Chapter 128
လင်းဖေးက လင်းလော့ချင်း၏လက်မောင်းနှစ်ဖက်ကို မှီထားရာ လင်းလော့ချင်းက လင်းဖေးကို တစ်ခဏခန့် ပွေ့ဖက်ပြီးနောက် လွှတ်ပေးလိုက်သည်။
"သွား...သားရှုရှုကျိကို လက်ဆောင်သွားပေးလိုက်..."
လင်းဖေးက ကုတင်ပေါ်မှ ထလိုက်ကာ လင်းလော့ချင်း တကယ်ပျော်ရွှင်မပျော်ရွှင် သိချင်သောကြောင့် ပြန်လှည့်ကြည့်လိုက်သည်။
လင်းလော့ချင်းက ရယ်မောလိုက်၏။
"မင်း မထွက်သွားသေးရင် ငါ မင်းကို ထပ်နမ်းမှာနော်..."
လင်းဖေး :"..."
လင်းဖေး၏မျက်လုံးများက ရင်းနှီးနေသော မနှစ်မြို့မှုကို ပြသလိုက်ပြီးနောက် နောက်ပြန်လှည့်ကာ တံခါးဆီသို့ လျှောက်သွားလေသည်။
လင်းလော့ချင်းက အိပ်ရာပေါ်တွင် လှဲကာ ပြန်အနားယူလိုက်စဉ် လင်းဖေးက တံခါးပြန်ဖွင့်၀င်လာပြီး ကိုးရို့ကားယားနိုင်စွာ လျှောက်လာလေသည်။
"တစ်ခါတည်းနော်..."
လင်းဖေးက တိုးညှင်းစွာ ပြောလိုက်သည်။ သူ့မျက်လုံးထဲ၌ ၀န်လေးမှု ၃၀%၊ ကူရာမဲ့မှု ၅၀%၊အလိုလိုက်မှု ၂၀%ရှိနေ၏။
လင်းလော့ချင်း ထပ်မံရယ်မောလိုက်သည်။
လင်းဖေးက စိတ်ဆိုးသွားကာ ရှက်ရွံ့လာလေသည်။ သူ နောက်ပြန်လှည့်လိုက်စဉ် လင်းလော့ချင်းက သူ့ကို ပြန်ဆွဲလိုက်ပြီး မျက်နှာပေါ်သို့ ပြင်းပြင်းထန်ထန် နမ်းလိုက်သည်။
"ဖေးဖေး သားက အရမ်းချစ်ဖို့ကောင်းတာပဲ...ဘာလို့ ဒီလောက်ချစ်ဖို့ကောင်းရတာလဲ..."
လင်းလော့ချင်းက ပြောပြီးနောက် ထပ်မံနမ်းလိုက်သည်။
လင်းဖေး :"..."
'တစ်ခါတည်းလို့ ပြောထားတယ်လေ...'
သူက သံသယမျက်လုံးများဖြင့် လင်းလော့ချင်းကို ကြည့်လိုက်သည်။
လင်းလော့ချင်း ပြုံးလိုက်ပြီး လင်းဖေးမျက်နှာကို ထိလိုက်၏။
"မင်းက အရမ်းချစ်ဖို့ကောင်းတာကို...ငါက ဘယ်လိုလုပ် ထိန်းချုပ်နိုင်မှာလဲ...ငါက မင်းကိုအရမ်းချစ်လို့ ထပ်ခါထပ်ခါ နမ်းချင်တယ်...ဒါက ပုံမှန်ပဲမလား..."
လင်းဖေးက ထိုစကားများကို ကြားသောအခါ လင်းလော့ချင်းက တွယ်ကပ်လွန်းသည်ဟု တွေးလိုက်သည်။
သူ့နှလုံးသားထဲတွင် တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး လင်းလော့ချင်း၏အခန်းထဲမှ ထွက်သွားလိုက်ကာ သူ့အခန်းဆီသို့ ပြန်သွားလိုက်သည်။
သူက လင်းလော့ချင်းနှင့် ဆွေးနွေးရန် လာခဲ့ခြင်းဖြစ်ပြီး ပန်းသီးကို မယူလာခဲ့ပေ။ ယခု လင်းလော့ချင်းက သဘောတူလိုက်သောအခါ သူ့အခန်းထဲမှ ဆရာမပေးထားသည့်ပန်းသီးကို ယူလိုက်သည်။
ကျိယွီရှောင်က လာမည့်နှစ်စအတွက် အစီအစဉ်များကို စီမံရေးရာဌာန၏ခေါင်းဆောင်နှင့် ဆွေးနွေးနေသည်။ အစည်းအဝေးတစ်၀က်လောက် ရောက်နေစဉ် တံခါးခေါက်သံကို ကြားလိုက်ရပြီး လင်းဖေးက စာဖတ်ခန်းထဲ ၀င်လာလေသည်။
"ရှုရှု အလုပ်များနေလား..."
