Chapter 125
မာပေါ်ကျုံး၏ လက်ထောက်အား သူ့အခန်းတံခါးဝတွင် တွေ့လိုက်ရသဖြင့် ဒါရိုက်တာကျန်း အနည်းငယ် အံ့အားသင့်သွား၏။
“တစ်ခုခုဖြစ်လို့လား … ”
“ဆရာမာက ခေါ်ခိုင်းလိုက်လို့ပါ … ” လက်ထောက်ကပြောသည်။
ဒါရိုက်တာကျန်း ဇဝေဇဝါဖြင့် ခေါင်းညိတ်လိုက်၏။
ဘာလို့ မာပေါ်ကျုံးက သူ့ကိုဒီအချိန်လာရှာရတာလဲ …
ထို့နောက် သူ ထပ်တွေးလိုက်၏။ လီဟန်ဟိုင်းနှင့် ယောင်မော့မော့အပါအဝင် ရိုက်ကူးရေးအဖွဲ့သားအားလုံး သူ့ထံသို့ လာတွေ့ကြရသည်သာ။ မာပေါ်ကျုံး တစ်ဦးထဲသာ သူ့အား လာတွေ့ခိုင်းရဲခြင်းဖြစ်သည်။
သူက ဇာတ်လမ်းတွဲအတွက် သီးသန့်ဖိတ်ကြားခံရသည့် သရုပ်ဆောင်တစ်ဦး ဖြစ်သည်ဟု တစ်ဖက်လူ ယုံကြည်ထားပုံရသည်။ သူ၏ လုပ်ဆောင်မှုတိုင်းတွင် မောက်မာမှုတို့ ပါဝင်နေတတ်၏။
ဒါရိုက်တာကျန်းက ထိုသို့တွေးလိုက်သော်လည်း ဘာမှမပြောပဲ မာပေါ်ကျုံး၏ အခန်းသို့ သွားလိုက်သည်။
မာပေါ်ကျုံးက ဗီဒီယိုအား ငါးကြိမ်မြောက် ကြည့်နေ၏။ သူကြည့်လေလေ၊ ဒေါသထွက်လာလေလေပင်။
အဆုံးသတ်တွင် သူသည် သရုပ်ဆောင်ကောင်းတစ်ဦးဖြစ်ပြီး ဝါရင့်သရုပ်ဆောင်များ၊ ပုံမှန်ရုပ်ရည်ရှိသူများက ကြည့်ကောင်းသူများထက် ပို၍သရုပ်ဆောင်တော်သည်ဟူသော အချက်ကို အင်တာနက်အသုံးပြုသူများထက်ပင် ပို၍ယုံကြည်ထား၏။
မာပေါ်ကျုံး ထိုဗီဒီယိုအား တတိယအကြိမ်မြောက် ကြည့်ပြီးချိန်တွင် အဆိုပါ ရိုက်ချက်၌ လင်းလော့ချင်း၏ သရုပ်ဆောင်စွမ်းရည်က သူ့အား ဖိနှိပ်ထားကြောင်း သိလိုက်ရသည်။
ထို့ကြောင့် အင်တာနက်အသုံးပြုသူများက ‘သူက အရမ်းကို မျက်စိဖမ်းစားနိုင်တာပဲ … ’၊ ‘ငါသူ့ကို အကြည့်မလွှဲနိုင်ဘူး … ’ နှင့် ‘သူ့သရုပ်ဆောင်စွမ်းရည်က ဆရာမာနီးနီးပဲ … ’. ဟူသည့်မှတ်ချက်များကို ရေးသားနေကြခြင်းဖြစ်သည်။ သူ၏ ဇာတ်ပို့အတွေ့အကြုံနှင့် စွမ်းဆောင်မှုများက ကောင်းမွန်ကြောင်း အင်တာနက်အသုံးပြုသူများက လက်ခံထား၍သာ လင်းလော့ချင်း၏ သရုပ်ဆောင်စွမ်းရည်သည် သာလွန်ကြောင်း မချီးကျူးကြခြင်းဖြစ်သည်။ သူတို့က ‘ငါသူ့ဆီက အကြည့်မလွှဲနိုင်ဘူး …” ဟူ၍သာ ပြောကြ၏။
