အပိုင်း ၁၃၁
Viewers 35k

Chapter 131



ကျိလဲ့ယွီက သေတ္တာဘူးလေးကို ၀မ်းသာအားရ ဖွင့်လိုက်ပြီး အထဲမှ သလင်းဘောလုံးကိုထုတ်လိုက်သည်။


သလင်းဘောလုံးက အလွန်ကြည်လင်လေသည်။ နှင်းများက မြေပြင်ပေါ် ကျဆင်းနေပြီး သစ်လုံးအိမ်အမိုးပေါ်တွင် ကြောင်လေးတစ်ကောင်လည်း ရှိလေသည်။ သူက သလင်းဘောလုံးကို လှည့်လိုက်သောအခါ သစ်လုံးအိမ်လေးက မီးလင်းလာပြီး ကြောင်ကလေးကလည်း နှင်းများပေါ် ခုန်ပေါက်နေ၏။ 


နှင်းများကျဆင်းနေသော်လည်း အခန်းက နွေးထွေးပုံပေါ်လေသည်။


သူ့အိမ်လေးလိုပဲ...


ကျိလဲ့ယွီ အလွန်ပျော်ရွှင်နေလေသည်။


"ပါးပါးရော..."


"ရှုရှုကျိခေါ်လို့ သွားပြီ..."


"ဒယ်ဒီလည်း ရောက်လာတာလား..."


"အင်း...သူတို့အချင်းချင်း ပြောစရာရှိလို့ အမြန်ထွက်သွားတာဖြစ်မယ်..."


"ဟုတ်လောက်တယ်...သူတို့အချင်းချင်း အပြန်အလှန် လက်ဆောင်ပေးဖို့ ထွက်သွားကြတာဖြစ်မယ်..."


"ဖြစ်နိုင်တယ်..."


ကျိလဲ့ယွီက သလင်းဘောလုံးကို ငုံ့ကြည့်လိုက်ပြီး နှလုံးသားထဲ၌ နွေဦးလေပြေတိုက်ခတ်သွားကာ ပန်းများလည်း ပွင့်လန်းလာလေသည်။


"သူတို့ သားကို လက်ဆောင်မပေး‌လောက်ဘူးလို့ ထင်ခဲ့ဝာာ..."


"အခု မင်းပျော်သွားပြီလား..."


ကျိလဲ့ယွီ ခေါင်းငြိမ့်လိုက်ပြီး မျက်၀န်းလေးက ကွေးညွှတ်သွားလေသည်။


"သား နှစ်တိုင်း လက်ဆောင်တွေရတယ်...ပြီးတော့ ထပ်လိုချင်နေတုန်းပဲ..."


သူက သူ့မိဘများ ရှိနေစဉ်ကလို မပြောင်းမလဲ ဆက်ရှိ‌နေစေချင်လေသည်။


သူက သလင်းဘောလုံးကို ထပ်ကြည့်လိုက်ပြီး လင်းဖေးကို ပြောလိုက်သည်။


"အရမ်းလှတယ်..."


သူ့မျက်လုံးများက အလွန်တောက်ပနေလေသည်။


သာမာန် သလင်းဘောလုံးသာဖြစ်သော်လည်း တန်ဖိုးကြီးလက်ဆောင်ကို ရလိုက်သကဲ့သို့ ပျော်ရွှင်နေပေသည်။


အမှန်တွင် ကျိလဲ့ယွီက သူ ရရှိလိုက်သည့် လက်ဆောင်တန်ဖိုးကို ဂရုမစိုက်ပေ။ သလင်းဘောလုံးကြီးလား၊ သလင်းဘောလုံးလေးလား ယင်းတို့ကို ဂရုမစိုက်ပေ။ သူက စိတ်ချမ်းသာမှုကိုသာ လိုချင်ခြင်းဖြစ်လေသည်။


ပန်းတစ်ပွင့်၊ ဒင်္ဂါးတစ်ပြား သို့မဟုတ် တန်ဖိုးမကြီးသည့် သလင်းဘောလုံးပင်ဖြစ်စေကာမူ သူက အလွန်ပျော်ရွှင်နေမည်ဖြစ်သည်။


နောက်ဆုံးတွင် ကျိလဲ့ယွီက လင်းဖေး၏လက်ဆောင်ကို လှမ်းကြည့်လိုက်လေသည်။


"ကိုကိုရော ဘာရတာလဲ..."


