အပိုင်း ၁၃၀
Viewers 35k

Chapter 130




ခရစ်စမတ်သည် ကလေးများအတွက် အလွန် ပျော်ရွှင်စရာကောင်းသော အားလပ်ရက်ဖြစ်လေသည်။ ခရစ်စမတ်ပင်မကချေ။ အားလပ် ရက်တိုင်းက ပျော်ရွှင်စရာနေ့များဖြစ်သည်။အဘယ်ကြောင့်ဆိုသော် အားလပ်ရက်များတွင် ကလေးများက လက်ဆောင်များရကြ၊ အပြင်ထွက် ကစားကြရ၊ အပြင်ထွက် စားကြရလေသည်။


သို့သော် ထိုအထဲတွင် ချွင်းချက်များရှိလေသည်။ ဥပမာ လင်းဖေးဖြစ်ပြီး သူ့တွင် အားလပ်ရက်များနှင့် ပတ်သတ်၍ စိတ်အားထက်သန်မှု အနည်းငယ်သာ ရှိလေသည်။


သူက အားလပ်ရက်များ၏ဓလေ့ထုံးစံများကို သိသော်လည်း ၎င်းတို့‌အပေါ် စိတ်၀င်စားမှု မရှိ‌ခဲ့ပေ။


သို့သော် ကျိလဲ့ယွီက မတူပေ။ သူက ပြတင်းပေါက်အပြင်ကို ကြည့်လိုက်သောအခါ ယခင်ခရစ်စမတ်ကို သတိရသွားလေသည်။


ထိုအချိန်က သူ့မိဘများနှင့် အပြင်ထွက် ကစားခဲ့ပြီး အိမ်ပြန်ရောက်သောအခါ လက်ဆောင်ပုံကြီးကို တွေ့ခဲ့ရလေသည်။


"ကိုကို ပါပါးနဲ့ဒယ်ဒီတွေ သားတို့အတွက် လက်ဆောင်တွေ ပြင်နေလောက်လား..."


"ဘာလို့ လက်ဆောင်ပြင်ရမှာလဲ..."


"ဘာလို့ဆို ခရစ်စမတ် အားလပ်ရက်လေ...ကိုကို ခရစ်စမတ်လက်ဆောင်မရဖူးဘူးလား..."


လင်းဖေး ခေါင်းခါလိုက်သည်။


လင်းလော့ရှီးက အလွန်အလုပ်များပြီး ခရစ်စမတ်က သူ့အတွက် အားလပ်ရက် မဟုတ်ခဲ့ပေ။ 


သူ့မွေးနေ့မဟုတ်သောကြောင့် ဟင်းအနည်းငယ်သာ ပိုချက်၍ အားလပ်ရက်ကို ဖြတ်သန်းကြလေသည်။ သူ့အတွက်မူ ခရစ်စမတ်က အခြားနေ့များနှင့် မကွာခြားပေ။


"ဒါဆို ကိုကို နှစ်သစ်ကူးလက်ဆောင်ရော ရလား..."


လင်းဖေး ခေါင်းထပ်ခါလိုက်သည်။


"နွေဦးပွဲတော်ရော..."


"စာအိတ်နီတွေ ရတယ်..."


"ကလေးများနေ့ရော..."


"ဒီအတိုင်းပဲ..."


"ကိုကို့မွေးနေ့ရော..."


"အဲ့လိုပဲ..."


ကျိလဲ့ယွီ :"..."


"သားမိဘတွေက ခရစ်စမတ်နဲ့‌နှစ်သစ်ကူးနေ့တိုင်း လက်ဆောင်တွေ ပေးတယ်..."


