Chapter 122
လင်းလော့ချင်း “……”
“ကျွန်တော် ကောင်းကောင်း သရုပ်ဆောင်မှာပါ … ခင်ဗျားကို စိတ်မပျက်စေရဘူး … ” လင်းလော့ချင်း ယဉ်ကျေးစွာ ပြောလိုက်သည်။
(ဒါမှမဟုတ် ကျွန်တော် ဘာလုပ်သင့်တယ်ထင်လဲ ဆရာမာ … ကျွန်တော် ဒါမျိုးကို တစ်ခါမှ မလုပ်ဖူးတော့လေ … ကျွန်တော် ကောင်းကောင်း မတွေးတတ်ခဲ့တာပါ … အကယ်၍ ခင်ဗျား အနာဂတ်မှာ ကျွန်တော့်ကို လိုအပ်ခဲ့မယ်ဆိုရင် ကျွန်တော် အကောင်းဆုံး ကြိုးစားပါ့မယ် …ဒီလိုမျိုးလား) သူသာ အရင်က မာပေါ်ကျုံး၏ အတွေးများကို မသိပါက ထိုသို့ ပြောခဲ့မိလိမ့်မည်သာ။
မာပေါ်ကျုံးက သူ၏ ရိုးသားသော မျက်ဝန်းများကို ကြည့်ရင်း ခေတ္တတိတ်ဆိတ်သွားသည်။ သူက မေးလိုက်၏။
“ရှောင်လင်း … မင်းမှာ ကောင်လေးရှိလား … ”
လင်းလော့ချင်း ခေါင်းယမ်းလိုက်သည်။
ကျိယွီရှောင်အား ထည့်တွက်၍ မရချေ။ သူတို့က တရားဝင်မိတ်ဖက်များသာ ဖြစ်ပြီး ချစ်သူများမဟုတ်။
“တကယ်တော့ … ကိုယ်မင်းကို သဘောကျတယ် … ”
လင်းလော့ချင်း ထိတ်လန့်သွားသည်။
သူက မာပေါ်ကျုံးကိုကြည့်ရင်း တစ်ဖက်လူ၏ အတွေးများကို ယခုမှသိသကဲ့သို့ ဟန်ဆောင်လိုက်၏။
“ကျွန်တော် … ကျွန်တော် နားမလည်ဘူး ...” လင်းလော့ချင်း စိတ်ရှုပ်ထွေးသွားဟန် ဆောင်လိုက်သည်။
“ဆရာမာ … ကျွန်တော် အရင်သွားနှင့်တော့မယ် … ”
“ဒီလောက် အလျင်လိုစရာ မလိုပါဘူး … ” မာပေါ်ကျုံး သူ့ကို တားလိုက်၏။ “ရှောင်လင်း … မင်းအမြင်မှာ ကိုယ်က ဘယ်လိုလူမျိုးလဲ … ”
‘လူယုတ်မာ တစ်ယောက်ပေါ့ … ’ လင်းလော့ချင်း စိတ်တွင်းမှ ပြောလိုက်၏။
မာပေါ်ကျုံး သူ့ကို ပြောလိုက်သည်။ “ကိုယ်က သိပ်မဆိုးဘူးလို့ ထင်တာပဲ … ပြီးတော့ ကိုယ်သဘောကျတဲ့ လူတွေနဲ့ဆို ကိုယ်က ညှင်သာပါတယ် … ”
လင်းလော့ချင်း တွေးလိုက်၏။ ‘ဟား ဟား … ခင်ဗျားပဲ ယုံနေလိုက်… ’
“မင်းမှာ ပြဿနာတွေရှိနေမှန်း ကိုယ်သိတယ် … အဲဒီ့နေ့က ဝှီးချဲလ်နဲ့ တစ်ယောက်ကို မင်းအစ်ကိုလို့ မင်းပြောခဲ့တယ်လေ … ကိုယ်သိသလောက်တော့ မင်းမှာ အစ်ကို မရှိပါဘူး … အကယ်၍ အစ်ကိုရှိမယ်ဆိုရင် မင်း အလုပ်မရှိတုန်းက ဘယ်လျစ်လျူရှုထားပါ့မလဲ … ဟုတ်တယ်မလား …”
