အပိုင်း၁၀
Viewers 12k

Chapter 10



မုန့်ရှစ်ရွှမ် အိမ်ပြန်လာသည်ကိုကြည့်ရင်း ကျန်းမားသည် ပြုံးလျက် မြန်မြန်လေး သူမကို သွားကြိုပြီး ကုတ်အကျီကို ယူလိုက်သည်။ 


မုန့်ရှစ်ရွှမ်ဖိနပ်လဲနေသည့်အချိန်ကိုအခွင့်ကောင်းယူကာ ကျန်းမားသည် သူမကိုမြည်တွန်တောက်တီးတော့သည်။ 


“ မမလေး... ဟိုကောင်မလေး ကျုံးယို့ယို့ ဒီနေ့ကျောင်းသွားတယ်။ မနက်ကထွက်သွားတုန်းကများ တော်တော်ဆိုးဆိုးပဲ။ မမလေးမတွေ့လိုက်လို့။ အဲ့ကောင်မလေးကရည်မှန်းချက်ကြီးတယ်နော် မမလေး။ ဟန်ဆောင်လဲကောင်းတယ်။” 


ကျန်းမားဦးဆောင်သော ကျုံးမိသားစု၏ အိမ်အကူများသည် မမလေး မုန့်ရှစ်ရွှမ်ကို ချစ်နှစ်သက်ကြသည်။ နောက်ပိုင်းတွင် သခင်ကြီးနှင့် သခင်မကြီးတို့သည် ဗီလာတွင် သိပ်မနေကြတော့ဘဲ ကျုံးရှီယို့သည်လည်း သူစိမ်းများကိုမုန်းလေရာ အိမ်ကြီးအတွင်းရှိ အလုပ်သမားများအားလုံးနှင့်ပင် ကင်းကင်းရှင်းရှင်းနေလေသည်။ မုန့်ရှစ်ရွှမ်သာလျှင် ကြင်နာ၍ ယဥ်ကျေးပျူငှာပြီး သူတို့နှင့် ဆက်ဆံရေးပြေပြစ်သည်။

မုန့်ရှစ်ရွှမ်က သူမ၏မျက်နှာတွင် အမူအရာမဲ့စွာဖြင့် ဒုတိယထပ်ကိုလှမ်းကြည့်လိုက်ရင်း “ ကျွန်မကို သတင်းပို့နေတာလား...ကျွန်မနားမှာ နားပူနားဆာမလုပ်ပါနဲ့လို့ ဘယ်နှခါပြောရမလဲ...” 



“ကျွန်မ မေ့သွားပါတယ်” ကျန်းမားက ပါးစပ်ကိုမြန်မြန်ပင်ပိတ်လိုက်ကာ မျက်ဆံလှန်လိုက်သည်။ ထို့နောက် မုန့်ရှစ်ရွှမ်၏ဖိနပ်အား ဖိနပ်စင်ထဲသို့ထည့်ရန် ကုန်းယူရင်း “ မမလေး... မီးဖိုချောင်ထဲမှာ သစ်သီးပန်းကန်ရှိတယ်။ တစ်ခုခုစားချင်တာများရှိလား...” 


မုန့်ရှစ်ရွှမ်က ဒုတိယထပ်သို့ တက်သွားရင်းမေးလိုက်သည်။


 “ ရှီယို့ ပြန်လာပြီလား” 


“ ပြန်ရောက်နေပြီ။ အစောကြီးပဲပြန်လာတာ!” 


ကျန်းမားကသူမနောက်ကနေလိုက်လာပြီး ရယ်လိုက်ကာ “ သူပြန်လာတုန်းက ပန်းရောင်အရုပ်လေးတွေကိုင်လာတာတွေ့လိုက်တယ်။ မမလေးရဲ့မွေးနေ့အတွက် ပြင်နေတာဖြစ်မယ်။ သူအခုရေချိုးခန်းထဲမှာ...” 


