🐹အခန်း ၅၇
ဝူယိလေးရဲ့ ဒယ်ဒီ ပျောက်သွားပြီ
မထင်မှတ်ထားသော အဖြစ်အပျက်ကြောင့် လူတိုင်း ဖြူဖျော့ကာ ကြောက်ရွံ့ထိတ်လန့်သွားကြသည်။ ဤအရာသည် သူတို့ စိတ်ကူးထားသည်ထက် လုံးဝကျော်လွန်နေပြီး ကံမကောင်း အကြောင်းမလှသည့် မတော်တဆမှုတစ်ခုသာ ဖြစ်ကာ ပြင်ဆင်ချိန်ပင် မရလိုက်ချေ။
ဟမ်းစတားလေးသည် ဧရာမ ဝေလငါးကြီးနှင့်အတူ နျဲ့ရှောင်၏ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားခဲ့သည်။ ကြီးမားသော အဖြစ်အပျက်ကြောင့် သူ၏ တည်ငြိမ်မှုနှင့် ကျိုးကြောင်းဆင်ခြင်နိုင်မှုတို့အား ဆုံးရှုံးခဲ့ရသည်။ သူ၏ မျက်လုံးတစ်စုံမှာ ကြောက်မက်ဖွယ်ကောင်းအောင် နီရဲလာသည်။ ယခုအချိန်၌ မည်သည်ကြောင့် သူ၏ ပေါင်ပေါင်း ထွက်ကျသွားသည်ကို ရိုးရိုးရှင်းရှင်း မစဉ်းစားနိုင်သည့်အပြင် ပေါင်ပေါင်းသည် သူ့ကိုယ်သူ ကာကွယ်နိုင်သော နေရာလွတ်စွမ်းရည် ရှိနေခြင်းအားလည်း လုံးလုံးလျားလျား မေ့လျော့နေခဲ့သည်။
နျဲ့ရှောင်၏ နှလုံးသားထဲတွင် အများတရားများ ပြည့်လျှံလာသည်။ ဤဘေးဆိုးများ ဖြစ်ပေါ်စေသည့် ဧရာမ ဇွန်ဘီဝေလငါးကြီးနှင့် ရင်ဆိုင်ရသည့်အခါ သူ၏ စိတ်ခံစားချက်များအား ယင်းအပေါ်၌ ပေါက်ကွဲပစ်ရန်သာ ဖြစ်သည်။
နားကွဲမတတ် ဆူညံသည့် မိုးကြိုးသံများ၊ ပြင်းထန်သည့် လေပွေလှိုင်းများသည် အရာအားလုံးကို ဖျက်ဆီးပစ်တော့မတတ် ကြောက်မက်ဖွယ်အင်အားဖြင့် ဖြစ်တည်လာသည်။
သွမ့်ဝမ်ယွီနှင့် အခြားသူများသည် ဤမျှရူးသွပ်၍ ကြောက်မက်ဖွယ်ကောင်းသော နျဲ့ရှောင်အား မမြင်မတွေ့ဖူးချေ။ သူ၏ အဖိုးတန်ရတနာလေးအား ခိုးယူခံလိုက်ရခြင်းသည် ခန္ဓာကိုယ်ထဲမှ နှလုံးသားအား အရှင်လတ်လတ် တူးထုတ်ခံလိုက်ရသည့်အတိုင်းပင်။ ရူးသွပ်စွာဖြင့် သူ၏ အစွမ်းထက်ဆုံးနှင့် ကြောက်မက်ဖွယ်အကောင်းဆုံး တိုက်ခိုက်မှုဖြင့် ဧရာမ ဇွန်ဘီဝေလငါးကြီးအား တိုက်ခိုက်သည်။
နျဲ့ရှောင်၏ နားများသည် ပတ်ဝန်းကျင်မှ ခေါ်ဆိုသံများကိုပင် မကြားတော့ချေ။ သူ၏စိတ်ထဲ၌ ဇွန်ဘီငါးများ ပြည့်နေသည့် ပင်လယ်ကြီးထဲတွင် ပျောက်ကွယ်သွားသော ပေါင်ပေါင်းနှင့်သာ ပြည့်နေသည်။ သူ၏ တိုက်ခိုက်မှု တစ်ခုချင်းစီသည် ယခင်ကထက် ပိုမိုလျှင်မြန်ကာ ရက်စက်ကြမ်းကြုတ်လာသည်။
