အပိုင်း၉
Viewers 12k

Chapter 9




မုန့်ရှစ်ရွှမ်သည် ကျောပိုးအိတ်ကြိုးကို ဆွဲလိုက်ပြီး ခေါင်းကိုလှည့်ကာ အတန်းနောက်ကိုနောက်တစ်ခေါက် ကြည့်လိုက်သည်။ 


သူမက ရှစ်ကျစ်ထန်၊ ကျုံးရှီယို့တို့နှင့် အတူကြီးပြင်းလာခဲ့ပြီး အတူတူအိမ်ပြန်နေကျဖြစ်၏။ ရှစ်ကျစ်ထန်သည် သူမနှင့်အတူ ကျောင်းပေါက်ဝသို့လမ်းလျှောက်ပြီး ရှစ်မိသားစု၏ ကားပေါ်သို့မတက်သေးဘဲ သူမကားပေါ်သို့ တက်သွားသည်အထိ စောင့်ပေးလေ့ရှိသည်။ သူတို့က လွန်ခဲ့သော ရှစ်နှစ်ကတည်းကပင် ယခုလို အတူတူရှိနေခဲ့တာဖြစ်သည်။ 


ကလေးချင်းစေ့စပ်ခြင်းကို ကျုံးမိသားစုနှင့် ရှစ်ကျားချန်တို့ ပြုလုပ်ခဲ့ကြသော်လည်း ရှစ်ကျစ်ထန်သည် နှိုင်းယှဥ် မရအောင် အပြစ်အနာအဆာကင်းသည်။ မနက်ဖက်တွင် သူမသည် မနက်စာစားဖို့မေ့လာလျှင် သူက ကျောင်းမုန့်ဆိုင်မှ ပေါင်မုန့်နူးနူးအိအိလေး သွားဝယ်ပေးသည်။ သူတို့ထိုင်နေသော စားပွဲပေါ်သို့ ပစ်ပေးလိုက်လျှင် လန်ကျားကျားနှင့် တခြားသူများက မနာလိုဖြစ်ကြသည်။ လန်ကျားကျားတင်မဟုတ်။ တစ်ကျောင်းလုံးမှာ သူမကို မနာလိုမဖြစ်တဲ့သူ ဘယ်သူရှိလို့လဲ။ ရှစ်ကျစ်ထန်သည် အရပ်ရှည်၍ ကြည့်ကောင်းပြီး တော်လဲတော်ရာ မင်းသားတစ်ပါးဟုပြောလျှင်တောင်မှ ချဲ့ကားသည်ဟုမဆိုနိုင်ပေ။ 


သို့သော် ယခုတွင်တော့...


ရှစ်ကျစ်ထန်သည် အရင်နှင့်မတူကွဲပြားစွာ သူမကိုတောင်မကြည့်ဘဲ ကျောင်းစာအုပ်များနှင့် ဘောပင်တို့ကို လွယ်အိတ်ထဲသို့ထည့်နေကာ သူမကသူ့ကိုစောင့်နေသည်ကို လုံးလုံးမေ့နေသည့်အလား။ 


သူမ မျက်မှောင်ကြုတ်လိုက်မိသည်။ 


ဘာဖြစ်လို့ပါလိမ့်...


ထို့နောက် သူမသည်ပဲအရင်လျှောက်သွားကာ မေးလိုက်သည် “ ကျစ်ထန်... အိမ်ပြန်တော့မှာလား?” 


ရှစ်ကျစ်ထန်ခေါင်းမော့ကြည့်လိုက်သောအခါ မုန့်ရှစ်ရွှမ်က ကျောင်းယူနီဖောင်းအပေါ်ထပ်ကို ချွတ်လိုက်ပြီး အိတ်လွယ်ထားသော လက်ပေါ်သို့ ခေါက်တင်လိုက်သည်ကိုတွေ့လိုက်ရသည်။ သူမသည် မီးခိုးရောင် စကတ်အတိုလေးကို ဝတ်ဆင်ထားပြီး သိမ်မွေ့နူးညံ့လှသော ခန္ဓာကိုယ်နှင့် အချိုးကျ လိုက်ဖက်နေကာ ယခင်ကကဲ့သို့ ပြုံးပြနေလေသည်။ 


မုန့်ရှစ်ရွှမ်က ကြော့ရှင်းလှပသည်။ အတန်းထဲရှိ ယောက်ျားလေးများသည် သူမနှင့် ရှစ်ကျစ်ထန်၏ ဆက်ဆံရေးကို သိကြသော်လည်း သူမကို ငေးမကြည့်ဘဲမနေနိုင်ပါချေ။ ကြည့်လို့ဝသွားသောအခါတွင်မှ ပြောလာကြသည်။ 


“ ရှစ်ကျစ်ထန် ဘာလုပ်နေတာလဲ.. သူကမင်းကိုစောင့်နေတယ်လေ” 


စောင့်နေတယ်...