သို့သော် မာပေါ်ကျုံးသည် အနုပညာလောကထဲမှ လူတစ်ဦးဖြစ်သည်။ သူ၏ စိတ်ခံစားချက်များကို မထိန်းချုပ်နိုင်သဖြင့် သရုပ်ဆောင်မှုက လွန်ကဲနေကြောင်း မည်သို့ မမြင်နိုင်မည်နည်း။ ထိုအချက်က အစမှအဆုံးအထိ လင်းလော့ချင်းအား ယုံကြည်ချက်ရှိစေခဲ့ခြင်းဖြစ်သည်။
၎င်းက လုံးဝမသင့်လျော်ဟု မာပေါ်ကျုံး တိတ်တဆိတ်တွေးလိုက်သည်။ သူက အဘယ့်ကြောင့် ထိုသို့မှားယွင်းရသနည်း။
သို့ရာတွင် ရိုက်ကူးရေးက ပြီးဆုံးသွားပြီဖြစ်ပြီး ရိုက်ကွင်းမှာလည်း သိမ်းဆည်းပြီးလေပြီ။ ထပ်မံရိုက်ကူးခွင့် တောင်းဆိုရန် မဖြစ်နိုင်တော့ချေ။
ထိုအခါမှသာ လင်းလော့ချင်းနှင့် ယှဉ်ပါက သူမည်မျှ ပေါ့ဆကြောင်း မာပေါ်ကျုံးသတိပြုမိသွား၏။ လင်းလော့ချင်းက ပြန်လည်မရိုက်ကူးခင် မော်နီတာထံသို့ ထပ်ခါထပ်ခါပြေး၍ ယခင်ရိုက်ချက်အား စစ်ဆေးလေ့ရှိသည်။ သို့သော် သူက လင်းလော့ချင်းအား မျက်လုံးထဲမထည့်ခဲ့ချေ။ ဒါရိုက်တာကျန်း ကိုယ်တိုင်ပင် သူ့အား စိတ်ခံစားချက်များကို ထိန်းချုပ်ရန် သတိပေးခဲ့သည်။ သို့သော် သူက နားမထောင်ခဲ့ပဲ သူ့ထက် လင်းလော့ချင်းအား မျက်နှာသာပေးသည်ဟု ယူဆက ဒါရိုက်တာအပေါ် မကျေမနပ်ဖြစ်ခဲ့သေး၏။
ယခုမူ ဒါရိုက်တာကျန်း မှန်နေလေသည်။
သူထိုသို့တွေးနေစဉ် တံခါးခေါက်သံ ကြားလိုက်ရသည်။ မာပေါ်ကျုံးက မတ်တပ်ရပ်ကာ တံခါးထံလျှောက်သွားလိုက်၏။ တံခါးကိုဖွင့်လိုက်ချိန်တွင် ဒါရိုက်တာကျန်းအား သူတွေ့လိုက်ရသည်။
သူက လင်းလော့ချင်းနှင့် ဒါရိုက်တာကျန်းအား လျှော့တွက်မိသည်ဟုသာ ယူဆလိုက်သည်။ သူ့အမှားကိုမူ မမြင်ချေ။
အဆုံးသတ်တွင် ဗီဒီယိုအား ဖျက်ပစ်လိုက်ပါက အားလုံးရှင်းလင်းသွားပေလိမ့်မည်။
၎င်းကို တီဗီတွင် မြင်ရလျှင်ပင် မိနစ်သုံးဆယ်ကြာသည့် အပိုင်းတစ်ပိုင်း၌ ငါးမိနစ်ကြာ ရိုက်ကွင်းအား မည်သူမှ ဂရုစိုက်နေမည်မဟုတ်။ ဖြန့်ချီရေးအသင်းက သူ့အား မည်သည်ကိုမှ အကြောင်းမကြားပဲ ဗီဒီယိုကို တိုက်ရိုက်လွှင့်တင်လိုက်သည်မှာ ထူးဆန်းလှ၏။ ထို့အပြင် ထိုဗီဒီယိုက အလွန်ကျော်ကြားသွားသေးသည်။
