အပိုင်း ၁၂၆
Viewers 34k

Chapter 126




အေးဂျင့်က ဒါရိုက်တာကျန်းအား လိုက်ပို့ပြီးနောက် မာပေါ်ကျုံးကို ကြည့်ကာ အကူအညီမဲ့ဟန်ဖြင့် ပြောလိုက်သည်။ “အစ်ကိုကြီးမာ … ရိုက်ကွင်းနဲ့ပတ်သတ်ပြီး မကျေနပ်ဘူးဆိုပေမယ့် ခင်ဗျား အချိန်နောက်ပြန်လှည့်လို့ မရဘူးလေ … ကျွန်တော်တို့ ပိုက်ဆံယူထားပြီးပြီ မဟုတ်လား … ဒါက ဗီဒီယိုလေး တစ်ခုပါပဲ … ဟုတ်ပြီလား … စိတ်ထိန်းပြီး ဇာတ်လမ်းတွဲကို အပြီးသတ်ရအောင် … ခင်ဗျားရစရာရှိတာယူပြီး မြန်မြန်ထွက်သွားလိုက်ရုံပဲလေ … ဒါက မကောင်းဘူးလား …”

 

“ခင်ဗျား ဒါရိုက်တာကျန်းကို ဆန့်ကျင်တာက ကောင်းတဲ့လုပ်ရပ်မဟုတ်ဘူးနော် … သူသာ အင်တာဗျူးမှာ တစ်ခုခုပြောလိုက်ကြည့် … အင်တာနက်အသုံးပြုသူတွေနဲ့ ပရိတ်သတ်တွေက ခင်ဗျားကို အပြစ်တင်ကြလိမ့်မယ် … ”

 

မာပေါ်ကျုံး သူ့အေးဂျင့်ကို ကြည့်လိုက်သည်။ သူက စိတ်ဓာတ်ကျနေပြီး ဘာမှပြောမလာတော့ချေ။

 

သူ ခုရက်ပိုင်း အလွန်ကံဆိုးနေပုံရသည်။

 

အရင်ဆုံး….လင်းလော့ချင်း…အခု…ဒါရိုက်တာကျန်း…အားလုံးက သူ့ကိုဒုက္ခပေးနေကြတာပဲ…


မည်သို့ပင်ဖြစ်စေ တရားခံက လင်းလော့ချင်းသာ ဖြစ်၏။ လင်းလော့ချင်းသာ သူ့အား ရန်မစခဲ့ပါက သူ့အနေဖြင့် ထိုရိုက်ကွင်းမျိုး ဖန်တီးကာ တစ်ဖက်လူအပေါ် ဖိနှိပ်ရန်လိုအပ်မည် မဟုတ်ပေ။

 

သူတွေးလေလေ ပို၍ အသက်ရှူမဝဖြစ်လာလေပင်။

 

သို့သော် သူက လင်းလော့ချင်းနောက်တွင် တစ်စုံတစ်ဦးရှိနေမည်ကို စိုးရိမ်သဖြင့် တစ်ဖက်လူအား အနိုင်ကျင့်ရန် သူ့အမည်ကို မသုံးဝံ့။ မည်သို့ပင်ဖြစ်စေ လင်းလော့ချင်းက နာမည်မရှိသေးသည့် တက်သစ်စတစ်ဦးသာဖြစ်သည်။ မာပေါ်ကျုံးက သူ့အား နာမည်တပ်မပြောပဲ ဝေဖန်ကောက်ချက်ချခြင်းများ အများအပြား ပြုလုပ်နိုင်သေး၏။

 

ထို့ကြောင့် အထက်ပါကိစ္စများကို တစ်ခုမှ မလုပ်နိုင်သည့်အခါ မာပေါ်ကျုံး ဒေါသထွက်ရလွန်း၍ သွေးတက်ချင်လာ၏။

 

ထိုအချိန်တွင် လင်းလော့ချင်း၏ ချောမောမှုအား သူ မခံစားနိုင်တော့။ သူက လင်းလော့ချင်းအပေါ် အမုန်းသာရှိတော့သည်။

 

သူက လင်းလော့ချင်းအား အမြန်ရှင်းပစ်ချင်သော်လည်း ထိုသို့မလုပ်နိုင်ဖြစ်နေ၏။

 

