Chapter 119
လင်းလော့ချင်းနှင့် ကျိယွီရှောင်တို့က အထူးအခန်းသို့ လျှောက်သွားလိုက်သည်။ လင်းလော့ချင်းက ကျိယွီရှောင်သူ့အားပေးသည့် အခန်းသော့ကတ်ကို ထုတ်ကာ ဖွင့်လိုက်ပြီး ကျိယွီရှောင်ကို တွန်းသွားလိုက်သည်။
ဟိုတယ်ခန်းမှာ အခန်းများစွာပါဝင်ပေသည်။ ၄င်းမှာ ရိုက်ကူးရေးအဖွဲ့က သူ့အတွက် ငှားပေးထားသည့်အခန်းထက် များစွာ ပိုကျယ်ပေသည်။
"မင်းက တကယ်ကြီး အဆင့်မြင့်အခန်းကို ငှားလိုက်တာလား..."
လင်းလော့ချင်းက သူ့အခန်းဆီသို့ ကျိယွီရှောင် ပထမဆုံးအကြိမ် လာသည့်အချိန်က ပြောခဲ့သည့် အထင်အမြင်သေးသည့် စကားလုံးများကို ပြန်သတိရသွားလေသည်။
"အဲ့လိုမဟုတ်ရင်..."
ကျိယွီရှောင်က ဘီးတပ်ကုလားထိုင်ကို မှီလိုက်လေသည်။
"ငါမင်းကို အဆင့်မြင့်အခန်းမှာ နေခွင့်ပြုမယ်လို့ပြောတာက တကယ်စိတ်ထဲရှိလို့ပဲ... မင်းယောက်ျားက မင်းကို လိမ်ပါ့မလား..."
လင်းလော့ချင်းက ရယ်လိုက်လေသည်။
ကျိယွီရှောင်က ဘီးတပ်ကုလားထိုင်ကို ဆွဲကာ ရပ်လိုက်ပြီး သူ့ဆီသို့ ခေါင်းလှည့်လိုက်သည်။
"မင်းမျက်လုံးတွေ မှိတ်ထား... ငါမှာ မင်းအတွက် အံ့အားသင့်စရာတစ်ခုရှိတယ်..."
လင်းလော့ချင်းက သိလိုစိတ်ပြည့်သွားလေသည်။
"ဘာအံ့အားသင့်စရာလဲ..."
"မင်း မျက်လုံးမှိတ်ပြီးရင် သိလိမ့်မယ်..."
လင်းလော့ချင်းက ချက်ချင်းပင် သူ့မျက်လုံးကို မှိတ်လိုက်လေသည်။
"ဒါဆိုရပြီလား..."
ကျိယွီရှောင်က လက်ခုတ်တီးလိုက်ရာ တွဲရက် အခန်းတံခါးမှာ တိတ်တဆိတ်ပွင့်သွားလေသည်။ လင်းဖေးနှင့် ကျိလဲ့ယွီမှာ သတိတကြီး ထွက်လာပြီး လင်းလော့ချင်းရှေ့တွင် ရပ်လိုက်လေသည်။ ထိုနောက် သူတို့က အော်လိုက်သည်။
"surprise..."
လင်းလော့ချင်းက အံ့အားသင့်သွားပြီး မျက်လုံးဖွင့်လိုက်ရာ သူက လင်းဖေးနှင့် ကျိလဲ့ယွီက သူ့ရှေ့တွင် ရိုရိုကျိုးကျိုးရပ်နေသည်ကို မြင်လိုက်ရသည်။
သူက ပျော်ရွှင်စွာ အံ့အားသင့်နေကာ မေးလိုက်လေသည်။
"မင်းတို့နှစ်ယောက်က ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ..."
"ဒယ်ဒီက ပါးပါးကိုတွေ့ဖို့ သားတို့နှစ်ယောက်ကို ခေါ်သွားမယ်လို့ပြောတယ်..."
ကျိလဲ့ယွီက ချိုသာစွာ ဆိုလိုက်သည်။ ထို့နောက် သူက ပြေးလာကာ လင်းလော့ချင်း၏ ခြေထောက်ကို ဖက်ထားလိုက်သည်။
"ပါးပါး... သားက လွမ်းနေတာ..."
