Chapter 132
ကျိလဲ့ယွီ၏မျက်လုံးထဲ၌ လက်ဆောင်များစွာ ရှိပြီး အချို့က လှပစွာ ထုပ်ပိုးထားသော်လည်း အချို့က ဘူးထဲရှိ/အိတ်ထဲရှိ ပစ္စည်းကို ထိုးဖောက်မြင်နိုင်ပေသည်။
ကျိလဲ့ယွီက အံ့ဩသွားပြီး လင်းဖေးကို စိုက်ကြည့်လိုက်ကာ မယုံကြည်နိုင်စွာ ပြောလိုက်သည်။
"လက်ဆောင်တွေ အများကြီးပဲ..."
လင်းဖေး :"???"
လင်းဖေးလည်း အိပ်ရာပေါ်မှ ထလိုက်ပြီး ခရစ်စမတ်ခြေအိတ်ကို ကြည့်လိုက်သည်။
တကယ် လက်ဆောင်တွေပဲ...
ဒါတွေက...
သူ ချက်ချင်း နားလည်သွားသည်။ ကမ္ဘာပေါ်တွင် ဆန်တာကလော့စ်မရှိပေ။ ရှိလျှင်ပင် သူတို့အိမ်တွင် မီးခိုးခေါင်းတိုင် မရှိ၍ ဆန်တာကလော့စ်က ၀င်မလာနိုင်ပေ။ ထို့ကြောင့် ဤလက်ဆောင်များက လင်းလော့ချင်း သို့မဟုတ် ကျိယွီရှောင်ထံမှ ရောက်လာခြင်းသာ ဖြစ်နိုင်လေသည်။
ယင်းတို့ကား သူနှင့်ကျိလဲ့ယွီနှစ်ယောက်လုံးအတွက် ခရစ်စမတ်လက်ဆောင်ဖြစ်သည်။
ကျိလဲ့ယွီက တီးတိုးရေရွတ်လိုက်သည်။
"ပါးပါးတို့က မနေ့က လက်ဆောင်ပေးခဲ့တယ် မဟုတ်ဘူးလား..."
လင်းဖေး :"..."
ဤတိုးတက်မှုမျိုးက သူ မျှော်လင့်ထားသည့် ဖြစ်နိုင်ချေထဲတွင် မပါ၀င်ပေ။
သူက ဤပြဿနာကို မည်သို့ ကျော်ဖြတ်ရမလဲ တွေးတောနေစဉ် တံခါးခေါက်သံ ကြားလိုက်ရပြီး လင်းလော့ချင်းက အခန်းထဲ ၀င်လာလေသည်။
"နိုးနေကြပြီလား..."
သူက အိပ်ရာဘေးတွင် ရပ်ကာ ခရစ်စမတ်လက်ဆောင်များကို ကြည့်နေသည့် ကလေးနှစ်ယောက်နားတွင် ရပ်လိုက်သည်။
"ဒီနေ့ စောစောထလာကြဝာာပဲ..."
ကျိလဲ့ယွီက ခရစ်စမတ်ခြေအိတ်ကို ကိုင်ကာ မေးလိုက်သည်။
"ပါးပါးက အိပ်ရာဘေးမှာ တိတ်တိတ်လေး လာထားပေးသွားတာလား..."
လင်းလော့ချင်း ရယ်မောလိုက်သည်။
"သားကြိုက်လား... Surprise!!!သားတို့နှစ်ယောက်လုံး Merry Christmasပါ..."
ကျိလဲ့ယွီ၏နှလုံးသားက ပျော်ရွှင်မှုကြောင့် ပျံတက်လုနီးပါးဖြစ်နေလေသည်။
"ကြိုက်တယ်..."
ပြောပြီးနောက် သူက ကူရာမဲ့စွာ မေးလိုက်သည်။
"ဒါပေမဲ့ ပါးပါးက မနေ့ညက လက်ဆောင်ပေးပြီးသားမဟုတ်ဘူးလား..."
လင်းလော့ချင်း ပဟေဋ္ဌိဖြစ်သွားလေသည်။
သူက ကျိလဲ့ယွီကို ရှုပ်ထွေးစွာ ကြည့်လိုက်သည်။
"သလင်းဘောလုံးလေးနဲ့ ကျားလေးလေ..."