သို့သော် ဤနှစ်ခရစ်စမတ်က ကျိယွီရှောင်၊ လင်းလော့ချင်းတို့နှင့် ပထမဆုံးဖြတ်သန်းခြင်းဖြစ်ပြီး လက်ဆောင်ရမရ မသေချာပေ။


"ကိုကို့အမေက ပါးပါးအစ်မမလား...ကိုကို့အမေက မပေးရင် ပါးပါးက ကိုကို့ကို ခရစ်စမတ်လက်ဆောင် မပေးဘူးလား..."


လင်းဖေး ခေါင်းငြိမ့်လိုက်သည်။ လင်းလော့ချင်းက သူ့ကို ခရစ်စမတ်လက်ဆောင် ဘယ်သောအခါမှ မပေးခဲ့ပေ။


ကျိလဲ့ယွီ :"..."


လင်းလော့ချင်းက သူ့ကို လက်ဆောင်ပေးလိမ့်မည်ဟု မျှော်လင့်ထားသော်လည်း ယခုအခါမျှော်လင့်၍ မရတော့ပေ။


သူ သက်ပြင်းချလိုက်ပြီး သူ့ကိုယ်သူ နှစ်သိမ့်ပေးလိုက်သည်။


"လက်ဆောင်က အရေးမကြီးပါဘူး...အမေတိုင်းက မတူဘူးလေ...ကိုကို့အမေက ကို့ကိုကို ခရစ်စမတ်လက်ဆောင် မပေးသလို တခြားအမေတွေကလည်း အဲ့လိုပေးချင်မှပေးမှာ...လက်ဆောင်မရလည်း ဘာမှမဖြစ်ပါဘူး..."


လင်းဖေး ခေါင်းငြိမ့်လိုက်သည်။


သူက ကျိလဲ့ယွီမျက်မှောင်ကြုတ်နေသည်ကို မြင်သောအခါ မေးလိုက်၏။


"မင်း လက်ဆောင်လိုချင်လို့လား..."


ကျိလဲ့ယွီက ဘယ်လို ပြန်ဖြေရမလဲ မသိပေ။


သူက လက်ဆောင်လိုချင်တယ်...ဒါပေမဲ့ လင်းဖေးက လက်ဆောင် ဘယ်တော့မှ ရခဲ့တာ မဟုတ်ဘူး...မလိုချင်ဘူးလို့လည်း လိမ်မပြောချင်ပြန်ဘူး...


သူက စားပွဲပေါ်သာ မှောက်အိပ်နေလိုက်လေသည်။


လင်းဖေးက ကျိလဲ့ယွီကို ကြည့်လိုက်သည်။


ညရောက်လို့ လင်းလော့ချင်းက ကျိလဲ့ယွီကို လက်ဆောင်‌မပေးရင် သူက လင်းလော့ချင်း ပေးတယ်ပြောပြီး ပေးရမှာပဲ...


သူက ခရစ်စမတ်ကို ဂရုမစိုက်ဘူး...ဒီလိုနေရတာ ကြိုက်တယ်...လက်ဆောင်မပေးလည်း သူ့အမေသူ့ကို ချစ်တာကို သူသိတယ်...


ကလေးတွေရဲ့ အတွေးက မတူသလို လူကြီးတွေရဲ့အ‌တွေးကလည်း မတူဘူး...တချို့လူကြီးတွေက လက်ဆောင်ပေးတယ်...တချို့လူကြီးတွေကျ မ‌ပေးဘူး...


လင်းလော့ချင်းက သူ့အမေရဲ့မောင်လေး...သူ့အမေနဲ့ အတွေးတူလောက်တယ်...လင်းလော့ချင်းက ကျိလဲ့ယွီအတွက် လက်ဆောင်၀ယ်ပေးမှာကို မျှော်နေလို့ မရဘူး...လင်းလော့ချင်းကို အဲ့ဒီအတွက်လည်း ဒုက္ခမပေးချင်ဘူး...


