အပိုင်း၈
Viewers 12k

Chapter 8



ကျုံးရှီယို့သည် အထက်တန်းဒုတိယနှစ်ပင်ရှိ‌သေးရာ အပတ်စဥ်စာမေးပွဲမရှိပေ။ နေ့လည်ခင်းအတန်းတွင် သူသည် စိတ်တွေလွင့်နေကာ အစ်မ၂ကို စိတ်ပူနေခဲ့သည်။ ကျောင်းဆင်းလျှင် သူမနှင့်အတူ အချိန်ကုန်ချင်မိသည်။ မထင်ထားဘဲ သူ့ဖုန်းကိုထုတ်လိုက်ပြီး ကျောင်းဖိုရမ်ကိုကြည့်လိုက်သောအခါ ပို့စ်တစ်ခုကို တွေ့လိုက်သည်။ 

တစ်စုံတစ်ယောက်သည် ကျောင်းဂိတ်ပေါက်ဝတွင်ရပ်နေသော ဆံပင်တိုတိုနှင့် အလှလေး၏ ပုံကိုတင်ထားပြီး ဘယ်သူဖြစ်ကြောင်းမေးထားလေသည်။ 


ဓာတ်ပုံသည် ကမန်းကတန်းရိုက်ယူထားသော်လည်း မိန်းကလေးသည် အလွန်လှပနေခဲ့ကာ ဖိုရမ်တွင်လူပြောများ စရာတစ်ခုဖြစ်နေခဲ့သည်။ 


တခြားသူများမမှတ်မိနိုင်သော်လည်း ကျုံးရှီယို့သည် အထပ်ထပ်အခါခါကြည့်ပြီးနောက်တွင် အနှီမိန်းကလေးသည် ကျုံးယို့ယို့နှင့်တူသည်ဟု ခံစားလာရသည်။ 

သူမသေချာတဲ့အကြောင်းကတော့ သူ၏အရင်ဘဝတွင် ကျုံးယို့ယို့နှင့် ရင်းနှီးမနေဘဲ စကားပင်သေချာမပြောဖူးပေ။ ထို့ကြောင့် သူသည် ကျုံးယို့ယို့နှင့်ပတ်သက်၍ သေချာမသိပေ။ သူမ၏ နှစ်ခြိုက်သော အရာများကို မသိရုံသာမက မယုံနိုင်လောက်အောင်ပြောင်းလဲသွားပြီးနောက်မှာ သူမဘယ်လိုပုံစံရှိ သည်ကိုပင် သူမသိပေ။ 

ကျောင်းဆင်းသည်ဆိုလျှင်ပဲ သူသည် လွယ်အိတ်ကိုလွယ်လိုက်ကာ ကျုံးယို့ယို့နှင့် လွဲသွားမည်ကို စိုးရိမ်ပြီး အမြန်သုတ်ချေတင်တော့သည်။ 


အဲ့နောက်တွင်တော့ သူ၏အစ်မ၂သည် ဖိုရမ်ပေါ်မှ မိန်းကလေးဖြစ်ကြောင်း သေချာသွားတော့သည်။ နီးနီးကပ်ကပ်မြင်လိုက်ရသောအခါတွင်မှ အစ်မ၂သည် အမှန်တကယ် လှပလွန်းသည်။ အထက်တန်းဒုတိယနှစ်မှ ကျောင်းပန်းကလေးများသည် သူမ၏အလှကို လုံးဝ ကျော်လွှားနိုင်မည်မဟုတ်ပေ။ 


နှစ်အများကြီးကြာမှ  ပထမဆုံးအကြိမ်ဖြင့် ကျုံးရှီယို့သည် ကျုံးယို့ယိုကို သေချာကြည့်မိခြင်းဖြစ်သည်။ သူသည် သူမကိုကြည့်လိုက်ပြီး “ အစ်မ၂... ဘယ်တုန်းကဆံပင်ညှပ်လိုက်တာလဲ” လို့မေးလိုက်ရင်း မျက်နှာလေးနီလာခဲ့သည်။ 


ကျုံးယို့ယို့က ကျုံးရှီယို့ကို ထူးဆန်းစွာစိုက်ကြည့်လိုက်သည်။

 ဒါဘယ်လိုအခြေအနေကြီးလဲ...