လင်းဖေး ဖွင့်ပြလိုက်သောအခါ ကျားလေးတစ်ကောင်ဖြစ်လေသည်။


"အရမ်းချစ်စရာကောင်းတယ်..."


ကျိလဲ့ယွီက နူးညံ့စွာ ပြောလိုက်သည်။


လင်းဖေးလည်း ချစ်စရာကောင်းသည်ဟု ခံစားမိပြီး ကျားခေါင်းလေးကို ထိလိုက်သည်။


“ဒါဆို ကိုကိုလည်း ခရစ်စမတ်လက်ဆောင်ရပြီပေါ့..."


"အင်း..."


'ကောင်းလိုက်တာ...'


ကျိလဲ့ယွီ တွေးလိုက်သည်။


'လင်းဖေးလည်း လက်ဆောင်ရပြီ...သူတို့နှစ်ယောက်လုံး လက်ဆောင်ရတယ်...တကယ်ပျော်ရွှင်စရာကောင်းတဲ့ ခရစ်စမတ်ပဲ...'


"အိပ်ကြရအောင်..."


သူ လင်းဖေးလက်ကို ကိုင်လိုင်သည်။


"သွားတိုက်ပြီးမှ အိပ်..."


လင်းဖေး သတိပေးလိုက်သည်။


ကျိလဲ့ယွီ ခေါင်းငြိမ့်လိုက်ပြီး လင်းဖေးကို ဆွဲ၍ ရေချိုးခန်းထဲ ၀င်သွားလိုက်ကာ သွားတိုက်လိုက်ပြီး အိပ်ရာပေါ် လှဲလိုက်သည်။


(T/N..ခဏနေပါဦး...မုန့်တွေက ဘယ်ရောက်သွားလဲ.🙄..)


သူက အခန်းမီးကို ပိတ်လိုက်သည်။ အခန်းက မည်းမှောင်သွားသော်လည်း သစ်လုံးအိမ်မှ မီးရောင်လေးက တောက်ပနွေးထွေးနေဆဲဖြစ်လေသည်။


ကျိလဲ့ယွီက အိမ်မက်မက်ခဲ့လေသည်။ အိမ်မက်ထဲတွင် သူတို့မိသားစုလေးယောက်က သစ်လုံးအိမ်လေးထဲတွင် မီးလှုံရင်း ညစာစားနေကြလေသည်။ မီးတောက်များက သူ့မျက်နှာထက်တွင် တောက်လောက်နေရုံသာမက နှလုံးသားထဲတွင်လည်း တောက်လောင်နေလေသည်။


လင်းဖေးနှင့်ကျိလဲ့ယွီ အိပ်သွားသော်လည်း လင်းလော့ချင်း မအိပ်သေးပေ။ သူက ခြေအိတ်ထဲသို့ လင်းဖေးနှင့်ကျိလဲ့ယွီအတွက် လက်ဆောင်များကို ခွဲထည့်နေရလေသည်။ 


ကျိယွီရှောင်က ယင်းကို ကြည့်ကာ မေးလိုက်သည်။


"မင်း၀ယ်လာတာ မများလွန်းဘူးလား..."


"ရပါတယ်...ငါ ကလေးအ၀တ်အစားတန်းကို သွားတော့ ဟိုဟာကလည်း ချစ်ဖို့ကောင်းတယ်...ဒီဟာကလည်း ချစ်ဖို့ကောင်းတယ် ဖြစ်နေတာလေ...ဂျက်ကပ်စ်က လင်းဖေးနဲ့ အရမ်းလိုက်ဖက်တယ်...ငါးမန်း၀တ်စုံလေးကလည်း ရှောင်ယွီနဲ့ လိုက်ဖက်နေပြန်ရော...ငါ ဝယ်ရင်း၀ယ်ရင်းနဲ့ ကတ်ထဲက ငွေကုန်သွားမှ သတိပြန်၀င်လာတယ်...ဒါပေမဲ့ နောက်ကျသွားပြီ..."


ကျိယွီရှောင် : 'မင်းနဲ့ ထိုက်တန်တယ်...'


ပြောပြီးနောက် သူက ကျိယွီရှောင်ကို ပဟေဋ္ဌိဆန်စွာ ကြည့်လိုက်သည်။


"ဒီနေ့က ခရစ်စမတ်နေ့မလား..."


"အင်း..."