“ဘာဖြစ်လို့လဲ … ဆရာမာ … ဘာလို့ညဘက်ကြီး ကျုပ်နဲ့တွေ့ချင်ရတာလဲ …” ဒါရိုက်တာကျန်း အပြုံးဖြင့်မေးလိုက်၏။
မာပေါ်ကျုံး ကိုယ်ကိုလှည့်ကာ အခန်းတွင်းသို့ စိတ်ခံစားချက်များ ရှုပ်ထွေးလျှက် ပြန်လျှောက်ဝင်လာ၏။
ဒါရိုက်တာကျန်းက အခန်းတွင်းသို့ သူ့နောက်မှ လိုက်လာခဲ့သည်။
မာပေါ်ကျုံးက ဖုန်းကို စားပွဲပေါ် ပစ်ချလိုက်၏။ “weibo မှာဘယ်သူက တာဝန်ယူတာလဲ … ဒီနေ့တင်လိုက်တဲ့ ဗီဒီယိုကရော ဘာလဲ … ”
ဒါရိုက်တာကျန်း ငုံ့ကြည့်လိုက်ချိန်တွင် မာပေါ်ကျုံးနှင့် လင်းလော့ချင်းတို့၏ ရိုက်ကွင်းအား တွေ့လိုက်ရသည်။
သူက ဖြန့်ချီရေးအသင်းအား ဗီဒီယိုတင်သင့်မသင့် မေးလိုက်ရာတွင် ထောက်ခံမှုရခဲ့၏။ ၎င်းအား တင်ပြီးသည့်နောက် အကောင်းသဘောဆောင်သည့် မှတ်ချက်များစွာ ရရှိခဲ့သည်။ ထို့နောက် ၎င်းဗီဒီယိုအား စာအုပ်ဖတ်ထားသည့် ပရိတ်သတ်များက ဖိုရမ်တွင် တင်လိုက်ကြခြင်းဖြစ်သည်။
ရိုက်ကူးရေးအဖွဲ့၏ ပင်မ weibo သည် ထိုဗီဒီယိုကြောင့် ပရိတ်သတ်များစွာ ရရှိခဲ့ပြီး အင်တာနက် အသုံးပြုသူများကလည်း ဇာတ်လမ်းတွဲအပေါ် စိတ်ဝင်စားလာကြသည်။ ထိုဗီဒီယိုကြောင့် ဇာတ်လမ်းတွဲ၏ အရည်အသွေးအပေါ် မျှော်လင့်လာကြ၏။
ဒါရိုက်တာကျန်းက အားလုံးချီးကျူးနေသည့် ဗီဒီယိုနှင့် ပတ်သတ်၍ အလွန်ကျေနပ်မိသည်။
“ကျုပ် ဒီဗီဒီယိုကို မတင်ခင် တိုင်ပင်ခဲ့သေးတယ် … ” သူက အမှန်အတိုင်းပြောသည်။ “ခင်ဗျားနဲ့ လော့ချင်းတို့ ဒီနေ့ သရုပ်ဆောင်တာ အရမ်းကောင်းတယ်လေ … ဒီဗီဒီယိုကို တင်လိုက်တာနဲ့ အားလုံးက ဇာတ်လမ်းတွဲကို အာရုံစိုက်လာကြတော့တာပဲ … အဲဒါကြောင့် ကျုပ်က ရှောင်ကျန်းကို ဖြန့်ဖို့ပြောလိုက်တာ … ဒါက ကောင်းတဲ့ကိစ္စပဲ မဟုတ်လား …”
“ကော်င်းတဲ့ ကိစ္စ … ဟုတ်လား … ” မာပေါ်ကျုံး နှာခေါင်းရှုံ့လိုက်သည်။ “ကျုပ်တော့ မထင်ပါဘူး ...”
