Chapter 129
လင်းလော့ချင်းက အိပ်ရာပေါ်တွင် ထိုင်ကာ တရား၀င်websiteများမှ ကုန်ပစ္စည်းများကို ကြည့်ရှုနေလေသည်။
သူက ကျိယွီရှောင်အတွက် ဝယ်ရမည့်လက်ဆောင်ကို ကြိုမတွေးထားခဲ့ပေ။ သူက ရွေးချယ်စရာများကို ဦးစွာ ကြည့်ရန် စီစဉ်ထားသည်။ အချိန်တန်လျှင် ထိုအထဲမှ သင့်တော်သည့်တစ်ခုကို ၀ယ်ပေးမည်ဖြစ်လေသည်။
သူက ဖုန်းစခရင်ကိုဟိုရွှေ့ဒီရွှေ့လုပ်နေစဉ် တံခါးခေါက်သံကို ကြားလိုက်ရပြီး လင်းဖေး၀င်လာလေသည်။
လင်းလော့ချင်းက ပြုံးကာ နောက်ပြောင်လိုက်သည်။
"ငါတို့ လမ်းခွဲတာတောင် မကြာသေးဘူး ငါ့ကို လာတွေ့တယ်ပေါ့...ဘာလို့လဲ...ငါ့ကို လွမ်းလို့လား..."
လင်းဖေး :"..."
လင်းဖေးမျက်လုံးထဲတွင် မနှစ်မြို့မှု၃၀%၊ ကူရာမဲ့မှု ၃၀%၊ 'ရှုရှုပျော်နေသရွေ့' ၄၀%များဖြင့် ပြည့်နှက်နေလေသည်။
လင်းဖေးက လင်းလော့ချင်းဆီ လျှောက်သွားပြီး ပန်းသီးသေတ္တာဘူးလေးကို ပေးလိုက်သည်။
"ရှုရှုအတွက်..."
လင်းလော့ချင်းက ပန်းသီးသေတ္တာဘူးလေးကို ပျော်ရွှင်စွာ လှမ်းယူလိုက်လေသည်။
လင်းဖေးက သူ့ကို ပန်းသီးပေးမည်ဖြစ်ကြောင်း မှန်းဆမိသော်လည်း လင်းဖေးက ထမင်းဝိုင်းတွင် မပေးခဲ့ပေ။ ထို့ကြောင့် သူ့ထံ လျှို့ဝှက်လာပေးမည်ဖြစ်ကြောင်း မှန်းဆမိခဲ့သည်။
နောက်ဆုံးတွင် လင်းဖေးက လက်ဆောင်ပေးလျှင် လူအများရှေ့တွင် ပေးလေ့မရှိခဲ့ပေ။
ကျိလဲ့ယွီကဲ့သို့ လူအများရှေ့တွင် လက်ဆောင်ပေးခြင်းက လင်းဖေးအတွက်မူ ခက်ခဲလေသည်။
ယခု သူ မှန်းဆထားသည့်အတိုင်း လင်းဖေးက သူ့အခန်းဆီ ရောက်လာလေသည်။
"ကျေးဇူးနော် ဖေးဖေး...ရှုရှု အရမ်းပျော်တယ်..."
လင်းလော့ချင်းက ရိုးသားစွာ ပြောလိုက်သည်။
"ရပါတယ်...အခု ရှုရှုမှာလည်း ပန်းသီးရှိသွားပြီ..."
"ဟုတ်တယ်...အခု ငါ့မှာလည်း ရှိသွားပြီ..."
လင်းဖေးက အရမ်းနူးညံ့ပြီး ချစ်စရာကောင်းလိုက်တာ...
သူ ထပ်နမ်းချင်တယ်...
လင်းလော့ချင်းကို ပန်းသီးပေးပြီးနောက် လင်းဖေး ကျေနပ်သွားလေသည်။
"ဒါဆို ကျွန်တော် သွားတော့မယ်..."
"ဘာလို့ သွားတော့မှာလဲ..."
လင်းလော့ချင်းက လင်းဖေးမျက်နှာကို ညှစ်လိုက်သည်။
"အခုမှ ရောက်တဲ့ဟာကို..."
"ကျွန်တော် စာအုပ်ဖတ်လို့ မပြီးသေးဘူး...အိမ်စာတွေလည်း လုပ်လို့မပြီးသေးဘူး...ရှုရှုနဲ့ဒီမှာ အကြာကြီးနေလို့ မရဘူး..."