"ရက်နည်းနည်းလောက်ကြာရင် နှစ်သစ်ကူးနေ့ရောက်ပြီ..."


"ဟုတ်တယ်..."


"ပြီးတော့ နောက်နှစ်ရောက်ပြီ..."


"မှန်တယ်လေ..."


"အဲ့တော့...မင်းမျက်လုံးတွေကို ပိတ်လိုက်..."


ကျိယွီရှောင် ၀မ်းသာသွားသည်။


ဒီလိုပိတ်ခိုင်းတော့ သူ့အတွက် လက်ဆောင်၀ယ်ထားတာ သိသာတယ်...


ထို့နောက် လင်းလော့ချင်းက ၀ယ်လာခဲ့သည့် လက်ဆောင်လေးကို အိတ်ထဲမှ ထုတ်လိုက်ပြီး ကျိယွီရှောင်ပေါ် တင်ပေးလိုက်သည်။


"ဖွင့်ကြည့်လို့ ရပြီ..."


ကျိယွီရှောင် မျက်လုံးဖွင့်ကြည့်လိုက်သောအခါ သူ့ရှေ့မှ ဘူးလေးကို တွေ့လိုက်ရလေသည်။


သူက ဘူးလေးကို ကောက်ယူလိုက်၏။ ယင်းက နာရီဘူးနှင့် တူလေသည်။


ကျိယွီရှောင်က လင်းလော့ချင်းကို တစ်ချက် ကြည့်လိုက်ပြီး ဘူးကို ဖွင့်လိုက်‌သောအခါ သပ်ရပ်သိမ်မွေ့သည့်နာရီတစ်လုံးကို တွေ့လိုက်ရလေသည်။


ညဉ့်နက်နေပြီဖြစ်သောကြောင့် နာရီဒိုင်ခွက်က နက်ပြာရောင်ဖြစ်ပြီး ကြယ်ရောင်တဖျပ်ဖျပ် တောက်နေလေသည်။ ဒိုင်ခွက်ထဲရှိ တိမ်တိုက်က ညဖြစ်သောကြောင့် ပုန်းကွယ်နေလေ၏။


ကျိယွီရှောင်က ကူရာမဲ့စွာ ပြုံးလိုက်ပြီး နာရီကို ဂရုတစိုက် သေချာကြည့်လိုက်သည်။


"အရမ်းလှတယ်...ငါ ကြိုက်တယ်..."


သူ ရိုးသားစွာ ပြောလိုက်သည်။


လင်းလော့ချင်းလည်း ယင်းနာရီကို သဘောကျလေသည်။


"မနက်၆နာရီကျရင် သူက ‌ကြယ်ရောင်ပျောက်သွားပြီး နေရောင်တောက်လာမှာ..."


ဖန်စီဒီဇိုင်းလား...


ကျိယွီရှောင် အံ့ဩသွားသည်။ သူက အမြဲတစေ Coolဖြစ်သည့် နာရီဒီဇိုင်းများကိုသာ ၀ယ်လေ့ရှိပြီး ဖန်စီနာရီမျိုးကို မ၀ယ်ဖူးပေ။ သို့သော် လင်းလော့ချင်း သူ့ကို ပေးသည့်နာရီကို သူ အလွန်ကြိုက်လေသည်။


သူ့လည်ဆွဲလေးကလည်း သိမ်‌မွေ့တဲ့ဒီဇိုင်းပဲ...


"ငါ့မှာလည်း မင်းအတွက် လက်ဆောင်ရှိတယ်..."


ကျိယွီရှောင် ပြောလိုက်သည်။


လင်းလော့ချင်း အံ့ဩသွားသည်။


"တကယ်လား...ဘယ်မှာလဲ..."


“မင်း မျက်လုံးမှိတ်က(အ)လှည့်..."


လင်းလော့ချင်းက မျက်လုံးမှိတ်လိုက်ပြီး နှလုံးသားထဲတွင် မှန်းဆချက်များစွာ ထုတ်နေလေသည်။


ကျိယွီရှောင်က ဝှီးချဲလ်ကို ကုတင်ဘေးရှိ စားပွဲဆီသို့ တွန်းလိုက်ပြီး အံဆွဲကိုဖွင့်လိုက်ကာ ရေမချိုးမီ ထည့်ထားသည့် လည်ဆွဲကို ထုတ်လိုက်သည်။


ထို့နောက် သူက လင်းလော့ချင်းဆီသို့ ပြန်သွားလိုက်ပြီး လည်ဆွဲကို လက်ထဲထည့်ပေးလိုက်သည်။


လင်းလော့ချင်းက သူ့လက်မှ အလေးချိန်ကို ခံစားမိပြီး မေးလိုက်သည်။


"ငါ မျက်လုံးဖွင့်လို့ရပြီလား..."


