အပိုင်း ၁၂၃
Viewers 35k

Chapter 123




သူက အခန်းတံခါးကဒ်အား ပွတ်ဆွဲလိုက်ပြီးနောက် တံခါးတွင်းသို့ဝင်လိုက်သည်။ ထို့နောက် အထုပ်ကိုဖြည်လိုက်၏၊၊

 

အခန်းမှာ အလွန်တိတ်ဆိတ်လျှက်ရှိသည်။ လင်းလော့ချင်းက ကျောပိုးအိတ်တွင်းမှ နံချပ်ကူအား ထုတ်ယူ၍ ဆိုဖာဘေးတွင် ထောင်ထားလိုက်၏။

 

ညလေအေးက ပြတင်းပေါက်မှတဆင့် ညှင်းသဲ့သဲ့ တိုက်ခတ်လာ၏။

 

လင်းလော့ချင်း မတ်တပ်ရပ်လိုက်ပြီး ဝရန်တာသို့ လျှောက်သွားကာ ပြတင်းပေါက်ကို ပိတ်လိုက်သည်။

 

သူခေါင်းမော့ကြည့်လိုက်ချိန်တွင် နှင်းဖုံးနေသည့် လမင်းကို တွေ့လိုက်ရသည်။ အေးစက်၍ မော်ကြွားကာ လှပနေပြီး ကျိယွီရှောင်နှင့်တူ၏။

 

အစက ကျိယွီရှောင်နှင့် သဘောတူထားသည့်အတိုင်း မာပေါ်ကျုံး အခန်းတွင်းသို့ မဝင်ရောက်ခင် ကျိယွီရှောင် အား ဖုန်းခေါ်ရန် သူ တွေးခဲ့မိသည်။ သို့သော် မာပေါ်ကျုံး၏ စကားများကြောင့် ကျိယွီရှောင် ဒေါသထွက်မည်ကို စိုးရိမ်သဖြင့် သူ လက်လျှော့လိုက်ခြင်းဖြစ်၏။

 

ယခုမူ ဖုန်းမခေါ်ခဲ့၍သာ တော်တော့သည်ဟု လင်းလော့ချင်း တွေ့လိုက်မိသည်။ ကျိယွီရှောင်အား အခြားလူများ မကောင်းပြောသည်ကို သူ သဘောမကျချေ။ အထူးသဖြင့် တစ်ဖက်လူ၏ ခြေထောက်များနှင့် ပတ်သတ်၍ ဖြစ်သည်။  

 

သူက ခြေထောက်ဒဏ်ရာရသည်ထက် ပိုမိုဆိုးရွားသည့် ဆုံးရှုံးမှုများကို ကြုံတွေ့ခဲ့ရပြီးပြီဖြစ်၏။ ထိုလူများ၏ စော်ကားပြောဆိုမှုများအား ရင်မဆိုင်ရသင့်ချေ။

 

လင်းလော့ချင်း ဝရန်တာတွင် လဲလျောင်းလိုက်ရင်း ဖုန်းကိုထုတ်ကာ ကျိယွီရှောင်အား ခေါ်လိုက်သည်။

 

ကျိယွီရှောင်က အိပ်ရာထက်တွင် စာရွက်စာတမ်းများ ဖတ်နေ၏။ သူ ခေတ္တအနားယူရန် စိတ်ကူးနေစဉ်မှာပင် ဖုန်းမြည်လာခဲ့သည်။

 

ဖုန်းမြည်သံက အခြားလူများ၏ ဖုန်းမြည်သံနှင့် မတူချေ။ ၎င်းက လင်းလော့ချင်းအတွက် သီးသန့်ထားထားသည့် ဖုန်းသံဖြစ်သည်။

 

သူက ဖုန်းကိုင်လိုက်ရင်း မေးလိုက်၏။ “အလုပ်ပြီးသွားပြီလား … ”

 

“အွန်း … ” လင်းလော့ချင်း ညှင်သာစွာ ပြန်ဖြေလိုက်သည်။ သူ့အသံမှာ နွေဦး၏ညနေခင်း လေပြေကဲ့သို့ နွေးထွေးလှ၏။ “အစ်ကိုကြီး … ခင်ဗျားသိလား … ခင်ဗျားက ကျွန်တော် တွေ့ဖူးသမျှထဲမှာ အပြည့်စုံဆုံးလူသားပဲ … ”


ကျိယွီရှောင် “…”

 

“ဘာလို့ရုတ်တရက်ကြီး ဒါကိုထပြောတာလဲ … ”

 

“လွမ်းလို့ပြောတာလေ … ”

 

ကျိယွီရှောင် လက်ထဲမှ စာရွက်စာတမ်းများကို တည်ငြိမ်စွာ ချလိုက်သည်။ “ကြည့်ရတာ မင်းအမှန်အတိုင်း ပြောနေတဲ့ပုံပဲ ...”

