အပိုင်း ၁၂၄
Viewers 34k

Chapter 124



 

ဝူရှင်းယွမ်က မာပေါ်ကျုံးအား ရက်အနည်းငယ်ကြာ စောင့်ကြည့်နေခဲ့သည်။ တစ်ဖက်လူ မည်သည်ကိုမှ မပြုလုပ်သည်ကို တွေ့လိုက်ရသဖြင့် သူ စိတ်သက်သာရာရသွား၏။ မာပေါ်ကျုံး ကြောက်သွားခြင်း ဖြစ်ပုံရသည်။

 

သူက တွက်ချက်တတ်ပုံပင်။

 

မာပေါ်ကျုံးက ဆေးရုံ၌ နှစ်ရက်ကြာ သောင်တင်ခဲ့ပြီးနောက် ရိုက်ကူးရေးအဖွဲ့ထံသို့ မျက်နှာမသာမယာဖြင့် ပြန်ရောက်လာသည်။

 

မာပေါ်ကျုံးသည် သူ၏ ရိုက်ကူးရေးအဖွဲ့နှင့် မကိုက်ညီဟု ဒါရိုက်တာကျန်း ခံစားလိုက်ရ၏။ ထိုသို့ မဟုတ်ပါက ဇာတ်လမ်းတွဲတစ်ခု ရိုက်ကူးချိန်အတွင်း လဝက်ခန့် ဆေးရုံသို့ ရောက်နေမည်မဟုတ်ပေ။

 

သို့သော် ထိုသူ နေမကောင်းသည့်အလျှောက် ပြန်လည်အားဖြည့်ရန် ခွင့်နှစ်ရက်အား ပေးလိုက်ရပြန်၏။

 

မာပေါ်ကျုံး၏ အေးဂျင့်သည်လည်း သတင်းအချို့ ရရှိခဲ့၏။ မည်သူကမှ လင်းလော့ချင်း၏ နောက်ခံကို မစုံစမ်းနိုင်ခဲ့ကြချေ။

 

သူတို့မျှော်လင့်ထားသည့် အတိုင်းပင် ထိုလူက အကောင်ကြီးကြီးတစ်ဦး ဖြစ်ပုံရ၏။

 

မာပေါ်ကျုံး၏ အေးဂျင့်က မာပေါ်ကျုံးအား တစ်ကိုယ်ကောင်းဆန်စွာဖြင့် လင်းလော့ချင်းအား ထပ်မံမနှောင့်ယှက်ရန် ဒုတိယအကြိမ် သတိပေးလိုက်၏။

 

မာပေါ်ကျုံး ဒေါသများကို ကြိတ်မှိတ်မျိုချကာ လင်းလော့ချင်းအား ထပ်မံရန်စခြင်းမပြုရန် အေးဂျင့်နှင့် သဘောတူလိုက်ရသည်။ သို့သော် စိတ်တွင်းတွင်မူ အလွန်ရှက်နေပြီး စိတ်ဓာတ်လည်း ကျနေမိသည်။

 

ယနေ့တွင်မူ သူတို့နှစ်ဦးက အတူတကွ ရိုက်ကူးရ၏။ မာပေါ်ကျုံးက စိတ်ခံစားချက်အားလုံးကို လွှတ်ချကာ အရှိန်အဝါအပြည့်ဖြင့် သရုပ်ဆောင်တော့သည်။

 

သူက သရုပ်ဆောင်ခြင်းဖြင့် လင်းလော့ချင်းအား ဖိနှိပ်ရန် ကြိုးစားလိုက်သည်။ တစ်ဖက်လူက ပြန်လည်တိုက်ခိုက်သော်လည်း အတွေ့အကြုံတွင်မူ မာပေါ်ကျုံးအား ယှဉ်နိုင်စွမ်း မရှိပေ။

 

ဒါရိုက်တာကျန်းက ကဒ် ဟု အော်လိုက်၏။ သို့သော် လင်းလော့ချင်းက မော်နီတာအား ကြည့်ပြီးသည့်နောက် နောက်တစ်ကြိမ် ထပ်မံရိုက်ကူးပေးရန် တောင်းဆိုလိုက်သည်။

 

မာပေါ်ကျုံး နှာခေါင်းရှုံ့လိုက်၏။ “ထားလိုက်စမ်းပါ … မင်းအဆင့်နဲ့ ဒီလောက်ကပဲ တော်လှပြီ … ”

 

“ဆရာမာ … ထပ်မရိုက်ရဲဘူးလား … ” လင်းလော့ချင်း သူ့ကိုမေးလိုက်၏။

 

