အပိုင်း ၁၃၃
Viewers 35k

Chapter 133




နောက်တစ်နေ့ နေ့လည်တွင် ဝူရှင်းယွမ်က လင်းလော့ချင်း နေ့လည်စာစားပြီးသည်နှင့် ရောက်လာလေသည်။ 


လင်းလော့ချင်းက ရှစ်ကျန်းကို သွားကြိုရန် ဝူရှင်းယွမ်နှင့်အတူ ထွက်မသွားမီတွင် ကျိယွီရှောင်ကို သတိပေးခဲ့ပေသည်။ 


ရှစ်ကျန်းက သူတို့ကို စောင့်နေသည်မှာ အတန်ကြာပြီဖြစ်သည်။ သူက ဝူရှင်းယွမ်ထံမှ ဖုန်းခေါ်ဆိုခြင်းကို ရရှိသောအခါ လှေကားမှဆင်းလာပြီး ဝူရှင်းယွမ်၏ ကားဆီသို့ လျှောက်သွားလိုက်လေသည်။ 


လင်းလော့ချင်းက ကားပြတင်းပေါက်မှန်ကို ချကာ သူ့ကို လက်ပြလိုက်သည်။

"မင်္ဂလာညနေခင်းပါ ကျန်းကော..."


ရှစ်ကျန်းက အံ့အားသင့်သွားလေသည်။

"မင်းက ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ..."


"ကျွန်တော်က ဟိုဟိုဒီဒီလျှောက်ကြည့်ဖို့ ကုမ္ပဏီကို သွားမလို့..."


လင်းလော့ချင်းက ဆိုလိုက်သည်။

"ကျွန်တော်က ကုမ္ပဏီကို သိပ်မရောက်ဖြစ်ဘူးလေ..."


သူက အမြဲလိုလို လက်မှတ်ထိုးရန်လိုသည်ကို အိမ်တွင်သာ လက်မှတ်ထိုးပေသည်။ ထို့နောက် သူက ရုပ်ရှင်တစ်ခုကို လက်ခံလိုက်ရသည်။ ဤသည်မှာ သူက သူ့မိသားစု၏ ပိုင်ဆိုင်မှုကို လှည့်ပတ်ကြည့်သည့် ပထမဆုံးအကြိမ်ဟု ယူဆနိုင်ပေသည်။ 


ရှစ်ကျန်းက ၄င်းကိုကြားသောအခါ များစွာမတွေးပါပေ။ ရှစ်ကျန်းက ခေါင်းညိတ်ကာ ဝင်ထိုင်လိုက်သည်။ 


ဝူရှင်းယွမ်က အထွေထွေမန်နေဂျာ ချန်လီဝေ့ကို အကြောင်းကြားထားပြီး ဖြစ်လေသည်။ မန်နေဂျာတစ်ယောက်အနေဖြင့် သူက အနုပညာရှင်နှင့် စာချုပ်ချုပ်ရန် အခွင့်အရေး ရှိပေသည်။ ထို့အပြင် ရှစ်ကျန်း၏ ရုပ်ရည်က မဆိုးပါပေ။ သူက စာချုပ်ဖောက်ဖျက်ခြင်းကြောင့် ဖြစ်လာသည့် နစ်နာကြေးငွေကို သူကိုယ်တိုင်ပေးခဲ့ရာ ကုမ္ပဏီမှ သူ့အတွက် အပိုကုန်ကျစရာ မလိုဟု ဆိုလိုခြင်း ဖြစ်သည်။ ဤသို့ဖြင့် ချန်လီဝေ့က မည်သည့် ကန့်ကွက်ချက်မှ မရှိပါပေ။ သူက ရိုးရှင်းစွာ အကြမ်းဖျင်းကြည့်လိုက်ကာ လုပ်ထုံးလုပ်နည်းများကိုကြည့်ပြီး လက်ခံရန် အသင့်ပြင်ထားလိုက်သည်။


ခရီးက မိနစ် ၄၀ခန့် မောင်းလိုက်ရသည်။ သူတို့က မကြာမီတွင် ရှင်းရီ၏ ကားပါကင်သို့ ရောက်သွားပေသည်။ 


လင်းလော့ချင်း၊ ဝူရှင်းယွမ်နှင့် ရှစ်ကျန်းတို့အားလုံးက ကားထဲမှ ထွက်ကာ မြေအောက်ကားပါကင်၏ ဓာတ်လှေကားဆီသို့ သွားလိုက်ပေသည်။ 


