်းနဲ့ ၂ယောက်တည်း ရှိဖို့ အခွင့်အရေး ပေးမှာမဟုတ်ဘူး..."
"ဟုတ်ပြီ... မင်းသူ့ကို အခွင့်အရေးပေးဖို့ လိုတယ်..."
လင်းလော့ချင်းက ဆိုလိုက်သည်။
"အဲ့လိုမှ မဟုတ်ရင် သူက သူ့မျက်နှာအစစ်ကို ထုတ်ပြမှာမဟုတ်ဘူး..."
သူက ဝူရှင်းယွမ်၏ ခြေထောက်ဘေးရှိ အလေးတုံးကို ညွှန်ပြလိုက်သည်။
"အဲ့ဒါကို ကောက်လိုက်... အချိန်ရောက်လာရင် အဲ့ဒါကို ငါ့ကိုယ်ငါ ကာကွယ်ဖို့ သုံးလို့ရတာတင်မကဘူး... သူ့ကို သေအောင် ဒေါသထွက်အောင် သူ့ရှေ့မှာ မပြလို့ရတယ်..."
ဝူရှင်းယွမ် - ...
ဝူရှင်းယွမ်က ရယ်ကာ ထိုအခိုက်အတန့်တွင် လင်းလော့ချင်းမှာ အမှန်တကယ်ပင် ကလေးတစ်ယောက်ဟု ခံစားလိုက်ရပေသည်။
........
မာပေါ်ကျုံးက ထိုင်ခုံတစ်ခုပေါ်တွင် ထိုင်နေပြီး လင်းလော့ချင်း သူ့အား လရောင်အောက်တွင် ပြောခဲ့သည့် စကားများကို ပြန်တွေးနေပေသည်။ သူ့စကားလုံးများက နိမ့်ချသည်ရော မြှောက်ပင့်သည်ရော မဟုတ်ပါပေ။ ကျိုးကြောင်းဆီလျော်ကာ ယုတ္တိရှိပေသည်။ သူ့အမူအရာများက မရှင်းလင်းသော်လည်း လှပပေသည်။ ကံမကောင်းစွာဖြင့် ထိုစကားလုံးများက သူ့အား ကသိကအောက်ဖြစ်စေသည်။
ထိုခံပြင်းမှုကြောင့် လင်းလော့ချင်းအပေါ် သူ့၏ စိတ်ဝင်စားမှုမှာ အတန်ပင် လျော့နည်းသွားလေသည်။
သို့သော် သူက ယနေ့အတွက် ရိုက်ကွင်းအားလုံး ပြီးစီးသည့်အခါ လင်းလော့ချင်းမှာ ယနေ့အတွက် အလေးမ,မသည်ကို တွေ့ရပေသည်။
ထူးဆန်းတယ်... သူက ပုံမှန်ဆို ဒီအချိန်ရောက်ရင် အလေးမနေကျ မဟုတ်ဘူးလား...
သူမေ့သွားလို့လား ဒါမှမဟုတ် ပင်ပန်းနေလို့လား...
မာပေါ်ကျုံးမှာ ၄င်းက နောက်တစ်ခုကြောင့် ဖြစ်ရန် မျှော်လင့်နေပေသည်။
မာပေါ်ကျုံးက ၄င်းကို စိတ်ထဲတွင်ထားကာ ၄င်းကို တမင်တကာ အနီးကပ် အာရုံစိုက်နေပေသည်။ သူက ယနေ့ညနေခင်းတွင် အလေးတုံးများကို မမြင်ရတော့သည်ကို သတိပြုမိပေသည်။
မာပေါ်ကျုံးက စဉ်းစားရကြပ်နေပေသည်။ သူက လင်းလော့ချင်းနှင့် ဆုံမိရာ တမင်တကာ မေးမြန်းလိုက်ပေသည်။
"မင်းဒီနေ့ ဘာလို့ gym ကို မသွားတာလဲ..."