 

လင်းလော့ချင်း ရယ်လိုက်မိ၏။ “အခု ကိုယ့်ကိုယ်ကိုယ် ချီးကျူးနေတာလား ...”


“ဘာလို့လဲ … မင်းတစ်ယောက်ထဲပဲ မင်းရဲ့ နတ်ဘုရားကို ချီးကျူးခွင့်ရှိတာလား … မင်းရဲ့နတ်ဘုရားက သူ့ကိုယ်သူတောင် မချီးကျူးရဘူးလား … ”

 

လင်းလော့ချင်း အပြုံးက ပို၍ပင် နက်ရှိုင်းလာ၏။  “ငါ မာပေါ်ကျုံးကို သွားတွေ့ပြီး နံချပ်ကူနဲ့ ရိုက်ခဲ့တယ် … ”

 

ကျိယွီရှောင် ကိုယ်ကိုမတ်လိုက်မိသည်။


 “ဘာဖြစ်တာလဲ …. သူမင်းကို နှောင့်ယှက်လို့လား … မင်းဘာလို့ ကိုယ့်ကို ချက်ချင်း မပြောရတာလဲ …. ”

“အရေးပေါ်ဖြစ်နေလို့လေ … ပြီးတော့ သူမင်းကို ရှာတွေ့သွားမှာလည်း စိုးရိမ်လို့ … ငါအဆင်ပြေပါတယ် … စိတ်မပူနဲ့နော် … ”

 

ကျိယွီရှောင် ထိုအခါမှသာ စိတ်သက်သာရာ ရသွား၏။

 

“ဗီဒီယိုကောလ် ဖွင့်လိုက် … မင်းအဆင်ပြေလားဆိုတာ ကိုယ့်မျက်လုံးနဲ့ အတည်ပြုချင်တယ် ...”

 

လင်းလော့ချင်း ရယ်လိုက်သည်။  “သူတစ်ယောက်ထဲက ငါ့ကို ထိခိုက်အောင် လုပ်နိုင်မယ်ထင်နေလား … သူက အိပ်မက်မက်နေတာပဲ ဖြစ်ရမယ် ...”

 

“ခဏစောင့် … ” လင်းလော့ချင်း ဗီဒီယိုကောလ် ခေါ်လိုက်သည်။

 

ကျိယွီရှောင်က လင်းလော့ချင်းအား ကိုယ်ကို ဘယ်ညာလှည့်ခိုင်းကာ ထိခိုက်ခြင်းမရှိကြောင်း အတည်ပြုလိုက်ပြီးမှ ခေါင်းညှိတ်လိုက်သည်။ 


“မင်းသူ့ကို သေချာယှဉ်ကြည့်ခဲ့တဲ့ပုံပဲ … အခုတော့ မင်းရဲ့ နတ်ဘုရားကို တွေ့ခဲ့ရတာက ကမ္ဘာပေါ်မှာ အလှပဆုံးတွေ့ဆုံမှုမှန်း သိသွားပြီပေါ့လေ … ”

 

“ငါအမြဲတမ်း အဲဒီ့လို တွေးနေခဲ့တာပါနော် … ” လင်းလော့ချင်း အပြစ်ကင်းသည့် မျက်နှာလေးဖြင့် ပြောလိုက်သည်။

 

“တကယ်လား … ဒါဖြင့် ဒီအကြောင်း ဘယ်သူ့ကိုမှ လျှောက်မပြောတာကောင်းမယ်နော် ...”