 ရှစ်ကျစ်ထန်၏နှလုံးသားသည် စက်ဆုပ်မှုတွေနှင့် ပြည့်နှက်သွားရသည်။ အရင်ဘဝက ခံစားခဲ့ရသော အရာအားလုံးကို သူ့စိတ်ထဲတွင် ရှင်းရှင်းလင်းလင်းမှတ်မိနေပါသေးသည်။ သူသည် မုန့်ရှစ်ရွှမ်ကဲ့သို့ မိန်းမမျိုး တစ်ခါမှမမြင်ဖူးပါချေ။ မုန့်ရှစ်ရွှမ်သည် အပြင်ပန်းတွင် နူးညံ့သိမ်မွေ့သော်လည်း အတွင်းတွင် ဘာတွေတွေးနေလဲမသိနိုင်ပေ။ ဒီနှစ်ရက်တွင် အရင်ဘဝက အဖြစ်အပျက်များသည် သူ့ခေါင်းထဲတွင် ခဏခဏပေါ်လာနေရာ မုန့်ရှစ်ရွှမ်က အပြင်ပန်းမြင်ရသကဲ့သို့ အပြစ်ကင်းပြီး နူးညံ့သိမ်မွေ့သူ မဟုတ်ကြောင်းသိလာရသည်။ 


“လုပ်စရာရှိသေးလို့ အရင်သွားနှင့်” မုန့်ရှစ်ရွှမ်ကိုပင် လှည့်မကြည့်ဘဲ လွယ်အိတ်ကို သူ့ကျောပေါ်သို့တင်လိုက်ပြီး တံခါးပေါက်ဆီသို့လျှောက်သွားလိုက်သည်။ 


စကားလုံးတွေနှင့် အကွာအဝေးတို့သည် ရှင်းလင်းပြတ်သားနေပြီး ဒီလူသည် အရင်ကနှင့်မတူဘဲ ပြောင်းလဲသွားသလိုပင်။ 


မုန့်ရှစ်ရွှမ်သည် ဒီနှစ်ရက်တွင် သူမသည် အမြင်မှားနေခြင်းမဟုတ်ဘဲ ရှစ်ကျစ်ထန်သည် အမှန်တကယ်ပင် သူမကို လျစ်လျူရှုကာ ‌ရှောင်နေခဲ့ခြင်းဖြစ်ကြောင်းသေချာသွားသည်။ ဒါပေမယ့် ဘာလို့လဲ? 


သူမ စိတ်ညစ်သွားသော်လည်း အသက်ပြင်းပြင်းရှူထုတ်လိုက်ကာ ပြုံးလိုက်ရင်း သူ့နောက်သို့လိုက်သွားပြီး သာယာသောအသံလေးဖြင့်မေးလိုက်သည်။ 


“ ဘာလို့လဲ... စိတ်ထဲမှာ တစ်ခုခုဖြစ်နေလို့လား...” 


“မဟုတ်ဘူး” ရှစ်ကျစ်ထန်သည် အင်္ကျီအိတ်ကပ်ထဲသို့လက်တစ်ဖက်ထည့်လိုက်ပြီး ‌ရှေ့ကိုသာလျှောက်သွား လိုက်သည်။ 


ဘတ်စကတ်ဘောလုံးကိုင်လာသော ယောကျ်ားလေးနှစ်ယောက်နှင့် ‌ရှေ့တွင်တွေ့လေသည်။ သူတို့သည် သူနှင့် မုန့်ရှစ်ရွှမ်တို့ လှေကားပေါ်မှ အတူဆင်းလာသည်ကို မြင်သောအခါ ပြုံးပြီးပြောလိုက်ကြသည်။ 


“ အိုးး အတွဲတွေပါလား... ရှစ်ကျစ်ထန် မနက်ဖြန်ကျောင်းပိတ်ရက်ကို ဘောစကတ်ဘောကစားကြမလား?” 