လင်းလော့ချင်းက လင်းဖေး၏လေးနက်သော မျက်နှာလေးကို မြင်သောအခါ လူကြီးလေး တစ်ယောက်ဟုပင် ထင်လိုက်လေသည်။ သူက လင်းဖေးခေါင်းကို ပွတ်သပ်ပေးလိုက်သည်။
"ဟုတ်ပါပြီ...ရှုရှု သားကို မဆွဲထားတော့ဘူး...စာအုပ်ဆက်သွားဖတ်...ရှောင်ယွီကိုလည်း အိမ်စာလုပ်ဖို့ ကူညီပေးလိုက်နော်...ပြီးမှ သားတို့ကို ရေလာချိုးပေးမယ်..."
အွန်း~~~
လင်းဖေး တိတ်တဆိတ် သဘောတူလိုက်သည်။
"ဒါဆို ကျွန်တော် သွားတော့မယ်..."
သူ့စကားထဲတွင် မေးမြန်းမှုတစ်ခု ရှိနေလေသည်။
လင်းလော့ချင်း ခေါင်းငြိမ့်လိုက်ကာ လက်ပြလိုက်သည်။
"ဒါဆို ပြန်တော့နော်...ရှုရှု နောက်မှ လိုက်လာခဲ့မယ်..."
လင်းဖေး သူ့အခန်းသို့ ပြန်သွားလိုက်သည်။
သူ လှေကားကွေ့သို့ ရောက်သောအခါ ကျိလဲ့ယွီမှာထားသည်ကို သတိရသွားပြီး အောက်ထပ်ဆင်း၍ ငှက်ပျောသီးနှစ်လုံးယူလိုက်ကာ အခန်းသို့ ပြန်လိုက်သည်။
ကျိလဲ့ယွီက အိမ်စာလုပ်နေလေသည်။ ကျိယွီလင်းနှင့် ချန်းဝေ့ အသက်ရှင်စဉ်က ကျိလဲ့ယွီကို ပထမတန်းသင်ခန်းစာအချို့ သင်ကြားပေးဖူးပြီး ယခု စာသင်နှစ်တစ်၀က်ခန့်နောက်ကျနေသော်လည်း သူ့တွင် ချို့ယွင်းချက်များစွာ မရှိခဲ့ပေ။
လင်းဖေးက ကျိလဲ့ယွီကို ငှက်ပျောသီးတစ်လုံးပေးလိုက်ပြီး အိမ်စာကို စစ်ဆေးလိုက်သည်။ ထိုအခါ ကျိလဲ့ယွီက အဖြေများကို မှန်ကန်စွာ ဖြေထားသောကြောင့် သူ့နေရာတွင် ထိုင်လိုက်သည်။
"ဘာလို့ ဒီလောက်ကြာနေတာလဲ..."
ကျိလဲ့ယွီက ငှက်ပျောသီးအခွံခွာရင်း ပြောလိုက်သည်။
"သား တော်တော်များများ ဖြေပြီးနေပြီ..."
"ဟုတ်လား..."
လင်းဖေးက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
ကျိလဲ့ယွီက ပေါ့ပေါ့ပါးပါး မေးခြင်းသာဖြစ်ပြီး မေးပြီးနောက် ငှက်ပျောသီးစားလိုက်လေသည်။
လင်းဖေးက အမှန်တွင် ငှက်ပျောသီးမစားချင်သောကြောင့် ကျိလဲ့ယွီကို တစ်လုံးထပ်ပေးလိုက်သည်။
ကျိလဲ့ယွီက လှမ်းယူလိုက်ပြီး ချိုသာစွာ ပြောလိုက်၏။
"ရပါတယ်..."
လင်းဖေးက ယခုကိစ္စအားလုံး ပြီးဆုံးသွားသောကြောင့် စာအုပ်ကောင်းကောင်းဖတ်နိုင်ပြီဖြစ်သည်။
တကယ် မလွယ်ကူတာ...ကံကောင်းလို့ မိသားစု၀င်လေးယောက်ပဲရှိတာ...
၉နာရီ၄၀၀န်းကျင်တွင် လင်းလော့ချင်းရောက်လာပြီး ကလေးနှစ်ယောက် ရေချိုးရန် ပြင်ဆင်ပေး လိုက်သည်။
လင်းဖေးနှင့်ကျိလဲ့ယွီက လင်းလော့ချင်းက ဤသို့ ရေမချိုးပေးသည်မှာ ကြာပြီဖြစ်သည့်အတွက် တစ်ခဏခန့် ကြောင်တောင်တောင်ဖြစ်နေကြလေသည်။
"ပါးပါး သွားတော့ သားတို့ ကိုယ့်ဖာသာရေချိုးကြတာ..."
ကျိလဲ့ယွီ ပြောလိုက်သည်။
"ဒီလိုဆို သားတို့က အရမ်းတော်တာပဲ..."