သူက ထိုလူကိုကြည့်ရင်း ပြောလိုက်၏။ “ဘာလို့ ဒီအကြောင်း ကျုပ်က အရင်မသိရတာလဲ … ကျုပ်က ဗီဒီယိုထဲက အဓိကဇာတ်ကောင်တစ်ယောက်ပဲလေ … ခင်ဗျား ဒါကို မတင်ခင် ကျုပ်ဆီက ခွင့်ပြုချက်ကို အရင်တောင်းရမှာမဟုတ်ဘူးလား … ”
ဒါရိုက်တာကျန်း “……”
ထိုလူအတွေးလွန်နေသည်ဟု ဒါရိုက်တာကျန်း ခံစားမိလိုက်၏။
“ဒါက ဇာတ်လမ်းတွဲရဲ့ ဇာတ်ကွက်ပဲလေ … ရိုက်ကူးရေးအဖွဲ့က လူထုအာရုံစိုက်မှု ရအောင်လို့ ဒီဗီဒီယိုကို တင်လိုက်တာ … သရုပ်ဆောင်နဲ့ ညှိနေစရာမလိုပါဘူး … ”
ဘာလို့ သူတို့က သူ့ကိုချက်ချင်း ပြောရမှာလဲ …
မာပေါ်ကျုံး ထိုသို့အပြောခံရမည်ဟု မမျှော်လင့်ထားချေ။ အထူးသဖြင့် သူ့အား အမြဲလေးလေးစားစား ဆက်ဆံတတ်သည့် ဒါရိုက်တာကျန်း ထံမှဖြစ်သည်။
“ကောင်းပြီလေ ...” သူက ခေါင်းညှိတ်လိုက်၏။ “မေ့လိုက်တော့ … ရှောင်ကျန်းကို ဗီဒီယို ဖျက်ပစ်ဖို့ ပြောပေးပါ ...”
ဒါရိုက်တာကျန်း ထိုသို့မလုပ်ချင်ပေ။ အားလုံးက ထိုဗီဒီယိုအား ကြည့်ရှုပြီးနောက် ဇာတ်လမ်းတွဲ၏ အရည်အသွေးကို ယုံကြည်စပြုလာကြခြင်းဖြစ်၏။ သူတို့သာ ဗီဒီယိုအား ဖျက်လိုက်ပါက ဝေဖန်စရာ ဖြစ်သွားပေလိမ့်မည်။
“ဒီလိုလုပ်ဖို့မှ မလိုပဲ … ” ဒါရိုက်တာကျန်း ပြောလိုက်သည်။
“ဒါက မူရင်းဇာတ်ကြောင်းရဲ့ တစ်စိတ်တစ်ပိုင်းပဲလေ … ဒီဗီဒီယိုကို တင်လိုက်တာက ဇာတ်လမ်းတွဲအရည်အသွေးကို စိတ်ချစေရုံတင်မဟုတ်ဘူး … အင်တာနက် အသုံးပြုသူချင်းလည်း ဆွေးနွေးစရာတစ်ခု ဖြစ်သွားမှာပဲ … ဘယ်ရှုထောင့်က ကြည့်ကြည့် ဒီဗီဒီယိုက ဆက်ထားသင့်တယ် … ”
မာပေါ်ကျုံး အမူအရာက အေးစက်စပြုလာသည်။ “ဒါရိုက်တာကျန်း … ကျုပ်ကို သရုပ်ဆောင်ပေးဖို့ လာဖိတ်တုန်းက ရိုက်ကူးရေးအဖွဲ့က တလေးတစားကို လာပြောကြတာနော် … အခု မြစ်ကိုဖြတ်ပြီးပြီဆိုတော့ တံတားဖျက်ချင်ပြီပေါ့လေ … ”
ဒါရိုက်တာကျန်း အနည်းငယ် စိတ်ဆိုးသွားသည်။