သူတို့က အတွင်းသို့ ဝင်သွားလိုက်သည်။ သို့သော် ဓာတ်လှေကားက တခြားသူများ ဝင်လာသည်ကို ခွင့်ပြုရန် ပထမထပ်တွင် ရပ်တန့်သွားလေသည်။


ဝင်လာသောအမျိုးသားမှာ မာနကြီးသည့် စရိုက်ရှိပေသည်။ သူ့၏ ဆံမြိတ်များမှာ ရှည်လျားပြီး မျက်ခုံးပေါ်ထိ ရောက်နေပေသည်။ သူက ခေါင်းမော့ကာ သူတို့ကိုမြင်သောအခါ အံ့အားသင့်သွားဟန် ရပေသည်။


"ရှစ်ကျန်း..."


ရှစ်ကျန်းက သူ့ကိုကြည့်ကာ ဇဝေဇဝါဖြစ်သွားလေသည်။

ဒါက...


သူက သံသယဝင်နေသော်လည်း သူ့၏ မမှတ်မိခြင်းကို ဝန်မခံခဲ့ပါပေ။ ထိုအစား သူက ရင်းနှီးဟန်တစ်ခုကို ပြန်လည်တွေးတောကာ ပြန်ပြီး နှုတ်ဆက်လိုက်လေသည်။


"မင်းအဆင်ပြေရဲ့လား..."


တခြားသူမှာ လှောင်ပြောင် ရယ်မောလာပေသည်။

"ငါအဆင်ပြေရဲ့လား ဟုတ်လား... တော်တော်လေးကောင်းပါတယ်... ဒါပေမဲ့ မင်းက ဒီမှာ ဘာလုပ်နေတာလဲ..."


ထို့နောက် သူက ဝူရှင်းယွမ်ကိုကြည့်ကာ မေးလိုက်လေသည်။ 


"ဝူကော... မင်း သူ့ကို ဒီခေါ်လာတာလား..."


ဝူရှင်းယွမ်မှာ ဤမိစ္ဆာလေးအား ဤနေရာတွင် တွေ့ရမည်ဟု မမျှော်လင့်ထားပါပေ။ သူက တုံ့ပြန်သည့်အနေဖြင့် ခေါင်းကို ခပ်ဖွဖွ ညိတ်ပြလိုက်လေသည်။ 


"မင်းက သူ့ကို ဘာလို့ ဒီခေါ်လာတာလဲ... ဘာလဲ... မင်းတို့နှစ်ယောက်က ငါမသိတဲ့ ဆက်ဆံရေး ရှိနေတာတော့ မဟုတ်လောက်ပါဘူး..."


ဝူရှင်းယွမ်က မျက်မှောင်ကြုတ်လိုက်သည်။

"ပေါက်ကရတွေ ပြောမနေနဲ့... ဒါက ငါ့ရဲ့ အနုပညာရှင် အသစ်..."


တစ်ဖက်က သူပြောသည်ကို ကြားသောအခါ သရော်မှုတစ်ခု ထွက်လာပေသည်။ 


"မင်းက သူ့နဲ့ စာချုပ်ချုပ်မလို့... မင်းဦးနှောက်ထဲကို ရေဝင်သွားတာလား... မင်းက ဘာလို့ ဒီပါမွှားလေးနဲ့ စာချုပ်ချုပ်မှာလဲ... ရှင်းရီက ပိုက်ဆံတွေ အများကြီးရနေတော့ သုံးစရာမရှိလို့လို့တော့ မပြောနဲ့နော်..."


သူက ရှစ်ကျန်းအား သူဌေးမကြီးသွင်ပြင်နှင့် ခေါင်းလှည့်ကြည့်လိုက်လေသည်။ 

"ငါပြောတာက ထားလိုက်ပါတော့... မင်းက သူနဲ့ စာချုပ်ချုပ်ရင်တောင် မင်းလုပ်နိုင်တာက ရှင်းရီကို မျက်နှာပျက်အောင်လုပ်တာပဲကို... သူ့ကို မင်းတွေ့လာတဲ့ နေရာမှာ ပြန်လွင့်ပစ်လိုက်စမ်းပါ..."