လင်းလော့ချင်းက သူ့ကိုမြင်သည်နှင့် သူပြင်ဆင်ထားသည်မှာ ကြာပြီဖြစ်သော စကားလုံးများကို ဆိုလိုက်လေသည်။
"အရမ်း ပင်ပန်းနေလို့... ပြီးတော့ ကျွန်တော်လိုမျိုး ပုံမှန်လေ့ကျင့်ခန်း မလုပ်တဲ့ လူတွေက ရုတ်တရက်ကြီး လေ့ကျင့်ခန်းလုပ်ဖို့ မသင့်တော်ဘူးဆိုတာ သိသွားလို့... ဘာတိုးတက်မှုမှ မရှိတဲ့အပြင် ခြေလက်တွေ နာပြီး ဘာမှမလုပ်နိုင်တော့ဘူးလေ..."
"အဲ့ဒါကြောင့် ငါမင်းကို အချိန်မဖြုန်းနဲ့လို့ပြောတာပေါ့..."
မာပေါ်ကျုံးက ဆိုလိုက်သည်။
လင်းလော့ချင်းက ခေါင်းညိတ်ပြလိုက်သည်။
"ဆရာမာပြောတာမှန်တယ်..."
မာပေါ်ကျုံးမှာ ကျေနပ်သွားကာ လင်းလော့ချင်းမှာ ကြည့်ပျော်သည်ဟု ထပ်မံခံစားလာရသည်။
သူက အပြုအမူကောင်းကာ နာခံတတ်သော လူငယ်များကို နှစ်သက်ပေသည်။ လင်းလော့ချင်းမှာ နာခံတတ်သည်ဟု ယူဆ၍ မရသော်လည်း သူက အပြုအမူကောင်းပေသည်။ အထူးသဖြင့် သူက မျက်လွှာချကာ ယခုပြောလိုက်သည့် "ဆရာမာ ပြောတာ မှန်တယ်"ဟူသော နည်းလမ်းမှာ သူ့အကြိုက်နှင့် အလွန်ကိုက်ညီသည်။
မနီးမဝေးရှိ ရှစ်ကျန်းမှာ ငါးစာဟပ်နေသည်အား ကြည့်ကာ တွေးတောနေမိသည်။
ရှစ်ကျန်းက သူ့လက်ထဲမှ မီးခြစ်နှင့် ဆော့ကစားနေကာ စီးကရက်ကို ဆက်သောက်နေလိုက်သည်။
ဝူရှင်းယွမ် သူ့ဖုန်းကို ကြည့်ရန် ခေါင်းငုံ့လိုက်ပြီး သူ့၏ wechat စာတိုများကို ဆက်တိုက် ပြန်နေေလသည်။
ဖျော်ဖြေရေး နယ်ပယ်ထဲရှိ ရိုးရှင်းသော ရုပ်ရှင်ထုတ်လုပ်ရေးတစ်ခုက သူတို့နှစ်ဦးအား သရုပ်ဖျက်ထားသည့် ရဲအရာရှိ၏ ရှာဖွေမှုတစ်ခုနှင့် တူအောင် ပြုလုပ်နေပေသည်။ လင်းလော့ချင်းမှာ မရယ်မိအောင် ထိန်းထားရပေသည်။
မာပေါ်ကျုံးက လင်းလော့ချင်း မျက်နှာပေါ်မှ အပြုံးကိုကြည့်ပြီး လင်းလော့ချင်းက သူ့အကြိုက်နှင့် အမှန်ပင် ကိုက်၍ သက်ပြင်းမချပဲ မနေနိုင်ချေ။
ကျိယွီရှောင်မှာ လင်းလော့ချင်းအား စိုးရိမ်နေဆဲ ဖြစ်လေသည်။ သူက သောကြာနေ့တွင် စတူဒီယိုသို့ အလျင်အမြန်သွားလိုက်ပြီး မာပေါ်ကျုံးက မည်သို့ရုပ်ရည်ရှိသည်ကို မြင်ချင်နေသည်။
သူ ဒီတစ်ခေါက်တွင် လင်းဖေးနှင့် ကျိလဲ့ယွီကို သူနှင့် အတူခေါ်လာလိုက်သည်။ သူ့ လက်ထောက်အား ကြိုတင် ဘိုကင်တင်ကာ ပြင်ဆင်ခိုင်းထားသည့် ဟိုတယ်ခန်းထဲသို့ ကလေးနှစ်ယောက်နှင့်အတူ ဝင်သွားလိုက်သည်။
"ဆာနေကြပြီလား..."