“ဆရာမာ … ခင်ဗျားစကားက မဟုတ်သေးဘူး … အဖွဲ့က ခင်ဗျားကို အမြဲတမ်းလေးစားပါတယ် … ခင်ဗျားဖျားနေတော့ ကျုပ်တို့ မလောပဲ စောင့်ပေးခဲ့တယ်လေ … ခင်ဗျားဆေးရုံဆင်းတော့လည်း အနားယူဖို့ ခွင့်ပေးခဲ့သေးတယ် … ခင်ဗျားကို ကျုပ်အနေနဲ့ အာရုံစိုက်ဖို့ ပြောခဲ့တယ်မဟုတ်လား … ခင်ဗျားမှ နားမထောင်တာ … ကျုပ်က ခင်ဗျားကို ဘယ်လိုလုပ် ထပ်ပြောလို့ရမှာတဲ့လဲ … ဒါက မလုံလောက်သေးဘူးလား ..”
“ဒီနေ့ ကျုပ်က ဇာတ်ကြောင်းကို ဗီဒီယိုအတိုတစ်ခုအနေနဲ့ တင်ခဲ့တယ် … ခင်ဗျား ဒါကိုရော ခင်ဗျားကို မပြောလို့ဆိုပြီး ဖျက်ခိုင်းဦးမှာလား … ရိုက်ကူးရေးအဖွဲ့က သရုပ်ဆောင် တစ်ယောက်ချင်းစီလိုက်ပြီး ဗီဒီယိုတင်ခွင့်တောင်းမနေနိုင်ဘူးလေ … ဒီလိုဆို လူရယ်စရာဖြစ်မသွားဘူးလား …”
“ခင်ဗျား ပိုက်ဆံယူပြီး သရုပ်ဆောင်နေတာ … ဒီတော့ ခင်ဗျားကို ရိုက်ထားတာ အားလုံးက အဖွဲ့နဲ့ သက်ဆိုင်တယ် … ဒီလိုကိစ္စမျိုးကို ကျုပ် ပထမဆုံးကြားဖူးတာပဲ … ဆရာမာ … ခင်ဗျား သရုပ်ဆောင်ရင် ဒီလိုပဲလား … ခင်ဗျား ဒါရိုက်တာလီနဲ့ တခြားလူတွေကို ခင်ဗျားရဲ့ ရိုက်ချက်တွေကို ခွင့်မတောင်းပဲ တင်လို့ဆိုပြီး မေးခွန်းထုတ်ဖူးလား … ဖျက်ပေးဖို့ရော တောင်းဆိုဖူးလား …”
မာပေါ်ကျုံး သူ့စကားများကြောင့် ပြောစရာစကားမရှိ ဖြစ်သွားသည်။ သူက ဒေါသတကြီး ပြန်ပြောလိုက်၏။ “ဒါရိုက်တာကျန်း … ကျုပ်အပေါ် မကျေနပ်တာရှိနေတာလား … ”
ဒါရိုက်တာကျန်း သူ့အား အကောင်းမမြင်တော့ချေ။
အစက ဤအဖွဲ့ထဲတွင် ကောင်းမွန်သည့် သရုပ်ဆောင်စွမ်းရည်ရှိသော မာပေါ်ကျုံးအား သူ စိတ်တိုင်းအကျဆုံးဖြစ်၏။ ထိုလူက ကောင်းစွာသရုပ်ဆောင်နိုင်မည်ဟု သူယုံကြည်ထား၏။ သူ့အနေဖြင့် ကျန်တက်သစ်စများကိုသာ အာရုံစိုက်ရန် လိုအပ်သည်။
ခက်ခဲသောအလုပ်နှင့် လွယ်ကူသော အလုပ်တို့ ယှဉ်လာချိန်တွင် လူများက လွယ်ကူသော အလုပ်ကိုသာ နှစ်သက်တတ်ကြသည်။