ရှစ်ကျန်းကသူ့ကို စူးစမ်းကာ ထိုအမျိုးသား၏ ထောင်လွှားနေသောအမူအရာမှ ဤသူက မည်သူဆိုသည်အား သတိရသွားလေသည်။ 


ဖန်ရှန့်ကျယ်မှာ သူလွန်ခဲ့သည့် နှစ်နှစ် ရုပ်ရှင်ရိုက်စဉ်က တွေ့ခဲ့သော တခြားအနုပညာရှင်တစ်ဦးဖြစ်လေသည်။ 


ရိုးရိုးသားသားဆိုရသော် ရှစ်ကျန်း သူ့ကို မေ့နေသည်မှာ ကြာပြီဖြစ်သည်။ မည်သို့ပင်ဆိုစေ သူက ထိုကိစ္စကို များစွာ မတွေးမိပါချေ။ ၄င်းမှာ ဖန်ရှန့်ကျယ်က ထိုအချိန်တွင် တခြားသော အမျိုးသမီးအနုပညာရှင်တစ်ယောက်ကို အနိုင့်ကျင့်သည်မှလွဲ၍ ဘာမှ မဟုတ်ပါပေ။ သူက ၄င်းကို သည်းမခံပဲ တခြားတစ်ဖက်အား သူ့ဤ ကြင်နာမှုဖြင့် ကူညီပေးခဲ့ခြင်း ဖြစ်သည်။ ဖန်ရှန့်ကျယ်က ဤကိစ္စအပေါ်တွင် အာဃာတထားကာ ရှစ်ကျန်းအား အရှုပ်အထွေးထဲသို့ ဆွဲသွင်းပြီး ရှစ်ကျန်းမှာ ထိုအမျိုးသမီးအနုပညာရှင်နှင့် ပြောပြ၍မရသော ဆက်ဆံရေး ရှိနေသည်ဟု ကောလဟာလများဖြန့်ခဲ့မည်ဟု မမျှော်လင့်ထားပါပေ။


သူက ၄င်းကို စိတ်ထဲမထားပါပေ။ သူက ရိုးရှင်းစွာပင် သူ့အပိုင်းကို ရိုက်ကူးကာ ပိုက်ဆံယူပြီး ထွက်လာခဲ့ပေသည်။


သူက ဇာတ်ပို့မင်းသားတစ်ယောက်ဖြစ်သည်။ ထိုအချိန်က မထင်မရှားလူတစ်ဦးဖြစ်လေသည်။ သူပြေးလွှားခဲ့သည့် ၅နှစ်လုံးလုံးတွင် သူကြုံခဲ့ရသည့် မကျေမနပ်မှုနှင့် လျှို့ဝှက်အကြံအစည်များမှာ မနည်းပါပေ။ သူက သူ့အပေါ်တွင် အာဃာတရှိနေသော လူတိုင်းကို မှတ်မိနေပါက ယခုတွင် စိတ်ဓာတ်ကျရောဂါပင် ခံစားနေရပြီး ဖြစ်နိုင်သည်။ 


ဖျော်ဖြေရေးလောကမှာ ရှုပ်ထွေးပေသည်။ အဖွဲ့တစ်ခုစီတိုင်းက အသိုင်းအဝိုင်းငယ်တစ်ခုနှင့် တူပေသည်။ ဒါရိုက်တာနှင့် အဓိက မင်းသား၊ မင်းသမီးများက ထိပ်ဆုံးတွင် ရှိပေသည်။ သူကဲ့သို့ မင်းသားများအတွက်မူ လူမှုအသိုင်းအဝိုင်းအောက်ခြေတွင် နေရာကောင်းတစ်ခုသာ ရှာနိုင်ပေသည်။ သူကံမကောင်းလျှင် လက်မှုအလုပ်သမားတစ်ဦးပင် ဒေါသထွက်ပေါက်အတွက် သူ့အား ဆင်ခြေအဖြစ် အသုံးချ၍ ရနိုင်ပေသည်။ 


ရှစ်ကျန်းမှာ ၄င်းနှင့် အသားကျနေပြီ ဖြစ်လေသည်။ သူက ဤကဲ့သို့ အဓိပ္ပာယ်မဲ့သော အကြောင်းပြချက်ဖြင့် လူတစ်ယောက်ကို မှတ်မိရန်အနေအထားကို ကျော်လွန်သွားသည်မှာ ကြာပြီဖြစ်လေသည်။ 


သူက ဖန်ရှန့်ကျယ်က သူ့အား နှစ်နှစ်ကြာသည့်တိုင်အောင် မှတ်မိနေမည်ဟု မမျှော်လင့်ထားပါပေ။ သူက ဤအကောင်ကြီးကြီးကို ဒုက္ခပေးခဲ့သည်မှာ သေချာပေသည်။ 


ဒါပေမဲ့ သူကလည်း ရှင်းရီကလား...