ဘာလို့လဲ..


သူမကို လျစ်လျူရှုထားကြပြီး ဆိုးဆိုးဝါးဝါးဆက်ဆံခဲ့ကြတဲ့ မိသားစုက ရုတ်တရက်ကြီး သူမအပေါ် ကောင်းကောင်းမွန်မွန်ဆက်ဆံလာတယ်။


 ကောင်းတဲ့အရာတွေဖြစ်လာတော့မှာလား...


 ဒါဆို သူမအတွက်အကျိုးရှိ သည်ပင်ဖြစ်သည်။ 

မူလဝတ္ထုထဲတွင်တော့ ကျုံးမိသားစုသည် ကျုံးယို့ယို့နှင့် အဆင်ပြေသောအချိန်မှာ နည်းနည်းသာရှိသည်။ 


ပထမဆုံးအနေနှင့် မြို့ထဲတွင် ချမ်းသာကြွယ်ဝသော ကုမ္ပဏီသည် အနည်းစုသာရှိသည်။ ၎င်းတို့ထဲမှ ချင်းမျိုးရိုးသည် ကျုံးမိသားစုနှင့် ရှစ်မိသားစုတို့ထက် စီးပွားရေးပိုကောင်းသော်လည်း နှိမ့်နှိမ့်ချချသာနေလေ့ရှိသည်။ သူသည် ချမ်းသာရုံသာမက စစ်တပ်နှင့်လည်း အဆက်အသွယ်ရှိသူဖြစ်သည်။ ကျုံးမိသားစုတောင်မှ သူနှင့် တွေ့ဆုံနိုင်ရန် စောင့်ဆိုင်းနေရသည်ပင်။ 


ထိုအချိန်တွင် ချင်းမိသားစု၏ သခင်ငယ်လေးသည် ကျုံးယို့ယို့ကို သဘောကျနေလေသည်။ သူ၏ဦးနှောက်သည် ဘယ်နေရာတွင်ချို့ယွင်းနေသည်မသိသော်လည်း မူလပိုင်ရှင်ပြောသမျှအပေါ် ကသုတ်ကရုတ်နိုင်စွာ အမြဲလက်ခံပြီး သူမအပေါ်ရမ်းကားခဲ့သော သူခိုးကိုပင် မသန်မစွမ်းဖြစ်လုနီးပါးရောက်အောင် ပြုလုပ်ခဲ့လေသည်။ အဆုံးတွင်တော့ ရက်စက်ကြမ်းကြုတ်သော အမျိုးသမီးဇာတ်ကောင်များ၏နောက်ကွယ်တွင် သူမနှင့်လိုက်လျောညီထွေနေတတ်သော သူရဲကောင်းတစ်ယောက်သည် အမြဲရှိနေတတ်စမြဲပင်။ 


ချင်းမိသားစု၏ သခင်ငယ်လေး ချင်းယောင်ကြောင့်ပင် ကျုံးပါပါးနှင့် ကျုံးမာမားတို့သည် မူလပိုင်ရှင်အပေါ် အရင်ထက်ပို၍ သိသိသာသာအလေးပေးလာကြသည်။ 

