အပိုင်း၇
Viewers 12k

Chapter 7



ကျုံးယို့ယို့သည် မေးခွန်းများအား ဖြေနေရသည်ကို ပျော်မွေ့နေသည်။ မေးခွန်းတစ်ခုစီတိုင်းသည် အရှုပ်တစ်ခုသာ ဖြစ်ပြီး များပြားလှသည့်အချက်အလက်များကို ဖြေရှင်းပြီးနောက်တွင် နောက်ဆုံးရလဒ်ကို လွယ်ကူစွာနှင့်ရရှိနိုင် သည်။ ဒီဖြစ်စဥ်သည် ပြီးမြောက်အောင်မြင်ခြင်း၏ သဘောပင်ဖြစ်သည်။


သူမအတွက်တော့ ရှေ့တွင်ရှိနေသည့် စီနီယာအထက်တန်းစာမေးပွဲမေးခွန်းလွှာသည် ဘာမှမဟုတ်ပေ။ ပွင့်ပွင့် လင်းလင်းဆိုလျှင် သူမသည်ဒီစာမေးပွဲကို အဆင့်အမြင့်ဆုံးသို့ရောက်ရှိနေပြီးဖြစ်သော ဘော့စ်သည် လူသစ်ကို သတ်ရန် ရွာသို့ပြန်လာသကဲ့သို့ လွယ်လွယ်ကူကူပင်ဖြေနေခဲ့သည်။ 


သူမသည် အမှန်ရွေးမေးခွန်းဆယ်ပုဒ်ကို တစ်ချက်ကြည့်လိုက်ရုံနှင့်တင် အဖြေများကိုသိနေပြီးဖြစ်သည်။ နောက်ဆုံးမေးခွန်းအနည်းငယ်သည်သာ အနည်းငယ်ခက်လေသည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက်တွင်တော့ သူမသည် အဖြေမှန်ကို သေချာရွေးချယ်နိုင်လိုက်သည်။ 


ဒီစာမေးပွဲသည် သောကြာနေ့တိုင်းဖြေဆိုရသည်ဖြစ်ပြီး မေးခွန်းများသည် မခက်ခဲပေ။ အနည်းဆုံးတော့ ကျုံးယို့ယို့က ၎င်းကို ခက်ခဲသည်ဟု မထင်မိ။ သူမသည် အမှန်ရွေးမေးခွန်းများကို ပျင်းရိစွာ ဖြေပြီးနောက် အဖြေလွှာစာရွက်ကို မှောက်ထားလိုက်သည်။ 


သိပ်မဝေးသောနေရာတွင်ရှိနေသည့် ရွှီရှောင်ယွဲ့ကတော့ မေးခွန်းများကိုကြည့်ကာ ချွေးတွေအလွန်အမင်းထွက် နေခဲ့သည်။ 


ဆိုးသွမ်းသောအတန်းပင်ဖြစ်သော်လည်း စာသေချာလုပ်သည့် ကျောင်းသားများလည်းရှိသည်။ နောက်ဆုံးတွင် တော့ သူတို့အားလုံးသည် ဖီးနစ်ငှက်အမြီးမဟုတ်ဘဲ ကြက်ခေါင်းများသာဖြစ်ကြသည်။ ရွှီရှောင်ယွဲ့သည် အတန်း (၁၉)၏ ကြက်ခေါင်းဖြစ်သည်။ အဆင့်မြင့်တန်းရှိကျောင်းသားများကဲ့သို့ အဆင့်မကောင်းသော်လည်း အတန်း(၁၉)တွင် ထိပ်ဆုံး(၃)ယောက်အတွင်းရှိနေသ၍ ဘာပြဿနာမှမရှိပေ။ 


သို့သော် အခုအချိန်တွင်တော့ စာမေးပွဲစတင်ပြီး မိနစ်နှစ်ဆယ်ကျော်သွားပြီဖြစ်သော်လည်း သူမသည် အမှန်ရွေး မေးခွန်းသုံးခုကိုသာဖြေရသေးသည်။ သူမသည်နံရံထက်ရှိ နာရီကိုကြည့်ရင်း အနည်းငယ်စိုးရိမ်လာသည်။


 ဒီတစ်ခါ ဘယ်တလွဲဆရာက မေးခွန်းထုတ်တယ်မသိဘူး... တွက်ရတဲ့ပုစ္ဆာတွေများလိုက်တာ... တစ်ခါမှ ဒီလိုမဖြေရဖူးဘူး... ဒီတိုင်းသာဆက်သွားရင် နင်ဘယ်လိုမှ အချိန်မီပြီးမှာမဟုတ်ဘူး။ 


သူမ၏လက်ဖဝါးများသည် စိုးရိမ်ပူပန်မှုကြောင့် ချွေးတွေထွက်နေခဲ့ကာ သူမသည် အတန်းထဲရှိ စာတော်သော ‌ကျောင်းသားများကိုကြည့်လိုက်သည်။ ကံကောင်းထောက်မစွာနှင့် ထိုကျောင်းသားများသည်လည်း စိုးရိမ်နေကြ ကာ သူတို့၏ မျက်ခုံးများမှာတွန့်ချိုးနေပြီး မေးခွန်းလွှာ၏ ပထမဆုံးစာမျက်နှာရှိ အမှန်‌ရွေးမေးခွန်းများတွင်သာ ကြန့်ကြာနေကြသည်။ သူမသည်စိတ်သက်သာရာရသွားကာ အသက်ရှူထုတ်လိုက်သည်။ ကြည့်ရတာ သူမတင် မဟုတ်ဘဲ အကုန်လုံးအခက်တွေ့နေသည့်ပုံပင်။ 


