အပိုင်း ၁၂၇
Viewers 35k

Chapter 127




လင်းလော့ချင်းက သုံးရက်ကြာ ရိုက်ကူးပြီးသည့်နောက် အဖွဲ့မှ ထွက်လာ၏။

 

အဖွဲ့က သူ့အတွက် ကိတ်တစ်လုံး ပြင်ဆင်ပေး၏။ သူက ကိတ်ကို ခပ်သေးသေး တစ်စိတ်လှီးကာ စားလိုက်သည်။ ကျန်အဖွဲ့သားများက သူကိတ်စားနေချိန်ကို အခွင့်ကောင်းယူကာ ခရင်မ်များ လက်တစ်ဆုပ်စာ ကော်ယူ၍ သူ့မျက်နှာပေါ်သို့ လျှောက်သုတ်ကြတော့သည်။

 

လင်းလော့ချင်း လန့်သွားသော်လည်း လျင်မြန်စွာ တုံ့ပြန်လိုက်သည်။ သူက ခရင်မ်များကို ယူ၍ အဖွဲ့သားများအား လိုက်သုတ်လေရာ အားလုံးမျက်နှာပေါ်တွင် ခရင်မ်များ ပေကျံကုန်၏။

 

အားလုံးက တစ်ဦးနှင့်တစ်ဦးကြည့်ကာ ရယ်မောကြတော့သည်။ လေထုက လူငယ်များ၏ ရိုးရှင်းသော အသက်ဝင်မှုများ၊ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေ၏။

 

လီဟန်ဟိုင်းနှင့် ယောင်မော့မော့တို့က သူ့အား မသွားစေချင်ပေ။ ဒါရိုက်တာကျန်းသည်လည်း သူဆက်နေပြီး အခြားသရုပ်ဆောင်များကို သင်ကြားပေးရန် မျှော်လင့်လျှက်ရှိသည်။


လင်းလော့ချင်းလည်း ထိုသို့ ပြုလုပ်ပေးချင်၏။ သို့သော် ပြဿနာမှာ ဒီဇင်ဘာလကုန်တော့မှာ ဖြစ်ပြီး ကျိယွီရှောင်နှင့်အတူ နှစ်သစ်အား ကြိုဆိုရန် သူကတိပေးထား၏။

 

သူသာ တစ်ကိုယ်တည်းသမား ဖြစ်ပါက ရိုက်ကူးရေးအဖွဲ့နှင့်အတူ ဆက်နေမှာဖြစ်သည်။ သို့သော် သူ့တွင် ကျိယွီရှောင်နှင့် ကလေးနှစ်ဦးရှိနေပြီဖြစ်ပြီး သူတို့ကို လွမ်းနေပြီဖြစ်၏။ ထို့ကြောင့် သူက အိမ်တွင် စောင့်နေသည့်လူရှိကြောင်း ပြောကာ တောင်းပန်လိုက်သည်။

 

အားလုံးက လင်းလော့ချင်းအား စောင့်နေသူမှာ သူ၏ မိဘများဖြစ်သည်ဟု တွေးလိုက်ကြ၏။ သူတို့က သူနှင့်အတူ ဓာတ်ပုံရိုက်ကာ ပါတီအား အဆုံးသတ်ပြီးနောက် သွားခွင့်ပေးလိုက်ကြ၏။

 

သူတို့အားလုံးက အနုပညာလောမှ လူများဖြစ်ရာ မိသားစုနှင့် အချိန်ဖြုန်းရသည်မှာ နည်းပါးလှသည်ပင်။ ထို့ကြောင့် တစ်စုံတစ်ဦးက လင်းလော့ချင်းအား အိမ်တွင် စောင့်နေကြောင်း သိလိုက်ရသည်နှင့် သူတို့၏ တစ်ကိုယ်ကောင်းဆန်စွာ ဆွဲထားမိသော လုပ်ရပ်အပေါ် အားနာသွားကြ၏။  

 

လင်းလော့ချင်း လက်ဝေ့ယမ်းပြလိုက်သည်။ “နောက်တစ်ခါ ပြန်တွေ့ကြမယ် ...”

 

“ဟုတ်တယ် … နောက်တစ်ခါ ထပ်တွေ့ကြမယ် … ” အားလုံး ပြုံးရယ်နေကြသည်။

 

လင်းလော့ချင်း ကားထဲသို့ဝင်ကာ ဟိုတယ်သို့ ပြန်၍ ခရီးဆောင်သေတ္တာအား ထုပ်ပိုးလိုက်၏။

 

ထိုစဉ် ကျိယွီရှောင်ထံမှ ဖုန်းဝင်လာသည်။ သူက ဖုန်းကိုင်လိုက်ချိန်တွင် တစ်ဖက်လူ၏ မေးခွန်းကို ကြားလိုက်ရ၏။ 


“ရိုက်ကူးရေးပြီးပြီလား … ”

 

“အွန်း … ” လင်းလော့ချင်း ပျော်နေ၏။ “ကျွန်တော်မနက်ဖြန် ပြန်လာလို့ရပြီ … .”

