အပိုင်း ၅၆
Viewers 8k


🐹အခန်း ၅၆

 ဝူယိလေး နှင့် ဇွန်ဘီဘုရင်ဝေလငါးကြီး




လူသုံးယောက်ထံမှ အသံများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် လူတိုင်း၏ မျက်လုံးထဲ၌ ကြီးမားသောအရိပ်ကြီး ပေါ်ထွက်လာသဖြင့် ဦးရေပြားများပင် ထုံကျဉ်လာရသည်။


နျဲ့ရှောင် စိတ်ထဲမှ ‘မကောင်းတော့ဘူး’ ဟု အော်လိုက်ပြီးနောက် ထိန်းချုပ်ခန်းအတွင်းရှိ နင်ဖုန်းအား ချက်ချင်း အော်ပြောလိုက်သည်။


“မြန်မြန် အရှိန်တင်ပြီး ညာဘက်ကို မောင်း..”


နင်ဖုန်းနှင့် အခြားသူများသည် နျဲ့ရှောင်၏အသံကို ကြားသည့်အခါ တုံ့ဆိုင်းမနေရဲချေ။ ‘ပဲ့ထိန်း’ အား အလွန်လျင်မြန်သော အရှိန်ဖြင့် လက်ယာဘက်သို့ ချက်ချင်းလှည့်လိုက်ပြီး အရိပ်မဲကြီးထံမှ ခက်ခက်ခဲခဲ တိမ်းရှောင်လိုက်ရသည်။ 


ထို့နောက် လူတိုင်းသည် ဖိနှိပ်မှုအပြည့်ရှိနေသော တောင်ပူစာတစ်ခုကဲ့သို့ ပင်လယ်အောက်မှ ထွက်ပေါ်လာသည့် ဧရာမ ဇွန်ဘီဝေလငါးကြီးအား မြင်လိုက်ကြလေသည်။


၎င်း၏ ပေါ်ထွက်လာမှုသည် ကြီးမားသော လှိုင်းလုံးကြီးများအား ဖြစ်စေကာ အနီးအနားမှ မရေမတွက်နိုင်လောက်အောင် များပြားသည့် ဇွန်ဘီငါးလေးများအား လွင့်ပျံသွားစေသည်။ ဇွန်ဘီငါးအချို့သည် ကုန်းပတ်ပေါ်သို့ ကျလာပြီး ‘တဖျတ်ဖျတ်’ အသံများဖြင့် ရေထဲသို့ခုန်ဆင်းရန် ရုန်းကန်ကြလေသည်။


သင်္ဘောကိုယ်ထည်တစ်ခုလုံး စောင်းသွားပြီးနောက် သင်္ဘောပေါ်ရှိလူများ ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားကြသည်။ သွမ့်ဝမ်ယွီနှင့် ပိုဆီယာတို့သည် ပင်လယ်အား ထိန်းချုပ်နိုင်ရန် အစွမ်းကုန် ကြိုးစားကြပြီးနောက်တွင် သင်္ဘောအား တည်ငြိမ်ရုံပြုလုပ်နိုင်ခဲ့ပြီး မှောက်မည့်ဘေးမှ လွတ်မြောက်ခဲ့ကြသည်။


သူတို့အရှေ့မှ ကြီးမားထိတ်လန့်ဖွယ်ကောင်းသော ဇွန်ဘီဝေလငါးကြီးအားကြည့်ကာ လူတိုင်း ပြိုလဲကျသွားခြင်း မရှိစေရန် သင်္ဘောလက်ရန်းများအား ခက်ခက်ခဲခဲ ဆုပ်ကိုင်ထားကြရသည်။ မျက်နှာများ ဖြူဖျော့လာပြီးနောက် လေအေးတစ်ရှိုက် ရှူသွင်းလိုက်မိသည်။


ထိုအချိန်တွင် ပိုဆီယာမှာ ယခင်ပြောခဲ့မိသည့် စကားကိုပင် မုန်းတီးလာမိသည်။ 


ဘာကို ပင်လယ်နက်ထဲက ဝေလငါးမန်းတွေလဲ.. သေချာပေါက်ကို နတ်ဆိုးအကြောင်းပြောနေတုန်း နတ်ဆိုးက ပေါ်လာတော့တာပဲ..


ကျန်းချိုး မနေနိုင်တော့ချေ။


“မင်းဒီလောက်စောစော ပေါ်မလာသင့်ဘူးကွ..”