မွေးနေ့... မုန့်ရှစ်ရွှမ်က ဖုန်းကိုထုတ်လိုက်ပြီး ပြက္ခဒိန်ကိုကြည့်လိုက်သည်။ သူမမွေးနေ့က ဆယ်ရက်အတွင်းမှာ ရောက်တော့မှာပဲ။ ကျုံးရှီယို့က ဘယ်လိုလုပ် ဒီလောက်အစောကြီး လက်ဆောင်တွေပြင်နေရတာလဲ...


မုန့်ရှစ်ရွှမ်၏ တွန့်ချိုးနေသော မျက်ခုံးတို့သည် ပြေလျော့သွားပြီး ရယ်မောလိုက်သည်။ သူမ၏မောင်က သူမအပေါ် အမှန်တကယ် ကောင်းသည်ပင်။ 


ဒီလိုပြုမူနေတာ မထူးဆန်းတော့ပါဘူး။ သူမဆီမှာပေါ်သွားမှာကြောက်နေလို့ကိုး။ 


ရုတ်ချည်းဆိုသလို သူမသည် ပျော်ရွှင်သွားပြီး ကျုံးရှီယို့၏ အခန်းဆီသို့လျှောက်သွားလိုက်ကာ တံခါးကို ဆတ်ဆတ်ကလေး နှစ်ကြိမ်ဆင့်ခေါက်လိုက်သည်။ 

တုံ့ပြန်ခြင်း တစ်စုံတစ်ရာမရှိချေ။ ‌ရေချိုးခန်းထဲမှ ရေကျသံများသာကြားရသည်။ 


မုန့်ရှစ်ရွှမ်သည် ထွက်သွားဖို့ပြင်လိုက်သော်လည်း အလွန်သိချင်နေမိသည်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်က ကျုံးရှီယို့သည် သူမမွေးနေ့တွင် ထူးထူးခြားခြားလက်ဆောင်ကိုပေးခဲ့ဖူးသည်။ ဒီနှစ်ရော ဘာပေးမလဲ မသိဘူး။ ကျန်းမားသည် ရိုးအပြီး အဆင့်အတန်းမရှိသည့် တောသူဖြစ်ကာ သူမကို အလုံးစုံ သေချာပြောပြမသွားချေ။ ၎င်းသည် ပန်းရောင်အရုပ်ကလေးဆိုသည်သာသိလိုက်ရသည်။ အကန့်အသတ်နဲ့ထုတ်ထားတဲ့ အရုပ်များလား...


မုန့်ရှစ်ရွှမ်က ပြုံးလိုက်ပြီး တံခါးဖွင့်ကာ ဝင်သွားလိုက်သည်။ 

သူမက ကျုံးရှီယို့၏ အိပ်ခန်းထဲရှိအိပ်ရာပေါ်တွင် ကြီးမားလှသော လက်ဆောင်ဘူးကြီးနှစ်ဘူးကို တွေ့လိုက်ရသည်။ ၎င်း၏ဘေးတွင်လည်း ထောင်လျက်သား တစ်ခုရှိသေးသည်။ အသေးစိတ်သေချာ ထုတ်ပိုးထားပြီး အလွန့်အလွန် လှပပေသည်။ 


မုန့်ရှစ်ရွှမ်က ညင်ညင်သာသာလေးလျှောက်သွားလိုက်ကာ အိပ်ရာပေါ်ရှိ ဘူးတစ်ခုကို ဖောက်လိုက်သည်။ မြင်မြင်ချင်းမှာပင် သူမသည် ကျေနပ်မှုတို့ဖြင့် အံ့သြသွားတော့သည်။ 


၎င်းသည်သာမန်အရုပ်မဟုတ်ပေ။ လက်လုပ် ရက်ကွန်းရုပ်လေးတစ်ရုပ်ဖြစ်ပြီး ပန်းရောင်အဝတ်လေးဝတ်ဆင်ထားကာ ဘူးထဲတွင် ချစ်စရာကောင်းစွာရှိနေသည်။ ကိုင်ကြည့်လိုက်သောအခါ နူးညံ့သော ဂွမ်းလေးများဖြည့်သိပ်ထားသကဲ့သို့ ပျော့ပျော့အိအိလေးဖြစ်နေသောကြောင့် ထိန်းမထားနိုင်ဘဲ မျက်နှာအပ်လိုက်မိတော့သည်။ 