အတန်းထဲရှိကျောင်းသားအများစုသည် စည်းကမ်းများကိုလိုက်နာပြီး မေးခွန်းများကိုဖြေဆိုနေကြသော်လည်း အတန်း၏နောက်ဘက်တွင်တော့ အဖြေလွှာတွင် နာမည်သာရေးထားကာ ငေးမောနေကြပြီး တစ်စုံတစ်ယောက် ဆီမှ ကူးချရန် စောင့်ဆိုင်းနေသော အရှုံးသမားများလည်းရှိသည်။ 


ရှစ်ယိမုန့်သည် ထိုဒုတိယမျိုးဆက်ဘိုးဘေးလေးများထဲမှ တစ်ဦးဖြစ်ပြီး စာလုံးဝမလုပ်ဘဲ မိသားစုလုပ်ငန်းကို ဆက်ဆံရန် စောင့်ဆိုင်းနေသူသာဖြစ်သည်။ စာသင်ကြားလေ့လာခြင်းသည် သူ့အတွက်အဓိပ္ပာယ်မရှိ။ သူသည် ထိုဖြေရှင်းရသော အရာမျိုးတွေကိုလဲ မလုပ်နိုင်ပေ။ စာမေးပွဲအတွင်းတွင် ရှေ့စင်မြင့်ပေါ်မှ ကြည့်နေသော ဆရာမ ကြောင့်သာမဟုတ်လျှင် သူနှင့်သူ၏ညီငယ်လေးများသည် ထိုင်ခုံများကို ဆွဲရမ်းပစ်ကာ အော်ရယ်ကြမိလိမ့်မည်။


သူသည်အနည်းငယ်ပျင်းရိလာသောကြောင့် အတန်း၏တစ်ဖက်ခြမ်းတွင်ရှိနေသော ကျုံးယို့ယို့ကို လှမ်းကြည့် လိုက်သည်။ 


ကျုံးယို့ယို့ ဘာလို့ ဒီလောက်ပြောင်းလဲသွားတာလဲ...။


ကျုံးယို့ယို့သည် အရင်က အတန်းထဲတွင် ထင်ပေါ်မနေပေ။ အင်္ဂလိပ်အချိန်တွင် သူမ၏ ချာတူးလံလှသော အင်္ဂလိပ်စကေးဖြင့် တစ်တန်းလုံးအား ရယ်မောစေသည့်အချိန်မှလွဲ၍ နောက်ဖက်တန်းမှ ‌ယောက်ျားလေးများသည် ကျုံးယို့ယို့ကို အာရုံမစိုက်ကြပေ။ ယောက်ျားလေးများသည် အတန်းထဲရှိ ဘယ်မိန်းကလေးကပိုလှကြောင်း ဆွေးနွေးရသည်ကို သဘောကျကြသည်။ ယခုတွင်တော့ ကျုံးယို့ယို့သည်သာ အတန်း(၁၉)၏ အလှပဂေးလေး ဖြစ်ကြောင်း မျက်စိမှိတ်သဘောတူကြကာ ဆွေးနွေးမှုသည်လဲမရှိတော့ပေ။


အခု ကျုံးယို့ယို့သည် ရှုပ်ယှက်လှသည့် မိတ်ကပ်နှင့်ဆံပင်တို့ မရှိတော့ဘဲ ဆံပင်ကို သပ်သပ်ရပ်ရပ်လေးစည်း ထားရုံနှင့်တင် ရုတ်တရက်ကြီး လှပသွားသည်။ ထိုသို့ဆိုလျှင် ရွှီရှောင်ယွဲ့သည် အတန်း၏ အလှပဂေးလေး မဟုတ်တော့ပေ။ 


တခြားသူတွေနှင့်မတူဘဲ ရှစ်ယိမုန့်သည် ကျုံးယို့ယို့အကြောင်းကို အနည်းငယ်ပိုသိသည်။ 


အထက်တန်း‌ကျောင်းစသည့်အချိန်တွင် အတန်းထဲ၌ ယောက်ျားလေးများသည် မိန်းကလေးများကို ပစ္စည်းများ ကူသယ်ပေးကြသည်။ တခြားမိန်းကလေးများသည် အကန့်အသတ်နှင့်ထုတ်ထားသော ကျောင်းလွယ်အိတ်များ၊ ထောင်သောင်းချီသော ဖိနပ်တို့နှင့်ဖြစ်သည်။ ကျုံးယို့ယို့သာလျှင် ဆင်းရဲနွမ်းပါးသော ကျေးရွာမှလာသူကဲ့သို့ အနီရောင်အင်္ကျီနှင့် ဖိနပ်တို့မှာ ဖြူစုတ်နေပြီဖြစ်သည်။ ရှစ်ယိမုန့်က သူမသည် ဆင်းရဲသောကျောင်းသူလား မကြာခင်အချိန်ကမှချမ်းသာလာသူလား တွေးနေရင်း


