~အတင်းအဖျင်း ပြောတဲ့ရွာသားများ~
လုလင်းက ချောကလက်နို့ကို စုပ်သောက်နေရင်းနဲ့ ဒီနေရာမှာ အသက်ရှင်နေထိုင်ဖို့ ဘာတွေလုပ်သင့်ကြောင်း စဉ်းစားနေချိန်တွင် ရုတ်တရပ် ခုတင်အောက်မှ ဆူညံသံတချို့ ထွက်လာသည် ။
ဆောင့်ကြောင့်ထိုင်လိုက်ပြီး ခုတင်အောက်ကို ငုံ့ကြည်လိုက်ရာ ကုတင်အောက်မှာ ငါးနှစ်အရွယ် ကောင်လေးတစ်ယောက် ဝပ်နေသည်ကို တွေ့လိုက်ရပြီး ထိုကောင်လေးရဲ့မျက်ဝန်းတွေက သူ့လက်ထဲက ချောကလက်နို့ဆီမှ မခွာပေ။
လုလင်းက ချန်းရှောင်မီကို သူ့ကုန်စုံဆိုင်နဲ့ ပတ်သတ်ပြီး ဖွင့်ပြောသင့်လား ဆိုတဲ့အကြောင်းကို စဉ်းစားနေတာဖြစ်ပြီး အခုတော့ ပျက်စီးသွားရပြီ။
သူ ဂရုတစိုက် စဉ်းစားပြီးနောက် စိတ်တည်ငြိမ်သွားသည် ။
ချန်းရှောင်မီရဲ့အိမ်က အိမ်နီးနားချင်းမရှိဘဲ အလွန်အစွန်အဖျား ကျသည့် နေရာတွင်ဖြစ်တာကြောင့် ဒီကောင်လေးက ချန်းရှောင်မီရဲ့ ညီအငယ်ဆုံး ချန်းရှောင်မိုင် ဖြစ်ရမည် ။
လုလင်း မူလပိုင်ရှင်၏မှတ်ညာဏ်ထဲမှာ ရှာကြည့်လိုက်တော့ ချန်းရှောင်မိုင်က လမစေ့ဘဲ မွေးသော ကလေးဖြစ်ပြီး မွေးကတည်းက ချူချာကာ ချည့်နဲ့သည် ။ လွန်ခဲ့တဲ့ နှစ်နှစ်က အပြင်းအထန်ဖျားခဲ့ပြီး အချိန်မှီ မကုသနိုင်ခဲ့တာကြောင့် ကောင်လေးက အနည်းငယ်သီးသန့်ဆန်နေသည်။
" ဒါကိုကြိုက်လား ။ "
နို့ချောကလက်ဘူး ကို ညွှန်ပြပြီး ချန်းရှောင်မိုင်ကို မေးလိုက်သည် ။
ချန်းရှောင်မိုင်က ခဏလောက်တွန့်ဆုတ်ပြီးနောက် လုလင်းလက်ထဲက ဘူးကို ဆွဲယူလိုက်သည်။ တစ်ငုံစာလောက် စုပ်သောက်ပြီး အရသာရှိနေတာကြောင့် သဘောကျသွားသည် ။
ဒီလိုခေတ်အခါမှာတော့ သကြားက အလွန်တန်ဖိုးကြီးသည် ။ သကြားလုံး အပိုင်းအစလေးတစ်ခုတောင် နှစ်ပဲနိ တန်သည်ပင် ။ ချမ်းသာကြွယ်ဝသည့် သူများသာလျှင် သရေစာ အဖြစ် သကြားအတွက် အကုန်အကျခံနိုင်သည်။