လင်းလော့ချင်း၏ နှလုံးသားမှာ သူ့၏ ချိုမြိန်ကာ နူးညံ့သော အသံလေးကြောင့် အရည်ပျော်ရန် ခြိမ်းခြောက်ခံနေရပေသည်။ သူက ကျိလဲ့ယွီ၏ ခေါင်းကို ပွတ်ကာ ညင်သာစွာဆိုလိုက်သည်။
"ပါးပါးလဲ သားကို လွမ်းနေတာ..."
ထို့နောက် သူက လင်းဖေးကို ကြည့်လိုက်သည်။
"ပြီးတော့ သားကိုရောပဲ..."
လင်းဖေးက ပြုံးပြလိုက်သည်။ သူ့မျက်လုံးများမှာ လခြင်းကွေးများသဖွယ် ကွေးတက်သွားပြီး လအသေးစားလေးတစ်ခုသဖွယ် ဖြစ်နေပေသည်။
လင်းလော့ချင်းက သူ့အား လက်ယပ်ခေါ်လိုက်ပြီး သူ့ကို ဆွဲကာ ဖက်ထားလိုက်သည်။ သူက လက်မောင်းတစ်ဖက်စီတွင် ကလေးတစ်ယောက်ရှိနေပြီး တစ်နေ့လုံး ပင်ပန်းလာသည်များက ပျောက်သွားသည်ဟု ခံစားလိုက်ရပေသည်။
ကျိယွီရှောင်က သူ လက်မောင်းတစ်ဖက်တွင် ကလေးတစ်ယောက်ကို ဖက်ထားသည်အားကြည့်ကာ နေရာတွင် ရပ်နေလိုက်သည်။ သူလည်း ဝင်ဖက်လိုသော်လည်း သူ့အတွက် နေရာမရှိသည့်ပုံပင်။
ဟင်း...
"သားတို့နှစ်ယောက် စားပြီးပြီလား..."
လင်းလော့ချင်းက စိုးရိမ်စွာ မေးလိုက်သည်။
"မစားရသေးဘူး..."
ကျိယွီရှောင်က ပြန်ဖြေလိုက်သည်။
"သူတို့က မင်းကို စောင့်ပြီး ကားထဲမှာပဲ အဆာပြေမုန့်တွေ စားရသေးတာ..."
"အဲ့ဒါဆို အရင်ဆုံး စားကြစို့..."
လင်းလော့ချင်းက ကလေးနှစ်ယောက်အတွက် စိတ်မကောင်းဖြစ်ကာ ဆိုလိုက်သည်။
"နောက်တစ်ခါ ပါးပါးကိုစောင့်ရင် တစ်ခုခုအရင်စားထားနော်... သားတို့က ပါးပါးနဲ့ အတူတူစားချင်တယ်ဆိုရင် ပါးပါးတို့က မုန့်ပဲဖြစ်ဖြစ် အတူတူစားလို့ရတယ်လေ..."
"ဟုတ်ကဲ့ပါ..."
ကျိလဲ့ယွီက သူ့ကိုကြည့်ကာ သူ့အသံမှာ နူးညံ့မှာ ချွဲပစ်နေလေသည်။
"ပါးပါးက အိမ်ပြန်ရောက်ရင် အမြဲတမ်း သားတို့ကို အတူစားဖို့စောင့်နေတာလေ... အဲ့တော့ သားတို့လဲ စောင့်နိုင်ပါတယ်..."
လင်းဖေးက ခေါင်းညိတ်ပြလိုက်သည်။
လင်းလော့ချင်းမှာ ကလေးနှစ်ယောက်မှာ လိမ္မာပြီး ချိုမြိန်သည်ဟု ခံစားလိုက်ရသည်။
သူက ခေါင်းငုံ့ကာ ကလေးနှစ်ယောက်၏ ပါးကို မနမ်းပဲ မနေနိုင်တော့ပါချေ။
"ပါးပါးရဲ့ ကလေးတွေ..."
ကျိယွီရှောင် - ...သူက ဖက်တာကို မေ့လိုက်လို့ရပါတယ်... ဒါပေမဲ့ အခုအနမ်းတောင် မရတော့ဘူးလား...
လွန်လွန်းတယ်...
သူက အဲ့ဒါကို မှတ်ထားမှာ...
ကျိယွီရှောင်က မီနူးကို ကောက်ကိုင်လိုက်ကာ မိသားစု သုံးယောက်ဆီသို့ ကမ်းပေးလိုက်လေသည်။
"ဒီမှာ မင်းတို့ဘာစားချင်လဲ ကြည့်ကြ..."