ဟမ်းစတားလေးသည် နျဲ့ရှောင်၏ အိတ်ကပ်ထဲမှ ခေါင်းပြူထွက်လာကာ ကြီးမားပြီး အရုပ်ဆိုးလှသည့် ဇွန်ဘီဝေလငါးကြီးအား မျက်လုံးကလေးပြူးကာ ပါးစပ်အဟောင်းသားဖြင့် ကြည့်နေမိပြီး ကြောက်လန့်တကြား ‘ချိ’ ဟု အော်လိုက်မိသည်။


ဧရာမ ဇွန်ဘီဝေလငါးကြီး ကူးခပ်လာမှုကြောင့် သင်္ဘော လှုပ်လာပြန်သည်။ ဟမ်းစတားလေးသည် လွင့်ထွက်မသွားစေရန် နျဲ့ရှောင်၏ အိတ်ကပ်အစွန်းအား လက်သည်းလေးများဖြင့် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်သည်။


နင်ဖုန်းနှင့် သင်္ဘောထိန်းချုပ်ခန်းအတွင်းရှိ လူများမှာလည်း အနားမယူဝံ့ပေ။ သင်္ဘောအား အရှိန်မြှင့်ကာ ဇွန်ဘီဝေလငါးကြီးထံမှ ထွက်ပြေးလွတ်မြောက်နိုင်ရန် လုပ်ဆောင်နေကြသည်။ သို့သော်လည်း သင်္ဘော၏အရှိန်မှာ သူတို့နောက်မှ လိုက်ဖမ်းနေသော ဧရာမ ဇွန်ဘီဝေလငါးကြီးအား ယှဉ်ပြိုင်နိုင်စွမ်း မရှိပေ။ 


တစ်ချိန်တည်းမှာပင် ရေအောက်ရှိ ဇွန်ဘီငါး တစ်အုပ်သည် သင်္ဘောလမ်းကြောင်းအား ပိတ်ဆို့ထားကြသည်။ ခေတ္တမျှ ကြာပြီးနောက် နင်ဖုန်း၏ နဖူးနှင့် နောက်ကျောတွင် ချွေးအေးများ စီးကျလာသည်။


“ဘောစ့်ရေ.. မကောင်းတော့ဘူးဗျ.. ဇွန်ဘီငါးတွေက သင်္ဘောဒလက်ကို ဖျက်ဆီးနေကြတယ်..”


“ဖာ့ခ်..”


နင်ဖုန်း၏စကားကြောင့် လူတိုင်း ဖြူဖျော့သွားကြသည်။


ဤကဲ့သို့ အရေးကြီးသော အခြေအနေတွင် များများစားစား တွေးတောမှု မပြုနိုင်ကြပေ။ သင်္ဘော၏အရှိန် နှေးလာသည်နှင့်အမျှ သင်္ဘောလိုက်မှ ကပ်လိုက်လာသော ဇွန်ဘီဝေလငါးနှင့် ရင်ဆိုင်ရတော့သည်။ လူတိုင်း ရန်သူအား ထိပ်တိုက်တွေ့ပြီး သေသည်အထိ တိုက်ခိုက်ဖို့ရန်သာ ရှိတော့သည်။


နျဲ့ရှောင်သည် လေ-လျှပ်စီး စွမ်းရည်နှစ်ခုအား လှည့်ပတ်လိုက်ပြီးနောက် လေထဲသို့ တိုက်ရိုက်ခုန်တက်ကာ သူ၏အရှေ့ရှိ ကြောက်မက်ဖွယ်ရာ ဇွန်ဘီဝေလငါးကြီးအား တိုက်ခိုက်သည်။ မိုးကြိုးလျှပ်စီးအား လေဓားသွားများဖြင့် ပေါင်းစပ်ကာဖြင့် ဝေလငါးကြီးအား တိုက်ရိုက်တိုက်ခိုက်သည်။ သို့သော်လည်း ရန်သူထံ၌ ခပ်ရေးရေး ဒဏ်ရာတစ်ခုကိုသာ ဖြစ်ပေါ်ခဲ့သော်လည်း ဤသည်ကပင် ရေအောက်ရှိ ဝေလငါးကြီးအား ဒေါသတကြီးဖြင့် ကြမ်းကြမ်းတမ်းတမ်း တုံ့ပြန်လာစေသည်။


“သေစမ်း.. သူ့အရေပြားက အရမ်းထူနေတယ်..”


ထိုမြင်ကွင်းအား မြင်ရပြီးနောက် ကျန်းချိုး ဆဲရေးလိုက်ပြီး အခြားသူများနှင့်အတူ သူ၏စွမ်းရည်အား ထိန်းချုပ်လိုက်သည်။ ဇွန်ဘီဝေလငါးကြီးအား ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်ပြီးနောက် သင်္ဘောထံ ချဉ်းကပ်လာခြင်းမှ အကောင်းဆုံးကြိုးစား ကာကွယ်ကြသည်။