ကျိယွီရှောင်အား တစ်ဖက်လူ မြင်သွားလိမ့်မည်ဟု လင်းလော့ချင်း မျှော်လင့်မထားခဲ့။ သို့သော် ကျိယွီရှောင်က လူအုပ်ထဲတွင် နှစ်ရက်ခန့် ရှိနေခဲ့ခြင်းဖြစ်ရာ သူ့အား မြင်တွေ့သွားသည်မှာ ပုံမှန်သာဖြစ်၏။ လင်းလော့ချင်း တည်ငြိမ်စွာ ပြောလိုက်သည်။
“မစ္စတာမာ … ခင်ဗျား မှာသက်သေရှိမှ ပြောသင့်တယ် … မဟုတ်ရင် ခင်ဗျား ကျွန်တော့်ကို စွပ်စွဲနေတာပဲ …”
“ကိုယ်လည်း အဲဒီ့လိုပဲ ဖြစ်ဖို့ မျှော်လင့်ပါတယ် … ဘာလို့ဆို မင်းရုပ်ရည်ကိုပဲ ကြည့်ကြည့် အသက်ကိုပဲကြည့်ကြည့် အဲဒီ့လိုလူတစ်ယောက်နဲ့ အတူတူရှိနေတာက ဖြုန်းတီးရာကျတယ်မဟုတ်လား … ”
‘ဘာကများ ဖြုန်းတီးရာကျနေလို့လဲ … ’ လင်းလော့ချင်း ပြောစရာစကားမရှိ ဖြစ်သွား၏။ ‘ဘာကိစ္စလာဝေဖန်နေတာလဲ … ’
လင်းလော့ချင်း စကားမပြောပဲ စိုက်ကြည့်လိုက်၏။
မာပေါ်ကျုံးက သူ့အတွက် တွေးပေးသကဲ့သို့ ပြုံးရင်းပြောလာ၏။
“နှမြောစရာပဲ မဟုတ်လား … သူက မင်းကို ဘာပေးနိုင်မှာ မို့လို့လဲ … သူတစ်ခုခုပေးနိုင်တယ် ဆိုရင်တောင် ကိုယ်လည်း ပေးနိုင်မှာပဲလေ …”
“ရှောင်လင်း … မင်းကို မင်းကုမ္မဏီက စွန့်ပစ်သွားခဲ့တာ မဟုတ်လား … မင်းမနှစ်က ကောင်းကောင်း မနေခဲ့ရဘူးလေ … အခုမင်းမှာ ကုမ္မဏီအသစ်တစ်ခု ရှိနေပေမယ့် ဒီကုမ္မဏီကရော မင်းကို မစွန့်ပစ်ဘူးလို့ အာမခံနိုင်ရဲ့လား … ”
“ကိုယ် မှတ်မိတာ မမှားရင် စုထုံက မင်းကုမ္မဏီမှာ မဟုတ်လား … မင်းနဲ့ အသက်တူတူပဲလေ … မင်းလိုပဲ ကြည့်ကောင်းတယ် … မင်းသာ သူဌေးဆိုရင် သူ့ကိုပိုပြီး ပျိုးထောင်ပေးမယ်ဆိုတာ အသိသာပဲမဟုတ်လား … ”
မာပေါ်ကျုံးက ဆက်လက်သွေးဆောင်၏။
“မင်းအနေနဲ့ မြန်မြန်ကျော်ကြားလာဖို့ လိုတယ် … အခုအချိန်မှ တွယ်မတက်ရင် ဘယ်အချိန်မှ တွယ်တက်နိုင်မှာလဲ … ”
ထိုလူမှာ အပြောကောင်းသည်ဟု လင်းလော့ချင်း ခံစားလိုက်ရ၏။ အတိတ်က ကျိုးယွီတစ်ယောက် မာပေါ်ကျုံးနှင့် သဘောတူလိုက်သည်မှာ အံ့အားသင့်စရာမရှိတော့ချေ။ သူက မာပေါ်ကျုံး၏ ကျိုးကြောင်းသင့်တင့်သော ဆန်းစစ်ချက်ကို ကြားခဲ့ရပုံပေါ်သည်။
သူက ခေါင်းယမ်းလိုက်သည်။ “ဆရာမာက တွေးလွန်းနေပါပြီ … နောက်ကျနေပြီဆိုတော့ ကျွန်တော် ပြန်လိုက်ပါဦးမယ် … ”
“ရှောင်လင်း … မင်းက ကောင်းကောင်း မတွေးတတ်ဘူးပဲ ...”