 

“ဒါပေါ့ … စိတ်မပူပါနဲ့ … ” လင်းလော့ချင်း ပြုံးလိုက်၏။

တစ်ဖက်လူ အပြုံးကြောင့် လေထုမှာ အနည်းငယ် တိတ်ဆိတ်နေသလို ကျိယွီရှောင် ခံစားလိုက်ရသည်။

 

“ပြီးရင် ဘာဆက်လုပ်မယ် စိတ်ကူးလဲ … ”

 

“ဘာမှမလုပ်ပါဘူး … ငါ့ဘက်က ရှင်းအောင် ပြောထားပြီးသားပဲလေ … သူ အသိဉာဏ်ရှိရင် ငါ့ကို ဆက်ပြီးနှောင့်ယှက်တော့မှာ မဟုတ်ဘူး … အကယ်၍ သူ့မှာ အသိဉာဏ်မရှိဘူး ဆိုရင်တော့ ငါသူ့ကို သင်ပြပေးရတော့မှာပေါ့ … ပြီးတော့ အစ်ကိုကြီးဝူက သူနဲ့ စကားသွားပြောတယ် … အဲဒါကြောင့် သိပ်ပြီး စိတ်ပူစရာ လိုမယ်မထင်ပါဘူး ...”

 

“ဒီလို ဖြစ်မလာရင်ရော … ”

 

လင်းလော့ချင်း ခေါင်းလေးစောင်းလိုက်သည်။ “ဒီလိုဆို သူက သနားစရာပဲ … ဘာလို့ဆို ငါ့မှာ အသံဖမ်းထားတာ ရှိတယ်လေ ….”

 

သူက ပါးနပ်စွာဆိုရင်း မျက်တောင်ခတ်လိုက်၏။

 

ကျိယွီရှောင် အံ့အားသင့်သွားသည်။ “အသံပါဖမ်းခဲ့တာလား … ”

 

“ဒါပေါ့ … ဒီအတိုင်းတော့ လွှတ်မပေးနိုင်ဘူးလေ … သူ့လိုလူတစ်ယောက်ကို ဘာသဲလွန်စမှမချန်ပဲ ဒီအတိုင်းထားလို့ ဘယ်ရပါ့မလဲ … ဒါမှ အနာဂတ်မှာ သူ့ဘက်က တစ်ခုခုပြောလာတဲ့အခါကျ ငါသူ့ကို ရင်ဆိုင်နိုင်မှာပေါ့ … ”

 

“ပြီးတော့ နောက်ပိုင်း သူ့ကို တရားစွဲချင်ပြီး ထင်ရှားတဲ့ သက်သေမရှိတဲ့ လူတွေ ရှိလာတဲ့အခါကျရင်လည်း ဒီအသံဖမ်းထားတာက အကူအညီဖြစ်မယ် ထင်တာပဲ … ”

 

လင်းလော့ချင်း သူ့အတွက်သူ မစိုးရိမ်ခဲ့ချေ။ သူက မာပေါ်ကျုံး၏ အကျပ်ကိုင်ခြင်းကိုရော၊ သွေးဆောင်မှုကိုပါ ဂရုမစိုက်ခဲ့။ အစကတည်းက ဤပြဿနာအား သူဖြေရှင်းနိုင်ကြောင်း ရှင်းရှင်းလင်းလင်း နားလည်ခဲ့သည်။ ထို့ကြောင့် သူက လေ့ကျင့်ခန်းအချိန်တွင် မာပေါ်ကျုံးကို ရှောင်နေခြင်းအား ဆက်မလုပ်တော့ပဲ ကျိယွီရှောင်နှင့် စကားပြောနေခဲ့ခြင်း ဖြစ်၏။ သူက မာပေါ်ကျုံး၏ သူ့အပေါ် စိတ်ဝင်စားနေခြင်းကိုရော အကျပ်ကိုင်ခြင်းကိုပါ ဂရုမစိုက်ချေ။

 

သို့သော် အချို့လူများကမူ ဂရုစိုက်၏။

 

မာပေါ်ကျုံး၏ စကားများသည် အချို့လူများကို အယုံသွင်းရန် လုံလောက်ပေလိမ့်မည်။ သို့သော် လင်းလော့ချင်း အတွက်မူ အကျုံးမဝင်ချေ။ ထို့အပြင် တစ်စုံတစ်ဦးက ကိုယ်ပိုင်ဆန္ဒမပါပဲ မာပေါ်ကျုံးအား ကြောက်ရွံ့သဖြင့် ဖိအားပေးခံရခြင်းကို လင်းလော့ချင်း မမြင်လို။

 

ထိုအချိန်တွင် အသံဖမ်းထားသည့် မှတ်တမ်းက ထိုသူများကို အကူအညီပေးပေလိမ့်မည်။

 

“သူ ငါ့ဆီက ကောင်းကောင်းသင်ယူနိုင်ဖို့ မျှော်လင့်ပါတယ် … ” လင်းလော့ချင်း သက်ပြင်းချလိုက်သည်။