လင်းဖေး မေးလိုက်သည်။
"မများပါဘူး..."
ထို့နောက် သူက ဗီဒီယိုကောလ်တစ်ဖက်မှခေါင်းဆောင်ကို ခဏအနားယူရန် ပြောလိုက်သည်။
သူက ဗီဒီယိုကောလ်ကို ခဏရပ်ထားပြီး ဝှီးချဲလ်ကို လင်းဖေးဆီသို့ တွန်းသွားလိုက်သည်။
ထိုအခါ လင်းဖေးက ကျိယွီရှောင်ထံသို့ အမြန်လျှောက်သွားလိုက်သည်။
"ကျွန်တော် ရှုရှုကို ပန်းသီးလာပေးရုံပါ...ကျွန်တော် ရှုရှုကို အနှောင့်အယှက်မပေးတော့ဘူး..."
"ပန်းသီးလား..."
ကျိယွီရှောင် ယနေ့က ခရစ်စမတ်အကြိုနေ့ဖြစ်ကြောင်း သတိရသွား၏။
သူက အမြဲတစေ အားလပ်ရက်များအပေါ် အာရုံစိုက်မှုနည်းပါးပြီး အထူးသဖြင့် ဒဏ်ရာရသွားသောအခါ အိမ်တွင်သာ နေလေ့ရှိသောကြောင့် အားလပ်ရက်များကို သတိပင်မပြုမိတော့ချေ။ လင်းဖေးက ပန်းသီးပါသော ဘူးလေးကို လှမ်းပေးလိုက်၏။
"ကျောင်းက ဆရာမပေးထားတာ...ကျွန်တော် ဒါကို ရှုရှုကို ပေးမယ်..."
လင်းဖေးက တည်ငြိမ်သောကြောင့် ကျိလဲ့ယွီကဲ့သို့ ချိုမြိန်သည့်စကားလေးများနှင့် လက်ဆောင်မပေးတတ်ပေ။
သူက ကျိယွီရှောင်ကို ရှားစောင်းပင်ပေးသောအခါ ကျိယွီရှောင်က ကျန်းမာလုံခြုံပြီး သူ့ကိုယ်သူ ကာကွယ်နိုင်ရန် မျှော်လင့်ကာ ပေးခြင်းဖြစ်သော်လည်း ထိုအကြောင်းကို ကျိယွီရှောင်အား မပြောပြခဲ့ပေ။
ကျိယွီရှောင်က လှပစွာ ထုပ်ပိုးထားသည့် ကတ္ထူသေတ္တာဘူးလေးကို လှမ်းယူလိုက်ပြီး ပြုံးလိုက်သည်။
"သားက ကိုယ်တိုင် မသိမ်းထားဘဲ တခြားလူကို ပေးတာလား...သားက တကယ့်ကို ထက်မြက်ကြင်နာတတ်တဲ့ ကလေးလေးပဲ..."
လင်းဖေးက ကျိယွီရှောင်ထံမှ ချီးကျူးစကား ကြားရသောအခါ အနည်းငယ်ရှက်ရွံ့သွားလေသည်။
“ဒါဆို ကျွန်တော် သွားတော့မယ်...”
သူ နူးညံ့စွာ ပြောလိုက်သည်။
ကျိယွီရှောင်က သူ့လက်ထဲမှ ကတ္ထူသေတ္တာလေးကို ကြည့်ကာ တစ်စုံတစ်ခုကို သတိရသွားလေသည်။
"သားဆရာမက ဘယ်နှလုံးပေးတာလဲ..."
"တစ်ယောက်ကို တစ်လုံး..."
"ဒါဆို သား ရှုရှုကို ပေးလိုက်တော့ ရှုရှုလင်းအတွက်ရော..."