ခါးသီးမှုအနည်းငယ်ကိုခံစားလာရသည်။


နောက်ပိုင်းတွင် ကျုံးယို့ယို့၏ အဝတ်အစားများသည် တဖြေးဖြေး‌စျေးကြီးပုံပေါက်လာသော်လည်း သူမ၏ ဖက်ရှင်အမြင်သည် ဆိုးရွားလှပေသည်။ ရှစ်ယိမုန့်က သူမ၏အမြင်မရှိပုံကို ကြည့်ကာ မကြာသေးခင်ကမှ ချမ်းသာလာသူဟု ကောက်ချက်ချလိုက်တော့သည်။ 

သို့သော် ယနေ့တွင်တော့ ကျုံးယို့ယို့သည် လူအသစ်တစ်ယောက်လိုပြောင်းလဲသွားပြီး သူဌေးလက်သစ်မိသားစု၏ သမီးတစ်ယောက်ဖြစ်လာခဲ့သည်။ 

ရှစ်ယိမုန့်သည် သူမအားလျှို့ဝှက်ဆန်းကြယ်သည်ဟု ခံစားရသည်။ 


သူမသည်အလွန်လှပလာခဲ့ဿည်။ ဆံပင်တို့ကို နားအောက်ခြေနားထိ တိုတိုလေးညှပ်ထားသော်လည်း အတော်လှသည်။ သလင်းကဲ့သို့ ကြည်လင်နေသော နားသန်သီးလေးများသည် နေ‌ရောင်ကြောင့် အဝါရောင် သန်းနေကာ တောက်ပစွာ အလင်းပြန်နေသယောင်ထင်ရပြီး လှပမှုက အရမ်းပြင်းထန်လှသည်။ 

သူသည် အလွန်စွဲမက်ဖွယ်ကောင်းသော သူမကို သူကိုယ်တိုင်တောင် သတိမထားမိဘဲ သတိလက်လွတ် ငေးမောနေမိသည်။ သူ၏ဘေးတွင်ထိုင်နေသော ညီငယ်လေးက သူ့ကိုထူးဆန်းစွာကြည့်ရင်း သူ့အကြည့်ကိုလိုက်ကြည့်ကာ ရုတ်တရက်သူ့ကို တွန်းလိုက်ပြီးရယ်လိုက်သည်။ 


“အစ်ကိုရှစ်... အကြံတွေရှိနေတာလား” 

အကြံတွေ... ကျုံးယို့ယို့အပေါ်ကိုလား... သူ့ထက်ပိုဆိုးတဲ့ အမြင်တွေနဲ့ ဦးနှောက်မရှိတဲ့ သူဌေးလက်သစ်တစ်ယောက်ကိုလေ...


ရှစ်ယိမုန့်သည် စိတ်ဆိုးမာန်ဆိုးဖြင့် လှည့်လာခဲ့ပြီး ညီငယ်လေး၏ခေါင်းကိုပြင်းပြင်းခေါက်လိုက်ရင်း “ ကိုယ့်ဘာသာကိုယ် ဖြေစမ်းပါ!!!!” သူဝန်မခံသော်လည်း ဒီကြမ်းတမ်းသောလူကြီး၏ နှလုံးသားသည် အနည်းငယ် မြန်မြန်လေးခုန်နေခဲ့သည်။ 

ဒီအသက်အရွယ် ယောက်ျားလေး၊မိန်းကလေးများသည် အလွန်လေးနက်မှုမရှိပေ။ လှပသောသူဘယ်သူဖြစ်ဖြစ် သူတို့တွေသည် အထင်အမြင်ကောင်းတွေရကြသည်။ 


သင်္ချာဆရာမသည် သူမ၏လက်များကိုနောက်သို့ပစ်ကာ အတန်းကို လှည့်ပတ်လျှောက်နေရင်း ကျုံးယို့ယို့ဘာလုပ်နေသည်ကိုကြည့်ရန် သူမနားသို့လျှောက်လာခဲ့သည်။ 


အကယ်၍ ကျုံးယို့ယို့၏ အဆင့်များအပေါ် သေချာနားလည်သဘောပေါက်သူရှိမည်ဆိုပါက ထိုသူသည် သုံးနှစ်လုံး သူမ၏အနိုင်ကျင့်ခြင်းကိုခံရသော ဆရာမပင်ဖြစ်ပေလိမ့်မည်။ သူမ၏အဆင့်တွေသည် အလွန်ဆိုးဝါးသည်။ စာမေးပွဲတွင် အမှတ်သုံးဆယ် သို့မဟုတ် လေးဆယ်ရသူများသည် စာမေးပွဲကျနိုင်သလို အောင်လဲအောင်နိုင်သည်။ သို့သော် သူမသည် စာမေးပွဲတွင် ဘာတစ်ခုကိုမှ နားမလည်ပေ။ 