 

သူက မေးလိုက်သည်။ “ရှောင်ယွီနဲ့ ဖေးဖေးကို မပြောနဲ့ဦးနော် … ငါသူတို့ကို ကျောင်းသွားကြိုပြီး အံ့အားသင့်အောင် လုပ်မလို့ … ”

 

“မပြောပါဘူး … ” ကျိယွီရှောင် ပြုံးလျှက်ဖြေလိုက်၏။ “ကိုယ်ကမင်းစကားကို ဘယ်လိုလုပ် နားမထောင်ပဲနေမှာလဲ … မင်းအခု သံသယဝင်တတ်နေပြီပေါ့လေ ...”

 

လင်းလော့ချင်း ပြုံးလိုက်၏။ ကျိယွီရှောင် သဝန်တိုသည်ကို သူအလွန်သဘောကျသည်။ ထိုအခြင်းအရာက ကျိယွီရှောင် သူ့အား ဂရုစိုက်သည်ဟု ခံစားရစေ၏။

 

“ဒါဖြင့် မနက်ဖြန် လာမခေါ်နဲ့တော့ … ” သူက အဆိုပြုလိုက်၏။ 


“ကိုယ်ဘာကိုယ်ပြန်ခဲ့မယ် … မင်းလာရတာ ဒုက္ခများနေမယ် …”

 

သွားကြိုရန် ပြင်ဆင်နေသည့် ကျိယွီရှောင် “……”

 

“စဉ်းစားပါဦး … ”

 

“မင်းပဲ ငါ့စကားကို နားမထောင်ပဲ မနေရဲဘူးဆို … ဘာလို့ စဉ်းစားခိုင်းနေတာလဲ … ” လင်းလော့ချင်း ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်၏။

 

ဘေးတွင် ထိုင်နေသည့် ဝူရှင်းယွမ် “…..”



အိုးမိုင်ဂေါ့ … ဒါက သူနားထောင်သင့်တဲ့ ကိစ္စဟုတ်ရဲ့လား … ဉက္ကဌကျိက သူ့ဇနီးလေးကို မလွန်ဆန်နိုင်ဘူးပဲ …

 

ဝူရှင်းယွမ် ပြတင်းပေါက်သို့ ငေးကြည့်ရင်း တိတ်တိတ်လေး ထိုင်နေလိုက်၏။ သူက မသိသင့်သော ကိစ္စများအား သိရှိသွားမည်ကို စိုးရိမ်လျှက်ရှိသည်။

 

ကျိယွီရှောင် လင်းလော့ချင်းစကားကြောင့် ငိုရမလိုရယ်ရမလို ဖြစ်သွားသည်။ “ဟုတ်ပါပြီ … ငါမင်းကို အိမ်ကစောင့်နေမယ် … ဟုတ်ပြီလား … ”

 

“အွန်း … ” လင်းလော့ချင်း ပြန်ဖြေလိုက်သည်။ “ငါမကြာခင်ပြန်ခဲ့မယ် … စိတ်မပူနဲ့နော် ...”

 

သူက ပျော်ရွှင်စွာဖြင့် ဖုန်းချလိုက်သည်။ ထို့နောက် အထုပ်ဆက်သိမ်းနေ၏။

 

ရှောင်ဝမ်နှင့် ဝူရှင်းယွမ်တို့က လင်းလော့ချင်းအား ကူညီသိမ်းဆည်းပေးပြီးနောက် သူတို့၏ အခန်းကိုယ်စီသို့ ပြန်သွားကြသည်။

 

လင်းလော့ချင်းက ကျိယွီရှောင်အား ဂွတ်နိုက်ဟုပြောကာ အိပ်ရာဝင်လိုက်သည်။ သူက မျက်လုံးဖွင့်လိုက်လျှင် သူနှင့် ကျိယွီရှောင်၏ နေအိမ်သို့ ရောက်သွားရန် မျှော်လင့်နေမိ၏။

 

“အိမ်တဲ့လား … ” လင်းလော့ချင်း သက်ပြင်းချလိုက်သည်။ သူ့တွင် အိမ်ရှိနေလေပြီ။ ဤကမ္ဘာသို့ရောက်သည်မှာ လအနည်းငယ်သာ ရှိသေးသော်ငြား သူ့တွင် အိမ်ရှိလာပြီဖြစ်သည်။