ကျိယွီရှောင် စိတ်ပူသွားသည်။
"ရှုရှုလင်းကို ပေးသင့်တယ်...သားက ရှုရှုကို ပေးလို့ အရမ်းပျော်နေပေမဲ့ သားရဲ့ရှူရှူက ဒီနေ့မှပြန်လာတာလေ...သူသာ သားပန်းသီးကို ရရင် အရမ်းပျော်နေလိမ့်မယ်..."
ထိုစကားကို ကြားသောအခါ လင်းဖေးက တည်ငြိမ်စွာ ပြောလိုက်သည်။
"ရှုရှုမှာ ရှိပါတယ်...ရှောင်ယွီက သူ့ပန်းသီးကို ရှုရှုလင်းကို ပေးလိုက်တာ.."
ယင်းကို ကြားသောအခါ ကျိယွီရှောင် အံ့ဩသွားသည်။
သူ့တူလေးက အတော်လိမ္မာနေပြီး သူ့ကိုတောင် ပုန်ကန်နေပါ့လား...
"ကျွန်တော် ရှုရှုလင်းကို မေးကြည့်တော့ သူက ရှုရှုကို ပေးလို့ရတယ်ပြောတယ်...ဒီလိုဆို ရှုရှုတို့နှစ်ယောက်လုံးမှာ တစ်ယောက်တစ်လုံးရှိနေပြီ..."
ကျိယွီရှောင် ရယ်မောလိုက်သည်။
သူက သူ့ကိုယ်သူပင် ပြန်သတိရသွားလေသည်။ သူ့မိသားစုထဲသို့ ကလေးတစ်ယောက် ရုတ်တရက်ရောက်လာသောအခါ လင်းဖေးကို အကောင်းဆုံးဆက်ဆံလေသည်။ ထိုအခါ ကျိလဲ့ယွီက သူ့ကို မကြိုက်တော့ဟု အထင်လွဲသွားမည်ကို စိုးရိမ်ရပြန်သည်။ ထို့ကြောင့် သူက ကလေးနှစ်ယောက်လုံးကို ဖက်ရပေသည်။ သူ ကျိလဲ့ယွီ၏ခေါင်းကို ထိလျှင် လင်းဖေး၏ခေါင်းကိုလည်း ထိ၏။
မမျှော်လင့်စွာနှင့် လင်းဖေးက ယင်းကို သင်ယူခဲ့လေသည်။
ငယ်ငယ်ရွယ်ရွယ်နဲ့ ဒါတွေတောင် သိနေပါရောလား...
"ကောင်းပြီ...ဒီလိုဆို ရှုရှု ယူလိုက်မယ်...ကျေးဇူးပါ ဖေးဖေး...ရှုရှု အရမ်းပျော်နေတယ်..."
လင်းဖေး ခေါင်းငြိမ့်လိုက်သည်။ ကျိယွီရှောင်က သူ့ကို ကျေးဇူးတင်နေသော်လည်း သူ့(လင်းဖေး)ကိုတော့ ကျေးဇူးတင်စကား မပြောခိုင်းခဲ့ပေ။
လူကြီးများက ထူးဆန်းလွန်းပေသည်။
"ဒါဆို ကျွန်တော် သွားတော့မယ်နော်..."
"ဟုတ်ပြီ..."
ကျိယွီရှောင် ခေါင်းငြိမ့်လိုက်သည်။
လင်းဖေးက စာဖတ်ခန်းထဲမှ ထွက်လာပြီး ကျိယွီရှောင်မမြင်နိုင်သောနေရာတွင် မျက်လုံးတစ်ဖက် မှိတ်လိုက်လေသည်။ သူ့တွင် ကလေး ဆန်သော ချစ်စဖွယ်ကောင်းသည့်အမူအရာရှိနေ၏။
အန်တီကျန်း ထမင်းချက်ပြီးနောက် လင်းလော့ချင်းက ကျိယွီရှောင်နှင့်ကလေးနှစ်ယောက်ကို ခေါ်ကာ အောက်ထပ်သို့ အတူဆင်းသွားလေသည်။
ထို့နောက် သူ ထုပ်ပိုးထားသည့်ပန်းသီးများကို အန်တီကျန်းကို တစ်လုံးပေးလိုက်ပြီး ကျိယွီရှောင်ကို နှစ်လုံးပေးလိုက်ကာ ကလေးနှစ်ယောက်ကို ပေးခိုင်းလိုက်သည်။
လင်းဖေးနှင့် ကျိလဲ့ယွီ ပန်းသီးရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့သည့်အတွက် အံ့ဩနေကြလေသည်။
လင်းလော့ချင်း ပြုံးကာ ပြောလိုက်သည်။
"ပျော်ရွှင်စရာ ခရစ်မမတ်အကြိုပါ...ရှုရှုတို့နှစ်ယောက်လုံး သားတို့ အမြဲပျော်ရွှင်ပြီး လုံခြုံဖို့ မျှော်လင့်ပါတယ်..."