"ရပြီ..."


လင်းလော့ချင်းက မျက်လုံးကို တစ်ဖက်ပြီးမှ တစ်ဖက် ဖွင့်လိုက်ပြီး လက်ထဲမှ လက်ဆောင်ကို ပျော်ရွှင်စွာ ကြည့်လိုက်သည်။


"ဒါက ဘာလဲ..."


"သိချင်ရင် ဖွင့်ကြည့်လိုက်လေ..."


လင်းလော့ချင်းက လက်ဆောင်ကို ဖွင့်ကြည့်လိုက်သောအခါ လည်ဆွဲတစ်ကုံးကို တွေ့လိုက်ရလေသည်။


လခြမ်းလေးက တောက်ပ‌နေပြီး အစိမ်းရောင်အကိုင်းအခက်များက လကို ရစ်ပတ်ထားကာ နှင်းဆီဖြူလေးက ဖူးပွင့်နေ၏။


လင်းလော့ချင်းက လည်ဆွဲကို ယူလိုက်ပြီး သေချာ ကြည့်လိုက်သည်။ ပျော်ရွှင်မှုများက နှလုံးသားကို ဒီရေသဖွယ် အဆက်မပြတ် ရိုက်ခတ်နေ၏။


"ကျေးဇူးတင်ပါတယ်...အရမ်းလှတာပဲ...ငါ အရမ်းကြိုက်တယ်..."


ကျိယွီရှောင်က လက်ဆန့်လိုက်ပြီး လည်ဆွဲကိုယူလိုက်ကာ လင်းလော့ချင်းကို ၀တ်ပေးလိုက်လေသည်။


ဆွဲကြိုး(chain)က ရှည်လည်း မရှည်၊ တိုလည်း မတိုပေ။ လခြမ်းက လင်းလော့ချင်းညှပ်ရိုးတွင် နစ်မြှုပ်နေလေသည်။


ဒီဇိုင်းက အလွန်နူးညံ့ပြီး အမျိုးသမီးများထုတ်ထားခြင်းဖြစ်သော်လည်း လင်းလော့ချင်းနှင့် အလွန်တင့်တယ်လိုက်ဖက်လေသည်။


"ပြီးပြည့်စုံတယ်...မင်းနဲ့ အရမ်းလိုက်တယ်..."


"ငါလည်း အဲ့လိုထင်တယ်..."


လင်းလော့ချင်းက ဆွဲသီးကို ငုံ့ကြည့်လိုက်၏။


ထို့နောက် သူ ကျိယွီရှောင်ကို ကြည့်လိုက်သည်။


"မင်းကိုရော နာရီကူ၀တ်ပေးရဦးမလား..."


ကျိယွီရှောင်က နာရီ၀တ်အိပ်လေ့ မရှိသော်လည်း လင်းလော့ချင်း ၀တ်ပေးလာခြင်းကို ငြင်းဆန်မည်မဟုတ်ပေ။


ကျိယွီရှောင်၏အသားက ဖြူပြီး လက်ကလည်း အလွန်အချိုးအဆစ်ကျသည်။ ထိုလက်က စန္ဒရားတီးခြင်း သို့မဟုတ် ဖောင်တိန်ကိုင်ခြင်းနှင့် သင့်လျော်ပေသည်။ နက်ပြာရောင်ဒိုင်ခွက်က ကျိယွီရှောင်ကို မြင့်မြတ်သည့်သွင်ပြင် ပေါက်လာစေလေသည်။


လင်းလော့ချင်းက ကျိယွီရှောင်ကို ကြည့်၍ နှလုံးခုန်မြန်လာလေသည်။


ညဉ့်နက်နေပြီဖြစ်၍ လက်ဆောင်ပေးပြီး အိပ်ရာ၀င်ရန် အချိန်တန်ပြီဖြစ်သည်။


လင်းလော့ချင်း၏နှလုံးသားထဲတွင် တစ်ခုခုလုပ်ချင်သည့် တွန်းအားတစ်ခုရှိနေလေသည်။


လေထုက ချက်ချင်းဆိုသလို ဒွိဟဖြစ်လာ၏။


ကျိယွီရှောင်က လင်းလော့ချင်းကို စိုက်ကြည့်နေပြီး လင်းလော့ချင်းမပြောမီ ဦးစွာ ပြောလိုက်သည်။


‌"အိပ်ကြရအောင်...ဖေးဖေးနဲ့ ရှောင်ယွီအိပ်လောက်ပြီ...လက်ဆောင်သွားပေးလိုက်တော့လေ..."