လင်းလော့ချင်း :"..."
သူ မှတ်မိသလောက်ဆို အဲ့ဒါတွေက သူ လင်းဖေးအတွက် ၀ယ်ပေးခဲ့တဲ့ လက်ဆောင်တွေ မဟုတ်ဘူးလား...
ထိုအချိန်က လင်းဖေး၏စားပွဲက ဗလာဖြစ်နေပြီး စာအုပ်စင်ကလည်း လစ်ဟာနေသောကြောင့် သူက အရုပ်များ၊ အဆင်တန်ဆာများ ဝယ်ဖြည့်ပေးခဲ့လေသည်။
အခြားကလေးများတွင် ရှိသည့်အရာများက လင်းဖေးတွင်လည်း ရှိသင့်သည်ဟု တွေးကာ ၀ယ်ပေးခဲ့ခြင်းဖြစ်သည်။
လင်းဖေးက သူ့လက်ဆောင်များကို အံ့ဆွဲထဲထည့်ကာ သိမ်းထားသော်လည်း ထိုသလင်းဘောလုံးကို သူ မှတ်မှတ်ထင်ထင် မှတ်မိနေပေသည်။ သူက သစ်လုံးအိမ်လေး၏နွေးထွေးမှုကို သဘောကျပြီး လင်းဖေးလည်း ဤအိမ်တွင် အိမ်၏နွေးထွေးမှုကို ခံစားရပါစေဟု မျှော်လင့်ကာ ၀ယ်ပေးခဲ့ခြင်းဖြစ်သည်။
လင်းလော့ချင်းက လင်းဖေးကို ခိုးကြည့်လိုက်သည်။လင်းဖေးက ရှက်ရွံ့စွာ အကြည့်လွှဲသွားသော်လည်း မပြောပြရန် တောင်းဆိုနေသော မျက်လုံးများဖြင့် ပြန်ကြည့်လာလေသည်။
လင်းလော့ချင်း သဘောပေါက်သွားသည်။
"အာ...ဒါက မတူဘူးလေ...မနေ့က အကြိုလက်ဆောင်ပေးတာ...ဒီမနက်က အဓိကလက်ဆောင်ပေးတာ...ဒီလိုဆို သားက လက်ဆောင် နှစ်ခါရတာပေါ့..."
ကျိလဲ့ယွီ ခေါင်းငြိမ့်လိုက်သည်။
"ကျေးဇူးတင်ပါတယ် ပါးပါး..."
"ရပါတယ်...မြန်မြန် မျက်နှာသစ်သွားတိုက်တော့...သားပြန်လာရင် အင်္ကျီတွေ စမ်း၀တ်ကြည့်ရမယ်...ပါးပါးက သားတို့နှစ်ယောက်အတွက် အင်္ကျီအများကြီး ၀ယ်လာတာ...သားတို့ ၀တ်ပြတာကိုမျှော်နေပြီ..."
"ဟုတ်..."
ကျိလဲ့ယွီ ရယ်မောလိုက်သည်။
ထို့နောက် လင်းလော့ချင်းက မနက်စာစားရန် အောက်ဆင်းသွားလေသည်။
လင်းဖေးက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။
အန္တရာယ်များလိုက်တာ...ပေါ်သွားတော့မလို့...
လင်းလော့ချင်းက လက်ဆောင်တွေ ပြင်ဆင်ထားမှန်း သိခဲ့ရင် သူ ဒီလို မလုပ်ခဲ့ပါဘူး...အခုတော့ ရှက်စရာကောင်းလိုက်တာ...
လင်းဖေး ကျိလဲ့ယွီက ထိုကိစ္စအား သိသွားမည်ကို မကြောက်သော်လည်း ရှက်ရွံ့မိလေသည်။
ညီလေးကို စိတ်ချမ်းသာစေချင်လို့ ဦးလေးယောင်ဆောင်ပြီး လက်ဆောင်ပေးတယ်တဲ့...