ခန္ဓာကိုယ်အတွင်းရှိ စွမ်းရည်မှာ လျင်မြန်စွာ အဆက်မပြတ် ကုန်ဆုံးနေသည်။ အမြုတေစုပ်ယူ အားဖြည့်ခြင်းမှာ သုံးစွဲခြင်းလောက် မြန်ဆန်မှု မရှိချေ။ ခေတ္တမျှ ကြာပြီးနောက် နျဲ့ရှောင်၏ စွမ်းရည်မှာ ကုန်ခမ်းလုနီးပြီ ဖြစ်သောကြောင့် ခန္ဓာကိုယ်တစ်ခုလုံး ဆုတ်ဖြဲခံရသကဲ့သို့ နာကျင်ခံစားရသည့်တိုင် အနည်းငယ်မျှပင် ဂရုမစိုက်ချေ။
လက်ရှိအချိန်တွင် သူ၏အရှေ့ရှိ အရာအားလုံးကို ဖျက်ဆီးလိုစိတ်သာ ရှိသည်။
ထိုအချိန်တွင် နျဲ့ရှောင်အား ရူးသွပ်သွားစေခဲ့သော တရားခံဖြစ်သူ ဟမ်းစတားလေးသည် ဇွန်ဘီဝေလငါးကြီး၏ ဦးခေါင်းထိပ်ရှိ လေမှုတ်ပေါက်အတွင်းသို့ ချောချောမွေ့မွေ့ပင် ဝင်ရောက်သွားသည်။ ဝေလငါးကြီး၏ ခန္ဓာကိုယ်အတွင်းရှိ အပုပ်နံ့အား အောင့်အီးသည်းခံရင်း သူ၏ လက်သေးသေးလေးဖြင့် ကစားစရာ သတ္တုဂေါ်ပြားလေးအား ထုတ်ယူလိုက်ပြီး ဇွန်ဘီဝေလငါးကြီး၏ ဦးခေါင်းအတွင်း၌ တွင်းတစ်ခု တူးလိုက်သည်။
ဇွန်ဘီဝေလငါးကြီး၏ အာရုံကြောများ ပျက်စီးယိုယွင်းနေသဖြင့် နာကျင်မှု တုံ့ပြန်နိုင်စွမ်းမှာ အလွန်နှေးကွေးလှသည်။ ဝေလငါးကြီးသည် ယင်းထက် အဆပေါင်းများစွာ သေးငယ်သည့် ဟမ်းစတားလေး၏ လှုပ်ရှားမှုများအား အာရုံခံမိရန် ခဲယင်းသည်။
မာကြောကြမ်းတမ်းသော အပြင်ပိုင်းထက်စာလျှင် သန့်စင်သည့် အတွင်းသားများအား တို့ဟူးကဲ့သို့ လွယ်လင့်တကူ ပိုင်းဖြတ်တူးထုတ်နိုင်သည်။ ဟမ်းစတားလေးသည် ဝေလငါးကြီး၏ အတွင်းမှ တူးထုတ်မည်ဟူသော သူ၏အကြံမှာ အလွန်ထိရောက်ကြောင်း သိလိုက်ရသည်။
ဟမ်းစတားလေးအား မသက်မသာဖြစ်စေသည့် တစ်ခုတည်းသောအရာမှာ စိတ်ပျက်ဖွယ် အနံ့ဆိုးကြီးနှင့် လေပြတ်လပ်မှုကြောင့် အသက်ရှူမဝဘဲ မွန်းကြပ်ခြင်းကြောင့် ဖြစ်သည်။ ဝေလငါးကြီး၏ ဦးနှောက်ထဲ၌ စင်တီမီတာ အနည်းငယ် တူးပြီးတိုင်း သူ၏ ကိုယ်ပိုင်နေရာလွတ်အတွင်းသို့ ဝင်ကာ အသက်ရှူရသည်။
