Chapter 72
(အလကားခင်ပွန်းဟောင်း)
"ဒါဆို တို့ ဘာလုပ်သင့်လဲ…ဒါကို လွှတ်လိုက်မှာလား…ဒီလူသတ်မှုက ကြောက်စရာကောင်းလွန်းတယ်” ရှန့်ကျန်း က ညည်းသည်။
စုမုန့် ခဏလောက်တွေးပြီး ရုတ်တရက် တစ်ယောက်ယောက်ကို တွေးမိသည်။ထို့နောက် အိတ်ကပ်ထဲက လိပ်စာကတ်ကို ထုတ်ပြီး ရေးထားသည့်နံပါတ်အတိုင်း ဖုန်းခေါ်လိုက်၏။မကြာမီ လုပင်း၏ အသံကို ကြားလိုက်ရသည်။
"အဘိုးလုကို တစ်ခုပြောစရာရှိပါတယ်"
ထို့နောက် လုပင်းအား လုစစ်နှင့် ဖန့်ယင်း အကြောင်းကို ပြောပြခဲ့သည်။ပုံမှန်အတိုင်းသာ ရဲကိုခေါ်ခဲ့လျှင် ရဲများသည် သူမ၏ တစ်ဖက်သတ်ဇာတ်လမ်းကို ယုံမည်မဟုတ်ပေ။သူတို့ လာကြည့်ဖို့တောင်မဖြစ်နိုင်ချေ။ ရဲအများစု၏အမြင်တွင် ဖုန်းရွှေပညာရှင်များသည် လူလိမ်များသာဖြစ်သည်။လုပင်းသည် သူမ၏ စွမ်းရည်ကို မြင်လိုက်ရပြီးဖြစ်၍ သူမစကားကို ယုံကြည်မည်ဖြစ်သည်။
လုပင်း ကိုအသေးစိတ်ပြောပြပြီးနောက် လုပင်းက သူမတို့အား အိမ်မှာပြန်စောင့်နေဖို့ ပြောခဲ့သည်။
" ဖန့်ယင်း က လုစစ်ကို ဆက်တွေ့နေသေးတယ်မလား... လုစစ်ဟာ လူသတ်သမားမှန်း သူမသိရဲ့သားနဲ့ မကြောက်ဘဲ ဆက်သွားနေတာပဲ"
ရှန့်ကျန်း သက်ပြင်းချလိုက်သည်။ဖန့်ယင်း လိမ်သည်ဖြစ်စေ မလိမ်သည်ဖြစ်စေ၊ လုစစ် ၏အခြေအနေကိုသိလျက်နှင့် သူမတစ်ယောက်တည်းသွားလျှင် သေခြင်းတရားကို ရင်ဆိုင်ခြင်းပင်။
"လုစစ်က ဖန့်ယင်းကို မသတ်ဘူး… သူမကို တစ်ကယ်သတ်ချင်ရင်သတ်ခဲ့တာ ကြာပြီပေါ့.. အခုအချိန်အထိ သူမ အချိန်ဆွဲမထားနိုင်ဘူး” စုမုန့် က ရှင်းပြသည်။
"ဟုတ်တယ်နော်"
“ပြန်သွားပြီးတော့ စောင့်ရအောင်…ရဲတွေရောက်လာတဲ့အခါ ကျွန်မတို့ကို စစ်ဆေးမေးမြန်းဖို့ သေချာပေါက်ရှာလိမ့်မယ်...အဲဒါပြီးရင် ကားသွားဝယ်မယ်...ဒီလျှပ်စစ်စက်ဘီးက အဝေးကြီးသွားလို့မရဘူး...အရမ်းဒုက္ခများတယ်"
ထို့နောက် စုမုန့် သည် အရှိန်ကို အမြင့်ဆုံးအထိ တိုးမြှင့်လိုက်၍ ရှန့်ကျန်း ကို အိမ်ပြန်ခေါ်လာခဲ့သည်။ ရှေးဟောင်းလမ်းကို ပြန်ရောက်သည့်အခါ လမ်းဆုံမှာ အနက်ရောင်ကားတစ်စီး ရပ်ထားသည်ကိုတွေ့ရသည်။သွယ်လျသောရုပ်သွင်တစ်ခုသည် ကားဘေးတွင် ရပ်နေသည်။ စုမုန့် မမြင်ချင်ယောင်ဆောင်လိုက်၍ ရှေ့ကို လှမ်းကြည့်ကာ ဆက်စီးရန် စီစဉ်ထားသည်။
"ဟေ့ အဲ့ဒါ မင်းရဲ့ အလကားခင်ပွန်းဟောင်း မဟုတ်ဘူးလား…သူက မင်းကို လာရှာပြန်ပြီ"