ရှစ်ကျန်းမှာ အနည်းငယ် အံ့အားသင့်သွားလေသည်။ သူက အဖွဲ့များကြားတွင် ပြန့်နေသည့် ဖန်ရှန့်ကျယ်အလွန်မာနကြီးနေရသည့် အကြောင်းအရင်းမှာ သူအား ကုမ္ပဏီထဲမှ တစ်ယောက်ယောက်က ထောက်ပံ့ပေးထားသောကြောင့် ဟူသည့် ကောလဟာလကို ပြန်သတိရသွားလေသည်။ ထို့အပြင် သူကဤကုမ္ပဏီ၏ ဥက္ကနှင့်လည်း ဆက်ဆံရေးအချို့ရှိပေသည်။ ထို့သို့ဖြစ်ပါက ၄င်းမှာ ရှင်းရီ၏ သူဌေး ဖြစ်ရပေမည်။ သူယခု စာချုပ်ချုပ်လိုက်ပါက ပြဿနာတစ်ခု ရောက်လာမည်မှာ သံသယဝင်ဖွယ်ပင် မရှိပါပေ။ 


ဝူရှင်းယွမ်က ဖန်ရှန့်ကျယ်၏ စကားများကို ကြားသောအခါက ရိုးရှင်းစွာပင် လျစ်လျူရှုထားလိုက်ပေသည်။ 


ဖန်ရှန့်ကျယ်မှာ သူ့၏ တုံ့ပြန်မှုကို လိုချင်နေဆဲ ဖြစ်သည်။ သူက သူရှာဖွေနေသော တုံ့ပြန်မှုကို မရသည်အား တွေ့သောအခါ မကျေမနပ်ဆိုလိုက်သည်။


"ဝူရှင်းယွမ်... ခင်ဗျား နားကန်းနေလား..."


"ငါက မန်နေဂျာလေ... ငါလက်မှတ်ထိုးချင်တဲ့လူတိုင်းကို မင်းကို တင်ပြနေစရာမလိုဘူး..."


ဖန်ရှန့်ကျယ်မှာ ဤနှစ်ပိုင်းတွင် မာနကြီးစွာ ပြုမူရှင်သန်ခြင်းကို အသားကျနေပြီ ဖြစ်သည်။ 

သူ့ကို ဘယ်သူက ဒီလိုပြောရဲတာလဲ...

သူက ခေတ္တမျှ ကြောင်အနေပြီးနောက် ရယ်မောလိုက်သည်။


"အိုး... မင်းကတကယ်ပဲ လုပ်ပိုင်ခွင့် ရှိတာပဲ... အထွေထွေ မန်နေဂျာ ချန်ရော သိလား..."


ဝူရှင်းယွမ်မှာ သူက ချန်လီဝေ့ကို ထုတ်ပြောလာသည်အားကြားသောအခါ သူက ချက်ချင်းပင် မေးခွန်းထုတ်လိုက်လေသည်။


"မင်းဘာကို ဆိုလိုတာလဲ..."


"ထွေထွေထူးထူးမဟုတ်ပါဘူး..."

ဖန်ရှန့်ကျယ်က တည်ငြိမ်စွာဆိုလိုက်သည်။ 

"အထွေထွေမန်နေဂျာ ချန်ကို ငါသူ့ကို မကြိုက်ဘူးဆိုတာပြောမလို့ စီစဉ်နေတာ... အထွေထွေ မန်နေဂျာချန် သိသွားရင် သူရှင်းရီမှာ နေနိုင်တယ်လို့ မင်ထင်သေးလား..."


ဝူရှင်းယွမ်က သူ့ကို မျက်နှာထားတင်းတင်းဖြင့် ကြည့်လိုက်သည်။


"ဖန်ရှန့်ကျယ်... မင်း စည်းကျော်နေပြီနော်... မင်း ပြဿနာရှာချင်ရင် ကိုယ့်မန်နေဂျာကို သွားရှာ... ငါ့ကိုလာပြီး ပြဿနာမရှာနဲ့..."