မိန်းမငယ်လေးများ၏ နှလုံးသားကို လှုပ်နိုးစေနိုင်သော လက်ဆောင်မျိုးပင်။ 


သူမဒီလိုမျိုးကို ကြိုက်တတ်မှန်း ရှီယို့ကဘယ်လိုလုပ်သိတာလဲ.. ကြည့်ရတာတော်တော်ကြိုးစားနေတဲ့ပုံပဲ။ 


မုန့်ရှစ်ရွှမ်က အပျော်လွန်သွားပြီး အရုပ်ကို ဘူးထဲမှ ထုတ်မယူဘဲမနေနိုင်ချေ။ 


ကျုံးရှီယို့သည် ရေချိုးဝတ်ရုံကို ဝတ်ထားကာ ဆံပင်ကို သုတ်ရင်း ရေချိုးခန်းထဲမှ ထွက်လာလာချင်း ထိုအချင်းအရာကိုမြင်လိုက်ရသည်။ သူသည် စိတ်ပျက်သွားပြီး ခပ်သုတ်သုတ်ပင်လျှောက်သွားလိုက်၍ သဘက်ကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်ကာ “ဘာလုပ်နေတာလဲ..”  

မုန့်ရှစ်ရွှမ်က အရုပ်အား မပွေ့ဖက်ရသေးခင်မှာပဲ ကျုံးရှီယို့သည် စိတ်ဆိုးဆိုးဖြင့် သူမ၏လက်တို့ကိုဆွဲဖြုတ်ကာ အရုပ်ကို ယူလိုက်သည်။ 


မုန့်ရှစ်ရွှမ်သည် လန့်သွားပြီး ရှက်ရှက်ဖြင့် မေးလိုက်သည်


“ ဘာလို့ဒေါသထွက်နေတာလဲ...ငါ့ကိုပေးမလို့မဟုတ်ဘူးလား...”


ကျုံးရှီယို့ သေမတတ် ဒေါသထွက်သွားတော့သည်။ ကျောင်းဆင်းတုန်းက သူသည် လက်လုပ်အရုပ်ဆိုင်များ တစ်ဆိုင်ပြီးတစ်ဆိုင် ပြေးလွှားနေခဲ့ပြီးနောက်တွင် အစ်မ၂ ကြိုက်နှစ်သက်လောက်မည်ဟုထင်ရသော အရုပ်အနည်းငယ်ကို ဝယ်လာခဲ့သည်။ ၎င်းတို့ကိုတိတ်တဆိတ်ယူလာပြီး အစ်မ၂မြင်လျှင် ဘယ်လိုနေမလဲကြည့်ကာ မကြိုက်လျှင် လက်ဆောင်အဖြစ်မပေးဘဲနေလိုက်မည်ဟု စိတ်ကူးထားခဲ့သည်။ အစ်မ၂ကိုပျော်ရွှင်စေမည့် တခြားတစ်ခုခုကိုသာ လက်ဆောင်ပေးလိုက်မည်။ 


သို့သော် အရုပ်တို့ကို အစ်မ၂ မမြင်ရသေးခင်မှာပင် မုန့်ရှစ်ရွှမ်က ပွေ့ဖက်နေလိမ့်မည်ဟု ထင်မထားခဲ့ချေ။ 

ကျုံးရှီယို့၏မျက်နှာသည် ဖြူစုတ်လာခဲ့သည်။ သို့သော်သူက သည်းခံရင်းပြောလိုက်သည်။


 “ အစ်မတစ်အတွက်မဟုတ်ဘူး... ကျွန်တော်အခုတင်ရေချိုးပြီးတာ ဘာမှဝတ်မထားရသေးဘူး။ ထွက်သွား...။” 


.... ကျုံးရှီယို့သည် အရင်က ယခုလိုလေသံဖြင့် တစ်ခါမှ မပြောဖူးပေ။ 


မုန့်ရှစ်ရွှမ်က မယုံနိုင်လောက်အောင်ပင်ဖြစ်သွားပြီး ကျုံးရှီယို့၏မျက်နှာကို စိုက်ကြည့်နေမိသည်။ 