လင်းလော့ချင်း၏နှလုံးသားထဲမှ တွန်းအားက ပျောက်ကွယ်သွားလေသည်။


သူ ခေါင်းငြိမ့်လိုက်ပြီး ခရစ်စမတ်ခြေအိတ်နှစ်အိတ်ကို ယူကာ အခန်းထဲမှ ထွက်သွားလိုက်သည်။


ကျိလဲ့ယွီက အိပ်ပျော်နေပြီဖြစ်သည်။ လင်းလော့ချင်းက ကျိလဲ့ယွီအနားကပ်သွားသောအခါ လင်းဖေးလည်း ရှိနေသည်ကို တွေ့လိုက်ရသည်။


သူ ထွက်သွားပြီးနောက် သူတို့ကစားကြရင်း အိပ်ပျော်သွားပုံရလေသည်။


ထို့ကြောင့် သူက လက်ဆောင်နှစ်ခုလုံးကို ကျိလဲ့ယွီအခန်းတွင် ထားလိုက်၏။ လင်းဖေးအတွက် လက်ဆောင်ကို လင်းဖေးဘက်တွင် ထား၍ ကျိလဲ့ယွီအတွက် လက်ဆောင်ကို ကျိလဲ့ယွီဘက်တွင် ထားလိုက်လေသည်။


ထိုမှသာ နိုးလာလျှင် မြင်ရမည်ဖြစ်သည်။


ထို့နောက် သူက ခြေဖျားထောက်ကာ အခန်းထဲမှ ထွက်လာလိုက်သည်။


သူ့အိပ်ခန်းသို့ ပြန်ရောက်လာ၍ တံခါးဖွင့်ခါနီးတွင် လင်းလော့ချင်းက ရုတ်တရက် အေးခဲသွားပြီး လည်ဆွဲကို ပြန်ငုံ့ကြည့်လိုက်လေသည်။


လည်ဆွဲ၀တ်ပေးစဉ်က ကျိယွီရှောင်၏မျက်နှာက သူနှင့် အလွန်နီးကပ်နေပြီး နူးညံ့သိမ်မွေ့နေလေသည်။


နှစ်သစ်သို့ ရောက်လုနီးပြီးဖြစ်ပြီး သူတို့လည်း ခြေတစ်လှမ်း တက်သင့်ပေသည်။ ကျိယွီရှောင် ၏စိုးရိမ်မှုအတွက် သူက နည်းလမ်းတစ်ခုစဉ်းစားထားပြီးဖြစ်သည်။ သူသာ မျက်လုံးမှိတ်ထားလျှင် ကျိယွီရှောင်က ရှက်ရွံ့တော့မည်မဟုတ်ပေ။


သူက ကျိယွီရှောင်နှင့် ရင်းနှီးရန် အမြဲတွေးနေခြင်းဖြစ်ပြီး ဤနည်းလမ်းက အဆင်မပြေလျှင် နောက်တစ်နည်းစဉ်းစားရမည်ဖြစ်သည်။


ကျိယွီရှောင်အတွက် သူ့တွင် အချိန်နှင့်စိတ်ရှည်မှုတို့ ရှိလေသည်။


ထိုသို့တွေးပြီးနောက် ဆွဲသီးကို ငုံ့ကြည့်လိုက်သည်။ သူလည်း နှင်းဆီလိုချင်သည်။ ကျိယွီရှောင် ၏နှင်းဆီကို လိုချင်သည်။ 


သူ တံခါးဖွင့်၀င်လိုက်ပြီး သူ တွေ့ချင်သည့်သူထံ လျှောက်သွားလိုက်သည်။


"လက်ဆောင်ထားပြီးပြီလား..."