ဒါပေမဲ့ ကျိလဲ့ယွီက လက်ဆောင်အမြဲ ရနေတော့ လက်ဆောင်လိုချင်နေတယ်...သူက လင်းလော့ချင်းအစား လက်ဆောင်ပေးလိုက်တာက လင်းလော့ချင်းကိုလည်း စိတ်အနှောက့်အယှက် မဖြစ်စေဘူး...ကျိလဲ့ယွီလည်း ပျော်မယ်...အားလုံးအတွက် အကောင်းဆုံးပဲ...


လင်းဖေးက ကျိလဲ့ယွီခေါင်းကို ပုတ်ကာ ချော့လိုက်သည်။


"မင်းက လိမ္မာတဲ့ဟာ...လက်ဆောင်ရမှာပေါ့..."


ကျိလဲ့ယွီက သံသယဖြစ်စွာ မေးလိုက်သည်။


"တကယ်လား..."


"ဟုတ်တယ်...ညရောက်ရင် လက်ဆောင်ရမှာပေါ့..."


"သား အဲ့လောက်လည်း လက်ဆောင်မလိုချင်ပါဘူး...လက်ဆောင်မရရင်လည်း ၀မ်းနည်းနေမှာ မဟုတ်ဘူး..."


လင်းဖေးက ကျိလဲ့ယွီခေါင်းကို ထပ်ထိပေးလိုက်သည်။


ကျောင်းဆင်းပြီးနောက် ကျိလဲ့ယွီက လင်းဖေးကို တိုးတိုးပြောလိုက်သည်။


"သားတွေးကြည့်တာ...သားလက်ဆောင် ရပြီးပြီပဲ..."


လင်းဖေး :"???"


"ပါးပါးက မ‌နေ့က ပြန်လာတာမလား...အဲ့ဒါကလည်း လက်ဆောင်တစ်ခုမို့ သားလက်ဆောင် ရပြီးပြီပဲ..."


ကျိလဲ့ယွီက သူ့ကိုယ်သူ နှစ်သိမ့်ခဲ့ကြောင်း သိသာလေသည်။


လင်းဖေးက စားပွဲပေါ် မှောက်အိပ်နေသည့် ကျိလဲ့ယွီကို ကြည့်ကာ ပြုံးလိုက်သည်။


ကလေးဆန်လိုက်တာ...


ထားလိုက်ပါတော့...သူက ကလေးပဲဟာ...


လင်းဖေးက ခေါင်းငြိမ့်လိုက်ပြီး ကျောပိုးအိတ်လွယ်ကာ ကျိလဲ့ယွီနှင့်အတူ အတန်းထဲမှ ထွက်လာလိုက်သည်။


အပြင်‌တွင် စောင့်နေသည့် လင်းလော့ချင်းက ကလေးနှစ်ယောက်ကို လက်ဝှေ့ယမ်းပြလိုက်လေသည်။


ကျိလဲ့ယွီက ချက်ချင်းဆိုသလို လင်းလော့ချင်းဆီသို့ ပြေးသွားရာ ကျိလဲ့ယွီ ဆုပ်ကိုင်ထားသည့်လက်ပိုင်ရှင်ဖြစ်သူ လင်းဖေးကလည်း လင်းလော့ချင်းဆီသို့ အပြေးအလွှားပါသွားလေသည်။


"ပါးပါး..."


ကျိလဲ့ယွီက အလွန်ပျော်ရွှင်တက်ကြွနေ၏။


လင်းလော့ချင်းက ကျိလဲ့ယွီမျက်နှာကို ညှစ်လိုက်သည်။


"ကားထဲ၀င်..."


လင်းလော့ချင်းက ကလေးနှစ်ယောက်ကို ကားပေါ် ဦးစွာ တက်ခိုင်းလိုက်ပြီး ကျိလဲ့ယွီဘေးတွင် ၀င်ထိုင်လိုက်သည်။


ကျိလဲ့ယွီက ခေါင်းကို ငဲ့စောင်းကာ မေးလိုက်သည်။


"ပါးပါး ဘယ်တုန်းက ရောက်တာလဲ..."