မာပေါ်ကျုံး အထင်သေးစွာ ဆိုလိုက်သည်။ 


“ကောင်းပြီ … ငါမင်းကို အဖော်ပြုပေးမယ် … ”

 

ထိုနောက် သူက ဒါရိုက်တာကျန်းထံ ကြည့်လိုက်၏။ “သေချာ ဂရုစိုက်ပေးဖို့ မျှော်လင့်ပါတယ် … ”

 

ဒါရိုက်တာကျန်း မျက်မှောင်ကြုတ်လိုက်သည်။ ထိုသူ ဘာဖြစ်နေမှန်း သူနားမလည်ချေ။

 

လင်းလော့ချင်းက မကြာခင်မှာပင် မာပေါ်ကျုံးနှင့် ဒုတိယအကြိမ် ရိုက်ကူး၏။ သို့သော် သူက ဆိုးဝါးနေဆဲပင်။ ဤတစ်ကြိမ်၌ မာပေါ်ကျုံးက ကဒ် ဟု အော်လိုက်ကာ နောက်တစ်ကြိမ် ရိုက်ကူးရန် ပြောလိုက်သည်။  

လီဟန်ဟိုင်း နှင့် ယောင်မော့မော့ က ထိုအရာကို တွေ့သောအခါ ဇဝေဇဝါ ဖြစ်သွားကြ၏။ “ဘာဖြစ်တာလဲ … ဆရာရှောင်လင်းက နှစ်ခါရိုက်ပြီးပြီကို ခုထိ မရသေးဘူးလား … ”

 

လီဟန်ဟိုင်းက မာပေါ်ကျုံးကိုကြည့်ရင်း တွေးလိုက်မိသည်။ ‘သူ တမင်လုပ်နေတာပဲ ...’

 

ဒါရိုက်တာကျန်းသည်လည်း တတိယအကြိမ် ရိုက်ကူးရေးအပြီးတွင် ထိုအခြင်းအရာကို တွေ့မြင်လိုက်၏။ သူက  မာပေါ်ကျုံး၏ အလိုအတိုင်း မလုပ်လိုသဖြင့် ကဒ်ဟု မအော်တော့ချေ။

 

သို့သော် လင်းလော့ချင်းက မော်နီတာကိုကြည့်ရင်း ထပ်ပြောလိုက်သည်။ “ထပ်ပြီးရိုက်ရအောင် ...”

 

ဒါရိုက်တာကျန်းက သူ့အား ခပ်တိုးတိုးပြောလိုက်၏။ “အဆင်ပြေတယ် … မင်းမသိဘူးလား … သူက တမင်လုပ်နေတာလေ …”

 

သူက လင်းလော့ချင်းအား သဘောကျ၏။ လင်းလော့ချင်း၏ သရုပ်ဆောင်ကျွမ်းကျင်မှုကြောင့်သာမက အခြားသရုပ်ဆောင်များကို သင်ပြပေးနေသည်အား သူတွေ့ဖူး၍ဖြစ်သည်။ သူက လင်းလော့ချင်းအား ရိုက်ကူးရေးအဖွဲ့တွင်းရှိ အခြားသရုပ်ဆောင်များထက် ပို၍ အမြင်ကောင်းရှိလေသည်။

 

သူ ဤဇာတ်လမ်းတွဲအား လက်ခံခဲ့စဉ်က သရုပ်ဆောင်အားလုံး သက်တူရွယ်တူများ ဖြစ်နေကြရာ အတွင်းရန်ပွဲများ ရှိနေမည်ကို စိုးရိမ်ခဲ့သည်။ သို့သော် အမျိုးသား၊ အမျိုးသမီးအားလုံးက မြင့်မားသော ပါရမီ မပါရှိစေကာမူ အလုပ်ကြိုးစားကြကြောင်း သူတွေ့လိုက်ရသည်။ ထိုအချိန်မှစ၍ သူက အားအင်အပြည့်ဖြစ်သွားကာ စခရင်ကို ကြည့်ရင်း တက်သစ်စလေးများအား စတင်သင်ကြားပေးတော့၏။

 

တက်သစ်စများထဲတွင် လင်းလော့ချင်းသည် သူ စိတ်တိုင်းအကျဆုံး သရုပ်ဆောင်ဖြစ်သည်။ ထို့ကြောင့် မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို မသိစေကာမူ လင်းလော့ချင်းအား မျက်နှာသာပေးမိ၏။

 

လင်းလော့ချင်းက ဒါရိုက်တာကျန်း၏ စကားကြောင့် အံ့အားသင့်သွားသည်။ သူက ပြုံးလျှက် တစ်ဖက်လူအား တီးတိုးကပ်ပြောလိုက်၏။