မာပေါ်ကျုံး အသံက အလေးအနက်ဖြစ်လာ၏။
“မင်းသူ့ကို တကယ်ပဲ ကြိုက်ကြိုက် … အထောက်အပံ့ကြောင့် ကပ်ကပ် အရေးမကြီးဘူး … မင်းအတွက်မင်း စဉ်းစားသင့်တယ်လေ … မင်းရှိနေတဲ့နေရာက အနုပညာလောကနော် … ဒီနေရာမှာ အထောက်အပံ့က အရေးအကြီးဆုံးပဲ … အချစ်က ဘာများ အသုံးဝင်မှာတဲ့လဲ … အထောက်အပံ့ကြောင့်ဆိုရင်လည်း ဒုက္ခိတတစ်ယောက်က မင်းကို ဘာများပေးနိုင်မှာလဲ … ငါက သူ့ထက်ပိုပြီး သင့်တော်တယ် မဟုတ်လား …”
“သူက သူ့ကိုယ်သူတောင် ဂရုမစိုက်နိုင်တာ … မင်းကို ဂရုစိုက်နိုင်မယ် တဲ့လား … မင်း အကျိုးအပြစ်ကို သေချာစဉ်းစားသင့်တယ် …”
တစ်ဖက်လူ၏ ဒုက္ခိတ ဟုပြောသံကို ကြားရပါများလာသည်နှင့်အမျှ လင်းလော့ချင်း အမူအရာက ပိုမိုဆိုးဝါးလာ၏။ “ဆရာမာ … ခင်ဗျားရဲ့ စကားအသုံးအနှုန်းကို ဂရုစိုက်ဖို့ ကျွန်တော် အကြံပေးချင်တယ် … ”
မာပေါ်ကျုံး ရယ်မောလိုက်၏။
“ရှောင်လင်း … ကိုယ့်စကားတွေက နားထောင်ရမကောင်းပေမယ့် အားလုံး အမှန်တွေပဲလေ … မင်းမကြိုက်တာနဲ့ အားလုံးက သူ့ကို ဒုက္ခိတလို့ မခေါ်ပဲနေကြမယ် ထင်လား … မင်းတို့နှစ်ယောက် အတူတူသွားကြရင်လည်း ကဲ့ရဲ့ကြဦးမှာ … မင်းက ကြည့်ကောင်းတဲ့လူငယ်လေးလေ … မင်းလို့လူငယ်လေး တစ်ယောက်က သူနဲ့အတူ ရင်းရင်းနှီးနှီး ဆက်ဆံနေတာကိုတွေ့ရင် မင်း တစ်ခုခုကြောင့် သည်းခံနေရတာလို့ပဲ တခြားလူတွေက တွေးကြမှာ … မင်းတို့ကို ချစ်သူတွေလို့ မြင်ကြမယ်ထင်လို့လား … ဒါက အသက်နှစ်ဆယ်အရွယ် မိန်းကလေးနဲ့ အသက်ရှစ်ဆယ် အဖိုးကြီးကို တူတူတွဲမြင်ရသလိုပဲလေ … သူတို့ကို ချစ်သူလို့မမြင်ပဲ မိန်းကလေးက အဖိုးကြီးရဲ့ ပိုင်ဆိုင်မှုတွေကို မက်နေတာလို့ပဲ အားလုံးက တွေးကြမှာ ...”
“ရှောင်လင်း … မင်းသူ့အတွက် တွေးပေးတယ်ဆိုရင် သူ့ကိုထားခဲ့လိုက်သင့်တယ် … မဟုတ်ရင် မင်းကိုယ်မင်း တာဝန်ပိစေရုံနဲ့ တခြားလူတွေ လှောင်တာ ခံရရုံပဲရှိမှာ … ”
မာပေါ်ကျုံး ဤမျှစကားများမည်ဟု လင်းလော့ချင်း မျှော်လင့်မထားခဲ့ပေ။ အရင်ဆုံး ရှင်းယီက စုထုံအား ပိုမိုထောက်ပံ့ပေးမည် ဖြစ်သောကြောင့် သူ့အကူအညီ လိုအပ်နိုင်ကြောင်း ပြောခဲ့သည်။ ထို့နောက် သူက လင်းလော့ချင်းနှင့် ကျိယွီရှောင်တို့ အတူတူရှိနေခြင်းမှာ နှစ်ဦးလုံးအတွက် မသင့်တော်ကြောင်းနှင့် ကျိယွီရှောင်အား ထားခဲ့သင့်ကြောင်း ပြောလာပြန်၏။
၎င်းက အကျိုးအကြောင်း သင့်လှသည်။ ယေဘူယျကျကျ ကြည့်လျှင်ဖြစ်စေ၊ စိတ်ခံစားချက်အရ ကြည့်သည်ဖြစ်စေ ကျိယွီရှောင်ထက် မာပိုကျုံးက ပို၍သင့်တော်သယောင် ထင်ရ၏။ အောင်မြင်မှုကို လိုလားသည့် အတွေ့အကြုံမရှိသော လူငယ်လေးဆိုပါက သေချာပေါက် အရူးလုပ်ခံရမည်ပင်။
မာပေါ်ကျုံးက ထိုသို့သော လူများကို ပစ်မှတ်ထားလေ့ရှိသည်။
ကျိုးယွီ ယခင်က သူနှင့်သဘောတူခဲ့သည်မှာ အံ့အားသင့်စရာ မရှိတော့။
“ပြောလို့ပြီးပြီလား … ” လင်းလော့ချင်း ပုံမှန်အသံဖြင့် မေးလိုက်သည်။ “ဒါဖြင့် ခွင့်ပြုပါဦး ...”