ဟမ်းစတားလေး၏ ရည်ရွယ်ချက်မာ ရင်းလင်းလှသည်။ ဝေလငါးကြီး၏ ဦးခေါင်းထဲသို့ဝင်ကာ ဇွန်ဘီအမြုတေအား တူးထုတ်ရန်ဖြစ်သည်။ ယင်း၏ စွမ်းအင်အရင်းအမြစ် ဖြတ်တောက်တောက်ခံရသည်နှင့် တစ်ပြိုင်နက် အရာအားလုံး ဖြေရှင်းပြီးသား ဖြစ်ပေမည်။
ဟမ်းစတားလေးသည် နှေးကွေးစွာဖြင့် ဝေလငါးကြီး၏ ခန္ဓာကိုယ်အား တူးထုတ်နေချိန်၌ အပြင်ဘက်၌ ပြောင်းသတ်နေပြီ ဖြစ်သည်။ အသိစိတ်ပျောက်ဆုံးသွားသည့် နျဲ့ရှောင်သည် ဟမ်းစတားလေးအား နေရာအနှံ့ ရှာဖွေနေသည့် ကျစ်ဟွေ့ကွမ်နှင့်အတူ လုံးလုံးလျားလျား ရူးသွပ်သွားလေသည်။
စွမ်းအင်အကန့်အသတ်သို့ ရောက်နေသည့်တိုင်အောင် ဇွန်ဘီဝေလငါးကြီးအား ပြင်းပြင်းထန်ထန် တိုက်ခိုက်လျက်ရှိသည်။
တစ်တစ်ယောက်နှင့် ကျားတစ်ကောင်၏ သတ်ဖြတ်လိုမှုအပြည့်ရှိသည့် အနီရောင်မျက်လုံးများအား မြင်သည့်အခါ သွမ့်ဝမ်ယွီနှင့် အခြားသူများ၏ မျက်လုံးများ စပ်ဖျဉ်းလာကာ အော်ဟစ်ကြလေသည်။
“စိတ်ငြိမ်ငြိမ်ထားဦး..”
“မင်းတို့နှစ်ယောက်လုံး အသက်မရှင်ချင်ကြတော့ဘူးလား..”
ဤကဲ့သို့ ထင်ရာစိုင်း ပြုမူပြီးနောက် ဦးဆုံး ပြိုလဲကျလုမတတ် ဖြစ်သွားသူမှာ ကျစ်ဟွေ့ကွမ် ဖြစ်သည်။ သူ၏ မွေးရာပါစွမ်းရည်မှာ ကုန်ခမ်းလုနီးပြီ ဖြစ်သောကြောင့် နောက်ဆုံးအကြိမ် တိုက်ခိုက်မှု ပြုပြီးနောက်တွင် တောင့်ခံနိုင်စွမ်း မရှိတော့သဖြင့် ကောင်းကင်ပေါ်မှ ပြုတ်ကျလာသည်။
ဆစ်စလို လျှင်မြန်စွာပင် အနက်ရောင်ဝတ်ရုံလေး တလွင့်လွင့်ဖြင့် ပြေးထွက်သွားပြီး ကျစ်ဟွေ့ကွမ်၏ လည်ဆံမွေးအား လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ ဇွန်ဘီငါးတစ်ကောင်၏ ဗိုက်ပေါ်တွင် အဆုံးသတ်မသွားစေရန် သင်္ဘောပေါ်သို့ ပြန်လည်ဆွဲခေါ်လာသည်။
သို့သော်လည်း ကယ်ဆယ်ခံလိုက်ရသော ကျားကြီးမှာ ကိုမာအခြေအနေသို့ ရောက်ရှိသွားပြီး လတ်တလော အသိပြန်လည်လာမည့် အရိပ်အယောင် မရှိချေ။
အဆုံးတွင် နျဲ့ရှောင်၏ အဖွဲ့၌ အဓိကတိုက်ခိုက်မည့်သူများသာ ကျန်ရှိတော့သည်။ ဧရာမ ဝေလငါးကြီးမှာ အနည်းငယ်မျှပင် မောပန်းပုံ မရဘဲနှင့် နျဲ့ရှောင်နှင့် အခြားသူများအား တိုက်ခိုက်ရင်း သင်္ဘောရှိရာသို့ တစ်စိုက်မတ်မတ်ချဉ်းကပ်လာသည်။