 “အဆင်ပြေပါတယ် … ကျွန်တော် သရုပ်ဆောင်လေ့ကျင့်ချင်လို့ပါ … ဆရာမာက ကျန်တဲ့လူတွေကို အားနည်းတယ် သတ်မှတ်ထားတော့ သူ့ခွန်အား အစစ်အမှန်ကို ထုတ်မပြခဲ့ဘူးလေ … အခု ခွန်အား အစစ်အမှန် ထုတ်ပြလာပြီဆိုတော့ ကျွန်တော် လေ့ကျင့်လို့ရပြီပေါ့ ...”


ဒါရိုက်တာကျန်း  “……”

 

သူ့ကိုယ်သူ အမြင်ကျဉ်းလွန်းသည်ဟု ဒါရိုက်တာကျန်း ခံစားလိုက်ရသည်။

 

သူက မောက်မာစွာ သရုပ်ဆောင်နေသည့် မာပေါ်ကျုံးအား ကြည့်လိုက်၏။ အမှန်စင်စစ် အဖွဲ့တွင်းရှိ အခြားလူများသည် လင်းလော့ချင်းအတွက် အားနည်းလှသည်။ ယခုမူ သရုပ်ဆောင်လေ့ကျင့်ရန် အခမဲ့ ကူညီပေးသူရှိနေရာ အခွင့်အရေးကို ဖမ်းဆုပ်ရမည့် အချိန်ပင်။  

 

“ဒါဖြင့် သွားပါ … ” ဒါရိုက်တာကျန်းက လင်းလော့ချင်းအား မတားတော့ပဲ တစ်ဖက်လူ၏ တိုးတက်လာမှုကို စောင့်ကြည့်ရန် ကြံလိုက်၏။

 

သူက အလွန် မျက်နှာလိုက်တတ်သည်ပင်။

 

မာပေါ်ကျုံးက ဒါရိုက်တာကျန်း၏ နောက်တစ်ကြိမ် ရိုက်ကူးရမည်ဟု ကြားလိုက်သဖြင့် သဘောခွေ့သွားသည်။ သူက သူ့ကိုယ်သူ လင်းလော့ချင်း၏ သရုပ်ဆောင်လေ့ကျင့်ရန် အထောက်အကူ ပစ္စည်းတစ်ခုအဖြစ် မထင်ထားခဲ့ချေ။

 

ဤတစ်ကြိမ်၌ လင်းလော့ချင်းက သူ၏ အမူအရာကို လျင်မြန်စွာ ထိန်းညှိလိုက်ပြီး ခံစားချက်များအား ထင်ဟပ်စေလိုက်ကြောင်း ဒါရိုက်တာကျန်း တွေ့လိုက်ရသည်။ သူက မာပေါ်ကျုံးအား အမီလိုက်၍ သရုပ်ဆောင်နိုင်လာ၏။

 

သူက ကဒ်ဟု ထပ်အော်လိုက်သည်။ လီဟန်ဟိုင်းနှင့် ယောင်မော့မော့တို့ ဇဝေဇဝါ ဖြစ်သွားကြသည်။ လင်းလော့ချင်း၏ သရုပ်ဆောင်မှုသည် အလွန်ကောင်းမွန်ပြီး မာပေါ်ကျုံးနှင့် အမီသရုပ်ဆောင်နိုင်နေ၏။


သို့သော် ဒါရိုက်တာကျန်းက ကဒ်ဟု အော်လိုက်သဖြင့် လင်းလော့ချင်းနှင့် မာပေါ်ကျုံးတို့ ဆက်လက်ရိုက်ကူးနေကြသည်။

 

အခြားလူများက ဖြည်းဖြည်းချင်း စုဝေးလာကြသည်။ လင်းလော့ချင်းထံမှ သင်ကြားဖူးသည့် တက်သစ်စ သရုပ်ဆောင်များ၊ အေးဂျင့်များ၊ လက်ထောက်များ အားလုံးသည် လင်းလော့ချင်းအပေါ် အမြင်ကောင်းရှိကြသည်။ ထို့ကြောင့် သူ အခက်တွေ့နေသည်ကို တွေ့ရချိန်၌ သူ၏ သရုပ်ဆောင်မှုအပေါ် မည်သူမှ အပြစ်မတင်ကြချေ။ သူတို့က သက်ပြင်းသာ ချလိုက်ကြ၏။

 

“ဆရာရှောင်လင်းက တကယ်ကြိုးစားနေတာပဲ ...”