ကျိယွီရှောင်က ကလေးနှစ်ယောက်ကို မေးလိုက်သည်။
"မင်းတို့ ကားပေါ်မှာ ပေါင်မုန့်နဲ့ ဘီစကွတ်နည်းနည်းပဲ စားရသေးတာ... မင်းတို့ အခု စားချင်တာ ရှိလား... ဒယ်ဒီ မှာပေးမယ်..."
လင်းဖေးက ဖက်ထုပ်စားချင်သော်လည်း သူတို့အတူစားနိုင်ရန် လင်းလော့ချင်းကိုလည်း စောင့်ချင်ပေသည်။ သူက မေးလိုက်သည်။
"ရှုရှုက ဘယ်တော့လာမှာလဲ... သူ ဒီည ပြန်လာနိုင်မှာလား..."
"ဒါပေါ့..."
ကျိယွီရှောင်က ပြုံးကာ ဆိုလိုက်လေသည်။
"ငါတို့ ခဏနေရင် သူ့ကို သွားကြိုကြမယ်..."
"အဲ့ဒါဆို ကျွန်တော်တို့ အတူတူစားကြတာပေါ့..."
ကျိလဲ့ယွီက အလျင်အမြန် ခေါင်းညိတ်လိုက်လေသည်။
"အင်း..."
ကျိယွီရှောင်က သူ့နာရီကို ကြည့်လိုက်သည်။ ၁၀နာရီ ထိုးခါနီးပြီဖြစ်ကာ လင်းလော့ချင်း တစ်နေ့တာ အလုပ်ပြီးရမည့် အချိန်ဖြစ်လေသည်။
"ဟုတ်ပြီ... အဲ့ဒါဆိုရင် သားတို့နှစ်ယောက် ခဏလေး ကစားနေလိုက်ကြဦး... ဒယ်ဒီသူ့ကို သွားကြိုလိုက်ဦးမယ်..."
"ဟုတ်ကဲ့..."
လင်းဖေးက သဘောတူလိုက်သည်။
ကျိယွီရှောင်က လော့ကျားကို ကြည့်လိုက်သည်။
"သူတို့ကို ငါ့အစား ကြည့်ထားလိုက်ဦး..."
"နားလည်ပါပြီ..."
လော့ကျားက နံရီကို မှီလိုက်လေသည်။ သူက ဆေးလိပ်သောက်ရန် ခဏ သွားချင်သော်လည်း အခန်းထဲမှ ကလေးနှစ်ယောက်ကို စိုးရိမ်နေရာ ၄င်းကို သည်းခံထားရန် ဆုံးဖြတ်လိုက်သည်။
ကျိယွီရှောင် လင်းဖေးနှင့် ကျိလဲ့ယွီကို နေရာချပေးပြီးနောက် အပြင်သို့ ထွက်ကာ ရှောင်လီဆီသို့ သွားလိုက်သည်။
လော့ကျားက ဆိုဖာသို့ သွားပြီး ထိုင်ချလိုက်သည်။ သူက ဆေးလိပ်သောက်လိုစိတ်ကို ပြေပျောက်စေရန်အတွက် ဖျော်ရည်တစ်ပုလင်းကို ဖောက်လိုက်လေသည်။
အနည်းငယ်သောက်ပြီးနောက် လင်းဖေးနှင့် ကျိလဲ့ယွီတို့အား သောက်ချင်လားဟု မေးလိုပေသည်။ သို့သော် သူခေါင်းမော့လိုက်သည့်အခါ လင်းဖေးက သူ့၏ စာအုပ်အိတ်ကို ကောက်ကာ ထိုင်ရန် နေရာတစ်ခုကို ရှာကာ အိမ်စာလုပ်ရန်အသင့်ဖြစ်နေသည်ကို တွေ့လိုက်ပေသည်။
"ဖေးဖေး ဖျော်ရည်သောက်ချင်သေးလား..."
သူက မေးလိုက်လေသည်။
လင်းဖေးက ခေါင်းခါလိုက်သည်။
"ကျေးဇူးပါ ဦးလေး အခုတော့ မသောက်ချင်သေးဘူး..."