ထိုအချိန်တွင် ပိုင်မေ့၏ မျက်နှာမှာလည်း အလွန်အကျည်းတန်လျက်ရှိသည်။ ပတ်ပတ်လည်ရှိ ဇွန်ဘီငါးများသည် သူ၏ထိန်းချုပ်မှုကို လက်မခံတော့ဘဲ သင်္ဘောကိုယ်ထည်အား အဆက်မပြတ် တိုက်ခိုက်လျက်ရှိသည်။


ထိန်းချုပ်စွမ်းရည် ဆုံးရှုံးရခြင်းအကြောင်းမှာ ဇွန်ဘီဝေလငါးကြီးကြောင့် ဖြစ်သည်။ ယင်းသည် ဇွန်ဘီဘုရင်အဆင့်ရှိ ဝေလငါးတစ်ကောင်ဖြစ်နိုင်ပြီး သူ့ထက် အနည်းငယ်ပိုကာ အစွမ်းထက်ပေမည်။


ဇွန်ဘီဘုရင် ဝေလငါးကြီးသည် လူတိုင်း၏ သဲသဲမဲမဲ တိုက်ခိုက်မှုများကြောင့် ဒေါသတကြီး ဖြစ်လာကာ ကျယ်လောင်စွာ အော်ဟစ်သံများ အဆက်မပြတ် ထုတ်လွှတ်လေသည်။ ထိုအချိန်တွင် ပိုင်မေ့သည်ပင်လျှင် စိတ်ရှုပ်ထွေးကာ ယင်း၏ ထိန်းချုပ်မှုအောက် ရောက်လုမတတ် ဖြစ်သွားရသည်။


ကံကောင်းစွာဖြင့် ရေသတ္တဝါများ၏ ဉာဏ်ရည်မှာ လူသားများလောက် မြင့်မားခြင်းမရှိပေ။ ဇွန်ဘီဘုရင်အဆင့်ရှိ ဝေလငါးကြီးပင်လျှင် ဇွန်ဘီဒီရေလှိုင်းအား စနစ်တကျ တိုက်ခိုက်ဖို့ရန် အမိန့်ပေးနိုင်လောက်သည်အထိ သန်မာခြင်း မရှိချေ။ မဟုတ်ပါက အခြေအနေမှာ ယခုထက်ပင် ပိုမိုကြောက်မက်ဖွယ် ကောင်းပေလိမ့်မည်။


လောယွင်ဟိုင်သည် ကုန်းပတ်ပေါ်ရှိ ဇွန်ဘီငါးများအား ရှင်းလင်းလျက်ရှိသည်။ အလုပ်ထဲ ဈာန်ဝင်နေရာမှ ပုံမှန်အခြေအနေ ပြန်ရောက်လာပြီးနောက် ဖြူဖျော့နေသည့် ပိုင်မေ့အား မြင်သဖြင့် စိုးရိမ်တကြီး မေးလိုက်သည်။


“ပိုင်မေ့ မင်းအဆင်ပြေရဲ့လား..”


“အဆင်ပြေပါတယ်..”


ပိုင်မေ့သည် ခေါင်းယမ်းလိုက်ပြီးနောက် လျှာကိုက်၍ စိတ်တည်ငြိမ်စေရန် ကြိုးစားသည်။ ထို့နောက် ဖြစ်ပေါ်လာသည့် သံသယအား လူတိုင်းသိအောင် အော်ပြောလိုက်သည်။


“ဒီဝေလငါးက ဇွန်ဘီဘုရင်အဆင့် ဖြစ်နိုင်တယ်.. သူက အဆင့်နိမ့် ဇွန်ဘီငါးတွေကို ထိန်းချုပ်နိုင်တာကြောင့် ငါတို့ ဒီကိစ္စကို မြန်မြန်ဖြေရှင်းမှရမယ်.. မဟုတ်ရင် ဇွန်ဘီငါးတွေ ပိုပိုများလာပြီး ဇွန်ဘီဒီရေ ဖြစ်လာမယ်ဆိုရင် သင်္ဘောက မိနစ်ပိုင်းအတွင်း မှောက်သွားလိမ့်မယ်..”


ထို့အပြင် ပင်လယ်ထဲ ရောက်နေသဖြင့် ပုန်းအောင်းရန်လည်း မရှိပေ။


ပိုင်မေ့၏ စကားအား ကြားသည့်အခါ လူတိုင်း ဆဲရေးမိတော့သည်။ ကျစ်ဟွေ့ကွမ်သည် တိမ်မြူခိုးအသွင်သို့ ပြောင်းလဲပြီးနောက် ရှောင်ယန်၊ ဝူချင်ဖုန်းနှင့် အခြားသူများအား ကောင်းကင်ပေါ်သို့ ခေါ်‌‌ဆောင်သွားသဖြင့် ဇွန်ဘီဘုရင် ဝေလငါးကြီးအား တိုက်ခိုက်ရာ၌ ပိုမိုလွယ်ကူစေသည်။