 

“ဆရာရှောင်လင်း သရုပ်ဆောင်တာ အဆင်ပြေတယ်လို့ ငါထင်တာပဲ … ”

 

“ငါပဲ ကန်းနေတာလား … ဆရာရှောင်လင်း သရုပ်ဆောင်တာ ဘာပြစ်ချက်မှ မရှိသလိုပဲ … ”

 

“ဆရာမာက ပြဿနာရှိနေတာ မဟုတ်လား … ဆရာရှောင်လင်း သရုပ်ဆောင်တာက အဆင်ပြေပါတယ် ...”

 

မာပေါ်ကျုံး “ … ”

 

မာပေါ်ကျုံး အလွန်ဒေါသထွက်သွား၏။ သူ အရှိန်အဝါအပြည့် သရုပ်ဆောင်နေသော်ငြား အားလုံးက လင်းလော့ချင်းကိုသာ ချီးကျုးနေကြသည်။

 

ပြီးတော့ ဒါရိုက်တာကရော လင်းလော့ချင်းကို အပြစ်တင်မယ့်အစား ကဒ်ပဲဘာလို့အော်နေရတာလဲ …

 

မာပေါ်ကျုံးက လင်းလော့ချင်း၏ နောက်တွင် တစ်စုံတစ်ဦးရှိနေကြောင်း သူ၏ အေးဂျင့်ပြောသည်ကို သဘောတူ၏။ ထို့ကြောင့် ကိစ္စများအား သိသာအောင် မလုပ်ရဲချေ။ လင်းလော့ချင်းအား သူ၏ သရုပ်ဆောင်ကျွမ်းကျင်မှုဖြင့် ဖိနှိပ်ကာ အရှက်ရစေရန် ရည်ရွယ်ထားခြင်းသာဖြစ်၏။  

 

ဘေးမှကြည့်သူများက ဝေဖန်ကြလိမ့်မည်ဟု သူတွေးခဲ့မိသည်။ သို့သော် ဒါရိုက်တာကျန်း အပါအဝင် မည်သူကမှ လင်းလော့ချင်းအား အပြစ်မတင်ကြ။

 

မာပေါ်ကျုံး အလွန်စိတ်ဆိုးနေသဖြင့် ခံစားချက်များအား မထိန်းချုပ်နိုင်တော့ချေ။ ထို့ကြောင့် နောက်တစ်ကြိမ် ရိုက်ကူးနေချိန်တွင် ဒါရိုက်တာကျန်းက ကဒ်ဟု အော်လိုက်သည်။  

 

“ဆရာမာ … ခံစားချက်က အရမ်းပြင်းထန်နေတယ် … အာရုံစိုက်ထားပါ … ”

 

အားလုံး ရှော့ခ်ရသွား၏။ မာပေါ်ကျုံး အခက်တွေ့နေသည်ကို ပထမဆုံးအကြိမ် တွေ့ရခြင်းဖြစ်ရာ သူတို့အားလုံး စိတ်လှုပ်ရှားသွားကြသည်။ လင်းလော့ချင်းကိုလည်း ပို၍လေးစားဟန်ဖြင့် ကြည့်လာကြ၏။

 

“ဆရာရှောင်လင်းက အရမ်းတော်တာပဲ … ”

 

“ဆရာရှောင်လင်းရဲ့ ခံစားချက်က လုံးဝငြိမ်နေတာ … ”

 

“အား … ဆရာရှောင်လင်းက အရမ်းခန့်ညားတာပဲ ...”

 

မာပေါ်ကျုံး တွေးလိုက်၏။ ‘…ခုမှ ပြဿနာကို ထောက်ပြတယ်ပေါ့လေ … ခင်ဗျားတမင်လုပ်တာ မဟုတ်လား … ’

 

မာပေါ်ကျုံး အလွန်စိတ်ဆိုးနေသဖြင့် ရိုက်ကွင်းမှပင် ထွက်သွားချင်လာ၏။

 

လင်းလော့ချင်း ပြုံးလိုက်သည်။ “ဆရာမာ … နောက်တစ်ကြိမ် စလိုက်ရအောင် … ”

 

မာပေါ်ကျုံးက သူ့အား မလိုတမာမှုအပြည့်ဖြင့် ကြည့်လိုက်သည်။

 

“ကောင်းပြီ … ” သူခေါင်းညိတ်လိုက်၏။

 

သူ့အခြေအနေ မဟန်ကြောင်း လင်းလော့ချင်း ခံစားလိုက်မိသည်။ ဤတစ်ကြိမ်တွင် မာပေါ်ကျုံး၏ စိတ်အခြေအနေက မတည်မငြိမ် ဖြစ်နေပြီး လင်းလော့ချင်း၏ သရုပ်ဆောင်မှုကမူ ပို၍ကျွမ်းကျင်ကာ ချောမွေ့နေ၏။  