မာပေါ်ကျုံး အနည်းငယ် ထိတ်လန့်လာ၏။

 

အထက်ပါ ကိစ္စကြောင့် မာပေါ်ကျုံးက ယခင်ကထက်ပို၍ ရိုက်ကူးရေးတွင် အလေးအနက် လုပ်ဆောင်လာသည်။ သူက ရိုက်ကူးခြင်းအား မြန်မြန်လက်စသတ်ကာ အလျင်စလို ထွက်သွားတတ်၏။ သူက လက်ရှိအဖွဲ့တွင် တစ်ရက်ပင် ထပ်မနေချင်တော့ချေ။  

 

တစ်ဖက်လူ၏ အတွေးများကို လင်းလော့ချင်း နားမလည်နိုင်ခဲ့။ မာပေါ်ကျုံးကို ကြည့်ရသည်မှာ ရိုက်ကူးရေး၌ အချိန်မဖြုန်းချင်ပုံပေါ်၏၊၊ ဤသို့ဖြင့် လင်းလော့ချင်းက လီဟန်ဟိုင်းအား မာပေါ်ကျုံးနှင့်အတူ လေ့ကျင့်ရမည့် အခွင့်အရေးကို လက်လွှတ်မခံရန် ပြောလိုက်သည်။

 

“အနာဂတ်မှာ မင်းက ဝါရင့်သရုပ်ဆောင်တွေနဲ့ အတူတူ တွဲပြီး သရုပ်ဆောင်ရမှာ … ဒါ့ကြောင့် ဆရာမာနဲ့ လေ့ကျင့်နိုင်မယ့် အခွင့်အရေးကို ဖမ်းဆုပ်ထားရမယ် … ရိုက်ကူးရေးပြီးတာနဲ့ ဒါရိုက်တာကျန်းဆီသွားပြီး မော်နီတာကိုကြည့် … ပြီးရင် မင်းကိုယ်တိုင်နဲ့ ဝါရင့်သရုပ်ဆောင်ကြားက ခြားနားချက်ကို မြင်အောင်ကြည့်ပါ …”

 

သူက မာပေါ်ကျုံးကို သဘောမကျသော်လည်း လင်းလော့ချင်းက ထိုလူသည် သရုပ်ဆောင်ကောင်းမွန်ကြောင်း ချီးကျူးထား၏။ ထိုသို့မဟုတ်ပါက လက်ရှိအသက်အရွယ်တွင် အလုပ်အကိုင်များစွာ လက်ခံရရှိမည်မဟုတ်ပေ။

 

လီဟန်ဟိုင်းက တွေးလိုက်သည်။ ‘… ဒါက မှတ်ကျောက်မှမဟုတ်တာ … ဒီတိုင်း သူတို့တက်နင်းသွားရမယ့် ကျောက်တုံးတစ်ခုပါပဲ … ’

 

မည်သို့ပင်ဖြစ်စေ သူနှင့် လင်းလော့ချင်းအတွက် အကျိုးရှိမည့် လုပ်ရပ်သာဖြစ်သည်။

 

ထို့ကြောင့် လီဟန်ဟိုင်းက နာခံစွာ လေ့ကျင့်တော့၏။ လင်းလော့ချင်းက မော်နီတာအား အတူတူ ကြည့်ပေးကာ သူ၏ပြဿနာများကို ထောက်ပြလျှက် သရုပ်ဆောင်မကောင်းရသည့် အကြောင်းရင်းများကို ကူရှာပေး၏။ ထို့နောက် လီဟန်ဟိုင်းအား အကျဉ်းချုံးပြန်ပြောပြကာ ဒါရိုက်တာကျန်းထံသို့ သွားရောက်စေသည်။

 

ဤသို့ဖြင့် မာပေါ်ကျုံးသည် ရိုက်ကူးရေးပြီးသည်အထိ ထပ်ခါထပ်ခါ အသုံးချခံရတော့သည်။

 