တိုက်ပွဲပြင်တွင် ဝေလငါးကြီးထံ ဦးတည်နေသော အရောင်အသွေးစုံသည့် စွမ်းရည်အမျိုးမျိုး ပေါ်ထွက်လာသည်။ ပိုင်မေ့သည် သူ၏ ထိန်းချုပ်ခြင်းစွမ်းရည်ကို အသုံးပြုကာဖြင့် ဝေလငါးကြီးအား ဆန့်ကျင်ရင်း သင်္ဘောအား ကာကွယ်လျက်ရှိသည်။


သို့သော်လည်း ဝေလငါးကြီး၏ ခံနိုင်ရည်စွမ်းမှာ အဆုံးမရှိပုံပင်။ နျဲ့ရှောင်နှင့် အခြားသူများ၏ ခံရည်နိုင်နှင့် စွမ်းရည်များ ပေါင်းစပ်လိုက်မည်ဆိုလျှင်ပင် ဝေလငါးကြီးလောက် မမြင့်မားချေ။


ထိုအချိန်တွင် လူတိုင်းသည် ဇွန်ဘီဘုရင်ဟူသည့် အဆင့်အတန်းအား နားလည်သွားပုံရသည်။


ဤအခြင်းအရာများ ဖြစ်ပွားနေချိန်တွင် ဇွန်ဘီဘုရင် ဝေလငါးကြီးသည် ရေအောက်တွင်သာ ရှိနေသည်။ ယင်း ပါးစပ်ဖွင့်လိုက်သည်နှင့် ဇွန်ဘီငါး တစ်ပြုံတစ်မကြီးသည် သူ၏ပါးစပ်အတွင်းသို့ဝင်ကာ အဆက်မပြတ် စွမ်းအင်ဖြည့်ပေးနေမည် ဖြစ်သည်။


ဤကဲ့သို့ ဧရာမ ဇွန်ဘီဘုရင် ဝေလငါးကြီးနှင့် ရင်ဆိုင်ရသည့်အခါ နျဲ့ရှောင်နှင့် အခြားသူများသည် “စိတ်သွားတိုင်း ကိုယ်မပါနိုင်သည့်” အဖြစ်နှင့် ကြုံရတော့သည်။ အမြုတေများအား အဆက်မပြတ် စုပ်ယူသည့်တိုင် ကုန်ဆုံးသွားသည့် စွမ်းရည်များအား အလျင်မီအောင် မဖြည့်တင်းနိုင်ပေ။


နျဲ့ရှောင်သည် ထိုအချိန်တွင် အစွမ်းကုန်သုံး တိုက်ခိုက်နေသော်လည်း သူ၏ အမြုတေစုပ်ယူနိုင်စွမ်းနှင့် ကိုယ်ပိုင်စွမ်းရည်များမှာ နောက်ဆုံးအကန့်အသတ်သို့ ရောက်ရှိနေပြီဖြစ်သည်။ နောက်တစ်ဆင့်သို့ ချိုးဖောက်နိုင်စွမ်း မရှိသေးပေ။


နောက်တစ်ဆင့်သို့ ချိုးဖြတ်ရန် တစ်ဆို့ကြန့်ကြာနေသည့် ခံစားချက်အား သွမ့်ဝမ်ယွီနှင့် အခြားသူများ ကောင်းကောင်းနားလည်ကြသည်။


နိုးထခြင်းပြီးသည့်နောက်မှစကာ သူတို့၏ စွမ်းရည်ပြောင်းလဲမှု မရှိခဲ့ချေ။ နေ့စဉ်နေ့တိုင်း အမြုတေများ စုပ်ယူသည့်တိုင်အောင် နောက်တစ်ဆင့် တက်လှမ်းနိုင်ခြင်း မရှိခဲ့ပေ။


ဤအခိုက်အတန့်တွင် သူတို့သည် စွမ်းအားကြီးသည့် ကြောက်မက်ဖွယ်ရာ ဇွန်ဘီဘုရင်ဝေလငါးကြီးနှင့် ရင်ဆိုင်ရသည့်အခါ အဆင့်မတက်နိုင်ဘဲ တစ်ဆို့ကြန့်ကြာနေသည့် ခံစားချက်မှာ ပိုမိုပေါ်လွင်လာသည်။


“၈! ဒီအေပေးကတော့ အတော်ကို ဇွဲကြီးနေပါလား..”