ကျိလဲ့ယွီ ပြုံးလိုက်ပြီး မျက်လုံးက လခြမ်းကွေးသဏ္ဍာန်ဖြစ်သွားလေသည်။
"ဒီတစ်ခါ ဘယ်လောက်ကြာအောင် နေမှာလဲ...အလုပ်ကို ဘယ်အချိန် ထပ်သွားမှာလဲ..."
"အကြာကြီးနေမှာ...နွေဦးပွဲတော် ပြီးတဲ့အထိနေမှာဆိုတော့ တစ်လနှစ်လလောက် ကြာဦးမှာပေါ့..."
"တကယ်လား..."
ကျိလဲ့ယွီက စိတ်လှုပ်ရှားစွာ လက်တစ်ဆုပ်စာ ဆပ်ပြာမြှုပ်များကို လေပေါ် မြှောက်လိုက်ပြီး လင်းဖေးက ရွံ့ရှာစွာ ရှောင်တိမ်းလိုက်သည်။
"တကယ်ပေါ့..."
လင်းလော့ချင်း ခေါင်းငြိမ့်လိုက်သည်။
ကျိလဲ့ယွီ ပျော်ရွှင်နေလေသည်။
"ဒီနှစ် နှစ်သစ်ကူးကို အတူကျင်းပလို့ရတယ်..."
ယမန်နှစ်က နှစ်သစ်ကူးတွင် သူ့အဖေနှင့်အမေ ရှိနေဆဲဖြစ်သည်။ ယခုနှစ် နှစ်သစ်ကူးတွင် သူ့အဖေနှင့်အမေ မရှိသော်လည်း အဖေနှစ်ယောက်ရှိပြီး လင်းဖေးလည်း ရှိလေသည်။ သူ ထင်ထားသည်ထက် ပိုမိုကောင်းမွန်လေ၏။
ကျိလဲ့ယွီက လင်းလော့ချင်းကို ပွေ့ဖက်ရန် လုပ်လိုက်သော်လည်း လင်းဖေးက သူ့လက်ကို ဆုပ်ကိုင်လိုက်လေသည်။
"မင်းက ရေစိုနေတာလေ..."
ထိုအခါ ကျိလဲ့ယွီ သတိရသွားလေသည်။ လင်းလော့ချင်းက ညအိပ်၀တ်စုံ ၀တ်ထားပြီး သူပွေ့ဖက်လိုက်လျှင် လင်းလော့ချင်းက ရေစိုသွားမည်ဖြစ်သည်။ ထို့ကြောင့် သူက လင်းဖေးကို ပွေ့ဖက်လိုက်လေသည်။ မည်သို့ပင်ဖြစ်စေကာမူ လင်းဖေးက ရေစိုပြီးသားဖြစ်သည်။
လင်းဖေး :"..."
လင်းဖေး၏မျက်နှာထက်၌ လင်းလော့ချင်းအားပြသလေ့ရှိသော မနှစ်မြို့မှုနှင့်ကူရာမဲ့မှုကို ပြသနေလေသည်။
လင်းလော့ချင်းက ကလေးနှစ်ယောက်ကို သဘောကျသွားသည်။
'ငါ့ကလေးနှစ်ယောက်က ချစ်စရာကောင်းလိုက်တာ..."
ရေချိုးပြီးနောက် လင်းဖေးနှင့်ကျိလဲ့ယွီက ကျိယွီရှောင်နှင့်လင်းလော့ချင်း၏အခန်းသို့ သွားကြလေသည်။ ကျိယွီရှောင်က ရေချိုးပြီးပြီဖြစ်ပြီး သူတို့ ရောက်လာမည့်အချိန်ကို အိပ်ရာပေါ်တွင် ထိုင်စောင့်နေခဲ့သည်။
ကျိလဲ့ယွီက ကုတင်ပေါ်သို့ အမြန်တက်လိုက်သည်။ မိသားစုလေးယောက် အတူပြန်အိပ်ရပြီဖြစ်သည်။
သူ့အတွက် တစ်ပတ်က လအနည်းငယ်ကြာသွားသကဲ့သို့ပင်ဖြစ်သည်။
ယခု သူတို့ အတူပြန်အိပ်နေရပြီဖြစ်သည်။
သူက လင်းလော့ချင်းကို ကြည့်လိုက်ပြီး ကျိယွီရှောင်ကိုလည်း ကြည့်လိုက်သည်။ လူကြီးနှစ်ယောက်အပြင် လင်းဖေးလည်း သူနှင့်အတူ ရှိနေပေသည်။
'အိမ်'က အမြဲတစေ ရှိနေပြီး ပြောင်းလဲမသွားပေ။
ကျိလဲ့ယွီက ပျော်ရွှင်စွာ ကျိယွီရှောင်ကို မှီတွယ်လိုက်လေသည်။
လေးယောက်သား ချိုမြိန်စွာ အိပ်ပျော်သွားကြသည်။ နောက်တစ်နေ့မနက်တွင် လင်းလော့ချင်းက မနက်စောစောထပြီး လင်းဖေးနှင့်ကျိလဲ့ယွီကို ကျောင်းလိုက်ပို့ပေးလိုက်လေသည်။
ကျိလဲ့ယွီက တာ့တာပြကာ နှုတ်ဆက်လိုက်ပြီး လင်းဖေးက "ညနေမှ တွေ့မယ်'ဟု နှုတ်ဆက်လိုက်သည်။
"ညနေမှ တွေ့မယ်..."