ရှစ်ကျစ်ထန်သည် “အတွဲတွေ” ဟူသောစကားတို့ကို ကြားသည့်အခါ ရွံရှာမှုကြောင့် မျက်‌မှောင်ကြုတ်လိုက်သည်။ သို့သော် နောက်ဆက်တွဲစကားတို့ကိုကြားသောအခါတွင်တော့ စိတ်သက်သာရာ ရသွားပြီး မုန့်ရှစ်ရွှမ်ဘက်သို့လှည့်ကာ “ ငါဘတ်စကတ်ဘောကစားမလို့ ဒီနေ့ အရင်ပြန်နှင့်လိုက်တော့” 


လက်စသတ်တော့ ဘတ်စကတ်ဘောကစားဖို့ဖြစ်နေတာပဲ။ မုန့်ရှစ်ရွှမ်၏ ရှုပ်ထွေးနေသောစိတ်တို့သည် ပြေလျော့သွားပြီ ပါးပေါ်မှ ပါးချိုင့်လေးပေါ်အောင်ပင်ပြုံးလိုက်ရင်း “ ကောင်းပြီ” 


ပြောနေသောစကားများကိုကြားသောအခါ တစ်ဖက်ရှိယောက်ျားလေးနှစ်ယောက်မှာ “ ကောင်းလိုက်တာ...အရမ်းအားကျတာပဲနော်” ဟုလှောင်ပြောင်လာကြသည်။ 


သူတို့နှစ်ယောက်ထဲမှ မျက်မှန်နှင့် ကောင်လေးက လျှောက်လာပြီး အအေးနှစ်ဘူးကို ရှစ်ကျစ်ထန်နှင့် မုန့်ရှစ်ရွှမ်ဆီ လှမ်းပေးလိုက်ရင်း ပြောလိုက်သည်။ “ဒီနေ့အရမ်းပူတယ်...ဒါငါအခုတင်ဝယ်လာခဲ့တာ”


ကောင်လေးသည် ရှက်ရွံ့မှုဖြင့် မျက်နှာလေးအနည်းငယ်နီနေပြီး မုန့်ရှစ်ရွှမ်ဆီသို့ စတော်ဘယ်ရီအရသာ အအေးဘူးကိုပေးလိုက်သည်။


 မုန့်ရှစ်ရွှမ်သည် ကျောင်း၏ နတ်ဘုရားမပင်ဖြစ်သည်။ သူမတွင် မွေးဖွားလာစဥ်ကပင် စေ့စပ်ထားသော ရှစ်ကျစ်ထန်ရှိသည်ကို သိကြသော်လည်း သူမဘေးတွင် ယောကျ်ားလေးများသည် ဝိုင်းဝိုင်းလည်နေကြမြဲဖြစ်သည်။ ယောကျ်ားလေးများသည် ‌အအေးဘူးများ ဝယ်ရာတွင် အပိုတစ်ဘူးစီဝယ်ကြမည်ဖြစ်ပြီး ထိုတစ်ဘူးသည်လည်း သူမအကြိုက်အရသာပင်ဖြစ်ပေလိမ့်မည်။ 


မုန့်ရှစ်ရွှမ်က ဆံပင်ကို နားရွက်နောက်သို့ သပ်တင်လိုက်ရင်း ရယ်လိုက်ကာ “ ကျေးဇူးပဲနော်” 


ကောင်လေး၏မျက်လုံးများသည် တဖိတ်ဖိတ်တောက်သွားခဲ့သည်။ 


မုန့်ရှစ်ရွှမ်က အအေးဘူးကိုယူလိုက်၍ ကလေးကဲ့သို့ တမင်ပြုမူကာ နှုတ်ခမ်းကိုစူလိုက်ပြီး ရှစ်ကျစ်ထန်ဆီသို့ ပေးလိုက်သည်။ ရှစ်ကျစ်ထန်သည် သူမအပေါ် အသေးစိတ်ဂရုစိုက်ကာ အအေးဘူးကို ဖွင့်ပေးနေကျဖြစ်သည်။ အခု သူမအအေးဘူးကိုပေးလိုက်သော်လည်း ရှစ်ကျစ်ထန်သည် မမြင်သကဲ့သို့ တစ်ဖက်ကိုလှည့်သွားကာ စိတ်မရှည်သည့် အသံဖြင့်ပြောလာခဲ့သည်။ “ မြန်မြန်ပြန်တော့” 