လက်ဆောင်များကို လျှို့ဝှက်စွာ ပေးလေ့ရှိသည့် သူ့အတွက် ထိုကိစ္စက ရှက်စရာကိစ္စကြီးဖြစ်လေသည်။
လင်းဖေးက သူ့ခရစ်စမတ်ခြေအိတ်ကို ဆွဲကာ ကျိလဲ့ယွီ၏အခန်းထဲမှ ထွက်လာလိုက်သည်။
ယနေ့ အန်တီကျန်းက ပဲနို့နှင့် အီကြာကွေးပြင်ဆင်ထားလေသည်။ လင်းလော့ချင်းက မနက်စာကို အလွန်ကြိုက်ပြီး အီကြာကွေး များစွာ စားပြီးနောက် ကလေးနှစ်ယောက်အား ကျောင်းလိုက်ပို့လိုက်သည်။
လမ်းတစ်လျှောက် ကျိလဲ့ယွီက သူ့ကို အလွန် တွယ်ကပ်နေလေသည်။ ခြေထောက်လေးများကလည်းလှုပ်ယမ်းနေကာ ပျော်ရွှင်နေပုံရ၏။
ကျောင်းပို့ပြီးနောက် လင်းလော့ချင်းက လော့ကျားကို အိမ်ပြန်မောင်းခိုင်းလိုက်ပြီး ပြန်အိပ်ရန် ကြံစည်လိုက်သည်။
လင်းဖေးက လက်ဆောင်ကိစ္စကို ကျော်လွှားပြီး ဖြစ်သည့်အတွက် စိတ်အေးလက်အေး ဖြစ်နေလေသည်။
သို့သော် သူ အတန်းထဲ ရောက်၍ စာအုပ်ထုတ်ကာ ထိုင်လိုက်စဉ် ကျိလဲ့ယွီက သူ့နား ကပ်လာလေသည်။
လင်းဖေးက ယင်းကို ဂရုမစိုက်ခဲ့ပေ။ ကျိလဲ့ယွီက တွယ်ကပ်နေပြန်ပြီဟုသာ တွေးခဲ့သော်လည်း
ကျိလဲ့ယွီက သူ မထင်မှတ်ထားသည်ကို ပြောလာလေသည်။
"ကိုကို သလင်းဘောလုံးလေးက ပါးပါးပေးတာ မဟုတ်ဘူးမလား..."
လင်းဖေး :"..."
လင်းဖေး ထိတ်လန့်သွားသော်လည်း မျက်နှာကမူ တည်ငြိမ်နေဆဲဖြစ်သည်။
"သူ မင်းကို ပေးတာ..."
ကျိလဲ့ယွီက မယုံကြည်ပေ။
"မနက်က သား ပါးပါးကို မေးကြည့်တော့ ပါးပါးက ချက်ချင်းပြန်မဖြေဘူး...သူက စိတ်ရှုပ်သွားပုံပဲ...သားစားပွဲကို လှမ်းကြည့်လိုက်ပေမဲ့ မဖြေနိုင်သေးဘူး...ကိုကို့ကို ကြည့်ပေးမှ သူ ပေးတယ်လို့ ပြောတာ..."
လင်းဖေး :"..."'
'အဲ့ဒါတွေကို သတိထားမိတာလား...'
"သားက မနေ့က လက်ဆောင်လိုချင်တယ်လို့ ပြောလို့ အဲ့ဒါကို ပေးတာမလား...ပါးပါးက မပေးဘူးထင်လို့ ပါးပါးယောင်ဆောင်ပြီး ပေးခဲ့တာမလား..."
လင်းဖေး :"..."
လင်းဖေးက ၀န်ခံရန် ငြင်းဆန်လိုက်သည်။
"မဟုတ်ဘူး..."
"ဒါကတော့သေချာတယ်...ကိုကိုက သား ဝမ်းနည်းသွားမှာကို စိုးရိမ်နေတာမလား...ဟုတ်တယ်မလား..."
လင်းဖေး :"..."
"စာမဖတ်ဘူးလား..."
သူက ကျိလဲ့ယွီဘက် လှည့်ကာ ပြောလိုက်သည်။
"လွန်ခဲ့တဲ့နှစ်ရက်က သင်ထားတဲ့ ရှေးကဗျာတွေကို ရသွားပြီလား...ငါ့ကို ဆိုပြ..."