သနားစရာကောင်းသည်က မူလပိုင်ရှင်သည် ခေါင်းမာလွန်းကာ အဆုံးသတ်မကောင်းခဲ့ပေ။ သူမသည် ချင်းယောင်ကိုလှည့်ပင်မကြည့်ခဲ့ပေ။ သူမ၏နှလုံးသားကို တခြားသူအားမပေးခဲ့။ သူမသည် ရှစ်ကျစ်ထန်အပေါ်ကိုသာ အလုံးစုံပုံအပ်ထားလေသည်။ ချင်းယောင့်ကိုအလေးမပေးရုံသာမက သူမသည် ရှစ်ကျစ်ထန်နှင့် မုန့်ရှစ်ရွှမ်တို့၏ စေ့စပ်ပွဲအားဝင်ရောက်နှောက်ယှက်သောကြောင့် အိမ်မှနှင်ထုတ်ခံလိုက်ရသေးသည်။ 


ထိုအကြောင်းများကိုတွေးရင်း ကျုံးယို့ယို့သည် မူလပိုင်ရှင်အပေါ် ကျုံးရှီယို့နှင့် ကျုံးမာမားတို့ ဘာကြောင့်ကောင်ူကြသည်ကို သဘောပေါက်လာရသည်။ 


ဒါပေမဲ့ မူလဇာတ်ကြောင်းမှာ ချင်းယောင်ပေါ်လာတာ နောက်ကျတယ်မလား...အဲ့ဒါကို ဘာလို့ ကျုံးရှီယို့က အခုတည်းကငါ့အပေါ်ကောင်းပေးနေတာလဲ...


သို့သော် သူတို့ သူမပေါ် အလေးပေးပြီးကောင်းမွန်လာခြင်းသည် အကြောင်းရှိ၍သာဖြစ်သည်။ မုန့်ရှစ်ရွှမ်အပေါ် ချစ်ခင်မြတ်နိုးသလို သူမကိုလုံးဝ ချစ်ခင်လာမည်မဟုတ်ပေ။ 


ကျုံးယို့ယို့သည် မူလပိုင်ရှင်ကို သနားမိသည်။ ဖုန်းသည်မြည်နေဆဲဖြစ်ကာ သူမသည် မျက်မှောင်ကြုတ်လိုက်ပြီး တွန့်ဆုတ်မနေဘဲ ဖုန်းပိတ်လိုက်လေသည်။ 


“ငါလုပ်စရာရှိသေးတယ်... လိုက်မလာနဲ့” 


ကျုံးရှီယို့၏ မျက်နှာပေါ်မှ နွေးထွေးလှသော အပြုံးတို့တောင့်သွားရသည်။ 

ကျုံးယို့ယို့၏ စွဲမက်ဖွယ်ကောင်းလှသော မျက်လုံးနှင့် မျက်ခုံးတို့သည် ရှင်းလင်းပြတ်သားနေသည်။ သူမသည် ကျုံးရှီယို့ကိုကျော်သွားလိုက်ပြီး လက်ကို‌မြှောက်ကာ ကျောပိုးအိတ်ကိုပြန်ယူလိုက်သည်။


ကျုံးရှီယို့တွင် မာနရှိသော်လည်း အခုဒုတိယအစ်မ၏ရှေ့တွင်တော့ ထိုမာနတို့သည် မြေခကုန်တော့သည်။ သူသည် မျက်နှာကိုဖြတ်ရိုက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သို့သော် အစ်မ၂သည် နှစ်ပေါင်းများစွာကြာအောင် မိသားစု၏ခွဲခြားဆက်ဆံခြင်းခံရသည့်အချိန်တွင်လည်း အခုလို ခံစားရလိမ့်မည်ဟု တွေးလိုက်မိသည်။ 


သူသည်အနည်းငယ်ခံစားလိုက်ရသော်လည်း သူမနောက်ကိုပြေးလိုက်ကာ ဖျစ်ညစ်ပြုံးရင်း “ အစ်မ... ကျွန်တော် ဒရိုင်ဘာကို လိုက်ပို့ခိုင်းလိုက်ရမလာ?” 