"အခုလေးတင်ပဲ ရောက်တာ..."


ဤကား အမှန်တရားပင်ဖြစ်သည်။ လင်းလော့ချင်းက နေ့လည်တစ်ရေးတစ်မော အိပ်၍ ထလာသောအခါ လင်းဖေးနှင့်ကျိလဲ့ယွီ၏ကျောင်းဆင်းချိန် ရောက်လုနီးပြီဖြစ်သည်။


လင်းလော့ချင်း နိုးလာပြီးနောက် အိပ်ရာပေါ်တွင် ငူငိုင်ငိုင်ထိုင်နေစဉ် ကျိယွီရှောင်က အခန်းထဲ ၀င်လာလေသည်။


"နိုးပြီလား..."


လင်းလော့ချင်း ခေါင်းငြိမ့်လိုက်၏။


"အင်း...မင်း ဘယ်အချိန်က ပြန်လာတာလဲ..."


ကျိယွီရှောင် ပြန်ရောက်သည်မှာ မကြာသေးပေ။


အခန်းထဲ ရောက်ရောက်ချင်း လင်းလော့ချင်း

အိပ်ပျော်နေသည်ကို မြင်သောအခါ သူ လင်းလော့ချင်းကို မနှောင့်ယှက်တော့ပေ။ သူက လင်းလော့ချင်းမျက်နှာကို တစ်ခဏခန့် ကြည့်ပြီးနောက် စာဖတ်ခန်းသို့ သွားလိုက်လေသည်။


ယခု လင်းဖေးနှင့်ကျိလဲ့ယွီ၏ကျောင်းဆင်းချိန် နီးနေပြီဖြစ်၍ သူက လင်းလော့ချင်းနိုးနေပြီလားဟု ပြန်လာကြည့်ခြင်းဖြစ်သည်။


"ပြန်ရောက်တာ နည်းနည်းတော့ ကြာပြီ..."


လင်းလော့ချင်း နောက်ဆုံးတွင် လုံး၀သတိပြန်၀င်လာလေသည်။ သူက အိပ်ရာပေါ်မှထကာ ကျိယွီရှောင်ကို ဂရုတစိုက် စစ်ဆေးလိုက်သည်။


"ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုရော ဘယ်လိုလဲ...အဆင်ပြေရဲ့လား...စစ်ဆေးချက်က ဘယ်မှာလဲ..."


"စာဖတ်ခန်းထဲမှာ...နောက်မှ မင်းကို ပြမယ်...


စိတ်မပူပါနဲ့...ဘာမှ မဖြစ်ပါဘူး..."


ကျိယွီရှောင်က သူ့ကို စစ်ဆေးချက်အား ပြရန် ဆန္ဒရှိခြင်းက အားလုံးအဆင်ပြေနေ၍သာဖြစ်လေသည်။


လင်းလော့ချင်း စိတ်သက်သာရာ ရသွားသည်။


သူက လင်းဖေးနှင့် ကျိလဲ့ယွီ၏ ဆက်ဆံရေး၊ သူနှင့်ကျိလဲ့ယွီ၏ ဆက်ဆံရေးကို ပြုပြင်နိုင်‌သောကြောင့် ကျိယွီရှောင်၏ကံကြမ္မာကိုလည်း ပြုပြင်နိုင်မည်ဟု ယုံကြည်လေသည်။


ထိုသို့တွေးပြီးနောက် သူ ကျိယွီရှောင်ကို ခါးကိုင်းကာ ပွေ့ဖက်လိုက်သည်။ 


"မင်း အဆင်ပြေနေ‌သရွေ့ အဆင်ပြေပါတယ်..."


ကျိယွီရှောင်လည်း လင်းလော့ချင်းခါးကို ပွေ့ဖက်လိုက်၏။


"ဘာမှ မဖြစ်ပါဘူး...စိတ်မပူနဲ့..."


