🐹အခန်း ၅၅
ဝူယိလေး ပင်လယ်ကို ဖြတ်ကူးနေပါတယ်
နောက်တစ်နေ့ နံနက်စောစော၌ မိုးသောက်နေသည် ပင်လယ်ကြီး၏ မိုးကုတ်စက်ဝိုင်းမှ တဖြည်းဖြည်းချင်း ပေါ်ထွက်လာသည်။ နေရောင်ခြည်နွေးနွေးသည် သင်္ဘောပြတင်းများမှတဆင့် အခန်းအသီးသီးသို့ တိုးဝင်လာသည်။
နျဲ့ရှောင်သည် ကောင်ငယ်လေးအား ပွေ့ဖက်ထားလျက်နှင့် နိုးလာသည်။ မျက်လုံးများ ဖွင့်လိုက်သည်နှင့် သင်္ဘောအပြင်မှ ငြိမ်သက်အေးချမ်းနေသော ပင်လယ်ရေပြင်နှင့် ငြိမ်းချမ်းစွာ အိပ်ပျော်နေသော ပေါင်ပေါင်း၏ မျက်နှာလှလှလေးအား မြင်တွေ့ရသည့်အခါ ကမ္ဘာပျက်ကပ် မစတင်မီအချိန်သို့ ပြန်လည်ရောက်ရှိနေသည်ဟု ခံစားမိသည်။
သို့သော်လည်း အသိစိတ်ပြန်ဝင်လာချိန်၌ နှလုံးသားထဲ၌သာ သက်ပြင်းရှိုက်မိတော့သည်။ ထိုသို့ အမှန်တကယ် ဖြစ်လာလျှင် ကောင်းပေမည်။
နျဲ့ရှောင် လုံးလုံးလျားလျား နိုးထလာပြီး လက်ဆန့်ကာ ပေါင်ပေါင်း၏ ပါးအိအိလေးအား ဖျစ်ညှစ်ကာဖြင့် ညင်သာနူးညံ့စွာ နှိုးလိုက်သည်။
“ပေါင်ပေါင်း ထတော့နော်.. နေထွက်လာပြီလေ.. ဒီနေ့ ပင်လယ်ကို ဖြတ်ကြမှာကွ..”
ဤသို့ကြားသည့်အခါ ရှောင်ဝူယိသည် အိပ်မှုန်စုန်မွှား မျက်လုံးလေးများဖြင့် ချက်ချင်းထထိုင်ပြီး ခေါင်းပေါ်မှ နူးနူးညံ့ညံ့ ဆံပင်ခွေခွေလေးများမှာလည်း ဟိုတစ်စ ဒီတစ်စဖြင့် ရှုပ်ပွလျက်ရှိသည်။ လက်ကလေးမြှောက်ကာ မျက်လုံးများအား ပွတ်လိုက်သည်။ အသံလေးမှာလည်း ရေနွေးအိုးထဲမှ ထုတ်ကာစ လတ်လတ်ဆတ်ဆတ် ဆန်ကိတ်လေးသဖွယ် နူးညံ့ကာ ချွဲတွဲတွဲလေး ဖြစ်နေသည်။
“ဂွတ်မောနင်း ဒယ်ဒီ~”
ချစ်စဖွယ်ပေါင်ပေါင်းကြောင့် နျဲ့ရှောင်၏ နှလုံးသားလေး တစ်မဟုတ်ချင်း အရည်ပျော်သွားရသည်။ ခေါင်းငုံ့ကာ ပေါင်ပေါင်းအား နံနက်ခင်းအနမ်းလေး ပေးလိုက်သည်။
နံနက်ခင်းအနမ်းလေး ရရှိလိုက်သော ကောင်ငယ်လေးသည် အလွန်အမင်း စိတ်ကျေနပ်သွားဟန် ရှိသည်။ ခေါင်းကလေး နောက်သို့ယိုင်လဲကျသွားပြီးနောက် စောင်ပုံထဲသို့ဝင်ကာ အရိုးမဲ့သတ္တဝါတစ်ကောင်ကဲ့သို့ ပျော့ခွေလျက် အိပ်ပျော်သွားပြန်သည်။
ပေါင်ပေါင်းအား တစ်ချိန်လုံး စောင့်ကြည့်နေသူ နျဲ့ရှောင်မှာ ရယ်ရမည်လော ငိုရမည်လော မသိတော့ချေ။