 

ကျိယွီရှောင်က လင်းလော့ချင်း၏ စကားသံကို နားထောင်ရင်း တစ်ဖက်လူ၏ စိတ်သဘောထား နူးညံ့မှုကို ခံစားမိလိုက်သည်။

 

ဤကဲ့သို့ ကိစ္စမျိုး ကြုံရသည့် မည်သူမဆို ဒေါသထွက်မည်ဖြစ်သော်လည်း လင်းလော့ချင်း၏ စိတ်နေစိတ်ထားကမူ အေးချမ်းလှ၏။ သူက အနာဂတ်တွင် အခြားလူများအား အကူအညီဖြစ်စေရန်အတွက် သက်သေကိုပါ ရှာပေးခဲ့သေးသည်။  

 

သူက ပြဿနာကို ဖြေရှင်းရန် အခြားလူများ၏ အကူအညီကို မလိုအပ်ချေ။


သို့သော် အခြားလူများ ပြဿနာကြုံရပါက ကူညီဖြေရှင်းပေးပေလိမ့်မည်။

 

လင်းလော့ချင်း ဤကဲ့သို့ လုပ်ဆောင်သည်မှာ ပထမဆုံးအကြိမ် မဟုတ်ကြောင်း ကျိယွီရှောင် နားလည်သွားသဖြင့် အံ့အားသင့်သွား၏။

 

သူတို့ လက်ထပ်ရန် ပြင်ဆင်စဉ်က လင်းလော့ချင်းသည် ကုမ္မဏီအား စိတ်တိုင်းမကျသည်မှာ သိသာလှသည်။ သို့သော် ကျိယွီရှောင်အား ထိုကိစ္စနှင့် ပတ်သတ်၍ အကူအညီမတောင်းခဲ့။ ကျိယွီရှောင်ကသာ သူ့အား ရှင်းယီနှင့် စာချုပ်ချုပ်နိုင်ရန် ကူညီပေးခဲ့ခြင်းဖြစ်သည်။

 

လင်းဖေး ကျောင်းပြောင်းသည့် ကိစ္စတွင်လည်း ထိုနည်းတူပင်။ သူက လင်းဖေးအတွက် သင့်တော်သည့်ကျောင်း ရှာဖွေပေးရန်သာ ကျိယွီရှောင်အား အကူအညီတောင်းခဲ့သည်။ ကျိယွီရှောင်၏ အင်အားကို အသုံးပြု၍ အခြားလူများအား တွန်းအားမပေးခဲ့။

 

သူ ပြဿနာဖြေရှင်းသည့်အခါ ကျိယွီရှောင်အား တစ်ခုမှ မဖုံးကွယ်ပဲ မချွင်းမချန် ပြောပြတတ်သည်။ သို့သော် သူက ပြောပြရုံသာဖြစ်၏။

 

သူက ကျိယွီရှောင်အား သူ၏ပြဿနာများတွင် ဝင်ရောက်၍ စွက်ဖက်ခွင့် ပြုထားသည်။ သို့သော် လင်းလော့ချင်းသည် မည်သူ့ကိုမှ မမှီခိုပဲ တစ်ဦးထဲရပ်တည်ခြင်းနှင့် အသားကျနေခဲ့ပုံရ၏။ သူက အားလုံးကို သူ၏ ကိုယ်ပိုင်နည်းလမ်းများဖြင့် ဖြေရှင်းခဲ့သည်။  

 

သူက ကျိယွီရှောင်၏ အင်အားနှင့် လုပ်နိုင်စွမ်းကို သတိမပြုမိ၍ မဟုတ်ချေ။ သူတစ်ဦးထဲ အမှီအခိုကင်းကင်း ရပ်တည်ချင်ရုံသာဖြစ်သည်။  

 

နွေရာသီတွင် ပီအိုနီပန်းများ ဖူးပွင့်လာပုံနှင့်တူ၏။ ပန်းများအားလုံး အရောင်အသွေးလှပကာ ရနံ့မွှေးသော်လည်း မည်သည်ကိုမှ ဂရုမစိုက်ပဲ သီးသန့်ဖူးပွင့်လာကြသည်။

 

သူက ကျိယွီရှောင်ကိုသာ ရိုးရှင်းစွာ လက်ထပ်ခဲ့ခြင်းဖြစ်သည်။ ကျိမိသားစု၏ အနာဂတ်ခေါင်းဆောင် ကျိယွီရှောင် အား လက်ထပ်ခဲ့ခြင်းမဟုတ်ပေ။

 

ကျိယွီရှောင် ရုတ်တရက် ပြုံးလိုက်မိ၏။

 

လင်းလော့ချင်း ဇဝေဇဝါ ဖြစ်သွားသည်။  “မင်းဘာလို့ ပြုံးနေတာလဲ … ”

 

“ဘာလို့ဆို မင်းက အရမ်းချစ်စရာကောင်းလို့လေ … ”

 

လင်းလော့ချင်း “…”

 

“အိုး … ကျေးဇူးပါ ...”