လင်းလော့ချင်းလည်း ပြုံးကာ ပြန်နှုတ်ဆက်လိုက်သည်။
သူက ကလေးနှစ်ယောက် ကျောင်းထဲ ၀င်သွားသည်ကို စောင့်ကြည့်လိုက်ပြီး လော့ကျားကိုကုန်တိုက်သို့ မောင်းခိုင်းလိုက်သည်။
ခရစ်စမတ်ပြီးနောက် နှစ်သစ်ကူးနေ့ဖြစ်ပြီး အားလပ်ရက်ဖြစ်သောကြောင့် ဆိုင်များက ပရိုမိုးရှင်းများ ချကြပြီး ဆိုင်များတွင် ဈေး၀ယ်သူများက ပုံမှန်ထက် ပိုစည်ကားနေလေသည်။
ကံကောင်းစွာနှင့် လင်းလော့ချင်းက နာမည်မကြီးသေးသည့်အတွက် မျက်မှန်နှင့် မက်စ်ကို တပ်လိုက်လျှင်ပင် လူများက သူ့ကို မမှတ်မိကြတော့ချေ။
ကောင်တာများကို ပတ်ပြီးနောက် နောက်ဆုံးတွင်လှပသိမ်မွေ့သပ်ရပ်သော နာရီတစ်လုံးကို တွေ့လိုက်ရလေသည်။
နာရီဒိုင်ခွက်က တိမ်တိုက်တစ်ခု ဖြစ်သည်။
မနက် ၆နာရီမှ ညနေ ၆နာရီအထိက ငွေဖြူရောင်ဖြစ်ပြီး နေရောင်တောက်ပနေလေသည်။ ညနေ ၆နာရီမှ မနက်၆နာရီအထိက နက်ပြာရောင် ကောင်းကင်ဖြစ်ပြီး ကြယ်ရောင်လင်းလက်နေ၏။
လင်းလော့ချင်းက ထိုဒီဇိုင်းကို အလွန်လှပသည်ဟု တွေးလိုက်မိသည်။ ထို့အပြင် ကျိယွီရှောင်က နာရီကြည့်လေ့ရှိရာ နာရီလက်ဆောင်ပေးခြင်းက ကောင်းမွန်ပေသည်။ ထိုအခါ ကျိယွီရှောင်က နာရီကို ကြည့်တိုင်း သူ့ကို နေရာမရွေး၊ အချိန်မရွေး သတိရနေမည်ဖြစ်သည်။
လင်းလော့ချင်းက နာရီကို စစ်ဆေးပြီးနောက် အရောင်း၀န်ထမ်းအား ထုပ်ပိုးခိုင်းလိုက်သည်။ထို့နောက် လင်းဖေးနှင့် ကျိလဲ့ယွီအတွက် လက်ဆောင်များ ၀ယ်ရန် သွားလိုက်သည်။
ကျိယွီရှောင်နှင့်ယှဉ်လျှင် ကလေးများအတွက် လက်ဆောင်၀ယ်ခြင်းက ပိုမိုလွယ်ကူလေသည်။ သူက ကလေးများအတွက် နာရီတစ်လုံးစီ ဝယ်လိုက်ပြီး အ၀တ်အစားများစွာကိုလည်း ၀ယ်လိုက်သည်။
ကုန်တိုက်မှ ထွက်လာသောအခါ လင်းလော့ချင်း၏လက်ထဲတွင် အထုပ်ကြီးအထုပ်ငယ် အပြည့်ဖြစ်နေပြီး တက္ကစီငှားလိုက်ကာ အိမ်ပြန်လိုက်သည်။
ကျိယွီရှောင်သည် လင်းလော့ချင်းက လင်းဖေးနှင့်ကျိလဲ့ယွီအတွက် လက်ဆောင်သွား၀ယ်သည်ကိုသိပြီး သူပါ လိုက်မည်ဟု ပြောခဲ့သော်လည်း ရလဒ်အနေနှင့် လင်းလော့ချင်းက ခေါင်းမာစွာ ငြင်းဆန်ခဲ့လေသည်။
ကျိယွီရှောင်က တစ်ခုခုမှားယွင်းနေကြောင်း ခံစားမိခဲ့သည်။
လက်ဆောင်လေး သွား၀ယ်တာမလား...ဘာလို့ သူ့ကို မလိုက်ခိုင်းရတာလဲ...