 

ဒါရိုက်တာကျန်း အံ့အားသင့်ဟန်ဖြင့် ကြည့်လိုက်မိသည်။ ဤမျှ အချိန်တိုအတွင်း လင်းလော့ချင်း သင်ယူနိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။ ရိုက်ချက်တစ်ခုသာ သင်ယူလိုက်ရခြင်း ဖြစ်သော်လည်း အဆိုပါစွမ်းရည်အား နောက်ထပ်ရိုက်ချက်များတွင်ပါ ထိန်းသိမ်းထားနိုင်၏။

 

သူက သုံးဖက်မြင် ရေမြှုပ်တစ်ခုနှင့်တူ၏။ သာမန်အချိန်များတွင်ပင် သူက သင်ယူလိုစိတ်ပြင်းပျ၏။ သူ့ခန္ဓာကိုယ်ထဲမှာ စွမ်းအင်ဘယ်လောက် သိုလှောင်ထားမလဲ ဘယ်သူသိမှာလဲ …

 

အလွန်ရှားပါးလှသည်ပင်။

 

ထိုအချိန်တွင် လင်းလော့ချင်းက ရိုက်ကွင်း၌ အသာစီးရနေပြီဖြစ်သည်။



သူ၏ စိတ်အခြေအနေက ပို၍တည်ငြိမ်လာ၏။ သူ မော်နီတာမှတဆင့် တွေ့ရသည့် ပြဿနာများနှင့် ဒါရိုက်တာကျန်း ထောက်ပြခဲ့သည့် ပြဿနာအားလုံးကို သူဖြေရှင်းနိုင်ခဲ့ပြီဖြစ်၏။

 

လီဟန်ဟိုင်းနှင့် ယောင်မော့မော့ပင် လက်ရှိလင်းလော့ချင်းသည် အတိတ်က လင်းလော့ချင်းထက် ပို၍ဆွဲဆောင်မှုရှိလာကြောင်း သတိပြုမိလိုက်ကြသည်။

 

သူ့တွင် ပြောင်မြောက်သော အသွင်အပြင် ရှိနှင့်ပြီးဖြစ်ရာ မာပေါ်ကျုံး၏ တောက်ပမှုအား သူ၏ သရုပ်ဆောင်စွမ်းရည်ဖြင့် ခိုးယူလိုက်ချိန်၌ မည်သူမှ သူ့အား မကြည့်ပဲမနေနိုင်တော့။  

 

လင်းလော့ချင်းက မော်နီတာပေါ်ရှိ မြင်ကွင်းကိုကြည့်ရင်း စိတ်ကျေနပ်စွာ ပြုံးလိုက်သည်။

 

သူ ထိုသို့ ချောမွေ့စွာ သရုပ်ဆောင်နိုင်ရန် အချိန်များစွာ ယူလိုက်ရသည်ပင်။ မာပေါ်ကျုံးက အလွန်အသုံးဝင်၏။

 

“ကောင်းပြီ … ” ဒါရိုက်တာကျန်းက လင်းလော့ချင်းနှင့် မာပေါ်ကျုံးကို ပြောလိုက်သည်။ “အနားယူတော့ ...”

 

မာပေါ်ကျုံးက ယုံကြည်ချက်အပြည့်ဖြင့် မော်နီတာကိုပင် မကြည့်တော့ပဲ စိတ်ဆိုးစွာ လှည့်ထွက်သွားသည်။

 

ဝူရှင်းယွမ်က ထိုသူ၏ နောက်ကျောကို ကြည့်ရင်း နှုတ်ခမ်းတင်းတင်းစေ့လိုက်၏။ သူက တစ်ခုခုလုပ်ရန် ပြင်လိုက်သော်လည်း လင်းလော့ချင်း၏ တားမြစ်ခြင်း ခံလိုက်ရသည်။ “ထားလိုက်ပါ … သူဒီလိုဖြစ်နေရင် အကောင်းဆုံးပဲ … ကျွန်တော် သရုပ်ဆောင် လေ့ကျင့်လို့ရတယ် ...”