ရိုက်ကူးရေးအဖွဲ့က မာပေါ်ကျုံးအတွက် နှုတ်ဆက်ပါတီ ကျင်းပပေး၏။ မာပေါ်ကျုံးက ဝတ်ကျေတန်းကျေဖြင့် အနည်းငယ်စားသောက်ပြီးနောက် ကိစ္စရှိကြောင်းဆိုကာ အမြန်ထွက်ခွာသွားတော့သည်။

 

အခြားအဖွဲ့သားများသည်လည်း သူနှင့် ရင်းနှီးခြင်းမရှိရာ မည်သူကမှ တားဆီးခြင်းမပြုကြချေ။ အားလုံးက သူ့အား နောက်ထပ်မတွေ့ရလျှင် ပိုမိုကောင်းမွန်သည်ဟု သဘောထားကာ နှုတ်ဆက်လိုက်ကြသည်။

 

လင်းလော့ချင်းက တစ်ဖက်လူ၏ နောက်ကျောကိုကြည့်ရင်း ပြုံးလိုက်၏။ ထိုလူအမြန်ထွက်သွားပုံအရ အတော်လေး စိတ်ဆိုးနေပုံရသည်။ ထိုလူ အဆင်မပြေဖြစ်နေခြင်းက လင်းလော့ချင်းအား ပျော်ရွှင်စေ၏။

 

မာပေါ်ကျုံး ရိုက်ကူးရေး ပြီးဆုံးသွားမှသာ ရှစ်ကျန်းက စိတ်သက်သာရာရစွာဖြင့် ထွက်ခွာရန် ပြင်ဆင်လိုက်၏။

 

သူက အချိန်အတော်ကြာကတည်းက ထွက်သွားနိုင်သော်လည်း လင်းလော့ချင်းအား စိုးရိမ်သဖြင့် အဖွဲ့ထဲတွင် ကူညီလုပ်ကိုင်ကာ ရှိနေခြင်းဖြစ်သည်။ ထိုအလုပ်က ပိုက်ဆံများများမရသလို ရှစ်ကျန်းသည်လည်း ရုပ်ရှင်ရိုက်ရသည်ကိုသာ နှစ်သက်သူဖြစ်၏။ မာပေါ်ကျုံး မရှိတော့ပြီဖြစ်ရာ သူသည်လည်း နှုတ်ဆက်စကားပြောရန် အချိန်ကျလာလေပြီ။


“အစ်ကိုကြီး မနက်ဖြန် ပြန်တော့မယ် … မပြန်ခင်မင်းနဲ့ စကားပြောမလို့ … ” သူက လင်းလော့ချင်းအား ပြုံးလျှက်ပြောသည်။

 

လင်းလော့ချင်း အံ့အားသင့်သွား၏။ “မြန်လိုက်တာ ...”

 

“ဒီလောက်လည်း မဟုတ်ပါဘူး … ” ရှစ်ကျန်း ပြန်ဖြေ၏။ “ကောင်းကောင်းသရုပ်ဆောင်နော် … ကံမကုန်သေးရင် နောက်တစ်ကြိမ် ထပ်တွေ့ကြမယ် ...”

 

လင်းလော့ချင်း ရယ်လိုက်သည် 

“အစ်ကိုကြီးက ကံကိုအားကိုးနေတာလား … အစ်ကိုကြီးကျန်း … ကံဆိုတာက ကျွန်တော်တို့ ဖန်တီးနိုင်တဲ့ကိစ္စပဲလေ ...”

 

ရှစ်ကျန်း ဇဝေဇဝါဖြစ်သွား၏။

 

လင်းလော့ချင်း သူ့ကိုမေးလိုက်သည်။ “အစ်ကိုကျန်း … ကုမ္မဏီပြောင်းချင်လား … ”

 

ရှစ်ကျန်းက ထိုစကားကို နားမလည်သဖြင့် ခဏကြာသည်အထိ ဘာမှပြန်မပြောနိုင်ခဲ့ချေ။

 

အဆုံးသတ်တွင် သူက ထိုမေးခွန်းအား လင်းလော့ချင်းက ဒီအတိုင်းမေးခြင်းသာဖြစ်သည်ဟု နားလည်လိုက်သည်။

 

သူက ပြန်ဖြေလိုက်၏။ “အစ်ကို ခုထိတော့ သင့်လျော်တဲ့ ကုမ္မဏီရှာမတွေ့သေးဘူး … အချိန်တစ်ခုအထိတော့ ကုမ္မဏီတွေ ပြောင်းနေရဦးမှာပဲထင်တယ် ...”