ကျိလဲ့ယွီက လင်းဖေး၏ခေါင်းမာနေသည့် အမူအရာကို မြင်သောအခါ လင်းဖေးကို ဖက်လိုက်ပြီး တိရစ္ဆာန်လေးသဖွယ် ညုတုတု ပွတ်သပ်နေလေသည်။
"ဖေးဖေးက အရမ်းကောင်းတာပဲ...ဘာလို့ ဒီလောက်ကောင်းရတာလဲ..."
သူက မျက်နှာသစ်ပြီးနောက် သဘောပေါက်သွားပြီး လင်းဖေးကို ထိုအချိန်ကတည်းက ပွေ့ဖက်ချင်နေခြင်းဖြစ်လေသည်။
လင်းဖေးက ဘာလို့ ဒီလောက်တောင် ကောင်းရတာလဲ...သူက ကမ္ဘာပေါ်မှာ အကောင်းဆုံးအစ်ကိုပဲ...
လင်းဖေးက ကျိလဲ့ယွီကို ရွံ့ရှာစွာ တွန်းထုတ်လိုက်သည်။ သို့သော် ကျိလဲ့ယွီက သူ့ကိုတင်းတင်းကြပ်ကြပ် ဖက်တွယ်ထားပြီး လွှတ်မပေးပေ။
ကျိလဲ့ယွီက အရမ်းတွယ်ကပ်လွန်းပြီး ညုတုတု ဆန်လွန်းတယ်...
"ထိပေး..."
ကျိလဲ့ယွီက ခေါင်းမော့ကာ ပြောလိုက်သည်။
လင်းဖေးက ကျိလဲ့ယွီခေါင်းကို ထိလိုက်၏။
"လိမ္မာတယ်..."
"သား နောက်ကြရင် ကိုကိုပြောသမျှ အားလုံး နားထောင်မယ်သိလား..."
"အင်း..."
လင်းဖေးက ဂရုမစိုက်စွာ ပြောလိုက်သည်။
ကျိလဲ့ယွီ ရယ်မောလိုက်ပြီး တင်းကြပ်စွာ ဖက်လိုက်သည်။
လင်းဖေး :"..."
ထားလိုက်ပါတော့...မိသွားပေမဲ့ သူ ၀န်မခံသရွေ့ ရှက်စရာကောင်းမှာ မဟုတ်ဘူး...
လင်းဖေးက ကျိလဲ့ယွီကို ပြန်ဖက်လိုက်သည်။
ကျိလဲ့ယွီက လုံလောက်အောင် ပွေ့ဖက်ပြီးနောက် စာစလုပ်လိုက်လေသည်။
လင်းလော့ချင်း အိမ်ပြန်ရောက်သောအခါ ကျိယွီရှောင်က အိပ်ပျော်နေသေးသည်ကို တွေ့လိုက်ရသည်။ ထို့နောက် သူက ညအိပ်၀တ်စုံ ပြန်လဲလိုက်ပြီး ကျိယွီရှောင်ကို ဖက်ကာ ပြန်အိပ်လိုက်လေသည်။
နေ့လည်ရောက်သောအခါ သူတို့နှစ်ယောက်လုံး ပြန်နိုးလာကြ၏။
လင်းလော့ချင်းက လင်းဖေးနှင့်ကျိလဲ့ယွီအကြောင်းကို ပြောပြလိုက်ပြီး ကျိယွီရှောင်ကို မေးလိုက်သည်။
"သူတို့က ချစ်ဖို့မကောင်းဘူးလား...ကလေးတွေကြား ဆက်ဆံရေးက တကယ် ရိုးသားပြီးတဖြည်းဖြည်း တိုးတက်လာတာပဲ..."
ကျိယွီရှောင်လည်း ထိုသို့ခံစားရလေသည်။
"ဖေးဖေးက ရှောင်ယွီကို ခရစ်စမတ်လက်ဆောင်ပေးလိမ့်မယ်လို့ မထင်ထားခဲ့ဘူး...ရှောင်ယွီက လက်ဆောင်လိုချင်တာ ဖြစ်နိုင်တယ်...ဖေးဖေးက ငါတို့လက်ဆောင်မပြင်ထားမှာကို ကြောက်လို့ ငါတို့အစား လက်ဆောင်ပေးလိုက်တာပဲ..."