စိတ်မသက်သာဖြစ်လာရသောကြောင့် အားတင်းပြုံးလိုက်ပြီး စနောက်လိုက်သည်။


 “ ဘာလဲ... သဘောကျတဲ့ ကောင်မလေးအတွက်လား...မမကိုတောင်မပြောဘူး။” 


ကျုံးရှီယို့က အရုပ်ကိုဘူးထဲသို့ပြန်ထည့်ရင်း မပျော်မရွှင်ဖြစ်နေကာ ခပ်ပြတ်ပြတ်ပင်ပြောလိုက်သည်။


 “အစ်မ၁မွေးနေ့ကျရင် တခြားတစ်ခုပေးမယ်။” 


မုန့်ရှစ်ရွှမ်က မျက်မှောင်ကြုတ်လိုက်ရင်း “ ငါ့ကို မမလို့ခေါ်နေကျလေ ဘာလို့ရုတ်တရက်ကြီး အစ်မတစ်ဖြစ်သွားတာလဲ... အရမ်းထူးဆန်းနေတယ်နော်?” 


ကျုံးရှီယို့သည် မော့ပင်ကြည့်မလာဘဲ ခပ်စောင်းစောင်းလေးပြောလာသည်။ “ အစ်မနှစ်ရှိသေးတယ်မလား...”

 

မုန့်ရှစ်ရွှမ်၏မျက်နှာသည် တောင့်တင်းသွားရသည်။ မနက်ကတည်းကနေခုထိ ကျုံးရှီယို့သည် သူမအပေါ် ကွဲကွဲပြားပြားဆက်ဆံနေရုံမက မုန်းတီးမှုနှင့် စိတ်ပျက်မှုတို့ပါ အနည်းငယ်ပါနေလေသည်။ 

ဒီနှစ်များတွင် ကျုံးရှီယို့သည် သူမအပေါ် အလိုလိုက်ခဲ့သည်။ အခုတော့ အကြောင်းပြချက်မရှိဘဲ ဒေါသထွက်တတ်နေပြီ။ သူမသည် တံခါးဆီသို့ လျှောက်သွားပြီး အေးစက်စက်ပင်ပြောလိုက်သည်။ 


“ ဒါဆိုလဲ ငါ့ကိုလက်ဆောင်ပေးမနေနဲ့တော့။ ကျုံးယို့ယိုကိုသာ ပေးလိုက်။” 


ကျုံးရှီယို့က ဂရုစိုက်မနေဘဲ တံခါးပိတ်လိုက်လေသည်။ 

သူမ အလွန်ဒေါသထွက်နေသည်ကို မြင်ရုံနှင့်သိနိုင်သည်။ 


ကျန်းမားသည်လှေကားမှနေ၍ လည်ပင်းကိုဆန့်ကာ အပေါ်ထပ်ကိုကြည့်နေ၏။ အောက်ထပ်မှ လူများသည် အသံများကိုကြားနေရရာ အသက်ပင်မရှူရဲကြချေ။ 

အချိန်အတော်ကြာသည်အထိ ကျုံးရှီယို့၏အခန်းထဲတွင် လှုပ်ရှားမှုတစ်စုံတစ်ရာရှိမလာခဲ့ပေ။ သူက မုန့်ရှစ်ရွှမ် မျှော်လင့်ထားသကဲ့သို့ စိတ်အားထက်သန်စွာ အပြေးတလွှားဖြင့်တောင်းပန်မလာခဲ့ချေ။

မုန့်ရှစ်ရွှမ်ထွက်သွားသည့်အခါတွင်မှ ကျုံးရှီယို့သည် အိပ်ရာပေါ်မှ လက်ဆောင်ဘူးများကို အမှိုက်ပုံးထဲသို့ထည့်လိုက်သည်။ ပြင်ဆင်ထားသောလက်ဆောင်များပျက်စီးသွားသဖြင့် စိတ်ညစ်နေလေသည်။ ထုတ်ပိုးမထားတဲ့ လက်ဆောင်ကို အစ်မ၂ကိုပေးလို့ ဘယ်လိုလုပ် အဓိပ္ပာယ်ရှိတော့မှာလဲ။ တွေးရင်းနှင့် အသံကိုမြှင့်ကာ အော်လိုက်သည် 


: “လာကြစမ်း!!!”