 

“အစ်ကိုကျန်းက ဘယ်လိုကုမ္မဏီမျိုးကို သင့်တော်တယ်လို့ ထင်တာလဲ … ” လင်းလော့ချင်း သူ့အား မေးခွန်းထုတ်လိုက်၏။

 

ရှစ်ကျန်း ပြုံးလိုက်သည်။. “လော့ချင်း … မင်းဘာကိုပြောချင်တာလဲ … ”

 

“အစ်ကိုလာချင်ရင် ရှင်းယီကို လာလို့ရတယ် … ရှင်းယီက ကုမ္မဏီကောင်းတစ်ခုပါ … အစ်ကိုကျန်း ဘယ်လိုထင်လဲ … ”

 

ရှစ်ကျန်းက သူ့စကားများ၏ အဓိပ္ပာယ်ကို ခံစားမိလိုက်၏။ သို့သော် ကြားလိုက်ရသည်ကိုပင် မယုံနိုင်ချေ။ သူ့အတွက်မူ ကောင်းကင်ပေါ်မှ ပိုင်မုန့်ပြုတ်ကျလာသကဲ့သို့ ရှိ၏။

 

သူက ခဏကြာ တောင့်ခဲသွားပြီး လင်းလော့ချင်းကို ပြန်ဖြေလိုက်သည်။


 “လော့ချင်း … မင်းက လူကောင်းတစ်ယောက်ပါ … ကြင်နာတတ်တယ် … ဒါ့ကြောင့် မင်းအခက်တွေ့နေတုန်းက အစ်ကိုမျက်နှာမလွှဲပဲ ကူညီပေးခဲ့တာ … မင်း ဒီအတွက် ဘာမှပြန်ပေးစရာမလိုပါဘူး … အစ်ကိုလည်း မင်းကို သေချာကူညီနိုင်တာမျိုး မဟုတ်ခဲ့ဘူးလေ … ”

 

“အစ်ကိုက ကျွန်တော် အစ်ကို့ကို ကျေးဇူးတင်လို့ ဒီလိုကူညီပေးတယ် ထင်တာလား … ” လင်းလော့ချင်း သူ့ကိုကြည့်ရင်း ခေါင်းယမ်းလိုက်၏။ 


“အဲဒီ့လို မဟုတ်ဘူး အစ်ကိုကျန်း … အစ်ကိုက သရုပ်ဆောင်ကောင်းလို့ ကျွန်တော် အစ်ကို့ကို ရှင်းယီဆီလာစေချင်တာ ...”

 

“အစ်ကို သရုပ်ဆောင်တာ အရမ်းကောင်းတယ် … အစ်ကို့မှာ ကုမ္မဏီကောင်းကောင်း မရှိလို့သာ အထောက်အပံ့မရှိဖြစ်နေတာ … အစ်ကို့ကိုကြည့်ရင်း အတိတ်က ကျွန်တော့်ကိုယ်ကျွန်တော် မြင်ယောင်မိတယ် … ဒါ့ကြောင့် အစ်ကို့ကို ကျွန်တော် အခွင့်အရေးပေးချင်တာ … ဒါက ဘာများမှားလို့လဲ … ”

 

“အစ်ကို အခွင့်အရေး မလိုချင်ဘူးလား … ” လင်းလော့ချင်း သူ့အား မေးလိုက်သည်။


 “အစ်ကို ဒီလိုနေရာမှာပဲ တစ်သက်လုံး သရုပ်ဆောင်သွားချင်တာလား … အစ်ကို အဲဒီ့လိုမလုပ်ချင်ပါဘူး … ကျွန်တော်လည်း မလုပ်ချင်ခဲ့ဘူး … ကျွန်တော့်ကိုကျွန်တော် ခဏခဏ ပြန်မေးခဲ့တယ် … ကျွန်တော့်မှာ ဘာလိုအပ်ချက်တွေရှိနေလို့ အခွင့်အရေးမရရတာလဲလို့ … ဒါ့ကြောင့် ရှင်းယီက ကျွန်တော့်ကို စာချုပ်လာချုပ်တော့ ကျွန်တော် ချက်ချင်းလက်မှတ်ထိုးလိုက်တာပဲ … အစ်ကိုကျန်းရော အဲဒီ့လို မလုပ်ချင်ဘူးလား … တခြားလူတွေနဲ့အတူ စင်ပေါ်မှာ တက်ပြီးမရပ်ချင်ဘူးလား … ”