ထို “အစ်မ” ဆိုသော စကားလုံးသည် ပြင်းထန်လှသည်။ 


ကျုံးယို့ယို့က ကျုံးရှီယို့သည် မူလပိုင်ရှင်ကို အစ်မလို့ ခေါ်ခဲ့ရဲ့လားဆိုတာကို မမှတ်မိနိုင်ဖြစ်နေသည်။ 


ကျုံးရှီယို့သည် ကျုံးမိသားစုတွင် ရွှေဇွန်းကိုက်၍ မွေးလာသူဖြစ်ရာ လောကဓံဆိုသည့်အရာမသိပေ။ 


မူလပိုင်ရှင် ဒီအိမ်ကိုရောက်မလာခင် ဘယ်လောက်တောင် ပင်ပန်းဆင်းရဲခဲ့လည်းဆိုတာ နင်သိရဲ့လား..


 အဲ့အချိန်က သူသည် မူလပိုင်ရှင်အပေါ် အနည်းငယ်လေးနူးညံ့ပေးဖို့ရန်တောင် ကြောက်ရွံ့နေခဲ့သည်။ မူလပိုင်ရှင်သည်လည်း သူမ၏ ရှစ်ကျစ်ထန်အတွက် သူမ၏နှလုံးသားတံခါးအား လုံးလုံးပိတ်မပစ်နိုင်သောကြောင့် အိမ်မှနှင်ထုတ်ခံရကာ သွားစရာမရှိဖြစ်ခဲ့ရသည်။ 


ကျုံးပါပါးက သူမကို အိမ်ပေါ်မှနှင်ချချိန်တွင် သူဘာလုပ်နေခဲ့သလဲ...ဘေးကနေပဲ ရပ်ကြည့်နေခဲ့တာမလား...


ကျုံးယို့ယို့သည် စိတ်မရှည်ဖြစ်လာပြီး သူမ၏ကျောပိုးအိတ်ဆီသို့လှမ်းနေသော ကျုံးရှီယို့၏ လက်ကိုပုတ်ထုတ်လိုက်ကာ လှည့်လာပြီးပြောလိုက်သည်။ 


“ လိုက်ပို့ခိုင်းမယ်... ဟာသတွေလာပြောနေတာလား..” 


ကျုံးမိသားစုရဲ့ကားကို ဘယ်တုန်းက စီးခဲ့ရလို့လဲ...လွန်ခဲ့တဲ့သုံးနှစ် မိုးတွေအရမ်းရွာပြီး လေပြင်းတွေတိုက်တုန်းက ကျုံးရှီယို့နဲ့ မုန့်ရှစ်ရွှမ်တို့ နှစ်ယောက်လုံး ဖိနပ်တွေလုံးဝမစိုဘဲ ကားနဲ့အိမ်ပြန်သွားကြပေမယ့် မူလပိုင်ရှင်မိုးမိပြီး ဖျားမှာကို တော့တစ်ယောက်မှ ဂရုမစိုက်ခဲ့ကြဘူးမလား...


သူမသည် တစ်ယောက်တည်းနေရသည်ကိုနေသားကျနေပြီး အနာဂတ်တွင်လည်း တစ်ယောက်တည်းပဲ ဆက်နေလိမ့်မည်။ 


ကျုံးယို့ယို့သည် လှေကားအတိုင်းသာ ဆင်းလာလိုက်သည်။ 


“...”


ကျုံးရှီယို့သည် သူမ၏ နောက်‌ကျောကိုလှမ်းကြည့်လိုက်သည်။ သူ၏လက်ဖမိုးသည် စပ်ဖျဥ်းဖျဥ်းလေးဖြစ်နေပြီး သူ့နှလုံးသားကတော့ ပြောမပြနိုင်အောင် နာကျင်မှုတွေနှင့်ပြည့်နှက်နေတော့သည်။ 