“ငါလည်း အဲ့လိုထင်တယ်...မဟုတ်ရင် သူက ငါ ပေးတယ်လို့ ပြောမှာ မဟုတ်ဘူး..."
လင်းလော့ချင်း သက်ပြင်းချလိုက်သည်။
"ငါတို့ကလေးလေးတွေက အရမ်းချစ်စရာကောင်းတာပဲ..."
ကျိယွီရှောင် ပြုံးလိုက်ပြီး လင်းလော့ချင်းမျက်နှာကို ညှစ်လိုက်သည်။
"မင်းလည်း ချစ်စရာကောင်းတာပဲ..."
"ငါက ကလေးမဟုတ်ဘူး..."
လင်းလော့ချင်းက ကျိယွီရှောင်လက်ကို ဖယ်လိုက်သည်။
ကျိယွီရှောင်က ထိုအခွင့်အရေးကိုယူကာ ဆွဲနမ်းလိုက်၏။
"မင်းက ဘာလို့ကလေးမဟုတ်ရမှာလဲ...မင်းက ကလေးကြီးပဲ...ကလေးကြီးကလည်း ကလေးပဲလေ..."
လင်းလော့ချင်း ပြုံးလိုက်သည်။
"ငါ့ကို ကလေးကြီးလို့ မခေါ်ရင် ကျေးဇူးတင်မိမှာပဲ..."
"ဒါပေမဲ့ ကလေးကြီးနဲ့ ဒီလောက်တူတဲ့ဟာ..."
ကျိယွီရှောင်က နွေးထွေးစွာ ပြောလိုက်သည်။
လင်းလော့ချင်းက ကျိယွီရှောင်ကို ကြည့်လိုက်ပြီး သူ့နှလုံးသားက ချိုမြိန်နေလေသည်။
ခရစ်စမတ်ပြီးနောက် ဝူရှင်းယွမ်က ဇနီး၊ သားသမီးများနှင့်အတူ ကုန်ဆုံးရသည့်အချိန်ပြီးသွားပြီး ရှစ်ကျန်းနှင့် စာချုပ်ချုပ်ရန် အဆင့်သင့်ဖြစ်နေပြီဖြစ်သည်။
သူက ရှစ်ကျန်းထံ စာချုပ်ကို ပေးပို့ပေးလိုက်ပြီး အချက်အလက်များကို ပြောပြခဲ့သည်။
ရှစ်ကျန်းက တစ်ချက်ချင်းစီကို သေချာဖတ်၍ ပြဿနာမရှိကြောင်း သိသောအခါ တရား၀င်စာချုပ်ချုပ်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။
"မနက်ဖြန် စာချုပ်ချုပ်ကြတာပေါ့..."
ဝူရှင်းယွမ် ပြောလိုက်သည်။
"အချိန်တန်ရင် မင်းကို လာခေါ်မယ်...ပြီးရင် ကုမ္ပဏီကို အတူသွားပြီး စာချုပ်ချုပ်ကြတာပေါ့..."
"ဟုတ်ကဲ့..."
ရှစ်ကျန်း သဘောတူလိုက်သည်။
ဝူရှင်းယွမ်က လင်းလော့ချင်းကိုလည်း ထိုအကြောင်းကို ပြောပြလိုက်ပြီး လင်းလော့ချင်းက ထိုအကြောင်းကို ကြားသောအခါ ချက်ချင်းပြောလိုက်သည်။
"ကျွန်တော်လည်း မနက်ဖြန်လိုက်ခဲ့မယ်..."
"ကျွန်တော် ကုမ္ပဏီကို သိပ်မရောက်ဖူးဘူး...မနက်ဖြန် ကလေးတွေကို ကျောင်းပို့ပြီးရင် ကျွန်တော် အားတယ်..."
"ကောင်းပြီ...မနက်ဖြန် ငါ မင်းကို အရင်လာခေါ်လိုက်မယ်...ပြီးမှ ရှစ်ကျန်းဆီ သွားကြတာပေါ့..."
