အပိုင်း ၆၈
Viewers 7k

Chapter 68

(ငွေမလိုချင်ပါ)


 "ဆရာ့ကို ဝေဖန်ချင်တာမဟုတ်ဘူး… ဒါပေမယ့် ဆရာ့ရဲ့လုံခြုံရေးက ဘယ်လောက်အရေးကြီးတယ်ဆိုတာ သိလား…ဆရာ ကိုယ့်ကိုယ်ကို အရင်ဆုံး အာရုံစိုက်ရမယ်…ဆရာ တစ်ခုခုဖြစ်သွားရင် ကျွန်တော်တို့အားလုံးပြီးပြီ…ဆရာက ကောင်မလေးကို ဒီလိုမျိုး ဆက်ဆံလိမ့်မယ်လို့ ကျွန်တော် မထင်ခဲ့မိဘူး....ဆရာ ကိုယ့်အသက်ကို စတေးတဲ့အထိ သူမကို ကြိုက်နေတာလား"


One စကားပြောဖို့ ခွန်အားမရှိတော့ပုံရသည်။ကောယန် ၏စိတ်သည် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်လေသည်။


 “ဒါပေမယ့် ဆရာ့ကို နားလည်ပါတယ်…  မစ္စစုက အရမ်းလှပပြီး အရည်အချင်းရှိသူပါ…သူမက ဒီလောက် ခက်ခဲတဲ့ အလုပ်ကိုတောင် လုပ်နိုင်ခဲ့တယ်…စစ်တပ်ကသာ အမျိုးသမီးစစ်သည်တွေကို စုဆောင်းခွင့်ပြုရင် ကျွန်တော် သူမကို စုဆောင်းချင်တယ်”


ကောယန် ၏ စကားကိုကြားသော် Oneက ခေါင်းလှည့်လာပြီး သူ့ကို အေးစက်စွာကြည့်နေသည်။ အလွန်အားနည်းနေသော်လည်း သူ့အကြည့်တွေက စူးရှနေဆဲ။ မျက်မှန်တပ်ထားလျက်ဖြင့်ပင် ကောယန် တုန်လှုပ်သွားသေးသည်။ သူမကိုပင် ဆတ်ဆတ်ထိမခံဖြစ်နေတာကြောင့် အတော်လေး သဘောကျနေပုံရသည်။


ကားက မကြာခင် ဆေးရုံကို ရောက်လာသည်။ ကောယန် သည် One ကို အော်ပရေးရှင်းခန်းထဲကို ပို့ပေးခဲ့၏။ လုပင်း လည်း ထိုသတင်းကို ရရှိပြီးနောက် ကောယန် နှင့် ဗီဒီယိုကောလ် ပြောဆိုခဲ့သည်။


 “အဘိုးလု” 


ကောယန် က လေးစားစွာ နှုတ်လိုက်၏။ လုပင်း သည် ကင်မရာမှန်ဘီလူးမှတစ်ဆင့် ကောယန် နောက်ကွယ်ရှိ အော်ပရေးရှင်းအခန်းတွင်းထဲမှ မီးရောင်များကို တွေ့လိုက်ရသည့်အခါ သက်ပြင်းချလိုက်သည်။


 "ပစ္စည်းကို တွေ့ပြီလား… ကောင်မလေး စုမုန့် အခုဘယ်မှာလဲ"


 “စုမုန့်က တစ်ကယ့်ကို အံ့သြစရာကောင်းတယ်....သူမအကူအညီကြောင့် ကျွန်တော်တို့ တွေ့ခဲ့တယ်လေ... သူမက အခု အခြေစိုက်စခန်းမှာပဲ ရှိနေသေးတယ်....ကျွန်‌တော် ဒီကပြန်ရင် သူတို့ကို အိမ်ပြန်လိုက်ပို့ပေးလိုက်မယ်"