အိမ်အကူတစ်ယောက်သည် မြန်မြန်ပင် မုန့်ရှစ်ရွှမ်၏ရှေ့မှ ဖြတ်သွားပြီး အခန်းထဲသို့ဝင်သွားသည်။


 “ ဘာများဖြစ်လို့ပါလဲ...သခင်လေး” 


ကျုံးရှီယို့က တံခါးကိုညွှန်ပြလိုက်ပြီး “ တံခါးလော့ကို ပြောင်းလိုက်တော့” 


ထိုစကားတို့ကိုကြားသောအခါ လျှောက်လမ်းတွင်ရှိနေသော အိမ်အကူတို့သည် အံ့သြသွားပြီး မုန့်ရှစ်ရွှမ်ကို မသိမသာလေး ကြည့်လာကြသည်။ မုန့်ရှစ်ရွှမ်၏ မျက်နှာသည် ဖြူဖျော့နေပြီဖြစ်သည်။ သူမသည် စိတ်ကိုတည်ငြိမ်အောင်လုပ်လိုက်ကာ အောက်ထပ်သို့ဆင်းသွားသော်လည်း လက်သီးဆုပ်ထားသည်မှာ လက်သည်းတို့လက်ဖဝါးကို ဖောက်ဝင်မတတ်ပင်။ 

မုန့်ရှစ်ရွှမ်သည် အခန်းတံခါးကိုဆောင့်ပိတ်လိုက်ပြီး ထိုင်ချကာရေသောက်လိုက်သည်။ သူမနှလုံးသားထဲမှ ခံစားနေရမှုကို ပြေပျောက်သွားစေရန်အလို့ငှာ အခန်းထဲတွင်သာ အကြာကြီးနေနေလိုက်တော့သည်။ တော်တော်လေးကြာပြီးနောက်တွင် ကျန်းမားက တံခါးကိုခေါက်ရင်း ခေါ်လာခဲ့သည် :


 “မမလေး” 


မုန့်ရှစ်ရွှမ်က အသက်ပြင်းပြင်းရှူလိုက်ကာ မျက်နှာထားကိုပြင်ရင်း “ဝင်လာခဲ့” 


သူမဝင်သွားလိုက်ချင်းချင်းမှာပင် ကျန်းမားသည် တွန့်ဆုတ်သွားရသည်။ မုန့်ရှစ်ရွှမ်သည် ပျင်းရိစွာထိုင်နေရင်း မျက်မှောင်ကြုတ်ထားကာ ပြောလိုက်သည် 


: “ဘာကိစ္စလဲ မြန်မြန်ပြော”


ထို့နောက် ကျန်းမားသည် ဒီနေ့မနက်တွင်ဖြစ်ပျက်ခဲ့သည်များကို ပြောလိုက်သည်။ အမှန်အတိုင်းပြောရလျှင် သူမသည် ကျုံးမိသားစုအိမ်တွင် နှစ်အတော်ကြာအောင် အလုပ်လုပ်နေခဲ့ပြီး ကျုံးရှီယို့သည် မမလေးအပေါ် ဆိုးဆိုးဝါးဝါးဆက်ဆံသည်ကို တစ်ခါမှမမြင်ဖူးပေ။ သူစိမ်းတစ်ယောက်ကဲ့သို့ပင် အေးစက်ကာ အော်ပင်အော်လိုက်သေးသည်။ ပိုပြီးထူးဆန်းတာက သူသည် ဒီမနက်တွင် ကျုံးယို့ယို့ဆိုသည့် ကောင်မဆိုးလေးအပေါ် ကောင်းပေးနေတာပင်။ အတိတ်တွင် သခင်လေးသည် မမလေး၏ဘေးတွင် အမြဲရှိနေကာ အသေးစိတ်ဂရုစိုက်ပြီး သူမကို ဘယ်လိုအခြေအနေမျိုးမှာြဖစ်ဖြစ် ကာကွယ်ပေးလိမ့်မည်ဖြစ်သည်။ အခုတွင်တော့ သူသည် ကျုံးယို့ယို့ဆိုသည့် လူဆိုးမ၏ ပြုသမျှနုနေတော့သည်။ 