သို့သော် တကယ်တမ်း ရိုက်ကူးချိန်တွင်မူ တက်သစ်စ သရုပ်ဆောင်များက အလွန်နာခံလွယ်ပြီး ကြိုးကြိုးစားစား သရုပ်ဆောင်ကြ၏။ သူတို့က တက်သစ်စများဖြစ်ရာ ဂုဏ်မောက်နေခြင်းလည်း မရှိကြချေ။ ထိုအချိန်တွင် မာပေါ်ကျုံးက ဝတ်ကျေတန်းကျေသာ သရုပ်ဆောင်ခဲ့သည်။ သို့သော် လင်းလော့ချင်းနှင့် သရုပ်ဆောင်သည့် အခါတွင်မူ အလုပ်မြန်မြန်ပြီးချင်နေသကဲ့သို့ ပြီးစလွယ်လုပ်ခဲ့၏။
ထို့ကြောင့် သူက မာပေါ်ကျုံးအား နားချရန် အကြိမ်များစွာ ကြိုးပမ်းခဲ့သည်။ မာပေါ်ကျုံး အခြားအဖွဲ့သားများကို သဘောမကျကြောင်း ဒါရိုက်တာကျန်း ရိပ်မိသဖြင့် တက်သစ်စများက အလုပ်ကြိုးစားကြောင်း မာပေါ်ကျုံးအား ပြောခဲ့၏။ မာပေါ်ကျုံးအနေဖြင့် တက်သစ်စများအား သင်ကြားပေးနိုင်ရန် သူမျှော်လင့်ခဲ့ခြင်းဖြစ်သည်။
သို့သော် မာပေါ်ကျုံးက ဝတ်ကျေတန်းကျေသာ ဆက်လက်သရုပ်ဆောင်၏။
အခြား သရုပ်ဆောင်များက မတုံးအကြချေ။ သူ၏ သူတို့အပေါ် အထင်သေးနေခြင်းကို နားလည်ကြ၏။ သို့သော် စီနီယာတစ်ဦးအနေဖြင့် လေးလေးစားစား ဆက်ဆံနေကြဆဲပင်။
သူရုတ်တရက်ကြီး လင်းလော့ချင်းကို ပစ်မှတ်ထားလာမယ်လို့ ဘယ်သူသိမှာတဲ့လဲ …
ဒါရိုက်တာကျန်း နားမလည်နိုင်ချေ။ လင်းလော့ချင်းက အတော်လေးသိတတ်သည်။ သူက သရုပ်ဆောင်ခြင်းနှင့် ပတ်သတ်လျှင် အလေးအနက်ထားတတ်ပြီး အခြားလူများကိုလည်း ကူညီ၏။ မာပေါ်ကျုံး၏ ပစ်မှတ်ထားခြင်းကိုပင် လေ့ကျင့်ရေးအနေဖြင့် အသုံးချနိုင်ခဲ့သည်။ ၎င်းက ဒါရိုက်တာကျန်းအား လင်းလော့ချင်းကို ကူညီစေချင်ခဲ့သည်။ ထို့ကြောင့် သူက ဗီဒီယိုအား ထုတ်လွှင့်ကာ အားလုံးကို လင်းလော့ချင်း၌ ထူးချွန်သည့် စွမ်းရည်ရှိကြောင်း ချပြချင်ခဲ့ခြင်းပင်။
ရလဒ်က သူထင်ထားသည်ထက်ပင်ကောင်းမွန်နေခဲ့သည်။ လင်းလော့ချင်း နှင့် အဖွဲ့သားများအတွက် win-win အခြေအနေပင်ဖြစ်သည်။
ထပ်ပေါင်းပြောရမယ်ဆိုရင် ဘယ်သူမှ မာပေါ်ကျုံးကို အပြစ်တင်မနေဘူးလေ ...သူတို့က သူ့ကိုရော မချီးကျူးလို့လား...သူဘာကိုမကျေမနပ်ဖြစ်နေတာလဲ …
