Chapter 70
(အမြဲတမ်း ထူးဆန်းတဲ့ အိပ်မက်တွေ မက်ခဲ့တယ်)
"အိမ်မက်ထဲမှာတောင် မှန်ထဲက ပုံရိပ်ကို တစ်ကယ်မြင်နိုင်တယ်…ကျွန်မ မှန်ရှေ့မှာ သမ်းတော့ မှန်ထဲကကျွန်မကလည်း သမ်းတယ်…နောက်တော့ အားလုံးအဆင်ပြေတယ် ဆိုပြီးထင်လို့ ကျွန်မ လှည့်ထွက်သွားလိုက်တယ်...ကျွန်မ မထွက်သွားခင် မှန်ကို လှည့်ကြည့်လိုက်တော့ ထူးဆန်းတာတစ်ခု တွေ့လိုက်ရတယ်”
“မှန်ထဲကလူက ကျွန်မနဲ့ထပ်တူမကျဘူး...သူမက လှည့်မထွက်ဘဲနဲ့ မှန်ကို မျက်နှာမူထားသလိုမျိုး ကျွန်မကို စိုက်ကြည့်နေတယ်...ကျွန်မလည်းပြန်လှည့်ထွက်တော့ သူက ပြုံးပြတယ်"
ချက်ချင်းပင် လုစစ်၏ စိတ်အခြေအနေသည် ယိုယွင်းလာပြန်သည်။ သူမသည် ကုလားထိုင်ပေါ်တွင် ပက်လက်လှန်ပြီး အလွန်ကြောက်နေသကဲ့သို့ တုန်လှုပ်သွားသည်။
“ရှင် ပြောတာက အိပ်မက်တစ်ခုပဲ… အိပ်မက်ဆိုးတွေ မက်နေတာက ပုံမှန်ပါပဲ…ဒီအိပ်မက်ကို ဘာလို့သိပ်ကြောက်နေတာလဲ"
စုမုန့် သည် လုစစ်ကို မနှစ်သိမ့်ဘဲ မေးခွန်းများကို တိုက်ရိုက်မေးသည်။ လုစစ် ကလည်း ခေါင်းကိုငုံ့ထားလျက်နှင့် ဖြေသည်။
"ကျွန်မ ဒီအိပ်မက်ကို နေ့တိုင်း လအတော်ကြာအောင် မက်နေတာ"
"ဒါဆို ရှင့်မှာ ယောင်တတ်တဲ့ အကျင့်ရှိလား…ဆိုလိုတာက ရှင် နိုးလာတဲ့အခါရှင့်ခန္ဓာကိုယ်က တခြားနေရာမှာ ရှိနေတတ်တယ်...ဒါမှမဟုတ် အိပ်ရာထဲမှာပဲ ရှိနေတတ်တာလား"
"အိပ်ယာထဲမှာပါ…ကျွန်မ ထမယောင်တတ်ပါဘူး…အိမ်က နေရာတိုင်းမှာ ကင်မရာတွေ ရှိတယ်ဆိုတော့ သေချာတယ်”
"ဒါဆို ဒီအိမ်မက်ကလွဲလို့ တခြား မူမမှန်တာတွေ ရှိလား"
"ညဘက်မှာ တစ်ယောက်ယောက်က ကျွန်မကို ကြည့်နေတာ…တစ်ယောက်ထဲတင်မကဘူး၊ တော်တော်များများက ကျွန်မကို စောင့်ကြည့်နေတယ်လို့ အမြဲခံစားရတယ်…ဒါကြောင့် ညတိုင်း ကုလားကာတွေအားလုံးကို ဆွဲချပြီး မီးဖွင့်အိပ်တယ်...အိမ်အပြင်ဘက်မှာ ကင်မရာတွေလည်း တပ်ထားပေမယ့် ဘယ်သူမှ မတွေ့ဖူးဘူး...ဒါပေမယ့် ကျွန်မရဲ့ ခံစားချက်က မမှားဘူးဆိုတာသေချာပါတယ်"