 

သူလာခဲ့သည့် ကမ္ဘာတွင် ကိုယ်ပိုင်အိမ်မရှိကြောင်း လင်းလော့ချင်း တွေးလိုက်မိသည်။

 

‘ဘယ်မှာနေတယ်ဆိုတာ အရေးမကြီးဘူး … ဘယ်သူတွေနဲ့နေလဲဆိုတာက အရေးကြီးတာ … ’ လင်းလော့ချင်း တွေးလိုက်မိ၏။

 

သူက မျက်လုံးများပိတ်ကာ အိပ်မောကျသွားလေသည်။

 

နောက်နေ့မနက်တွင် နှိုးစက်ကြောင့် လင်းလော့ချင်း နိုးလာ၏။ သူက ဝူရှင်းယွမ်နှင့် ရှောင်ယွမ်အား စာပို့လိုက်ကာ ဆေးကြော၊ မနက်စာစားပြီးနောက် ဟိုတယ်မှ ထွက်လာခဲ့ကြသည်။

 

ကျိယွီရှောင်က စာကြည့်ခန်းထဲတွင် ရှိနေပြီး ဖုန်းကို ခဏခဏ ကြည့်နေမိ၏။ တစ်ခါတစ်ရံ သူက ပြတင်းပေါက်မှ ငုံ့ကြည့်နေတတ်သည်။

 

လင်းလော့ချင်း ပြန်လာနေပြီဖြစ်သော်လည်း ဘယ်အချိန် ပြန်ရောက်မည်မှန်း သူ မသိချေ။  

 

မနက်လား … နေ့လည်လည်း … ညကျမှလား …

 

သူက စိတ်မချဖြစ်နေသဖြင့် စာရွက်စာတမ်းများကိုပင် မကြည့်နိုင်ပဲ ဘေးသို့ချထားလိုက်၏။

 

နေ့လည်သုံးနာရီမထိုးခင် ကားတစ်စီးက တံခါးဝ၌ ရပ်လာပြီး တစ်စုံတစ်ဦး ဆင်းလာသည်ကို ကျိယွီရှောင် တွေ့လိုက်ရသည်။ ထိုသူမှာ လင်းလော့ချင်းဖြစ်၏။

 

သူ့နှလုံးသားက အခြေတကျဖြစ်သွားသည်။ နောက်ဆုံးပွင့်ချပ်တစ်ခု မြေပြင်ပေါ် ကြွေကျသွားသကဲ့သို့ ညှင်သာအေးချမ်းစွာ အခြေကျသွား၏။

 

—သူ နောက်ဆုံးတော့ ပြန်လာပြီပဲ …

 

ကျိယွီရှောင် ပြုံးလျှက် စာအုပ်ကိုချလိုက်သည်။ သူက စားပွဲခုံတွင် ပြန်ထိုင်ရင်း အလေးအနက် အလုပ်လုပ်နေသကဲ့သို့ ဟန်ဆောင်နေလိုက်၏။

 

လင်းလော့ချင်း၊ ရှောင်ဝမ်နှင့် ဝူရှင်းယွမ်တို့က ခရီးဆောင်သေတ္တာများကို အိမ်တွင်းသို့ အတူတကွ သယ်လာလိုက်ကြသည်။

 

ကာလရှည်ကြာစွာ ခွဲခွာခဲ့ရသဖြင့် ကျိယွီရှောင် ဇနီးဖြစ်သူအား တွေ့ချင်နေမည်ကို ဝူရှင်းယွမ် ခန့်မှန်းမိ၏။ ထို့ကြောင့် သူက ရှောင်ယွမ်အားခေါ်ကာ ရှောင်ပေးလိုက်သည်။

 

အန်တီကျန်းက ခရီးဆောင်အိတ်ကိုယူကာ အပြုံးနှင့် ပြောလာသည်။ “မစ္စတာလင်း … ပြန်ရောက်ပြီလား … မစ္စတာကျိက စာကြည့်ခန်းထဲမှာ ရှိပါတယ် … ကျွန်မ ဒါကိုသိမ်းလိုက်မယ် … သူ့ဆီပဲသွားတွေ့လိုက်ပါ ...”