"တကယ်လား..."


သူ ကျိယွီရှောင်ကို စိုက်ကြည့်လိုက်သည်။


"မင်း ကိုယ့်ကိုကိုယ် ဂရုစိုက်မယ်‌လို့ ငါ့ကို ကတိပေး..."


"ကတိပေးတယ်..."


သူက လင်းလော့ချင်းနားရွက်ကို ဆွဲလိုက်ပြီး ပြုံးကာ ပြောလိုက်သည်။


"လော့ကျား ရောက်နေပြီ..."


"‌ဒါဆို ငါသွားပြီ...ဖေးဖေးနဲ့ ရှောင်ယွီကို သွားကြိုလိုက်ဦးမယ်..."


"မြန်မြန် ပြန်လာခဲ့..."


သူ ခေါင်းငုံ့ပြီး ဝှီးချဲလ်ကို လှည့်လိုက်စဉ်ညာဘက်ပါး‌ထက်တွင် ရေပေါ်နား‌လိုက်သော ပုစဉ်းကဲ့သို့ နူးညံ့သော အထိအတွေ့ကို ခံစားလိုက်ရလေသည်။ သူ ခေါင်းမော့ကြည့်လိုက်သောအခါ လင်းလော့ချင်း၏မျက်လုံးထဲမှ တောက်ပသော အလင်းရောင်များကို တွေ့လိုက်ရလေသည်။


"ဒါဆို ငါသွားပြီ..."


လင်းလော့ချင်းက အခန်းထဲမှ အမြန်ပြေးထွက်သွားလိုက်သည်။


ကျိယွီရှောင်၏နှလုံးသားက အထိန်းအကွပ်မဲ့စွာ ခုန်ပေါက်နေခဲ့၏။


ကျိလဲ့ယွီက လင်းလော့ချင်း ရုတ်တရက် ပြုံးနေသည်ကို မြင်သောအခါ စိတ်ရှုပ်ထွေးစွာ မေးလိုက်၏။


"ပါးပါး ဘာတွေတွေးနေတာလဲ..."


"သားဒယ်ဒီအကြောင်း တွေးနေတာလေ..."


လင်းလော့ချင်း၏ပါးစပ်က ဦးနှောက်ထက် ပိုမြန်လေသည်။


ကျိလဲ့ယွီက အလွန်အကျူး အံ့ဩသွားဟန် ဆောင်လိုက်၏။


"ဝိုးးးပါးပါး ဖြည်းဖြည်း‌‌တွေး...အများကြီး တွေး..."


ထို့နောက် သူက လက်ဖြင့် ပါးစပ်ကို အုပ်ထားလိုက်သည်။


"သား ပါးပါးကို အနှောင့်အယှက် ပေးမိမှာစိုးလို့ တိတ်တိတ်နေပေးမယ်နော်..."


လင်းလော့ချင်း :"..."


လင်းလော့ချင်းက ရယ်ရမည်လား ငိုရမည်လား မသိတော့ချေ။ သူက ကျိလဲ့ယွီ၏မျက်နှာလေးကို ညှစ်လိုက်သည်။


"သားက တစ္ဆေလေးပဲ..."


ကျိလဲ့ယွီက လိမ္မာရေးခြားရှိစွာ ပြုံးလိုက်သည်။


ခရစ်စမတ်အခါတော်ဖြစ်ပြီး လင်းလော့ချင်းလည်း ပြန်ရောက်နေသောကြောင့် အန်တီကျန်းက ခါတိုင်းထက် ဟင်းများစွာ ပိုချက်ထားလေသည်။ ညစာစားပြီးနောက် လင်းလော့ချင်းက ကလေးများကို သူ ၀ယ်ခဲ့သည့်ကိတ်မုန့်အား အချိုပွဲအဖြစ် ပေးလိုက်သည်။