“မလိုပါဘူးနော် ...” ကျိယွီရှောင် သူ့ကိုကြည့်လိုက်၏။

 

ကျောင်းတွင် သင်ကြားခဲ့သည့် ကဗျာတစ်ပုဒ်အား အမှတ်ရမိသွားသည်။

 

ကိုယ်သာမင်းကို ချစ်မယ်ဆိုရင်

 

တွယ်တက်ဖို့ မကြိုးစားတဲ့ သခွတ်ပန်းနွယ်တွေလို …

 

မင်းရဲ့ အကိုင်းအခက်တွေကို သုံးပြီး မင်းကိုယ်မင်း သက်သေပြပါ …

 

သူက လင်းလော့ချင်းတွင် အကိုင်းအခက်များ ရှိနေခြင်းကို စိတ်မရှိချေ။ သို့သော် အကယ်၍ သူ့တွင် ကိုယ်ပိုင် အလင်းရှိပါက အဘယ့်ကြောင့် ကျိယွီရှောင်၏ အလင်းကို လိုအပ်မည်နည်း။

 

လင်းလော့ချင်းက အခြားလူများကို သူတို့လက်ထပ်ထားကြောင်း ပေးမသိရန် ယတိပြတ်ငြင်းခဲ့သည်။ ဤနည်းအားဖြင့် သူက ပရိတ်သတ်မျက်လုံးထဲတွင် ကျိယွီရှောင်၏ လက်တွဲဖော် လင်းလော့ချင်းမဟုတ်ပဲ သရုပ်ဆောင် လင်းလော့ချင်းအဖြစ် ရှိနေနိုင်လိမ့်မည်။ သူက အခြားလူများရှေ့သို့ သူ၏ အလုပ်အကိုင်ကြောင့်သာ ထွက်ပေါ်လာချင်သည်။ တစ်စုံတစ်ဦး၏ လက်တွဲဖော်အဖြစ် စတင်မိတ်မဆက်လို။

 

သူ့တွင် ကိုယ်ပိုင်အတွေးအမြင်များရှိသည်။ အရာရာကို အလေးအနက် ဆောင်ရွက်တတ်ခြင်းက သူ့အား ကိုယ်ပိုင်အလင်းဖြင့် တောက်ပနေစေ၏။ သူက ကျိယွီရှောင်၏ အင်အားနှင့် လွှမ်းမိုးမှုကို မလိုအပ်ချေ။

 

ထိုသို့ဆိုလျှင်ပင် ပါတနာတစ်ဦး အနေဖြင့် ကျိယွီရှောင် သူ့ကိုကူညီ၍ လမ်းရှင်းပေးရန် လိုအပ်ပေသည်။

 

“ကောင်းကောင်းအနားယူ … ” ကျိယွီရှောင် သူ့ကိုပြောလိုက်သည်။  


“မင်း ပြန်ရောက်တဲ့အချိန်ကို ကိုယ်စောင့်နေမယ် … ”

 

“အွန်း  ...” လင်းလော့ချင်း ပြုံးလျှက် ဗီဒီယိုကောလ်ကို ချလိုက်၏။

 

သူက အိပ်ခန်းထံသွားကာ တံခါးကို လော့ခ်ချလိုက်၏။ ထို့နောက် ရေချိုးခန်းအတွင်းသို့ ဝင်ရန်ပြင်စဉ်မှာပင် တံခါးခေါက်သံ ကြားလိုက်ရသည်။

 

လင်းလော့ချင်း တံခါးဖွင့်လိုက်ချိန်တွင် ဝူရှင်းယွမ်အား တွေ့လိုက်ရသည်။

 