ကျိယွီရှောင်လည်း ခေါင်းငြိမ့်လိုက်သည်။
"ဟုတ်တယ်..."
လင်းဖေးက သူ့ရှေ့မှ ကတ္ထူသေတ္တာလေးကို ကြည့်ကာ ပျော်ရွှင်နေလေသည်။
အမှန်တွင် လင်းဖေးက လင်းလော့ချင်းကို ပန်းသီပေးချင်သော်လည်း ကံမကောင်းစွာနှင့် ဆရာမက ပန်းသီးတစ်လုံးသာ ပေးလိုက်လေသည်။
ယခု သူ့တွင် ပန်းသီးနှစ်လုံး ထပ်ရှိလာသောအခါ လင်းလော့ချင်းကို ပေးနိုင်တော့မည်ဖြစ်သည်။
သူက လင်းလော့ချင်းကို ခိုးကြည့်လိုက်ပြီး အခန်းထဲ ပြန်ရောက်လျှင် ပေးရန် စီစဉ်လိုက်သည်။
သို့သော် မကြာမီတွင် ကျိလဲ့ယွီက တက်ကြွစွာ ပြောလိုက်သည်။
"ဒယ်ဒီအတွက်..."
ကျိလဲ့ယွီက လက်ထဲမှ ပန်းသီးဘူးလေးကို ကျိယွီရှောင်ကို ပေးလိုက်လေသည်။
"ဒယ်ဒီကို ပေးမယ်...ဒယ်ဒီလည်း ဘေးကင်းလုံခြုံသင့်တယ်လေ..."
"အိုကေ..."
ကျိယွီရှောင် ရယ်မောလိုက်သည်။
လင်းဖေး :"..."
အချိန်တိုင်း ဒီလိုကိစ္စမျိုးမှာ ကျိလဲ့ယွီရဲ့တုံ့ပြန်မှုက မြန်ဆန်လွန်းတယ်...
ထို့နောက် ကျိလဲ့ယွီက လင်းဖေးကို ချိုသာစွာ ခေါ်လိုက်သည်။
"ကိုကို..."
လင်းဖေး လှည့်ကြည့်လိုက်သောအခါ ကျိလဲ့ယွီက ကျန်ရှိသည့် ပန်းသီးဘူးလေးကို သူ့ကို ပေးနေလေသည်။
"ကိုကို့အတွက်ပါ...ကိုကိုလည်း ဘေးကင်းလုံခြုံဖို့ မျှော်လင့်ပါတယ်..."
သူ့အသံက နူးညံ့သိမ်မွေ့ပြီး ပယင်းရောင်မျက်လုံးများက နွေဦးစမ်းချောင်းလေးသဖွယ် နွေးထွေးတောက်ပနေလေသည်။
သို့သော် ကျိလဲ့ယွီက ထိုသို့မဟုတ်ကြောင်း သူသိသည်။ ကျိလဲ့ယွီက ဖြူစင်သည့်လူမဟုတ်သော်လည်း သူ့ကြည့်ရသည်မှာ မိုးကောင်းကင်ထက်မှ ကြယ်သဖွယ် တောက်ပသန့်ရှင်းနေ၏။
လင်းဖေး၏နှလုံးသားက ရုတ်တရက် ထပ်မံ နူးညံ့သွားလေသည်။ ကျိလဲ့ယွီတွင် ချို့ယွင်းချက်များစွာ ရှိသော်လည်း သူက အလွန်ချစ်စရာကောင်းသည်ဟု ထင်ပေသည်။
သူက ကျိလဲ့ယွီ၏ဘူးလေးကို လှမ်းယူလိုက်ပြီး သူ့သေတ္တာဘူးလေးကို ပြန်ပေးလိုက်သည်။
"မင်းအတွက်..."