ချန်းရှောင်မိုင်၏တုံ့ပြန်မှုက လုလင်းရဲ့ ငယ်ရွယ်တုန်းက နေ့တစ်နေ့အကြောင်းကို ပြန်စဉ်းစားမိစေသည်။ သူကြိုက်တဲ့ သရေစာမုန့်ကို ရတာကြောင့် လက်တွေကို ဝှေ့ယမ်းပြီး ပျော်ရွှင်စွာ ခုန်ပေါက်ခဲ့တဲ့ နေ့ပင် ။ ဒါပေမယ့် သူအသက်ကြီးလာတာနဲ့အမျှ ထိုမုန့်တွေအတွက်နဲ့ အရမ်းကာရော မပျော်ရွှင်တော့ပေ။
ချန်းရှောင်မိုင်က တချို့ကို အလျင်စလိုမြိုချလိုက်ပြီး လုလင်းအား ဘူး ပြန်ပေးသည် ။
လုလင်းက လေးနက်တဲ့ မျက်နှာထားဖြင့် -
" ဒါကို လျှို့ဝှက်ချက် တစ်ခုအနေနဲ့ သိမ်းထားရအောင် ။ မဟုတ်ရင် မင်းကို ဘာမှမကျွေးတော့ဘူးနော် ။ ဟုတ်ပြီလား ။ "
ချန်းရှောင်မိုင်က ဘာစကားမျှမပြောဘဲ လုလင်းကို ပေကလပ်ပေကလပ် ကြည့်နေတာကြောင့် ကောင်လေး က သူပြောတာနားလည်တာလား ၊ မနားလည်တာလား မသေချာပေ ။
လုလင်း တံခါးပျဉ်ချပ်ပေါ်ပြန်သွားကာ လှဲလိုက်ရင်း ချမ်းသာလာမဲ့နည်းလမ်းနဲ့ပတ်သတ်ပြီး စိတ်အာရုံဖိဆီးလျက်ရှိသည်။
ရွာသားတွေက သူနဲ့ချန်းရှောင်မီရဲ့အကြောင်းကို အားရပါးရ ပြောနေကြမှန်း မသိပေ ။ ထိုအကြောင်းက အတင်းအဖျင်းကလွဲပြီး မရှိချေ ။ သူနဲ့ ချန်းရှောင်မီရဲ့ ရိုးရှင်းတဲ့ အိမ်ထောင်ရေး က ရွာသားတွေရဲ့ စကားဝိုင်းကို ဦးဆောင်ထားသည် ။
" လုတွေက ချန်းရှောင်မီရဲ့နေရာထဲဆီ လုလင်းကို ပို့လိုက်တာ အမှန်ပဲလား ။ "
" လုလင်းက သနားစရာကောင်းလိုက်တာ၊ ဒီလောက် ရိုင်းစိုင်းတဲ့ကောနဲ့ လက်ထပ်ရတယ်လို့။ ဒီအယုတ်တမာ ကောက သူ့ကိုနှိပ်စက်နေမလား ဆိုတာ ဘယ်သူမှမသိနိုင်ဘူး ။ "
လုလင်းရဲ့အဖွားက သူနဲ့ချန်းရှောင်မီ လက်ထပ်သွားပြီးနောက် လုပ်ပေးရမည့်အရာတွေကို ငြင်းဆန်ဖို့အတွက် လုလင်းအကြောင်းကို ဇာတ်လမ်းထွင်ကာ လှည့်စားပြောဆိုသည်။ ချန်းရှောင်မီက သူတို့ရဲ့ သီးနှံတွေကို ခိုးယူပြီးတာတောင် သူတို့မိသားစုဝင်တွေကို ရန်ပြုသေးသည် ဟုပင်။
အဘွားအိုရဲ့အပြောကို အစမှာတော့ ဘယ်သူမှမယုံကြည်ပေ ။ သို့သော် အချိန်ကြာလာတဲ့အခါ လက်ခံလာကြသည်။