 

သူက နေရောင်ခြည်ကဲ့သို့ တောက်ပစွာ ပြုံးလိုက်သည်။  “အကယ်၍ ကျွန်တော်သာ ဆုရရင် သူ့ကို တကူးတကခေါ်ပြီး ကျေးဇူးတင်ရမယ် …”

 

တစ်ဖက်လူ၏ အေးဆေးပြီး သက်တောင့်သက်သာဖြစ်သော အမူအရာကြောင့် ထိုသူသည် ပုံမှန်မဟုတ်ဟု ဝူရှင်းယွမ် တွေးလိုက်မိသည်။

 

လင်းလော့ချင်း၏ အတွေးများကို မာပေါ်ကျုံး သိရှိပါက ဒေါသထွက်လွန်း၍ သေသွားလောက်၏။  

 

သို့သော် ထိုသို့မသိရှိစေကာမူ မာပေါ်ကျုံး ဒေါသထွက်နေဆဲပင်။ ရိုက်ကူးရေးအဖွဲ့က သူနှင့် လင်းလော့ချင်း သရုပ်ဆောင်နေသည့် ဗီဒီယိုကို weibo တွင်တင်လိုက်ရာ ထိုဗီဒီယိုက လူထု၏ အာရုံအား ဆွဲဆောင်သွားခဲ့သည်။

 

လင်းလော့ချင်း weibo ဗီဒီယို၌ ထွက်ပေါ်လာသည်မှာ ဤတစ်ကြိမ်က ပထမဆုံးအကြိမ် မဟုတ်ခဲ့ချေ။ သူက လီဟန်ဟိုင်း၊ ကျန်းချွမ် သို့မဟုတ် ယောင်မော့မော့တို့နှင့် ဗီဒီယိုများ အတင်ခံရဖူး၏။ အင်တာနက်အသုံးပြုသူများပင် သူ၏ ချောမောမှုကြောင့် သက်ပြင်းတချချ ဖြစ်ကြရသည်။

 

လောလောလတ်လတ် ရိုက်ကူးထားသည့် ဗီဒီယိုအား တင်လိုက်ချိန်တွင် အင်တာနက်အသုံးပြုသူအားလုံး အံ့အားသင့်သွားကြ၏။

 

[“ဖာ့ခ် … အရမ်းမိုက်တာပဲ … မန့်ဟွားနဲ့ စွန်းဟောင်တို့ ထိပ်တိုက်တွေ့နေကြတာက စာအုပ်အတိုင်းလိုပဲ … ”]

 

[“အား … လင်းလော့ချင်းက ကြည့်ကောင်းရုံတင်မဟုတ်ဘူး … သရုပ်ဆောင်လည်း ကောင်းတယ် … သူက ငါ့နှလုံးသားထဲက မန့်ဟွားပဲ … ဒီစာပိုဒ်ကို မှတ်ထားလိုက်ပြီ …”]

 

[“အားလုံးအရသာခံလို့ရအောင် မူရင်းစာသားကို ငါတင်ပေးလိုက်ပြီ … ဆရာမာပေါ်ကျုံးရဲ့ သရုပ်ဆောင်စကေး အရမ်းမိုက်မှန်း သိပေမယ့် လင်းလော့ချင်းကို ဒီလောက်သရုပ်ဆောင်နိုင်မယ်လို့ ထင်မထားဘူး …”  ]

 

[“လင်းလော့ချင်းက မာပေါ်ကျုံးနဲ့အမီ သရုပ်ဆောင်နိုင်တာကို အံ့ဩနေတာ ငါတစ်ယောက်ထဲလားဟ … ဆရာမာက အကောင်းဆုံးဇာတ်ပို့ မဟုတ်လား]

 

[“နည်းနည်းတော့ မယုံချင်စရာကောင်းပေမယ့် လင်းလော့ချင်း ကောင်းကောင်း အမီလိုက်နိုင်ခဲ့တာပဲ … ”]

 

[“ငါက ဖြတ်သွားဖြတ်လာလေး တစ်ယောက်ပါ … ဒါပေမယ့် ဒီရိုက်ချက်မှာ လင်းလော့ချင်းကို ငါပိုသဘောကျတယ် … သူက အရမ်းတောက်ပနေတာ … အကြည့်မလွှဲနိုင်အောင်ပဲ …”  ]

 

[“လင်းလော့ချင်းက သူ့ရုပ်ရည်ကြောင့်ရော သရုပ်ဆောင်စွမ်းရည်ကြောင့်ရော ပိုပြီးကျော်ကြားလာတော့မှာပဲ … ”]

 

[“ဝူး … ဝူး … ဝူး … ငါတို့အစ်ကိုကြီးက အရမ်းခန့်ညားတာပဲ … ငါသူ့ကို အရမ်းချစ်တယ် ...”]