မုန့်ရှစ်ရွှမ်သည် မျက်မှောင်ကြုတ်နေဆဲဖြစ်ပြီး စကားတစ်ခွန်းမှ မပြောခဲ့ပေ။


ကျန်းမားက သူမကို လှုံ့ဆော်လိုက်သည် 


“မမလေး... သခင်လေးက လတ်တလောတော့ ဒီလိုပဲဖြစ်နေလိမ့်မယ်... သူ့ကိုစိတ်ဆိုးနေလို့လည်း အသုံးမဝင်ဘူး... သခင်ကြီးနဲ့ သခင်မကြီး ပြန်လာတာကို စောင့်ပြီးမှ အကုန်ပြောပြလိုက်ရင်ရော... ကျွန်မ ကူပြောပေးပါ့မယ်” 


မုန့်ရှစ်ရွှမ်၏မျက်နှာသည် ရုပ်ဆိုးသွားခဲ့သည် : “ကောင်းပြီ” 


ကျန်းမားက စကားပြောနေရင်း ဗီလာရှေ့မှ ကားသံကိုကြားလိုက်သောကြောင့် မုန့်ရှစ်ရွှမ်ကို မြန်မြန်ပင် ပြောလိုက်ပြီး အောက်ကိုဆင်းနှင့်လိုက်သည်။ 


ဧည့်သည်မှတ်လို့ လက်စသတ်တော့ အခုတင်ပြောနေတဲ့ အခြေအမြစ်မရှိ၊ အရိုင်းအစိုင်း ကျုံးယို့ယို့ဖြစ်နေတာပဲ။ 


ကျုံးယို့ယို့က တက်စီစီးပြီး အိတ်ကြီးတစ်လုံးကိုသယ်လာသည်။ အိမ်အကူနှစ်ယောက်သည် တံခါးဝတွင် သူမအထုတ်များကို ကူသယ်ပေးနေကြသည်။ 


ကျုံးရှီယို့က အဝတ်လဲပြီးသောအခါ အသံကြား၍ အောက်ထပ်သို့ဆင်းလာခဲ့သည်။ 


“အစ်မနှစ် ပြန်ရောက်ပြီပဲ!” 


ကျုံးရှီယို့သည် ကျောင်းတွင် ကျုံးယို့ယို့က သူ့ကို အေးစက်စက် ဆက်ဆံခဲ့သည်ကို လုံးလုံးမေ့ပျောက်သွားသည့်အလား အောက်ထပ်သို့ ခုန်ပေါက်ဆင်းလာခဲ့သည်။ သူ၏ နှုတ်ခမ်းထောင့်တို့သည် ကွေးတွန့်မြင့်တက်နေကာ မျက်လုံးများကလည်း တဖိတ်ဖိတ်တောက်နေသေးသည်။ 


ကျုံးယို့ယို့သည် ပစ္စည်းအများကြီးဝယ်လာသည်ကို တွေ့သောအခါ သူက ကျုံးယို့ယို့လက်ထဲမှ အလေးဆုံးဟု ထင်ရသော အထုတ်များကို ယူလိုက်ကာ သူ့ကို ကူမသယ်ခိုင်းမှာစိုးသဖြင့် ရှည်လျားသောခြေတံများဖြင့် အပေါ်ထပ်သို့ပြေးပြီး ကျုံးယို့ယို့၏ အခန်းထဲတွင် ထားလိုက်သည်။  


ကျုံးယို့ယို့သည် ကျုံးရှီယို့ကို ဘဝင်မကျသော်လည်း အခုတွင်တော့ရယ်ရုံသာရယ်နိုင်တော့သည်။ မူလဇာတ်ကြောင်းထဲရှိ မာနကြီးပြီး ဆောင့်ကြွားကြွားသခင်လေးကျုံးနှင့် လားလားမှမတူပေ။


ကျုံးရှီယို့သည် အိတ်ကြီးအနည်းငယ်တို့ကို လျင်လျင်မြန်မြန်ပင် အပေါ်ထပ်သို့ပို့ပြီးသောအခါ ကျုံးယို့ယို့တွင် ကျန်ရှိနေသော အိတ်များကိုပါ လာဆွဲတော့သည်။ 


ကျုံးယို့ယို့သည် စိတ်ညစ်လာရပြီး မြန်မြန်ပင်လျှောက်သွားလိုက်ကာ ကျုံးရှီယို့ဆီမှ သူမ၏အိတ်များကိုပြန်ယူရင်း “ ဘာတွေလုပ်နေတာလဲ? စိတ်မရှုပ်ဘူးလား...” 