လင်းလော့ချင်းက ၄င်းကို လက်ခံလိုက်ပြီး ကလေးနှစ်ယောက်ကို ဆိုဖာပေါ်သို့ ခေါ်သွားလိုက်သည်။ သူက မီနူးကို လျှောက်လှန်လိုက်ကာ သူတို့ကို မေးလိုက်သည်။
"သားတို့ စားချင်တာ ရှိလား..."
"ကျွန်တော် ဖက်ထုပ်စားချင်တယ်..."
လင်းဖေးက ဆိုလိုက်သည်။
"အဲ့ဒါဆို သားလဲ ဖက်ထုပ်စားချင်တယ်..."
ကျိလဲ့ယွီက လင်းလော့ချင်းကို မီလိုက်သည်။
"ဟုတ်ပြီ..."
လင်းလော့ချင်းက မီနူးကို ပိတ်လိုက်သည်။
"အဲ့ဒါဆို ပါးပါးလဲ သားတို့နဲ့အတူ ဖက်ထုပ်စားမယ်..."
"မင်းကရော..."
သူက ကျိယွီရှောင်ကို မေးလိုက်သည်။
ကျိယွီရှောင်က အဖွဲ့သဘောအတိုင်း လိုက်လိုက်သည်။
"မင်းတို့နဲ့ အတူတူပဲ..."
လင်းလော့ချင်းက ပြုံးလိုက်သည်။ သူက ရုတ်တရက် သူတို့က ယခုတွင် လမုန့်များစားသင့်သည်ဟု ခံစားလိုက်ရပေသည်။ မည်သို့ပင်ဆိုစေ ဤသည်က သူတို့ ပြန်လည် ဆုံတွေ့သည့် နေ့ဖြစ်သည်။
စားသောက်ပြီးနောက် လင်းလော့ချင်းက လင်းဖေးနှင့် ကျိလဲ့ယွီကို ရေကူချိုးပေးကာ အိပ်ရာဝင်စေလိုက်သည်။
ထို့နောက် လင်းလော့ချင်းက ကလေးနှစ်ယောက်အတွက် တံခါးပိတ်ကာ ကျိယွီရှောင်၏ အခန်းဆီသို့ လျှောက်လာလိုက်သည်။
ကျိယွီရှောင်က သူ့ကို ကြည့်ကာ ဖုန်းကို ချလိုက်ပြီး စာရင်းရှင်းရန် ဆုံးဖြတ်လိုက်သည်။
"မင်းက ငါ့အတွက် တစ်ခုခုကို လျစ်လျူရှုထားမိတယ်လို့ မထင်ဘူးလား..."
လင်းလော့ချင်းက ကြောင်အနေလေသည်။
"ဘာလဲ..."
"ငါလည်း မင်းကို လာတွေ့တာပဲလေ... မင်းက ရှောင်ယွီနဲ့ ဖေးဖေးကိုတော့ နမ်းတယ်... ဒါပေမဲ့ ငါ့ကို ဘာလုပ်ပြီးပြီလဲ..."
လင်းလော့ချင်းက ပြုံးကာ အနားသို့ ကပ်လိုက်သည်။ သူက သူ့ဘေးတွင် ထိုင်ကာ ဆိုလိုက်သည်။
"ငါဘာမှ မလုပ်ရသေးဘူး..."
ကျိယွီရှောင်က သူ့ခေါင်းကို အနည်းငယ် စောင်းလိုက်သည်။
"အဲ့တော့ မင်းက အဲ့ဒါကို သင့်တော်တယ်လို့ထင်လား..."
လင်းလော့ချင်းက ၄င်းကို တမင်တကာ တွေးတောချင်ယောင်ဆောင်လိုက်သည်။
"အဲ့ဒါဆို ဒါက အဆင်ပြေလား..."
