အပိုင်း ၆၇
Viewers 7k

Chapter 67

(သေလုနီးပါး)


သူမ အော်ဟစ်လိုက်သောအခါ One သာမကဘဲ သူမနောက်ကွယ်မှ လူဆိုးပင် အံ့အားသင့်သွားကြသည်။ ဤကဲ့သို့သော ဓားစာခံကို သူပထမဆုံးမြင်ဖူးခြင်းပင်။ငိုယိုပြီး အသနားမခံဘဲ သေမှာကိုမကြောက်သူဖြစ်နေ၏။ 


အဖြစ်အပျက်၏ ဦးတည်ချက်သည် လူဆိုး၏ မျှော်မှန်းချက်ထက် ကျော်လွန်နေပြီဖြစ်သည်။ ဘာတုံ့ပြန်မှုမှမရှိသော Oneကိုကြည့်ရင်း၊ ထိုလူက ရယ်မောလိုက်သည်။  


"အရမ်းမိုက်တယ်....မင်းကလည်း သူမသေမှာကို ဂရုမစိုက်ဘူးထင်တယ်...ဒါဆို သူမကို ပစ်သတ်လိုက်ရုံပဲပေါ့" 


ထိုလူက ပစ်သတ်ဟန် လုပ်လိုက်သည်။ နောက်ဆုံးတော့ Oneက 


“စာရွက်စာတမ်းက ဒီမှာ....ငါ မင်းကို ဘယ်လိုပေးရမလဲ"  


One က ခုနက တွေ့ထားသည့် စာတမ်းကို ပြသလိုက်၏။ စုမုန့် သည် One ၏ လက်ထဲတွင်ရှိသောအရာကိုကြည့်ကာ နှမြောနေရသည်။ သူမသည် စစ်သားများနှင့်အတူ ဤအရာကိုရှာဖွေရန် အလွန်ကြိုးစားအားထုတ်ခဲ့ရသည်။  ဒီလူ တစ်ကယ်ပဲ ပေးတော့မှာလား…


 “သူ့ကို မပေးပါနဲ့....ကျွန်မအတွက် စိတ်မပူပါနဲ့” 


သူမ အခိုင်အမာပြောလိုက်သည်။သစ်ပင်နောက်ကွယ်မှာ ပုန်းနေသည့် ရှန့်ကျန်း က စုမုန့် ဓားစာခံအဖြစ် ချုပ်နှောင်ခံရသည်ကို မြင်လိုက်ရသောအခါ တုန်လှုပ်ခြောက်ခြားကာ စိုးရိမ်ထိတ်လန့်သွားပြီး ကျည်ဆန်မိုးများ ရွာနေသည်ကို သူ ဂရုမစိုက်ဘဲ အတင်းပြေးလာ၏။ 


"မင်း စုမုန့်ကို လွှတ်လိုက်စမ်း…ငါနဲ့ ရှင်းရအောင်"  


ရှန့်ကျန်း သည် စုမုန့် နှင့် လူချင်းလဲရန် လူဆိုးဂိုဏ်းဆီသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာခဲ့သော်လည်း ခြေလှမ်းနှစ်လှမ်းမျှသာ လှမ်းပြီးနောက် လူဆိုးက သူ့ကို ဂရုမစိုက်ဘဲ ကြည့်နေသည်။သူက အရေးပါသူမဟုတ်မှန်း သဘောပေါက်သကဲ့သို့ လျစ်လျူရှုထားသည်။


 “သေနတ်ကို လွှင့်ပစ်ပြီး ငါ့ရှေ့သုံးမီတာလောက်အကွာမှာ ပစ္စည်းကို ထားလိုက်” 


လူဆိုးက တောင်းဆိုသည်။


ချက်ချင်း One က သေနတ်ကို လူဆိုးရှေ့မှ မြေပြင်ပေါ် ပစ်ချလိုက်သည်။  ထို့နောက် လက်ကိုမြှောက်ကာ စုမုန့်ဆီသို့ လျှောက်သွားသည်။ ရှန့်ကျန်း  One နောက်ကို လိုက်ချင်သော်လည်း မဝံ့ရဲပေ။


စုမုန့် သည် သူမကိုယ်သူမ စတေးရန် ပြင်ဆင်ခဲ့သည်။ သူမ၏ဘဝက စာရွက်စာတမ်းလောက် အရေးမကြီးပေ။ သို့သော် သူမအား Oneက ကယ်တင်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။  စာရွက်စာတမ်းကိုတောင် အဆုံးခံနေ‌သည်။