ကျိလဲ့ယွီက ပျော်ရွှင်စွာ လှမ်းယူလိုက်သည်။
"ကျေးဇူးနော် ကိုကို..."
"မလိုပါဘူး..."
သူလည်း ကျိလဲ့ယွီဘေးကင်းလုံခြုံရန် မျှော်လင့်လေသည်။
လင်းလော့ချင်းက ယင်းကို ကြည့်ကာ အနည်းငယ်အံ့ဩနေသည်။
ကျိလဲ့ယွီက လင်းဖေးကို ပန်းသီးပေးလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ကလေးနှစ်ယောက်က ဤမျှဆက်ဆံရေးကောင်းနေကြောင်း သူ မသိခဲ့ပေ။
ကျိလဲ့ယွီတွင် ပန်းသီးတစ်လုံးသာ ကျန်ပြီး လင်းဖေးကို ပန်းသီးပေးလိုက်လျှင် သူ့တွင် တစ်လုံးမှ ကျန်တော့မည်မဟုတ်ပေ။
သို့သော် သူက ယင်းကို ဂရုမစိုက်ခဲ့ပေ။ လင်းဖေးကို ပန်းသီးပေးခဲ့လေသည်။ ကျိလဲ့ယွီ၏လက်ထဲတွင် ရှိသောပန်းသီးများကို မသိစိတ်အရ အလိုအလျောက် သူ၊ ကျိယွီရှောင်နှင့် လင်းဖေးကို ပေးခဲ့ကာ ကျိလဲ့ယွီကမူ လက်ဗလာဖြစ်သွားလေသည်။
ကလေးအများစုက ကမ္ဘာကြီး၏စည်းမျဉ်းများကို သေချာ နားမလည်ကြသောကြောင့် သူတို့လိုချင်သည့်အရာတိုင်းကို ပိုင်ဆိုင်ချင်ကြလေသည်။
ယင်းကား ကလေးသဘာ၀ဖြစ်ပြီး ကိုယ်ချင်းစာခြင်း ၊ တစ်ကိုယ်ကောင်းဆန်ခြင်းများကို နားမလည်ကြပေ။ သူတို့က စိတ်ထဲရှိသလို ပြုမူကြခြင်းသာ ဖြစ်လေသည်။
သူ ကျိလဲ့ယွီက ကိုယ်ချင်းစာစိတ် ရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ကျိလဲ့ယွီက ကိုယ်ကျင့်တရားနှင့်ကျင့်၀တ်များမှ ကင်းလွတ်နေလေသည်။ သူက ကျိရှင်းကို ရေထဲ တွန်းချခဲ့ပြီး သူ့ကိုယ်သူ နစ်နာသူအဖြစ် ဟန်ဆောင်ခြင်းတွင် အပြစ်ရှိစိတ် တစ်စုံတစ်ရာ မခံစားမိခဲ့ပေ။
သို့သော် ယင်းက အကျင့်စရိုက်ကြောင့် မဟုတ်ခဲ့ပေ။ မိသားစုစိတ်ခံစားချက်ကြောင့်ဖြစ်လေသည်။
ကျိလဲ့ယွီက ကျင့်၀တ်များကို ဂရုမစိုက်သော်လည်း မိသားစုကို ဂရုစိုက်သည်။ သူက လင်းလော့ချင်း ထင်ထားသည်ထက်ပင် ပိုဂရုစိုက်ပြီး သူ့ကိုယ်သူထက်ပင် ပိုဂရုစိုက်လေသည်။
ယင်းက ကားမတော်တဆမှု၏နောက်ဆက်တွဲဆိုးကျိုးပင်ဖြစ်လေသည်။ သူက မိဘနှစ်ပါးကိုနေ့ချင်းညချင်း ဆုံးရှုံးလိုက်ရပြီး ဆွေမျိုးဆို၍ ကျိယွီရှောင်သာ ကျန်ခဲ့သည်။ ထို့ကြောင့် သူ့ခံစားချက်များ အားလုံးကို ကျိယွီရှောင်အပေါ် လောင်းချလိုက်လေသည်။
နောက်ပိုင်းတွင် သူက ကျိယွီရှောင်နှင့် လက်ထပ်ခဲ့ပြီး လင်းဖေးကိုပါ ခေါ်ဆောင်လာခဲ့သည်။
