~ဖန်ဂေါ်လီလုံးများ~
ဒီနေ့က ချန်းရှောင်မီရဲ့ကံကောင်းသောနေ့ပင် ။ လက်ဗလာနဲ့အိမ်ပြန်ရတဲ့ ရက်တွေပြီးနောက် တောဝက်ထီးတစ်ကောင်ကို ဖမ်းမိခဲ့သည် ။
ရွာသားများက ထိုအရာကို မြင်သော်လည်း ချန်းရှောင်မီအနား မချဉ်းကပ်ရဲသလို နံမည်ဆိုးကြောင့် ဘယ်သူမှစကားမစရဲကြပေ။ အားလုံးကို မနာလိုစွာသာ ကြည့်နေကြသည်။
ချန်းရှောင်မိုင်နဲ့ ချန်းရှောင်ခိုင်တို့က တောဝက်ကိုမြင်ကြတဲ့အခါ အားရစွာ ကျေနပ် ပီတိဖြစ်နေကြသည် ။
ချန်းရှောင်မီက ခံစားချက်အလွန်ကောင်းမွန်နေသည် ။ သူက တောဝက်ကို ပိုင်းဖြတ်လိုက်ပြီး အရိုးကို သူတို့အတွက်သိမ်းကာ ကျန်တဲ့အပိုင်းတွေကို ဈေးကောင်းကောင်းနဲ့ရောင်းရန် စီစဉ်ထားသည် ။
လုလင်းက ညစာအတွက် အရိုးဟင်းချို ယာဂုနဲ့ ကြက်သွန်ဖြူဖြင့် ဆီပူထိုးထားတဲ့ တို့ဖူး တစ်ခွက်ကို ချက်ပြုတ်ပေးသည် ။
တရုတ်မျောက်ဥ ယာဂုကလည်း အရမ်းအရသာရှိပြီး ချန်းညီအစ်ကိုတွေက တကယ်ကိုပျော်ပျော်ရွှင်ရွှင် စားသောက်ခဲ့ရတာကြောင့် အမျိုးမျိုးသောစားသောက်ဖွယ်ရာတွေ အတွက် လုလင်းက ပင်တိုင်ချက်ပြုတ်သူ ဖြစ်လာသည် ။
ချန်းရှောင်မီ တောဝက်ကို ခုတ်ထစ်လိုက်တာကြောင့် လုလင်း အရမ်းပျော်နေမိသည် ။ အရိုးတွေမှာ ကယ်လ်စီယမ်နဲ့ ကော်လဂျင် ကြွယ်ဝစွာပါဝင်နေပေမယ့် ဒီဘက်ခေတ်က လူတွေကတော့ သတိမပြုမိကြပေ ။ သူတို့တွေက အရိုးများကို ကောင်းကောင်းအသုံးမပြုတတ်ပေ ။
လုလင်းက နံရိုးဟင်းချိုကို ပါဝင်ပစ္စည်းများ ရွှေရောင်သန်းတဲ့အထိ နှစ်နာရီကျော်ကြာအောင် ပြုတ်ထားလိုက်သည် ။
ဝက်ကလီစာကလည်း အလွန်ကောင်းမွန်တဲ့ဟင်းတစ်ခွက် ဖြစ်ပြီး ခေတ်သစ်တွင် ဈေးကြီးသော အရာပင် ။ သို့သော် ချန်းရှောင်မီက ဝက်ကလီစာကို ချက်ပြုတ်လို့ရမှန်းမသိတာကြောင့် အမှိုက်သဖွယ်ပစ်ထုတ်လိုက်သည်က စိတ်မကောင်းစရာပင် ။
ချန်းရှောင်မီက အရိုးပြုတ်ယာဂုကို အားရပါးရ ပျော်ရွှင်စွာ စားနေမိသည် ။ လုလင်းက ချက်ပြုတ်ရေးတာဝန်ယူထားတဲ့အတွက်လည်း ဝမ်းသာနေမိသည် ။ ဒီအရိုးတွေက အခုလိုအရမ်းကောင်းမွန်တဲ့အရာတွေဖြစ်နေမှန်း သူမယုံနိုင်ပေ ။ အလွန်ကောင်းတဲ့အရာတွေကို ပစ်ထုတ်မိတဲ့အတွက် မိမိကိုယ်သာ ပြန်ရိုက်နှက်ချင်မိတော့သည် ။
ချန်းညီအစ်ကိုတွေ ပျော်ပျော်ရွှင်ရွှင် ညစာစားနေတာမြင်ရတာကြောင့် လုလင်းလည်း အရမ်းစိတ်ချမ်းသာနေသည် ။
ချန်းရှောင်မီတွင် မေးခွန်းများရှိနေသည် ။ အရိုးတွေကို ဒီလိုသေးသေးလေးဖြစ်အောင်ဘယ်လိုဖြတ်လိုက်လဲဆိုတာ အံ့ဩနေမိသည် ။
' ဓားအရမ်းထက်တာကို အသုံးပြုမှရမှာ။ '
ချန်းရှောင်မီက အမဲလိုက်သွားရတာမို့ ဓားအကြောင်း စိတ်ဝင်စားသည် ။ ဒါပေမယ့် အဆုံးမှာတော့ လုလင်းအားမမေးဖြစ်လိုက်ပေ ။
ချန်းရှောင်ခိုင် : "အစ်ကိုကြီး မြို့ကိုသွားမှာလားဟင်? "
ချန်းရှောင်မီက ခေါင်းညိတ်ကာ...