ဖန်ရှန့်ကျယ်က သဘောမကျဟန်ဖြင့် ပြုံးလိုက်သည်။

"အင်းလေ... ငါလုပ်ချင်လို့... ငါလုပ်ချင်တာ အကုန် လုပ်လို့ရတယ်... မင်းငါ့ကို ဒီလိုဆက်ပြီး ပြောနေရင် မင်းလည်း ဒီမှာနေဖို့ မလွယ်အောင် ငါလုပ်လို့ရတယ်လို့ ပြောရင် ငါ့ကို ယုံမလား..."


"ပြုပြင်လို့ကို မရတော့ဘူးပဲ..."


ဝူရှင်းယွမ်က ဆိုလိုက်လေသည်။ ဓာတ်လှေကား တံခါးက ပွင့်သွားပြီး သူက ရိုးရှင်းစွာ ထွက်သွားလိုက်သည်။ 


လင်းလော့ချင်းက အလျင်အမြန် လိုက်ထွက်လာသော်လည်း ဖန်ရှန့်ကျယ်၏ တားမြစ်ခြင်းကို ခံလိုက်ရသည်။


"မင်းက ဘယ်သူလဲ..."

ဖန်ရှန့်ကျယ်က သူ့ကို ကြည့်ကာ ခပ်မာမာ မေးလိုက်လေသည်။


သူက လင်းလော့ချင်းကို သတိပြုမိသည်မှာ ကြာပြီ ဖြစ်သည်။ ရှစ်ကျန်း၏ ရုပ်ရည်ထဲရှိ ခက်ထန်ခြင်းနှင့် မာကျောခြင်းတို့ဖြင့် နှိုင်းယှဉ်ပါက လင်းလော့ချင်းမှာ ကုမ္ပဏီမှ နှစ်သက်သော ရုပ်ရည်နှင့် ပိုမိုကိုက်ညီေပသည်။ သူက ငယ်ရွယ်ကာ ချောမောပေသည်။ သူက ကုမ္ပဏီရှိ ကန့်သတ်ရင်းမြစ်များနှင့် ယှဉ်ပြိုင်ရန် အလားလာများရှိပေသည်။ မည်သို့ပင်ဆိုစေ လင်းလော့ချင်း၏ ရုပ်ရည်မှာ သာမန်ထက်ပိုနေသည်မှာ သံသယဝင်စရာပင် မရှိပါပေ။ 


လင်းလော့ချင်းက ပြုံးကာ သူ့ကိုယ်သူ မိတ်ဆက်ပေးလိုက်လေသည်။

"ငါက လင်းလော့ချင်းပါ... ဝူကောရဲ့ အနုပညာရှင်တွေထဲက တစ်ယောက်..."


"ဝူရှင်းယွမ်က ဒီတစ်ခေါက် လူနည်းနည်းနဲ့ စာချုပ်ချုပ်ထားတာပဲ..."

ဖန်ရှန့်ကျယ်က ရွဲ့ကာ ပြောလိုက်သည်။ 


လင်းလော့ချင်းက သူ့ခေါင်းကို ညိတ်ကာ အပြစ်ကင်းသည့် ဟန်ပန်ကို ပြသလိုက်သည်။

"အင်း..."


ဝူရှင်းယွမ်က လင်းလော့ချင်းမှာ သူနှင့်ပါမလာသည်ကို မြင်၍ ပြန်လည်စစ်ဆေးကြည့်လိုက်သည့်အခါ သူက ဖန်ရှန့်ကျယ်၏ တားဆီးခြင်း ခံနေရသည်ကို မြင်လိုက်ပေသည်။ သူက အလျင်အမြန်လျှောက်သွားလိုက်ပြီး ဖန်ရှန့်ကျယ်၏လက်များကို လင်းလော့ချင်းထံမှ ဆွဲဖယ်လိုက်ပြီး လင်းလော့ချင်းကို သူ့ရုံးခန်းထဲသို့ လမ်းကြောင်းပေးလိုက်သည်။ 


"မင်း စာချုပ်ချုပ်ထားတဲ့ အနုပညာရှင်တွေထဲက တစ်ယောက်ပဲ ဆက်ထားလို့ရမယ်..."