ရှန့်ကျန်း က ဝေ့ထင် ကို လက်ညှိုးညွှန်ပြပြီး စုမုန့် ကို မေးသည်။ စုမုန့် အံကြိတ်လိုက်သည်။ နောက်က ငတုံး မမြင်နိုင်ဘူးလို့ထင်ထားခဲ့တာ...အကျယ်ကြီး အော်ပြောရတယ်လို့…
ဝေ့ထင် သည် မူလက ကားတံခါးကို မှီ၍ ခေါင်းငုံ့ထားကာ ဘာကိုကြည့်နေမှန်းမသိပေ။ရှန့်ကျန်း ၏ စကားကို ကြားသောအခါ သူ ခေါင်းကို မော့လိုက်ပြီး သူတို့ နှစ်ယောက်ကို သတိထားမိသွားသည်။
စုမုန့် သည် ရှန့်ကျန်း ကို စက်ဘီးဖြင့်တင်နင်းလာကာ သူတို့နှစ်ဦးသည် အလွန်နီးကပ်စွာရှိနေသည်ကို တွေ့လိုက်ရသောအခါ သူ့မျက်လုံးထဲမှာ မီးများတောက်လာသလိုပင်။သို့သော်၊ စုမုန့် အနားကို နီးကပ်လာသောအခါတွင် သူ တစ်ဖန် ငြိမ်သက်သွားလေသည်။
“ဆင်း…"
စုမုန့် သည် သူ့အနားမှာမရပ်ဘဲ ဆက်စီးချင်သော်လည်း ဝေ့ထင် က သူမကို တားဖို့ လမ်းလယ်မှာ ပိတ်ရပ်လိုက်သည်။ စုမုန့် စက်ဘီးကိုရပ်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ဘဲ သူ့ကို မျက်မှောင်ကြုတ်ကာ ကြည့်နေလိုက်သည်။
"ကွာရှင်းမယ့်ကိစ္စမဟုတ်ရင် လာမရှာပါနဲ့လို့ ပြောခဲ့တယ်မလား...ကျွန်မ အရမ်းအလုပ်များနေတယ်...ရှင်နဲ့ ပြောဖို့ အချိန်မရှိဘူး" စုမုန့် လေသံက မကျေနပ်ဟန်အပြည့်နှင့်။
"ကိုယ် မင်းကို ပြောစရာရှိလို့ပါ"
ဝေ့ထင် က တိုးညှင်းသောလေသံဖြင့် ပြောသည်။
"အဲဒါဘာလဲ...ကျွန်မကို ပေးမကွာရှင်းချင်တာလား...ကျွန်မဘာသာကျွန်မ တစ်ယောက်တည်း အရင်ကွာထားလို့ရတယ်နော်...ရှင် နောက်မှ လက်မှတ်ထိုးပေါ့..."
သူမ ဝေ့ထင် ကို မတွေ့ချင်ပေ။သူ့
ကိုတွေ့တိုင်း စိတ်အနှောင့်အယှက်ဖြစ်စရာကောင်မစုတ် ဝေ့ရွှယ် ကို တွေးနေမိ၏။ထိုလူနှစ်ယောက်မှာ ခွဲ၍ရမည့်သူများမဟုတ်ကြ။ယခုလည်း ဝေ့ရွှယ်သည် ဝေ့ထင် နောက်သို့ မပါလာသဖြင့် ခဏကြာလျှင် ရောက်လာနိုင်ဖွယ်ရှိသည်။
"ကိုယ် အဲ့ဒီကိစ္စကို သဘောမတူချင်ဘူး....ကိုယ် သဘောမတူသရွေ့ဘယ်သူမှ ကြားဝင်လို့ မရဘူး"
'တစ်ကယ် လူချမ်းသာတွေက စိတ်အနှောက်အယှက်ဖြစ်စရာ ကောင်းလွန်းတယ်’ နောက်ဆို ပြဿနာမဖြစ်အောင် သူ့တို့လို လူတွေနှင့် ဝေးဝေးနေမည်ဟု တိတ်တဆိတ် ကျိန်ဆိုလိုက်သည်။
"ကိုယ်နဲ့လိုက်ခဲ့ပါ...မင်းကိုပြောစရာရှိတယ်"
ဝေ့ထင် သည် စုမုန့် ကို လျှပ်စစ်စက်ဘီးပေါ်မှ ဆင်းခိုင်းမည်ပြုသော်လည်း ရှန့်ကျန်းက တားလိုက်၏။