"ဟုတ်ကဲ့...ကျိယွီရှောင်ကိုတော့ ကျွန်တော်ပဲ ပြောပြလိုက်တော့မယ်...အစ်ကိုဝူ သူ့ကို တကူးတက မပြောပြနဲ့တော့..."
"အင်း..."
ဝူရှင်းယွမ်က ပြောပြီးနောက် ဖုန်းချလိုက်သည်။
လင်းလော့ချင်းက ကျိယွီရှောင်ကို ထိုအကြောင်း ပြောပြလိုက်၏။
နှစ်ကုန်ခါနီး၌ ကျိယွီရှောင်တွင် ကုမ္ပဏီအလုပ်များစွာ ရှိလာပြီး သူက အိမ်တွင်သာ အလုပ်လုပ်ခြင်းဖြစ်သည့်အတွက် နေ့တိုင်းနီးပါး စာဖတ်ခန်းထဲ၌သာ အချိန်ကုန်နေရလေသည်။ သူက လင်းလော့ချင်းနှင့် အပြင်သွားရန် အချိန်မရှိခဲ့ပေ။
လင်းလော့ချင်းက မနက်ဖြန် ရှင်းရီသို့သွားရန်စီစဉ်ထားကြောင်း သိလိုက်ရသောအခါ သူ့တွင် ထင်မြင်ချက် မရှိပေ။
"ရှင်းရီက မင်းကုမ္ပဏီဖြစ်လာမှာပဲ...သွားကြည့်တာ ကောင်းတယ်..."
ကျိယွီရှောင်က ဖိုင်ကိုပိတ်ကာ နှာရိုးကို ဖိလိုက်သည်။
"နားမလည်တာရှိရင် ဝူရှင်းယွမ်ကို မေး...အဲ့ဒါမှ နားမလည်သေးရင် အိမ်ပြန်ရောက်ရင် ငါ့ကို ပြန်မေး..."
လင်းလော့ချင်းက ကျိယွီရှောင် သူ့ကို ရှင်းရီ ပေးလိုက်ခြင်းအပေါ် စိတ်မသက်မသာဖြစ်နေသေးသော်လည်း ကျိယွီရှောင်က ဥက္ကဋ္ဌဖြစ်သည့်အတွက် သူက ဒုဥက္ကဋ္ဌဟု ယူဆ၍ရပြီး ရှင်းရီကို လျစ်လျူရှုမထားနိုင်ပေ။
"ဒါဆို ငါ မနက်ဖြန်သွားမယ်...အိမ်ကို စောစောပြန်လာခဲ့မယ်...ကလေးတွေနဲ့အတူ ပြန်လာနိုင်အောင် ကြိုးစားမယ်..."
"အင်း..."
ကျိယွီရှောင် ပြုံးလိုက်သည်။
လင်းလော့ချင်းလည်း ပြုံးလိုက်ပြီး ထွက်မသွားချင်သောကြောင့် ကျိယွီရှောင်၏စာဖတ်ခန်းထဲမှစာအုပ်တစ်အုပ်ကို ယူကာ တိတ်တဆိတ်ဖတ်နေလေသည်။
ကျိယွီရှောင်က လင်းလော့ချင်းကို ရံဖန်ရံခါ ငေးကြည့်နေလေသည်။လင်းလော့ချင်းက တိတ်ဆိတ်စွာ ထိုင်နေခြင်းဖြစ်သော်လည်း သူ့ဖြစ်တည်မှုက ကျိယွီရှောင်အား ဆွဲဆောင်နိုင်ခဲ့သည်။
ကျိယွီရှောင်က စကားမပြောသော်လည်း ပင်ပန်းလာလျှင် လင်းလော့ချင်းအား ငေးကြည့်ခြင်းဖြင့် စိတ်ကို ဖြေလျှော့လေသည်။
သုံးနာရီမထိုးမီတွင် ကျိယွီရှောင်က အစည်းအဝေးတစ်ခုကို စတင်ခဲ့ပြီး လင်းလော့ချင်းကို ထွက်သွားရန် လုပ်လိုက်သည်။
"ထွက်သွားစရာ မလိုပါဘူး...."