ထိုအခါ ကျိလဲ့ယွီက သူနှင့်လင်းဖေးကို မိသားစု၀င်အသစ်အဖြစ် လက်ခံခဲ့ပြီး သူ့ခံစားချက်များကို သူနှင့်လင်းဖေးအပေါ် သွန်းလောင်းလိုက်ပြန်သည်။
သူတို့နှစ်ယောက်ကို ကျိယွီရှောင်လောက် မချစ်ခဲ့သော်လည်း သူတို့က မိသားစုဖြစ်သည့်အတွက် ကျိလဲ့ယွီက မည်သူကိုမှ မဆုံးရှူံးချင်ပေ။ ထို့ကြောင့် ကျိယွီရှောင်ကို ချစ်သလောက် သူတို့ကို ချစ်ခဲ့လေသည်။
သူ့လက်ထဲတွင် ပန်းသီးသုံးလုံးရှိသောအခါ မိသားစု၀င်သုံးယောက်လုံးကို ပေးလိုက်၏။
ပန်းသီးက သူ့မိသားစုလောက် အရေးမကြီးသောကြောင့် ယင်းကို ဂရုမစိုက်ခဲ့ပေ။
လင်းလော့ချင်းက ၀တ္ထုထဲမှ ကျိယွီရှောင် ထွက်သွားသောအခါ တစ်ယောက်တည်းကျန်ခဲ့သည့် ကျိလဲ့ယွီကို တွေးမိသွားပြီး စိတ်ဆင်းရဲသွားလေသည်။
ကျိယွီရှောင်ဆုံးပါးသွားသည့်နောက် ကျိလဲ့ယွီ ခံစားရသည့် နာကျင်မှုများကို သူ စိတ်ကူး၍ပင် မရချေ။ သူ ကျိလဲ့ယွီက အဘယ်ကြောင့် ကျိယွီရှောင်အတွက် လက်စားချေခဲ့ကြောင်း နားလည်သွားပေသည်။
နာကျင်လွန်းသည့်အတွက် ထိုခံစားချက်များကို ကျိယွီရှောင်ကို နာကျင်အောင် လုပ်ခဲ့သည့် လူများအပေါ်တွင် အသုံးချလေသည်။
အမှန်တွင် ကျိလဲ့ယွီက ရူးသွပ်ကာ လမ်းလွှဲရောက်သွားစရာ မလိုပေ။ ကိုယ်ကျင့်တရားကို မိသားစုအပေါ် ချစ်စိတ်က ထိန်းချုပ်သွား၍သာ ဖြစ်သည်။ ယခု သူ့ရှေ့မှ ကျိလဲ့ယွီက ပန်းသီး ကိုင်ကာ တောက်ပစွာ ပြုံးနေပြီး သာမာန်ကလေးများကဲ့သို့ပင်ဖြစ်လေသည်။
သူက သူ့မိသားစုကို ချစ်၏။ မိသားစုသာ ရှိနေသရွေ့ ကျိလဲ့ယွီက သာမာန်ကလေးတစ်ယောက်ဖြစ်နေမည်ဖြစ်သည်။ မိသားစုက သူ့၏ အောက်ခြေမျဉ်းဖြစ်လေသည်။
သူ့ရှေ့မှ မြင်ကွင်းကြောင့် လင်းလော့ချင်းက ကျိလဲ့ယွီ ၀တ္ထုထဲကလို မဖြစ်နိုင်တော့ဟု ခံစားရလေသည်။ အဘယ်ကြောင့်ဆိုသော် သူက ကျိယွီရှောင်ကို သေခိုင်းမည် မဟုတ်ပေ။ ထို့အပြင် သူနှင့်လင်းဖေးကလည်း သေမည်မဟုတ်ပေ။
သူတို့အားလုံး ကျန်းမာဘေးကင်းလုံခြုံကြမည်ဖြစ်သည့်အတွက် ကျိလဲ့ယွီက လမ်းလွှဲသွားရန် မဖြစ်နိုင်ပေ။
လင်းလော့ချင်းက ကျိလဲ့ယွီကို မိုးခိုသားတစ်ဖတ် ထည့်ပေးလိုက်သည်။
"စားကြရအောင်...စားပြီးရင် ပန်းသီးအတူတူစားကြမယ်..."