ရွာမှာရှိတဲ့ ဆင်းရဲတဲ့ မိသားစုတွေတောင် ချန်းရှောင်မီကို လက်ထပ်ဖို့ ငြင်းဆန်ခဲ့ကြပေမယ့် ချမ်းသာတဲ့မိသားစုလို့ ခေါ်နိုင်တဲ့ လုမိသားစုက လုလင်းကို ချန်းရှောင်မီရဲ့မိသားစုထဲ လက်ထပ်ဝင်ရောက်ဖို့ ဆန္ဒရှိကြသည် ။
" လုလင်းရဲ့ ဖျားနာမှုက အရမ်းပြင်းထန်တယ် ။ ချန်းရှောင်မီက သူ့အတွက် သမားတော် ခေါ်ပေးလိမ့်မယ်လို့ ထင်လား ။ "
" မဖြစ်နိုင်ဘူး ။ "
" လုမိသားစုက လုလင်းကို မည်မည်ရရ မကုသပေးဘဲနဲ့တော့ ချန်းရှောင်မီဆီ ပို့လိုက်လိမ့်မယ်လို့ ငါမယုံဘူး ။ "
" ဟ ၊ သူတို့လား လုလင်းအတွက် ပိုက်ဆံသုံးမှာ ဝေးသေး ။ "
" ဟုတ်တယ်။ ချန်းရှောင်မီက အမှန်တကယ်ရက်စက်တယ်ဆိုရင်တောင် ဆိုးဆိုးဝါးဝါးကြီးလို့တော့ မထင်ဘူး ။ သူက ကျွမ်းကျင်တဲ့ မုဆိုးတစ်ယောက်ဖြစ်တဲ့အတွက် အနာဂတ်မှာ လုလင်းတစ်ယောက် အသားစားရနိုင်ခြေ ရှိသေးတယ် ။ "
ရှေးခေတ်အချိန်မှာ အထူးသဖြင့် ရွာသားတွေအတွက်တော့ အသားက အလွန်အဖိုးတန်တဲ့ အရာပင်။ အများစုက နွေဦးပွဲတော်တွင်သာ အသားကိုစားနိုင်ကြသည် ။
" အမဲလိုက်တယ်ဆိုတာ လွယ်တာမဟုတ်ဘူး ဟိတ်ကောင်ရ ။ ဆောင်းဝင်တော့မှာ ။ တောင်ပေါ်တက်ဖို့ နှင်းတွေထူပိတ်နေပြီဆို အမဲလိုက်သွားဖို့ မဖြစ်နိုင်တော့ဘူး ။"
" လုလင်းရဲ့အဘွား မပြောခဲ့ဘူးလား ။ သူကဒုက္ခအိုး ပါဆို ။ သူက ဂြိုလ်ဆိုးကောင်မို့သာ သူ့ရဲ့မိသားစုဆီကို ကံဆိုးမှုတွေ ယူဆောင်လာလို့ သူ့မိဘတွေ သေဆုံးသွားကြတာလေ ။ ချန်းရှောင်မီက ဘာလို့များသူ့ကို လပ်ထပ်လိုက်ပါလိမ့် ။ "
" ငါကတော့ ချန်းရှောင်မီက တခြားသူရဲ့ ကံဆိုးမှုနဲ့ပတ်သတ်ပြီး စိုးရိမ်လိမ့်မယ်လို့ မထင်ပါဘူး ။ ဘာလို့ဆို ငါကြားတာတော့ သူလည်းပဲ ပြသနာကောင်ပဲလေ ။ "
လုလင်းက မူးနောက်ပြီး မအီမသာဖြစ်နေတာကြောင့် ကုန်စုံဆိုင်ထဲ ခိုးဝင်ပြီး အဖျားပျောက်ဆေး တချို့ကို ယူလိုက်သည် ။
အရင်အချိန်တုန်းကတော့ လုလင်းက ဒီစတိုးဆိုင်ထဲမှာ နောက်ကျတဲ့အထိ အမြဲအလုပ်လုပ်လေ့ရှိပြီး မဖြစ်မနေလိုအပ်လာတဲ့အချိန်သုံးဖို့ သာမန်ဆေးဝါးတွေကို ကြိုတင်ပြင်ဆင်ထားတတ်သည် ။