ထိုအချိန်တွင် နျဲ့ရှောင်၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ မုန်တိုင်းနှင့် လေပွေအဖြစ်သို့ ပြောင်းလဲသွားသည်။ လျှင်မြန်သည့် လက်သီးချက်များ၊ ခြေကန်ချက်များဖြင့် ဝေလငါးကြီး၏ ဦးခေါင်းအား အဆက်မပြတ် တိုက်ခိုက်သည်
သို့သော်လည်း မကြာမီမှာပင် စွမ်းအင်ဖြည့်တင်းရန် သယ်ဆောင်ထားသော ဇွန်ဘီအမြုတေများ ကုန်ဆုံးသွားသည်။ သူ၏ စွမ်းရည်အမြုတေမှာလည်း စွမ်းအင်ထုတ်နိုင်စွမ်း မရှိတော့သဖြင့် နျဲ့ရှောင် လူအသွင်သို့ ပြန်လည်ပြောင်းလဲရုံသာ ရှိတော့သည်။
သို့သော်လည်း လက်ရှိအခြေအနေတွင် နျဲ့ရှောင်သည် စွမ်းရည်အမြုတေအား အသုံးပြုနိုင်ရန် နှိုးဆွနေဆဲ ဖြစ်သည်။ ခေါင်းကိုက်နေခြင်းအား မျက်ကွယ်ပြုကာ ခံစားချက်မရှိ၊ တွေးခေါ်နိုင်စွမ်း ကင်းမဲ့သည့် လူသတ်စက်အဖြစ် ပြောင်းလဲသွားသည်။
သွမ့်ဝမ်ယွီနှင့် နင်ဖုန်းတို့သည် ထိုမြင်ကွင်းကြောင့် ထိတ်လန့်သွားကြသည်။ ရှောင်ဝူယိမှာ နျဲ့ရှောင်၏ အထူးဖြစ်တည်မှုမှန်း သိရှိထားသည့်တိုင်အောင် ရှောင်ဝူယိအပေါ် ဤမျှလောက် ခံစားချက် နက်ရှိုင်းလိမ့်မည်ဟု ထင်မှတ်မထားချေ။
"မင်းရူးသွားတာလား.."
သွမ့်ဝမ်ယွီသည် ယခုအချိန်၌ ဝေလငါးကြီးအား ဂရုမစိုက်နိုင်တော့ချေ။ နျဲ့ရှောင်အား ဖမ်းဆွဲကာ သူ၏ အမြုတေအား ပေးချင်မိသော်လည်း နျဲ့ရှောင် ခေါင်းမော့လိုက်သည်နှင့် အလွန်အမင်း ဝမ်းနည်းပူဆွေးကာ မှုန်မှိုင်းနေသော မျက်လုံးများနှင့် ဆုံလိုက်ရလေသည်။
နျဲ့ရှောင်အား ယခုလို မြင်တွေ့ရခြင်းကြောင့် သွမ့်ဝမ်ယွီ၏ လက်များပင် တုန်ယင်လာသည်။
ထိုအချိန်မှာပင် ဝေလငါးကြီးသည် နျဲ့ရှောင်နှင့် သွမ့်ဝမ်ယွီရှိရာသို့ အမြီးယမ်းလိုက်သည်။ နျဲ့ရှောင်သည် မသိစိတ်ဖြင့် သွမ့်ဝမ်ယွီအား တွန်းထုတ်လိုက်ပြီးနောက် ဝေလငါးကြီး၏ အမြီးဖြင့်ရိုက်ပုတ်ခြင်းအား ခံလိုက်ရသည်။
စက္ကန့်ပိုင်းအတွင်းမှာပင် နျဲ့ရှောင်သည် မီတာပေါင်းများစွာ လွင့်ထွက်သွားပြီး ကြိုးပြတ်သွားသည့် စွန်ကဲ့သို့ ကောင်းကင်ပေါ်မှ ပြုတ်ကျလာသည်။
“ဘောစ့်...... မဟုတ်ဘူးးးးးးးးးးး”
"နျဲ့ရှောင်!!...."