လော့ကျားက ခေါင်းညိတ်ပြကာ ကျိလဲ့ယွီကို ကြည့်လိုက်သည်။ သူက ကျိလဲ့ယွီမှာ TV ရီမုနှင့် ဆော့ကာ TV ရှေ့တွင် ရပ်နေသည်ကို တွေ့လိုက်ပေသည်။ သူ TV ကြည့်ချင်နေသည်မှာ သိသာပေသည်။
လော့ကျား - ...ဘာပဲဖြစ်ဖြစ် မင်းတို့နှစ်ယောက်က တစ်အိမ်ထဲက ကလေးတွေလေ... ဘယ်လိုလုပ်ပြီး မင်းတို့နှစ်ယောက်ကြားမှာ ဒီလောက် ကွာခြားရတာလဲ...
"ရှောင်ယွီ သားက အိမ်စာမလုပ်ဘူးလား... ဖေးဖေးတောင် သူ့အိမ်စာလုပ်နေပြီ..."
ကျိလဲ့ယွီက သူ့ကိုကြားကာ ခေါင်းလှည့်လိုက်သည်။
"ဦးလေး လော့... ဦးဦးက သား ဖျော်ရည်သောက်ချင်လားလို့ မေးရမှာမဟုတ်ဘူးလား..."
လော့ကျားက ခပ်ဖွဖွရယ်လိုက်လေသည်။
"အဲ့ဒါဆိုရင် မင်းနည်းနည်းသောက်ချင်လား..."
ကျိလဲ့ယွီက ခေါင်းညိတ်ကာ သူ့ဆီသို့ လျှောက်လာလေသည်။
လော့ကျားက ဖော်ရည်တစ်ပုလင်းကို အဖုံးဖွင့်ကာ ကမ်းပေးလိုက်သည်။ ထို့နောက် သူက ဆိုလိုက်သည်။
"ဒါယူပြီး ဖေးဖေးနဲ့သောက်လိုက်... ပြီးတော့ သူနဲ့အတူတူ အိမ်စာလုပ်..."
ကျိလဲ့ယွီ - ...အဲ့ဒါဆို ဖျော်ရည်က နည်းလမ်းတစ်ခုပဲပေါ့...
သူက ဖျော်ရည်ကိုယူကာ တစ်ငုံသောက်ပြီး လင်းဖေးကို ပေးလိုက်သည်။
လင်းဖေးက မသောက်ပါပေ။ ထိုအစား သူက ခေါင်းမော့ကာ သူ့ကို ကြည့်လိုက်သည်။
"မင်းအိမ်စာက ဘယ်မှာလဲ..."
ကျိလဲ့ယွီ - ...
"အိမ်ပြန်ရောက်မှ သားရေးလိုက်မယ်..."
ကျိလဲ့ယွီက ရုန်းကန်နေပေသည်။
"အခုလုပ်..."
"ကိုကို မပင်ပန်းဘူးလား..."
ကျိလဲ့ယွီက မေးလိုက်သည်။
"သားတို့က တစ်ညလုံး ကားစီးလာရတာလေ..."
"အဲ့ဒါကြောင့် တနင်္ဂနွေနေ့ည အိမ်ပြန်ရောက်ရင် မင်းက ရေးဖို့ ပိုတောင်ပျင်းနေဦးမှာ..."
ကျိလဲ့ယွီ - ...အဲ့ဒါက ကျိုးကြောင်းဆီလျော်သားပဲ...
လင်းဖေးက စားပွဲရှိ သူ့ဘေးမှ နေရာလွတ်ကို ပွတ်ပြလိုက်သည်။ သူ့၏ သတင်းစကားမှာ အလွန် ရှင်းလင်းပေသည်။
ကျိလဲ့ယွီက ကူကယ်ရာမဲ့သည်ဟု ခံစားလိုက်ရသည်။
"သားသိပြီ... သားသိပါပြီ... အခုပဲ လုပ်လိုက်ပါမယ်..."