စကားအဆုံးတွင် လုစစ်၏အသံသည် စတင်တုန်လှုပ်နေပြီဖြစ်သည်။သူမကြည့်ရတာ သနားစရာကောင်းလှ၏။ ထိုစဉ် ရှန့်ကျန်း က သူမကို နှစ်သိမ့်ပေးဖို့ ပခုံးကိုထိလိုက်သည့်အခါ သူ့လက်ကို အတင်းဆွဲထားလေသည်။ လုစစ် သည် အလွန်ပိန်လှီပုံပေါက်သော်လည်း သူမ၏ ခွန်အားမှာ ပုံမှန်မဟုတ်စွာ ပြင်းထန်လျက်ရှိသည်။
"ဆရာမ လုပ်ပါဦး"
ရှန့်ကျန်း သူ့လက်ကို ဆွဲထုတ်ချင်သော်လည်း လုစစ် က အလွန်သန်မာသဖြင့် သူ မလှုပ်နိုင်ပေ။
စုမုန့် သည် ရှန့်ကျန်း အကူအညီတောင်းနေချိန်အထိ ဘေးမှ လုစစ်၏ လှုပ်ရှားမှုများကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။ထို့နောက် သူမသည် လုစစ် ၏ နံဘေးသို့ လျှောက်သွားပြီး သူမ၏ ခန္ဓာကိုယ်ပေါ်တွင် အင်းစာရွက်ကို တင်လိုက်သည်။ထိုအခါ လုစစ် သည် ရုတ်တရက်ဆိုသလို သတိပြန်ဝင်လာပုံဖြစ်သွားရသည်။ ရှန့်ကျန်း၏ လက်ကို ကိုင်ထားကြောင်း သိသောအခါ သူမ အမြန်လွှတ်လိုက်ပြီး
"တောင်းပန်ပါတယ် ဆရာရှန့်…ကျွန်မ စိတ်တွေလွတ်သွားပြန်ပြီ"
ရှန့်ကျန်းကလည်း သူ့လက်ကို ရုတ်လိုက်ပြီး လုစစ်အား အဆင်မပြေသော အပြုံးဖြင့် နှစ်သိမ့်ပေးလိုက်သည်။
"ကျွန်မအဆင်ပြေပါတယ်"
"ဆရာမ လုစစ်မှာ ဘာဖြစ်နေတာလဲ ဆိုတာ မြင်လား"
ရှန့်ကျန်း လှည့်ပြီး စုမုန့် ကို မေးလိုက်သည်။
“ဒါက နည်းနည်းခက်တယ်…ကြည့်ဖို့အချိန်လိုတယ်…လုစစ်…ရှင့်အိမ်ကို ကြည့်လို့ရမလား "
"ဆရာမတို့ ဒီမှာနေမယ်ဆိုရင်တောင် အဆင်ပြေတယ်… ဒီမှာ အခန်းတွေအများကြီးရှိတယ်"
ထိုစကားကို ပြောပြီးနောက် သူမ မတ်တပ်ရပ်လိုက်သည်။
"ဒီမှာနေဖို့ မလိုပါဘူး"
စုမုန့် ဒီလိုနေရာမျိုးမှာ မနေရဲတော့ဘူး...တစ်ခုခုဖြစ်ရင် ဘယ်လိုလုပ်မလဲ
ဗီလာ၏ အလှဆင်မှုပုံစံသည် တရုတ်စတိုင်လ် ဖြစ်သည်။အခန်းအတွင်းရှိ ပရိဘောဂများအားလုံးသည် မဟော်ဂနီရောင်ဖြစ်ပြီး လက်ရာမြောက်သော ပစ္စည်းများရှိသည်။ တစ်ချက်ကြည့်လိုက်သည်နှင့်ဈေးကြီးမှန်း သိနိုင်ပေ၏။ နံရံမှာ ဓာတ်ပုံအများကြီးရှိပြီး အားလုံးက လုစစ်၏ ပုံများသာ။ ဓာတ်ပုံတစ်ပုံချင်းစီတွင် Lu Si သည် အလွန်ပျော်ရွှင်နေပုံရပြီး တောက်ပစွာပြုံးနေသည်။ ဘယ်အချိန်က ရိုက်ခဲ့မှန်း မသိသော်လည်း ဓာတ်ပုံထဲမှာတော့ ကျန်းမာနေပုံပင်။ သူမသည် လက်ရှိသူမနှင့် လုံးဝမတူ။