စုမုန့် အကြောင်းပြောရင်း ကောယန် ၏မျက်နှာမှာ ချိုမြလာရသည်။ 


 “သူတို့ကို ပြန်မပို့ရသေးဘူးလား...ပြန်ရောက်ရင် ဒီဆေးရုံကို အရင်ခေါ်ရဦးမယ်ကွာ...ကောင်မလေးစုက လုပိုင် ကို ကယ်တင်ခဲ့တာ...လုပိုင် သူမကို  ကိုယ်တိုင်ကိုယ်ကျ ကျေးဇူးတင်စကားပြောခိုင်းရမယ်....  ခွဲစိတ်ခန်းထဲက One ထွက်လာရင် ငါ့ကို အကြောင်းကြားဖို့ မမေ့နဲ့”  


ထိုသို့ပြောပြီးနောက် လုပင်း ဖုန်းကို ချလိုက်သည် ။


One၏ ဒဏ်ရာက အလွန်ပြင်းထန်သဖြင့် ခွဲစိတ်မှုမှာ အချိန်တိုအတွင်း ပြီးသွားမှာ မဟုတ်။ စုမုန့် နှင့် ရှန့်ကျန်း အကြောင်းတွေးမိပြီး ကောယန် သူတို့ကို အရင်ပြန်ပို့ဖို့ ဆုံးဖြတ်လိုက်၏။ ဆေးရုံက အခြေစိုက်စခန်းနှင့် နီးသည်။ ဆယ်မိနစ်လောက်ကြာပြီးနောက် ကောယန် အခြေစိုက်စခန်းကို ပြန်သွားခဲ့သည်။


 "အရာရှိကော" 


 စုမုန့် နှင့် ရှန့်ကျန်း ချက်ခြင်းထရပ်ပြီး ကောယန် ကို နှုတ်ဆက်လိုက်ကြသည်။


 “မင်းတို့က ငါတို့ရဲ့ ကျေးဇူးရှင်တွေပဲ… ဒီလောက် ယဉ်ကျေးနေဖို့ မလိုပါဘူး… ထိုင်ပြီး စကားပြောရအောင်။" 


ကောယန်က ပြုံးပြီး မြေခွေးလေးထည့်ထားသည့် အိတ်ကို စုမုန့် အား ပေးလိုက်သည်။ ပြန်လာပြီးနောက် တစ်ယောက်ယောက်က အစာကျွေးထားသဖြင့် မြေခွေးလေးမှာ  လောလောဆယ် အိပ်နေလေသည်။စုမုန့် က မြေခွေးကိုယူကာ လက်ထဲတွင် ပွေ့ကိုင်ထားသည်။ ထို့နောက် အရာရှိ‌  ကောအား 


“ အရာရှိOne မလာဘူးလား"


စုမုန့် သည် One အကြောင်း စဉ်းစားနေသဖြင့် ကောယန် ရယ်ချင်သလို ခံစားရသည်။ကြည့်ရသည်မှာ One ကြိုးစားမှုတို့ အရာထင်နိုင်သည်။  သူမ ကလည်း သူ့ကို ဂရုစိုက်၏။


"သူ့မှာလည်း တခြားကိစ္စတွေ ရှိသေးတယ်လေ... သူ့ကိုတွေ့ချင်တယ် ဆိုရင် ပြောပေးပါ့မယ်"


 သူသည် One ၏ပြင်းထန်သောဒဏ်ရာနှင့် ခွဲစိတ်မှုအကြောင်း သူတို့ကိုပြောပြရန် မရည်ရွယ်ပေ။ တစ်ဖက်လူက မပြောချင်သဖြင့် စုမုန့် ဤကိစ္စကို လိမ္မာပါးနပ်စွာ မပြောတော့ဘဲ စိတ်ထဲတွင်သာ တေးမှတ်ထား၍ နောင်တစ်ချိန်မှ ပြန်ဆပ်ရန် စီစဉ်ထားသည်။


 “ကိစ္စပြီးသွားတဲ့အတွက် မင်းတို့ကို ပြန်ပို့ပေးပါ့မယ်...တိုက်တိုက်ဆိုင်ဆိုင်ပဲ အဘိုးလုက မင်းကို တွေ့ချင်တယ်တဲ့…ဒီဟာက မင်းကို ပေးတာပါ...မင်း  ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"  