စစ်မြေပြင်သည် ရှုပ်ထွေးလွန်းလှသည်။ တခြားစစ်သားများက ကူညီချင်ပေမယ့်လည်း မတတ်နိုင်ကြ။သူတို့ပါ အသတ်ခံရနိုင်သည်။


 လူဆိုးက နှေးကွေးစွာ လမ်းလျှောက်လာသည့် One ကို အမြန်လောဆော်လိုက်သည်။Oneကလည်း လူဆိုးနှင့် သုံးမီတာအကွာကို လျှောက်သွားကာ  အေးစက်စွာပြောလေသည်။


 “ငါ သေနတ်ချပြီးပြီ...မင်းလည်း မင်းသေနတ်ကို ပစ်လိုက်တော့" 


လူဆိုးက One လက်ထဲက စာရွက်ကို ကြည့်လိုက်ရင်း သူ့မျက်လုံးတွေ တောက်ပလာရသည်။ သူ၏ ရိုးသားမှုကိုပြသဖို့အတွက် စုမုန့် နားထင်ကို ဖိထောက်ထားသော သေနတ်ကို ချပစ်လိုက်သည်။


 "ကောင်းပြီ၊ ငါချလိုက်ပြီ… ပစ္စည်းတွေချပြီးရင် မင်းတို့ ထွက်သွားလို့ရတယ်” 


လူဆိုးက သေနတ်ကို ချလိုက်သော်လည်း သူ့လက်က စုမုန့် ကို ကိုင်ထားဆဲပင်။


နှစ်ဘက် စေ့စပ်ညှိနှိုင်းနေစဉ်တွင် သေနတ်သံများ လျော့နည်းလာပြီး လူဆိုးဂိုဏ်းသားများ အားလုံး သေဆုံးခဲ့ကြသည်။ အချို့သောစစ်သားများသည် One ထံ လျင်မြန်စွာ ပြေးလာသော်လည်း Oneက မလာဖို့ တားမြစ်ထား၏။လူဆိုးသည် အခြေအနေမကောင်းကြောင်း ရိပ်မိသွားပုံရပြီး သူ့မျက်နှာအမူအရာမှာ ပိုပို၍ စိုးရိမ်လာပုံရသည်။


Oneသည် ငုံ့၍ မြေကြီးပေါ်တွင် ချထားလိုက်ကာ  စာရွက်စာတမ်းအပေါ် အာရုံစူးစိုက်နေသည့် လူဆိုးကို အခွင့်ကောင်းယူပြီး လူဆိုးဆီသို့ ချက်ချင်း ပြေးသွားခဲ့သည်။ ထို့နောက် သူ့လက်တစ်ဖက်ဖြင့် သေနတ်ကိုင်ထားသည့် လူဆိုး၏လက်ကို ဖမ်းကိုင်လိုက်ပြီး ကျန်လက်တစ်ဖက်က ခြေထောက်တွင်ထည့်ထားသော စစ်ဓားတစ်ချောင်းကို ဆွဲထုတ်လိုက်သည်။ထို့နောက် ထိုဓားဖြင့် လူဆိုး၏ လည်ပင်းကို ထိုး၍ သတ်ပစ်လိုက်လေသည်။ သို့သော်လည်း ကိစ္စများ မပြီးသေး။ စုမုန့် ကို လူဆိုး၏လက်မှ ရုတ်တရက် ကယ်တင်နိုင်ခဲ့ပြီး သူမ မတုံ့ပြန်နိုင်ခင်မှာ သူမ၏ ခန္ဓာကိုယ်၌ အနီစက်တစ်ခု ပေါ်လာရသည်။


ထိုအခါ ကျန်လူများက


 “ဆရာ သတိထားပါ” 


Oneက အလွန်လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး စုမုန့်ကို သူ့ရင်ခွင်ထဲသို့ ခေါ်ထားလိုက်သည်။ စုမုန့် တစ်ချိန်လုံး ထိတ်လန့်နေရဆဲဖြစ်ပြီး Oneက သူမကို ပွေ့ဖက်ထားချိန်မှာ တိုးတိုးဖွဖွ ညည်းတွားသံကို ကြားလိုက်ရသည်။


 "ရှင်  အဆင်ပြေရဲ့လား...ဒဏ်ရာရသွားလား"  


သူမ ကမန်းကတန်း မေးလိုက်သည်။Oneက ခေါင်းကို အနည်းငယ်ခါယမ်းပြသော်လည်း ဘာမှပြန်မပြော။