 

“ကျေးဇူးပါ ...” လင်းလော့ချင်း ပြုံးလိုက်သည်။

 

“ရပါတယ် … ”

 

သူတို့နှစ်ဦးက ဓာတ်လှေကား အတူတူစီးကာ အပေါ်သို့ တက်ခဲ့ကြသည်။ စာကြည့်ခန်းရှေ့သို့ ရောက်ချိန်တွင်  လင်းလော့ချင်း တံခါးခေါက်လိုက်၏။

 

“ဝင်ခဲ့ပါ ...” ကျိယွီရှောင်၏ အသံထွက်ပေါ်လာသည်။

 

လင်းလော့ချင်း ခေါင်းလေးပု၍ အခန်းတွင်း ကြည့်လိုက်သည့်အခါ စားပွဲနောက်တွင် ထိုင်လျှက်ရှိနေသည့် ကျိယွီရှောင်အား တွေ့လိုက်ရ၏။ သူ့မျက်နှာပေါ်၌ အလိုလိုဖြစ်တည်လာသည့် အပြုံးတစ်ခုရှိနေသည်။

 

ကျိယွီရှောင်က ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည့်အလျောက် တည်ငြိမ်စွာ နှုတ်ဆက်လိုက်၏။ “မင်းပြန်လာပြီပဲ ...”

 

လင်းလော့ချင်း ခေါင်းညှိတ်လိုက်ပြီး စားပွဲနားသို့ ချဉ်းကပ်လာသည်။ “ငါပြန်လာပြီ … .”

 

သူ့စကားသံက နူးညံ့ပြီး မြတ်နိုးမှုတစ်ချို့ပါဝင်နေ၏။ မည်သူမှ မဖျက်ဆီးရက်မည့် လှပသော အိပ်မက်တစ်ခုလိုပင်။

 

ကျိယွီရှောင်၏ တည်ငြိမ်မှုက စကားတစ်ခွန်းနှင့်ပင် ဖျက်ဆီးခံလိုက်ရသည်။ အဆုံးသတ်တွင် သူက တည်တည်ငြိမ်ငြိမ် မနေနိုင်တော့ချေ။

 

“ဒီကိုလာ … ” သူက လင်းလော့ချင်းကို ပြောလိုက်၏။

 

လင်းလော့ချင်းက စားပွဲကို ပတ်လျှောက်ကာ ကျိယွီရှောင်ထံ လျှောက်သွားလိုက်၏။ ထို့နောက် သူက ကျိယွီရှောင်၏ လက်မောင်းများကြား ကျဆင်းသွားလေသည်။ နောက်တစ်စက္ကန့်တွင် အနမ်းတစ်ပွင့်အား လက်ခံရရှိလိုက်၏။

 

ကျိယွီရှောင် မည်သို့တည်ငြိမ်နေနိုင်မည်နည်း။

 

လင်းလော့ချင်း ယနေ့ ပြန်လာမည့်အကြောင်း သိရချိန်မှစ၍ သူ တစ်ညလုံး စောင့်မျှော်နေခဲ့ခြင်းဖြစ်၏။

 

လင်းလော့ချင်းအား မတွေ့ရခင်အချိန်တွင် သူ အလွန်စိတ်ပူနေခဲ့ရသည်။

 

“အိမ်ကနေ ကြိုဆိုပါတယ် … ” ကျိယွီရှောင်က သူတို့၏ နဖူးများကို ဖိကပ်ထားလျှက် တစ်ဖက်လူ၏ နှုတ်ခမ်းပေါ်သို့ ခပ်ဖွဖွ အနမ်းချွေလိုက်သည်။

 

“ပြီးတော့ရော … ” လင်းလော့ချင်း မေးလိုက်၏။

 

“ငါမင်းကို လွမ်းနေခဲ့တာ … ” ကျိယွီရှောင် ရိုးသားစွာပြောလိုက်သည်။

 

လင်းလော့ချင်း ပြုံးလိုက်၏။  “တိုက်ဆိုင်လိုက်တာ … ငါလည်းမင်းကို လွမ်းနေခဲ့တာ … ”

 

သူက ကျိယွီရှောင်အား ဖက်လိုက်၏။ သူ့နှလုံးသားက ပန်းများဖြင့် ပြည့်နှက်လျှက်ရှိသည်။  

 

..........


လင်းဖေးနှင့်ကျိလဲ့ယွီတို့က အတန်းပြီးချိန်၌ ကျောပိုးအိတ် ကိုယ်စီလွယ်ကာ ဂိတ်ဝသို့ လျှောက်လာကြသည်။

 

လော့ကျားက ကားတံခါးနားတွင် စောင့်နေ၏။ လင်းဖေး ကားတံခါးကို ဖွင့်လိုက်ချိန်တွင် ကြောင်အသွားလေသည်။

 

“ဘာဖြစ်လို့လဲ … ” ကျိလဲ့ယွီက မေးလိုက်ရင်း ကားတွင်းသို့ ခေါင်းကလေးစောင်း၍ ကြည့်လိုက်၏။ ထိုအခါ ကားထဲတွင် ထိုင်နေသည့် လင်းလော့ချင်းအား တွေ့လိုက်ရသည်။

 

ကျိလဲ့ယွီ ပျော်ရွှင်သွားလေသည်။ “ပါပါး … ”

 

လင်းလော့ချင်းက ပြုံးကာဆိုလိုက်၏။ “Surprise!”