"ခင်ဗျား ဘာလုပ်တာလဲ...ဆရာမကို အရင်လွှတ်လိုက်"
ရှန့်ကျန်း သည် စုမုန့် ကို ကာကွယ်ရန် လှမ်းပြောလိုက်ရာ ဝေ့ထင် မျက်နှာပေါ်မှ ဒေါသရိပ်တို့ထိန်းမနိုင်သိမ်းမနိုင် ဖြစ်နေရသည်။ ယောက်ျားတစ်ယောက်အနေဖြင့် ရှန့်ကျန်း သည် ဝေ့ထင်စကား၏ အဓိပ္ပါယ်ကို သူ သဘာဝကျကျ နားလည်ခဲ့သည်။ စုမုန့် က ဝေ့ထင်ကို ကွာရှင်းချင်နေသည်မှာ ကြာပြီဖြစ်သည်။ဝေ့ထင်ကမူ မထွက်သွားဘဲ သူမကို ဒုက္ခပေးလေ့ရှိသည်။ သူသည် သူမ၏ တပည့်ဖြစ်သောကြောင့် သူမကို ကာကွယ်ရန် တာဝန်ရှိသည်။
ရှန့်ကျန်း ၏ လုပ်ရပ်ကို မြင်လိုက်ရလျှင် ဝေ့ထင် မျက်နှာက ချက်ချင်း မည်းမှောင်သွားသည်။ ရှန့်ကျန်း စကားတစ်ခွန်းထပ်ပြောလာလျှင် သူ ရိုက်ပစ်ဖို့ဝန်မလေးမှန်း စုမုန့်ပါ သိလိုက်၏။ ဝေ့ထင် ၏ ရန်လိုသည့်အသွင်အပြင်ကို ကြည့်လိုက်ရင်း ဝေ့ရွှယ်၏ အတို့အထောင်စကားများကြောင့် သူမဆီ ရောက်လာခြင်းဖြစ်ကြောင်း သဘောပေါက်လိုက်မိသည်။ ဝေ့ရွှယ် က သူမအား လက်တုံ့ပြန်ရန်အတွက် သူ့ကို လွှတ်လိုက်ခြင်းသာ ဖြစ်ပေမည်။ သူမအနေနှင့် အမေဝေ့ကိစ္စကို အလေးအနက်မတွေးထားပေ။ အမေ့ဝေကို လွှတ်ပေးဖို့ သူမ မကူညီရသည့် အကြောင်းရင်းက ရုတ်တရက် အကြံတစ်ခု ရသွားတာကြောင့်ပင်။ထ်ိုအကြံက ဝေ့ထင် နှင့် ကွာရှင်းပြတ်စဲဖို့အတွက် အမေဝေ့၏ လုပ်ရပ်များအား အသုံးချနိုင်ပေသည်။
(သူမကို သတ်ပစ်တော့မည် ထင်သည်...)
ယခင်က သူမသည် သာမန်လူတစ်ယောက်သာဖြစ်ပြီး အရင်းရှင်ဝေ့ထင်နှင့် မတိုက်နိုင်ခဲ့ပေ။ ယခုဆို သူမတွင် ထိုကဲ့သို့သော အခွင့်အရေးကောင်းတစ်ခု ရရှိတော့မည်မှာ သေချာသည်။
"ရှင် အရင်ပြန်သွား…ကျွန်မ သူနဲ့ ကိစ္စလေးတွေ ရှိသေးလို့"
စုမုန့် သည် ဝေ့ထင် လက်ကို ခါချလိုက်ပြီး သူမ၏ စက်ဘီးအား ရှန့်ကျန်း ကို ပေးလိုက်သည်။
“ဒါဆို သတိထားနော်…တစ်ခုခုဖြစ်ရင် ကိုယ့်ကို ခေါ်ရမယ်...ကိုယ် မြန်မြန် ပြေးလာလိုက်မယ်"
ရှန့်ကျန်း သည် ဝေ့ထင် ကို လေးလေးနက်နက် တစ်ချက်ကြည့်လိုက်သည်။သူ့စကားအဓိပ္ပါယ်က ထင်ရှားသည်။စုမုန့် ကိုအနိုင်ကျင့်ခြင်းမပြုရန် ဝေ့ထင် အား သတိပေးနေခြင်းဖြစ်သည်။
"ကောင်းပြီ…"
စုမုန့် က သဘောတူပြီး ခေါင်းညိတ်လိုက်တာကြောင့် ရှန့်ကျန်း လျှပ်စစ်စက်ဘီးကို ပြန်စီးလိုက်သည်။