ချန်းရှောင်ခိုင်က ညနေခင်းခဏလောက် အပြင်ထွက်သွားပြီး ထင်း တောင်းတစ်ခုနဲ့ ပြန်လာသည် ။
လုလင်းက မတတ်နိုင်စွာပဲ ရင်ထဲမှာ အံ့ဩနေရသည် ။ ဒါက ရှစ်နှစ်အရွယ် ကောင်ငယ်လေး ဖြစ်နေပေမယ့် မိသားစုကို စပြီး ကူညီတတ်နေပြီလား ။
ဆောင်းရာသီဆိုတာ ရှေးခတ်အခါမှာတော့ အရမ်းကြမ်းတမ်းလွန်းသည်။ ပြင်းထန်တဲ့နှင်းခါးရိုက်မှုတွေက မည်သူတစ်ဦးတစ်ယောက်မျှ မထင်ထားလောက်အောင် ပျက်စီးထိခိုက်မှုတွေ ရှိနိုင်သည် ။
ချန်းရှောင်ခိုင် ပြန်လာပြီး မကြာခင်ပဲ သူ့ဒုတိယညီငယ်ရဲ့ လက်မောင်းကို ဆွဲပြီး ချန်းရှောင်မီလည်း ပြန်ရောက်လာသည်။ သူတို့နှစ်ယောက်က သည်းကြီးမည်းကြီးကို တိုးတိုးကြိတ်ကြိတ် ပြောနေကြတာကြောင့် လုလင်း ချန်းရှောင်မိုင်ကို ယုံကြည်သင့်ရဲ့လားတောင် မတွေးတတ်တော့ပေ ။
' အခုချိန်မှာ ချန်းရှောင်မီက ငါ့ကို မကွာရှင်းထားသေးဘူး ။ ငါတို့တွေက လက်ထပ် ထားကြတာမို့ ချန်းရှောင်မီကို ဖွင့်ဟဝန်ခံထားသင့်တယ် ။ '
' ချန်းရှောင်မီက လူ့အဖွဲ့အစည်းထဲမှာ ပုန်ကန်သူဖြစ်နေပေမယ့် သူ့ညီငယ်တွေကိုကာကွယ်ဖို့အတွက် သူ့အဘွားနဲ့ ဦးလေးကိုတောင် အပြစ်လုပ်ရဲတယ်။ သူက စဉ်းစားချင့်ချိန်တတ်တဲ့ သူတစ်ယောက်ဆိုတာ သေချာတယ်။ ငါက လုလင်းရဲ့ ခန္ဓာကိုယ်ကို သုံးစွဲနေရတဲ့သူဆိုတာ သိသွားရင်တောင် သေအောင်မီးရှို့တာမျိုး ၊ နာကျင်စေတာမျိုးတို့ သူလုပ်မယ်လို့ မထင်ပါဘူး ။ ချန်းရှောင်မီက သူတို့နဲ့ကောင်းကောင်းကြီးကို ကွာခြားတယ် ။ သူကကောတစ်ယောက်ဖြစ်ပေမယ့်အရမ်းသန်မာတယ်လေ။ '
' သူ့ဘဝတစ်လျှောက်လုံး ဒီနေရာမှာ မနေထိုင်ရဘူး ဆိုရင်တောင် ဘာဖြစ်သေးလည်း ..... '
လုလင်းက သူ့ရဲ့ဖွင့်ပြောမဲ့အစီအစဉ်ကို အပြန်ပြန်အလှန်လှန်တွေးတောပြီးနောက် တစ်ဆင့်စီသွားဖို့
ဆုံးဖြတ်လိုက်သည် ။ ပထမအဆင့်က ချန်းညီအစ်ကိုတွေရဲ့ စိတ်ကို အပိုင်းသိမ်းဖို့ပင် ။