အဆုံးတွင် ဟမ်းစတားအသွင်ပြောင်းကာ မျက်လုံးများမှိတ်ကာဖြင့် အောင်မြင်စွာ ဟမ်းစတားကိတ်မုန့်လေး ဖြစ်လာပြီး စောင်ပုံအိအိထဲ ခပ်ထွေးထွေးလေး လှဲနေသော ကောင်ငယ်လေးကိုသာ ကူကယ်ရာမဲ့စွာ ကြည့်နေမိတော့သည်။ ဆန်မုန့်လုံးလေးသည် ချစ်စဖွယ်ကောင်းသည် အသံသေးသေးလေး ပြုလာသည်။
“ချိ..” ဒီနေ့ ပေါင်ပေါင်းကို ငပျင်းအိပ်ရာနတ်ဆိုးကြီးက အနိုင်ယူသွားတာကြောင့် ဒယ်ဒီက အိတ်ကပ်ထဲထည့်ပြီး သယ်သွားပေးဖို့ လိုတယ်နော်.. 😗
ထိုစကားအား ကြားသည့်အခါ နျဲ့ရှောင် ပြုံးလျက်နှင့် ခေါင်းယမ်းလိုက်မိသည်။ ဆန်မုန့်လုံးလေးအား ကူကယ်ရာမဲ့စွာဖြင့် ကျေနပ်မှုရှိရှိ ကောက်ယူလိုက်သည်။ သူ၏ အိတ်ကပ်အတွင်းသို့ မထည့်မီ ပေါင်ပေါင်းအား ဘောလုံးသဖွယ် အလုံးလေးဖြစ်လာစေရန် လက်ဖဝါးပေါ်တွင် အကြိမ်အနည်းငယ်ခန့် လုံးပစ်လိုက်သည်။
“ဒါဆိုလည်း အိပ်ပါတော့ ဒယ်ဒီ့ ချုံပေါင်ရေ..”
***
နျဲ့ရှောင်သည် ဟမ်းစတားလေးအား ခပ်သွက်သွက်လေး သန့်ရှင်းရေး လုပ်ပေးပြီးနောက် ထမင်းစားခန်းအတွင်းသို့ ဝင်လာလိုက်သည်။
ဝူချင်ဖုန်းနှင့် လောယွင်ဟိုင်တို့အဖွဲ့သည် နျဲ့ရှောင်တစ်ဦးတည်း ထွက်လာသည်ကို မြင်သောအခါ ဘေးဘီကြည့်ကာ မေးလိုက်သည်။
“မင်းရဲ့ မိသားစုဝင်လေး ဝူယိက ဘယ်မှာလဲ.. မင်းတို့က ဘာဖြစ်လို့ အတူတူ မလာကြတာလဲ..”
နျဲ့ရှောင် ကူကယ်ရာမဲ့စွာဖြင့် ရယ်မောလိုက်ပြီး သူ၏ ရင်ဘတ်ရှိ အိတ်ကပ်ဖောင်းဖောင်းအား ညွှန်ပြလိုက်သည်။
“ဒီမှာ အိပ်နေလေရဲ့.. ဟုတ်တယ်မဟုတ်လား ငပျင်းလေး ဝူယိ..”
ထိုသို့ကြားသည့်အခါ ဟမ်းစတားလေးသည် သူ၏ လက်သည်းလေးများဖြင့် အိတ်ကပ်အစွန်းသို့ တွယ်တက်လာပြီးနောက် လက်ကလေး ဝှေ့ယမ်းပြပြီးနောက် ပြန်အိပ်သွားပြန်သည်။
ထိုမြင်ကွင်းကြောင့် ဝူချင်ဖုန်းနှင့် လောယွင်ဟိုင်တို့အဖွဲ့မှာ ကြောင်အသွားလေသည်။ ပတ်ပတ်လည်ရှိ လူများအား အံ့ဩတကြီး ကြည့်လိုက်ရာတွင် နင်ဖုန်းနှင့် အခြားသူများမှာ ထိုမြင်ကွင်းအား ရိုးနေဟန်ပင်ရှိသည်။
“ဂုဏ်ယူပါတယ်.. မင်းတို့ကောင်တွေ ဟမ်းစတားနတ်သားလေးကို အောင်မြင်စွာ တွေ့ရှိသွားကြပါပြီ.. ဟားဟားဟား..”