သူမ၏အခြေခံသည် မကောင်းပေ။ သူမအထက်တန်း‌ကျောင်းကို ပြောင်းလာတဲ့အချိန်မှာ ဒီကျောင်း၏ ဘာသာရပ်သင်ကြားမှုများအပေါ် အမှီမလိုက်နိုင်ခဲ့ပေ။ အထက်တန်းပထမနှစ်တွင် သူမအမှီလိုက်ဖို့ကြိုးစားသော်လည်း နောက်တွင်တော့သူမသည် သူမဘာလုပ်နေသည်ကိုပင် မသိတော့ချေ။ သူမသည် လူဆိုးဂိုဏ်းများနှင့်ပတ်သက်ခြင်း၊ စာသင်ချိန်တွင် လိုက်နားမထောင်ခြင်း၊ အိမ်စာများမထပ်ခြင်းများ ရှိလာရာ သူမ၏အဆင့်များသည် အောက်ဆုံးသို့ရောက်သည်ထိ ဆိုးသထက်ဆိုး၍လာခဲ့သည်။ 


အတန်း(၁၉)မှ ဆရာမခဲ့ရမ်သည် ဝမ်းချုပ်နေသည့် အမူအရာဖြင့် သူမ၏အကြောင်းကိုတွေးနေခဲ့သည်။


အတန်းဖော်များက ကျုံးယို့ယို့၏ မိသားစုနောက်ခံအကြောင်းကို မသိကြဘဲ သူတို့၏ ဆရာမကတော့ အနည်းငယ်သိလေသည်။ ကျုံးရှစ်ရွှမ်နှင့် ကျုံးရှီယို့တို့သည် တော်ကြပြီး ကျောင်းအတွက် ပြိုင်ပွဲများစွာတွင် ပါဝင်ကြသည်။ သို့သော် ကျုံးမျိုးရိုးပင်ဖြစ်သည့် ကျုံးယို့ယို့မှာတော့ မတူကွဲပြားစွာပင် ဖရိုဖရဲနိုင်လှသည်။ သူမသည် အတန်း(၁၉)၏ ပျမ်းမျှအဆင့်များထက်နည်းနေကာ တစ်ယောက်တည်းကွဲထွက်စွာ ရှိနေလေသည်။ 


သင်္ချာဆရာမက အနားသို့ရောက်လာပြီး ကျုံးယို့ယို့သည် အဖြေလွှာတို့ကို မှောက်ထားသည်ကို တွေ့လိုက်သောအခါ သူမသည်အမှန်‌ရွေးမေးခွန်းများကို ကျပန်းကြုံသလိုဖြေထားပြန်ပြီဟုတွေးရင်း ခေါင်းကိုက်လာခဲ့သည်။ 


သို့သော် ဒါသည် ကောင်းသည့်အချက်ဖြစ်သည်။ ကျုံးယို့ယို့သည် ယခင်က အ‌ဖြေလွှာဗြောင်ကြီးကိုသာ အမြဲထပ်လေ့ရှိသောကြောင့်ဖြစ်သည်။


ဒါပေမယ့်ထင်မထားခဲ့ဘူး!


သင်္ချာဆရာမက သူမ၏ဘေးတွင်ရပ်နေခဲ့ပြီး အဖြေလွှာကိုကြည့်လိုက်သောအခါ မိုးကြိုးပစ်ချလိုက် သကဲ့သို့ အံ့အားသင့်သွားခဲ့သည်။ သူမသည် အသက်ပြင်းပြင်းရှူလိုက်ကာ ကျုံးယို့ယို့၏ ရှေ့တွင်ရှိနေသော အဖြေအကုန်လုံးမှန်နေသည့် အမှန်ရွေးမေးခွန်းတို့ကို ကြည့်လိုက်သည်။ သင်္ချာဆရာမသည် သူမများအဖြေတွေကို မှားမှတ်မိထားမိသလားလို့ ထင်သယောင်ဖြစ်သွားရကာ သူမမျက်လုံးများကို ကျဥ်းမြောင်းလိုက်ပြီး ရှေ့တိုးကာ ကျုံးယို့ယို့၏ အဖြေလွှာကို ကြည့်နေလိုက်သည်။ 


ဒီတစ်ခေါက်မေးခွန်းလွှာများသည် ပြိုင်ပွဲအဆင့်မေးခွန်းများဖြစ်ပြီး အမျိုးအစားများမှာ အလွန်ခက်ခဲသည်။ အတန်းကိုလှည့်ကြည့်ပြီးတဲ့နောက်မှာ ရွှီရှောင်ယွဲ့အပါအဝင် သိပ္ပံအမှတ်ကောင်းကြသောကျောင်းသား အနည်းစုတောင် အမှန်ရွေးမေးခွန်းအနည်းငယ်ကိုသာဖြေရသေးကြောင်းတွေ့ရသည်။ နောက်ဆုံးရလဒ်ကတော့ ကောင်းလိမ့်မည်မထင်ပေ။


သို့သော် အခုလို အမှန်‌ရွေးမေးခွန်းများအကုန်မှန်နေသော အဖြေလွှာကို သူမပထမဆုံးမြင်ရတာဖြစ်သည်။


ကူးချထားတာများလား...