"သွားကြရအောင်...လမ်းကျရင် ဆွေးနွေးလို့ရတယ်”
စုမုန့် စကားပြောနေရင်း ဝေ့ထင် ၏ကားတံခါးကို သွားဖွင့်လိုက်၏။သို့သော် တံခါးမှာ သော့ခတ်ထားသဖြင့် မဖွင့်နိုင် ဖြစ်နေရသည်။သူမ သူ့ကို မျက်ခုံးပင့်ကာ “ဘာလို့လဲ၊ ကျွန်မကို ကားပေါ်မတက်စေချင်ဘူးလား"
"အရှေ့မှာထိုင်...ကိုယ်က ဗိုက်ဆာနေတဲ့ဝံပုလွေမဟုတ်ဘူး...မင်းရှေ့မှာထိုင်ရင်လည်း ကိုယ်က ကိုက်မစားပါဘူး"
ထို့နောက် ဝေ့ထင် သည် ရှေ့ခန်းတံခါးကိုဖွင့်ပြီး စုမုန့် ထိုင်ရန် ပြလိုက်သည်။သူမသည် သူနှင့် ခပ်ဝေးဝေးမှာ နေနိုင်ဖို့ အနောက်မှာ ထိုင်ချင်နေခဲ့သည်။သို့သော်လည်း၊ရှေ့ကထိုင်ပါက ကိစ္စများအား ဆွေးနွေးဖို့ သူမအတွက် သင့်တော်သည်။မည်သို့ပင်ဆိုစေ၊ သူမလက်ထဲမှာ ဝှက်ဖဲတစ်ချပ်ရှိနေ၍ သူ ဘာမှလုပ်၍မရပေ။
စုမုန့် သည် ဝေ့ထင် ကို စိုက်ကြည့်ပြီးနောက် ကားပေါ်တွင် ဝင်ထိုင်လိုက်သည်။ ထို့နောက် ဝေ့ထင် လည်း ကားထဲမှာ ထိုင်လိုက်၏။ သို့သော် ကားပေါ်တွင်ထိုင်ပြီးနောက်တွင် သူ မမောင်းသေးဘဲ သူမကို ကြည့်နေ၏။
သူ့အကြည့်ကြောင့် သူမ ကြောက်သွားမိသည်။သူမကို ယခု ကားထဲမှာ သတ်ဖို့ကြိုးစားတော့မှာလားဟု လန့်ပြာစွာ တွေးနေမိသည်။ ဝေ့ထင် ၏ ရက်စက်ကြမ်းကြုတ်ပြီး သနားညှာတာမှုကင်းသော စရိုက်အရဆို သူမ၏အတွေးများ မှန်ကန်နိုင်သည်။
သို့သော် ရှန့်ကျန်း သည် အရင်သွားသူဖြစ်၍ သူမ သေသွားလျှင်တောင် တိတ်တဆိတ်မသေနိုင်၊ အနည်းဆုံး သဲလွန်စ ကျန်နေပေဦးမည်။
"ဘာကြည့်နေတာလဲ" သူမ တံခါးနားကို ကပ်၍ မေးလိုက်သည်။
ဝေ့ထင် က စုမုန့် ကြောက်နေသည်ကို မြင်လိုက်ရ၍ အမြဲတမ်း တည်ငြိမ်နေသူက ရုတ်တရက် ပြုံးလိုက်သည်။ သို့သော် ဤအပြုံးသည် ချက်ချင်းပင် ပျောက်ကွယ်သွားသဖြင့် သူမ စိတ်ထဲမှာ အမြင်မှားသည်ဟု တွေးလိုက်မိသည်။
စုမုန့် ကို ခဏလောက်ကြည့်ပြီးနောက် ဝေ့ထင် က သူ့လက်ကို ဆန့်ပြီး သူမဘက်ကို အတင်းဖက်တော့မလို တိုးကပ်လာသည်။ထိုအခါ နှစ်ယောက်သား နီးနီးလေးမို့ တစ်ယောက်နှင့်တစ်ယောက် နှလုံးခုန်သံကို ကြားရလုနီးပါးပင်။ထို့ကြောင့် စုမုန့် လက်ကိုဆန့်ပြီး ဝေ့ထင် ကို တွန်းလိုက်သည်။ “ဘာလုပ်နေတာလဲ”
ဝေ့ရွှယ်ဘက်ကနေ သူမကို လက်စားချေဖို့ ကြိုးစားနေတာလား၊ ဒါကြောင့် သူမကို မသတ်ခင် အရှက်ခွဲဦးမှာလား...