စုမုန့် အကြည့်ကို သတိထားမိပြီး လုစစ် က ပြုံးပြုံးရွှင်ရွှင်နှင့် ရှင်းပြသည်
"ဒီဓာတ်ပုံတွေက လွန်ခဲ့တဲ့ တစ်နှစ်က ဒီကို မပြောင်းခင် ရိုက်ထားတာပါ… အဲဒီတုန်းက ကျွန်မ အစ်ကိုက အသက်ရှင်နေသေးတာလေ"
"ရှင့်အစ်ကို"
စုမုန့် သော့ချက်စာလုံးကို သတိပြုမိပြီး မေးလိုက်သည်။
“ဟုတ်တယ် ကျွန်မ အစ်ကိုအရင်း… အစ်ကိုက ကျွန်မထက် ခြောက်နှစ်ကြီးတယ်…ကျွန်မ အသက်ဆယ့်သုံးနှစ်အရွယ်မှာ မိဘတွေက မတော်တဆမှုတစ်ခုနဲ့ ဆုံးပါးသွားခဲ့ပြီး မိသားစုပိုင်ပစ္စည်းတွေ၊အမွေ အများကြီး ချန်ထားခဲ့ပါတယ်…မိသားစုထဲက တခြားဆွေမျိုးတွေအားလုံးက ကျွန်မတို့ပိုက်ဆံတွေကို မျက်စိကျနေတာဆိုတော့ လူတိုင်းက ကျွန်မတို့ကို မွေးစားချင်ကြတယ်”
(ထူးဆန်းသော အမျိုးသမီး...)
“ဒါပေမယ့် အစ်ကိုက ဆွေမျိုးတွေ မကောင်းမှန်း သိတော့ မိုးရွာတဲ့ညတစ်ညမှာ သူ ကျွန်မနဲ့ ဝေးရာကို ထွက်ပြေးသွားတယ်…ကျွန်မတို့လိပ်စာကို ရှာပြီး အဲဒီလူတွေ လိုက်ရှာမှာကို ကြောက်လို့ လူသူ အတော်လေးဝေးတဲ့ အိမ်တစ်လုံးဝယ်ဖို့ ခေါ်သွားတယ်... ဒီမှာက လူနည်းတယ်…နေ့စဥ်သုံးပစ္စည်းတွေဝယ်တာကလွဲလို့ အပြင်မထွက်တတ်တော့ ပိုလုံခြုံပါတယ်”
စုမုန့် စိတ်ထဲမှာ မကျေမနပ်ဖြစ်မိသည်။ ဤနေရာတွင် လူအနည်းငယ်မျှသာ ရှိပြီး မိသားစုတစ်စုတစ်လေပင် မရှိချေ။
"ဒါဆို ဒီအိမ်ကို မကြာသေးခင်ကမှ ဝယ်ခဲ့တာလား"
"မနှစ်က ဝယ်ခဲ့တာ…အခုဆို တစ်နှစ်ကျော်ရှိပြီ… အစ်ကို ဆုံးသွားတာ တစ်နှစ်ခွဲရှိပြီ.သူက သတ်သေခဲ့တာ… အိပ်ဆေးသောက်ပြီး သူ့လက်ကောက်ဝတ်ကို ဖြတ်လိုက်တယ်…ကျွန်မသိလိုက်ရတော့ အရမ်းနောက်ကျသွားပြီ…သွေးအရမ်းထွက်ပြီး ဆုံးသွားတယ်"
လုစစ် ၏အမူအရာမှာ မှုန်ကုပ်ကုပ်နှင့် မျက်ရည်များလည်း စီးကျလာသည်။