ကောယန် က စုမုန့် ကို ချက်လက်မှတ် ထုတ်ပေးလိုက်၏။ စုမုန့် မယူဘဲ တစ်ချက်ကြည့်လိုက်ရာ ပမာဏကိုမြင်၍ အလွန်အံ့သြသွားရသည်။ ဘေးမှာရပ်နေသည့် ရှန့်ကျန်း က ချက်လက်မှတ်ထဲမှ ပမာဏကို မြင်လိုက်ရလျှင် သူ့ပါးစပ်က နားရွက်တက်ချိန်လုနီးပါးပင်။သူက ချက်လက်မှတ်ကို စိတ်အားထက်သန်စွာကြည့်ပြီး စုမုန့် ကို အမြန်ယူဖို့ အချက်ပြလိုက်သည်။


"ဆရာမ အခု ပိုက်ဆံ ပြတ်နေတာ မဟုတ်ဘူးလား...ဒီပိုက်ဆံသာရှိရင် မင်း လုပ်ချင်တာမှန်သမျှ လုပ်နိုင်တယ်" 


ကောယန်က သူတို့နှစ်ယောက်ကို ပြုံးပြုံးလေး ကြည့်လိုက်သည်။ စုမုန့် ကျေနပ်မည်ဟု သူထင်ခဲ့သည်။သူ ပေးထားသည့် ပိုက်ဆံက လုံလောက်သည်ဟု ထင်မိသည်။သူမကိုယ်တိုင်လည်း အလုပ်ကြိုးစားထားသည့်အတွက် ထိုက်တန်လှပေ၏။


 "ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ကျွန်မ မလိုချင်ဘူး"


စုမုန့် က ခေါင်းခါပြီး ငြင်းလိုက်သောအခါ ကောယန် နှင့် ရှန့်ကျန်း အံ့အားသင့်သွားသည်။ သူမ ဘာကိုဆိုလိုမှန်း သူတို့ နားမလည်ခဲ့ကြပေ။ အထူးသဖြင့် ရှန့်ကျန်းက သူမ နားထဲမှာ အထင်းသားကြားရအောင် လက်ကိုအုပ်၍ တိုးတိုးလေးပြောလိုက်သည်။


“ဆရာမ သေချာစဉ်းစားရမယ်လေ... ဒီငွေတွေ အများကြီး ရပြီးရင် ဒီလိုဆုတွေ နောက်ထပ်ရှိလာမှာ မဟုတ်ဘူး”


သူမက ငွေလိုချင်နေတာ မဟုတ်လား...သူမ ဘာကြောင့် ငြင်းဆိုရမှန်း သူ နားမလည်ပေ။


စုမုန့် ပြုံးပြီး ခေါင်းယမ်းကာ ချက်လက်မှတ်ကို ပြန်တွန်းထုတ်လိုက်သည်။  


“စစ်သားတွေက တိုင်းပြည်ကို ကာကွယ်ဖို့ သူတို့ရဲ့ အသက်ကိုတောင် ဂရုမစိုက်ကြဘူးလေ...ကျွန်မက ရှင့်ကို နည်းနည်းလေး ကူညီခဲ့ရုံပါ... ဒီပိုက်ဆံကို ကျွန်မ မလိုချင်ဘူး… အားလုံးက တိုင်းပြည်နဲ့ ပြည်သူတွေ တည်ငြိမ်ရေး အတွက် လုပ်နေကြတာ....ကျွန်မပိုက်ဆံအတွက် ဒီကို လာတာမဟုတ်ဘူး"


စုမုန့် က လေးနက်စွာပြောလိုက်ရာ ရှန့်ကျန်း ချက်ချင်းရှက်ရွံ့သွားခဲ့သည်။ သူမ၏ အယူဝါဒအဆင့်သည် သူ့ထက် အဆများစွာသာလွန်လျက်ရှိသည်။


(ဘာလို့ ဆေးရုံကို လာတာလဲ...)