ထို့နောက် သူက ခေါင်းမော့ကာ ကျိယွီရှောင်ကိုနမ်းလိုက်သည်။ ကျိယွီရှောင်မှာ ခေတ္တမျှ ကြောင်အနေပြီးနောက် လင်းလော့ချင်း၏ ခါးကို ဖက်ထားလိုက်ပြီး ဦးဆောင်မှုကို စတင်ယူလိုက်လေသည်။ သူက လင်းလော့ချင်း၏ ပါးစပ်ထဲသို့ နေရာမလပ် ရှာဖွေနေလေတော့သည်။
လင်းလော့ချင်းက သူ့၏ ထွေးပွေ့မှုထဲသို့ မှီခိုကာ သူ့အသက်ရှုသံမှာ ကျိယွီရှောင်၏ အနမ်းကြောင့် လေးလံကာ အလွန်မတည်မငြိမ် ဖြစ်နေသည်။ သူတို့ကြားတွင် လျစ်လျူရှု၍ရသော အကွာအဝေးအနည်းငယ် ထားလိုက်သည်။ သူ့မျက်ခုံးများမှာ နူးညံ့ကာ သူ့မျက်လုံးများထဲမှ မြူခိုးက ညင်သာ၊ အပြစ်ကင်းပြီး ဆွဲဆောင်မှုရှိလှပေသည်။
ကျိယွီရှောင်က သူ့နှုတ်ခမ်းကို အနည်းငယ် ပွတ်သပ်ကာ သူတို့ကြားတွင် ထပ်မံနီးကပ်စေလိုက်သည်။
ဤတစ်ကြိမ်တွင် သူက ဖြည်းညင်းစွာ ပြုလုပ်ကာ အနမ်းမှာ စွဲကျန်ရစ်နေသည့် မပြတ်သားမှုတစ်ခု ရရှိလာလေသည်။
လင်းလော့ချင်းက အသက်မရှုပဲ နမ်းနေပေသည်။
သူက ကျိယွီရှောင်၏ ခါးကို ဖက်ကာ သူ့ရင်ဘတ်ကို မှီလိုက်သည်။ ရှင်းမပြတတ်သော မပြတ်သားမှုတစ်ခုက သူတို့ကို ဝန်းရံနေသည်ဟု ခံစားလိုက်ရသည်။
"မင်းဒီတစ်ခေါက် ဘယ်လောက်ကြာကြာနေလို့ရလဲ..."
သူက ကျိယွီရှောင်ကို မေးလိုက်သည်။
ကျိယွီရှောင်က သူ့ကို ဖက်ထားကာ ညင်သာစွာ ပြန်ဖြေလိုက်သည်။
"ပိတ်ရက်ပဲ... ငါ တနင်္ဂနွေ ညနေကျရင် ပြန်ရမှာ..."
လင်းလော့ချင်းက ပျော်ရွှင်သွားလေသည်။
"အဲ့ဒါဆို နှစ်ရက်တောင်ကျန်သေးတယ်ပေါ့..."
"အင်း..."
ကျိယွီရှောင်က သူ့မျက်လုံးထဲမှ ဝေဝါးခြင်းကို ကြည့်ကာ သူ့မျက်နှာကို နမ်းလိုက်သည်။
"ငါမင်းနဲ့ အချိန်နည်းနည်း ပိုဖြုန်းလို့ရတယ်..."
"မင်းငါ့ကို အဖော်ပြုဖို့ လိုတာမျိုး မဟုတ်ပါဘူး..."
လင်းလော့ချင်းက စိတ်ကြီးဝင်နေဟန် အနည်းငယ်ဖြင့် ခပ်ချွဲချွဲဆိုလိုက်သည်။
ကျိယွီရှောင်က ခပ်ဖွဖွ ပြုံးလိုက်သည်။
"တကယ်ပဲ... အခုမင်းမှာ ပိုပြီးရင့်ကျက်တဲ့ လူအိုကြီးမာနဲ့ ငယ်ရွယ်ပြီး တက်ကြွတဲ့ ရှစ်ကျန်းရှိနေပြီပဲ... ငါ့ကို တကယ်မလိုတော့တဲ့ပုံပဲ..."
လင်းလော့ချင်းက ရယ်ရမည်လား ငိုရမည်လားပင် မသိတော့ပါချေ။
"ဒီအချိန်မှာ ဘာလို့ သူတို့အကြောင်းပြောနေတာလဲ..."
"ငါက မင်းရဲ့ လွှမ်းမိုးမှုကို ပြောပြနေတာပဲ ရှိတာ မဟုတ်ဘူးလား..."