လုစစ် ၏စကားကြောင့် စုမုန့် သည် ဤအိမ်မှာ ယင်စွမ်းအင် အဘယ်ကြောင့် ထုတ်ပေးရသည်ကို နောက်ဆုံးတွင် သိရှိသွားခဲ့သည်။သို့သော် မိမိကိုယ်ကို သတ်သေသူများသည် ထိုကဲ့သို့ ပြင်းထန်သော နာကြည်းမှုမျိုး မရှိသလောက် နည်းပါးသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ဘဝအတွက် မျှော်လင့်ချက်မရှိ၍ မျှော်လင့်ချက်အားလုံး ဆုံးရှုံးသွားသောကြောင့် သေချင်ရုံမျှသာ ဖြစ်သည်။ မတရားသဖြင့်သေဆုံးသွားသော တစ်စုံတစ်ယောက်သည် အိမ်ထဲမှာရှိနေပြီး မကျေမချမ်းဖြစ်နေပုံရသည်။
“ရှင့်အစ်ကို သတ်မသေခင်မှာ တစ်ခုခုမှားနေတယ်လို့ခံစားမိလား…ရှင် ဒီအိပ်မက်အကြောင်း ပြောနေချိန်လိုခံစားချက်မျိုး ရှိခဲ့လား"
စုမုန့် သည် လုစစ်ကိုကြည့်ကာ မေးလိုက်သည်။ လုစစ် ခေါင်းယမ်းလိုက်ပြီး မကြာမီ သူမသည် တစ်ခုခုကို တွေးနေပုံရပြီး အကြိမ်ကြိမ် ခေါင်းညိတ်ပြသည်။
"အစ်ကိုဆုံးပြီးတဲ့ နောက်ပိုင်းမှာ အဲ့ဒီအိပ်မက် စမက်ခဲ့တာ…ဒါပေမယ့် တစ်ယောက်ယောက်က စောင့်ကြည့်နေတယ်ဆိုတာကတော့ အစ်ကို မဆုံးခင်မှာလည်း ဖြစ်ခဲ့တယ်…သူလည်း အဲဒီအကြောင်းကို သိတယ်"
"ဒါဆို အိမ်ပြောင်းဖို့ မစဉ်းစားဘူးလား"
"ဒီအိမ်က တစ်ခုခု ဖြစ်နေတယ်လို့ ပြောနေတာလား"
လုစစ် သည် သူမ၏လက်ထဲရှိ အင်းစာရွက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်ပြီး သူမ၏မျက်နှာမှာ ပို၍ ဆိုးဝါးသွားသည်။
“ဒီအိမ်မှာ အားလုံး အဆင်ပြေတယ်… တစ်ပတ်ရစ်အိမ် ဆိုပေမယ့် လေလံဆွဲထားတာမဟုတ်ဘူး...အရင်အိမ်ပိုင်ရှင်က မိသားစုလေးယောက်ရှိတယ်…သူတို့မိသားစုက အရမ်းပျော်နေပုံရတယ်… လင်မယား နှစ်ယောက်လုံးလည်း အရမ်းချစ်ကြတယ်…သမီးနှစ်ယောက်ကလည်း ချစ်စရာကောင်းပြီး အကျင့်စာရိတ္တကောင်းတယ်… နိုင်ငံခြားကို သွားချင်လို့သာ အိမ်ကိုရောင်းလိုက်ကြတာ”