စုမုန့် လက်မခံသဖြင့် ကောယန် ချက်လက်မှတ်ကို ပြန်ယူလိုက်သည်။ထို့နောက် သူက အနီရောင်သေတ္တာလေးကို ထုတ်ပြီး စုမုန့် ကို ပေးလိုက်သည်။


 “မစ္စစု...မင်းရဲ့ အယူဝါဒတွေကို ငါအရမ်းလေးစားတယ်...ဒါဆိုလည်း ဒီကျေးဇူးကို စစ်တပ်က အမှတ်ရနေပါ့မယ်...ဒါဆိုရင် မင်း ဒီဟာကိုတော့ ငြင်းလို့မရဘူးနော်"


 "ကောင်းပါပြီ…" 


ကောယန် ၏စကားကိုကြားသောအခါ စုမုန့်ပြုံးလိုက်သည်။


 "သွားကြရအောင်... ငါ့မှာ လုပ်စရာတွေရှိနေသေးလို့ မင်းကို လူကိုယ်တိုင်ပြန်မပို့နိုင်ဘူး...တောင်းပန်ပါတယ်"  


ထိုစကားကိုပြောပြီးနောက် ကောယန် သည် သူမနှင့် ရှန့်ကျန်း ကို အောက်ထပ်သို့ လိုက်ပို့ခဲ့သည်။ထို့နောက် ကားဆီသို့ လျှောက်သွားပြီးနောက် 


"နောက်ဆို အကူအညီလိုရင် ငါတို့ကို ချက်ချင်း ပြောပါနော်" 


ပြီးလျှင် စုမုန့် နှင့် ရှန့်ကျန်း လည်း  ကားထဲသို့ဝင်သွားသည်။ရှန့်ကျန်း က ကားပေါ်အရင်တက်နေပြီး စုမုန့် သည် ကားတံခါးဝတွင် ရပ်၍ ကောယန် ဘက်သို့ လှည့်လိုက်သည်။  


"အရာရှိကော…ကျွန်မကို ကူညီစေချင်တာ တစ်ခုရှိတယ်"


စုမုန့် ၏စကားကိုကြားသောအခါ ကောယန် သည် နောက်လှည့်ကာ ထွက်သွားမည်ပြုစဥ် ခြေလှမ်းရပ်လိုက်ပြီး 


“မစ္စစု ဘာပြောချင်လို့လဲ”


"ကျွန်မကို ကယ်တင်ခဲ့တဲ့ အရာရှိone ကို ကျေးဇူးတင်ပါတယ်…ကျေးဇူးပြုပြီး ပြောပေးပါ...သူ့ကို ကျွန်မ ထပ်မတွေ့နိုင်တော့ဘူးထင်တယ်....ရှင် ကျွန်မကို ကူညီပြီး ကျေးဇူးတင်စကားပြောပေးဖို့ပဲ ပြောချင်ပါတယ်"


ထိုအရာရှိ၏ အခြေအနေမှာ လုံးဝ မကောင်းနိုင်သောကြောင့် ကောယန် မှတစ်ဆင့် သူမက သူ့ကို ကျေးဇူးတင်ကြောင်း ပြောပေးရန်သာ တောင်းဆိုလိုက်သည်။


"ကောင်းပြီ...စိတ်မပူပါနဲ့...ငါသူ့ကို သေချာပြောပြပေးမယ်"


 "ဒါဆို ကျွန်မတို့သွားတော့မယ်"  


စုမုန့် က ထိုစကားကိုပြောပြီးနောက် ကားပေါ်သို့တက်ကာ ထွက်ခွာရန်ပြင်ဆင်နေလိုက်သည်။ ရှန့်ကျန်း သည် ကားထဲတွင် ကြောက်ရွံ့နေကာ သူ့ရင်ဘတ်ကို ဖွဖွပွတ်သပ်ပြီး ညည်းညူလိုက်သည်။


"နောက်ဆို ဒီလိုအန္တရာယ်ရှိတဲ့ မစ်ရှင်ကို တို့လက်ခံဦးမှာလား...ဒါက သာမန်အန္တရာယ်ကို မဟုတ်ဘူး...သေနတ်အစစ်တွေရော၊ ကျည်ဆန်အစစ်တွေလည်း ရှိတယ်...ကိုယ်တို့သာ ကံမကောင်းရင် သေတောင်သေသွားနိုင်တယ်"