ထိုလူက ဗီဒီယိုအား ခွင့်ပြုချက်မရှိပဲ ထုတ်လွှင့်သည်ဟုပင် ပြောလာသည်။
နောက်ပိုင်းတွင် ဇာတ်ကား၏ ဗီဒီယိုအတိုများ ဆက်လက်ထုတ်လွှင့်ဦးမှာဖြစ်သည်။
သူတို့က သူ့ကိုအရင်ပြောရမှာလား … သူ မကျေနပ်ရင် ဖြတ်ညှပ်ကတ်ပါ လုပ်ပေးရမယ်ပေါ့ … လာနောက်နေတာလား …
သူက ဇာတ်လမ်းတွဲ ရိုက်ကူးသူဖြစ်၍သာ မာပေါ်ကျုံး မလေးမစားလုပ်ရဲခြင်းဖြစ်သည်။ ဒါရိုက်တာလီ၏ ရုပ်ရှင်များတွင် ထိုကဲ့သို့ ကိစ္စမျိုး လုပ်ရဲမည်မဟုတ်ပေ။
ဒါရိုက်တာလီသည် အတိတ်က မာပေါ်ကျုံး၏ အခန်းတစ်ချို့ကို ဖျက်ချခဲ့သည်။ သို့သော် သူက ထိုကိစ္စနှင့်ပတ်သတ်၍ ဒါရိုက်တာလီအား စောဒကမတက်ရဲခဲ့ပေ။
“ဆရာမာ … ကျုပ် ခင်ဗျားကို လေးစားပါတယ် … ခင်ဗျားအနေနဲ့လည်း ရိုက်ကူးရေးမှာပါတဲ့ လူတိုင်းကို လေးစားတာကောင်းမယ် … ခင်ဗျားက သရုပ်ဆောင်ကောင်းတဲ့ စတားတစ်ယောက်ဆိုတာ မှန်ပါတယ် … ဒါက ဒီလိုရှိတယ် …ခင်ဗျား စာချုပ်မှာ လက်မှတ်ထိုးပြီးရင် အကောင်းဆုံး သရုပ်ဆောင်ရမယ် … မဟုတ်ရင် အစကတည်းက လက်မှတ်မထိုးနဲ့ … ထုတ်လုပ်သူက ခင်ဗျားကို ဖိအားပေးစရာ အကောင်းမရှိဘူး … ဒါပေမယ့် ခင်ဗျား လက်မှတ်ထိုးပြီးပြီလေ … ဒီတော့ အဖွဲ့ရဲ့ကြော်ငြာဗီဒီယိုတွေကို ပူးပေါင်းပေးရမှာပဲ … အကယ်၍ အဖွဲ့ကြောင့် ခင်ဗျားတစ်ခုခု ဆုံးရှုံးရတယ်ဆိုရင် အဖွဲ့က ဒီဗီဒီယိုကို ဖျက်ပေးမှာပါ … အခု ခင်ဗျားဘာများ ဆုံးရှုံးသွားလို့လဲ … အားလုံးက ခင်ဗျားကိုလည်း ချီးကျူးနေကြတာပဲ … ကျုပ်ဒီဗီဒီယိုကို ဖျက်ပေးမှာ မဟုတ်ဘူး ...”
“ဒါရိုက်တာကျန်းဘက်က ဒီလိုဆိုမှတော့ ကျုပ်လည်း ဆက်မပူးပေါင်းနိုင်တော့ဘူး …” မာပေါ်ကျုံး ပြောလိုက်၏။
ဒါရိုက်တာကျန်း အံ့အားသင့်သွားသည်။ “ဆရာမာ … ဘာကိုပြောချင်တာလဲ … နောက်ပိုင်းဆက်ပြီး သရုပ်မဆောင်တော့တာလား …”
“ရတယ်လေ ...”