လင်းလော့ချင်းက ဘာလို့ အဲ့လောက်တောင် ငြင်းဆန်နေရတာလဲ...
ကျိယွီရှောင်က အချိန်အတော်ကြာ စဉ်းစားပြီးနောက် သဘောပေါက်သွားသည်။ လင်းလော့ချင်းက ကလေးများအတွက် လက်ဆောင်အပြင် သူ့အတွက်ပါ လက်ဆောင်၀ယ်ပေးခြင်းဖြစ်နိုင်ပြီး သူ သိသွားမည်ကို စိုးရိမ်နေခြင်းဖြစ်နိုင်သည်။
ထိုသို့တွေးပြီးနောက် သူ့ကို လင်းလေ့ာချင်း ပေးမည့်လက်ဆောင်ကို စောင့်မျှော်နေခဲ့လေသည်။
ထို့အတွက်ကြောင့် လင်းလော့ချင်းက ကလေးကျောင်းပို့ရင်း ကုန်တိုက်သို့ သွားသောအခါ သူလည်း လင်းလော့ချင်းအတွက် ခရစ်စမတ်လက်ဆောင်ကို အမြန်သွား၀ယ်ခဲ့သည်။
ချွီယင်းကျယ်၊ ဝေ့ကျွင်းဟယ်နှင့် ကျွမ်းယွဲ့က ကျိယွီရှောင်နောက် လိုက်ကာ လက်ဆောင်ရွေးနေသည်ကို ကြည့်နေလေသည်။ သို့သော် ကျိယွီရှောင်က ပစ္စည်းများစွာကို စိတ်မကျေမနပ် ဖြစ်နေလေသည်။ သူတို့ အံ့ဩသွားကြ၏။
"သခင်လေး မင်း ဘာ၀ယ်ချင်တာလဲ..."
"ကြည့်ကောင်းရမယ်...လိုက်ဖက်ရမယ်...သူနဲ့ထိုက်တန်ရမယ်..."
"အဲ့ဒါ မင်းပဲလေ..."
ကျွမ်းယွဲ့ ပြောလိုက်သည်။
"မင်းကိုယ်မင်း ထုပ်ပိုးပြီး ပေးလိုက်ရင် မရီးတကယ် ပျော်နေမှာ..."
ကျိယွီရှောင် : “……”
“မင်း အခုတလော မကောင်းတဲ့စာတွေ ဖတ်နေတာမလား...မဖတ်သင့်တဲ့ စာတွေကို မဖတ်နဲ့... မကြည့်သင့်တဲ့စာတွေကို အရာတွေကို မကြည့်နဲ့..."
ကျိယွီရှောင်က ကျွမ်းယွဲ့ကို ရွံ့ရှာစွာ ကြည့်လိုက်ပြီး ပြောလိုက်သည်။
ကျွမ်းယွဲ့က မကျေနပ်ပေ။
"ငါ ဘာမှားလို့လဲ.. ဘယ်ဟာက မရီးနဲ့ ကြည့်ကောင်းလိုက်ဖက်ပြီး မရီးနဲ့ထိုက်တန်မှာလဲ..."
ကျိယွီရှောင် :"..."
'အဲ့လို မရဘူး...'
ဝေ့ကျွင်းဟယ်က ထိုစကားများကို နားထောင်ပြီးနောက် စိတ်ထဲ လျှို့ဝှက်စွာ တွေးလိုက်သည်
'သူ့ကို သွားမပြောနဲ့...သူက လက်ထပ်ပြီးတာတောင် တဏှာကင်းနေတုန်းပဲ...အာ...တဏှာကင်းတာ မဟုတ်ဘူး...မာရသွန်ပြေးနေတာပဲ...'
ဝေ့ကျွင်းဟယ် : “သူနဲ့ မရီးက အခုထိ အဟွတ်...အဟွတ်...”
ကျိယွီရှောင် : “……”
“ငါ မင်းတို့ကို အိမ်ထောင်ရေးအကြောင်း ဆွေးနွေးဖို့ ခေါ်လာတာ မဟုတ်ဘူး...လက်ဆောင်ကူရွေးပေးဖို့ ခေါ်လာတာ..."
"တကယ်ကြီးလား..."
ကျွမ်းယွဲ့ အံ့ဩသွားသည်။
သူ ကျိယွီရှောင်ကို ကြိမ်ဖန်များစွာ ကြည့်လိုက်ပြီး ပြောလိုက်၏။
"ရှောင်ကျိ...ငါ့ကို အမှန်အတိုင်းပြော...မင်းက အဲ့ဒါ..."
ကျိယွီရှောင် :"!!!"