 

ကျိလဲ့ယွီက မျက်ဝန်းများ ကွေးညွှတ်သွားသည်အထိ ပြုံးလျှက် သူ့ကိုကြည့်လိုက်သည်။ လင်းဖေးသည်လည်း မသိမသာ ပြုံးလိုက်မိ၏။

 

သူက ကားထဲသို့ဝင်ကာ လင်းလော့ချင်း နံဘေးတွင် ထိုင်လိုက်သည်။ ကျိလဲ့ယွီသည်လည်း လင်းဖေးနံဘေးတွင် ဝင်ထိုင်လိုက်၏။


“ပါပါး … ဘယ်တုန်းက ပြန်ရောက်တာလဲ … သားက ဘာလို့မသိရတာ … ပါပါး အိမ်ကို ရောက်ပြီးပြီလား … ဒယ်ဒီရော ဒီအကြောင်းသိလား … ” သူက ခေါင်းကလေးကိုမော့ကာ ငါးပိစိလေးတစ်ကောင် ပူဖောင်းများမှုတ်နေသကဲ့သို့ မေးခွန်းများ တရစပ်မေးတော့သည်။

 

လင်းလော့ချင်းက သူ၏ မေးခွန်းများကို တစ်ခုချင်း ပြန်ဖြေလာ၏။ “ပါပါး ဒီနေ့ပဲ ပြန်ရောက်တာ … အိမ်ကိုသွားပြီး သားဒယ်ဒီနဲ့ တွေ့ပြီးပြီ … ပါပါးတို့က သားတို့ကို အံ့အားသင့်စေချင်လို့ မပြောပဲထားတာလေ … ”

 

ကျိလဲ့ယွီ နှုတ်ခမ်းစူလိုက်၏။ “လူကြီးတွေက ကလေးတွေကို ဖုံးကွယ်ထားရတာ ကြိုက်မှန်း သားသိသားပဲ … ”

 

လင်းလော့ချင်း ပြုံးကာ ပါးကလေးကို ဆိတ်ဆွဲလိုက်၏။ “သား အံ့ဩသွားလား … ”

 

ကျိလဲ့ယွီ ထပ်မံရယ်မောလိုက်သည်။ “အွန်း … ”

 

“ဒါက ကောင်းတာပဲ ...”

 

ကျိလဲ့ယွီက တောက်ပသော မျက်ဝန်းများဖြင့် သူ့ကို ကြည့်လိုက်၏။ သူက လင်းလော့ချင်းနှင့် အကြာကြီးခွဲနေရခြင်းဖြစ်ရာ ကလေးတစ်ဦးကဲ့သို့ ပြုမူချင်နေသည်။ သူက လင်းလော့ချင်းပေါင်ပေါ် တက်ထိုင်ကာ တစ်ဖက်လူ သူ့အား ချီထားစေချင်၏။

 

သို့သော် သူတို့နှစ်ဦးကြားတွင် လင်းဖေး ရှိနေ၏။ ကျိလဲ့ယွီက လင်းဖေးအား နေရာလဲပေးရန် ပြောမထွက်ချေ။ လင်းဖေးသည်လည်း လင်းလော့ချင်းနှင့် အကြာကြီးခွဲနေရခြင်းဖြစ်ရာ ဦးလေးဖြစ်သူအား လွမ်းနေပေလိမ့်မည်။

 

ထို့ကြောင့် သူက လင်းဖေးပုခုံးပေါ်မှီကာ လင်းဖေး၏ လက်မောင်းအား ဖက်ထားလျှက် လင်းလော့ချင်းကို ကြည့်လိုက်၏။ ထို့နောက် မေးလိုက်သည်။ “ပါပါး … သားတို့ဒီည တူတူအိပ်လို့ရလား … ပါပါးရယ် … သားရယ် … ကိုကိုရယ်လေ … ”

 

“ရတာပေါ့ ….” လင်းလော့ချင်း ပြုံးလိုက်သည်။

 

ကျိလဲ့ယွီ ပျော်ရွှင်သွားသဖြင့် လင်းဖေး၏ လက်မောင်းအား တင်းတင်းညှစ်လိုက်မိသည်။

 