လင်းလော့ချင်း ဤမျှ ကိုင်တွယ်ရခက်ခဲမည်ဟု မာပေါ်ကျုံး မျှော်လင့်မထားခဲ့။ သူ့အမူအရာ ပြောင်းလဲသွားသည်။
“ရှောင်လင်း … မင်းက ငါ့ကို ဒေါသထွက်အောင်လုပ်နေတာလား … ”
“ခင်ဗျားကရော ကျွန်တော့်ကို ဒေါသထွက်အောင် လုပ်နေတာလား … ” လင်းလော့ချင်း မေးလိုက်၏။
“ကျွန်တော် ခင်ဗျားကို စိတ်မဝင်စားဘူးလို့ ပြောပြီးပြီမလား … ဘာလို့ဒီလောက် လိုက်ကပ်နေတာလဲ … ကျွန်တော်က ကြည့်ကောင်းပြီး အရည်အချင်းရှိတော့ ခင်ဗျား ကျွန်တော့်ကို အကြည့်တစ်ချက်နဲ့တင် ချစ်မိသွားတာ လက်ခံပေးလို့ရပါတယ် … ဒါပေမယ့် ကျွန်တော့်ကို ချစ်မိသွားတဲ့လူတွေမှ အများကြီး … အားလုံးကို လက်ခံပေးလိုက်ရင် ကျွန်တော် အနောက်နန်းဆောင် ဆောက်နေရမှာပေါ့ … ခင်ဗျားက အဲဒီ့အထဲက တစ်ယောက်ပဲ ဖြစ်လာမှာ … ခင်ဗျားအသက်အရွယ်နဲ့ဆို တော်ဝင်ကိုယ်လုပ်တော်တော့ ဖြစ်နိုင်မှာမဟုတ်ပေမယ့် အပျိုထိန်းတော့ ဖြစ်နိုင်ပါသေးတယ် … ကျွန်တော် စိတ်ကောင်းဝင်တဲ့အခါ ခင်ဗျားကိုလာကြည့်မယ်လေ … ခင်ဗျားတကယ်ပဲ အဲဒီ့လို ဖြစ်ချင်တာလား ....”
မာပေါ်ကျုံး “…”
သူ့အား တစ်စုံတစ်ဦးက ထိုသို့ ပြောရဲလိမ့်မည်ဟု မာပေါ်ကျုံး ထင်မထားခဲ့။ “လင်းလော့ချင်း … မင်းက တကယ်ပဲ ငြီးငွေ့စရာကောင်းတယ် … ”
“ခင်ဗျားကို မမှီပါဘူး … ” လင်းလော့ချင်း ပြောလိုက်သည်။ “ကျွန်တော့်ကို ခင်ဗျားနဲ့ အတူတူရှိပေးအောင်လို့ ဒီစကားတွေကို တကယ်ကြီး ပြောရဲတယ်နော် … ဒါတွေသာကြားရင် ကျွန်တော့် တစ်မိသားစုလုံး ရှော့ခ်ရသွားမှာပဲ …”
“ကောင်းပြီ … ကောင်းပြီ ….” မာပေါ်ကျုံး ခေါင်းညှိတ်လိုက်ပြီး သကြားမံထားသည့် အမြောက်တစ်ခု ပစ်လိုက်၏။
“မင်းကို ငါကအသိအမှတ်ပြုပေမယ့် မင်းကတော့ ကျေးဇူးတင်ရမှန်း နားမလည်ဘူးပဲ … အနာဂတ်မှာ အကူအညီလိုလာရင် ငါ့ဆီက ဘာမှမမျှော်လင့်နဲ့တော့ … ”
လင်းလော့ချင်း ပြုံးလိုက်သည်။ “ဘာလို့လဲ … ဆရာမာက ကျွန်တော့်ကို တစ်ခုခုကြံစည်ထားလို့လား … ”
“ငါအဲဒီ့လို မပြောပါဘူး … တစ်ခုခုဆို အကူအညီမတောင်းဖို့ပဲ ပြောတာ … ”
“ဒါပေါ့ … ” လင်းလော့ချင်း ပြုံးလိုက်၏။
“ဒါပေမယ့် ဆရာမာလည်း ညဘက်လမ်းလျှောက်ရင်း တစ္ဆေနဲ့ တွေ့နိုင်တာပဲ … ဒီအတိုင်းသာဆို မတော်တဆဖြစ်မယ့်လူက ဆရာမာ ဖြစ်နေမယ်နော် ...”