သူသည် အစ်မ၂ အိမ်ကိုစရာက်လာတုန်းက အချိန်ကို မှတ်မိပါသေးသည်။ သူမသည် ကြောက်ရွံ့နေပြီး သူတို့တစ်ယောက်ချင်းစီတိုင်းအား မျက်လုံးဝိုင်းလေးဖြင့်လိုက်ကြည့်နေခဲ့သည်။ သို့ပေမဲ့ သူမအိမ်ထဲသို့ဝင်လာလာချင်းမှာပင် ကျုံးမာမားသည် စက်ဆုပ်နေသည့်အသံဖြင့် ‌” နင့်ကိုဖိနပ်စီးဖို့ သင်မထားကြဘူးလား... ခြေဖဝါးမှာ ရွှံ့တွေချည်းပဲ”  ဟုပြောခဲ့သည်


ကျုံးပါပါးသည် စီးပွားရေးကိစ္စများနှင့်အလုပ်ရှုပ်ပြီးနောက်တွင် လေဆိပ်သို့ သွားတော့သည်။ နောက်တွင်တော့ အားလုံးသည် သူမကို စောင်းမြောင်းကြည့်နေကြကာ အတင်းတုပ်ပြီးလှောင်ပြောင်ကြသည်။ 


ထိုအချိန်တုန်းက သူသည် ဆယ့်လေးနှစ်ပဲရှိသေးကာ မိသားစုဝင်အသစ်ကိုမကြိုဆိုဘဲ နေခဲ့သည်။ သူသည် ဒုတိယထပ်တွင်ရပ်နေခဲ့ပြီး အစ်မ၂ကို မတူမတန်သကဲ့သို့ကြည့်လိုက်ကာ သူ့အခန်းဆီသို့သာ လျှောက်လာခဲ့လိုက်သည်။ သူက ကျုံးယို့ယို့သည် မုန့်ရှစ်ရွှမ်ကိုအနိုင်ကျင့်မည်စိုး၍ မုန့်ရှစ်ရွှမ်၏‌ရှေ့တွင်  မားမားမတ်မတ်ပင်ရပ်ပေးခဲ့သေးသည်။ သို့သော် အစ်မ၂ကိုတော့ တစ်ယောက်တည်းသာရှိစေခဲ့သည်။ 

ထိုအချိန်မှစ၍ သူသည် သုံးနှစ်အတွင်းတွင် ကျုံးယို့ယို့အား မရှိသောလေကဲ့သို့ပင် သဘောထားကာ ကောင်းကောင်းမဆက်ဆံခဲ့ပေ။ 


နောက်ပိုင်းတွင်တော့ သူမဘာကြောင့် ပိုပိုပြီး ပုန်ကန်ထကြွလာရသည်ကိုတော့ မသိပေ။ သူမသည် အိမ်ကို တစ်နေ့လုံးပြန်မလာခဲ့။ ပြန်လာသောအခါတွင်လည်း အမြဲမူးနေခဲ့ပြီး သူသည် သူမကို ပို၍မုန်းလာခဲ့သည်။ 

အဲ့အချိန်တုန်းက သူသည်သတိမထားမိခဲ့ပေ။


 အသက်ဆယ့်ငါးနှစ်အရွယ်အစ်မ၂ရဲ့ အပြစ်ကင်းစင်တဲ့ မျက်လုံးတွေဟာ နောက်ပိုင်းမှာ ဘာလို့ကယောင်ချောက်ချားတဲ့ပုံစံဖြစ်လာရတာလဲ...


အခုတော့သူပြန်အဆင်ပြေချင်မိသည်။ သို့သော်သူပေးခဲ့သော ဒဏ်ရာများသည် နက်ရှိုင်းလွန်းလှသည်ထင်သည်။ 


ကျုံးရှီယို့သည် ထွက်မသွားသေးဘဲ ထိုနေရာတွင်သာ စိတ်ညစ်ညစ်နှင့်အကြာကြီးရပ်နေမိခဲ့သည်။ 

တစ်ဖက်တွင်တော့ လျှောက်လမ်းတွင်ရှိနေသော ကျောင်းသားများသည် ကျုံးရှီယို့နှင့် ကျုံးယို့ယို့တို့ စကားပြောနေသည်ကို အလွန်အံ့သြနေကြသည်။ 


ဘာတွေဖြစ်သွားတာလဲ? သူတို့နှစ်ယောက်က သိနေကြတာလား...