ထိုသို့ပြောပြီးနောက် တစ်ခုခုကို တွေးနေပုံရကာ အံ့သြစွာနှင့် သူ ဆက်ပြောလာ၏။


“ထူးဆန်းလိုက်တာ...အရင်ကဆို ကိုယ်နဲ့ နီးစပ်သူတိုင်း ကံမကောင်းကြဘူး…ကိုယ် ကိုယ်တိုင်လည်း ဘာထူးလဲ...ဒီတစ်‌ေခါက် ရန်ပွဲက အရမ်းပြင်းထန်ပေမယ့် အဆင်ပြေနေတယ်"


 "ပုံမှန်ပဲ မဟုတ်ဘူးလား...ကြည့်ရတာ ကျွန်မက လပ်ကီးစတားလေးလေ…ရှင် ကျွန်မနဲ့ရှိနေရင် ရှင် ကံဆိုးမှာမဟုတ်ဘူး"


ထိုအခါ သူက သူမ၏ စကားကို အလေးအနက်ထားကာ ခေါင်းညိတ်ပြီး ဖြည်းညှင်းစွာပြောသည်။


"မထူးဆန်းပါဘူး... အဲဒါကြောင့်မို့လို့ပဲ ဖြစ်မှာပါ…ကိုယ် ဆိုင်ကို စရောက်တုန်းကတော့ အဘိုးကောက ကိုယ့်ရဲ့ ကံကြမ္မာဆိုးကို ရှင်းရှင်းလင်းလင်း မြင်ခဲ့ရပေမယ့် ကိုယ့်ကို ဆိုင်ထဲမှာပဲဆက်ထားတယ်လေ...ကြည့်ရတာ မင်းက လပ်ကီးလေးမှန်း သူ သိနေလို့ နေမှာ" 


"အို၊ဒါဆို ရှင် ကျွန်မဆီ အကြွေးတင်နေတာမလား…ကျွန်မသာ မကယ်ရင် ရှင် ဘာဖြစ်မလဲဆိုတာ သိတယ်မလား.." 


စုမုန့် က ပြုံးပြီး ဟာသလုပ်လိုက်သည်။ထိုအခါ ရှန့်ကျန်း သည် သူမအနားမှ အမြန်ဘေးဆုတ်လိုက်ပြီး မကြားချင်ယောင်ဆောင်လိုက်သည်။


 "ဟင့်အင်း... ပိုက်ဆံကြောင်း လာ‌မပြောနဲ့..."


သူက သူမ ပိုက်ဆံထပ်ပေးမှာ ကြောက်သည့်အတွက် ပြတင်းပေါက်အနီးမှာ ဝင်ထိုင်လိုက်ကာ သူ တိုးတိုးလေး ရေရွတ်နေခဲ့သည်။သူ့ပုံစံကိုကြည့်ရင်း သူမ မရယ်ဘဲမနေနိုင်တော့ပေ။


 ကားက အဝေးပြေးလမ်းတစ်လျှောက် အရှိန်ပြင်းပြင်းမောင်းနှင်နေဆဲ။စုမုန့် နှင့် ရှန့်ကျန်း တို့မှာ တစ်ညလုံး ပင်ပန်းနေခဲ့သဖြင့် စိတ်ငြိမ်သက်သွားတာကြောင့် သူတို့နှစ်ယောက် မှိန်းခနဲ အိပ်ပျော်သွားရသည်။ သူတို့နှစ်ယောက် ရောက်လာစဥ်က အခြေအနေက အရေးတကြီးမို့ လေယာဉ်ပေါ် တက်ကာ စီးလာခဲ့သည်။ယခု အဆင်ပြေသွားပြီဖြစ်၍ ကားဖြင့် ဖြည်းညှင်းစွာပြန်လာနိုင်ခဲ့၏။မည်မျှကြာအောင် အိပ်ပျော်သွားသည်မသိ၊ကားမောင်းသမားက စုမုန့်ကို နှိုးလိုက်သည်။သူမ