နျဲ့ရှောင် စိတ်ရှုပ်ထွေးနေပြီး ခံစားမိသည့် တစ်ခုတည်းသော အရာမှာ ဝေလငါးကြီး၏ ရိုက်ခတ်မှုကြောင့် ကိုယ်တွင်းအင်္ဂါများ ကွဲထွက်သွားခြင်းသာ ဖြစ်သည်။ အဆမတန် နာကျင်မှုကြောင့် ခုခံရန်ပင် ခွန်အားမရှိတော့ချေ။
သို့သော်လည်း နျဲ့ရှောင်၏ မသိစိတ်မှ ပင်လယ်ထဲတွင် ဤကဲ့သို့ မြှုပ်နှံခံရမည်ကို မလိုလားချေ။ ခမ်းခြောက်သွားသည့် စွမ်းရည်အမြုတေနှစ်မျိုးအား အဆက်မပြတ် အသုံးပြုရင်း ဦးနှောက်ထဲတွင် “ခချား” ဟူသည့် အသံကို ကြားလိုက်ရသည်။
_တစ်စုံတစ်ခု ကွဲအက်သွားပုံပင်။
သွမ့်ဝမ်ယွီသည် နျဲ့ရှောင်အား ဖမ်းမိရန် ကြိုးစားခဲ့သော်လည်း တစ်ဖက်လူ၏ ခန္ဓာကိုယ် လေထုထဲ၌ ပြိုကွဲပျောက်ပျက်သွားသည်ကိုသာ ကူကယ်ရာမဲ့စွာဖြင့် ကြည့်နေခဲ့ရသည်။
ယင်းမှာ မှော်ပညာရပ်တစ်ခုလိုပင်။
......
ထိုအချိန်တွင် ဝေလငါး၏ ခန္ဓာကိုယ်အတွင်းရှိ ဟမ်းစတားလေးသည် နောက်ဆုံးတွင် အမြုတေရှိရာသို့ အောင်မြင်စွာ တူးထုတ်နိုင်ခဲ့သည်။ ဇွန်ဘီအမြုတေသည် ပုပ်သိုးနေသည့် အသားလွှာကို ဖြတ်၍ အလင်းရောင်ဖြာထွက်နေသည်။
သို့သော်လည်း ထိုနေရာအား တူးလိုက်သည်နှင့် ဝေလငါးကြီး သတိမထားမိဘဲ မနေတော့ချေ။ သူ၏ခန္ဓာကိုယ်အတွင်း၌ တစ်စုံတစ်ခုသည် ရှင်သန်မှုအား ခြောက်လှန့်နေကြောင်း အာရုံခံမိသွားပြီး ပြင်းထန်စွာ ရုန်းကန်လာသည်။ ဝေလငါးကြီးသည် နားကွဲလုတမျှ အော်ဟစ်ရုန်းကန်မှုကြောင့် ရုန်းကန်မှုကြောင့် ရေလှိုင်းများ ကောင်းကင်သို့ ထိုးတက်လာသည်။
ဝေလငါးကြီး၏ ခန္ဓာကိုယ်အတွင်းရှိ ဟမ်းစတားလေး အနည်းငယ် မူးဝေသွားသော်လည်း သူ၏ ဂေါ်ပြားလေးဖြင့် အမြုတေအား ဆက်လက်တူးထုတ်နေဆဲပင်။
ဘယ်သူကများ ငါ့ဒယ်ဒီနဲ့ တခြားသူတွေကို နာကျင်အောင် လုပ်လို့ရတယ်လို့ မင်းကို ပြောလို့လဲ..
ငါက မင်းရဲ့ အမြုတေကို တူးထုတ်ပြီး သတ်ပစ်မယ်ကွ..