နင်ဖုန်းသည် ဝူချင်ဖုန်းတို့အဖွဲ့အား အကြင်နာကင်းမဲ့စွာ ပြုံးပြလိုက်သည်။
ဝူချင်ဖုန်းနှင့် လောယွင်ဟိုင်တို့ အဖွဲ့သည် နျဲ့ရှောင်၏ အိတ်ကပ်အတွင်းရှိ ဆန်မုန့်လုံးလေးအားကြည့်ကာ အသက်ပြင်းပြင်း ရှိုက်လိုက်ကြပြီး ဤအချက်အလက်အား လက်သင့်ခံနိုင်ရန် အချိန်အတော်ကြာ ယူလိုက်ရသည်။ ထို့နောက် အခန်းအတွင်းရှိလူများအား မနေနိုင်ဘဲ ကြည့်လိုက်ကြသေးသည်။
ပိုဆီယာနှင့် ‘ထို’ လူများအား အဓိက အာရုံစိုက်ပြီး ကြည့်ခြင်းပင်။
“ဒီအနည်းစုကလွဲရင် နောက်ထပ် မှော်မျိုးစိတ်တွေ မရှိတော့ဘူးမလား..”
“ဟားဟားဟား.. မရှိပါဘူး.. မရှိတော့ဘူး..”
စားရင်းသောက်ရင်း ရယ်ရယ်မောမောဖြင့် စကားစမြည် ပြောဆိုပြီးနောက် ရွက်လွှင့်ရန် အသင့်ဖြစ်ကြလေပြီ။ မျှော်လင့်မထားသည့် အဖြစ်အပျက်များသာ ရှိမလာခဲ့ပါက ရေလက်ကြား၏ တစ်ဖက်ခြမ်းရှိ ဟိုင်ချန်သို့ တစ်ရက်အတွင်း ရောက်နိုင်ပေမည်။
သင်္ဘောစတင်ရွက်လွှင့်ခြင်းမှာ ချောချောမွေ့မွေ့ပင်။ ပင်လယ်လှိုင်းကြီးများ၏ ရိုက်ပုတ်သံမှာ မိုးခြိမ်းသံတမျှ ကျယ်လောင်လှသည်။ သင်္ဘောသည် ဟိုင်ချန်သို့ အလွန်လျှင်မြန်သောအရှိန်ဖြင့် ခုတ်မောင်းနေလေသည်။
****
တစ်ချိန်တည်းမှာပင် ဟိုင်ချန်၌။
ဖုန်းတောက်နှင့် ဖုန်းချန်း ညီအစ်ကိုမှာ စိတ်ဓာတ်ကျမှု အပြည့်ပင်။ မည်သို့ဖြစ်မှန်းမသိသော်လည်း သူတို့၏ဘေးတွင် အသက်ရှင်သန်သူများ ပိုမိုများပြားလာသည်။
ထိုပြဿနာပေးလွန်းသော အဖွဲ့တွင် အရူးလုပ်ရန် ခက်သည့် ကမ္ဘာပေါ်မှ သိပ္ပံပညာရှင်များလည်း ပါဝင်သည်။ ထိုသူများ၏ ထိုးထွင်းသိမြင်နိုင်စွမ်းကြောင့် ဖုန်း ညီအစ်ကိုမှာ ဂြိုလ်သားများဖြစ်သည် ဟူသော အချက်အလက်အား မတော်တဆ ထုတ်ပြမိမည်ကို အလွန်အမင်း စိုးရိမ်ထိတ်လန့်နေရသည်။
သူတို့သည် လက်ရှိတွင် မူလတန်းကျောင်းတစ်ခု၌ နေထိုင်ကြသည်။ ကျောင်းအတွင်းရှိ ဇွန်ဘီများအား ရှင်းလင်းပြီးနောက် ယာယီခံတပ်တစ်ခု ဖြစ်လာသည်။
“အစ်ကိုရေ.. ငါတို့ထွက်ပြေးဖို့ အခွင့်အရေး ရှိဦးမယ်လို့ မင်းထင်လား..”
ဖုန်းချန်း နိုးလာပြီးနောက် စာသင်ခုံများစုကာ ပြုလုပ်ထားသော ယာယီကုတင်ပေါ်၌ 大 စာလုံးသဏ္ဌာန်ဖြင့် လှဲရင်း မျက်နှာကျက်အဖြူအား ကြည့်နေလေသည်။ ထို့နောက် ခေါင်းစောင်းကာ အစ်ကိုဖြစ်သူအား လှည့်ကြည့်လိုက်သည်။
“မမေးနဲ့ကွာ..”