ပိုဆီယာမှာ မဆဲဘဲ မနေနိုင်တော့ချေ။ သူ၏ မွေးရာပါစွမ်းရည်ဖြစ်သည့် ရေစွမ်းရည်နှင့် အသံစွမ်းရည်အား အစွမ်းကုန် အသုံးပြုနိုင်ရန် ရေသူထီးအသွင်သို့ ပြောင်းလဲလိုက်သည်။ လက်ရှိအချိန်တွင် သူပြောလိုက်သည့် စကားလုံးတိုင်းမှာ “လက်တွေ့” ဖြစ်လာနေသည်။ 


သို့သော်လည်း ရေသူတစ်ကောင်၏ ကုသခြင်းစွမ်းအင် သက်ရောက်မှုမှာ မလုံလောက်ပေ။


ဧရာမ ဇွန်ဘီဝေလငါးကြီးသည် လူတိုင်း၏ တိုက်ခိုက်နိုင်စွမ်းမှာ အကန့်အသတ်သို့ ရောက်ရှိနေသည်ကို အာရုံခံမိသဖြင့် တန်ပြန်တိုက်ခိုက်မှုပြုသည်။


ကြီဂမားသော ငါးအမြီးကြီးဖြင့် ပင်လယ်ပြင်အား ရိုက်ခိုက်သည့်အခါ လှိုင်းလုံးကြီးများ ဖြစ်‌ပေါ်လာပြီး တစ်ဆက်တည်းမှာပင် လှိုင်းလုံးများနှင့်အတူ အဆင့်နိမ့် ဇွန်ဘီငါးများ ပျံဝဲလာသည်။


ဇွန်ဘီငါးများ မိုးရွာသကဲ့သို့ ကျဆင်းလာသည်။ သင်္ဘောကုန်းပတ်ပေါ်ရှိ သာမန်စစ်သားအမြောက်အများသည် အချိန်မီ မလွတ်မြောက်နိုင်ခဲ့ဘဲ ဇွန်ဘီငါးများ ကိုက်ခဲခံရသဖြင့် ဗိုင်းရပ်ပိုး ကူးစက်ခံကြရသည်။


ဤမြင်ကွင်းကြောင့် လူတိုင်း မျက်လုံးများ နီရဲသွားကြသည်။


“ဖာ့ခ်”


သင်္ဘောကုန်းပတ်ပေါ်ရှိ နင်ဖုန်းမှာ ဝမ်းနည်းမှုကြောင့် မျက်လုံးများ နီရဲလာသည်။ သူ၏ဒေါသမှာ မီးတောက်များဖြစ်ပေါ်လာစေပြီး သင်္ဘောပေါ်သို့ကျလာသည့် ဇွန်ဘီငါးများအား မီးလောင်ပြာကျသွားစေသည်။


“ဒီသခင်လေးက မင်းတို့အားလုံးကို မသတ်နိုင်လောက်ဘူးလို့ ထင်နေတာလားကွ..”


ထို့နောက် နင်ဖုန်းသည် နီရဲနေသော မျက်လုံးများအား လက်ဖြင့်ပွတ်ကာ အဝေးရှိ သွမ့်ဝမ်ယွီအား အော်ပြောလိုက်သည်။ 


“ကော.. သင်္ဘောဒလက်မှာ ညပ်နေတဲ့ ဇွန်ဘီငါးတွေကို ဖယ်ပေးလို့ရမလား.. ပြီးတော့ ပဲ့ထိန်းနဲ့ ဒလက်မှာ စတီးအလွှာတစ်ထပ် အုပ်ပေးဦး ကျန်းတာ့ချိုး.. အဲဒါမှ သင်္ဘောကို မောင်းထွက်လို့ရမှာ..”


“အိုခေ..”


“ကျန်းတာ့ချိုး ဆိုတာ ဘာစောက်နာမည်တုန်း.. ကော လို့ ခေါ်စမ်း..”


သွမ့်ဝမ်ယွီနှင့် ကျန်းချိုးတို့သည် ချက်ချင်းပင် ပြဿနာကိုယ်စီဖြေရှင်းရန် လမ်းခွဲသွားကြသည်။ များမကြာမီတွင် ညပ်နေသည့် ဒလက်များ ပြန်လည်ကောင်းမွန်လာပြီး နင်ဖုန်းသည် သင်္ဘောမောင်းနှင်ထွက်ခွာရန် ထိန်းချုပ်ခန်းအတွင်း ပြန်သွားသည်။


ယင်း၏ အကြီးဆုံးသားကောင်မှာ ထွက်ပြေးရန် ကြံစည်နေသည်ကို မြင်သဖြင့် ဇွန်ဘီဝေလငါးကြီး ပိုမိုကာ ဒေါသတကြီး ဖြစ်လာသည်။ ယင်းသည် ပိုမိုပြင်းထန်သည့် ဆင့်ခေါ်မှုများ ပြုလုပ်ကာ အဆင့်နိမ့်ဇွန်ဘီအများအပြားအား ထပ်မံခေါ်ဆောင်ခဲ့သည်။