" ဝက်ကို ရောင်းဖို့ လိုတယ်လေ ။ ဒါမှပဲ ငါတို့လိုအပ်တဲ့ ပစ္စည်းတွေဝယ်ဖို့ ပိုက်ဆံရမှာ။ "
ချန်းရှောင်မီက လွန်ခဲ့တဲ့ရက်တွေမှာ မြို့ပေါ်သွားဖို့ အစီအစဉ်ဆွဲထားပေမယ့် တိတ်တိတ်လေး ရွေ့ဆိုင်းထားရသည် ။ ဘာကြောင့်ဆို ဆန်၊ ဥ၊ ဆား နဲ့ အခြားပစ္စည်းများ ဆက်ရှိနေတာကြောင့်ပင် ။
လုလင်းက မြို့ပေါ်သွားမဲ့အကြောင်းကြားလိုက်ရတာကြောင့် ပျော်ရွှင်သွားသည် ။
" နွားလှည်းနဲ့ မြို့ပေါ်ကိုသွားမှာလား ။ "
လုလင်းက မူလပိုင်ရှင်ရဲ့မှတ်ညာဏ်ကို ရှာဖွေကြည့်တဲ့အခါ ရွာသားတွေက မြို့ပေါ်သွားချင်တဲ့အခါတိုင်း ရွာသူကြီးရဲ့ နွားလှည်းကို ငှားလေ့ရှိကြောင်း ရှာတွေ့ခဲ့သည် ။
ချန်းရှောင်မီရဲ့ မျက်နှာက မဲမှောင်သွားပြီး သဘောမကျသယောင်ဖြင့် ...
" ငါက လမ်းလျှောက်သွားမှာ ။ "
ချန်းရှောင်မီက သူ့ရဲ့ကောလဟာလတွေကြောင့် ရွာသူကြီးဆီမှာ နွားလှည်းငှားဖို့ ခက်ခဲနိုင်ကြောင်း လုလင်းရုတ်တရပ် သဘောပေါက်သွားသည်။ ထပ်ပေါင်းပြောရရင် ပုံမှန်ဆို လူနည်းစု စုပေါင်းပြီးမှ နွားလှည်းကို အတူတူငှားကြလေ့ရှိသည်ပင် ။
ချန်းရှောင်မီ တောဝက်ကို ဘာကြောင့် ခုတ်ထစ်လာမှန်းသဘောပေါက်လာရသည် ။ တောဝက်တစ်ကောင်လုံးအစား အပိုင်းပိုင်းလေးတွေက သယ်ရလွယ်ကူစေသည် ။
" ငါမင်းနဲ့အတူ လိုက်လို့ရမလား? "
ချန်းရှောင်မီက ခေါင်းညိတ်ကာ -
" ရတယ် ။ ဒါပေမယ့် မင်းလည်းလမ်းလျှောက်ဖို့လိုတယ် ။ "
လုလင်းက ခေါင်းညိတ်ပြလိုက်ပြီး မြို့ထဲသွားဖို့အတွက် စိတ်လှုပ်ရှားနေသည် ။
လုလင်းကအနည်းငယ် ချီတုံချတုံဖြစ်ကာ မေးလိုက်သည် ။
" ငါမြို့ထဲမှာ ရောင်းချင်တဲ့အရာတစ်ခု ရှိတယ် ။ အဲ့ဒါကို စိတ်ဝင်စားနိုင်မဲ့သူကို သိလား ။ "
" မင်းမှာ ဘာရှိလို့လဲ? "
ချန်းရှောင်မီက သိချင်စိတ်ပြင်းပြလာသည် ။