ဝူရှင်းယွမ် သူ့ကိုပြော၏။ 


“မင်းကို အနာဂတ်မှာထပ်ပြီး မနှောင့်ယှက်ဖို့ မာပေါ်ကျုံးကို ငါပြောခဲ့ပြီးပြီ … အင်တာဗျူးတွေမှာလည်း မင်းအပေါ် ဆိုးဆိုးဝါးဝါးမှတ်ချက် ပေးမှာမဟုတ်ဘူး … ”

 

“ကောင်းပါပြီ ….” လင်းလော့ချင်း ခေါင်းညှိတ်လိုက်၏။

 

“ဒါဆို နားတော့နော် … နောက်နေ့မနက်မှ တွေ့ကြတာပေါ့ … ”

 

“ဟုတ်ကဲ့ … ”

 

လင်းလော့ချင်း တံခါးပိတ်ကာ ရေချိုးပြီးနောက် အိပ်ရာဝင်လိုက်၏။

 

လင်းလော့ချင်းတံခါးမှ ဝူရှင်းယွမ် လှည့်ထွက်လိုက်ချိန်မှာပင် ဖုန်းမြည်လာသည်။ သူက ဖုန်းကို ငုံ့ကြည့်လိုက်ချိန်တွင် ခေါ်ဆိုသူမှာ ကျိယွီရှောင် ဖြစ်ကြောင်း တွေ့လိုက်ရ၏။

 

ဝူရှင်းယွမ် ဖုန်းကိုင်လိုက်ချိန်တွင် ကျိယွီရှောင်၏ အမိန့်အား ကြားလိုက်ရသည်။ 


“နောက်ပိုင်း ဘယ်သူ့ကိုမှ ထပ်မနှောင့်ယှက်ဖို့ မာပေါ်ကျုံးကို သတိပေးလိုက်ပါ … မဟုတ်ရင် သူ မမျှော်လင့်ထားတာတွေ ဖြစ်လာလိမ့်မယ်လို့ … ”

 

ဝူရှင်းယွမ် အံ့အားသင့်သွားသည်။ “မင်းကို လော့ချင်း ပြောတာလား … ”

 

“ဟုတ်တယ် … သူက အရမ်းကြင်နာတတ်တယ်လေ … နောက်ပိုင်း တစ်ယောက်ယောက် ဒီလိုအဖြစ်မျိုးကြုံရရင် အသံသွင်းထားတဲ့ မှတ်တမ်းကိုပေးပြီး ကူညီမယ်ပြောတယ် … မာပေါ်ကျုံးကို နောက်ထပ် ဘယ်သူ့မှ နှောင့်ယှက်ခွင့်မပေးနဲ့ … ဒီလိုဆို လင်းလော့ချင်းလည်း အသံသွင်းထားတဲ့ မှတ်တမ်းကို ထုတ်ပြစရာ မလိုတော့ဘူး … ”


သူက သူ့လူအား မာပေါ်ကျုံးနှင့် ဆက်စပ်ခွင့်မပြုနိုင်ချေ။ ၎င်းက အဆိုးမြင်ဝါဒီများ၏ အတင်းပြောစရာ ဖြစ်လာလိမ့်မည်။ အမှန်ကို မမြင်နိုင်သည့် လူများက လင်းလော့ချင်းအပေါ် ရေဆိုးများ လောင်းချကြမှာ အသေအချာပင်။  

 

ဥပမာအားဖြင့်  “အနုပညာလောကမှာ လူတွေဒီလောက်များတာ … ဘာလို့သူက မင်းကိုရွေးပြီး ဒီလိုစကားမျိုး ပြောရတာလဲ … မင်းသူ့ကို အထာပေးခဲ့တာလား … ”

 

ထို့ကြောင့် အကောင်းဆုံး ဖြေရှင်းနည်းမှာ ထိုအသံဖိုင်အား မည်သည့်အခါမှ မထုတ်ပြခြင်းဖြစ်၏။ 

 

“ကျွန်တော် နားလည်ပါပြီ … ” ဝူရှင်းယွမ် ပြန်ဖြေလိုက်သည်။

 

“အကယ်၍ သူနားမထောင်ရင် ငါ့ကို တိုက်ရိုက်တင်ပြပါ ...”


“ဟုတ်ကဲ့ ...”