ဒါရိုက်တာကျန်း သူ့ကိုမကြောက်ချေ။ “သက်တော်စောင့်နေရာမှာ သရုပ်ဆောင်တဲ့လူက ဒီမှာရှိနေတုန်းပဲ … သူ့ကို အစားထိုးလိုက်တာပေါ့လေ … ဇာတ်ကြောင်းက ဆက်သွားနေမှာပါ …”
မာပေါ်ကျုံး “…”
မာပေါ်ကျုံးက ထိုသို့ခြိမ်းခြောက်ရန် တွေးထားခဲ့ခြင်းဖြစ်သည်။ ဒါရိုက်တာကျန်း ဆက်လက်ခေါင်းမာနေပြီး ဖြေရှင်းနည်းကိုပင် ရှာနိုင်လိမ့်မည်ဟု သူ မတွေးထားခဲ့။
သူက ဒါရိုက်တာကျန်းကိုကြည့်ရင်း အံကြိတ်လိုက်သည်။
လက်ထောက်က သူတို့နှစ်ဦးကြားရှိ တင်းမာလာသော အခြေအနေကို ကြည့်ရင်း အေးဂျင့်အား အမြန်လာရောက်ရန် စာပို့လိုက်၏။
မကြာခင်မှာပင် အေးဂျင့်ရောက်လာ၏။ သူက နှစ်ဦးကြားကို ဝင်ရောက်ဖြေရှင်းရန် ပြင်ဆင်လိုက်သည်။
မာပေါ်ကျုံးက ရိုက်ချက်တော်တော်များများ ရိုက်ကူးပြီးပြီဖြစ်သည်။ သူယခုအချိန်တွင် ငြင်းလိုက်ပါက စာချုပ်ဖျက်သည့် လျော်ကြေးအား ပေးရနိုင်ချေရှိသည်။ ထို့အပြင် အဖွဲ့ထံမှလည်း မကောင်းပြောခံရနိုင်ချေရှိရာ မာပေါ်ကျုံး၏ ဂုဏ်သိက္ခာအတွက် မကောင်းချေ။
ထို့ကြောင့် အေးဂျင့်က ချက်ချင်းဝင်ပြောလိုက်သည်။ “သူက ဘယ်သရုပ်မဆောင်ပဲနေမလဲ … သူ သေချာပေါက် သရုပ်ဆောင်မှာပါ … ဒီတိုင်းစနေတာပါ ….”
အေးဂျင့်က ထပ်ပြောလိုက်သည်။ “ဆရာမာက ကျန်းမာရေးကြောင့် စိတ်ဆတ်နေလို့ပါ … သူ မပြောသင့်တဲ့ ကိစ္စကို ပြောမိသွားတယ် … ဒါပေမယ့် ကျွန်တော်တို့က တစ်ဖွဲ့ထဲသားချင်းပဲ မဟုတ်လား … မဖြေရှင်းနိုင်တာ ရှိပါ့မလား ... ”
ဒါရိုက်တာကျန်း ခေါင်းညှိတ်လိုက်သည်။ “ဒါပေါ့ … ကျွန်တော် ဆရာမာ ကျန်းမာရေးကြောင့် စိတ်ဆတ်နေတာ နားလည်ပါတယ် … ဆရာမာလည်း အဖွဲ့ကို နားလည်နိုင်ရင် ကေ
ာင်းမှာပဲ … ဆရာမာ ကျန်းမာရေး မကောင်းဘူးဆိုမှတော့ ကျွန်တော် သူ့ကို နှစ်ရက်ခွင့်ပေးလိုက်ပါ့မယ် … ”
သူက ထိုသို့ပြောပြီးနောက် မတ်တပ်ရပ်လိုက်သည်။