စုမုန့် က သူ့ကို တွန်းလိုက်သည်နှင့် ဝေ့ထင် မျက်နှာက တစ်မျိုးဖြစ်သွားသည်။ထို့နောက် သူ့မျက်နှာသည် ဖျော့တော့ကာ နဖူးပေါ်မှ ချွေးများ ထွက်လာသည်။ သို့သော် သူက သူမ၏ ထိုင်ခုံခါးပတ်ကို ယူပြီး ပတ်ပေးလိုက်သည်။
စုမုန့်: “…”
ထိုင်ခုံခါးပတ်လေး ပတ်တာကို သူ ဘာလို့ဒီလောက် ကြောက်ဖို့ကောင်းအောင်လုပ်တာလဲ....
သို့သော် ဝေ့ထင်သည် အလွန်အားနည်းလာသည်ဖြစ်၍ စုမုန့် ကြောက်နေမှာကို အသေးစိတ် မတွေးနိုင်ခဲ့ခြင်းသာ။
"မင်းကားစီးပြီး ထိုင်ခုံခါးပတ်မပတ်ချင်ဘူးဆိုတော့ သေချင်လို့လား"
"ကျေးဇူးတင်ပါတယ်... ရှင် ဒီလောက်ထိ စေ့စေ့စပ်စပ် သိနေမယ်လို့မထင်မိဘူး"
ဝေ့ထင်က မဖြေဘဲ ကားကို အရှိန်မြှင့်ပြီး တိုက်ရိုက် ပြေးထွက်သွားလေတော့သည်။
စုမုန့် မေးစေ့ကို ထောက်ကာ ပြတင်းပေါက်မှ လှမ်းကြည့်သည်။ ဤလမ်းကြောင်းနှင့် လုံးဝအကျွမ်းတဝင်မရှိသောကြောင့်၊ဝေ့ထင် သည် သူမအား မြို့ပြရေးရာဗျူရိုသို့ ခေါ်သွားချင်သလား၊ အရပ်ဘက်ရေးရာဗျူရိုရာ ခေါ်သွားချင်သလား သူမ မသိတော့။သူမ ပြတင်းပေါက်အပြင်ဘက်က ရှုခင်းတွေကို ကြည့်ပြီး "ဝေ့ရွှယ် ရှင်နဲ့ မလိုက်လာဘူးလား"
"သူမက ဘာလို့လာမှာလဲ" ဝေ့ထင် နားမလည်ဖြစ်နေ၏။
“ဘာလို့လဲဆိုတော့ သူမက ရှင့်ညီမလေ....အစ်ကိုနဲ့အတူတူရှိနေမှာပေါ့"
စုမုန့် ဆိုလိုသည့်သဘောကို သူ နားမလည်ပုံပေါ်နေသည်။
“သူမက ကလေးမဟုတ်တော့ဘူး”
စုမုန့်က ရယ်ပြီး ဘာမှ မပြောတော့။
ကားက ရုတ်တရက် တိတ်ဆိတ်သသွားချိန်မှာ မက်ဆေ့ခ်ျနိုတီသံတစ်ခု ကြားရသည်။ စုမုန့် ဖုန်းကို ကောက်ကိုင်လိုက်ရာ ရှန့်ကျန်း ဆီက ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
[ မင်းအဆင်ပြေရဲ့လား] ရှန့်ကျန်း က စုမုန့် ကို စိတ်ပူနေတာကြောင့် မက်ဆေ့ခ်ျပို့လာခြင်းဖြစ်သည်။
စုမုန့် က ပြုံးပြီး ပြန်ဖြေသည်။ [အဆင်ပြေပါတယ်]
မည်သို့ပင်ဆိုစေကာမူ သူမ ယခုအဆင်ပြေနေသည်။ နောက်မှ အဆင်ပြေမလားဆိုသည်က၊ မသေချာပေ။ ဝေ့ထင်သည် ခန့်မှန်းရခက်လွန်းပြီး သူ့မျက်နှာကို အချိန်မရွေး ပြောင်းလဲနိုင်သည်။
ဝေ့ထင်သည် စုမုန့် ၏ ဖုန်းနိုတီသံကို ကြားသည်။ သူ ခေါင်းမလှည့်သော်လည်း သူ့မျက်လုံးများက စုမုန့် ၏ဖုန်းကို ကြည့်လိုက်ရာ ရှန့်ကျန်း ထံမှ မက်ဆေ့ချ်ကို တွေ့လိုက်ရသည်။စုမုန့် ၏ အပြုံးကို ပြန်မြင်သောအခါတွင် သူ အနည်းငယ် စိတ်ပျက်သွားရသည်။သူမနှင့် ထိုလူသည် အလွန်ရင်းနှီးနေပုံရသည်။
xxxxx