လင်းဖေးက ကျိလဲ့ယွီ၏ မှီခိုမှုနှင့် အသားကျနေပြီးဖြစ်ရာ ဘာမှမပြောချေ။ သူက ကျိလဲ့ယွီ ကရားရေလွှတ်ပြောသည်ကို နားထောင်နေရင်း ခပ်ဖြည်းဖြည်း ဝင်ပြောလိုက်သည်။ “မနက်ဖြန်က ခရစ္စမတ်ပဲ … ”

 

“ဟုတ်တယ် … ဒီနေ့က ခရစ္စမတ် အကြိုပဲ … ” လင်းလော့ချင်း ပြောလိုက်သည်။

 

လင်းဖေး ခေါင်းညှိတ်လိုက်၏။

 

ကျိလဲ့ယွီက ကျောင်းတွင် ဆရာမဝေပေးလိုက်သည့် ပန်းသီးအား သတိရသွားသည်။ သူက ပန်းသီးဘူးကို ထုတ်ကာ လင်းလော့ချင်းအား ပေးလိုက်၏။ “ပါပါးဖို့ … ”

 

သူက ပေးရင်းပြောလိုက်သေးသည်။ “ဒီဘူးထဲမှာ အေးချမ်းစေတဲ့ သစ်သီးပါတယ် … ပါပါး အလုပ်မှာ အန္တရာယ်ကင်းအောင် ကူညီပေးလိမ့်မယ် ...”

 

လင်းဖေး “……”

 

လင်းဖေး စိတ်ဓာတ်ကျသွား၏။ သူက အိမ်သို့ရောက်လျှင် လင်းလော့ချင်းအား ပန်းသီးပေးရန် ကြံစည်ထားခဲ့ခြင်းပင်။ သို့သော် ကျိလဲ့ယွီက လက်ဦးမှုရယူသွားခဲ့သည်။

 

လင်းလော့ချင်း အံ့အားသင့်သွားကာ ပြန်ပြောလိုက်သည်။ “ကျေးဇူးပါ ….”

 

အိမ်အပြန်လမ်းတစ်လျှောက်တွင် ဆန်တာကလော့ အလှဆင်မှုများကို တွေ့လိုက်ရသဖြင့် ခရစ္စမတ်ရောက်ပြီဖြစ်ကြောင်း သူသတိပြုမိသွားခဲ့သည်။

 

ထို့ကြောင့် သူက အိမ်မပြန်ခင် ပန်းသီးအနည်းငယ် ဝယ်လာခဲ့၏။ ခရစ္စမတ် လက်ဆောင်ကိုမူ မနက်ဖြန် ကလေးနှစ်ဦး ကျောင်းတက်နေစဉ် အချိန်ယူရွေးချယ်ရန် လင်းလော့ချင်း စဉ်းစားထားခဲ့သည်။

 

သူက ကျိလဲ့ယွီ ပေးခဲ့သည့် ပန်းသီးကိုကြည့်ပြီးနောက် လင်းဖေးအား ကြည့်လိုက်သည်။

 

လင်းဖေးက ကျိလဲ့ယွီ၏ မျက်နှာလေးကို ညှစ်နေ၏။ ကျိလဲ့ယွီကမူ လင်းဖေး၏ ပုခုံးပေါ်တွင်မီလျှက် အပြစ်ကင်းသော မျက်ဝန်းများဖြင့် ကြည့်ကာ သူ့မျက်နှာအား ညှစ်ခွင့်ပြုထားသည်။

 

လင်းဖေးက ထိုအပြစ်ကင်းမှုကို တွေ့လိုက်ရသည့်နောက် ကျိလဲ့ယွီ၏ပါးကို လွှတ်ပေးလိုက်၏။

 

သူညှစ်လိုက်သည့် ကျိလဲ့ယွီ၏ ပါးပြင်က နီရဲနေသည့်အတွက် လင်းဖေး ပြန်လည်ပွတ်သပ်ပေးလိုက်သည်။ သူက စကားမပြောပဲ စိတ်ထဲတွင်သာ သက်ပြင်းချလိုက်၏။

 

ကျိလဲ့ယွီက လင်းလော့ချင်းအား ပန်းသီးပေးလိုက်ပြီဖြစ်ရာ သူက ကျိယွီရှောင်အတွက် ပန်းသီးပေးရတော့မှာဖြစ်၏။ သူတို့နှစ်ဦးလုံး လင်းလော့ချင်းကို ပန်းသီးပေးလိုက်ပါက ကျိယွီရှောင် မနာလို ဖြစ်ပေလိမ့်မည်။

 

သူ၏ဦးလေးသည်လည်း မနာလိုဖြစ်တတ်ကြောင်း လင်းဖေး မှတ်မိနေသေး၏။

 