ကျိယွီရှောင် အလွန်စိတ်တိုနေပြီး ကျွမ်းဟယ်ကို ထရိုက်ပစ်ချင်နေလေသည်။
"သူ့ကို နှင်ထုတ်လိုက်..."
သူ ဝေ့ကျွင်းဟယ်ကို ပြောလိုက်သည်။
ကျွမ်းယွဲ့ :"???!!!"
ဝေ့ကျွင်းဟယ်က ကျွမ်းယွဲ့၏ပါးစပ်ကို အမြန် ပိတ်လိုက်သည်။
"ဘယ်သူပြောလဲ...ယွီရှောင်က မလုပ်နိုင်ဘူးလို့...သူက အရမ်းတော်တဲ့ဟာကို..."
ကျွမ်းယွဲ့ စိတ်ရှုပ်သွားသည်။
'ဟမ်...ငါက သူ မလုပ်နိုင်ဘူးလို့ ပြောခဲ့လို့လား...သူနဲ့ ဒီအတိုင်းလေး စကားပြောရုံကို...ဘာလို့ အဲ့လို ထပြောရတာလဲ..."
"အဲ့လိုဆို ဘာလို့ ဒီလိုဖြစ်နေတာလဲ..."
ကျွမ်းယွဲ့က ဝေ့ကျွင်းဟယ်လက် ဆွဲဖယ်ကာ သူ့စကားကို ဆက်ပြောလိုက်သည်။
"အဲ့လိုမဟုတ်ရင် မင်း တကယ် မလုပ်နိုင်...မလုပ်နိုင်..."
ဝေ့ကျွင်းဟယ် :"..."
ကျွမ်းယွဲ့က သဘောမပေါက်ဘူးလား...
ဝေ့ကျွင်းဟယ် :"ယွီရှောင်က ချစ်ပြီး လေးစားလို့ပဲ...လေးစားလို့..."
“ဒါပေမဲ့…”
ဝေ့ကျွင်းဟယ်က ကျိယွီရှောင်ကို ကြည့်လိုက်သည်။
“မရီးနဲ့ လင်မယားအရာမြောက်ဖို့ကို မင်းခြေထောက်တွေ ကောင်းတဲ့အထိ စောင့်နေတာလား..."
ကျိယွီရှောင် :"..."
"မင်း စကားများလွန်းတယ်..."
"ငါ ပြောမယ်...တကယ်လို့...တကယ်လို့ပေါ့ မင်းက ငါးနှစ်ကြာတာတောင် မကောင်းရင် ဒီအတိုင်းပဲ ငါးနှစ်ကြာအောင် မာရသွန်ပြေးနေမှာလား..."
ကျိယွီရှောင် ထိုသို့တွေးမိခဲ့သော်လည်း ယခု ကြားလိုက်ရသောအခါ ပိုစိတ်ရှုပ်သွားပြီဖြစ်သည်။
လင်းလော့ချင်းက ရိုက်ကူးရေးလုပ်ရန် အပြင်ထွက်လေ့ရှိပြီး လင်းလော့ချင်း အောင်မြင်လာသောအခါ သူတင်မက လင်းလော့ချင်းကို စိတ်၀င်စားသည့်လူ များစွာ ရှိလာနိုင်ပေသည်။
လင်းလော့ချင်းက အလွန်ကောင်းမွန်ပြီး နှစ်လိုဖွယ်ကောင်းကာ အကျင့်စရိုက်လည်း ကောင်းမွန်သောကြောင့် မအောင်မြင်လျှင်ပင် သူ့ကို သဘောကျသည့်လူ များစွာ ရှိလာနိုင်ပေသည်။
လင်းလော့ချင်းက သူနဲ့ တစ်ဘ၀လုံး အတူတူ ကုန်ဆုံးချင်ရဲ့လား...
နောင်တရလာရင် ဘယ်လိုလုပ်မလဲ...
သူတို့ လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ပြီးမှ လင်းလော့ချင်း နောင်တရလာရင် အခြေအနေ ပိုဆိုးသွားမှာလား...
သူက လင်းလော့ချင်းကို နောင်တမရစေချင်ပေ။
ယင်းက သူ့အတွက်သာမက လင်းလော့ချင်းအတွက်ပါ ဖြစ်လေသည်။
သူက မာနကြီးသောကြောင့် လင်းလော့ချင်း နောင်တရသောအခါ သူက အဓိကရင်းမြစ်မဖြစ်ချင်ပေ။
ထို့နောက် လင်းလော့ချင်းက အခြားလူများနှင့် တွေ့ဆုံရန် အချိန်ပေးချင်ပြီး လင်းလော့ချင်းက သူ့ကို တကယ်ချစ်မချစ် သေချာစေချင်လေသည်။
အဲ့လို ဖြစ်သင့်ပေမဲ့...