 အိုး...ကျုံးမျိုးရိုးတွေကိုး။ ကျုံးယို့ယို့နဲ့ ကျုံးရှီယို့တို့က အနေဝေးတဲ့ အမျိုးတွေများလား...


ရှစ်ဆယ်ရာခိုင်နှုန်းသောကျောင်းသားများသည် ကျုံးမိသားစုကြောင့် ဒီကျောင်းကိုလာကြခြင်းဖြစ်သည်။ ကျုံးယို့ယို့က သူဌေးလက်သစ်ဖြစ်နေတာမဆန်းတော့ပါဘူး။ သူမက အထက်တန်းပုံစံဖြစ်လာသော်လည်း အမြင်တော့မရှိပေ။ ကျုံးမိသားစု၏ ပိုက်ဆံတွေသုံးနေသော်လည်းပဲ သူမသည် ဆင်းရဲသော အမျိုးတစ်ယောက်သာဖြစ်သည်။ 


ဤအတင်းအဖျင်းတွေသည် ကျုံးယို့ယို့၏နားဆီသို့မရောက်သော်လည်း အတန်း(၁၉)၏နောက်ဘက်အတန်းတွင် ဂိမ်းဆော့နေသော ရှစ်ယိမုန့်ဆီသို့ရောက်သွားလေသည်။


သူသည်စားပွဲပေါ်သို့ ခြေထောက်တင်လိုက်ကာ နားကြပ်တပ်လိုက်ပြီး သီချင်းနားထောင်နေလိုက်သည်။ သူသည်ခေါင်းထောင်လိုက်ကာ စုဝေးဆွေးနွေးနေသော မိန်းကလေးများကိုကြည့်ရင်း စိတ်အနှောင့်အယှက် ဖြစ်လာခဲ့သည်။ 

သူသည် ကျုံးယို့ယို့ကို သူဌေးလက်သစ်ဟု ခေါ်သော်လည်း သူများခေါ်သည့်အခါတွင်တော့ ဒေါသထွက်လာခဲ့သည်။ 


“မင်းတို့ သန့်ရှင်းရေးလုပ်လို့မပြီးသေးဘူးလား...ဂိမ်းဆော့မလို့ကို ဆူညံနေတာပဲ!” 


သူ နားကြပ်ကို ဆွဲချွတ်လိုက်ကာ အော်လိုက်သည်။ 

သူသည် အရပ်ရှည်ရှည်နှင့် လူကောင်ထွားပြီး အတန်း(၁၉)၏ ဘော့စ်ပင်ဖြစ်သည်။ မိန်းကလေးတွေမဆိုထားနှင့် ‌ယောက်ျားလေးတွေင်တောင်မှ သူ့ကိုရန်မစရဲ‌ပေ။ ရယ်‌မောရင်းစကားပြောနေခဲ့ကြသော မိန်းကလေးများသည် ရုတ်တရက် ဆိုးဆိုးဝါးဝါးအအော်ခံလိုက်ရသောကြောင့် ရှက်သွားကြပြီး မျက်နှာများမှာ စိမ်းတစ်လှည့် ဖြူတစ်လှည့်ဖြစ်နေကာ တစ်ယောက်ကိုတစ်ယောက်တွန်းရင်းထွက်သွားကြတော့သည်။ 


ကျုံးရှီယို့သည် ပျင်းနေပြီး မုန့်ရှစ်ရွှမ်ကိုစောင့်ရင်း သူ့လွယ်အိတ်ကိုသယ်၍ ကျောင်းအပေါက်ဝရှိ ကိုယ်ပိုင်ကားဆီသို့ လျှောက်လာခဲ့သည်။ 