 

“အခု အစ်ကို့မှာ အခွင့်အရေးရှိနေပြီလေ … အစ်ကိုဝူက အစ်ကို့ကို စာချုပ်ချုပ်ဖို့ ကမ်းလှမ်းနေပြီ … အစ်ကို မကျော်ကြားတဲ့နေရာမှာ သရုပ်ဆောင်နေစရာမလိုတော့ဘူး … ”

 

ရှစ်ကျန်း ထိုစကားကြောင့် အလွန်ဝမ်းသာသွား၏။

 

သူက ဘယ်လိုလုပ် မလိုချင်ပဲရှိမှာလဲ … သူက သေချာပေါက် လိုချင်တာပေါ့ …

 

သူသည်လည်း အားကျခြင်း၊ မနာလိုခြင်း၊ စိတ်ဓာတ်ကျခြင်းများကို ခံစားတတ်သည့် သာမန်လူတစ်ဦးသာ ဖြစ်သည်။

 

သူက အခွင့်အရေးလိုချင်ခဲ့သည်ပင်။ ထုတ်လုပ်သူ သို့မဟုတ် ဒါရိုက်တာတစ်ဦးဦးက သူ၏ အရည်အချင်းကို တွေ့ရှိသွားရန် မျှော်လင့်ခဲ့၏။ သို့သော် သူ့အား ပထမဆုံး အရည်အချင်းရှိကြောင်း ရိုးသားစွာ ချီးကျူးလာသူသည် သူ့ထက်ငယ်သည့် လင်းလော့ချင်း ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့။

 

လင်းလော့ချင်းက သူ့အရည်အချင်းကို တွေ့ရှိခဲ့ရာမှာ အတူတကွ သရုပ်ဆောင်ရန် ဆွဲခေါ်ခဲ့ခြင်းဖြစ်သည်။ သူတို့က ပို၍နီးကပ်လာပြီး စကားပြောဖြစ်ခဲ့ကြ၏။ ရှစ်ကျန်းက လင်းလော့ချင်း၏ စကားများသည် သူ့အား စိတ်ဓာတ်ခွန်အား ပေးလိုခြင်းသာ ဖြစ်သည်ဟု ထင်ခဲ့သည်။ ဤကဲ့သို့ အခွင့်အလမ်းတစ်ခုအား ယူဆောင်ပေးလိမ့်မည်ဟု မထင်ထားခဲ့ချေ။

 

ရှစ်ကျန်း စိတ်လှုပ်ရှားသွားခဲ့သည်။

 

လင်းလော့ချင်းက ဆက်ပြော၏။ 


“အစ်ကို ဒါကို ဖြည်းဖြည်းချင်း စဉ်းစားပါ … ကျွန်တော့်ကို တစ်ပါတ်အတွင်း အဖြေပြန်ပေးစေချင်တယ် … အစ်ကိုကျန်း … ဘဝက တစ်ခါပဲရတာနော် … ဒီတော့ အစ်ကို့အနေနဲ့ အားနာလို့သက်သက်နဲ့တော့ အစ်ကို့ရည်မှန်းချက်ကို လက်မလျှော့စေချင်ဘူး … အစ်ကို ကျွန်တော့်ကို အားနာနေရင် နောက်ပိုင်းကြိုးစားပြီး ဆုရအောင်လုပ်ရင်း ပြန်အကူအညီပေးလို့ရတာပဲ … သူငယ်ချင်းတွေက အချင်းချင်း ကူညီကြတယ်လေ … အစ်ကိုနဲ့ ကျွန်တော်က သူငယ်ချင်းတွေပဲ … ဘာမှ အားနာစရာမလိုပါဘူး … ”