ယခုဆင့်ခေါ်မှာတွင် ဖိအားပေးမှုများ ပါဝင်သဖြင့် ပိုင်မေ့သည် နှုတ်ခမ်းထောင့်မှ သွေးများအား တိတ်တဆိတ် သုတ်လိုက်ရသည်။


သူ၏ ဇွန်ဘီဘုရင်ဟူသော ဖြစ်တည်မှုမှာ ကမ္ဘာတစ်ခုလုံးတွင် ထူးခြားသည့် ဖြစ်တည်မှုမျိုးမဟုတ်ကြောင်း ယခုမှသာ သေချာစွာ နားလည်သဘောပေါက်သွားလေပြီ။ အသန်မာဆုံး မဟုတ်သည့်အပြင် သူ့ထက်ပိုမို အားကောင်းသန်မာသည့် ဇွန်ဘီဘုရင်များလည်း ရှိနေသေးသည်။

...


လူတိုင်းသည် ဇွန်ဘီဘုရင် ဝေလငါးကြီးအား အစွမ်းကုန် ခုခံနေကြပြီး အစွမ်းရှိသ၍ တိုက်ခိုက်မှုပြုကြသည်။


ထိုအချိန်တွင် နျဲ့ရှောင်၏ အိတ်ကပ်အတွင်းရှိ ဟမ်းစတားလေးသည် အစွမ်းကုန် ကြိုးစားတိုက်ခိုက်နေကြသူများကို မြင်သည့်အခါ သူ့ကိုယ်သူ အသုံးမဝင်ဟု ခံစားမိလာသည်။


သို့သော်လည်း ဤကဲ့သို့သော ပင်လယ်ပြင်တွင် သူ၏ “ကောင်းကင်ဘုံစီရင်ချက်” မှာ အသုံးမဝင်ပေ။ ယခုအချိန်တွင် လူတိုင်းအတွက် ဇွန်ဘီအမြုတေများ ထောက်ပံ့ပေးရန်သာ တတ်နိုင်လေသည်။


ဒယ်ဒီဖြစ်သူ၏ အိတ်ကပ်အတွင်းနေရင်း အစွမ်းကုန်တိုက်ပွဲဝင်နေကြသူများကို ကြည့်နေရုံသာ တတ်နိုင်သည်။ နျဲ့ရှောင်၏ ကာကွယ်ပေးမှုအား ရရှိထားသူ ဟမ်းစတားလေးသည် ရုတ်တရက် မသက်မသာ ခံစားမိသည်။


သူသည်လည်း အခြားသူများအား ကူညီချင်ပါသည်။


သို့သော် သူ့ထံ၌ အသုံးဝင်သည့်အရာ မရှိချေ။


ဟမ်းစတားလေးသည် စိတ်ပျက်လက်ပျက်ဖြင့် နျဲ့ရှောင်၏ အိတ်ကပ်အစွန်းအားကိုင်ကာ ခေါင်းကလေးပြူ၍ တောင်ကုန်းနှင့်တူသည့် ဧရာမဝေလငါးကြီးအား စူးစမ်းကြည့်နေသည်။ ဝေလငါးကြီး၌ ထူထဲကြမ်းတမ်းသော အပေါ်ယံလွှာနှင့် အလွန်လျင်မြန်သော ကုသစွမ်းရည် ရှိသည်။ နျဲ့ရှောင်နှင့် အခြားသူများ အတူတကွ တိုက်ခိုက်သည့်တိုင် ရင်ဆိုင်ဖြေရှင်းနိုင်မည် မဟုတ်ပေ။


ဟမ်းစတားလေးသည် သူ၏ဘေးရှိ ကျားကြီး အပါအဝင် ပိုဆီယာနှင့် ဆစ်စလိုတို့အား ကြည့်လိုက်သည်။ သူတို့အားလုံး အတော်လေး မောပန်းနွမ်းနယ်နေကြောင်း ခံစားမိသည်။


သူတို့သည် နျဲ့ရှောင်နှင့် အခြားသူများကဲ့သို့ ဇွန်ဘီအမြုတေများအား စုပ်ယူနိုင်ခြင်း မရှိကြသဖြင့် အကန့်အသတ်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။


လူတိုင်း အားနည်းသည့်အခြေအနေသို့ စတင်ရောက်ရှိလာသည်ကို မြင်သည့်အခါ ဟမ်းစတားလေး၏ နှလုံးသားထဲ၌ စတင်စိုးရိမ်လာမိသည်။ သင်္ဘောမြုပ်သွားမည်ဆိုပါက သူတို့အားလုံး အသက်ရှင်နိုင်တော့မည် မဟုတ်ချေ။


“ချိ..” ဒယ်ဒီရေ.. ကျစ်ဟွေ့ကွမ်နဲ့ မရိုးသားတဲ့ငါးက ဆက်ပြီးတောင့်ခံနိုင်တော့မယ့်ပုံ မရှိဘူးနော်..