ဖုန်းတောက်သည် ထိုအကြောင်းအား စဉ်းစားသည်နှင့် ခေါင်းကိုက်လာရသဖြင့် ညီဖြစ်သူအား ပြစ်တင်ကြိမ်းမောင်းမိတော့သည်။
“ဒါတွေအကုန် မင်းကြောင့်ဖြစ်ရတာ.. အဲဒီ ကမ္ဘာသားတွေကို ခေါ်ပြီး လူလိုက်ကယ်နေတာလေ.. အခုတော့ လစ်ပြေးလို့တောင် မရတော့ဘူးကွ..”
ထိုအကြောင်းအား ကြားသည့်အခါ ဖုန်းချန်း အနည်းငယ် မကျေမနပ် ဖြစ်မိသည်။ နှုတ်ခမ်းအားမဲ့ကာဖြင့် ပြောလေသည်။
“စစချင်းတုန်းက လူတွေကို ကယ်နေတာ မင်းဆိုတာ အသိသာကြီးနော်..”
ဤကိစ္စနှင့် စပ်လျဉ်း၍ ဖုန်းတောက် မျက်နှာအား လက်ဖြင့်ပွတ်လိုက်မိသည်။ ချီကျန်းမျိုးနွယ်ဝင် တစ်ဦးအနေဖြင့် အကူအညီ တောင်းဆိုသံ ကြားချိန်တွင် အကူအညီမပေးဘဲ နေနိုင်ရန်မှာ မဖြစ်နိုင်ပေ။
“လုံးဝပြီးပြည့်စုံတဲ့ ကမ္ဘာကြီးက ဘယ်လိုလုပ်ပြီး ရုတ်တရက် ငရဲလို ဖြစ်သွားရလဲဆိုတာ ပြောကြည့်ပါဦးကွာ..”
ဖုန်းတောက် အံ့အားသင့်စွာဖြင့် ဝေဖန်ပြောဆိုမိသည်။
ထိုအချိန်မှာပင် တံခါးတစ်ဖက်မှ ညီငယ်လေးများ၏ အလွန်ပျော်ရွှင်အံ့အားသင့်နေသော အသံများ ထွက်ပေါ်လာသည်။ နံနက်စောစော၌ အလွန်တရာ စိတ်အားတက်ကြွနေပုံရသည်။
“အစ်ကိုချန်းရေ.. အစ်ကိုတောက်ရေ.. သတင်းကောင်းဗျို့.. ဒေါက်တာဝေ့ တို့က ပြည်မနဲ့ ဆက်သွယ်နိုင်သွားပြီတဲ့.. မြန်မြန်လေး ထွက်လာကြည့်ကြဦး..”
ထိုအသံအား ကြားချိန်တွင် ဖုန်းတောက်နှင့် ဖုန်းချန်းတို့ ရုတ်တရက် လှည့်ပြီး ထထိုင်လိုက်ကြသည်။ အချင်းချင်းကြည့်ပြီးနောက် အပြင်ဘက်ရှိ ကစားကွင်းဆီသို့ အလျင်စလို လမ်းလျှောက်သွားကြသည်။
များပြားသည့် လူများမှာ လူစုလူဝေးတစ်ခုအဖြစ် စုဝေးလျက်ရှိသည်။
ဝေ့ဟန်မင်နှင့် ပိုင်ယွဲ့သည် လူစု၏အလယ်တွင် ရပ်နေကြသည်။ သူတို့သည် သာမန်လူများ နားမလည်နိုင်သော သင်္ကေတများ ပါဝင်သည့် အနက်ရောင်စက်တစ်လုံးအား အသုံးပြုနေကြသည်။
ထိုမြင်ကွင်းအား မြင်ရသည့်အခါ ဖုန်းညီအစ်ကို နှစ်ဦးမှာ ဝေ့ဟန်မင်နှင့် ပိုင်ယွဲ့အား အမှန်တကယ် လေးစားအားကျသွားမိသည်။
ဤကဲ့သို့သော ပတ်ဝန်းကျင်မျိုး၌ပင် ထိုသိပ္ပံပညာရှင်များသည် အနီးအနားရှိ အကြမ်းထည်ပစ္စည်းများအား အသုံးပြုကာ အလင်းရောင်ထွက်ပေါ်လာစေသည်။ အကယ်၍ ဤဉာဏ်ကြီးရှင်များကိုသာ ကမ္ဘာ့အပြင်ဘက်မှ ဂြိုလ်များထံ ခေါ်ဆောင်သွားမည်ဆိုလျှင် သူတို့၏ အောင်မြင်မှုများမှာ နိမ့်ကျလိမ့်မည် မဟုတ်ချေ။