စုမုန့် က ခေါင်းညိတ်ပြီး တခြားဘာမှ မပြောဘဲ ဒုတိယထပ်ကို လျှောက်သွားပြန်သည်။အိမ်၏ ဖုန်းရွှေက မကောင်းသော်လည်း မှားနေသည့်အရာမျိုး မတွေ့ပေ။ ပထမထပ်ကိုပြန်ရောက်သောအခါ သူမ လွယ်အိတ်ထဲက အမွှေးနံ့သာကြုတ်တစ်ခုနှင့် အင်းစာရွက်ကိုထုတ်ယူလိုက်၏။ပြီးလျှင် အမွှေးတိုင်ကိုမီးရှို့ပြီး အင်းစာရွက်ကို လောင်စေလိုက်၏။ အမွှေးတိုင်မီးထွန်းပြီးသည်နှင့် အပြင်မှ တံခါးခေါက်သံကို ရုတ်တရက် ကြားရသည်။ တံခါးခေါက်သံကြားသောအခါ လူစစ်၏မျက်နှာအမူအရာမှာ မည်းမှောင်သွားသည်။ သူမ တံခါးကို လှမ်းကြည့်သော်လည်း သွားဖွင့်လိုစိတ်မရှိပေ။
" လုစစ် တစ်ယောက်ယောက်လာနေတယ်"
စုမုန့် သူမကို သတိပေးလိုက်သည်။
“အာ… ကောင်းပြီ"
ထိုအခါမှ လုစစ် သတိပြန်ဝင်လာပြီး တံခါးကိုဖွင့်ဖို့ တံခါးဆီ ဖြည်းညှင်းစွာလျှောက်သွားလိုက်သည်။
စုမုန့် သိချင်မိသည်။ လုစစ် ၏တုံ့ပြန်မှုသည် အလွန်ထူးဆန်းသည်ဟု သူမ ခံစားမိသောကြောင့် တံခါးဆီသို့ ခြေလှမ်းအနည်းငယ် တိတ်တဆိတ် ရွှေ့လိုက်သည်။
တံခါးဖွင့်ပြီးနောက် အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။ သူမသည် အလွန် သပ်ရပ်စွာ ၀တ်ဆင်ထားကာ နေကာမျက်မှန်တပ်ထားပြီး ခေါင်းကို အနည်းငယ်မော့ကာ လက်ကိုဟန်ပါပါပိုက်ထား၏။ ထိုအမျိုးသမီးကို မြင်သောအခါ လုစစ် မျက်နှာမှာ ပို၍ပင် မည်းမှောင်သွားသည်။
"နင် ဘာလာလုပ်တာလဲ"
ထိုမိန်းမက ရွဲ့ပြီး အိမ်ထဲကို လျှောက်သွားဖို့ ပြင်နေရင်း
“ဒီမှာ ဘာလုပ်နေတာလဲ ဟုတ်လား...လုနင် အတွက် တရားမျှတမှုကို ရှာဖို့ ငါရောက်နေတာ…ငါကလွဲလို့ တခြားဘယ်သူမှ မကူညီနိုင်ဘူးလို့ ငါယုံကြည်တယ်"
ထို့နောက် ရှန့်ကျန်းနှင့် စုမုန့်တို့ အိမ်ထဲတွင် ရပ်နေသည်ကို တွေ့လိုက်ရသည့်အခါ
“အို၊နင်က လက်စားချေခံရမှာကို ကြောက်နေတာလား...ဒါကြောင့် နင် လူနှစ်ယောက်တောင် ရှာထားတာလား…"
အမျိုးသမီးက ထူးဆန်းသည့်လေသံနှင့် ပြောလိုက်သည်။လုစစ် သည် ခြေကိုတစ်ဖက်ထုတ်ကာ ထိုမိန်းမ ဝင်လို့မရအောင် အပေါက်ဝမှာ တားထားလိုက်၏။
"နင်နဲ့ဘာဆိုင်လို့လဲ…မြန်မြန်ထွက်သွား၊ ဒါမှမဟုတ်ရင် ငါ ရဲခေါ်လိုက်မယ်!"