“မင်းဒီအတွက် စိုးရိမ်စရာ မလိုပါဘူး … ” မာပေါ်ကျုံး အေးစက်စက် ပြောလိုက်သည်။
“ဟုတ်ပါပြီ … ” လင်းလော့ချင်း ပုခုံးတွန့်လိုက်၏။
သူ လှည့်ထွက်လိုက်သည့် အချိန်မှာပင် မာပေါ်ကျုံး၏ အသံကို ကြားလိုက်ရပြန်သည်။ “ငါမင်းကို စဉ်းစားဖို့ အချိန်တစ်ညပေးမယ် … ရှောင်လင်း … မင်းက ဉာဏ်ကောင်းပါတယ် … မင်းသေချာ ဂရုတစိုက်စဉ်းစားပြီး နောင်တမရမယ့်လမ်းကို ရွေးနိုင်လိမ့်မှာပါ …”
ဂရုတစိုက် ဟူသည့်စကားကြောင့် လင်းလော့ချင်း မာပေါ်ကျုံးကို လှည့်ကြည့်လိုက်သည်။
သူက ပြော၏။ “ဆရာမာ … ကျွန်တော် ရတနာလေးတစ်ခု ပြပေးရမလား … ”
ထို့နောက် ကျောပိုးအိတ်ကိုမကာ အလေးမသည့် ကိရိယာအား ထုတ်ပြလိုက်သည်။
မာပေါ်ကျုံး “…”
လင်းလော့ချင်းက အလေးအား မယူလိုက်ရင်း ပြော၏။ “ကြည့်လို့ကောင်းလား … ခင်ဗျားဘာလို့ ခဏခဏ ဖျားနေရလဲဆိုရင် ကျွန်တော့်လိုမျိုး နေ့တိုင်း အလေးမ,မလို့ပဲ … နေ့တိုင်း လေ့ကျင့်ခန်းမှန်မှန်လုပ်ရင် ခင်ဗျား အိပ်ရာထဲမှာ အကြာကြီးလှဲနေရမှာ မဟုတ်ဘူး ...”
မာပေါ်ကျုံး “……”
မာပေါ်ကျုံး အံကြိတ်လိုက်၏။ “သွားစမ်းပါ … ”
လင်းလော့ချင်း နှာခေါင်းရှုံ့ကာ သူ့အနားသို့ ချဉ်းကပ်လိုက်သည်။
“ခင်ဗျား ကျွန်တော့်ကို ထပ်ပြီးနှောင့်ယှက်ရင် ဒီအလေးတုံးက ခင်ဗျားခေါင်းပေါ် ရောက်လာလိမ့်မယ် … ဘားပေါ်မှာ ပန်းတွေပွင့်နေတဲ့ မြင်ကွင်းက အရမ်းကို လှမှာပဲနော် … ”
မာပေါ်ကျုံးက တစ်ဖက်လူ၏ စော်ကားမှုအား သည်းမခံနိုင်တော့ဟန်ဖြင့် မတ်တပ်ရပ်လိုက်သည်။ လင်းလော့ချင်း အလေးတုံးကို တစ်ဖက်လူ၏ ခြေထောက်ပေါ်သို့ ပစ်ချလိုက်၏။ မာပေါ်ကျုံး နာကျင်စွာ အော်ဟစ်ကာ ခြေနှစ်လှမ်းခန့် နောက်ပြန်ဆုတ်သွားပြီး ဆိုဖာပေါ်သို့ လဲကျသွားလေသည်။
“အိုး ...” လင်းလော့ချင်း အံ့အားသင့်ဟန် ဆောင်လိုက်သည်။
“နာသွားလား … အရမ်းနာမှာပဲနော် … ခင်ဗျားတွေ့တဲ့အတိုင်းပဲ အလေးတုံးတွေက ကောင်းတယ်မဟုတ်လား … မကောင်းတဲ့ ရည်ရွယ်ချက်တွေကို လုံးဝမရှိတော့အောင် ကူညီပေးတယ်လေ … ခင်ဗျား မနက်ဖြန်ကစပြီး အလေးတုံးနည်းနည်းဝယ်ပြီး လေ့ကျင့်သင့်တယ် … ဒီလိုဆို ခင်ဗျား ကိုယ်ရောစိတ်ပါ ကျန်းမာလာလိမ့်မယ် … ”