ဖန်ရှန့်ကျယ်က လက်ပိုက်ကာ ပျင်းရိစွာ ဆိုလိုက်သည်။

"ဒါမှမဟုတ်ရင် မင်းက နှစ်ယောက်စလုံးကို စွန့်ပစ်လိုက်ဖို့ ရွေးချယ်လို့ရတယ်... မင်းဘာသာ သေချာ စဉ်းစား... ပြီးရင် ငါက အထွေထွေ မန်နေဓျာ ချန်ကို ဒီကိစ္စဆွေးနွေးဖို့ ခေါ်လိုက်မယ်... ငါမင်းကို ကိုယ့်နေရာကို သိဖို့ အကြံပေးလိုက်မယ်... နားလည်လား..."


ဝူရှင်းယွမ်က သူ့အား အကြည့်တစ်ချက်ပေးကာ တစ်ခွန်းမှ မဆိုပါချေ။ 


သူက ဘာမှ နားမလည်ဘူးပဲ... ချန်လီဝေ့က ဘယ်လောက် ကြားဝင်ပါစေ ဘယ်လုပ်လုပ်ပြီး ကျိယွီရှောင်ရဲ့ကိစ္စမှာ ဝင်ရှုပ်ရဲ့ပါ့မလဲ... ငတုံးကောင်...


လင်းလော့ချင်းက သူ့စကားများကိုကြားပြီး ခေါင်းငုံ့ကာ ဝူရှင်းယွမ်ကို မေးလိုက်လေသည်။


"သူက ဘယ်သူလဲ... အထွေထွေ မန်နေဂျာ ချန်ရဲ့ သားလား... အရမ်းမောက်မာတာပဲ... သူ့ကုမ္ပဏီကျနေတာ..."


ဝူရှင်းယွမ်က အေးစက်စွာရယ်လိုက်သည်။

"သူက အထွေထွေ မန်နေဂျာချန်ရဲ့ သားမဟုတ်ဘူး... အဲ့ထက် နည်းနည်းမြင့်တယ်... ချန်လီဝေ့ရဲ့ ချစ်သူလေး... သူက တစ်နေကုန် ပြဿနာရှာတာကလွဲရင် ဘာကောင်းတာမှ မလုပ်နိုင်ဘူး... အသစ်လေးတွေအများကြီး သူ့ဆီကနေ အနိုင်ကျင့်ခံနေရတာ..."


လင်းလော့ချင်းက ကြောင်သွားလေသည်။

"အထွေထွေ မန်နေဂျာချန်က ဒီလိုမျိုးတွေ လုပ်နေတာလား..."


"အရင်တုန်းက မလုပ်ဘူး... ဒါပေမဲ့ နောက်ပိုင်းကျတော့ သူက တဖြည်းဖြည်းနဲ့ ရည်ရွယ်ချက်တွေ အတွေးတွေ ရှိလာတယ်..."


အဲ့ဒါဆို ကျိယွီရှောင်ရော သိလား... ဒါမှမဟုတ် ကျိယွီလင်း ဒီမှာရှိတုန်းက သူသိနေတာလား... 

လင်းလော့ချင်းက မေးချင်သော်လည်း ရှစ်ကျန်းရှိနေကာ သူက ကျိယွီရှောင်နှင့် သူ့၏ ကိုယ်ပိုင်သရုပ်မှန်ကို မသိခြင်းအား ထည့်စဉ်းစားကာ မမေးလိုက်ပါပေ။ သူက ရှစ်ကျန်းက ထပ်မံ မေးမြန်းလာသည်အထိ စောင့်လိုပေသည်။


သူက ၄င်းကို တွေးနေစဉ်၌ ရှစ်ကျန်းကို လှမ်းကြည့်လိုက်ရာ ထိုအမျိုးသားက ခေါင်းငုံ့ကာ တွေးတောနေလေသည်။ 


"ကျန်းကော... မင်းဘယ်လိုထင်လဲ..."

လင်းလော့ချင်းက ဆိုလေသည်။ 


ရှစ်ကျန်းက ခေါင်းမော့ကာ သူ့ကို လှမ်းကြည့်လိုက်သည်။ သူက တစ်ခုခုကိုပြောချင်ပုံရသော်လည်း ထုတ်မပြောနိုင်ပါပေ။ ၄င်းမှာ သူတို့က ဝူရှင်းယွမ်၏ ရုံးခန်းထဲသို့ ရောက်လာကာ နောက်ဆုံးတွင် သူက လုံးဝ သည်းမခံနိုင်တော့သည်အထိပင် ဖြစ်လေသည်။ 


"ငါတို့ ဒါကို ဒီအတိုင်း မေ့လိုက်ရင်ရော..."