ကျိယွီရှောင်က အိပ်ရာပေါ်တွင် ထိုင်နေပြီဖြစ်သည်။


လင်းလော့ချင်း ခေါင်းငြိမ့်လိုက်ပြီး ကျိယွီရှောင် ဘေးတွင် လှဲအိပ်လိုက်သည်။


ယင်းကို မြင်သောအခါ ကျိယွီရှောင်လည်း လှဲအိပ်လိုက်လေသည်။


လင်းလော့ချင်းက တစ်ဖက်လူကို ဖက်လိုက်၏။


"အိပ်ကြရအောင်..."


ကျိယွီရှောင်က မီးပိတ်လိုက်ပြီး လင်းလော့ချင်းကို ပြန်ဖက်လိုက်လေသည်။


ညက ရေအေးသဖွယ် အေးစိမ့်သော်လည်း ကျိယွီရှောင်၏ရင်ခွင်က နွေးထွေးလေသည်။


လင်းလော့ချင်းက ကျိယွီရှောင်ကို မှီလိုက်ပြီး ကျိယွီရှောင်၏မေးစေ့ကို နမ်းလိုက်သည်။


ကျိယွီရှောင်က ကူရာမဲ့စွာ ပြောလိုက်၏။


"မအိပ်ချင်သေးဘူးလား..."


"ငါ မအိပ်ချင်သေးရင် မင်း ဘာလုပ်မလို့လဲ..."


လင်းလော့ချင်း တမင်တကာ မေးလိုက်သည်။


ကျိယွီရှောင်က ခပ်ဖွဖွ ရယ်လိုက်ပြီး လင်းလော့ချင်း၏ နှုတ်ခမ်းနား ကပ်သွားလိုက်သည်။


"ဘာလုပ်မယ်လို့ထင်လဲ..."


ပြောပြီးနောက် လင်းလော့ချင်း၏ အောက်နှုတ်ခမ်းကို နမ်းလိုက်သည်။


လင်းလော့ချင်းက မျက်လုံးမှိတ်ကာ နာခံစွာ ပြန်နမ်းရှိုက်နေလေသည်။ မျက်လုံးမှိတ်ထားသော်လည်း မျက်၀န်းထောင့်များက ကွေးညွှတ်နေ၏။


ကျိယွီရှောင်က လင်းလော့ချင်း၏နှုတ်ခမ်းကို ကိုက်လိုက်ပြီး လင်းလော့ချင်းက ကျိယွီရှောင်လက်ကို ကိုင်ထားလေသည်။ သူက ကျိယွီရှောင်ကို ရစ်ပတ်ထားကာ ပန်းရုံချောက်အတွင်းသို့ ဆွဲချနေလေသည်။


လင်းလော့ချင်း၏ညည်းညူသံများကြောင့် ကျိယွီရှောင်က လှိုင်းများကြား ယစ်မူးနေလေသည်။


လင်းလော့ချင်းက လှိုင်းသံ၊ ဒီရေသံများကို ကြားနေရကာ ပင်လယ်နှင့်ကောင်းကင်ကြီးကိုလည်း တွေ့နေရလေသည်။


ကျိယွီရှောင်က လက်ကို သုတ်လိုက်ပြီးလင်းလော့ချင်းလက်ကိုလည်း ကူသုတ်ပေးလိုက်သည်။


သူက မီးအိမ်ကို ဖွင့်လိုက်သောအခါ လင်းလော့ချင်းက မျက်လုံးမှေးကာ သူ့ကို ကြည့်နေလေသည်။ 


ဆွဲသီးကလည်း ပခုံးပေါ်သို့ ရောက်နေကာ အနီရောင်အမှတ်အသားများကလည်း သိသာလှပေသည်။ 


လင်းလော့ချင်း၏မျက်နှာက ဆေးရောင်အချို့ စွန်းနေသော ‌နှင်းဆီဖြူသဖွယ် ဖြစ်နေလေသည်။


ကျိယွီရှောင်က အထိန်းအကွပ်မဲ့စွာ လင်းလော့ချင်းပါးကို နမ်းလိုက်သည်။ 


"အိပ်တော့..."