ရှစ်ကျန်း ပြုံးကာ ခေါင်းညှိတ်လိုက်၏။ “ဒါပေါ့ … ငါတို့က သူငယ်ချင်းတွေပဲ … ”

 

“တကယ်နော် … ” လင်းလော့ချင်း၏ မျက်ဝန်းထောင့်များ ကွေးညွှတ်သွားသည်။

 

သူ၏ မျက်ခုံးတန်းများက သက်တန့်သဖွယ် ကွေးညွှတ်လျှက်ရှိသည်။ ၎င်းက မရေမတွက်နိုင်သည့် လူများအတွက် နေရောင်ခြည်နှင့် မျှော်လင့်ချက်များ ယူဆောင်ပေးလာသည့်နှယ်ရှိ၏။

 

သူက နေသာသည့် နေ့တစ်နေ့နှင့်တူပြီး ရှစ်ကျန်း တွေ့ဖူးသမျှထဲတွင် ကြည့်အကောင်းဆုံးလူဖြစ်သည်။  

 

ရှစ်ကျန်းက သူစဉ်းစားမည်ဖြစ်ကြောင်း ကတိပေးလိုက်၏။

 

လင်းလော့ချင်း ခေါင်းညှိတ်လိုက်သည်။ “ကျွန်တော်တို့ အနာဂတ်မှာ မကြာခဏတွေ့ရဖို့ မျှော်လင့်ပါတယ် ...”

 

ရှစ်ကျန်းက ပြုံးလျှက်သာရှိနေပြီး ဘာမှပြန်မပြောသော်လည်း စိတ်ယိုင်နေပြီဖြစ်၏။

 

မာပေါ်ကျုံးနှင့် ရှစ်ကျန်းက အရင်ထွက်ခွာသွားကြသည့်နောက် ကျန်ရှိသော အဖွဲ့သားများသည်လည်း တဖြည်းဖြည်း အပြီးသတ်သွားကြ၏။ ဝူကျားက လင်းလော့ချင်းနှင့် နောက်ဆုံးရိုက်ကူးပြီးချိန်တွင် သူမ ရိုက်ကူးရမည့် ရိုက်ချက်အားလုံး ပြီးဆုံးသွားပြီဖြစ်သည်။ သူမက အဖွဲ့သားများအား နှုတ်ဆက်ကာ ထွက်ခွာသွား၏။

 

ထို့နောက် စုယင်း ထွက်ခွာသွားလေသည်။

 

အဖွဲ့တစ်ခုလုံးအား ခွဲခွာခြင်းလေထုက လွှမ်းခြုံထား၏။ သူငယ်ချင်းများ ထွက်ခွာသွားမှုကြောင့် ယောင်မော့မော့ စိုးရိမ်စပြုလာကာ လင်းလော့ချင်းအား ကြည့်လိုက်သည်။ “ဆရာရှောင်လင်း … ဘယ်တော့ ပြီးမှာလဲ … ”

 

လင်းလော့ချင်း အချိန်စာရင်းကို ကြည့်လိုက်၏။ သုံးရက်အကြာတွင် သူ ရိုက်ကူးပြီးစီးမည်ဖြစ်သည်။

 

ယောင်မော့မော့ သူမအမြင်များ အမှောင်ကျသွားသလို ခံစားလိုက်ရ၏။ “မြန်လိုက်တာ … ဆရာရှောင်လင်းမှာ ရိုက်ချက်တွေအများကြီးပဲ မဟုတ်လား … ”

 

လင်းလော့ချင်း ရယ်ရမလို ငိုရမလိုဖြစ်သွား၏။ “ဒါပေါ့ … ဒုတိယဇာတ်လိုက် စုယင်းထက်တောင် များသေးတယ် …”

 

ယောင်မော့မော့ သက်ပြင်းချလိုက်သည်။ လင်းလော့ချင်းက သူမကိုကြည့်ရင်း ပုခုံးအား ပုတ်ပေးလိုက်၏။ အဖွဲ့သားအားလုံး တစ်ဦးပြီးတစ်ဦး ထွက်ခွာနေကြပြီး သူသည်လည်း မကြာခင် ထွက်ခွာရမှာဖြစ်၏။ သုံးရက်မြောက်နေ့ မဟုတ်ပါက လေးရက်မြောက်နေ့တွင် ထွက်သွားရမည်ပင်။ ကမ္ဘာပေါ်၌ ခွဲခွာခြင်းများက အမြဲလိုလို ကြုံတွေ့ရလေ့ရှိသည်။ ကံကောင်းစွာဖြင့် သူတို့အားလုံးက စက်ဝိုင်းတစ်ခုထဲမှ လူများဖြစ်ရာ ပြန်လည်ဆုံတွေ့နိုင်ကြသေး၏။