မာပေါ်ကျုံးက စားပွဲပေါ်ရှိ ဆေးလိပ်ပြာခွက်အား လင်းလော့ချင်းထံ ပစ်ပေါက်လိုက်သည်။ လင်းလော့ချင်း ရှောင်လိုက်သဖြင့် ပြာခွက်က ကြမ်းပြင်ပေါ် ကျကွဲသွား၏။ ဖန်စများနှင့် ပြာများနေရာအနှံ့ လွင့်စင်သွားလေသည်။
လင်းလော့ချင်း လျှာတောက်လိုက်၏။ “ကျစ် … ကျစ် … ကျစ် … ဆရာမာ … ကြည့်ပါလား …. လူတွေရဲ့ ခေါင်းကိုတောင် ထိအောင် မပစ်နိုင်တာ … ခင်ဗျား တကယ်ပဲ အားနည်းလွန်းတယ် … လေ့ကျင့်ခန်းလုပ်ဖို့ လိုနေပြီ ...”
မာပေါ်ကျုံး “…”
မာပေါ်ကျုံးက အလေးတုံးကို ကောက်ယူ၍ လင်းလော့ချင်းထံ ပစ်ပေါက်ရန် ကြံလိုက်၏။
ဤနည်းလမ်းဖြင့် သူက လေ့ကျင့်ခန်းနှင့် လက်စားချေခြင်းကို တပြိုင်နက် လုပ်ဆောင်နိုင်လိ့မ်မည်။
သို့သော် သူ အလေးတုံးကို ထိလိုက်စဉ်မှာပင် ဝူရှင်းယွမ်က စိုးရိမ်တကြီးဖြင့် ရောက်လာ၏။ “လော့ချင်း … ဆရာမာနဲ့ စကားပြောလို့ပြီးပြီလား … ငါမင်းကို လိုက်ရှာနေတာ ...”
မာပေါ်ကျုံး ထိတ်လန့်သွား၏။ သူက ဝူရှင်းယွမ် ရောက်လာလိမ့်မည်ဟု မျှော်လင့်မထားခဲ့။
လင်းလော့ချင်း ထိုအခွင့်အရေးကို အသုံးချကာ အလေးအား ဆွဲယူလိုက်သည်။ သူက မာပေါ်ကျုံးကိုပင် ဆွဲမိလုနီးနီးပင်။
လင်းလော့ချင်း အလေးအား လွယ်ကူစွာ မ လိုက်ရင်း အငေါ်တူးလိုက်၏။
“ဆရာမာ … ခင်ဗျားဘာလို့ အလေးကိုတောင် မ မနိုင်ရတာလဲ … အာ … ခင်ဗျားက လေ့ကျင့်ခန်း လုပ်ရတာကို မကြိုက်ဘူးပဲ … ဒါဖြင့် ဘာလို့ အလေးကို ကိုင်ထားတာလဲ … ကျွန်တော့်ကို ရိုက်မလို့လား … ခင်ဗျားက တကယ့်ကို မယဉ်ကျေးလွန်းတာပဲ … ခင်ဗျား တစ်ကြိမ်နဲ့ မရိုက်နိုင်တော့ နောက်တစ်ကြိမ် ထပ်ပြီး ကြိုးစားကြည့်တယ် ပေါ့လေ … ကံကောင်းလို့ပဲ … ကျွန်တော့် အေးဂျင့်သာမလာရင် ကျွန်တော် ခင်ဗျားလက်ထဲမှာ သေရတော့မလို့ … ပြောလို့မကောင်းတဲ့ ကိစ္စတွေ စည်းရုံးလို့ မအောင်မြင်တာနဲ့ တစ်ယောက်ယောက်ကို ရိုက်ဖို့ လုပ်တယ်ပေါ့လေ … ခင်ဗျားက ကြောက်စရာကောင်းလိုက်တာ … ”
စကားဆုံးသည်နှင့် ကျောပိုးအိတ်ကိုယူကာ တံခါးထံသို့ လှည့်ထွက်လိုက်၏။
မာပေါ်ကျုံး ဒေါသထွက်ရလွန်း၍ ခေါင်းများပင် ကျိန်းလာ၏။ သို့သော် သူ့လက်ထဲတွင် မည်သည့်ပစ္စည်းမှ ရှိမနေရာ ဘာမှမလုပ်နိုင်တော့ချေ။ သူက ပြောလိုက်သည်။ “မင်း နောင်တရလိမ့်မယ် ...”