သနားဖွယ်ရာမှာ ကမ္ဘာကြီး၏ တိုးတက်မှု အဆင့်အတန်းမှာ မလုံလောက်လေးပေ။ အကယ်၍ ဤမျိုးစေ့ကောင်းများကိုသာ ကမ္ဘာအပြင်ဘက်သို့ အတင်းအကြပ် ဆွဲခေါ်သွားမည်ဆိုပါက ကမ္ဘာကြီး၏ တိုးတက်မှု ဆုတ်ယုတ်ကာ လုံးလုံးလျားလျား ပြိုလဲသွားနိုင်သည်။
ဤအချက်များကြောင့် ကြယ်တာရာခေတ်သို့ ဝင်ရောက်ခြင်း မရှိသေးသော သက်ရှိဂြိုလ်များအား အကာအကွယ်ပေးရန်နှင့် သူတို့ ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်လာစေရန် မဟာမိတ်ဥပဒေ၌ စည်းမျဉ်းဥပဒေများ ရေးဆွဲထားခြင်း ဖြစ်သည်။
အကယ်၍ ဖွံ့ဖြိုးဆဲဖြစ်သော သက်ရှိဂြိုလ်များအား ခေတ်သစ်သို့ အတင်းအကြပ် ဆွဲခေါ်ယူလိုက်မည်ဆိုပါက ကိုလိုနီကျူးကျော်မှုနှင့် ကွာခြားတော့မည် မဟုတ်ချေ။
ဖုန်းတောက်သည် ဟိုရောက်ဒီရောက်ဖြစ်နေသော အတွေးရထားအား မရပ်တန့်နိုင်ချေ။ သို့သော်လည်း များမကြာမီမှာပင် ခေါင်းယမ်းကာ အတွေးစများအား မောင်းထုတ်လိုက်သည်။ ထို့နောက် ဝေ့ဟန်မင်တို့ထံသို့ လျှောက်သွားလိုက်သည်။
"ဆက်သွယ်ရေး အခြေအနေ ဘယ်လိုလဲ.."
ဝေ့ဟန်မင်နှင့် ပိုင်ယွဲ့တို့မှာ မျက်နှာပေါ်ရှိ အပျော်များအား မထိန်းချုပ်နိုင်တော့ချေ။
"အရမ်းအဆင်ပြေတယ်.."
ပိုင်ယွဲ့သည် လက်ထဲတွင် ဆက်သွယ်ရေးမှတ်တမ်းများပါဝင်သော စာရွက်တစ်ရွက်အားကိုင်ကာ စိတ်လှုပ်ရှားမှုကြောင့် မျက်နှာနီမြန်းနေသည်။ ဖုန်းတောက်နှင့် ဖုန်းချန်းသို့ဘက်သို့လှည့်ကာ ထိုထဲတွင်ပါဝင်သည့် စာများအား ဖတ်ပြလိုက်သည်။
“ဝူယိအခြေစိုက်စခန်းနဲ့ မြို့တော်အခြေစိုက်စခန်းက ပြန်ပြောထားတယ်.. ဟိုင်ချန်ကို အစောကတည်းက သူတို့လူတွေ လွှတ်ထားတယ်တဲ့.. အခုလာနေတဲ့လမ်းမှာ ရောက်နေကြပြီတဲ့.. သူတို့ရဲ့ ခန့်မှန်းချက်အရ သိပ်မကြာခင် ရောက်ကြလိမ့်မယ်တဲ့.. ကျွန်တော်တို့ ပြဇာတ်ရုံထဲ မပိတ်မိခင် ပို့လိုက်တဲ့ စာကိုလည်း ရပါတယ်တဲ့.. ပြည်မကြီးက ဒီကျွန်းမြို့လေးမှာ ကျန်နေတဲ့ ငါတို့ကို မေ့မထားဘူး..” (╥﹏╥)
“တကယ်လား.. ကောင်းတယ်ဟေ့..”