ဟမ်းစတားလေး၏ အသံကို ကြားလိုက်ပြီးနောက် နျဲ့ရှောင် ချက်ချင်းလှည့်ကြည့်လိုက်သည်။ ကျစ်ဟွေ့ကွမ်မှာ တိမ်မြူခိုးအသွင်မှ ကျားအသွင်သို့ ပြန်လည် ပြောင်းလဲသွားပြီး ခြေလေးချောင်းနေရာတွင်သာ တိမ်မြူခိုးများအသွင်ဖြင့် ရှိနေလေသည်။


ပိုဆီယာနှင့် ဆစ်စလိုတို့၏ မျက်နှာများမှာလည်း ဖြူဖျော့နေပြီး နောက်ဆုံးအကန့်အသတ်သို့ ရောက်ရှိနေပုံပေါ်သည်။


နျဲ့ရှောင် ထပ်မံကြည့်လိုက်ချိန်တွင် သင်္ဘောသည် ကမ်းမှ ခပ်ဝေးဝေးသို့ မရောက်သေးသည်ကို မြင်လိုက်ရပြီးနောက် သူ၏အမူအရာမှာ ပိုမိုလေးနက်လာသည်။ နှုတ်ခမ်းတင်းတင်းစေ့ကာ ဟမ်းစတားလေးအား နှစ်သိမ့်ချော့မြှူလိုက်သည်။


“ပေါင်ပေါင်း မကြောက်နဲ့နော်.. ဒယ်ဒီက ဒီမွန်းစတားကြီးကို အနိုင်ယူပေးမယ်..”


ထိုသို့ပြောပြီးသည်နှင့် နျဲ့ရှောင်သည် ကျစ်ဟွေ့ကွမ်နှင့် ပိုဆီယာရှိရာသို့ လှည့်လိုက်သည်။ 


“မင်းတို့ မခံနိုင်တော့ဘူးဆိုရင် ပြန်ဆုတ်ကြ.. ငါတို့ ဒီမှာ တောင့်ခံထားဦးမယ်..”


ပိုဆီယာသည် ဖြူဖျော့နေသော မျက်နှာဖြင့် “တောင်းပန်ပါတယ်” ဟု ဆိုပြီးနောက် ဆစ်စလိုနှင့်အတူ သင်္ဘောဆီသို့ ပြန်သွားသည်။


သူတို့ အမှန်တကယ် တောင့်ခံနိုင်စွမ်း မရှိတော့ပေ။


ကမ္ဘာကြီးပေါ်မှ ကပ်ဘေးဒုက္ခ၏ ပြင်းထန်မှုသည် သူတို့ သိရှိထားသမျှအား နောက်တစ်ကြိမ် သွေးသစ်လောင်းလိုက်ပြန်သည်။ အဆင့်မြင့်လက်နက်များ ချို့ယွင်းမှုကြောင့် မျိုးနွယ်စုတိုင်း တန်ပြန်တိုက်ခိုက်မည် ဆိုလျှင်ပင် အောင်မြင်မှုရရှိနိုင်လိမ့်မည် မဟုတ်ချေ။ 


ပိုဆီယာနှင့် အခြားသူများ တိုက်ပွဲမှ နှုတ်ထွက်သွားခြင်းသည် နျဲ့ရှောင်နှင့် အခြားသူများအပေါ် များစွာ သက်ရောက်မှု ရှိလေသည်။ ဝေလငါးကြီး၏ တန်ပြန်တိုက်ခိုက်မှုအား တားဆီးဖို့ရန် အလွန်ခက်ခဲပြီး ခေတ္တခဏပင် အနားယူဝံ့ခြင်း မရှိကြပေ။


ဇွန်ဘီဝေလငါးကြီးသည် ဤအနှောင့်အယှက်များကြောင့် အလွန်စိတ်ရှုပ်နေပုံရသည်။ ယင်းသည် အသန်မာဆုံး တိုက်ခိုက်စွမ်းရည်ရှိသည့် နျဲ့ရှောင်အားကြည့်ပြီးနောက် ဧရာမအမြီးကြီးအား ဆန့်ထုတ်ကာ ပင်လယ်ရေပြင်ထက်သို့ ခုန်တက်ပြီးနောက် အစွယ်အပြည့်နှင့် ပါးစပ်ကြီးအား ဖွင့်ဟကာဖြင့် နျဲ့ရှောင်အား ကိုက်ဖြတ်ရန် ပြင်သည်။


ရေလှိုင်းများ မြင့်တက်လာပြီး မိုးရွာသကဲ့သို့ ကျဆင်းလာသည်။


ထိုရေလှိုင်းများတွင် အဆင့်နိမ့် ဇွန်ဘီငါးများ ပါဝင်နေသဖြင့် လူတိုင်း ကိုင်တွယ်နိုင်ရန်မှာ ခက်ခဲလှသည်။