လုလင်း အိတ်ကပ်ထဲမှ ဖန်ဂေါ်လီလုံးများကို ထုတ်ယူလိုက်သည် ။ ချန်းရှောင်မီရဲ့ မျက်လုံးများက တလက်လက်တောက်ပနေတဲ့ အရာသေးသေးလေးတွေကို ချက်ချင်းအကြည့်ပို့မိသည် ။
ကုန်စုံဆိုင်ထဲမှာ ကလေးကစားစရာအရုပ်များအတော်အတန်ရှိပြီး အများစုက ဒီခေတ်အခါအတွက် အလွန်ဆန်းသစ်နေသည် ။
လွန်ခဲ့တဲ့ရက်အချို့က သူ့စတိုးဆိုင်ထဲမှာ ဖန်ဂေါ်လီလုံးတွေကို တွေ့သည် ။ သူ့ငယ်ဘဝတုန်းက ဖန်ဒိုးကစားရတာကို နှစ်သက်ပြီး အချိန်ကြာလာတာနဲ့အမျှ ဆန်းပြားတဲ့အရုပ်ပေါင်းစုံက အစားထိုးဝင်ရောက်လာသည် ။
ဒီခေတ်အခါမှာလည်း ဖန်ထည်များရှိကြောင်း လုလင်းသိထားသည် ။ သို့သော်လည်း တိုင်းတစ်ပါးမှထွက်သောအရာ ဖြစ်ပြီး ရှားပါးကုန်အဖြစ် သိုလှောင်သိမ်းဆည်းထားကြသည် ။
ဖန်ဒိုးက အတွင်းပိုင်းမှာ အရောင်စုံပြီး သေးငယ်လုံးဝန်းသည်။ ခေတ်သစ်မှာတော့ ဒါကိုကြည့်ဖို့အတွက် မျက်ခွံကို ပင့်တင်မှာတောင် မဟုတ်ပေမယ့် ဒီခေတ်အချိန်မှာတော့ ဒါက ရတနာတစ်ပါးလိုပင် ။
" အရမ်းလှတာပဲ ။ ဒါကိုဘယ်လိုရလာတာလဲ ။ "
လုလင်းက ဇာတ်လမ်းတစ်ပုဒ်ကို ပြင်ဆင်ထားပြီးဖြစ်သည် ။ သူကလေးဘဝတုန်းက ကုန်သည်နှစ်ယောက်ရဲ့ လွယ်အိတ်ထဲကနေ ပြုတ်ကျတာကို မြင်ခဲ့ကြောင်း ပြောလိုက်သည် ။
ချန်းရှောင်မီက ဖန်ဒိုးတွေက အခြားသူနဲ့သက်ဆိုင်ကြောင်း ကြားလိုက်ရချိန်မှာ မျက်မှောင်ကြုတ်မိပေမယ့် မကြာခင်မှာ လက်ခံလာခဲ့သည် ။
ဒီကိစ္စက လွန်ခဲ့တဲ့နှစ်တွေက ဖြစ်ခဲ့တာဖြစ်ပြီး သေချာတာတော့ ဒါကို ဘယ်သူမှပြန်မရှာနိုင်တော့ပေ ။
" မင်းအတွက် ဝယ်သူကို ငါရှာပေးနိုင်တယ် ။ ဒါပေမယ့် ဘယ်လောက်နဲ့ ရောင်းရမလဲဆိုတာတော့ ကံတရားအပေါ်မူတည်တယ် ။ "
လုလင်းက ပြုံးလိုက်ပြီး -
" ဆောင်းရာသီအတွက် ငါတို့စောင်ဝယ်ဖို့ ပိုက်ဆံသုံးနိုင်ရင်ပဲ အဆင်ပြေပါတယ် ။ "
ချန်းရှောင်းမီက ထိုအဖြေကို
ကြားပြီးနောက် ကျေနပ်သွားသည် ။ ဟုတ်တယ်၊ ဆောင်းရာသီမှာ သူတို့စောင်တွေ အများကြီးလိုအပ်သည် ။