ကျိယွီရှောင်က ကသိကအောက် ဖြစ်နေလေသည်။ သူ့တွင် တစ်ကိုယ်ကောင်းဆန်စိတ်ရှိပြီး လင်းလော့ချင်းက အခြားလူများကို သဘောကျသွားသည်ဟု တွေးလိုက်လျှင်ပင် ဒေါသထွက်လာလေသည်။
နောက်ဆုံး ခွဲခြမ်းစိတ်ဖြာမှုအရ သူတို့အိမ်ထောင်ရေးက လျှို့ဝှက်ထားသည့် ရည်ရွယ်ချက် များစွာ ရှိလေသည်။
အိမ်ထောင်ကျပြီးစတွင် ဘာမှ မခံစားခဲ့ရသော်လည်း ကြာလာသောအခါ ၀န်လေးမှုနှင့် ချစ်မြတ်နိုးများ ရှိလာလေသည်။ သို့သော် သူက လင်းလော့ချင်းကို သူကဲ့သို့ ခံစားပေးရန် မတောင်းဆိုနိုင်ပေ။
ထို့အပြင် သု့အခြေအနေက ရှိသေးလေသည်။
ကျိယွီရှောင်က ခြေထောက်များကို ငုံ့ကြည့်လိုက်ပြီး ဝေ့ကျွင်းဟယ်ကို ပြောလိုက်သည်။
"ဒါပြီးရင် ဆေးရုံသွားကြရအောင်..."
"ဟုတ်ပြီ..."
ဝေ့ကျွင်းဟယ် ချက်ချင်း သဘောတူလိုက်သည်။
သူက အကြံပင် ပေးလိုက်၏။
"မရီးက မင်းကို အရမ်းကြိုက်တယ်လို့ ငါ ထင်တယ်...အများကြီး မစိုးရိမ်ပါနဲ့..."
ဂရုတစိုက် လက်ဆောင် ကူရွေးပေးနေသည့် ချွီယင်းကျယ်လည်း သဘောတူလိုက်သည်။
ကျိယွီရှောင်က ပြုံးကာ မေးလိုက်၏။
"ဘယ်သူတွေက စိုးရိမ်မှုအနည်းဆုံးလဲသိလား..."
ဝေ့ကျွင်းဟယ် :"ဘယ်သူလဲ..."
"နှလုံးသား မရှိတဲ့လူတွေ၊ တခြားလူတွေကို ဂရုမစိုက်တဲ့လူတွေ..."
ကျိယွီရှောင်က တည်ငြိမ်စွာ ပြောလိုက်သည်။
"ငါ့မှာ သူ့အတွက် ခံစားချက်နည်းနည်းရှိနေရင်တောင် စိုးရိမ်မိမှာပဲ..."
သူ့တွင် လင်းလော့ချင်းအတွက် ခံစားချက်မရှိလျှင် လက်ဆောင်၀ယ်ရန် အခြားလူများကို အကူအညီတောင်းခဲ့မည် မဟုတ်ပေ။ သူက လက်ထောက်ကို ၀ယ်ခိုင်းပြီး ဒရိုင်ဘာကို လာပို့ခိုင်းနိုင်ပေသည်။
ယင်းက သူ့ခံစားချက်များကြောင့်ဖြစ်သည်။ သူသာ ခံစားချက် မရှိလျှင် လင်းလော့ချင်း ပျော်ရဲ့လား၊ သက်တောင့်သက်သာ ရှိရဲ့လား၊ နောင်တရသွားမှာလားစသည်တို့ကို ဂရုစိုက်နေစရာ မလိုပေ။
ကျိယွီရှောင်က ဝှီးချဲလ်ကို တွန်းကာ ဆက်သွားလိုက်သည်။
လင်းလော့ချင်း အိမ်ပြန်ရောက်သောအခါ ကျိယွီရှောင်က အိမ်တွင် မရှိသောကြောင့် ကျိယွီရှောင်ထံ ဖုန်းဆက်လိုက်သည်။
"မင်း အပြင်ထွက်သွားတာလား..."
"ဟုတ်တယ်...ဆေးရုံသွားနေတာ..."
"ငါတို့ နောက်ဆုံးတစ်ခေါက်က သွားခဲ့တဲ့ဆေးရုံလား..."
လင်းလော့ချင်း အလောတကြီး ပြောလိုက်သည်။
"ငါ မင်းဆီ လာခဲ့မယ်..."
"မလိုပါဘူး..အိမ်မှာ အနားယူနေ...ငါ ခဏနေ ပြန်လာတော့မှာ..."
လင်းလော့ချင်းက စိတ်ပူသွားလေသည်။
"ဘာလို့ ရုတ်တရက် ဆေးရုံထသွားတာလဲ...မင်း အဆင်မပြေလို့လား..."