လင်းလော့ချင်း ပြုံးလိုက်၏။ “ကြည့်ကြသေးတာပေါ့ … ”
ထို့နောက် တံခါးဖွင့်ကာ အပြင်သို့ ထွက်လိုက်၏။
သူထွက်လာသည်ကို မြင်ရသည့်အခါမှ ဝူရှင်းယွမ် စိတ်ချသွားတော့သည်။
“မင်း အဆင်ပြေရဲ့လား … ”
“ပြေပါတယ် … ” လင်းလော့ချင်း ပြန်ဖြေလိုက်သည်။ မာပေါ်ကျုံးက ဘာလုပ်နိုင်မှာတဲ့လဲ …
“ဒါဆို သွားနားတော့ … ငါသူနဲ့ စကားပြောလိုက်မယ် … ” လင်းလော့ချင်း၏ ငြင်းပယ်မှုကြောင့် မာပေါ်ကျုံး နောက်ထပ် လှည့်ကွက်များ ပြုလုပ်လာမည်ကို ဝူရှင်းယွမ် စိုးရိမ်လျှက်ရှိ၏။
လင်းလော့ချင်း ခေါင်းညှိတ်လိုက်သည်။ သူက တစ်ဖက်လူ၏ နားနားသို့ တီးတိုးဆိုလိုက်၏။ “မစိုးရိမ်ပါနဲ့ … ကျွန်တော် အသံသွင်းထားတယ် … ”
စကားပြောနေစဉ် အသံဖမ်းခဲ့ရုံသာမက သူ၏ ထူးဆန်းသော အပြုအမူများနှင့် စကားများကိုလည်း ပီပီသသ ရှင်းပြခဲ့သေးသည်။ မာပေါ်ကျုံးက မငြင်းခဲ့ချေ။
“မင်းက ဉာဏ်ကောင်းတာပဲ ...” ဝူရှင်းယွမ် အံ့အားသင့်သွား၏။
“ဒါပေါ့ … ” လင်းလော့ချင်း ဝံ့ကြွားစွာ ဆိုလိုက်သည်။
သူက အရူးမဟုတ်ပေ။ ဤစာအုပ်ထဲသို့ ဝင်မလာခင် အနုပညာလောကတွင် နှစ်များစွာ ကျင်လည်ခဲ့ဖူးပြီး ဖရဲသီးများစွာ စားခဲ့ရ၏။ ဤအကွက်သည် ယန်ချင်းချီက မော့ကျန်းယင်းအပေါ် အသုံးချခဲ့သည့် အကွက်ဖြစ်၏။ အသံဖမ်းထားသည်ကို အသုံးပြု၍ မော့ကျန်းယင်းအား ထုတ်ဖော်နိုင်ခဲ့သည်။ သူက ထိုအကွက်ကို သင်ယူခဲ့ခြင်းပင်။
သို့သော် ယန်ချင်းချီနှင့် သူသည် အခြေအနေချင်း မတူပေ။ ယန်ချင်းချီက ကိုယ်ပိုင် လက်ရာများ ရှိနေပြီး ကျော်ကြားနေပြီးသား ဖြစ်သည်။ ထို့ကြောင့် နောက်ပိုင်းတွင် မော့ကျန်းယင်း ထပ်မံခြိမ်းခြောက်လာချိန်၌ အဆိုပါ မှတ်တမ်းအား တိုက်ရိုက်ဖွင့်ချပစ်နိုင်၏။(TN: ယန်ချင်းကျီက တခြားဝတ္ထုရဲ့ အဓိကဇာတ်ကောင်ပါ။)
ယခုမူ လင်းလော့ချင်းက တက်သစ်စသာဖြစ်ရာ လူထုရှေ့သို့ ဤကဲ့သို့ သတင်းမျိုးဖြင့် စတင်ထွက်ပေါ်လာရန် မသင့်တော်ပေ။ ထို့ကြောင့် သူက လတ်တလောတွင် မှတ်တမ်းအား ထုတ်ဖော်မည်မဟုတ်။
—မာပေါ်ကျုံး ပြဿနာမရှာသရွေ့ပေါ့ …
“ကျွန်တော် သွားနှင့်မယ် … ” သူက ဝူရှင်းယွင်အား ပြောလိုက်သည်။
ဝူရှင်းယွမ် ခေါင်းညှိတ်လိုက်ရင်း ရှီကျန်းအား သူ့ကိုပြန်ပို့စေ၏။
ရှီကျန်းက လင်းလော့ချင်းနှင့်အတူ လိုက်ပါလာခဲ့သည်။
ဝူရှင်းယွင်က မာပေါ်ကျုံး၏ တံခါးကို ခေါက်လိုက်၏။. “ဆရာမာ … ကျွန်တော်က လင်းလော့ချင်းရဲ့ အေးဂျင့် ဝူရှင်းယွမ်ပါ … ကျွန်တော် ခင်ဗျားနဲ့ ပြောစရာရှိပါတယ် ...”