သူသည် အေးစက်ပြီး စကားနည်းသော်လည်း ကျောင်းတွင် နာမည်ကြီးသောသူဖြစ်သည်။ မိသားစုနောက်ခံလည်း ကောင်းပြီး ချောမောသောမျက်နှာလဲရှိသည်။ သူသွားရာလမ်းတစ်လျှောက်တွင် ကောင်မလေးများသည် ငေးမောကြည့်ကြသည်။ သူသည်တစ်ခုခုကိုတွေးမိလိုက်ကာ လျှောက်သွားသော အထက်တန်းဒုတိယနှစ်မှ မိန်းကလေးတစ်ယောက်ကိုလှမ်းခေါ်လိုက်သည်။ 


“အာ... ဟေး မင်း...” 

‌ကောင်မလေးသည်ရှက်သွေးဖြန်းသွားကာ သူမ၏သူငယ်ချင်းတွေကိုလှည့်ကြည့်ပြီး သူမကိုခေါ်တာဖြစ်ကြောင်းသေချာသည့်အခါ ပြေးလာခဲ့သည်။ 

ကျုံးရှီယို့သည် စိတ်ညစ်ညစ်နှင့်မေးလိုက်သည် : 


 “မင်း မိန်းကလေးတစ်ယောက်ကို လက်ဆောင်ပေးရမယ်ဆို ဘာပေးမလဲ” 


ကောင်မလေး နှလုံးခုန်နေသည်မှာ အပြင်သို့ခုန်ထွက်မတတ်ပင်။ 


ဘယ်လိုဖြစ်တာလဲ...

ကျုံးရှီယို့မှာ သဘောကျတဲ့သူရှိနေပြီလား... ဒီအကြောင်း ကျောင်းဖိုရမ်ပေါ်မှာဘာလို့ သတင်းတစ်ခုမှ မရှိရတာလဲ..


 သူမကမြန်မြန်ပဲပြောလိုက်သည်။ “ မိန်းကလေးတွေက ချစ်ဖို့ကောင်းတဲ့ ပန်းရောင် ယုန်ရုပ်လေးတွေကို ကြိုက်ကြတယ် လုံးဝမမှားနိုင်ဘူး” 


ကျုံးရှီယို့၏မျက်နှာထားသည် ပြေလျော့သွားခဲ့သည်။ သူတကယ်ပဲ အစ်မ၂ရဲ့ အကြိုက်တွေကိုမသိဘူးပဲ။ သူသည် အိမ်တွင်စားလေ့ရှိပြီး အစ်မ၂သည် သူမ‌‌ရှေ့ရှိ ဟင်းလျာအနည်းငယ်ကိုသာ ဟိုနည်းနည်း ဒီနည်းနည်းစားလေ့ရှိသည်။ သို့သော် အစ်မ၂သည် မုန့်ရှစ်ရွှမ်အခန်းထဲရှိ မင်းသမီးအရုပ်လေးကိုတော့ တဖိတ်ဖိတ်တောက်နေသောမျက်လုံးများနှင့်ကြည့်နေခဲ့သည်။ 


သူသည်အကြံတစ်ခုပေါ်လာခဲ့သည်။ အစ်မ၂၏မွေးနေ့သည် နီးကပ်လာသည်ဖြစ်ပြီး သူမသည် မွေးနေ့ပွဲ တစ်ခါမှမလုပ်ဖူးပေ။ သူမသည်မုန့်ရှစ်ရွှမ်နှင့်မွေးနေ့အတူတူပင်ဖြစ်သော်လည်း မိသားစုသည် မုန့်ရှစ်ရွှမ်ကိုသာ အာရုံစိုက်ခဲ့ကြသည်။ မနှစ်က သူမ၏‌မွေးနေ့တွင် သူမသည် လူဆိုးဂိုဏ်းများနှင့်လျှောက်သွားနေခဲ့ကာ အိမ်ကိုပြန်မလာခဲ့ပေ။ 


ဒီနှစ်မှာတော့သူပျော်အောင်လုပ်ပေးရမယ် !!!!