ကောယန်သည် နောက်ဘက်တွင် ပုန်းနေသော စနိုက်ပါသမားကို ပစ်သတ်ပြီး အနီးနားတွင် နောက်ထပ် ခြုံခိုတိုက်ခိုက်မှုများ ရှိ၊ မရှိ စစ်ဆေးရန် သူ့စစ်သားများကို အမိန့်ပေးခဲ့သည်။  အမိန့်ပေးပြီးနောက် သူက ပြေးလာပြီး Oneကို မေးလိုက်သည်။


“ဆရာတို့ အဆင်ပြေလား”


စုမုန့် ကို ခြိမ်းခြောက်နေသည့် လူဆိုးနောက်ကွယ်မှာ သူ့ကို ပံ့ပိုးနေသော စနိုက်ပါသမား ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားပေ။ ထို့ကြောင့် သူတစ်ယောက်တည်း အရဲကိုးနေခြင်းဖြစ်နိုင်သည်။ ကံကောင်းစွာ၊ စနိုက်ပါသမားကို ဂရုစိုက်နိုင်ခဲ့သဖြင့် လောလောဆယ် အန္တရာယ်မရှိသေး။


One ဘာမှပြန်မပြောဘဲ ခေါင်းကိူသာ ညိတ်ပြသည်။ သူ့အမူအရာက ထူးဆန်းနေသဖြင့် ကောယန် တစ်ခုခုပြောခါနီးမှာ ကောယန်ကို လက်ဟန်ဖြင့် ပိတ်ပင်လိုက်သည်။ ကောယန် ခေါင်းညိတ်လိုက်ပြီး One ဖြည်းဖြည်းချင်း ထွက်သွားဖို့ ကူညီပေးလိုက်သည်။ သူတို့ကိုကြည့်ရင်း စုမုန့် တစ်ခုခုမှားနေပြီဟု ခံစားမိသည်။One ဒဏ်ရာရသွားသလားမသိ။သူမ မေးကြည့်ချင်သော်လည်း ရှန့်ကျန်းက သူမဆီ ပြေးလာနေလေသည်။ 


 "ဆရာမ ဒဏ်ရာရသွားသလား" 


ရှန့်ကျန်း မျက်နှာမှာ စိုးရိမ်စိတ်တွေ ပြည့်နှက်နေကာ လှမ်းမေးရှာ၏။ သူကူညီချင်သော်လည်း ဘာမှမတတ်နိုင်ခဲ့ပေ။  စုမုန့် ကို သေနတ်နှင့် ခြိမ်းခြောက်နေသူ လူဆိုးအား သူ ဘယ်လိုတိုက်ရမှန်းမသိသဖြင့် အသာငြိမ်ကုပ်နေခဲ့ရ၏။


(သူမကို မပြောပါနဲ့...)


 "အဆင်ပြေပါတယ်"  


စုမုန့် က ခေါင်းယမ်းပြီး တစ်ဘက်ကို ကြည့်လိုက်သော်လည်း Oneက မြင်ကွင်းထဲမှ အမြန်ပင်ပျောက်ကွယ်သွားခဲ့၏။ သူ မြန်မြန် လမ်းလျှောက်နိုင်မည်ဟု မမျှော်လင့်ထားပေ။


စုမုန့် မျက်မှောင်ကြုတ်လိုက်ကာ One ဒဏ်ရာရသွားသလားဟု သူမ တွေးမိသည်။ ဒဏ်ရာရထားရင် ဘယ်လိုလုပ်ပြီး မြန်မြန်လမ်းလျှောက်နိုင်မှာလဲ… ဒဏ်ရာမရထားရင်လည်း စောစောက ဘာလို့ ညည်းသံကြားတာလဲ...


“အရာရှိOne ဒဏ်ရာရသွားတာလား…ရှင် မြင်လား"  


စုမုန့် သည် ဘေးမှကြည့်နေသော ရှန့်ကျန်းကို မေးလိုက်သည်။


ရှန့်ကျန်း က ခေါင်းခါပြီး


 “မသိဘူး.... အရာရှိOneက မင်းကို ကွယ်ပေးလိုက်တော့ အရာရှိ ကောယန်ကလည်း ကိုယ့်ကို အောက်ငုံ့ခိုင်းလိုက်တာ" 


တိုက်ပွဲက အချိန်ကြာသွား၍ ကောင်းကင်သည် အနည်းငယ်တောက်ပလာ၏။တောထဲမှာ မြူခိုးတွေ တက်လာသော်လည်း မြင်နေရသေးသည်။ သူမ တစ်ယောက်တည်းသာ ပဟေဠိဖြစ်နေသော်လည်း တခြားသူများမှာ အခင်းဖြစ်ရာကို ရှင်းပြီးပြန်ဖို့ အဆင်သင့်ဖြစ်နေကြမှန်း သူမမြင်လိုက်ရသည်။ထို့နောက် သူမ သူတို့နောက်မှလိုက်လာခဲ့၏။