သို့ပေမဲ့ ကျုံးယို့ယို့အနားရှိ အတန်းဖော်များကိုကြည့်လိုက်သောအခါ သူတို့သည် အမှန်ရွေးမေးခွန်းအနည်းငယ်ကိုသာ ဖြေနေကြတုန်းဖြစ်သည်။ 


သူဘယ်ကနေကူးလိုက်တာလဲ...


သင်္ချာဆရာမ၏စိုက်ကြည့်နေမှုကိုခံနေရသော ကျုံးယို့ယို့သည် အဖြေလွှာပေါ်တွင်တွက်နေသည်ကို ရပ်လိုက်ပြီး အဖြေလွှာကို ဗလာဖြစ်နေသောဘက်သို့တိတ်တဆိတ်လှန်လိုက်ကာ တွက်ချက်မှုတို့ကိုကွယ်ဝှက်လိုက်သည်။ 


သူမဒီဘဝသို့ရောက်ရှိလာပြီးနောက်တွင် သူမ၏လမ်းလျှောက်ဟန်နှင့် လက်ရေးတို့သည် မူလပိုင်ရှင်နှင့် တူနေရာ ပေါ်သွားနိုင်ချေမရှိပေ။ သို့သော်သူမသည် မေးခွန်းများကိုဖြေနေခဲ့ပြီး မူလပိုင်ရှင်၏အဆင့်များမကောင်းသည်ကို မေ့နေခဲ့သည်။ ဒီတစ်ခေါက်တွင်အမှတ်ပြည့်ရသွားပါက သေချာပေါက်သံသယအဝင်ခံရလိမ့်မည်။ သူမအမှန်ရွေး မေးခွန်းအနည်းငယ်သာ ဖြေထားသော်လည်း သင်္ချာဆရာမသည် လန့်သွားပုံပေါ်သည်။ 


ယို့ယို့သည် တစ်နေ့တွင် ဆန်ကုန်မြေလေးတစ်ယောက်အဖြစ် ဟန်ဆောင်ရလိမ့်မည်ဟု ထင်မထားခဲ့ပေ။ သူမသည် သက်ပြင်းချလိုက်ကာ စာရွက်ကိုပြန်လှန်လိုက်ပြီး ကွက်လပ်ဖြည့်မေးခွန်းတို့ကို ကြုံသလိုသာ ဖြေလိုက်တော့သည်။ 


ကွက်လပ်ဖြည့်မေးခွန်းရှစ်ခုရှိပြီး သူမသည် အကြိမ်အနည်းငယ်ကြည့်လိုက်ရုံနှင့်တင် အဖြေကိုသိသည်။ သို့သော် အဖြေမှန်ကိုမ‌ရေးခြင်းသာအကောင်းဆုံးဖြစ်သည့်အတွက် သူမသည် မေးခွန်းခုနစ်ခုကို အမှားများ ဖြေလိုက်သည်။ သူမသည် သူမ၏ခေါင်းကိုပင်ကုတ်လိုက်သေးကာ စိတ်ရှုပ်နေဟန် ဟန်ဆောင်လိုက်သေးသည်။ 


သင်္ချာဆရာမသည်သူမ၏ဘေးတွင် အချိန်အကြာကြီးရပ်နေခဲ့ပြီး နောက်ဆုံးတွင်တော့ သူမသည် ကွက်လပ်ဖြည့် မေးခွန်းများတွင် အဖြေမှားများဖြည့်လိုက်သည်ကိုမြင်သောအခါ သူမ၏သံသယတို့ကို ရုတ်သိမ်းလိုက်တော့သည်။ 


နောက်ဆုံးတော့လည်း ယခုကျုံးယို့ယို့သည် ယခင်ကကဲ့သို့ပင် ခေါင်းထဲဘာမှမရှိပေ။ အမှန်ရွေး မေးခွန်းများတွင် ရှစ်ဆယ်ရာခိုင်နှုန်းသည် ကြုံရာဖြေထားသော်လည်း အကုန်မှန်သည်။ ကံကောင်းလွန်းသည့် ကောင်မလေးပင်။ အမှန်ရွေးမေးခွန်းတစ်ခုစီတွင် ရွေးချယ်စရာအဖြေလေးခုရှိပြီး မှန်နိုင်ချေ နှစ်ဆယ့်ငါးရာခိုင်နှုန်းသာရှိသည်။ သူမသည် ခန့်မှန်းအဖြေတစ်ခုကိုဖြေပြီးပြီးချင်းပင် ဆယ်ကြိမ်ထပ်ခန့်မှန်းနိုင်မည်တဲ့လား....