မုန့်ရှစ်ရွှမ် လန့်သွားခဲ့သည်။ 


လူတွေလည်းရှိနေကာ သူမသည် ရှက်သွားသောကြောင့် ပုန်းစရာတစ်ခုခုပေါ်လာစေရန်ပင် ဆုတောင်းမိသည်။ သူမက ရှစ်ကျစ်ထန်ကိုကြည့်ရင်း နှလုံးသားထဲမှာ ဆိုးဆိုးဝါးဝါးခံစားနေရမှုသည် ပိုပြီးပြင်းထန်လာတော့သည်။ 


သူမသည် ကျောင်းဂိတ်ပေါက်သို့လျှောက်သွားရင်း လွန်ခဲ့သော နှစ်ရက်အတွင်း သူမနှင့် ရှစ်ကျစ်ထန်ကြား ဘာတွေဖြစ်ပျက်ခဲ့သည်ကိုပြန်တွေးနေခဲ့သည်။ ရှစ်ကျစ်ထန်သည် သူမကိုရှောင်နေရုံသာမက သူမအပေါ်ကြည့်သော အကြည့်များပင် ပြောင်းလဲသွားသည်။ အခုပင် ရှစ်ကျစ်ထန်၏ အေးစက်စက်စကားလုံး တို့ကြောင့် သူမသည် စိတ်ထဲအဆင်မပြေဖြစ်နေရသည်။ ဘေးတွင်လည်း လူတွေရှိနေခဲ့သည့်အတွက် ပို၍ပင်ဆိုးသေးသည်။ 


ဘာတွေဖြစ်နေတာလဲ...


မုန့်ရှစ်ရွှမ်သည် သူမ၏ဘဝအစစ်ကိုသိနေသော်လည်း ကျုံးမိသားစုတွင် ဆယ့်ရှစ်နှစ်ကြာအောင် အလိုလိုက်ခံရပြီး ကြီးပြင်းလာခဲ့ပြီးဖြစ်သည်။ ကျုံးမိသားစုသည် သူမ၏ပုံစံအမှန်ကိုသိပြီးသည့်တိုင် သူမကို အချစ်မပျက်ခဲ့ပေ။ 


သူမသည် စိတ်ပိုဆိုးလာခဲ့ပြီး ကျောင်းဂိတ်ပေါက်သို့ မြန်မြန်ပင် လျှောက်လိုက်ရင်း စိတ်ထဲတွင် သရော်လိုက်သည်။ ကြည့်ရတာ ရှစ်ကျစ်ထန်က စေ့စပ်ထားတာကို စိတ်မပါတော့တဲ့ပုံပဲ ကောင်းပြီလေ အချိန်ကျလာရင် ပြန်လှည့်လာပြီးတောင်းပန်တဲ့သူက ငါဖြစ်လိမ့်လို့မမျှော်လင့်နဲ့။ 


ကားတံခါးကိုဖွင့်ပြီးဝင်ထိုင်လိုက်တဲ့အခါ ကျုံးရှီယို့သည် ကားပေါ်တွင်ရှိမနေသည်ကိုတွေ့လိုက်ရသည်။ မုန့်ရှစ်ရွှမ်သည် အံ့သြသွားပြီး မျက်မှောင်ကြုတ်၍လွယ်အိတ်ကိုဘေးသို့ပစ်ချလိုက်ကာ ဆံပင်ကိုလည်း လက်တစ်ဖက်နဲ့ထိုးဖွလိုက်ရင်း မေးလိုက်သည်။ 


“ ရှီယို့ရော...” 


ကျုံးမိသားစု၏ဒရိုင်ဘာက ပြန်ဖြေလာသည်။


 “သခင်လေးက ကားပေါ်ကိုတက်မလာဘဲ အလျင်လိုနေတဲ့ပုံနဲ့ ပြေးထွက်သွားပါတယ်...မမလေးရှစ်ရွှမ်” 


“ကောင်းပြီလေ.. ဒါဆိုလဲ ပြန်နှင့်တာပေါ့” မုန့်ရှစ်ရွှမ်က စိတ်အခြေအနေမကောင်းသောကြောင့် ကားပြတင်းပေါက်ပေါ်သို့ လက်ထောက်ပြီးမှီနေလိုက်သည်။ ရှစ်ကျစ်ထန်ပင် သူမကို ကောင်းကောင်းမဆက်ဆံသာမက ကျုံးရှီယို့သည်လည်း အနည်းငယ်ထူးဆန်းနေသည်။ 