 

“ကြိုးစားထား … ” သူက ယောင်မော့မော့ကို ပြောလိုက်သည်။ “မင်းမှာ အနာဂတ်ကောင်းရှိတယ် ...”

 

ယောင်မော့မော့ သူ့ကိုကြည့်ရင်း ရယ်လိုက်သည်။ “ဆရာရှောင်လင်းလည်း သေချာပေါက် လူသိများလာမှာ … ”

 

“ဒါဆို စကားကောင်းတွေ ခဏငှားနော် … ” လင်းလော့ချင်း အပြုံးနှင့် တုံ့ပြန်လိုက်သည်။

 

ရှစ်ကျန်းက အဖွဲ့မှ ထွက်ခွာသွားပြီး တစ်ပါတ်အကြာ၌ လင်းလော့ချင်းအား ဖုန်းခေါ်ခဲ့သည်။ “ကျေးဇူးပါ … လော့ချင်း … အကယ်၍ အစ်ကိုကြီးဝူဆန္ဒရှိတယ်ဆိုရင် ငါရှင်းယီနဲ့ စာချုပ်ချုပ်ပါ့မယ် … ”

 

လင်းလော့ချင်း ဝမ်းသာသွားသည်။  


“သူက အရမ်းကို ဆန္ဒရှိတာပေါ့ … ဒီရက်ပိုင်း အစ်ကို ဘာမှ အကြောင်းမပြန်ဘူးလားလို့ ကျွန်တော့်ကို မေးမေးနေတာ … ကျွန်တော် သူ့ကိုပြောလိုက်မယ် … ”

 

အချိန်တစ်ခု ကြာသည်အထိ လင်းလော့ချင်းက သူနှင့်ကျိယွီရှောင်၏ ဆက်ဆံရေးအား ထုတ်မပြချင်ချေ။ ထို့ကြောင့် သူက အေးဂျင့်ဖြစ်သူ ဝူရှင်းယွမ်အား ခေါင်းစဉ်တပ်ကာ ရှစ်ကျန်းနှင့် စာချုပ်ချုပ်စေမှာဖြစ်သည်။

 

ရှစ်ကျန်း ထိုစကားကိုကြားချိန်တွင် ပြုံးလိုက်မိသည်။ “အစ်ကို ပိုက်ဆံနည်းနည်းသွားချေးနေလို့ နောက်ကျသွားတာ … ”

 

သူက ဆက်ပြော၏။ “အစ်ကို့ကို ရှင်းယီလို ကုမ္မဏီမျိုးနဲ့ စာချုပ်ချုပ်ခွင့်ပေးခဲ့တဲ့အတွက် မင်းနဲ့အစ်ကိုကြီးဝူကို တကယ်ပဲ ကျေးဇူးတင်ပါတယ် … ဒါပေမယ့် အစ်ကို့ရဲ့ အရင်ကုမ္မဏီနဲ့စာချုပ်က မကုန်သေးဘူးလေ … အဲဒါကြောင့် စာချုပ်ဖျက်မယ်ဆိုရင် လျော်ကြေးပေးရမှာ … အစ်ကို မင်းကို တာဝန်မပိစေချင်လို့ အစ်ကို့ဟာအစ်ကိုပဲ ဒီလျော်ကြေးကို ပေးဖို့စီစဉ်လိုက်တယ် … အစ်ကို သူငယ်ချင်းတွေဆီက ပိုက်ဆံချေးပြီးတော့ပေါ့ … အစ်ကိုက နာမည်ကြီးမဟုတ်တော့ အစ်ကို စာချုပ်ဖျက်ချင်တယ်ဆိုရင် ကုမ္မဏီက လျော်ကြေး များများစားစား တောင်းမှာမဟုတ်ဘူး … ဒါပေမယ့် အစ်ကိုကြီးဝူလာရင်တော့ ကုမ္မဏီဘက်က တစ်မျိုးလုပ်ရင်လုပ်လောက်တယ် … အဲဒါကြောင့် အစ်ကိုမင်းကို မဆက်သွယ်ခဲ့တာ …”   