မျက်လုံးဖွင့်ကြည့်လိုက်သောအခါ ဆေးရုံကို ရောက်နေမှန်း သိလိုက်ရသည်။


 “ဘာလို့ ဆေးရုံကိုရောက်နေတာလဲ”


"အထက်လူကြီးတွေက မင်းကို ဒီကိုပို့ခိုင်းတာပါ...သူက မင်းကို ပြောဖို့ မေ့သွားတာဖြစ်နိုင်တယ်...မင်းဝင်သွားပြီးရင် တစ်ယောက်ယောက်က မင်းကို လာခေါ်လိမ့်မယ်"  


ကားမောင်းသမားက ပြောပြီးသည်နှင့် စုမုန့် နှင့် ရှန့်ကျန်းတို့ ကားပေါ်မှ ဆင်းရန် အချိန်ခဏ ပေးလိုက်သည်။


 "ဆရာမ ဒီတစ်ခါလည်း အလုပ်ကိစ္စပဲလား…ဒါဆိုရင် မနေ့က ကိုယ်တို့လုပ်ခဲ့တာတွေကို မလုပ်ပါနဲ့...အရမ်းစိတ်ပင်ပန်းတယ်…အခုတော့ အိမ်ပြန်ပြီး ကောင်းကောင်းအိပ်ချင်စိတ်ပဲဖြစ်မိတယ်"  


ရှန့်ကျန်း သည် စုမုန့် နောက်တွင်ရပ်ကာ ဆေးရုံအနီးနားကို မှုန်တေတေကြည့်လိုက်သည်။မနေ့ညက အဖြစ်အပျက်က သူ့ရင်ထဲမှာ အရိပ်တစ်ခုအဖြစ် ကျန်ရစ်ခဲ့သည်။ စုမုန့်ကတော့ ဘာမှမပြောဘဲ ဆေးရုံဆီသို့ လျှောက်သွားသည်။


 "သွားကြရအောင်…အလုပ်ကိစ္စ‌တော့။မဟုတ်နိုင်ပါဘူး"  


စုမုန့် လုံးဝငြိမ်သက်နေခဲ့၏။


(စုမုန့်ကို နှစ်သက်သဘောကျခဲ့သူ...)


မကြာမီ ကားမောင်းသမားပြောသည့်အတိုင်း စုမုန့်နှင့် ရှန့်ကျန်းတို့ဆီသို့ ရဲယူနီဖောင်းဝတ်ထားသည့် အမျိုးသားတစ်ဦး လမ်းလျှောက်လာ၏။


 “မင်းက မစ္စစုမုန့် လား” 


စုမုန့်က ခေါင်းညိတ်လိုက်သဖြင့် ထိုလူ စိတ်အေးသွားပုံရသည်။


“မစ္စစုကို အဘိုးလုက ခေါ်ခိုင်းလိုက်တာပါ... ကျေးဇူးပြုပြီး ငါ့နောက်ကို လိုက်ခဲ့ပါ"


အဘိုးလု ဆို၍၊ စုမုန့်နှင့် ရှန့်ကျန်းတို့နှစ်ယောက်လုံး သက်ပြင်းချမိရသည်။‌ အသိအကျွမ်းအချင်းချင်းဖြစ်နေ၍ တော်သေးသည်။  ထိုလူက စုမုန့်ကို အဘိုးလု ထံသို့ ခေါ်သွားခဲ့သည်။ အပေါ်ဆုံးထပ်တွင် ရဲအရာရှိများစွာ ရပ်နေပြီး သာမန်လူနာများ မရှိကြပေ။ဤတစ်ထပ်လုံးမှာ ရဲများလော့ခ်ဒေါင်းချထားခြင်းပင်။ထို့ကြောင့် စုမုန့်သည် အဘိုးလု ခေါ်ရသောရည်ရွယ်ချက်ကို သိပြီးသားဖြစ်သွား၏။ဆေးရုံဝါ့ဒ်ထဲမှာ အဘိုးလု အပြင်၊လူငယ်တစ်ယောက်လည်း ရှိသည်။ထိုလူငယ်မှာ ဆေးရုံကုတင်ပေါ်တွင် လှဲနေရင်း ပင်ပန်းနွမ်းနယ်နေပုံရသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ ပတ်တီးများစီးထားပြီး IV drip လည်းချိတ်ထားသေးသည်။သူသည် အဘိုးလု၏မြေး လုပိုင် ဖြစ်နိုင်သည်။