သူမ၏မောင်လေးသည် သူမကိုအရမ်းချစ်ပြီး ပြောသမျှကိုလိုက်နာကာ သေချာလဲဂရုစိုက်သေးသည်။ ရှစ်ကျစ်ထန်ထက်ပို၍ သူမအပေါ် ကောင်းသေးသည်။ သူတို့နှစ်ယောက်သည် အတူကြီးပြင်းလာကြပြီး တစ်နေ့တွင် ဆယ်နာရီကျော်ကြာအောင် ပူးကပ်ကာ ကစားလေ့ရှိကြသည်။ သူတို့နှစ်ယောက်၏ဆက်ဆံရေးကို မည်သူတစ်ဦးတစ်ယောက်မှ ဝင်မနှောင့်ယှက်နိုင်ပေ။ 


ကျုံးယို့ယို့ အိမ်သို့ရောက်လာသောအခါ သူမသည် ကျုံးရှီယို့က သူမအပေါ်ထားရှိသော ချစ်ခင်နှစ်သက်မှုတို့အား ကျုံးယို့ယို့ထံသို့ ခွဲပေးလိုက်မည်ကို စိုးရိမ်မိခဲ့သည်။ သို့သော် ကျုံးရှီယို့က ကျုံးယို့ယို့သည် သူ၏အစ်မအရင်း ဖြစ်ကြောင်းသိသွားသော်လည်း ကျုံးယို့ယို့ကသူမအား အနိုင်ကျင့်မည်ဆိုး၍ ရှေ့မှာနေပြီး ကာကွယ်ပေးကာ သူမဘက်တွင်သာရှိနေခဲ့သည်။ 


လွန်ခဲ့သောနှစ်များတွင် မိုးရွာနေသည်ဖြစ်စေ လေတိုက်နေသည်ဖြစ်စေ ကျုံးရှီယို့က ကျောင်းပေါက်ဝတွင် သူမကို စောင့်နေမြဲဖြစ်သည်။ လန်ကျားကျားက ရယ်ပြီးပြောလေ့ရှိသည်။


 “ ကျုံးရှီယို့နဲ့ နင်သာ မောင်နှမတွေမဟုတ်ဘူးဆိုရင် သူနင့်ကို သဘောကျနေတယ်လို့ တွေးမိမှာအမှန်ပဲ” သို့သော်ဒီနေ့တွင်တော့ ပြောင်းလဲသွားခဲ့ပြီ။ သူမကိုပစ်ထားလောက်ရအောင်ထိ ဘယ်အရာက ပိုအရေးကြီးနေပါလိမ့်။ 


မုန့်ရှစ်ရွှမ်သည် မနက်တုန်းက ကျုံးရှီယို့၏ အေးစက်သော စကားလုံးတို့ကို ပြန်သတိရသွားပြီး ပိုပြင်းထန်စွာ ခံစားလာရတော့သည်။ 


သူမက ဒရိုင်ဘာကို အိမ်သို့မြန်မြန်မောင်းစေလိုက်၏။


တစ်ချိန်တည်းမှာပင် ကျုံးယို့ယို့သည် မောလ်ထဲတွင် ပျင်းရိစွာလျှောက်နေကာ လက်နှစ်ဖက်တွင်လည်း ဒါဇင်ကျော်သော အိတ်တို့ကိုကိုင်ထားရသောကြောင့် သူမ၏ နူးညံ့သောအသားအရေသည် နီနေတော့သည်။ ဓာတ်လှေကားတွင် လုံခြုံရေးဝန်ထမ်းက သူမအား တချိန်လုံးကြည့်နေသည်ကိုတွေ့သောအခါ ပြုံးပြလိုက်သည်။


လုံခြုံရေးဝန်ထမ်းသည် သူ့ဂျူတီချိန်တွင် ဤမှလှပသော မိန်းကလေးမျိုး တစ်ခါမှမမြင်ဖူးသဖြင့် အပြုံးတွင်နစ်မျောသွားကာ ပြန်၍ပြုံးပြလိုက်သည်။ လုံခြုံရေးဝန်ထမ်းသည် ရှက်သွားပြီး သူမအား “သယ်ယူရေးဝန်ဆောင်မှုပေးရန်လိုအပ်ပါသလား” ဟုမေးလိုက်သည်။ မောလ်ထဲတွင် ဝယ်ယူထားသော ပစ္စည်းတို့ကို ဝန်ဆောင်မှုဌာနတွင် ထုတ်ပိုးပေးပြီး တံခါးပေါက်ထိပင်ပို့ဆောင်ပေးသော ဝန်ဆောင်မှုရှိ၏။ 