ကျိယွီရှောင် တားလိုက်သည်။
"စာအုပ်ဆက်ဖတ်နေလို့ရတယ်...အစည်းအဝေးက သိပ်မကြာဘူး..."
ထိုအခါ လင်းလော့ချင်းက ပြန်ထိုင်လိုက်ပြီး စာအုပ်ဆက်ဖတ်လိုက်လေသည်။
သူက သူ့ဖြစ်တည်မှုကို လျှော့ချရန် ကြိုးစားသော်လည်း အဓိကဇာတ်ဆောင်များ ထပ်မံတွေ့ကြသောအခါ သူတို့၏စကားများကြောင့် သတိလက်လွတ် ရယ်မောမိသွားလေသည်။
တိတ်ဆိတ်နေသော လေထုထဲတွင် ထိုအသံက အလွန်သိသာလေသည်။
ထိုအခါ တစ်ဖက်မှလူက စကားစ ရပ်သွားပြီး ကျိယွီရှောင်ကို မေးလိုက်သည်။
"ဘေးမှာ တစ်ယောက်ယောက်ရှိနေတာလား..."
ထိုစကားကို ကြားသောအခါ လင်းလော့ချင်းက အနည်းငယ် ရှက်ရွံ့သွားပြီး ကျိယွီရှောင်ကို ပါးစပ်လှုပ်ပြောလိုက်သည်။
'တောင်းပန်ပါတယ်...'
ကျိယွီရှောင်က ပြုံးလိုက်၏။
"ရပါတယ်..."
ထို့နောက် သူက တစ်ဖက်မှလူကို ပြောလိုက်သည်။
"ငါ့မိန်းမ ရှိတယ်..."
"မရီး ပြန်လာပြီလား...ရုပ်ရှင်ရိုက်လို့ ပြီးသွားပြီလား...မင်္ဂလာပါ မရီး...ကျွန်တော်က အစ်ကိုရှောင်ရဲ့ ဂျူနီယာပါ...မရီး ကျွန်တော် ပြောတာ ကြားရလား..."
လင်းလော့ချင်း :"..."
"ကြားရပါတယ်..."
"မရီး ကျွန်တော်တို့ ဘယ်တော့တွေ့ကြမလဲ...အစ်ကိုရှောင်နဲ့မရီးလက်ထပ်တုန်းက ကျွန်တော်ကနိုင်ငံခြားရောက်နေတာလေ...လက်ဖွဲ့ပေးဖို့ အချိန်တောင် မရလောက်ဘူး...အခု ပေးလို့ရလား..."
"တော်တော် တက်ကြွနေတာပဲ..."
ကျိယွီရှောင် ပြောလိုက်သည်။
"အလုပ် အရင်လုပ်ကြတာပေါ့...အလုပ်ပြီးရင် တွေ့ဖို့ ချိန်းကြမယ်...ဒါပေမဲ့ မင်း လက်ဖွဲ့ အရင်ပေးရမယ်..."
ကွန်ပျူတာထဲမှ ၀မ်းနည်းနေသောအသံ ထွက်ပေါ်လာလေသည်။
"နားလည်ပါပြီ..."
"တခြား ပြဿနာတွေ မရှိတော့ရင် မင်းစိတ်ကူးအတိုင်း လုပ်ကြတာပေါ့...ကျန်တာကိုတော့ ငါ လောင်ယန်နဲ့ ဆက်ဆွေးနွေးလိုက်မယ်..."
"ဟုတ်ကဲ့..."
ကျိယွီရှောင်က ဗီဒီယိုကောလ်ကို ပိတ်လိုက်ပြီးနောက် လင်းလော့ချင်းက စူးစမ်းစွာ မေးလိုက်သည်။
"မင်းဂျူနီယာလား..."
"ဟုတ်တယ်...သူက ငါနဲ့တက္ကသိုလ်တစ်ခုတည်းပဲ...နောက်ပိုင်း ငါတို့က စီးပွားရေးအတူ လုပ်နေကြတာ...သူက ဦးနှောက်ကောင်းပြီး ဆက်ဆံရေးလည်း ကောင်းတယ်...နောက်မှ ငါ သူ့ကို ထမင်းဖိတ်ကျွေးပြီး မင်းနဲ့မိတ်ဆက်ပေးမယ်..."