သူတို့သုံးဦးက အိမ်သို့ အတူတူ ပြန်လာခဲ့ကြသည်။ လင်းဖေးနှင့် ကျိလဲ့ယွီက အခန်းများသို့ အသီးသီးဝင်ရောက်ကာ ကျောပိုးအိတ်များ ထားကြ၏။ လင်းလော့ချင်းသည်လည်း အိပ်ခန်းတွင်းသို့သွား၍ ပန်းသီးဘူးကို နေရာချလိုက်သည်။

 

လင်းလော့ချင်း ပန်းသီးဘူးအား နေရာချပြီးချိန်တွင် တံခါးခေါက်သံ ကြားလိုက်ရသည်။ လင်းဖေးက အခန်းတွင်းသို့ ဝင်လာ၏။

 

“ဘာဖြစ်လို့လဲ … ” လင်းလော့ချင်း သူ့ထံလျှောက်သွားလိုက်သည်။

 

“ကျွန်တော် ရှုရှုနဲ့ တိုင်ပင်စရာရှိလို့ … ” လင်းဖေး ညှင်သာစွာ ဆို၏။

 

လင်းလော့ချင်း ခေါင်းညှိတ်ကာ သူ့အား အိပ်ရာဘေးသို့ ဆွဲခေါ်လျှက် အတူတူထိုင်စေလိုက်သည်။ “ပြောလေ ...”

 

လင်းဖေးက အိပ်ရာဘေးရှိ ပန်းသီးဘူးကို ကြည့်ကာ သွယ်ဝိုက်မနေပဲ တိုက်ရိုက်ပြောလိုက်၏။ “ဒီနေ့ ကျောင်းမှာ ဆရာမက အားလုံးအတွက် ပန်းသီးပေးတယ်လေ … အဲဒါ ရှောင်ယွီက ရှုရှုကို ပေးပြီးပြီဆိုတော့ ကျွန်တော့်ပန်းသီးကို ရှုရှုကျိကို ပေးလိုက်လို့ရလား … ”


“ရတာပေါ့ … ” လင်းလော့ချင်း အပြုံးနှင့်ပြန်ဖြေလိုက်သည်။ “သားဒီကို ကိစ္စမျိုးကို ကိုယ့်ဟာကိုယ် ဆုံးဖြတ်လို့ရပါတယ် … ဘာလို့ ရှုရှုကို မေးတာလဲ … ”

 

လင်းဖေး မျက်တောင်ခတ်လိုက်ပြီး တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။ “ဘာလို့ဆို အစက သားရှုရှုကို ပေးဖို့လုပ်ထားတာ … ”

 

သူက ဆက်ပြောလိုက်သည်။ “ဒါပေမယ့် ရှောင်ယွီက ရှုရှုကို အရင်ပေးလိုက်တယ်လေ … ဒီတော့ ရှုရှုကျိ ပန်းသီးမရရင် စိတ်မကောင်းဖြစ်သွားမှာပေါ့ … ကျွန်တော့် ပန်းသီးကို ပေးလိုက်ရင်တော့ သူစိတ်မကောင်းဖြစ်မှာ မဟုတ်တော့ဘူး … ”

 

သို့သော် သူ့ပန်းသီးအား လင်းလော့ချင်းကို မပေးပါက လင်းလော့ချင်းသည်လည်း ကျိယွီရှောင်နည်းတူ စိတ်မကောင်းဖြစ်မည်ကို စိုးရိမ်မိပြန်သည်။

 

ထို့ကြောင့် သူက လင်းလော့ချင်းနှင့် အရင်တိုင်ပင်ရန် စဉ်းစားခဲ့ခြင်းဖြစ်သည်။

 

‘ဟူး … ’ လင်းဖေး သက်ပြင်းချလိုက်၏။ ‘သူ့မှာ ပန်းသီးနှစ်လုံးသာရှိရင် ဘယ်သူမှ စိတ်မကောင်းဖြစ်မှာ မဟုတ်တော့ဘူး … ’

 

လင်းဖေး၏ ဦးခေါင်းသေးသေးလေးက ထိုမျှအတွေးများနေမည်ဟု လင်းလော့ချင်း မျှော်လင့်မထားခဲ့ချေ။ သူက ရယ်လျှက် လင်းဖေးအား ပွေ့ဖက်လိုက်သည်။

 

“သားက ရှုရှု စိတ်မကောင်းမဖြစ်အောင်လို့ ရှုရှုကို ပိုပြီးသဘောကျတဲ့အကြောင်း ပြောချင်တာလား … ”

 