"လုစစ် ၊ နင်လုပ်ခဲ့တာကို ဘယ်သူမှ မသိဘူးလို့ထင်နေတာလား...နင်က မရိပ်မိအောင် လုပ်ခဲ့ပေမယ့် အမှန်တရားက အနှေးနဲ့အမြန်ဆိုသလို ထွက်ပေါ်လာလိမ့်မယ်ဆိုတာ နင်မမေ့နဲ့”
ပြောရင်းဆိုရင်း ထိုအမျိုးသမီးက လုစစ် ကို အတင်းတွန်းသည်။ စုမုန့် က သူတို့နှစ်ယောက် ရန်ဖြစ်တော့မည်ဟု သိလိုက်သည်။ထို့ကြောင့် ရန်ပွဲမစခင်မှာ သူမ ဖျန်ဖြေဖို့ ကြိုးစားရလေသည်။
" လုစစ် ၊ ခုနက သူမပြောခဲ့တဲ့ လုနင် က ရှင့်အစ်ကိုလား "
လုစစ် က ခေါင်းညိတ်ပြီး "ဟုတ်တယ် ကျွန်မ အစ်ကို....ဒီမိန်းမကြောင့် သတ်သေသွားတာ"
အမျိုးသမီးသည် ထိုစကားကိုကြားသောအခါ ချက်ချင်းပင် စိုးရိမ်ထိတ်လန့်သွားပြီး
“လူစစ် နင်ငါ့ကို မစော်ကားနဲ့..နင်က တစ်ကိုယ်ကောင်းဆန်ပြီး လုနင်က ငါ့နဲ့အတူရှိမှာကို ကြောက်လို့ နင့်အစ်ကိုကိုသတ်ခဲ့တယ်ဆိုတာ သိသာတယ်…နင်က အတင်းဖုံးထားတော့ ရဲတွေလည်း အမှန်တရားကို မသိခဲ့ကြဘူးလေ"
စုမုန့် ရုတ်တရက် စိတ်မကောင်းဖြစ်သွားသည်။ ဖုန်းရွှေ ကြည့်ဖို့လာတာ သူမ ဘာကြောင့် ရာဇ၀တ်မှုတစ်ခုထဲမှာ ပါဝင်လာမိတာလဲ…
( အစ်ကို့ရည်းစား...)
"လုစစ် နင့်ကြည့်ရတာ သရဲလိုပဲ...နင့်အစ်ကို့ကို သတ်ထားလို့ နေ့တိုင်း ကိုယ့်ကိုယ်ကို အပြစ်တင်နေတာလား…နင် အရမ်းပိန်နေပြီ…နင့်အစ်ကိုကို ကိုယ်တိုင်ကိုယ်ကျ တောင်းပန်ဖို့ အချိန်သိပ်မကျန်တော့ဘူး"
ထိုမိန်းမ၏ စကားသည် ပို၍ ဆိုးသွမ်းလာသည်။ လုစစ် ဒေါသထွက်နေသော်လည်း အခြားသူများနှင့် ရန်မဖြစ်တတ်ကြောင်း သိနိုင်သည်။ထိုအမျိုးသမီး၏ ဆဲဆိုခြင်းကို ခံရပြီးနောက် သူမ ဘာပြန်ပြောရမှန်း မသိဘဲ မျက်နှာသည် နီရဲလာ၏။ ဒေါသဖြစ်နေမှန်း သိသာသည်။
“နင်က အမှန်တရားကို ဘယ်လိုလှည့်စားရမလဲဆိုတာ သိနေတာကိုး… ငါ့အစ်ကိုက နင့်ကြောင့် သေရတယ်ဆိုတာ သိသာတယ်…နင် ဒီကိုဘယ်လိုရောက်လာတာလဲ…ငါက အနိုင်ကျင့်ဖို့ လွယ်တယ်လို့ နင်တစ်ကယ်ထင်နေတာလား"
လုစစ် သည် အမျိုးသမီးကို တွန်းထုတ်လိုက်ကာ စကားမပြောချင်တော့ဘဲ တံခါးကို ချက်ချင်းပိတ်လိုက်သည်။