ကျိယွီရှောင်က သူ့ကို ကြည့်လိုက်သည်။
"မင်းက အိမ်ကနေ ထွက်သွားတာ ဘယ်လောက်ကြာသေးလို့လဲ... အတော်ကို အထင်ကြီးစရာကောင်းပါတယ်... ဆရာကတော်ကျိ..."
"ငါအိမ်မှာမရှိတဲ့ အချိန်ခဏလေးကို အခွင့်ကောင်းယူပြီး ရှာလကာရည် စက်ရုံတစ်ရုံဆောက်လိုက်တဲ့ ဥက္ကဌ ကျိလောက်တော့ မဟုတ်ပါဘူး..."
ကျိယွီရှောင် - ...
"ငါက အရမ်းချောပေမဲ့ ညင်သာပြီး ကြင်နာတရားကြီးမားတတ်တဲ့ အရမ်းထူးချွန်တဲ့ စရိုက်တစ်ခုရှိတယ်... ဒါပေမဲ့ ဥက္ကဌကျိက ငါ့ကိုပဲ အရမ်း မွေ့လျော်မနေသင့်ဘူးနော်... မင်းမှာလည်း ကိုယ်ပိုင် ဩဇာနဲ့ နှစ်လိုဖွယ် အရာတွေ ရှိတာကို ယုံရမယ်..."
ကျိယွီရှောင် - ...
"ငါက မင်းအတွက် ဘာလဲဆိုတာ မေ့သွားပြီလား..."
"ဘာလဲ..."
လင်းလော့ချင်းက တမင်မေးလိုက်လေသည်။
ကျိယွီရှောင်က သူ့ပါးကို ဆွဲညစ်လိုက်သည်။
"မင်းရဲ့ နတ်ဘုရားကို ဘယ်လိုလုပ်ပြီး ဒီလိုမျိုး ပြောရတာလဲ... မင်းက လုံးဝကို စိတ်ထားမြင့်မြတ်ပြီး ဂရုမစိုက်တတ်ဘူးဆိုတာ ငါသိပါပြီ... မင်းရဲ့ တောင်ပံတွေက ရင့်ကျက်ပြီး မာကျောလာပြီး မင်းကို လွတ်လွတ်လပ်လပ် ပျံသန်းခွင့်ပြုနေပြီဆိုတာ သေချာတယ်..."
လင်းလော့ချင်းက ပျော်ရွှင်စွာ ပြုံးလိုက်သည်။ သူက ကျိယွီရှောင်၏ လက်ကို ကိုင်ကာ သူ့နှုတ်ခမ်းဆီသို့ မြှောက်လိုက်ပြီး နမ်းလိုက်သည်။
"ကောင်းကောင်းနားလိုက်ဦး... ငါက မင်းရှေ့မှာ မဟုတ်လား... ငါအဝေးကို မပျံနိုင်ပါဘူး..."
"မင်းက ဘယ်လိုပျံချင်လို့လဲ..."
ကျိယွီရှောင်က မေးလိုက်သည်။
လင်းလော့ချင်းက အနည်းငယ်တွေးတောလိုက်ကာ အနားသို့ ကပ်လာပြီး သူ့နားနားသို့ကပ်ကာ တီးတိုးဆိုလိုက်သည်။
"မင်းနှလုံးသားထဲကို ဖြစ်မှာပေါ့..."
ကျိယွီရှောင် - ...
ကျိယွီရှောင်က သူ့ရှေ့မှ ဉာဏ်များကာ ထက်မြက်သော လူကိုစိုက်ကြည့်လိုက်သည်။ သူက သူ့အား ကြမ်းကြမ်းတမ်းတမ်း နမ်းပစ်ရန်အတွက် ထိန်းချုပ်မထားနိုင်တော့ပါပေ။
သူကတော့ တကယ်ကို... အနမ်းခံရဖို့ တောင်းဆိုနေတာပဲ...
.......