ရုတ်တရက် ရုန်းရင်းဆန်ခတ်ဖြစ်လာသည့် ဝေလငါးကြီးအား မြင်သည့်အခါ သွမ့်ဝမ်ယွီနှင့် အခြားသူများသည် နျဲ့ရှောင် ပျောက်ဆုံးသွားမှုအား စဉ်းစားရန် အချိန်မရှိတော့ချေ။ အရေးကြီးအဖွဲ့ဝင်နှစ်ဦး၏ တည်နေရာကို မသိရခြင်းမှာ သွမ့်ဝမ်ယွီတို့အား အလွန်အမင်း ဝမ်းနည်းဒေါသဖြစ်စေသည်။ ထို့ကြောင့် သူတို့၏ အမုန်းတရားများကို ဝေလငါးကြီးအပေါ် ဖွင့်ထုတ်ပေါက်ကွဲပစ်ကြလေသည်။
သတ်ဖြတ်လိုစိတ်ကြောင့် မျက်လုံးများ နီရဲလာကြသည်။
“ငရဲကို သွားလိုက်တော့..”
“မားသားဖားသား.. မင်းကို သတ်ပစ်မယ်..”
ထိုအချိန်တွင် ဇွန်ဘီဘုရင် ဝေလငါးကြီးမှာ သွမ့်ဝမ်ယွီတို့အား စိုးရိမ်ရန် အချိန်မရှိပေ။ ယင်း၏ အမြုတေနယ်ပယ်အနီးမှ ခံစားရသော ဘေးကျပ်နံကျပ် အခြေအနေမှာ သူ့အား ရူးသွပ်သွားစေသည်။ ရေထဲမှ ခုန်၍ ကြောက်မက်ဖွယ်ပါးစပ်ကြီးအား ကျယ်လောင်စွာ ဟပြီးနောက် နှလုံးဖောက်၍ အဆုတ်ကွဲလုမတတ် အော်သံကြီးအား ထုတ်လွှတ်လိုက်သည်။
ကြီးမားသော အသံလှိုင်းသည် လူတိုင်းအား နှစ်စက္ကန့်မျှ အသိစိတ်လွတ်သွားစေသည်။ ပိုင်မေ့သည်ပင်လျှင် ပါးစပ်အပြည့် သွေးတစ်လုတ် အန်လိုက်ရသည်။
နောက်ဆုံးတွင် ဟမ်းစတားလေးသည် အမြုတေရှိရာသို့ ရောက်ရှိသွားပြီဖြစ်သည်။ အပေါ်ယံအသားလွှာအား ဖယ်ရှားလိုက်သည့်အခါ လူကြီးလက်သီးဆုပ်အရွယ်ရှိ ဇွန်ဘီအမြုတေအား တွေ့လိုက်ရသည်။
ဝေးဝေးလံလံ စဉ်းစားမနေဘဲနှင့် ဟမ်းစတားလေးသည် သူ၏လက်သည်းလေးဖြင့် အမြုတေမျက်နှာပြင်အား တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ပြီးနောက် အစွမ်းကုန်သုံး၍ အမြုတေတစ်ခုလုံးအား နေရာလွတ်အတွင်းသို့ ဆွဲယူထည့်သွင်းလိုက်သည်။
အမြုတေ ကင်းမဲ့သွားပြီးနောက် ဇွန်ဘီဝေလငါးကြီး၏ လှုပ်ရှားမှုများ ရပ်တန့်သွားပြီး ဧရာမ ခန္ဓာကိုယ်ကြီး ရေအောက်ထဲသို့ တအိအိ စတင်နစ်မြုပ်လာသည်။
ဟမ်းစတားလေးသည် ဝေလငါးကြီး၏ ခန္ဓာကိုယ်ထဲ၌ ထပ်မံမနေဝံ့တော့ဘဲ တူးထားသည့် ဥမင်လိုဏ်ခေါင်းတစ်လျှောက် မြန်မြန်ဆန်ဆန်ပြေးထွက်သွားသည်။ ရေထဲ စတင်နစ်မြုပ်နေပြီဖြစ်သည့် လေမှုတ်ပေါက်ထဲမှ ခုန်ထွက်ကာ အောင်ပွဲခံဟန်ဖြင့် လေကိုကန်ကြောက်ရင်း “ချိ” ခနဲ အသံပြုသည်။
အဖြစ်အပျက်များအား နားမလည်နိုင်သေးခင်မှာပင် သွမ့်ဝမ်ယွီတို့၏ အာရုံအလုံးစုံကို ချစ်စဖွယ်အသံလေးမှ ဆွဲဆောင်သိမ်းယူသွားသည်။