 

ဇာတ်လမ်းတွဲ၏ အရည်အသွေးမှာ စိတ်ချရကြောင်း အတည်ပြုပြီးသည်နှင့် စာအုပ်၏ အမာခံဖန်များက ဖိုရမ်ထဲသို့ ရွေ့လာကြသည်။ သူတို့က အော်ကြ၏။

[ “ ငါတို့ရဲ့ မက်မွန်သီးနဲ့ ဇီးသီးတွေက စကားမပြောဘူးကို လာကြည့်ကြပါ  … အဓိက သရုပ်ဆောင်နှစ်ယောက်လုံး လှရုံတင်မဟုတ်ဘူး … တတိယအမျိုးသားဇာတ်လိုက်မှာ မသေမျိုးတွေရဲ့ ရုပ်ရည်နဲ့ သရုပ်ဆောင်စွမ်းရည်ရှိတယ် … ’]

 

အင်တာနက်အသုံးပြုသူများက စိတ်ပျက်သလို ခံစားလိုက်ရသည်။ [“သူ့မှာ နတ်ဘုရားရုပ်ရည်ရှိတယ် ဆိုတာက ထားပါတော့ … နတ်ဘုရားအဆင့် သရုပ်ဆောင်စွမ်းရည်က ဘာကြီးတုန်း … ”]

 

ပို့စ်တင်သူ “တကယ်လား …မင်း ပင်မစာမျက်နှာက ဗီဒီယိုကို မကြည့်ရသေးဘူးထင်တယ် … လိမ်လိမ်မာမာနဲ့ သွားကြည့်လိုက်နော် ...”

 

အင်တာနက်အသုံးပြုသူများက ဗီဒီယိုအား ကြည့်ကာ မယုံနိုင်သလို ခံစားလိုက်ရသည်။

 

၎င်းဇာတ်လမ်းတွဲမှာ အိုင်ဒေါလ် ဇာတ်လမ်းသာ ဖြစ်သော်လည်း ဇာတ်လမ်းတွဲတစ်ခုကဲ့သို့ သူတို့ ခံစားလိုက်ရ၏။ ရိုက်ကွင်းဖွဲ့စည်းပုံက ခန့်ထည်နေသလို သရုပ်ဆောင်စွမ်းရည်များမှာလည်း ကောင်းမွန်လှသည်။ အထူးသဖြင့် ကြည့်ကောင်းလှဿည့် လူငယ်လေးပင်။ သူက ကြည့်ကောင်းရုံသာမက သရုပ်ဆောင်လည်း ကောင်းမွန်၏။


 

ဒီလိုလူမျိုး တကယ်ကြီးရှိနေတာလား …

 

သူတို့ အလွန် အံ့အားသင့်သွားသည်။

 

[“ဒါက တတိယအမျိုးသားဇာတ်လိုက်လား … ငါတော့ အဓိကဇာတ်လိုက်အတွက် စိတ်ပူလာပြီ … ”]

 

[“ဘုရားရေ … ပို့စ်တင်တဲ့လူက မလိမ်ဘူးဟ … ငါသူ့အချက်အလက်တွေကို သုံးမိနစ်အတွင်း လိုချင်တယ် ...”]

 

[“သူနဲ့ သရုပ်ဆောင်နေတဲ့လူက မာပေါ်ကျုံးမဟုတ်လား … သူက အရမ်းမိုက်တာပဲ ... ဆရာမာက သရုပ်ဆောင်ကောင်းပေမယ့် အကြောင်းရင်းတစ်ချို့ကြောင့် ငါတတိယဇာတ်လိုက်ဆီက အကြည့်မလွှဲနိုင်ဘူး …”  ]

 

[“ငါလည်း အပေါ်ကတစ်ယောက်နဲ့ သဘောတူတယ် … တကယ်ဆို ဝါရင့်သရုပ်ဆောင်ကိုပဲ ကြည့်နေသင့်တာ ဆိုပေမယ့် ငါ တတိယဇာတ်လိုက်ကိုပဲ ကြည့်နေမိပြီ … သူ့သရုပ်ဆောင်စွမ်းရည်က အရမ်းမိုက်တာပဲ …”  ]

 

[“ဒါ ဘာကားလဲ … ဒီတစ်ယောက်က အရမ်းကိုကြည့်ချင်နေပါပြီနော် ...”]