"မဟုတ်ပါဘူး...ဝေ့ကျွင်းဟယ်က အားနေလို့ ငါ့ခြေထောက် အခြေအနေကို ထပ်စစ်ဆေးလိုက်တာ..."
"ဒါဆို မင်း တခြားရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေရော စစ်ဆေးချင်လား..."
နောက်နှစ်က နီးသထက် နီးလာသော်လည်း ကျိယွီရှောင် သေဆုံးသွားရသည့်အကြောင်းရင်းကို သူ မသိရသေးပေ။
"မင်း အဲ့ဒါလည်း စစ်ဆေးလိုက်နော်...အဲ့ဒါမှ ငါ စိတ်အေးမှာ..."
ကျိယွီရှောင် မငြင်းဆန်ခဲ့ပေ။
"ကောင်းပြီ...ငါ စစ်ဆေးလိုက်မယ်..."
"ကောင်းတယ်..."
လင်းလော့ချင်း စိတ်သက်သာရာ ရသွားသည်။
"ဒါဆို စောစောပြန်လာနော်..."
"အင်း..."
ကျိယွီရှောင် ဖုန်းချပြီးနောက် တောက်ပနေသည့် ကုန်တိုက်ကို ကြည့်လိုက်ကာ လင်းလော့ချင်းအတွက် ခရစ်စမတ်လက်ဆောင်ကို ဆက်လက် ရှာဖွေခဲ့သည်။
စတုတ္ထမြောက်အထပ်သို့ ရောက်သောအခါ သူ လည်ဆွဲတစ်ကုံးကို တွေ့လိုက်ရလေသည်။
ကြိုးက သာမန် ပလက်တီနမ်ကြိုးသာ ဖြစ်သော်လည်း ဆွဲသီးက လှပလေသည်။ ဥဿဖရားဖြင့် ပြုလုပ်ထားသည့် လက ကြည်လင်ကာ ဖောက်ထွင်းမြင်နိုင်ပြီး နှင်းဆီ အကိုင်းအခက်များက လကို ရစ်ပတ်ထားကာ လ၏အစွန်းတွင် နှင်းဆီဖြူတစ်ပွင့် ပွင့်နေလေသည်။ ယင်းကို လကို နမ်းရှိုက်နေခြင်း သို့မဟုတ် ပွေ့ဖက်နေခြင်းနှင့် ဆင်တူပြီး သန့်ရှင်းစင်ကြယ်၏။
ကျိယွီရှောင်က ယင်းကို မြင်သောအခါ လင်းလော့ချင်းကို တွေးမိသွားလေသည်။ လင်းလော့ချင်းကအမြဲ နူးညံ့ပြီး တောက်ပပေသည်။ သို့သော် မျက်စိကျိန်းလောက်အောင် တောက်ပခြင်းမျိုး မဟုတ်ပေ။ လရောင်ကဲ့သို့ နူးညံ့စွာ တောက်ပခြင်းသာ ဖြစ်လေသည်။
သူက လင်းလော့ချင်းကို ပွေ့ဖက်ကာ နမ်းရှိုက်ချင်သော်လည်း သူ့ဆူးများက လင်းလော့ချင်းအား ထိခိုက်သွားမည်ကို ကြောက်ရွံ့မိလေသည်။
သူ့တွင် စိုးရိမ်စရာများရှိသည်။ သူ့ခြေထောက် ဒဏ်ရာက သူ့ရင်ထဲမှ ဆူးပင်ဖြစ်ပြီး နီးကပ်လာလျှင် သူ့၏မပြည့်စုံမှုများကို မြင်လာရလေလေဖြစ်သည်။ ယင်းက လင်းလော့ချင်း၏ ဆူးများ မဟုတ်ပေ။ သူ့နှလုံးသားထဲမှ ဆူးများဖြစ်လေသည်။
လင်းလော့ချင်းက ယင်းကို ဂရုမစိုက်သော်လည်း သူက ဂရုစိုက်ပေသည်။
ကျိယွီရှောင်က ၀န်ထမ်းကို လည်ဆွဲအား ထုတ်ခိုင်းလိုက်ပြီး လည်စည်း၊ လက်အိတ်နှင့် ဆောင်းရာသီအတွက် ဦးထုပ်ဝယ်ပြီးနောက် ကုန်တိုက်မှ ထွက်လာခဲ့သည်။
ဝေ့ကျွင်းဟယ်က သူ့အထုပ်အပိုးများကို ကူသယ်ပေးပြီး သူ့ကို ကားထဲ ၀င်ရန် ကူညီပေးကာ ဆေးရုံသို့ မသွားမီ နေ့လည်စာ အတူစားလိုက်ကြ၏။