 “စစ်သားတွေအတွက်တော့ မလွယ်ဘူး… မစ်ရှင်တိုင်းက ဒီတစ်ခုလောက် အန္တရာယ်မရှိတာမျိုး ရှိနိုင်တယ်မလား"


ရှန့်ကျန်း သည် စုမုန့် မူပျက်နေကြောင်း သတိမထားမိဘဲ ညည်းညူပြောဆိုလိုက်၏။ 


"သူတို့အားလုံး အရမ်းတော်ကြပါတယ်"  


စုမုန့် ၏ မျက်လုံးများပြုံးယောင်သမ်းလာကာ မျက်နှာကလည်း ကြည်လင်သန့်စင်လာသည်။ 


နေထွက်လာသောအခါ လမ်းက သွားလာရလွယ်ကူလာသည်။ ခြေချော်မှာလည်း စိုးရိမ်စရာ မလိုတော့။လူအုပ်ကြီးသည် ကားများအနီးသို့ အမြန်ပြန်သွားကြရာ ကောယန် က စစ်သားများအား ညွှန်ကြားနေသည်ကို စုမုန့် အဝေးမှလှမ်းမြင်လိုက်သည်။သူမကိုမြင်သောအခါ သူက အမြန်လျှောက်လာပြီး 


"တောင်းပန်ပါတယ် မစ္စစုနဲ့ မစ္စတာရှန့်…မင်းတို့တွေ ဘာမှမဖြစ်တာတော်သေးတာပေါ့" 


 "အခု အရာရှိOne ဒဏ်ရာရသွားလား" 


စုမုန့် သည် အရာရှိOne ဒဏ်ရာရမရကိုသာ ဂရုစိုက်ခဲ့သည်။သူမကိုယ်တိုင် ဓားစာခံအဖြစ် ချုပ်နှောင်ခံထားရသည်ကိုပင် စိတ်ထဲထားဟန်မတူ။ 


 “စိတ်မပူပါနဲ့...ဘာမှမဖြစ်ပါဘူး”  


ကောယန် က တိုက်ရိုက်မဖြေပေ။


 "ဒါဆို သူ အခုဘယ်မှာလဲ"  


စုမုန့် က ဆက်မေးသည်။


"အရာရှိက တခြားလုပ်စရာရှိနေလို့လေ.… သူက နောက်ဆုံးက ကားထဲမှာ… ငါလည်း သွားရမှာပါ… မင်း ကိစ္စတစ်ခုခုရှိရင် ဘယ်သူ့ကိုမဆို အကူအညီတောင်းလို့ရတယ်နော်"  


ကောယန် ပြောဆို၍ သွားရန်ပြင်လိုက်၏။သူက ခြေလှမ်းနှစ်လှမ်း လှမ်းပြီးနောက် ရုတ်တရက် လှည့်ကြည့်ကာ စုမုန့် အား


 “မင်းကို ကယ်တင်ခဲ့တဲ့ အရာရှိကို စိတ်ပူမနေပါနဲ့.….မင်းကို ငါတို့အကူအညီတောင်းတာ...မင်းရဲ့လုံခြုံရေးကို ငါတို့ကာကွယ်ရမယ်...မင်းမဟုတ်ရင်တောင်မှ စစ်သား တစ်ယောက်အနေနဲ့ သာမန်လူတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင်လည်း ကယ်တင်ဖို့ အစွမ်းကုန်ကြိုးစားသွားမှာပါ...ဒါက ငါတို့လုပ်သင့်တဲ့ကိစ္စပဲ‌ေလ”


စုမုန့် အပြစ်ရှိသည်ဟု တွေးနေမှာစိုး၍ ကောယန်က သူမကို ရှင်းပြပြီးနောက် ကားပေါ်အမြန်တက်လိုက်သည်။ယခုတစ်ခါတော့ ရှန့်ကျန်း ကို ဘယ်သူမှ မတားပေ။သူနောက်ဆုံးတော့ စုမုန့် နှင့် ထိုင်နိုင်ခဲ့သည်။ ကားထဲသို့ဝင်ပြီးနောက် ရှန့်ကျန်းက စိုးရိမ်တကြီးဖြင့်


 “ကြည့်ရတာ ကိုယ်တို့က သေနတ်နဲ့ ပစ်ခတ်တာကို ပထမဆုံးကြုံဖူးတဲ့ ဖုန်းရွှေပညာရှင် ဖြစ်နိုင်တယ်နော်"


 “အင်း”  