ကျိလဲ့ယွီ ပျော်ရွှင်စွာ ခေါင်းငြိမ့်လိုက်သည်။
"ဟုတ်..."
ညစာစားပြီးနောက် ပန်းသီးစားကြကာ ကိုယ်ပိုင်အခန်းများဆီ ပြန်သွားကြလေသည်။ ကျိယွီရှောင်က ကိုင်တွယ်စရာ အလုပ်ရှိသည့်အတွက် စာဖတ်ခန်းသို့ ပြန်သွားလိုက်သည်။
လင်းလော့ချင်းက သူ့ကို မနှောင့်ယှက်တော့ပေ။
မနက်ဖြန် ခရစ်စမတ်နေ့ဖြစ်သည့်အတွက် ကလေးများအတွက် လက်ဆောင်၀ယ်ပေးရမည့်အပြင် ကျိယွီရှောင်ကိုလည်း လက်ဆောင်၀ယ်ပေးရမည်ဖြစ်လေသည်။ ထို့ကြောင့် သူက ကျိယွီရှောင် ယင်းကို မသိအောင် အိပ်ခန်းထဲ ပြန်သွားကာ အင်တာနက်ပေါ် တိတ်တဆိတ်ရှာဖွေခဲ့သည်။
ကျိလဲ့ယွီက ကျောပိုးအိတ်ပိုက်ကာ လင်းဖေးအခန်းဆီ ရောက်လာသောအခါ လင်းဖေးက အခန်းအပြင်တွင် ရှိနေလေသည်။
"ကိုကို ဘယ်သွားမလို့လဲ..."
ကျိလဲ့ယွီ မေးလိုက်သည်။
လင်းဖေး ထိတ်လန့်သွားပြီး ပန်းသီးကိုင်ထားသည့်လက်များပင် တုန်ရီသွားလေသည်။ အဖမ်းခံရသည့် ခံစားချက်မျိုးကို ဖော်ပြ၍ မရနိုင်ပေ။
သူက သေတ္တာဘူးကို နောက်တွင် ဖွက်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"အောက်ဆင်းပြီး အသီးသွားယူမလို့..."
“သားလည်းလိုက်မယ်..."
ကျိလဲ့ယွီ ချက်ချင်း ပြောလိုက်သည်။
လင်းဖေးက ကျိလဲ့ယွီ၏ကျောပိုးအိတ်ကိုကြည့်ကာ ပြောလိုက်၏။
"သွားပြီး အိပ်စာလုပ်နေ...ပြန်လာရင် စစ်ဆေးမယ်..."
ကျိလဲ့ယွီ :"..."
"အခန်းထဲ မြန်မြန်၀င်လေ..."
"ဟုတ်ပါပြီ..."
ကျိလဲ့ယွီက ၀န်လေးစွာ ပြောလိုက်သည်။
"အသီးကို သားအတွက်ပါ ယူခဲ့နော်..."
"အင်း..."
လင်းဖေး ခေါင်းငြိမ့်လိုက်သည်။
ကျိလဲ့ယွီက ကျောပိုးအိတ်ပိုက်ကာ လင်းဖေး၏အခန်းထဲသို့ ၀င်သွားလိုက်သည်။
လင်းဖေးက ကူရာမဲ့စွာ သက်ပြင်းချလိုက်သည်။ ကျိလဲ့ယွီ အဖမ်းခံရတိုင်း မည်သို့ခံစားရကြောင်း နားလည်ပြီဖြစ်သည်။ ယင်းက ထိတ်လန့်စရာကောင်းလွန်းပေသည်။
သူက လက်ထဲမှ ပန်းသီးသေတ္တာလေးကို ငုံ့ကြည့်လိုက်သည်။ တစ်စုံတစ်ယောက်ကို တစ်စုံတစ်ခုလျှို့ဝှက်ပေးရန် ခက်ခဲလေသည်။
အထူးသဖြင့် တစ်ယောက်ယောက်က မိသွားတော့မဲ့ အခြေအနေမှာပေါ့...ဒါက အရမ်း ရှက်စရာကောင်းတာပဲ...