နျဲ့ရှောင်သည် ဇွန်ဘီငါးများအား တိမ်းရှောင်ရင်း ဝေလငါးကြီး၏ အမြီးနှင့် ရိုက်မိလုနီးပါး ဖြစ်သွားသည်ကြောင့် အိတ်ကပ်အတွင်းရှိ ဟမ်းစတားလေးမှာ ထိတ်လန့်တကြား ဖြစ်သွားရသည်။


သွမ့်ဝမ်ယွီ အကျည်းတန်သည့် အမူအရာဖြင့် ပြောလာသည်။


“ဒီကောင်ရဲ့ ဦးခေါင်းခွံက အတော်လေးမာတယ်.. သူ့ရဲ့ အမြုတေကိုသာ တူးမထုတ်နိုင်ရင် ဒီတိုက်ပွဲကို အဆုံးသတ်နိုင်မှာ မဟုတ်ဘူး..”


ဇွန်ဘီဝေလငါးသည် သူ၏ပတ်ဝန်းကျင်ရှိ အဆင့်နိမ့် ဇွန်ဘီငါးများကို စားသောက်ကာ ပြန်လည်ကုသနိုင်သောကြောင့် သူတို့၏ စွမ်းအားပြည့် တိုက်ခိုက်မှုများမှာ ကလိထိုးနေသကဲ့သို့ပင်။


ဝေလငါး၏ မျက်လုံးအား တိုက်ခိုက်မည်ဆိုလျှင်ပင် အသုံးမဝင်ချေ။


သွမ့်ဝမ်ယွီ၏ စကားအား ကြားပြီးနောက် ဟမ်းစတားလေးသည် ဇွန်ဘီဝေလငါးကြီးအား အပြန်ပြန်အလှန်လှန်ကြည့်ကာ စိတ်ကူးဖြင့် ခွဲခြမ်းစိတ်ဖြာလိုက်သည်။ မကြာမီတွင် သူ၏အကြည့်မှာ ယင်း၏ဦးခေါင်းထိပ်ရှိ လေထွက်ပေါက်ထံသို့ ကျရောက်သွားပြီး အနည်းငယ် စိတ်လှုပ်ရှားသွားသည်။


ဟမ်းစတားလေးသည် တလက်လက်တောက်ပနေသည့် မျက်လုံးလေးများဖြင့် နျဲ့ရှောင်အား တိတ်တိတ်ကလေး ခိုးကြည့်လိုက်သည်။ လက်ကလေးများအား ဆုပ်ကာ ရုတ်တရက်ဆိုသလို ရဲရင့်သော ဆုံးဖြတ်ချက်တစ်ခုအား တိတ်တဆိတ် ချမှတ်လိုက်သည်။


ဧရာမ ဝေလငါးကြီး ဒုတိယအကြိမ် လေထဲသို့ခုန်ကာ တိုက်ခိုက်မှုပြုစဉ်တွင် ဟမ်းစတားလေးသည် အခွင့်အရေးအား အမိအရ ဖမ်းဆုပ်လိုက်သည်။ အိတ်ကပ်အစွန်းအား တင်းတင်းဆုပ်ကိုင်ထားသည့် သူ၏ လက်ကလေးများအား ဖြေလျော့လိုက်ပြီးနောက် ဝေလငါးကြီးဆီသို့ တန်းတန်းမတ်မတ် ပြုတ်ကျသွားလေသည်။


နျဲ့ရှောင် ဝေလငါးကြီး၏ တိုက်ခိုက်မှုအား ရှောင်လိုက်ချိန်တွင် သူ၏အိတ်ကပ် ဗလာဖြစ်သွားသည်ကို ခံစားမိသည်။ ဟမ်းစတားလေး အိတ်ကပ်ထဲမှ ပြုတ်ကျသွားသည်ကို မြင်သောအခါ လက်ဆန့်၍ ဖမ်းသော်လည်း ဆန်မုန့်လုံးလေးအား ဖမ်းမမီနိုင်အောင် နောက်ကျသွားလေပြီ။


ထိုခဏ၌ နျဲ့ရှောင်၏ နှလုံးသားအား ဆွဲညှစ်ခံရသလိုပင် ခန္ဓာကိုယ်တစ်ခုလုံး ရေခဲဂူထဲ ပြုတ်ကျသွားသယောင် မျက်လုံးအိမ်ထဲရှိ မျက်လုံးများ ထွက်ကျတော့မတတ်ပင်။


“ပေါင်ပေါင်းးးးး”


မျက်စိတစ်မှိတ်အတွင်းမှာပင် ဆန်မုန့်လုံးလေး၏ပုံရိပ် ပျောက်ကွယ်သွားခဲ့ရသည်။