စုမုန့် က ဝတ်ကျေတန်းကျေ ပြန်ဖြေသည်။ထို့နောက် အခြားသူများက ပစ္စည်းများ ပြင်ဆင်နေသည်ကို သူမ တိတ်တဆိတ် ကြည့်နေလေသည်။ အားလုံးအဆင်သင့်ဖြစ်သည့်အခါ ကားများစထွက်လာကြသည်။ စုမုန့် သည် နောက်ဆုံးကားကို မှန်ပြောင်းဖြင့် ကြည့်လိုက်သည်။ ဘယ်လိုပဲကြည့်ကြည့် ထိုကားက တခြားကားတွေနှင့် မတူ။ ထို့ကြောင့် သူမ ဒရိုင်ဘာကို လှမ်းမေးလိုက်သည်။


 "နောက်ဆုံးကားက  ဘာလို့ တခြားကားတွေနဲ့ မတူတာလဲ"


 "အဲဒါက လူနာတင်ကားပါ"


 လူနာတင်ကားလား…


သူမ ထိုကားကို အကြာကြီး စိုက်ကြည့်နေသည်။ လူနာတင်ယာဉ်ထဲမှာ သူတစ်ကယ်ဒဏ်ရာရခဲ့တာလား… သို့သော်လည်း လိုက်ပါလာသော ဆရာဝန်နှင့် ကောယန် ၏ တည်ငြိမ်သော အမူအရာကိုကြည့်၍ ဒဏ်ရာက ပြင်းထန်ပုံမရပေ။


 စခန်းသို့ ကားရောက်ပြီးနောက်တွင် စုမုန့် နှင့် ရှန့်ကျန်း တို့ကို စစ်သားများက အနားယူရန် အနားယူခန်းသို့ ပို့ဆောင်ခဲ့သည်။ သို့သော် နောက်ဆုံးကားက ပြန်မလာခဲ့ဘဲ ဆေးရုံကို တန်းတန်းမတ်မတ် မောင်းသွားခဲ့သည်။


Oneက အရာရှိတစ်ယောက်ဖြစ်၍ လူနာကားထဲမှာ ပါလာသည့် ဆရာဝန်က အရေးပေါ် ကုသမှု ပေးသည်။ သူသည် One ၏အဝတ်အစားများကို ဖြဲလိုက်သောအခါ ကောယန် သည် သွေးစွန်းနေသောပခုံးကိုကြည့်ကာ ကြက်သီးထမိ၏။ သွေးအထွက်များကာ သူ့မျက်နှာကလည်း ဖြူဖျော့နေသော်ငြား အသံမထွက်လာပေ။


 "ဆရာ အရမ်းငြိမ်နေလို့ ဒဏ်ရာက မ ပြင်းထန်ဘူးလို့ ထင်သွားတယ်…အခု ဆရာ့ရဲ့ ဒဏ်ရာက အရမ်းပြင်းထန်နေတာပဲ" 


ကောယန် ၏ မျက်နှာသည် မည်းမှောင်နေပြီး သူ့လေသံမှာ မကျေမနပ် ဖြစ်နေသည်။ဆရာဝန်သည် သွေးတိတ်ဖို့ကို အရင်လုပ်ပေးပြီး  ကျည်ဆန်ထွက်အောင် ခွဲစိတ်ဖို့ ဆေးရုံကို သွားရမည်ဖြစ်သည်။


 "ငါ့ဒဏ်ရာအကြောင်း စုမုန့် ကို မပြောနဲ့" 


Oneက ကောယန် ကို အားနည်းစွာ သတိပေးသည်။ထိုသို့ပြောရုံနှင့် သူ့ခွန်အားတွေ ကုန်သွားရ၏။ထိုစကားကို ပြောပြီးနောက် စကားရပ်လိုက်သည်။


“ဆရာက အခုထိ မစ္စစု အကြောင်း တွေးနေတုန်းပဲ ဆိုတော့ ကျွန်တော် ထင်တာ မှန်တယ်ထင်တယ်”  


ကောယန် စကားကို သူ ဘာမှပြန်မပြောပေ။


 "ကျွန်တော် ထင်တာ ဟုတ်သလား"


ကောယန် က ဆက်မေးသည်။ သူ့မျက်နှာကို ဖုံးအုပ်ထားသည့် မျက်နှာဖုံးကြောင့် ကောယန် သူ့အမူအရာကို မမြင်နိုင်ပေ။အမေးရှိပြီး အဖြေမရှိသဖြင့် သူ့အတွေးများက စိတ်ထဲမှာ တိုက်ပွဲ‌ဖြစ်နေကြလေသည်။



xxxxx