ထိုစကားများအား ကြားသည့်အခါ ဘေးနားရှိ ညီငယ်လေးများသည် သူတို့၏ စိတ်လှုပ်ရှားမှုအား မဖုံးကွယ်နိုင်တော့ချေ။ ရုတ်တရက်ဆိုသလို တစ်ယောက်နှင့်တစ်ယောက်ဖက်ကာ ငိုကြွေးကြလေသည်။
ကမ္ဘာပျက်ကပ် ဆိုက်ရောက်ပြီး ရက်ပေါင်းများစွာ ကုန်လွန်ပြီးနောက် ဟိုင်ချန်မှာ မည်သူကမျှ ဂရုမထားသော သီးခြားကျွန်းတစ်ခုအဖြစ်သို့ ရောက်ရှိတော့မည်ဟု ခံစားမိခဲ့ကြသည်။
“အပြင်ဘက်ကလူတွေက ငါတို့ရဲ့ တည်ရှိမှုကို မေ့သွားကြပြီလို့ ထင်နေခဲ့တာ..”
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူတို့၏ ဆက်သွယ်ရေးကိရိယာများထံသို့ ပြည်မကြီးရှိ အခြေစိုက်စခန်းများထံမှ စာတိုများ လက်ခံရရှိခဲ့ကြသော်လည်း ဟိုင်ချန်မှ လူများအနေဖြင့် မည်သို့မျှ ပြုလုပ်နိုင်စွမ်း မရှိကြပေ။
ရေနေသတ္တဝါများသည်လည်း ဇွန်ဘီအဖြစ် အသွင်ပြောင်းသွားခဲ့ကြသည်။ မကုန်ခမ်းနိုင်သည့် ခွန်အားရှိမည်ဆိုလျှင်ပင် ပင်လယ်သို့ဖြတ်ကူးပြီး ပြည်မရှိ အခြေစိုက်စခန်းတစ်ခုကို ရှာဖို့ရန်မှာ စိတ်ကူးမျှသာ။
ကံအားလျော်စွာပင် သူတို့အား အမှတ်ရနေသူများ ရှိနေဆဲပင်။
ထိုသတင်းအား ကြားသည့်အခါ ဖုန်းတောက်နှင့် ဖုန်းချန်းတို့သည်လည်း နှုတ်ခမ်းများ ကွေးညွတ်သွားကြသည်။ သူတို့၏ နှလုံးသား အောက်ခြေမှနေ ကမ္ဘာသားများ ဤကပ်ဘေးဒုက္ခမှ ရှင်သန်ကြစေလိုသည်။
သို့သော်လည်း လက်ရှိအချိန်တွင် ဤကပ်ဘေး အဆုံးသတ်ဖို့ရန် အလှမ်းဝေးလွန်းလှသည်။ သူတို့၏ အိမ်ပြန်မည့် မျှော်လင့်ချက်သည်ပင်လျှင် မဖြေရှင်းနိုင်သည့် ပြဿနာတစ်ခု ဖြစ်နေဆဲပင်။ အဆက်အသွယ်များ ပြတ်တောက်သွားသဖြင့် သူတို့၏ မိသားစုများမှ စောစီးစွာ ရှာတွေ့နိုင်ရန်သာ မျှော်လင့်ရတော့မည်။
ထိုသို့ပြောရလျှင် ထူးဆန်းလှသည်။ ကမ္ဘာသားတို့၏ ကိုယ်ပိုင်ဆက်သွယ်ရေးကွန်ယက် ပျက်စီးသွားသည့်လျှင်ပင် မည်သည်ကြောင့် သူတို့၏ အချက်ပြမှုများ ပေးပို့နိုင်ခြင်း မရှိရမည်နည်း။
***
ထိုအချိန်တွင် နျဲ့ရှောင်တို့အဖွဲ့၏ ပင်လယ်ပြင်မှ အခြေအနေမှာ ထင်ထားသည်ထက် ပိုမိုကာ အန္တရာယ်များလှသည်။