လင်းဖေးနှင့်ကျိလဲ့ယွီက ပျော်ရွှင်နေကြပြီး အိမ်စာလုပ်ရန်အချိန်ပင် အနည်းငယ် နောက်ကျသွားလေသည်။


လင်းလော့ချင်းက ဆန်တာကလော့စ်ကဲ့သို့ လက်ဆောင်ပေးရန် ပြင်ဆင်ခဲ့သည်။ သူက လက်ဆောင်များကို ခရစ်စမတ်‌ခြေအိတ်ကြီးထဲ ထည့်ထားပြီး ကလေးများကို နိုးလာလျှင် အံ့ဩသွားစေချင်သောကြောင့် ဘာမှ ကြိုမပြောထားခဲ့ပေ။


ကျိလဲ့ယွီ၏နှလုံးသားထဲတွင် မျှော်လင့်ချက်အနည်းငယ်ရှိသော်လည်း လင်းလော့ချင်း၏နှုတ်ဆက်စကားကို ကြားလိုက်ရသောအခါ မျှော်လင့်ချက်များက လုံး၀ငြိမ်းသက်သွားလေသည်။


သူ့ကိုယ်သူ နှစ်သိမ့်ထားပြီးဖြစ်သည့်အတွက် အလွန် ၀မ်းနည်းမသွားပေ။ သူက လင်းလော့ချင်းကို လက်ဝှေ့ယမ်းကာ ‌နှုတ်ဆက်လိုက်သည်။


"Goodnight ပါးပါး..."


"Goodnightပါ..."


လင်းလော့ချင်းက မီးပိတ်လိုက်ပြီး အခန်းထဲမှ ထွက်သွားလေသည်။


လင်းဖေးက သူ့အခန်းထဲတွင် ထိုင်နေပြီး လင်းလော့ချင်းက သူ့ကို နှုတ်ဆက်စကားသာ ပြောသွားသောကြောင့် ကျိလဲ့ယွီအတွက် လက်ဆောင်၀ယ်မထားကြောင်း မှန်းဆမိလိုက်သည်။ မဟုတ်လျှင် ကျိလဲ့ယွီအတွက် ၀ယ်လျှင် သူ့အတွက်ပါ ၀ယ်မည်ဖြစ်လေသည်။


ခြေသံများ ဝေးကွာသွားပြီးနောက် တံခါးဖွင့် ကြည့်လိုက်သောအခါ လင်းလော့ချင်းက သူ့အခန်းထဲသို့ ပြန်သွားသည်ကို တွေးလိုက်ရသည်။


"ငါ ထင်ထားတဲ့အတိုင်းပဲ...'


ထို့နောက် သူက တံခါးကို ပြန်ပိတ်လိုက်ပြီး စာအုပ်စင်ဆီသို့ လျှောက်သွားလိုက်သည်။


အိမ်ပြောင်းလာပြီးနောက် လင်းလော့ချင်းက သူ့ကို ကစားစရာများနှင့် လက်ဆောင်များစွာ ပေးခဲ့သော်လည်း သူက တစ်ချက်သာကြည့်၍ အံဆွဲထဲ ထည့်ထားခဲ့လေသည်။ ထိပင်မထိရသေးသောကြောင့် အသစ်အတိုင်းဖြစ်ပြီး ကျိလဲ့ယွီကို ပေးရန် သင့်တော်လေသည်။


လင်းဖေးက အလွန်စဉ်းစားရ ကြပ်နေလေသည်။ 


သူက သေတ္တာငယ်လေးထဲမှ ကျားငယ်လေးကို ကြည့်လိုက်သည်။ ယင်းကို လင်းလော့ချင်းက သူ့အတွက် ရည်ရွယ်ကာ ပေးထားခြင်းဖြစ်သည့်အတွက် အခြားလူအားပေးရန် ၀န်လေးနေပေသည်။