သင်္ချာဆရာမထွက်သွားပြီးနောက်တွင် ကျုံးယို့ယို့စိတ်သက်သာရာရသွားခဲ့သည်။ 


သူမ အမှန်‌ရွေးမေးခွန်းများအပါအဝင် အခြားမေးခွန်းအမျိုးအစားများကို သိရှိပြီး အဖြေမှန်တို့ကို တွက်နိုင်သော်လည်း အမှားတို့ကိုသာရေးပေးလိုက်သည်။ ရှုပ်ထွေးခက်ခဲလှသော နောက်ဆုံးပုစ္ဆာကြီးသို့ ရောက်သောအခါ သူမသည်မထိန်းနိုင်တော့ဘဲ တစ်ဆင့်ချင်းမှန်ကန်စွာတွက်လိုက်သည်။ နောက်ဆုံးတွင်တော့ သင်ကြားရေးဆရာကြီးသည် အကြောင်းအရာကောင်းတစ်ခုနှင့်တွေ့သောအခါ ကရုဏာအနည်းငယ်တော့ရှိစမြဲပင်ဖြစ်ပေတော့သည်။ 


နှစ်နာရီကြာသောစာမေးပွဲသည် ပြီးဆုံးသွားလေသည်။ တစ်နှစ်လုံးစာအတွက် စာမေးပွဲအား တစ်ဘာသာချင်းစီ သောကြာနေ့နေ့လည်တိုင်းတွင်ဖြေရသည်။ စာမေးပွဲပြီးသောအခါ ကျောင်းပိတ်ပြီဖြစ်သည်။ 


ကျုံးယို့ယို့ ထလိုက်ကာအကြောဆန့်လိုက်ပြီး ပစ္စည်းများကိုသိမ်းလိုက်သည်။ တနင်္လာမှသောကြာနေ့အထိ ကျုံးရှီယို့နှင့် မုန့်ရှစ်ရွှမ်တို့ကို အိမ်ကလာကြိုသည်။ မူလပိုင်ရှင်နှင့် မောင်နှမနှစ်ယောက်သည် ဆက်ဆံရေးမကောင်းကြပေ။ သူတို့သည်မတူညီသော ဘတ်စ်ကားမှတ်တိုင်တစ်ခုစီသို့ လမ်းလျှောက်ကြပြီး ထိုမှတစ်ဆင့် ဘတ်စ်ကားစီးပြန်ကြသည်။


သို့သော် ယနေ့တွင် ကျုံးယို့ယို့သည် စောစောမပြန်ချင်သဖြင့် စျေးဆိုင်သို့ဝင်ရန် ဆုံးဖြတ်လိုက်သည်။ သူမမနက်က မူလပိုင်ရှင်၏ အဝတ်ဘီဒိုကိုဖွင့်လိုက်ရာ လန့်သွားခဲ့ရသည်။ သူမသည် ကျားသစ်ကွက်ပုံစံနှင့် လည်သာဘောင်းဘီ မတော်တ‌ရော်တို့ကို လွှင့်ပစ်လိုက်သည်။ သူမ ကျောင်းသူတစ်ယောက်အနေနှင့် ဝတ်သင့်သည့် သာမန်အဝတ်အစားတို့ကိုဝယ်ရမည်။ သို့မှသာ ကျုံးအဖေနှင့် ကျုံးအမေတို့၏ တစ်နေ့လုံးမျက်စိ ဒေါက်ထောက်ကြည့်နေခြင်းမှ လွတ်နိုင်မည်ဖြစ်သည်။ သူတို့မျက်စိကို အနားပေးရန်လိုအပ်သည်။


“ကျုံးယို့ယို့... စာမေးပွဲမှာအခြေအနေကောင်းလား”


 သူမ၏နောက်တွင်ထိုင်နေသော ကောင်လေးက သူမ၏ လည်တိုင်လေးနှင့် ဖြူဖွေးနေသော မျက်နှာလေးတို့ကြောင့် မနေနိုင်ဘဲ မေးလိုက်သည်။ 


ကျုံးယို့ယို့က သူ့ကိုကြည့်လိုက်ရင်း “ မဆိုးပါဘူး”


မ‌ဝေးသောနေရာမှ ရွှီရှောင်ယွဲ့ စိတ်ညစ်နေမိသည်။ ဒီတစ်ခေါက်မေးခွန်းသည်အလွန်ခက်သည်။ ပုစ္ဆာကြီး သုံးခုကိုပင်မမှီလိုက်ကာ အမှတ်ငါးဆယ်ဖိုးတောင်ရနိုင်မည်မဟုတ်တော့။ ယခင်ကအကုန်အဆင်ပြေခဲ့သော်လည်း ယခုတွင်တော့ အဆင့်ကောင်းကောင်းရတော့မည်မဟုတ်ပေ။ ပိုဆိုးသည်ကသူမသည် ဖြေရသော ပုစ္ဆာတို့ကို လုံးဝမသိကာ ဘယ်လိုတွက်ရမည်ကိုပင်မသိပေ။ 

ကျုံးယို့ယို့၏ စကားကိုကြားသောအခါ ရွှီရှောင်ယွဲ့သည် ဒေါသထွက်သွားပြီး ထေ့ငေ့ါလိုက်သည်။ 


“ ဘာကိုမဆိုးတာလဲ...နင်အကုန်ပြီးလို့လား...” 


ကျုံးယို့ယို့ကပြောလိုက်သည်။ “မပြီးဘူးလေ” သူမစကားတချို့ကို သက်သက်မဲ့ချန်ထားလိုက်သည်။


ရွှီရှောင်ယွဲ့သည် နှာခေါင်းရှုံ့လိုက်သည်။ သူမသည် ကျုံးယို့ယို့နှင့်ယှဥ်လျှင် တော်သေးသည်။


 ကျုံးယို့ယို့ အဆင့်တွေမကောင်းတာ မသိတဲ့သူဘယ်သူရှိလို့လဲ...