သူ နူးညံ့‌စွာ ပြောလိုက်သည်။


ကျိယွီရှောင်၏နှလုံးသားထဲမှ မီးတောက်က ပြန်လည်လောင်ကျွမ်းစပြုလာသည့်အတွက် ချောင်းဟန့်လိုက်ပြီး မီးအိမ်ကို အမြန် ပိတ်လိုက်သည်။


သူက လင်းလော့ချင်းနား မကပ်ရဲသော်လည်း လင်းလော့ချင်းကမူ သူ့ကို ဖက်တွယ်ကာ အိပ်နေလေသည်။


ကျိယွီရှောင်က မျက်လုံးမှိတ်ထားသော်လည်း၊ လင်းလော့ချင်းဘေးတွင် ဘေးနေရသော်လည်း ညဉ့်တစ်၀က်တွင် ထူးထူးခြားခြား အိပ်မပျော်နိုင်ခဲ့ပေ။ ကျန်တစ်၀က်တွင်သာ တဖြည်းဖြည်း အိပ်ပျော်သွားလေသည်။


လ‌ရောင်နှင့်ကြယ်ရောင်က မှေးမှိန်နေသော်လည်း အခန်းကမူ အေးချမ်းနေလေသည်။


နောက်တစ်နေ့မနက် နှိုးစက်မြည်လာသောအခါ လင်းလော့ချင်း နိုးလာလေသည်။


လင်းဖေးနှင့်ကျိလဲ့ယွီကလည်း နှိုးစက်မြည်သံကြောင့် နိုးလာခဲ့သည်။


လင်းဖေးက နှိုးစက်ကို ပိတ်လိုက်ပြီး ကျိလဲ့ယွီကို နိုးလိုက်သည်။


သို့သော် ကျိလဲ့ယွီက မျက်လုံးမှိတ်ထားပြီး အော်နေလေသည်။


"ကျောင်းမတက်ချင်ဘူး..."


လင်းဖေးက အေးစက်စွာ ပြောလိုက်သည်။


"အိပ်ရာထ...မျက်နှာသစ်ပြီး သွားတိုက်တော့..."


ကျိလဲ့ယွီက မျက်လုံးဖွင့်လိုက်ပြီး လင်းဖေးကို မကျေနပ်စွာ ကြည့်လိုက်သည်။ သို့သော် နောက်တစ်ခဏတွင် လင်းဖေးကို ပွေ့ဖက်လိုက်ပြီး လင်းဖေး၏ပခုံးကို မျက်နှာဖြင့် ပွတ်သပ်လိုက်လေသည်။


လင်းဖေးက ဤဇာတ်ကွက်မျိုးနှင့် အကျွမ်း၀င်နေပြီဖြစ်သည်။


"လိမ္မာပါ..."


ကျိလဲ့ယွီက သနားချင့်စဖွယ် ကြည့်လိုက်ပြီး ရုတ်တရက် တစ်စုံတစ်ခုကို မြင်သွားကာ မျက်လုံးများ ပြူးကျယ်သွားလေသည်။


"အဲ့ဒါက ဘာလဲ...ခရစ်စမတ်ခြေအိတ်ကြီးလား...ဒါပေမဲ့ ဘယ်ခြေအိတ်က ဒီလောက် ကြီးလို့လဲ..."


လင်းဖေးလည်း ကျိလဲ့ယွီ၏အိပ်ရာဘက်ခြမ်းမှ ထိုထူးဆန်းသောအရာကို မြင်လေသည်။ 


ထိုအရာက ပစ္စည်းများစွာ ထည့်ထားသော်လည်း ပုံသဏ္ဍာန်နှင့်အရောင်အရ ခရစ်စမတ်ခြေအိတ်ဖြစ်လေသည်။


ဒါ ဘယ်ကရောက်လာတာလဲ...


ဆန်တာကလော့စ်က မီးခိုးခေါင်းတိုင်က လာဆင်

းပေးသွားရအောင် သူတို့အိမ်မှာ မီးခိုးခေါင်းတိုင်မှ မ ရှိတာ...


ကျိလဲ့ယွီက လင်းဖေး၏တုံ့ပြန်မှုကို မ‌စောင့်တော့ပေ။ 


သူက လင်းဖေးကို ကြည့်လိုက်သောအခါ လင်းဖေးက သူ့နောက်ကို စိုက်ကြည့်နေလေသည်။ ထိုအခါ သူလည်း နောက်လှည့်ကြည့်လိုက်၏။


"ထပ်ရှိသေးတာပဲ..."


ထို့နောက် သူက ကုတင်ပေါ်မှ ဆင်းကာ ခရစ်စမတ်ခြေအိတ်ကို အပြေးအလွှား သွားဖွင့်ကြည့်လိုက်လေသည်။