အိမ်နားတွင် စတိုးဆိုင်တစ်ဆိုင်ရှိလျှင် ပြေး၀ယ်၍ ရသော်လည်း စတိုးဆိုင်က မရှိပေ။ 


ကျိလဲ့ယွီ သူ့ကို ပြောပြသည့်အချိန်က ညနေရောက်နေပြီဖြစ်လေသည်။ ထို့ကြောင့်တစ်ယောက်တည်း တစ်ခုခုသွား၀ယ်ရန် အချိန်မရှိပေ။ သူ့တွင် အရုပ်များ၊ အဆင်တန်ဆာများ များစွာ ရှိပြီး လက်ဆောင်ပေးရန် ခက်ခဲလိမ့်မည်ဟု မထင်ခဲ့ပေ။


သို့သော် တကယ့်တကယ်ပေးသောအခါ ၎င်းတို့ကို လင်းလော့ချင်း ပေးထားခြင်းဖြစ်သည့်အတွက် ရွေးချယ်ရန် ခက်ခဲနေ၏။


အချိန်အတော်ကြာ ‌ရွေးချယ်ပြီးနောက် နောက်ဆုံးတွင် သင့်တော်သည့် လက်ဆောင်ကို ရှာတွေ့ခဲ့လေသည်။ 


ယင်းက သလင်းဘောလုံးလေးဖြစ်သည်။ သလင်းဘောလုံးအတွင်းတွင် သစ်လုံးအိမ်လေးတစ်လုံးရှိပြီး နှင်းများကျဆင်းနေကာ ကြောင်ကလေးက ခေါင်မိုးပေါ်တွင် ထိုင်နေလေသည်။


သလင်းဘောလုံးကို လှည့်လိုက်သော ဂီတသံက ထွက်လာပြီး ကြောင်ကလေးကလည်း နှင်းများ ပေါ်တွင် ခုန်ပေါက်နေလေသည်။


သူတို့အိမ်က သစ်လုံးအိမ် မဟုတ်သော်လည်း သူနှင့်ကျိလဲ့ယွီက အိမ်တစ်အိမ်တည်းတွင် နေနေခြင်းဖြစ်သည်။ သူတို့အိမ်တွင် ကြောင်မရှိသော်လည်း ကျိလဲ့ယွီက ရံဖန်ရံခါတွင် ကြောင်လေးတစ်ကောင်နှင့် တူလေသည်။


လင်းဖေးက လက်ထဲမှ သလင်းဘောလုံးကို ကြည့်ကာ တုံ့ဆိုင်းနေသော်လည်း သူ့ကိုယ်သူ ဖြောင်းဖြလိုက်သည်။


ရပါတယ်...ဒါက လက်ဆောင်သေးလေးပါပဲ...ဒါပေးလိုက်ရင် ကျိလဲ့ယွီလည်း ပျော်မယ်...လင်းလော့ချင်းလည်း အဆင်ပြေမယ်...လင်းလော့ချင်းလည်း ကျိလဲ့ယွီအတွက် လက်ဆောင်ထပ်၀ယ်ဖို့ မလိုတော့ဘူးပေါ့...နှစ်ဦးနှစ်ဖက် အဆင်ပြေတယ်...


ထို့နောက် သူက သလင်းဘောလုံးကို သေတ္တာဘူးထဲသို့ ထည့်လိုက်ပြီး ကျိလဲ့ယွီ၏အခန်းသို့ သွားလိုက်သည်။


ကျိလဲ့ယွီက မအိပ်သေးပေ။ သူက အိပ်ရာပေါ်တွင် လဲကာ ဂိမ်းကစားနေလေသည်။


လင်းဖေးက အခန်းတံခါးကို ဖွင့်လိုက်ပြီး အခန်းမီးကို ဖွင့်လိုက်သည်။


ကျိလဲ့ယွီက တံခါး၀သို့ ကြည့်လိုက်သောအခါ လင်းဖေးကို တွေ့လိုက်ရလေသည်။


"ဘာလို့ ဒီရောက်နေတာလဲ...သားနဲ့ လာအိပ်တာလား..."