 

[“အပေါ်ကတစ်ယောက် … စာဖတ်ပါဦး … မက်မွန်သီးနဲ့ ဇီးသီးတွေက စကားမပြောဘူး တဲ့ … အဲဒီ့ကားက ရိုက်နေတုန်းရှိသေးတာ … ဒါပေမယ့် ရိုက်ကွင်းတွေကိုကြည့်ရင် ဒီဇာတ်ကားက ကောင်းမယ့်ပုံပဲ …”  ]

 

[“လင်းလော့ချင်းတဲ့ … လင်းလော့ချင်းတဲ့ … ငါ သူ့ကို တကယ်ညွှန်းပေးတယ်နော် … တတိယဇာတ်လိုက်နာမည်က လင်းလော့ချင်းပဲ … သူက အရမ်းလည်းချောပြီး အရမ်းလည်း သရုပ်ဆောင်ကောင်းတယ် … စိတ်ထားလည်းကောင်းတယ် … သူ့ကို အားပေးလို့ အရှုံးမရှိဘူး … ”]

 

တစ်ညထဲနှင့်ပင် လင်းလော့ချင်း၏ weibo follower များ ဆက်လက်ထိုးတက်လျှက်ရှိ၏။

 

လင်းလော့ချင်း ထိုအရာကို တွေ့ချိန်၌ ပျော်ရွှင်စွာဖြင့် ပြုံးလိုက်မိသည်။ အခြားလူများအား သူ့အတွက် မင်္ဂလာဝတ်စုံ ချုပ်ခိုင်းရသည့် ခံစားချက်မှာ အလွန်ကောင်းမွန်၏။

 

သူက အလွန်ပျော်နေသော်လည်း မာပေါ်ကျုံးကမူ မပျော်နိုင်ချေ။

 

သူက weibo ဗီဒီယိုရှိ မှတ်ချက်များအား မကျေမနပ်ကြည့်နေမိသည်။

 

အားလုံးကန်းနေကြတာလား … ဘာတွေပြောနေတာလဲ … သူတို့က သူ့ထက် လင်းလော့ချင်းက ပိုပြီးသရုပ်ဆောင်ကောင်းတယ်လို့ ပြောရဲတယ်ပေါ့လေ … အားလုံး ရူးသွားကြတာလား …

 

သူက လင်းလော့ချင်းအား အရှက်ရစေရန် ကြံစည်ခဲ့ခြင်း ဖြစ်သော်လည်း တစ်ဖက်လူအတွက် မင်္ဂလာဝတ်စုံ ပြုလုပ်ပေးကာ ဖန်တိုးလာစေခြင်းဖြင့် အဆုံးသတ်သွားခဲ့၏။ မာပေါ်ကျုံး နှလုံးရောဂါပင် ရလုနီးနီးပင်။

 

“ဒါရိုက်တာကျန်း ဘယ်မှာလဲ … ” သူက လက်ထောက်အား ကြည့်လိုက်သည်။ “ငါ့မှာ ပြောစရာရှိတယ်လို့ သူ့ကိုပြောလိုက် ....”

 

လက်ထောက်က အမြန်ထွက်သွားလေသည်။

 

လင်းလော့ချင်း ဗီဒီယိုအား ကြည့်လိုက်ချိန်တွင် ရိုက်ကူးရေးအဖွဲ့က သူနှင့် မာပေါ်ကျုံး၏ နောက်ဆုံးရိုက်ချက်အား တင်ပေးထားခြင်းဖြစ်ကြောင်း သတိပြုမိလိုက်သည်။ သူ၏ အကောင်းဆုံးအခြေအနေအား ထုတ်ပြထားခြင်းပင်။ ထိုအပြုအမူက သူ့နှလုံးသားကို နွေးထွေးစေ၏။  

 

ဒါရိုက်တာကျန်း သူ့အား အရေးပေးကြောင်း သူသတိပြုမိခဲ့သည်။ သို့သော် ဤမျှ မျက်နှာသာပေးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့။ ဒါရိုက်တာသည် ဤဗီဒီယိုအား ထုတ်လွှင့်ကာ သူ့အတွက် အားပေးသူ အရေအတွက်အား တိုးလာစေခဲ့သည်ပင်။

 

သူ၏ ဖန်များကိုကြည့်ရင်း အလွန်ကံကောင်းသည်ဟု ခံစားမိလိုက်၏။ ပ

ထမဆုံးဇာတ်လမ်းတွဲသာ ဖြစ်သော်လည်း မာပေါ်ကျုံးမှတပါး အားလုံးက သူ့အပေါ် ကြင်နာကြသည်။

 

မာပေါ်ကျုံးပင်လျှင် သူ၏ သရုပ်ဆောင်စွမ်းရည်အား တိုးတက်စေပြီး အားပေးသူများ တိုးလာစေခဲ့၏။ လင်းလော့ချင်း လက်ရှိရိုက်ကူးရေးအား အလွန်သဘောကျနေမိသည်