"လုစစ် ငါနင့်ကိုပြောမယ်…နင့် အဖော်တွေ ခေါ်ထားလို့ ငါမလာရဲဘူးလို့ မထင်နဲ… ဟေး၊ ဒီသူငယ်ချင်းနှစ်ယောက်... လုစစ်က လူကောင်းမဟုတ်ဘူး…သူနဲ့ အတူနေတဲ့အခါ သတိထားကြ… လုစစ် က သာမန်လူမဟုတ်ဘူး...သူမ လူတွေကို သတ်လိမ့်မယ်"
အမျိုးသမီးက အော်လိုက်သည်။သို့သော် မည်သူမျှ သူမကို ဂရုမစိုက်ကြောင်း သူမတွေ့လိုက်ရသဖြင့် ချက်ချင်းလှည့်ကာ ထွက်သွားခဲ့သည်။
"တောင်းပန်ပါတယ် ကျွန်မ ရိုင်းမိသွားတယ်" လုစစ် အနည်းငယ်ရှက်သွားသည်။
စုမုန့် ခေါင်းယမ်းလိုက်သည်။ ထိုအမျိုးသမီးပြောခဲ့သည့်စကားကို ပြန်သတိရသောအခါ လုစစ် သည် လူတစ်ယောက်ကို ဘာကြောင့်သတ်ပစ်ရသလဲဟု တွေးမိသည်။ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ သတိထားရမည်။သူမ အသက်ထက် ဘယ်အရာကမှ ပိုအရေးမကြီး။သူမ အမွှေးနံ့သာကြုတ်ပေါ်က မီးခိုးတွေကို ကြည့်လိုက်ပြီး လုစစ် ကို ပြောသည်။
“သူမက ဘယ်သူလဲ"
"သူ့နာမည်က ဖန့်ယင်း ပါ…သူက အစ်ကို့ရဲ့ရည်းစားဟောင်း…သူတို့နှစ်ယောက် ကြိုက်နေတာ သုံးနှစ်လောက်ရှိပြီ…အစ်ကိုက သူ့ကို အရမ်းချစ်တယ်…,ဖန့်ယင်း ရဲ့ မိသားစုက အရမ်းဆင်းရဲတယ်…အဖေက အရက်သမား၊ အမေကလည်း နေမကောင်းဘူး... မောင်လေး တစ်ယောက်ရှိတယ်… အစ်ကိုက ဒါကို လုံးဝစိတ်မ၀င်စားဘူး…အစ်ကိုက ကျွန်မအတွက် တစ်ယောက်တည်းသော ဆွေမျိုးဆိုတော့ သူပျော်နေရင် ကျွန်မ အဆင်ပြေပါတယ်…"
“ဒါပေမယ့် လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်မှာ အစ်ကိုက ဖန့်ယင်း က တခြားတစ်ယောက်ကို ဖက်နေတာကို တွေ့လိုက်ရတယ်လို့ ပြောတယ်…သူတို့နှစ်ယောက်က ဖန့်ယင်း နဲ့ ကျွန်မ အစ်ကို လက်ထပ်ပြီးရင် ပိုင်ဆိုင်မှု ဘယ်လောက် ရမလဲဆိုတာကိုပါ ကြံနေကြတယ်…ကျွန်မအစ်ကိုက လူကောင်းတစ်ယောက်ဖြစ်ပြီး အရမ်းကို စိတ်ထိခိုက်လွယ်တယ်…ဖန့်ယင်း ကတော့ အစ်ကို့ကိုသတ်ပစ်ဖို့ အမြဲတွေးနေခဲ့တယ်…မိသားစုပိုင်ဆိုင်မှုကို လက်ဝါးကြီးအုပ်ဖို့ပဲ လုပ်ခဲ့တာ"
စုမုန့် သည် လုစစ်၏ တုန်တုန်ယင်ယင်အသံကို ကြားနေရသည်။
“အစ်ကို ဆုံးတော့ သူမက ကျွန်မရဲ့ပိုင်ဆိုင်မှုကို လိုချင်လို့ သဲလွန်စရှာဖို့ လာခဲ့သေးတယ်... ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေကြပြီ…အစ်ကို့ရဲ့အရိုးတွေကို မီးသင်္ဂြိုလ်ခဲ့တယ်… အထောက်အထားတွေ ခိုင်လုံသွားပြီဆိုတော့ သူ ကျွန်မကို ခြောက်ချလို့လည်း အသုံးမဝင်ဘူး”