ရှစ်ကျန်းက သူက အမှန်တကယ်ပင် ကံမကောင်းဟု ခံစားလိုက်ရပေသည်။ သို့မဟုတ်ပါက သူက ဤကဲ့သို့အခွင့်အရေးရပြီးပြီးချင်းမှာပင် ဤကိစ္စနှင့် ကြုံရမည် မဟုတ်ပါပေ။ 


"သူက သူဌေးရဲ့ ချစ်သူလေးလေ... သူက ငါ့ကို စာချုပ်မချုပ်စေချင်နေတာ ရှင်းနေတာပဲ... ဒါဆိုရင် ကုမ္ပဏီက ငါ့ကို သူ့ကြောင့် ရင်းမြစ်တွေ ပေးနိုင်မှာမဟုတ်ဘူး... ပြန်တွေးကြည့်လိုက်ရင် မင်းပါ ဒီကိစ္စထဲ ဆွဲသွင်းခံရပြီး လော့ချင်းကိုပါ ဝင်ပါခိုင်းရလိမ့်မယ်... ဒီကိစ္စကို မေ့လိုက်ကြတာပေါ့..."


ဤသည်က လုပ်ဖော်ကိုင်ဖက်များကြားတွင် ဖြစ်သည့် ရိုးရှင်းသော ထိခိုက်မှုဆိုပါက ရှစ်ကျန်းက များစွာ စိတ်ထဲထည့်မည် မဟုတ်ပါပေ။ သို့သော် ဖန်ရှန့်ကျယ်က အနေအထားတစ်ခုရှိနေပေသည်။ 


လင်းလော့ချင်းနှင့် ဝူရှင်းယွမ်တို့က သူတို့၏ စိတ်ရင်းကောင်းလေးဖြင့် သူ့ကို ကူညီချင်သည် ဖြစ်သည်။ သူက သူတို့အား သူ့ကြောင့် ပြဿနာမတက်လိုပါပေ။ ရှစ်ကျန်းက ၄င်းကို ပိုပြီး တွေးကြည့်လိုက်ရာ သူက ၄င်းကို့ မေ့ပစ်ရန်သာ ဆုံးဖြတ်လိုက်လေသည်။ 


"ငါ့ကြောင့် မင်းတို့ သွားပြီး မထိနိုင်တဲ့လူတွေကို သွားထိစရာမလိုဘူး... လော့ချင်းမှာက အလားအလာရှိတဲ့ အနာဂတ်ရှိသေးတယ်... သွားပြီး ရှုပ်ထွေးစေဖို့ မတန်ပါဘူး..."


လင်းလော့ချင်းက သူ့အတွေးများကိုနားထောင်ကာ ရှစ်ကျန်းက ဖြောင့်မတ်သော လူတစ်ယောက်ဟု ခံစားလိုက်ရပေသည်။ သူက ယခင်ကုမ္ပဏီနှင့် စာချုပ်အဆုံးသတ်ထားသည်မှာ ရှင်းလင်းလှပေသည်။ ယခုတွင် သူက မည်သူ့လက်အောက်တွင်မှ စာချုပ်ချုပ်မထားပါချေ။ သူက ရှင်းရီနှင့် စာချုပ်မချုပ်ပါက မည်သည့်အချိန်မှ နောက်ထပ် ကုမ္ပဏီတစ်ခုအောက်တွင် စာချုပ်ချုပ်နိုင်မည်ကို မည်သူသိပါမည်နည်း။ ဤအခြေအနေများအောက်တွင်ပင် ရှစ်ကျန်းက သူ့ကို တွေးပေးကာ သူ့ကို ဂယက်ရိုက်မည်ကို မလိုလားပါပေ။ 


"အဲ့ဒါက ပြဿနာမဟုတ်ပါဘူး..."


လင်းလော့ချင်းက တည်ငြိမ်စွာဆိုလိုက်သည်။ 

"အစ်ကိုနဲ့ စာချုပ်ချုပ်ချင်တာ ကျွန်တော်လေ... အဲ့ဒါကို စိတ်ပူမနေနဲ့..."


ရှစ်ကျန်းက သူ့အတွက် စာချုပ်မချုပ်ရဲခြင်းပင်။


ဒါပေမဲ့ သူက ဒီကိစ္စကို မကိုင်တွယ်နိုင်ဘူးဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ... သူက သူဌေးကတော်လေ...


သူက ယဉ်ယဉ်ကျေးကျေး ပြောနေတာအသိသာကြီးကို...