လင်းဖေးက အိပ်ရာဆီသို့ လျှောက်သွားပြီး မေးလိုက်သည်။


"မုန့်စားချင်လား..."


ကျိလဲ့ယွီက နှုတ်ခမ်းစူလိုက်သော်လည်း နောက်ဆုံးတွင် သွေးဆောင်မှုကို တောင့်မခံနိုင်စွာ ခေါင်းငြိမ့်လိုက်သည်။


လင်းဖေး လက်မြှောက်လိုက်သည်။


"ငါတို့ ကျောက်တုံး၊ ကတ်ကြေး၊ စက္ကူကစားမယ်...ရှုံးတဲ့လူ သွားယူ..."


"ကိုကို သွားယူလို့ မရဘူးလား..."


ကျိလဲ့ယွီက ထထိုင်ကာ မေးလိုက်သည်။


"ကိုကိုက အကြီးပဲလေ..."


ပုံမှန်ဆိုလျှင် သူက မုန့်များကို တစ်ခါတည်း ယူလာမည်ဖြစ်သော်လည်း ယခုမူ မုန့်စားရန်က အဓိကရည်ရွယ်ချက် မဟုတ်ပေ။


"မြန်မြန်လုပ်..."


ကျိလဲ့ယွီက နာခံစွာ ကစားလိုက်သည်။


သုံးပွဲတွင် လင်းဖေးက နှစ်ပွဲနိုင်ပြီး အလွယ်တကူ အနိုင်ရသွားလေသည်။


ကျိလဲ့ယွီက လင်းဖေးကို မကျေနပ်စွာ ကြည့်လိုက်သည်။


လင်းဖေးက ကျိလဲ့ယွီခေါင်းကို ထိလိုက်၏။


"ဒီည မင်းနဲ့အတူတူ အိပ်မယ်လေ..."


"စောင့်နေ..."


ကျိလဲ့ယွီက ဖိနပ်ပါးစီးကာ အခန်းထဲမှ ပြေးထွက်သွားလေသည်။


လင်းဖေးက ကျိလဲ့ယွီ ဓာတ်လှေကားစီးသွားသည်ကို မြင်သောအခါ သူ့အခန်းထဲမှ သလင်းဘောလုံးကို သွားယူလိုက်ပြီး အခြားတစ်ခုကိုလည်း ယူလိုက်ကာ သေတ္တာဘူးနှစ်ဘူးကို ကျိလဲ့ယွီ၏စားပွဲပေါ်တွင် တင်လိုက်သည်။


ကျိလဲ့ယွီက မုန့်များပိုက်၍ အမြန်ပြန်လာသောပြီး လင်းဖေးကို မုန့်များအား ပြလိုက်သည်။


"ကိုကို ဘာစားချင်လဲ..."


လင်းဖေးက ဘယ်ရီမိုချီးပေါင်မုန့်ကို ယူလိုက်ပြီး စားပွဲကို

ညွှန်ပြလိုက်သည်။


"ရှုရှုရောက်လာတယ်..."


ကျိလဲ့ယွီ သံသယစိတ်ဖြင့် ကြည့်လိုက်သောအခါ စားပွဲပေါ်မှ လက်ဆောင်နှစ်ခုကို တွေ့လိုက်ရလေသည်။


လင်းဖေးက စားပွဲဆီသို့ လျှောက်သွားလိုက်သည်။


"တစ်ခုက ငါ့ဟာ...တစ်ခုက မင်းဟာ..."


ထို့နောက် သူရွေးချယ်ထားသည့် သလင်းဘောလုံး‌ပါသော သေတ္တာဘူးလေးကို ကျိလဲ့ယွီအား ပေးလိုက်သည်။


"Merry Christmasပါ..."