စုမုန့် သူ့ကို နောက်ဆုံးအကြိမ်တွေ့ဖူးသော်လည်း ထိုအချိန်က သူ့တစ်ကိုယ်လုံးသွေးများဖုံးလွှမ်းနေသောကြောင့် သေချာမမှတ်မိပေ။ ယခု လုပိုင်၏ ခန္ဓာကိုယ်မှာ သန့်ရှင်းနေပြီး သူတော်တော်ချောမှန်း သိလိုက်ရ၏။ လုပိုင်၏ ချောမောမှုသည် သူမ မြင်ဖူးသော ယောက်ျားများနှင့် မတူ။ ဥပမာ၊ဝေ့ထင် ဆိုလျှင် သူ၏ ချောမောမှုက အေးစက်၊မာနကြီးပြီး ခက်ထန်သော အချောမျိုးပင်။ ကျိုးဖုန်း သည် ရှင်းသန့်တည်ကြည်သော မျက်နှာထားသာရှိသည့် သ‌ခင်လေးတစ်ဦးပင်။ ရှန့်ကျန်း သည် ဘယ်သူမှ ငြင်းမရသော အလှတစ်မျိုးကိုပိုင်ထားသူ ဖြစ်သည်။


လုပိုင် ကမူ ရဲအရာရှိတစ်ယောက်မို့လားမသိ၊ သူ့ခန္ဓာကိုယ်က အတော်ပင်ကြည့်ကောင်းနေကာ နေမင်းကြီးလို လင်းဖြာသူမျိုးပင်။သူ့ကိုမြင်လိုက်ရုံနှင့် နားမလည်နိုင်သည့် စိတ်ငြိမ်သက်မှုတစ်ခုကို ပေးစွမ်းခဲ့ပြီး လူကို သက်တောင့်သက်သာဖြစ်စေ၏။


 “မိန်းကလေး… မင်းအလုပ်တွေ ပြီးသွားပြီဆိုတော့၊ ဒီနေ့ မင်းကို ခေါ်လိုက်ရတာပဲ….တစ်မျိုးမထင်ပါနဲ့"


လုပင်းက မတ်တပ်ထရပ်ပြီး စုမုန့် ကို နှုတ်ဆက်ကာ အထဲမှာ ထိုင်ခိုင်းလိုက်သည်။


 "အဲဒီနေ့က မင်း ကိုယ့်ကို ကယ်ခဲ့တာလား" 


လုပင်း က စုမုန့် ကို မြင်မြင်ချင်း ဆိုလိုက်သည်။


 “ကျွန်မက အကြံတစ်ခုပေးရုံပါပဲ...ရှင့်ကို အားလုံးက အတူတူကယ်ခဲ့တာပါ" 


စုမုန့်က အလေးအနက်သဘောမျိုးဖြင့် ပြောသည်။သူမသည် ထိုနေ့က အဓိကဇာတ်ဆောင်မဟုတ်၊ လုပိုင်ကို ဘေးကင်းစွာ ကယ်တင်နိုင်ခဲ့သည်က တိုင်းပြည်၏ စွမ်းအားကြောင့်ဟု ခံယူထားသည်။ သူမ၏ကိုယ်ပိုင်စွမ်းအားဖြင့် သူ့ကို လူဆိုးဂိုဏ်းများထံမှ ကယ်တင်နိုင်မည် မဟုတ်ပေ။


 "ဘာပဲဖြစ်ဖြစ် ကိုယ် မင်းကိုကိုယ်တိုင်ကျေးဇူးတင်ရမယ်..…ကျေးဇူးတင်ပါတယ်နော်"