ကျုံးယို့ယို့က ခေါင်းညိတ်လိုက်၏။


မကြာသေးခင်ကပင် သူမသည် ရူးမတတ် ပင်ပန်းနေခဲ့သည်။ စကတ်အတိုလေးများနှင့် သိုးသားရေနှင့် ပြုလုပ်ထားသော ဒေါက်ဖိနပ်တို့ကို များပြားစွာဝယ်လိုက်သောကြောင့် လက်နှစ်ဖက်တွင်အိတ်အပြည့်နှင့် ဖြစ်နေတော့သည်။ သို့သော် အားလုံးပေါင်းမှ တစ်သိန်းပင်မကျပေ။ မူလပိုင်ရှင်သည် သန်း၉၀လုံးကုန်အောင် ဘယ်လိုလုပ်လိုက်ပါလိမ့်။ ဒီပိုက်ဆံတွေနှင့်ဆိုလျှင် သူမသည် ကျုံးမိသားစုအိမ်မှထွက်ကာ မြို့ငယ်လေးတစ်ခုတွင် တစ်ယောက်တည်းအပူအပင်မရှိ၊ စားချင်တာစားပြီး အသက်ကြီးသည်အထိ အလုပ်မလုပ်ဘဲ နေသွားနိုင်သည်။ 


အဲ့ဒီကောင်းလှပါချည်ရဲ့ဆိုတဲ့ မိသားစုနဲ့ဘာလို့ အရောတဝင်နေဖို့ ကြိုးစားနေမှာလဲ...


တောင်းမှာအကွပ် လူမှာအဝတ်ဆိုသည်မှာမှန်ပေသည်။


ကျောင်းယူနီဖောင်းဝတ်ထားသော ကျုံးယို့ယို့သည် တစ်မျိုးလှသော်လည်း စကတ်အရှည်ဝဲဝဲလေးအား ဝတ်လိုက်သောအခါ ပို၍ပင်လှသွားတော့သည်။ သူမကယခင်ကထက်ပိုပြီး သဘောထားကြီးကာ ကျော့ရှင်းသည့်ပုံ ပေါ်လာတော့သည်။ 


မူလပိုင်ရှင်သာ ဖက်ရှင်မဂ္ဂဇင်းကိုဝယ်ဖတ်တာဖြစ်ဖြစ် တစ်နည်းနည်းနဲ့ဖတ်ခဲ့မယ်ဆိုရင် ဖက်ရှင်ကို့ယို့ကားယားတွေနဲ့ သူများလှောင်တာခံရမှာမဟုတ်ဘူး...။ 


မောလ်ထဲတွင် ပစ္စည်းများသည် မျက်စိကျိန်းမတတ်ရှိနေရာ ပိုက်ဆံရှိသူများအဖို့ သုခဘုံပင်။ ကျုံးယို့ယို့သည် အရင်က သူမမှာပိုက်ဆံမရှိသောကြောင့် ယခုလို ပစ္စည်းများဝယ်လေ့မရှိပေ။ အခုတော့ သူမတွင်ပိုက်ဆံရှိပြီး တစ်ကိုယ်လုံးပေါ့ပါးနေကာ တက်ကြွနေတော့သည်။ 


ကံကောင်းစွာဖြင့် သူမသည် သူမကိုယ်သူမ ထိန်းချုပ်နိုင်စွမ်းကြီးသူဖြစ်သည်။ သူမလာရသည့် ရည်ရွယ်ချက်ပြီးမြောက်သွားသည့်အခါ သူမသည် မောလ်ထဲမှထွက်လာခဲ့လိုက်သည်။


 ဟုတ်သည်။ သူမတွင်ရည်မှန်းချက်တွေရှိသည်။


မူလပိုင်ရှင်သည်လှပသည်။ ထို့ကြောင့် သူမသည် ဒီအသားအ‌ရေကို လှပအောင်ပို၍လုပ်ပေးချင်သည်။ သူမ၏ကောင်းမွန်လှသော အဆင့်များနှင့် လှပသောမျက်နှာသည် လက်နက်တွေပင်ဖြစ်ကြောင်း နားလည်သည်။ ထိုလက်နက်များအား အားကောင်းလာစေဖို့ ပြုလုပ်သွားရန်သာလိုအပ်တော့သည်။