စုမုန့် သည် သူတို့ကြားတွင် ထိုသို့သော ဇာတ်လမ်းမျိုး ဖြစ်ခဲ့သည်ဟု မမျှော်လင့်ခဲ့ပေ။ ကိစ္စအားလုံးက ငွေနှင့်ပတ်သတ်နေ၍ သူမ နားလည်နိုင်၏။ ဘယ်သူက အမှန်အတိုင်းပြောပြီး ဘယ်သူက လိမ်နေလဲ ဆိုတာကိုတော့သေချာမသိ။
“မစ္စလု ဒီနေရာက လူသူလေးပါး အရမ်းဝေးတယ်...နင်က ဒီမှာပဲနေနေတာာဆိုေတာ့ ပုံမှန်အချိန်တွေမှာ သတိထားရမယ်…အရမ်းအန္တရာယ်များတယ်” စုမုန့် ကပြောသည်။ လုစစ် က ခေါင်းညိတ်လိုက်ပြီး တခြားဘာမှ ပြန်မပြော။
မီးခိုးက တစ်မျိုးလေးထူးဆန်းနေသည်။ မီးခိုးပုံသဏ္ဍာန်က လေဆင်နှာမောင်းလေးတစ်ခုလိုပင်။
"ဒါဘာကိုဆိုလိုတာလဲ"
ရှန့်ကျန်း သည် မီးခိုးငွေ့များက ဤကဲ့သို့ လွင့်လာသည်ကို တစ်ခါမျှ မမြင်ဖူးပေ။ စုမုန့် က သူ့ကို လျစ်လျူရှုပြီး လွယ်အိတ်ထဲက သံလိုက်အိမ်မြှောင်ကို ထုတ်လိုက်သည်။ ထို့နောက် ပြာကို ယူ၍ဖြန်းလိုက်ရာ သံလိုက်အိမ်မြှောင်သည် စတင်လည်ပတ်လာသည်။အစပိုင်းတွင် ပင်အပ်သည် အလွန်နှေးကွေးစွာ လှည့်ပတ်နေသော်လည်း၊ မကြာမီ ချက်ချင်းဆိုသလို မြန်လာသည်။
စုမုန့် စိတ်ထဲမှာ လန့်သွားသော်လည်း မျက်နှာ အမူအရာမှာ မပြောင်းလဲပေ။ သူမ ပစ္စည်းများကို ပြန်သိမ်းလိုက်ပြီး ဘာမှမဖြစ်သလို ဟန်ဆောင်လိုက်သည်။ခဿကြာလျှင် လေအေးပေးစက်ကို ပိတ်ထားသဖြင့် အခန်းသည် ပူအိုက်လာရကာ စုမုန့် နှင့် ရှန့်ကျန်း တို့သည် ချွေးများ စတင်ထွက်နေပြီဖြစ်သည်။
“တစ်ကယ် စိတ်မကောင်းပါဘူး။ ဒီအိမ်က သိပ်လည်း ပြင်ပြင်ဆင်ဆင် မရှိတော့ သိပ်ပြီးအဆင်မပြေဘူး...အခုလည်း လေအေးပေးစက်က ပျက်နေပြန်ပြီ…နောက်မှ ပြင်လိုက်ပါမယ်"
ထို့နောက် လုစစ် က အအေး နှစ်ခွက် ယူလာပေးသည်။
"မစ္စလု တစ်ယောက်တည်း ဒီမှာနေရတာ မလွယ်ဘူး… အိမ်ကိုရောင်းပြီး မြို့ထဲက တခြားအိမ်တစ်လုံးကိုဝယ်ဖို့ မစဉ်းစားမိဘူးလား”
စုမုန့် သည် လုစစ် ယူဆောင်လာသော လက်ဖက်ရည်ကို တစ်ဖန် ငြင်းပယ်ခဲ့ပြီး တစ်ချိန်တည်းတွင် ရှန့်ကျန်းကိုလည်း မသောက်ခိုင်းပေ။
xxxxxxx