ယခင်က သင်္ဘောအား ကမ်းခြေတွင်သာ ရပ်တန့်ထားပြီး ရွေ့လျားခြင်း မရှိသဖြင့် အသံထွက်ပေါ်ခြင်း မရှိချေ။ ထို့ကြောင့် ဇွန်ဘီငါးများ၏ နှောင့်ယှက်ခြင်းအား မခံခဲ့ရပေ။ ယခုအခါတွင်မူ ပင်လယ်ပြင်တွင် ရွက်လွှင့်နေပြီ ဖြစ်သဖြင့် သက်ရှိတစ်ကောင်နှင့် မခြားတော့ပေ။
သင်္ဘော၏ ရွေ့လျားမှုသည် ပင်လယ်အား လှိုင်းထစေပြီး မရေမတွက်နိုင်သည့် ဇွန်ဘီငါးများအား ဘေးသို့ ကူးခပ်လာစေရန် ဆွဲဆောင်နေသည်။ ရေအောက်မှ ကြီးမားသော အရိပ်မဲကြီးတစ်ခုသည် သင်္ဘော၏ ကိုယ်ထည်အား ဆိုးဆိုးဝါးဝါး တိုက်ခိုက်လာသည်။ သင်္ဘောအား ဝင်ဆောင့်လိုက်သဖြင့် တချွင်ချွင်အသံမြည်ကာ သင်္ဘောကိုယ်ထည်တစ်ခုလုံး ယိမ်းထိုးသွားသည်။
ပိုဆီယာသည် မျက်လုံးမှိတ်ကာ ပင်လယ်တစ်လျှောက် လှုပ်ရှားမှုများအား အာရုံခံလိုက်ပြီးနောက် သူ၏မျက်နှာမှာ အလွန်လေးနက်သွားသည်။ သင်္ဘော၏ ဆူညံသံကြောင့် လီ ၁၀၀ အတွင်းရှိ ဇွန်ဘီငါးများသည် အသံထွက်ပေါ်လာရာ နေရာသို့ ကူးခပ်လာကြသည်။ (၁ လီ = မီတာ ၅၀၀)
“ဒီလိုဆိုရင် အလုပ်ဖြစ်မှာ မဟုတ်ဘူး.. ပင်လယ်နက်ထဲက ဝေလငါးမန်းတွေကိုပါ ဆွဲဆောင်မိမယ်ဆိုရင် သင်္ဘောပေါ်မှာရှိတဲ့ သူအကုန် သေပြီပဲ..”
ဤသို့ကြားရသည့်အခါ လူတိုင်း၏ အမူအရာမှာ အနည်းငယ် လေးနက်လာကြသည်။ နင်ဖုန်းသည် လေယာဉ်တစ်စင်းလောက် မရှာခဲ့မိသည်ကို ခေတ္တမျှ နောင်တရသွားမိသည်။ သို့သော်လည်း သေသေချာချာ စဉ်းစားပြီးနောက်တွင် ကောင်းကင်ပေါ်ရှိ ဇွန်ဘီငှက်များနှင့် ရောဂါပိုးများအကြောင်း တွေးမိပြီးနောက် ထိုစိတ်ကူးအား ပယ်ချလိုက်သည်။
ယခုအချိန်ကာလများတွင် ရေကြောင်းဖြင့်ဖြစ်စေ၊ လေကြောင်းဖြင့်ဖြစ်စေ သွားလာရန်မှာ အလွန်ခက်ခဲလှသည်။
နျဲ့ရှောင်သည် ပင်လယ်ရေပြင်ထက်ပေါ်လာသည့် ဇွန်ဘီငါးများအား မြင်တွေ့သည့်အခါ သင်္ဘောမောင်းသူနေရာအား နင်ဖုန်းထံပေးကာ သွမ့်ဝမ်ယွီတို့နှင့်အတူ ကုန်းပတ်ပေါ်သို့ တက်လေသည်။
“နင်ဖုန်း.. မင်းတို့တွေ လမ်းကြောင်းအတိုင်း ဆက်မောင်းလိုက်ကြ.. ငါတို့က ဇွန်ဘီငါးတွေကို သွားရှင်းရမယ်..”
"နားလည်ပါပြီ ဘောစ့်.."