 

အဆုံးသတ်တွင် ရှစ်ကျန်းက စိုးရိမ်နေဆဲပင်။

 

သူက ရှင်းယီဘက်မှ သူ့အတွက် စာချုပ်လျော်ကြေးငွေ ပေးအပ်ခဲ့ပြီး သူ့ဘက်မှ ကုမ္မဏီအတွက် လုံလုံလောက်လောက် အကျိုးမပြုနိုင်မည်ကို စိုးရိမ်နေခြင်းဖြစ်သည်။ ထိုသို့ဆိုပါက သူ့အတွက်ပြောပေးသည့် လင်းလော့ချင်းပါ အငြိုငြင်ခံရပေလိမ့်မည်။  

 

လင်းလော့ချင်း သူ့အား ကူညီချင်မှန်းသိသော်လည်း တစ်ဖက်လူအား သူ့အတွက် မထိခိုက်စေချငပေ။ ထို့ကြောင့် သူက အနာဂတ်တွင် လင်းလော့ချင်း အခက်မတွေ့စေရန် စာချုပ်ကြို၍ ဖျက်သိမ်းလိုက်ခြင်းဖြစ်သည်။  


“ကောင်းပြီလေ … ” သူက ပြောလိုက်၏။ “ဒါဆို ခဏစောင့်နော် … ကျွန်တော် နောက်သုံးရက်နေရင် ရိုက်ကူးရေးပြီးပြီ … အဲဒီ့အခါကျ အစ်ကိုကြီးဝူ အစ်ကို့ကို လာခေါ်လိမ့်မယ် … ”

 

“ဟုတ်ပြီ … ” ရှစ်ကျန်း ပြန်ပြောလိုက်၏။ “စိတ်မပူပဲ ရိုက်ကူးရေးကိုပဲ အာရုံစိုက်ထား … ”

 

“စကားမစပ် အစ်ကို့မှာ အစ်ကိုကြီးဝူရဲ့ wechat ရှိတယ်မဟုတ်လား … အစ်ကို သူနဲ့ စာချုပ်အကြောင်း ဆွေးနွေးထားလို့ ရမယ်ထင်တယ် … ကုမ္မဏီရောက်ရင် လက်မှတ်တန်းထိုးလိုက်ရုံပဲ …”

 

“ငါသိပြီ … .”

 

လင်းလော့ချင်း ပျော်နေ၏။ “ကျွန်တော်တို့ အနာဂတ်မှာ လုပ်ဖော်ကိုင်ဖက်တွေဖြစ်တော့မှာပဲ ...”

 

“ဒါပေါ့ … လော့ချင်း … အကူအညီတောင်းတယ်နော် ...”

 

လင်းလော့ချင်း ရယ်လိုက်သည်။ “အစ်ကိုကျန်း … ကျွန်တော်က အစ်ကို့ထက် နည်းနည်း စီနီယာပိုကျတယ်နော် … ”

 

ရှစ်ကျန်း “……”

 

သူအရင်က ဘာလို့ လင်းလော့ချင်းရဲ့ ဒီလိုပုံစံကို မမြင်ခဲ့ပါလိမ့် …”

 

“ထားပါတော့ … ” ရှစ်ကျန်း အကူအညီမဲ့ဟန်ဖြင့် ပြောလိုက်သည်။ 


“စီနီယာအစ်ကိုလေ

း … ကောင်းကောင်းရိုက်ကူးခဲ့နော် … ကျွန်တော့်မှာ လုပ်စရာလေးရှိလို့ အရင်ဖုန်းချနှင့်ပါမယ် ...”

 

“အင်းအင်း … ဂျူနီယာညီလေးက အလုပ်များနေတာပဲ … ”

 

ရှစ်ကျန်း “……”

 

ရှစ်ကျန်း ရယ်မောလိုက်၏။