"အိုကေ..."
လင်းလော့ချင်းက ခေါင်းငြိမ့်လိုက်ပြီး ဆက်မမေးတော့ပေ။
သူက စာအုပ်ဆက်ဖတ်လိုက်ပြီး လော့ကျားရောက်လာသောအခါ လင်းဖေးနှင့်ကျိလဲ့ယွီကို ကျောင်းကြိုရန် အောက်ထပ်သို့ ဆင်းသွားလိုက်သည်။
ကျိလဲ့ယွီက တစ်နေ့လုံး ပျော်ရွှင်နေပြီး အိမ်ပြန်လာသည့် လမ်းတစ်လျှောက် လင်းဖေးလက်ကို လှုပ်ယမ်းနေလေသည်။
လင်းဖေးက ကျိလဲ့ယွီ၏တစ်နေ့လုံး ပျော်ရွှင်နေသည့် စိတ်ခံစားချက်ကို ပဟေဋ္ဌိဖြစ်နေသော်လည်း သူ့လက်ကို လှုပ်ယမ်းခွင့်ပေးထားလေသည်။
ကျိလဲ့ယွီက သူ့ပျော်ရွှင်မှုကို အခြားလူနှင့် မျှဝေချင်သောကြောင့် အိမ်ပြန်ရောက်လျှင်ရောက်ချင်း ကျိယွီရှောင်၏စာဖတ်ခန်းထဲသို့ ပြေးသွားလိုက်သည်။
ကျိယွီရှောင်က ကျိလဲ့ယွီပြုံးကာ ၀င်လာသည်ကို မြင်သောအခါ မေးလိုက်သည်။
"ဘာလို့ ဒီလောက်ပျော်နေတာလဲ..."
ကျိလဲ့ယွီက ပို၍ပင် ပြုံးလိုက်ပြီး ကျိယွီရှောင်ဆီ လျှောက်သွားကာ ပွေ့ဖက်လိုက်သည်။
ကျိယွီရှောင်က ကျိလဲ့ယွီ၏ခေါင်းကို ထိကာ မေးလိုက်၏။
"ဘာတွေကို ဒီလောက်ပျော်နေတာလဲ..."
ကျိလဲ့ယွီက ကျိယွီရှောင်ကို မော့ကြည့်လိုက်ပြီး ချိုသာစွာ မေးလိုက်သည်။
"ဒယ်ဒီက ဖေးဖေးကို ကြိုက်လား..."
"ကြိုက်တာပေါ့...သား သူ့ကို မကြိုက်လို့လား..."
ကျိလဲ့ယွီ ခေါင်းခါလိုက်၏။
"သားလည်း ဖေးဖေးကို ကြိုက်တယ်...သူက အရမ်းကောင်းတာပဲ..."
ထို့နောက် ကျိယွီရှောင်ကို ကြည့်လိုက်ပြီး ရယ်မောလိုက်ကာ ကျိယွီရှောင်ရင်ခွင်ထဲသို့ လဲချလိုက်သည်။
ဒါက အရမ်းကောင်းတယ်...သူ့ရှုရှုရော၊ သူ့ အားရီရောက အရမ်းကောင်းတယ်...သူ့မှာ အရင်က အစ်ကိုမရှိခဲ့ဘူးပေမဲ့...အခုတော့ သူ့ကို ချော့ပေးမဲ့ အစ်ကိုလင်းဖေးလည်း ရှိနေပြီ...
တစ်ဘ၀လုံး ဒီလိုသာ ဖြစ်နေရင်ကောင်းမယ်...
ကျိလဲ့ယွီက နှလုံးသားထဲတွင် တိတ်တဆိတ် ဆုတောင်းလိုက်လေသည်။
*****
(T/N ခရစ်စမတ်မှာ ဘာလို့ကျောင်းမပိတ်တာလဲမသိဘူးနော် 😁
ရှုရှုနဲ့အားရီဆိုတာ ကျိယွီရှောင်နဲ့လင်းလော့ချင်းကိုပြောတာပါ)