 စာမေးပွဲဖြေတိုင်း သူမသည် မေးခွန်းစာရွက်နောက်ဆုံးမှ ရသူဖြစ်သည်။ (ဘိတ်ချေးမို့)


သူမရှက်ဘူးလား... ရွှီရှောင်ယွဲ့သည် စဥ်းစားလိုက်ပြီး အနည်းငယ် ဂုဏ်ယူမိလိုက်ကာ မေးလိုက်သည်။


“နောက်ဆုံးအမှန်ရွေးမေးခွန်းရဲ့ အဖြေကဘာလဲ”

အမှန်ရွေးမေးခွန်း၏နောက်ဆုံးအပုဒ်သည် နည်းနည်းခက်သော်လည်း သူမ၏ကျူရှင်ဆရာမက ရှင်းပြထားသောကြောင့် ဖြေနိုင်ခဲ့သည်။ သို့သော်မေးခွန်းသည်အလွန်ခက်သည်။ အတန်းထဲရှိလူတချို့သာ ဖြေနိုင်လိမ့်မည်။ 


ကျုံးယို့ယို့သည် ရွှီရှောင်ယွဲ့ကို ရယ်ချင်စိတ်ကိုထိန်းကာကြည့်ရင်း “ ငါ C ရွေးလိုက်တယ်” 

ထိုပုစ္ဆာသည် သာမန် မသိကိန်းပုစ္ဆာဖြစ်သော်လည်း မေးခွန်းလှည့်ထားလေသည်။ သေချာအာရုံမစိုက်လျှင် D ကို ရွေးလိုက်နိုင်သည်။ 


ရွှီရှောင်ယွဲ့သည် ထိုစကားကိုကြားသည့်အခါ လှောင်ပြုံးပြုံးလိုက်သည်။ 


“ကျုံးယို့ယို့... နင်မှားသွားပြီ” သူမက လုံးဝသေချာနေသည့်ပုံဖြင့်ပြောလိုက်သည်။ “ အဖြေက D” ကျုံးယို့ယို့က မေးခွန်းစာရွက်ရတည်းက အမြန်ဖြေတော့တာ... လက်စသတ်တော့ ကြုံရာကောက်ဖြေတာဖြစ်နေတာပဲ...။ 

သူမပြောတာကိုကြားပြီးနောက်တွင် သူမဘေးမှ မိန်းကလေးသည်ငိုတော့သည်။ 


“ ဟင်? Dကိုရွေးရမှာလား? ငါက Aကိုရွေးလိုက်တာ...အဲ့မေးခွန်းကအရမ်းခက်တာပဲ... ဒီတိုင်းရမ်းဖြေလိုက်ရတာ ကံဆိုးလွန်းပါတယ် သီအိုရီနဲ့တွက်ရတာမဟုတ်ဘူးလား”


ရွှီရှောင်ယွဲ့ကဂုဏ်ယူစွာပြောလိုက်သည်။ 


“ ရပါတယ် ဒီတစ်ခေါက် အကုန်ခက်တာကိုး” 

ကောင်မလေးကပြောလိုက်သည်။


” ဒါပေမယ့် နင်အ‌ဖြေမှန်ကိုရွေးခဲ့တာပဲ နင်ကောင်းကောင်းဖြေနိုင်ခဲ့တယ်မလား... “


ရွှီရှောင်ယွဲ့၏နှလုံးသားထဲမှ စိုးရိမ်ပူပန်မှုတို့သည် လျော့ကျသွားရကာ သူမ၏နှုတ်ခမ်းများကို မြှင့်ပြီးပြုံးလိုက်ရင်း နှိမ့်ချသော စကားအနည်းငယ်ကို ပြောလိုက်ပြီး ကျုံးယို့ယို့ထံသို့ စိတ်ကြီးဝင်နေသောအကြည့်တို့ဖြင့် ကြည့်လိုက်သည်။ 


ကျုံးယို့ယို့ : “….” ကလေးလေးရယ် ငယ်ပါသေးတယ်။

ကျုံးယို့ယို့သည် သူမထက်သုံးနှစ်ငယ်သည့် ဒီအထက်တန်းကျောင်းသားလေးများနှင့် အချိန်ကုန်ရတာ ပျင်းလာလေသည်။ သူမ အကြည့်တို့ကိုသိမ်းလိုက်ကာ လွယ်အိတ်လွယ်ပြီး အတန်းထဲက ထွက်ခဲ့လိုက်သည်။ 

သို့သော် သူမကိုအခုလေးတင်မှ စကားပြောခဲ့သောကောင်လေးသည် သူမကိုမေးလိုက်သည်။


 “ ရွှီရှောင်ယွဲ့... မင်းကအဆင့်ကောင်းတွေရနေကျမို့လို့ စာလေးနည်းနည်းလောက်ရှင်းပြလို့ရမလား” 