သူက စိတ်ဓာတ်ကျကာ ခေါင်းငုံ့ပြီး စာအုပ်အိတ်ကို ယူလိုက်သည်။ ထို့နောက် သူက စိတ်ဓာတ်ကျနေသော ခံစားချက်ဖြင့် ထိုင်ခုံကို ဆွဲထုတ်ကာ စိတ်ဓာတ်ကျနေသော ခံစားချက်ဖြင့် အိမ်စာစလုပ်လိုက်လေသည်။
လော့ကျားက နေလောင်ထားသည့် ငါးတစ်ကောင်နှင့်တူသည့် ကျိလဲ့ယွီကို ကြည့်ကာ မရယ်ပဲ မနေနိုင်ပါချေ။ သူက ဖုန်းဖြင့် ဓာတ်ပုံအနည်းငယ် ရိုက်လိုက်သည်။
လင်းလော့ချင်းမှာ ရိုက်ကူးရေးပြီးနောက် ပြန်လာစဉ်တွင် ရှောင်ဝမ်ဘေးတွင် ရင်နှီးသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။
သူက ကြောင်အသွားပြီး အကြိမ်အနည်းငယ် သတိလက်လွတ် မျက်တောင်ခတ်လိုက်သည်။ သူက မျက်တောင်ခတ်ရင်းဖြင့် ၄င်းမှာ ကျိယွီရှောင်ဖြစ်သည်ကို သဘောပေါက်သွားလေသည်။
ပျော်ရွှင်ဖွယ် အံ့အားသင့်မှုက သူ့နှလုံးသားထဲတွင် ခုန်ပေါက်နေပေသည်။ လင်းလော့ချင်းက အပြည့်အဝ တုံ့ပြန်ချိန် မရသေးခင်မှာပင် သူ့ခန္ဓာကိုယ်က လက်ဦးမှုယူကာ ကျိယွီရှောင်ဆီသို့ ပြေးသွားလိုက်သည်။
ကျိယွီရှောင်က သူပြေးလာသည်ကိုကြည့်ကာ သူ့ရှေ့တွင် ထင်ရှားလှသော အပြုံးဖြင့် ရပ်နေလိုက်သည်။ သူ့မျက်လုံးများက တောက်ပကာ လင်းလက်နေပေသည်။ ကျိယွီရှောင်က ရယ်မောကာ ဆိုလိုက်သည်။
"မင်း အရင်တုန်းကလည်း ပြေးတာ သေချာတယ်... လေ့ကျင့်တာက သွေးကြောထဲ မရောက်တဲ့ပုံပဲ..."
"ဒါပေါ့..."
လင်းလော့ချင်းက ရွှင်မြူးစွာဆိုလိုက်သည်။
သူက ကျိယွီရှောင်ကို မှီလိုက်သည်။
"ငါက အလေးတုံးတွေနဲ့လည်း လေ့ကျင့်ထားတယ်... ငါအခု မင်းကို အလွယ်လေး ချီနိုင်ပြီဆိုရင် မင်းယုံလား..."
ကျိယွီရှောင်က မယုံပါပေ။
"လောလောဆယ် စိတ်အေးအေးထားပါဦး... ခါးနာပြီး အဆုံးသတ်မသွားအောင် ဂရုစိုက်..."
"အဲ့ဒါဆို နောက်ကျမှ စမ်းကြည့်ရမယ်..."
လင်းလော့ချင်းက ရည်ရွယ်ချက်ဖြင့် ဆိုလိုက်သည်။
ကျိယွီရှောင်က သူ့နောက်ကိုကြည့်ကာ မေးလိုက်သည်။
"မြင်းအိုကြီးရော ဘယ်မှာလဲ..."
(မာပေါ်ကျုံးရဲ့ မာက မြင်းဆိုတာနဲ့ အတူတူပဲမို့ ဒီမှာ ကျိယွီရှောင်က မာပေါ်ကျုံးကို ပြောနေတာပါ...)
"သူ မရှိဘူး... ဒီညနေ သူ့အခန်းမပါဘူး... သူစောစောပြန်သွားတာ..."
ကျိယွီရှောင်က ခေါင်းညိတ်လိုက်သည်။
"ဘာနေနေ သူကအတော်လေးတော့ အိုနေပါပြီ... အသက်ကြီးတဲ့လူတွေက ဒီလောက်နောက်ကျအောင် မနေနိုင်ဘူး..."
လင်းလော့ချင်းမှာ သူ့၏ မာပေါ်ကျုံးအား အသက်ကြီးသည်ဟု အဆက်မပြတ် ညွှန်းဆိုမှုအပေါ်တွင် ရွှင်မြူးကာ ရယ်လိုက်လေသည်။
"ဟုတ်တယ်... ငါတို့ ဥက္ကဌ ကျိနဲ့ ယှဉ်ရင် ဘယ်သူက ငယ်တယ်လို့ ယူဆလို့ရမှာလဲ..."
"ဒါပေါ့ မြင်းအိုကြီးရဲ့ မျက်လုံးထဲ ထင်းနေတဲ့ လူငယ်လေးက မင်းဖြစ်ရမယ်လေ..."