ဝူရှင်းယွမ်က ဖုန်းချလိုက်ပြီးနောက် မာပေါ်ကျုံးအား ထပ်မံသွားရှာလိုက်သည်။


လင်းလော့ချင်း အေးအေးချမ်းချမ်း အိပ်ပျော်သွား၏။ သူက နောက်နေ့တွင် မာပေါ်ကျုံးနှင့် ရင်ဆိုင်ရန် အသင့်ပြင်ထားခဲ့သည်။ သို့သော် တစ်ဖက်လူက အပြင်သို့ပင် ထွက်မလာခဲ့ချေ။


‘ဘယ်တော့မှ ပေါ်မလာရင် အကောင်းဆုံးပဲ … ’ လင်းလော့ချင်း ထိုသို့တွေးလိုက်၏။ သူက ထိုလူအား ဆက်လက်ဂရုမစိုက်တော့ပဲ ယနေ့ သူရိုက်ကူးရမည့် ဇာတ်ညွှန်းကိုသာ ကောက်ကိုင်လိုက်သည်။


မာပေါ်ကျုံး အမှန်တကယ် အခက်တွေ့နေ၏။


သူ့အား မနေ့ညက ဝူရှင်းယွင်သည် ထပ်မံသတိပေးခဲ့သည်။ မာပေါ်ကျုံးက မည်သည်ကိုမှ ဂရုမစိုက်သော်လည်း လင်းလော့ချင်းသည် ရှင်းယီမှ အနုပညာရှင်ဖြစ်ကာ ရှင်းယီသည် ကျိအုပ်စု လက်အောက်တွင်ရှိကြောင်း သိရှိထား၏။


သူ၏ အေးဂျင့်က သူ့အား နှစ်သိမ့်လိုက်သည်။ “အစ်ကိုကြီးမာ … မေ့လိုက်ပါတော့ … ကျွန်တော်တို့  လင်းလော့ချင်း ဘယ်လောက်ကြည့်ကောင်းကောင်း ကျိအုပ်စုကို သွားပြီး ဆန့်ကျင်လို့မရဘူး ...”


မာပေါ်ကျုံး နှာခေါင်းရှုံ့လိုက်သည်။ “သူက ဒီတိုင်း တက်သစ်စလေးပဲမဟုတ်လား … ကျိအုပ်စုက ဘာလို့ဒီလောက် ဂရုစိုက်နေရတာလဲ … ”


“မှန်တယ် … ဒါပေမယ့် ဝူရှင်းယွမ်က ကျွန်တော်တို့ကို သေချာသတိပေးသွားတာ … အစ်ကိုကြီးသာ  လင်းလော့ချင်းကို ထပ်ပြီးနှောင့်ယှက်မယ်ဆိုရင် ကျိအုပ်စုကို မလေးမစားလုပ်တယ်လို့ သူက သေချာပေါက်တွေးမှာပဲ … ”


မာပေါ်ကျုံးသည်လည်း စိတ်ပူနေ၏။ ထိုမျှမကသေး။ မနေ့ညက ဝူရှင်းယွမ် ဒုတိယအကြိမ် လာရောက်စဉ်က သူ့အား လေးလေးနက်နက် သတိပေးသွားသည့် အချက်တစ်ခုလည်း ရှိသေးသည်။


ဝူရှင်းယွမ်က အကယ်၍ သူသာ ဤကဲ့သို့ အပြုအမူမျိုးကို အခြားတစ်ဦးအပေါ် ထပ်မံပြုလုပ်ပါက အဆုံးသတ်ကောင်းမည် မဟုတ်ဟု သတိပေးသွားခဲ့သည်။


“ဆရာမာ … မယုံဘူးဆိုတာ သိပေမယ့် ပြောစရာရှိတာ ပြောထားတာပါ … တစ်ခုခုဖြစ်လာတော့မှ ကျွန်တော့်ဘက်ကို အပြစ်တင်လို့ မရဘူးနော် ...”


သူက ၎င်းကို တည်ငြိမ်စွာ ပြောခဲ့သဖြင့် မာပေါ်ကျုံး ပို၍ပင် မသက်မသာ ဖြစ်ရ၏။


လင်းလော့ချင်းနောက်မှာ တစ်ယောက်ယောက် ရှိနေတာလား ….