ပျောက်ဆုံးသွားသည့် မွေးပွဆန်မုန့်လုံးလေး ပြန်ပေါ်လာသည့်အခါ သူ၏အနီးဆုံးတွင်ရှိသည့် ရှောင်ယန်သည် ချက်ချင်းပင် နှင်းပွင့်အဖြစ် ပြောင်းလဲကာ ပျံသန်းသွားပြီး အကောင်ပေါက်လေးအား တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။
သူ့အား ဖမ်းမိသူမှာ ရှောင်ယန်ဖြစ်လိမ့်မည်ဟု ဟမ်းစတားလေး ထင်မှတ်မထားချေ။ ပတ်ပတ်လည်အား ကြည့်သော်လည်း နျဲ့ရှောင်၏ ပုံရိပ်အား မတွေ့ရချေ။ ရုတ်တရက်ဆိုသလို စိတ်ထဲ၌ ကြောက်မက်ဖွယ်ရာအတွေးများ ပြည့်နှက်လာသည်။
မျက်လုံးပင့်ကြည့်လိုက်သည့်အခါ ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုတို့ ရောစွက်နေသော ရှောင်ယန်၏ မျက်လုံးများနှင့် ဆုံလေသည်။ တအိအိ နစ်မြုပ်နေသည့် ဝေလငါးသေကြီးနှင့်အတူ လေးလံထိုင်းမှိုင်းနေသည့် လေထုမှာ ထိတ်လန့်ဖွယ် ကောင်းလှသည်။
“ချိ..” ပေါင်ပေါင်းရဲ့ ဒယ်ဒီ ဘယ်မှာလဲ ဟင်..
ဟမ်းစတားလေး စိုးရိမ်ထိတ်လန့်နေသော သံသယမျက်လုံးတို့ဖြင့် ရင်ဆိုင်ရသည့်အခါ ရှောင်ယန် မျက်ရည်များ ကျဆင်းလာမည်စိုးသဖြင့် ထိုမျက်လုံးလေးများအား မကြည့်ဝံ့တော့ချေ။ ဆန်မုန့်လုံးလေးအား ရင်ဘတ်ပေါ်တွင် တင်းတင်းကြပ်ကြပ် ပွေ့ဖက်ကာ သွမ့်ဝမ်ယွီတို့နှင့်အတူ သင်္ဘောကုန်းပတ်ပေါ်သို့ ပြန်သွားလိုက်သည်။
ပင်လယ်ပြင်တစ်ခုလုံး ငြိမ်သက်အေးချမ်းသွားသော်လည်း သွမ့်ဝမ်ယွီတို့ မပျော်နိုင်ပေ။ ဟမ်းစတားလေးအားကြည့်နေသည့် မျက်လုံးများမှာ အောင်ပွဲခံ၍ ပြန်လာသည့် စစ်သည်တော်လေးအား ကြိုဆိုသည်နှင့် မတူဘဲ မသိမသာ ရှောင်ဖယ်နေကြသည်။
ဟမ်းစတားလေးသည် ထူးဆန်းသော ခံစားချက်အား လျစ်လျူမရှုနိုင်ပေ။ သူ၏ ပျော်ရွှင်မှုအား ရေအေးအေးဖြင့် လောင်းချခံလိုက်ရသလိုပင်။ ရှောင်ယန်၏ လက်ထဲမှ ခုန်ဆင်းကာ အလင်းတန်းအသွင်ဖြင့် နျဲ့ရှောင်၏ ပုံရိပ်အား သင်္ဘောအနှံ့ ရှာဖွေသည်။
မျက်လုံးမှ မျက်ရည်များ ကျဆင်းလာသည်။
ရှောင်ယန်နှင့် အခြားသူများသည် ဆန်မုန့်လုံးလေးနောက်မှ ဖြည်းညင်းစွာ လိုက်ပါလာကြသည်။ အဆုံးတွင် ဆန်မုန့်လုံးလေးအား နျဲ့ရှောင်နှင့်သူ၏ အခန်းထဲရှိ အိပ်ရာပေါ်၌ တွေ့လိုက်ရသည်။ အကောင်ပေါက်လေးသည် သူတို့အားကြည့်ကာ ကြောက်လန့်တကြား အော်ငိုသည်။ အမွေးလေးများတွင် မျက်ရည်များ စိုစွတ်နေပြီး ပါးစပ်သေးသေးလေးမှာ အလွန်သနားဖွယ်ကောင်းသည့် ငိုကြွေးသံများ ထွက်ပေါ်နေသည်။
ငါ့ဒယ်ဒီ ဘယ်ကိုသွားတာလဲ..