လင်းဖေး ဘာမှမပြောချေ။ သူက လင်းလော့ချင်းရှေ့တွင် အနည်းငယ် ကြောင်တောင်တောင်နိုင်ကာ ကလေးဆန်လေ့ရှိသည်။ အခြားလူများအား သဘောကျခြင်း မကျခြင်းကို ဒီအတိုင်းထုတ်ပြောနိုင်သော်လည်း လင်းလော့ချင်း အရှေ့တွင်မူ ကလေးဆန်ဆန် ပြုမူလေ့ရှိသည်။

 

ပြောစရာမလိုအောင်ပင် လင်းလော့ချင်းက ထိုသို့ အူကြောင်ကြောင် အပြုအမူလေးကို နှစ်သက်၏။ အချိန်အများစုတွင် လင်းဖေးက အလွန်ရင့်ကျက်လေ့ရှိရာ လင်းလော့ချင်းအား စိုးရိမ်လာစေသည်။ ထို့ကြောင့် သူရှက်နေသည့်အခါ လင်းလော့ချင်း ပို၍သဘောကျ၏။ ၎င်းအပြုအမူက လင်းဖေးသည် ကလေးတစ်ဦးသာ ဖြစ်ကြောင်း လင်းလော့ချင်းအား ခံစားရစေသည်။

 

လင်းလော့ချင်း ခေါင်းငုံ့ကာ လင်းဖေး၏ ပါးပြင်အား နမ်းလိုက်၏။ လင်းဖေးက မာနကြီးစွာဖြင့် သူ့အား စိတ်ပျက်လက်ပျက် မော့ကြည့်လိုက်သည်။

 

လင်းလော့ချင်း ပြုံးလိုက်ပြီး ထပ်နမ်းလိုက်ပြန်၏။ “ရှုရှု သိပါပြီ … သားရဲ့ ရှုရှုကျိကို ပန်းသီးသွားပေးလိုက်နော် သူတော့ ပျော်သွားမှာပဲ …”

 

လင်းဖေး ခေါင်းညှိတ်လိုက်၏၊၊ လင်းလော့ချင်း သဘောတူပြီဖြစ်ရာ သူ ကျိယွီရှောင်အား ပန်းသီးပေးနိုင်လေပြီ။

 

“သားရဲ့ရှုရှုကျိက သားကို သဘောကျပါတယ် … သားတို့နှစ်ယောက် အဆင်ပြေတာမြင်ရတာ ရှုရှု အရမ်းပျော်တာပဲ … ” လင်းလော့ချင်း လင်းဖေး၏ ပုခုံးအား ဖက်လိုက်သည်။

 

“ရှုရှုက သရုပ်ဆောင်လေ … သရုပ်ဆောင်ဆိုတာက တစ်ခါတစ်လေ ဇာတ်ကားရိုက်ဖို့ အိမ်ကထွက်သွားရတာမျိုး ရှိနိုင်တယ် … အဲဒီ့လိုမျိုးဆို ရှုရှု သားအနားမှာ ရှိပေးနိုင်မှာမဟုတ်ဘူး … ဒါပေမယ့် သားဘာမှ စိတ်မပူနဲ့နော် … သားရဲ့ ရှုရှုကျိက သားနဲ့အတူ ရှိနေပေးလိမ့်မယ် … ရှုရှုပြီးရင် သူက သားကို အကောင်းဆုံး ဆက်ဆံပေးမယ့် ဒုတိယလူပဲ … သား သူ့ကို သဘောကျတာ ကောင်းတဲ့ကိစ္စပါပဲ … ရှုရှု ဒါကိုမတားပါဘူး ...”

 

“သားက သိတတ်တယ် … ချစ်စရာကောင်းပြီး ကြည့်ကောင်းတယ် … အားလုံးက သားသဘောကျတာကို ခံချင်ကြမှာ သဘာဝပဲလေ ...”

 

လင်းဖေး “……”

 

လင်းဖေး ခေါင်းညှိတ်လိုက်၏။ လင်းလော့ချင်းစိတ်တွင်းရှိ သူ့ပုံရိပ်အား လက်ခံခဲ့ပြီးဖြစ်

သည်။ လင်းလော့ချင်းစိတ်ထဲတွင် သူက နာခံသိတတ်ကာ အပြုအမူကောင်းရှိပြီး သင်ယူလွယ်၍ အလွန်ထူးချွန်သော ကလေးတစ်ဦးဖြစ်၏။ သူက သိပ်သဘောမတူချင်သော်လည်း လင်းလော့ချင်း ပျော်နေသရွေ့ ဒီအတိုင်းလွှတ်ထားပေးရန်သာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

 

သူ‌ သဘောကျနေရင်ပြီးတာပါပဲလေ …