ထိုသို့လည်း မဖြစ်နိုင်ပေ။ သူအားလုံး စစ်ဆေးခဲ့ပြီးပြီဖြစ်သည်။ လင်းလော့ချင်း၏ မိဘများသည် ကွယ်လွန်သွားကြပြီဖြစ်ပြီး အစ်မဖြစ်သူသည်လည်း မကြာခင်က ဆုံးပါးသွား၏။ သူ့တွင် ညီတစ်ဦးရှိသော်ငြား ဆက်ဆံရေးမပြေလည်ချေ။ သူ၏ တစ်ဦးထဲသော ဆွေမျိုးမှာ သူ၏ တူသာဖြစ်၏။ မည်သူကမှ သူ့အား ဂရုစိုက်မည်မဟုတ်ပေ။ ဝူရှင်းယွမ်က ဘယ်လိုလုပ်ပြီး ဒီကိစ္စကို သာမန်လို ပြောနိုင်ရတာလဲ …


ဖြစ်နိုင်ချေတစ်ခုသာရှိ၏။ လင်းလော့ချင်း အနောက်တွင် အင်အားကြီးသည့် လူတစ်ဦးရှိနေပြီး ထိုလူ၏ တည်ရှိမှုအား မာပေါ်ကျုံး စုံစမ်းနိုင်စွမ်း မရှိခြင်း ဖြစ်သည်။


အမြင့်တစ်နေရာမှ လူများက နိမ့်ကျသည့် လူတန်းစားများကို စစ်ဆေးနိုင်စွမ်း ရှိသည်။ သို့သော် နိမ့်ကျသောလူများကမူ အမြင့်တစ်နေရာမှ လူများ၏ လျှို့ဝှက်ချက်များအား သိနိုင်မည်မဟုတ်ပေ။


ငှက်ဖမ်းရာမှ လင်းလော့ချင်းဟူသော ငှက်တစ်ကောင်၏ နှုတ်သီးဖြင့် ထိုးဆိတ်ခံရလိမ့်မည်ဟု မာပေါ်ကျုံး မျှော်လင့်မထားခဲ့။ သူက သူ့အား စော်ကားခဲ့ပြီး ထိခိုက်စေခဲ့သည့် ထိုလူကို လက်စားချေရန် မဖြစ်နိုင်တော့ကြောင်း တွေးမိလိုက်သည်။ ထိုအချက်က ပို၍ပင် စိတ်ဓာတ်ကျစရာကောင်း၏။


သူ၏ ဒေါသတကြီးဖြစ်နေသော မျက်နှာကြောင့် အေးဂျင့်က ထပ်မံနှစ်သိမ့်လိုက်သည်။. “ဆရာမာ … ခင်ဗျားရဲ့ လက်ရှိအနေအထားနဲ့ဆို သူ့ကို နှောင့်ယှက်ဖို့ မဖြစ်နိုင်ဘူး … ခဏလောက်သည်းခံပြီး နောက်ဆုတ်လိုက်တာ မကောင်းဘူးလား … ”


မာပေါ်ကျုံးက မကျေမနပ်မျက်နှာထားဖြင့် တစ်ဖက်လူအား စိုက်ကြည့်လိုက်သည်။ “ကျုပ်က ခင်ဗျားကို အေးဂျင့်အနေနဲ့ခန့်ထားတာ ဒီစကားတွေ ပြောဖို့မဟုတ်ဘူး … သွား … လင်းလော့ချင်းအနောက်ကလူကို သွားစုံစမ်းခဲ့ … ”


“ကျွန်တော် လူလွှတ်ပြီး စုံစမ်းခိုင်းပြီးပြီ … ” အေးဂျင့်က ပြန်ဖြေလိုက်သည်။ 


“ဘာပဲဖြစ်ဖြစ် … ဒီတစ်ခါလည်း ဘာမှမသိရဘူးဆိုရင် သူ့နောက်ခံက ကျွန်တော်တို့ထက် ပိုအားကောင်းတာပဲ … သူ့ကို ထပ်ပြီး မနှောင့်ယှက်ပါနဲ့တော့ …. သူ့ကုမ္မဏီကလည်း သူ့ကို ကာကွယ်ပေးမယ့်ပုံပဲ … သူက မလွယ်လောက်ဘူး ...”


မာ

ပေါ်ကျုံးက ဘာမှမပြောပဲ ဒေါသများကို သိုဝှက်ထားလိုက်၏။


သူက အလွန်စိတ်ဆိုးနေသဖြင့် အအေးမိလွယ်သွားကာ ထပ်မံဖျားနာပြန်သည်။


လင်းလော့ချင်း ထိုအကြောင်းကို ကြားသည့်အခါ ရယ်မောရင်း ပြောလိုက်၏။


“သူ့ကို လေ့ကျင့်ခန်းလုပ်ပါလို့ ပြောခဲ့သားပဲ … ”