ကျုံးယို့ယို့သည် ထိုအသံကို ကြားသောအခါ အံ့ဩသွားရသည်။ 


သူမကဘယ်လိုလုပ် မူလပိုင်ရှင်က အတန်းထဲတွင် ထင်ရှားမှုမရှိသည်ကို မေ့သွားနိုင်ရတာလဲ။ ဒီနေ့ သူတို့ဆီက အထင်အမြင်ကောင်းတွေရနေတာ ပုံစံပြောင်းလိုက်လို့များလား။ 


ထိုအကြောင်းပြောမှပင် မူလပိုင်ရှင်သည် ကျုံးမိသားစု၏ အာရုံစိုက်ခံရရန် မရမကကြိုးစားခဲ့ရာ သူမကိုယ်သူမ တစ္ဆေပုံစံကဲ့သို့ ဖြစ်လာစေခဲ့သည်။ သို့သော်ထိုပုန်ကန်ထကြွမှု၏ ရလဒ်သည် သူမကိုယ်သူမဖျက်စီးရာသို့သာ ရောက်ခဲ့သည်။ 


သူမသည်သာ မုန့်ရှစ်ရွှမ်ကဲ့သို့ လှပနေမည်ဆိုပါက အတန်းထဲမှာ မုန့်ရှစ်ရွှမ်အလှဆုံးမဟုတ်တော့မှာသေချာသည်။ 


ကျုံးယို့ယို့သည် သက်ပြင်းချလိုက်သည်။ ရုတ်တရက် သူမအင်္ကျီအိတ်ကပ်ထဲမှ ဖုန်းသည်မြည်လာခဲ့သည်။

သူမထုတ်ပြီးကြည့်လိုက်သောအခါ သူမခြေလှမ်းများရပ်တန့်သွားသည်။ ဒါက အမေကျုံးခေါ်နေခြင်းပင်။

ကျုံးယို့ယို့ ပြောစရာမရှိဖြစ်သွားရသည်။ မူလဇာတ်ကြောင်းတွင် အမေကျုံးသည် သူမကိုဖုန်းခေါ်ဖို့မဆိုထားနှင့်။ သူမ၏ရှေ့တွင် သူမသမီးကိုတောင် မျက်နှာချင်းဆိုင် စကားမပြောပေ။ တစ်ခုခုများမှားနေသလား။ မုန့်ရှစ်ရွှမ်ဆီမှာ တစ်ခုခုဖြစ်လို့ သူမကိုမန်ဖို့ဖုန်းခေါ်တာမလား ဟုတ်တယ်မလား။ 

သူမဖုန်းမကိုင်ခင်မှာပဲ သူမ၏ရှေ့တွင် ခပ်သုတ်သုတ်ခြေသံများထွက်လာသည်။ လျှောက်လမ်းတွင် ကျောင်းသားအုပ်စုပြေးလာနေသဖြင့် သူမ ဘေးသို့ရှောင်ပေးလိုက်သည်။


အထက်တန်းဒုတိယနှစ်၏ စာသင်ဆောင်နှင့် အထက်တန်းတတိယနှစ်၏ ကျောင်းဆောင်တို့သည် တဆက်တည်းမဟုတ်ပဲ အနည်းငယ်လှမ်းသည်။ ကျုံးရှီယို့သည် ကျောင်းခေါင်းလောင်းသံကြားသည်နှင့်တပြိုင်နက် အလျင်အမြန်ပြေးထွက်လာခဲ့သည်။ ထိုအချိန်တွင် ရှီယို့၏ နဖူး၌ ချွေးများစို့နေသည်။ 


“ အစ်မ... ကျောင်းကိုဘာလို့လာနေသေးတာလဲ” 


ကျုံးရှီယို့သည် အံ့ဩသွားသည်။ သူသည် လျှောက်လာပြီး သူမပခုံးပေါ်မှ ကျောပိုးအိတ်ကိုဆွဲယူလိုက်ကာ သူ့နောက်သို့ပို့လိုက်၍ ညင်သာစွာပြုံးပြရင်း “ကျွန်တော် ကူသယ်ပေးမယ်” 


ကျုံးယို့ယို့ : ….


ကျုံးယို့ယို့က ထိုအပြုအမူအပေါ်နားမလည်နိုင်ဖြစ်သွားရသည်။ မဟုတ်သေးပါဘူး မူလဇာတ်ကောင်တွေက တစ်ယောက်ပြီးတစ်ယောက် ဘာလို့ထူးဆန်းလာရတာလဲ? ကျုံးရှီယို့သည် မနက်ခင်းကတည်းကပင် ထူးထူးဆန်းဆန်းပြုမူနေခဲ့ကာ သူမကို ဆန်ပြုတ်ပင်ပြုတ်ပေးသေးသည်။ ထိုအချိန်ကတော့ မတွေးမိခဲ့ပေ။ 

အခုတော့ပိုပြီးထူးဆန်းလာခဲ့သည်။


 အဲ့လိုလူကြီးလူကောင်းအမူအရာကို မုန့်ရှစ်ရွှမ်ကိုပြရမှာမဟုတ်ဘူးလား...အခုဘာတွေလုပ်နေတာတုန်း...