စုမုန့် ၏စကားကိုကြားသောအခါ လုပိုင် မျက်နှာထားပြောင်းလဲသွားသည်။ စုမုန့်ကလည်း လေးနက်စွာ ကျေးဇူးတင်စကား ပြောခံရပြီးနောက် အနည်းငယ် ရှက်သွားကာ မျက်နှာက စတော်ဘယ်ရီရောင် နီမြန်းလာသည်။လုပင်းကလည်း သူမတို့ကိုကြည့်ပြီး အပြုံးတစ်ခုပေါ်လာသည်။သူမကို ကြည့်လေလေ၊ သူ ပိုသဘောကျလေလေဖြစ်သည်။


"မင်းရဲ့အသက်ကို ကယ်ခဲ့တဲ့ မိန်းကလေးကို မင်းအမြဲကျေးဇူးတင်ရမယ်နော်...နောက်ဆို သူမကို တတ်နိုင်သလောက် ကူညီပေးလိုက်....သူမအတွက် မင်း အသင့်ရှိနေပေးရမယ်"  


လုပင်းသည် လုပိုင်ကို အေးစက်စွာ ပြောဆိုပြီးနောက် စုမုန့်အား တစ်ချက်ကြည့်လိုက်သည်။ထိုအခါ သူ့မျက်လုံးထဲတွင် အပြုံးရိပ်တစ်ခု ပေါ်လာသည်။ချက်ချင်းပြောင်းလဲသွားသည့် အဘိုးဖြစ်သူကိုကြည့်ရင်း လုပိုင် စိတ်ထဲမှာ အောင့်သက်သက်ဖြစ်ရလေသည်။ 


 "ဘာမှမဟုတ်ပါဘူး…ကျွန်မလည်းအများကြီးမကူညီခဲ့ပါဘူး…အဘိုးလု ကျွန်မကို ဘာကိစ္စ ဒီကိုခေါ်တာလဲ"  


လောလောဆယ် သူမ‌ ကောင်းကောင်းအိပ်ချင်နေမိသည်။ မကြာသေးမီက သူမသည် တစ်ညလုံးမအိပ်ရသဖြင့် မျက်လုံးများပင် ကျိန်းစပ်နေရသည်။ 


 "မင်းက ဒီကောင့်ကို ကယ်လိုက်တာ...  သူက မင်းကို ပုဂ္ဂိုလ်ရေးအရ ကျေးဇူးတင်စကား ပြောရဦးမှာပေါ့... ပြီးရင် မင်းတို့ကို လူလွှတ်ပြီး ပြန်လိုက်ပို့ခိုင်းမယ်"


ထိုစကားကိုပြောပြီးနောက် လုပင်း သည် စောစောက ခေါ်လာသော ရဲကို ကားပြင်ခိုင်းလိုက်၏။ပြီးလျှင် စုမုန့်တို့  နှုတ်ဆက်၍ထွက်သွားပြီးနောက် လုပင်းက မြေးဖြစ်သူအား ချက်ချင်း ရယ်မော၍ ပြောလိုက်သည်။


 "အဘိုး၊တစ်ကယ်ပဲ ဒီတိုင်းကျေးဇူးတင်စကားပြောဖို့ သူမကို ဒီလာခိုင်းတာလား"   


 "ဟုတ်တယ်…မင်း ဘယ်လိုထင်လဲ...   ဒီကောင်မလေးကို ဘယ်လိုထင်လဲ"  


လုပိုင် အဘိုးကို စိုက်ကြည့်နေကာ သက်ပြင်းချလိုက်သည်။ လုပင်း တွေးနေတာတွေကို သူသိပြီးသားပင်။


 “ဟုတ်ပါတယ်..အရမ်းကောင်းပါတယ်...သူမကို အဘိုးက သဘောကျနေတယ်ဆိုလည်း ဘာလို့ ကျွန်တော့်ကို လာမေးသေးတာလဲ"


ထိုအခါ လုပင်းက လုပိုင် နံဘေးကို လျှောက်သွားပြီး သူ့ခေါင်းကို ညင်သာစွာ ပုတ်လိုက်သည်။




xxxxxx