မာပေါ်ကျုံး အော်ထုတ်လိုက်၏။ “သွားစမ်းပါ ...”
“ဆရာမာ … အခုတံခါးမဖွင့်ရင် ကျွန်တော် ခင်ဗျား အေးဂျင့်ကို သွားရှာမှာနော် … ဒါဆို သူခင်ဗျားဆီ ရောက်လာလိမ့်မယ် ...”
“ဒါဖြင့် သွားရှာလေ … ” မာပေါ်ကျုံးက အထင်သေးဟန်ဖြင့် ပြောလိုက်၏။
“ကောင်းပါပြီ … ” ဝူရှင်းယွမ် တံခါးခေါက်နေခြင်းကို ရပ်တန့်ကာ မာပေါ်ကျုံး၏ အေးဂျင့်ထံသို့ သွားလိုက်၏။
“မင်းအဆင်ပြေရဲ့လား … ” ရှီကျန်းက လင်းလော့ချင်းအား စိတ်ပူဟန်ဖြင့် မေးလိုက်သည်။
“မင်းသူ့ကို သဘောမတူခဲ့ဘူးမဟုတ်လား … သူမင်းကို ခြိမ်းခြောက်သေးလား … ”
“ခြိမ်းခြောက်ပေမယ့် ကျွန်တော် သဘောမတူခဲ့ဘူး … ”
ရှီကျန်း မျက်မှောင်ကြုတ်လိုက်ရင်း စိတ်ပူစပြုလာ၏။
“စိတ်မပူပါနဲ့ … သူဘာမှ မလုပ်နိုင်ပါဘူး … ” လင်းလော့ချင်း တည်ငြိမ်စွာ သူ့ကိုပြောလိုက်သည်။
“ဒါဆို ဂရုစိုက်နော် … တစ်ခုခုလိုရင် ငါ့ကိုပြော ...”
“ကောင်းပါပြီ … ” လင်းလော့ချင်း ရယ်လိုက်သည်။ “ကျေးဇူးပါ … အစ်ကိုရှီကျန်း … ”
“ရပါတယ် ...”
သူအလွန် စိတ်ပူနေ၍ကြောင့် ဖြစ်လိမ့်မည်။ လင်းလော့ချင်းက အစ်ကိုကျန်းဟု ခေါ်ဆိုစဉ်မှစ၍ ရှီကျန်း တစ်ဖက်လူအား ညီငယ်လေးအဖြစ် သတ်မှတ်ထားပြီး ဖြစ်၏။ သူက မာပေါ်ကျုံး၏ လက်ညစ်ပတ်များကြောင့် လင်းလော့ချင်း ထိခိုက်မည်
ကို သူစိုးရိမ်နေခြင်းဖြစ်၏။
“အနားယူနှင့်နော် … ငါအရင် သွားနှင့်မယ် ...” ရှီကျန်းက လင်းလော့ချင်းအား အခန်းတံခါးဝအထိ လိုက်ပို့ပေးခဲ့ပြီးမှ စိတ်သက်သာရာရသွား၏။
လင်းလော့ချင်း သူ့အား လက်ဝေ့ယမ်းကာ နှုတ်ဆက်လိုက်သည်။. “အစ်ကိုရောပဲ … ”