ကျုံးယို့ယို့ဆီမှ အခုလိုဆက်ဆံခံရတာ ကျုံးရှီယို့အတွက် ပထမဆုံးအကြိမ်မဟုတ်တော့ပေ။ စစချင်းအကြိမ်တွေမှာ‌တော့ သူ၏နှလုံးသားတွင် အပ်များထိုးစိုက်နေသကဲ့သို့ ဘယ်နေရာက နာကျင်မှန်းမသိဖြစ်ခဲ့ရသည်။ သို့သော် အကြိမ်ပေါင်းများစွာ အပြောခံရပြီးနောက်မှာ သူက နည်းနည်းခံနိုင်ရည်ရှိလာခဲ့သည်။ သူသည် အစ်မ၂က သူ့အပေါ် တစ်ရက် နှစ်ရက်နှင့် အမြင်ကြည်လာမှာမဟုတ်သည်ကို သိသည်။ အရင်နှစ်တွေက သူမအပေါ် ဆက်ဆံခဲ့သည်မှာ ခွင့်လွှတ်နိုင်စရာမှမရှိဘဲ။ 

သူကလျင်လျင်မြန်မြန်ပဲ ကျုံးယို့ယို့၏ လက်ထဲမှ အိတ်များကိုပြန်ဆွဲယူလိုက်ပြီး ဖြူဖွေးနေသာ သွားများပေါ်နေအောင် ရယ်ပြလိုက်ကာ “ စိတ်ရှုပ်ဖို့မကောင်းပါဘူး... လုံးဝပဲ” သူ၏နောက်တွင် အမြီးရှိနေပါက ၎င်းသည် စိတ်လှုပ်ရှားစွာယမ်းနေပေလိမ့်မည်။ 


“...”


ကျုံးယို့ယို့သည် သူ့ကို ဂရုမစိုက်တော့ဘဲနေလိုက်သည်။ လုပ်ချင်နေပါက ပေးလုပ်လိုက်မည်။ သူမကိုယ်တိုင် အခန်းထဲသို့ အထုတ်များမသယ်ရသည်ကိုပင် ပျော်နေမိသည်။ ဒါကြောင့် ကျုံးယို့ယို့က နှာခေါင်းရှုံ့လိုက်ကာ သူမအခန်းထဲသို့ သွားလိုက်တော့သည်။ 


ကျုံးရှီယို့က အထုတ်များကို နေရာချပြီးသောအခါ သူမက သူ့ကို အခန်းအပြင်ကို ထုတ်လိုက်သည်။ 


“ဘန်း!!” 


တံခါးသည် ပြင်းပြင်းထန်ထန်ပိတ်သွားကာ ကျုံးရှီယို့၏ နှာခေါင်းပင် ဆောင့်မိသွားလေသည်။ ကျုံးရှီယို့သည် နှာခေါင်းကိုကိုင်ကာ မပြုံးဘဲမနေနိုင်ချေ။ သူသည် အနည်းငယ်စိတ်သက်သာရာရသွားသည်။ ထိုမျှလောက် နီးစပ်ခွင့်ရသည်ကိုပင်ကျေနပ်နေမိသည်။ 



လျှောက်လမ်းတွင်တော့ မုန့်ရှစ်ရွှမ်သည် အရာအားလုံးကိုမြင်သွားခဲ့ပြီး နှုတ်ခမ်းကိုဖိကိုက်နေသည်မှာ ဖြူစုတ်လာပြီးသွေးများထွက်လာမတတ်ပင်ဖြစ်နေတော့သည်။