လင်းလော့ချင်း သူ့ဘေးတွင် ရှိပါက ကျိယွီရှောင်မှာ နောက်ဆုံးတွင် ရှားပါးလှသည့် ကောင်းမွန်လှသော အိပ်စက်ခြင်းတစ်ခု ရနိုင်သည်။
နောက်တစ်နေ့ နံနက် နိုးစက်မြည်လာသည့်အခါ လင်းလော့ချင်းက ၄င်းကို လှမ်းပိတ်ရန် လက်လှမ်းလိုက်ရာ သူ့နောက်မှ လူက ရွေ့လျားကာ သူ့ကို ဖက်ထားသည်ကို ခံစားလိုက်ရသည်။
သူ့လက်များမှာ သူ့ရင်ဘတ်ရှေ့တွင် ဖြစ်ပြီး သူ့မေးစေ့က လင်းလော့ချင်း၏ ပခုံးပေါ်တွင် ရှိနေသည်။ စောင်အောက်တွင် နွေးထွေးနေကာ လင်းလော့ချင်းက ရုတ်တရက် ထကာ အလုပ်မသွားလိုစိတ်ပေါက်လာပေသည်။
သူက ကျိယွီရှောင်၏ လက်ကိုကိုင်ကာ ခေတ္တမျှ လှဲနေလိုက်ပြီး နောက်ဆုံးတွင် အိပ်ရာထဲမှ ထလိုက်လေသည်။ ကျိယွီရှောင်က သူ့လှုပ်ရှားမှုများကို အာရုံခံမိကာ စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။
"ရိုက်ကူးရေး စတူဒီယိုကို သွားမလို့လား..."
"အင်း..."
လင်းလော့ချင်းက ဆိုလိုက်သည်။
"ငါ အဝတ်အစားအတွက် ပြင်ရဦးမှာ..."
ကျိယွီရှောင်က မသိစိတ်ဖြင့် ပို၍ တင်းတင်းဖက်ထားလိုက်သည်။ သူက သူ့ပခုံးကို ပွတ်သပ်ကာ ခပ်ချွဲချွဲပြုမူနေသော ခွေးကြီးတစ်ကောင်နှင့် ဆင်တူနေပေသည်။
လင်းလော့ချင်းမှာ နောက်လှည့်ကာ သူ့ခေါင်းကို ပွတ်ရန်အတွက် ရဲတင်းမှုကို ခေတ္တမျှ ရရှိသွားလေသည်။
"လိမ်လိမ်မာမာနေ..."
ကျိယွီရှောင် - ...
ကျိယွီရှောင် တိတ်တဆိတ် မျက်လုံးများ ဖွင့်လိုက်သည်။ သူ့၏ မျက်လုံးများမှာ နိုးနိုးခြင်း ဖြစ်နေ၍ သိသာသော ညင်သာမှုရှိနေသည်မှာ နှမြောစရာကောင်လှပေသည်။ ၄င်းက မည်သည့်ခြိမ်းခြောက်မှုမှ မပြုလုပ်နိုင်ပေ။
လင်းလော့ချင်းက ပြုံးပြကာ သူ့လက်များကို ပြန်ရုတ်သိမ်းလိုက်သည်။
"ဆက်အိပ်နေ... ငါ ရှောင်လီကိုပဲ မောင်းပို့ခိုင်းလိုက်မယ်..."
"ငါလည်း မင်းနဲ့ လိုက်ခဲ့မယ်..."
ကျိယွီရှောင်က ဆိုလိုက်သည်။
"ကလေးတွေကရော..."
"သူတို့ကို မှတ်စုတစ်ခု ချန်ထားပေးလိုက်... ပြီးတော့ လော့ကျား ရှိတယ်မလား..."
"အဲ့တော့ မင်းက လော့ကျားကို ကလေးထိန်းခိုင်းဖို့ ခေါ်လာတာပေါ့..."
"အဲ့ဒါမှ မဟုတ်ရင်..."
ကျိယွီရှောင်က သဘာဝကျသည်ဟူသော အမူအရာတစ်ခုကို ပြုလုပ်လိုက်သည်။
"သူကိုယ်တိုင်ကကို ကျေနပ်ပါတယ်... ငါက သူ့ကို အချိန်နဲ့ အခွင့်အရေးကို မြတ်နိုးဖို့ အကြံပြုထားတာ..."
လင်းလော့ချင်း - ... အသေအချာပေါ့... အမြဲလိုလို ကိုယ့်ဘက်ကိုယက်နေတာ...
သူက ထထိုင်ကာ အိပ်ရာပေါ်မှ ဆင်းလိုက်ပြီး ရေချိုးခန်းထဲသို့ သွားလိုက်သည်။
ကျိယွီရှောင်က လင်းလော့ချင်းကို စတူဒီယိုသို့ လိုက်ပို့လိုက်သည်။ သူက လင်းလော့ချင်း အဝတ်အစားဝတ်နေသည်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
"မင်းကတကယ်ကို ကောလိပ်ကျောင်းသားအသစ်လေးနဲ့ တူနေတယ်..."