ပေါင်ပေါင်း ဒယ်ဒီ့ကို လိုချင်တယ်လို့..
ထိုအချိန်တွင် ကျန်းချိုးပင်လျှင် တစ်ဖက်သို့လှည့်ကာ နီရဲနေသော မျက်လုံးများဖြင့် အပေါ်သို့ မော့ကြည့်နေသည်။ တစ်ချိန်တည်းမှာပင် အဖြစ်မှန်အား လက်မခံနိုင်သော နင်ဖုန်း ပြေးထွက်လာပြီးနောက် အက်ကွဲနေသည့်အသံဖြင့် ပြောသည်။
“ဘော့စ်က လုံးဝ အဆင်ပြေတယ်.. ငါသူ့ကို သွားရှာမယ်..”
ထိုသို့ကြားပြီးနောက် ဟမ်းစတားလေးသည် မျက်ရည်ဝဲနေသော မျက်လုံးများဖြင့် အလျင်မြန်ဆန်သည့်အရှိန်နှင့် နင်ဖုန်း၏ ပုခုံးပေါ်သို့ ခေါင်းမာစွာ ခုန်တက်လိုက်သည်။
အကြီးအသေး ပုံရိပ်နှစ်ခု လျင်မြန်စွာ ထွက်ပြေးသွားကြပြီး မည်သူမျှ မတားလိုက်နိုင်ပေ။
ထိုအချိန်မှာပင် သင်္ဘောတစ်ခုလုံး ရုတ်တရက် စောင်းကာ လှုပ်ယမ်းသွားသဖြင့် လူတိုင်း ထိန်းမနိုင်သိမ်းမရ လဲကျလုမတတ် ဖြစ်သွားကြသည်။
ယခုအချိန်၌ ပိုင်မေ့သည် အလွန်အားနည်းနေလေသည်။ လောယွင်ဟိုင်အားကိုင်ကာ မတ်တတ်ရပ်သည် ဆိုရုံမျှသာ ရှိနေပြီး ဖြူဖျော့သောမျက်နှာဖြင့် ပင်လယ်ပြင်အား ကြည့်လိုက်သည်။
“သူတို့ ရောက်နေကြပြီ..”
ဇွန်ဘီဝေလငါးကြီး၏ နောက်ဆုံးအော်သံမှာ ရေနက်ပိုင်းရှိ သတ္တဝါကြီးများအား ဆင့်ခေါ်ခဲ့လေသည်။
တောင်ပူစာနှင့်တူသော ဝေလငါးမန်းကြီးများသည် သင်္ဘောပတ်ပတ်လည်တွင် ကူးခပ်နေကြသည်။ ၎င်းတို့၏ ဝိုင်းထားခံရသော သင်္ဘော
မှာ “မိုးမခပင်၏ သစ်ရွက်ခြောက်” ကဲ့သို့ သနားစဖွယ် ကောင်းလှသည်။
အချိန်မရွေး သင်္ဘောမှောက်သွားနိုင်သည်။
ထိုအချိန်တွင် လူတိုင်း စိတ်ဓာတ်ကျဆင်းမိတော့သည်။