ထိုအချိန်တွင် နျဲ့ရှောင်၊ သွမ့်ဝမ်ယွီနှင့် ရှောင်ယန်တို့၏ မိုးကြိုး၊ ရေ နှင့် ရေခဲစွမ်းအင်များ အတူတကွစုစည်းကာ အဓိကအင်အားစုအဖြစ် တိုက်ပွဲဝင်သည်။ ကျန်းချိုး၏ သတ္တုစွမ်းရည်အား သင်္ဘောကိုယ်ထည် အားဖြည့်ခြင်းနှင့် ပြင်ဆင်ရာတွင် အဓိက အသုံးပြုသည်။
ကျန်းချိုးသည် သင်္ဘောလက်ရန်းအားကိုင်ကာ ပင်လယ်ပြင်ရှိ ဇွန်ဘီငါးများနှင့် ရင်ဆိုင်တိုက်ခိုက်ရင်း ဆဲရေးမိတော့သည်။ သို့သော်လည်း စတင်ခဲ့ပြီးဖြစ်သော သင်္ဘောကိုယ်ထည်တွင် သတ္ထုဆူးချွန်များ ဆက်လက်ဖန်တီးနေလေသည်။
“ဒီစောက်ရေးထဲမှ.. လာလေ.. ဝင်တိုက်ပစ်စမ်းပါ.. ဒါတွေက မင်းတို့ကို မသေစေပါဘူးကွ.. လောင်ဇီက လှိုင်းမူးနေပြီဟေ့.. ဖာ့ခ်”
နျဲ့ရှောင်သည် သူ၏စွမ်းရည်ဖြစ်သည့် မိုးကြိုးနှင့် လျှပ်စီးများဖြင့် ပင်လယ်ရေပြင်ထက်သို့ အညှာအတာမဲ့စွာ တိုက်ခိုက်နေသည်။ ချက်ချင်းဆိုသလို ဇွန်ဘီငါးများ၏ မီးလောင်ပျက်စီးသွားသော အစိတ်အပိုင်းများ ပေါလောပေါ်လာသည်။ တစ်ခုတည်းသော ဆိုးဝါးသည့် အရာမှာ ကျန်းချိုးနှင့် သင်္ဘောပေါ်ရှိ လူတိုင်းသည် အနည်းငယ် “ထုံကျဉ်” သွားကြခြင်းပင်။
သင်္ဘောပေါ်ရှိ သတ္တုများမှာ လျှပ်ကူးပစ္စည်းများ ဖြစ်ကြသည်။
“နျဲ့ရှောင်.. ဒီ ပေါက်လွှတ်ပဲစား တိုက်ကွက်က ဘာလား..”
ကျန်းချိုး အော်ကာဟစ်ကာ ဆဲဆိုတော့သည်။
နျဲ့ရှောင် အပြစ်ရှိစိတ်ဖြင့် နှာခေါင်းအား ထိလိုက်သည်။
“မရည်ရွယ်ပါဘူး..”
ဝူချင်ဖုန်းနှင့် သာမန်စစ်သားများသည် ရန်ဖြစ်နေသူ နှစ်ဦးအားကြည့်ကာ အနည်းငယ် စိတ်သက်သာရာ ရသွားကြသည်။ ဤနေရာတွင် အစွမ်းထက် စွမ်းရည်ပိုင်ရှင်အချို့ ရှိလေရာ သေချာပေါက် ပြဿနာကြီးကြီးမားမား မရှိနိုင်ပေ။
ပိုင်မေ့သည် ထိုမြင်ကွင်းအားကြည့်ကာ နှုတ်ခမ်းများ မဲ့ကျသွားပြီးနောက် များမကြာမီတွင် ဇွန်ဘီဘုရင်စွမ်းအားကို တိတ်တဆိတ် ထုတ်လွှတ်လိုက်သဖြင့် ချက်ချင်းဆိုသလို ဇွန်ဘီငါး အရေအတွက် လျော့ကျသွားသည်။
သို့သော်လည်း လူတိုင်း သူတို့၏ သတိအနေအထားအား ဖြေလျော့လိုက်စဉ်မှာပင် အလွန်တရာ ကြီးမား၍ ကြောက်မက်ဖွယ်ရာ အရိပ်တစ်ခုသည် ပင်လယ်နက်ပိုင်းမှတဆင့် သင်္ဘော၏ အောက်ခြေတွင် တိတ်တဆိတ် ပေါ်ထွက်လာသည်။
ယင်းသည် တိတ်တဆိတ် ချဉ်းကပ်လာခဲ့ခြင်းပင်။
၎င်းသည် လူများ
အာရုံခံနိုင်သည့် နယ်ပယ်အတွင်းသို့ ရောက်လာချိန်၌ သွမ့်ဝမ်ယွီ၊ ပိုဆီယာနှင့် ပိုင်မေ့တို့၏ အမူအရာများ တစ်ပြိုင်နက်တည်း အလွန်ဆိုးဝါးစွာ ပြောင်းလဲသွားကြသည်။
“အားးးး သေပြီ.. မကောင်းတော့ဘူးဟေ့..”