"ငါအစကတည်းက ကောလိပ်ကနေ ဘွဲ့မရသေးဘူး..."
လင်းလော့ချင်းက ဆိုလိုက်သည်။
"တကယ်ပဲ..."
ကျိယွီရှောင်က ခေါင်းညိတ်လိုက်သည်။
"ငယ်တာသေချာတယ်..."
"မင်းလည်းငယ်တာပဲ..."
လင်းလော့ချင်းက သူ့ကို လှမ်းကြည့်လိုက်သည်။
ကျိယွီရှောင်က ခပ်ဖွဖွ ပြုံးလိုက်သည်။ သူတို့ စကားပြောနေစဉ်တွင် ရှစ်ကျန်းက ရောက်လာသည်။
လင်းလော့ချင်းက သူပေးထားသည့် ပေါက်စီများကို နှစ်ခြိုက်လှသည်။ သူက ၄င်းကို weiboပေါ်တွင်ပင် ချီးကျူးလိုက်ကာ ရှစ်ကျန်းက ပြန်ရေးထားလေသည်။
ထို့နောက် သူနှင့် တစ်ချို့သော လုပ်ဖော်ကိုင်ဖက်များက စားသောက်ဆိုင်ဆီသို့သွားပြီးနောက် ရှစ်ကျန်းက လင်းလော့ချင်းအတွက် ပေါက်စီအချို့ ပြန်ယူလာရန် ဆုံးဖြတ်လိုက်သည်။
လင်းလော့ချင်းမှာ ရှစ်ကျန်းက သူ့အတွက် နောက်တစ်ကြိမ် ထပ်ဝယ်လာမည်ဟု မမျှော်လင့်ထားပါပေ။ သူက အချင်အမြန် လက်ခံလိုက်ပြီး သူ့ကို ဆက်တိုက်ကျေးဇူးတင်လိုက်သည်။
ရှစ်ကျန်းက ပြုံးပြလိုက်သည်။
"ရပါတယ်..."
သူက ထိုသို့ဆိုပြီးနောက် ထွက်သွားရန် စီစဉ်လိုက်သည်။
လင်းလော့ချင်းက သူ့ကို ရပ်ရန် လှမ်းခေါ်လိုက်ပြီး ကျိယွီရှောင်ကို ကြည့်လိုက်သည်။ သူက မိတ်ဆက်ပေးလိုက်သည်။
"ဒါက ကျွန်တော့်ရဲ့ အစ်ကို ကျိယွီရှောင်တဲ့..."
ထို့နောက် သူက ကျိယွီရှောင်ကို ဆိုလိုက်သည်။
"ဒါက ရှစ်ကျန်းတဲ့..."
ရှစ်ကျန်းမှာ ကျိယွီရှောင်ကို သတိပြုမိသည်မှာ ကြာပြီဖြစ်လေသည်။ သူက ယဉ်ကျေးနေ၍ ၄င်းက မည်သူလဲဟု သိလိုသော်လည်း ကျိယွီရှောင်ရှေ့တွင် မမေးနိုင်ခြင်း ဖြစ်သည်။ ယခုတွင် လင်းလော့ချင်းက သူတို့နှစ်ဦးအာ အချင်းချင်း မိတ်ဆက်ပေးလိုက်ရာ သူက သဘောထားကြီးစွာ လှမ်းကြည့်ပြီး တက်တက်ကြွကြွ ဆိုလိုက်သည်။
"မင်္ဂလာပါ..."
ကျိယွီရှောင်က သူ့ဘီးတပ်ကုလားထိုင်ကို မှီကာ လှမ်းကြည့်လိုက်သည်။ ရှစ်ကျန်းက အမှန်ပင် ချောမောပေသည်။ သူက ရဲရင့်သော ဟန်ပန်ရှိပေသည်။ သို့သော်...
ကျိယွီရှောင်က သက်ပြင်းချလိုက်သည်။ ရှစ်ကျန်းမှာ သူနှင့် နှိုင်းယှဉ်၍ မရနေဆဲ ဖြစ်သည်။
"မင်္ဂလာပါ..."
သူက တည်ငြိမ်စွာ ဆိုလိုက်သည်။