လင်းလော့ချင်းက ဟက်ဟက်ပက်ပက်ရယ်လိုက်သည်။
"မင်းက ငါ့ကို ရယ်အောင်လုပ်ဖို့ ဒီအထိလာခဲ့တာလား..."
"အဲ့လိုမှ မဟုတ်ရင်..."
ကျိယွီရှောင်က သူ့ကို ကြည့်လိုက်လေသည်။
"မင်းကို ငိုအောင်လုပ်ရမှာလား..."
"ဟုတ်ပြီ..."
လင်းလော့ချင်းက ခေါင်းညိတ်ကာ သူ့၏ ဘီးတပ်ကုလားထိုင်ကို စတင်တွန်းလိုက်လေသည်။
"အဲ့ဒါဆိုရင် ငါတို့ရယ်ဖို့ နောက်တစ်နေရာ ရှာရအောင်..."
"ငါတို့က တကယ်ကို ပိုကောင်းတဲ့ တစ်နေရာရှာသင့်တယ်..."
ကျိယွီရှောင်က ပတ်ဝန်းကျင်အား ခေါင်းလှည့်ကြည့်လိုက်သည်။
"ငါ ဟိုတယ်အခန်းတစ်ခု ဘိုကင်တင်ထားတယ်... အဲ့ဒါက မင်းတို့အဖွဲ့တည်းတဲ့ ဟိုတယ်တော့မဟုတ်ပေမဲ့ သိပ်မဝေးဘူး... ဒီနေ့နဲ့ မနက်ဖြန် အဲ့မှာလာနေလိုက်... ငါရှောင်လီကို မင်းကို မောင်းပို့ခိုင်းလိုက်မယ်..."
"ဟုတ်ပြီ..."
လင်းလော့ချင်းက ချင်ချင်းပင် သဘောတူလိုက်လေသည်။
သူက ဝူရှင်းယွမ်ကို အသိပေးကာ ကျိယွီရှောင်နှင့်အတူ ရှောင်လီ၏ ကားဆီသို့ သွားလိုက်သည်။
ကားက ငြိမ့်ညောင်းပေသည်။ လင်းလော့ချင်းက ကားပြတင်းပေါက်မှ အပြင်ကို ကြည့်ကာ အများကြီး မတွေးပါပေ။ သူက ကျိယွီရှောင်မှာ ရိုက်ကူးရေးအဖွဲ့မှ ဘိုကင်တင်ထားသော ဟိုတယ်အား သက်သောင့်သက်သာ မဖြစ်၍ ဟိုတယ်ပြောင်းလိုက်ခြင်း ဖြစ်နိုင်သည်ဟုသာ တွေးနေပေသည်။
သူက ရှောင်လီကားရပ်လိုက်သည်ကို ကြည့်ကာ အံ့ဩတကြီး ဆိုလိုက်သည်။
"အဲ့ဒါက တကယ်ကြီး အဲ့လောက်မဝေးဘူးပဲ..."
"ငါက ဒါကို တမင်ရွေးထားတာ..."
ကျိယွီရှောင်က ဆိုလိုက်သည်။
"အဲ့ဒါမှ မင်းအလုပ်ကိုလည်း အနှောင့်အယှက်မဖြစ်ပဲ ရည်ရွယ်ချက် နှစ်ခု တစ်ခါတည်း ပြည့်စေမှာ..."
အတန်ပင် တွေးတောတတ်သည့် လင်းလော့ချင်းက သူ့ကိုကြည့်လိုက်ပြီး သူ့မျက်လုံးမျာ
းက နွေးထွေးမှုများဖြင့် ပြည့်နေလေသည်။
သူက ကျိယွီရှောင်ကို ကားပေါ်မှ သယ်လာပြီး ဟိုတယ်ထဲသို့ တွန်းသွားလိုက်သည်။
ရှောင်လီ၏ အခန်းမှာ သူတို့နှင့် အထပ်အတူတူပဲဖြစ်သည်။ သူ့အခန်းမှာ ဓာတ်လှေကားနှင့် နီးပြီး သူက လင်းလော့ချင်းနှင့် ကျိယွီရှောင်တို့မတိုင်ခင်တွင် အခန်းထဲသို့ ဝင်သွားလိုက်သည်။