အပိုင်း၇၃
Viewers 8k

Chapter 73

(လက်ကောက်ဝတ်ဒဏ်ရာ)


စုမုန့် သည် ထိုသူနှင့်အတူရှိစဉ်က သူမ နှလုံးသားထဲမှနေ၍ စိတ်ပါလက်ပါ ရယ်မောခဲ့ဖူးသည်။ နှစ်ယောက်စလုံး တစ်ယောက်ကို တစ်ယောက် နောက်ပြောင်ကျီစယ်ကာ နေကြသည် ။  သို့သော် စုမုန့် သည် ထိုလူ့အပေါ် ရိုးသားသောအပြုံးကိုသာ ပြုံးခဲ့သည်။ သူ့ကိုတော့ သူမ တစ်ကယ် မုန်းခဲ့တာ ဖြစ်မလား…


စုမုန့် စာကိုဖတ်ပြီးသည်နှင့် ဖုန်းဘက်ထရီကုန်တော့မှန်း သိလိုက်ရသည်။ဤအရေးကြီးသည့်အခိုက်အတန့်မှာ ဖုန်းကို ပိတ်ထား၍ မဖြစ်ပေ။ကံကောင်းစွာပင်၊ သူမ ပါဝါဘန့် ယူလာခဲ့သဖြင့် အိတ်ထဲသို့ လျှောက်ရှာကြည့်ရာ အိတ်ထဲတွင် ပစ္စည်းများစွာ ယူလာသောကြောင့် ရှာရအလွန်ခက်ခဲသည်။အချိန်အတော်ကြာ ရှာဖွေပြီးနောက် နောက်ဆုံးတွင် ပါဝါဘန့်ကို အောက်ခြေတွင် တွေ့ရှိခဲ့သည်။  သူမသည် လက်ဖြင့် ကိုင်ကာဆွဲထုတ်မည်ပြုစဉ် လွယ်အိတ်ထဲတွင် ဓားသေးသေးလေးတစ်ချောင်းရှိနေသည်ကို မေ့သွားခဲ့သည်။ ဓားကို ပလတ်စတစ်အပိတ်ဖြင့် ပိတ်ကာ သိမ်းဆည်းထားသော်လည်း ဓားအဖျားက ကျွတ်ထွက်နေသည်။ သူမ အားသုံးကာ မွှေနှောက်လိုက်သဖြင့် ဓားဖျားက သူမ၏ လက်ကောက်ဝတ်ကို ဖြတ်လိုက်သလိုမျိုး အနာတရဖြစ်သွားသည်။သို့သော် ဝေ့ထင် အနားမှာရှိနေတာကြောင့် နာကျင်သော်လည်း သူမ မငိုခဲ့ပေ။သူမ မျက်မှောင်ကြုတ်ပြီး လက်ကို ညင်သာစွာ ဖယ်လိုက်၏။


စတီယာရင်ကို ကိုင်ထားသည့် ဝေ့ထင် လက်ကလည်း ဆစ်ကနဲနာကျင်သွားသည်။ သူ ကားကို လမ်းဘေးချပြီး ရပ်လိုက်ပြီး စုမုန့် အနီးသို့ တိုးလာကာ ဒဏ်ရာရနေသော သူမ၏ လက်ကို ဆုပ်ကိုင်လိုက်သည်။


စုမုန့် သည် ဒဏ်ရာကြောင့် နာကျင်နေသော်လည်း ဝေ့ထင်၏ နောက်ပြောင်ခြင်းကို မခံချင်သောကြောင့် သည်းခံပြီး ဘာမှပြန်မပြောတော့ပေ။  အဆုံးမှာတော့ ဝေ့ထင် က သူမ လက်ကို ဖမ်းကိုင်လိုက်သဖြင့် ပို၍ပင် နာကျင်လာတာကြောင့် သူမ ညည်းသံတစ်ချက်ထွက်လိုက်မိ၏။ 


 "ဘာလုပ်တာလဲ!"  


သူမသည် သူ၏ လုပ်ရပ်ကြောင့် ထိတ်လန့်သွားပြီး သူ့ကို စိတ်မရှည်စွာ မေးခွန်းထုတ်သည်။ တစ်ချိန်တည်းမှာပင် သူမလက်ကို အတင်းရုန်းပစ်၏။ 


 "မင်းဘာလို့ဒီလောက် နမော်နမဲ့ နိုင်ရတာလဲ"  


ဝေ့ထင် က မလွှတ်ပေးဘဲ သွေးထွက်နေသော သူမ၏ လက်ကို ကြည့်ပြီး မျက်မှောင်ကြုတ်ကာ အပြစ်တင်သည်။ တစ်ချိန်တည်းတွင် သူသည် အခြားလက်တစ်ဖက်ဖြင့် ဆေးသေတ္တာကိုဖွင့်ကာ ပိုးသတ်ဆေးနှင့် ပိတ်စများကို ထုတ်ခဲ့သည်။


သူ၏ လုပ်ရပ်ကို ကြည့်ရင်း စုမုန့် ခဏတာ အံ့အားသင့်သွားမိသည်။ဝေ့ထင် က သူမဒဏ်ရာကို ကုသပေးမှာလား… 


သူမ အံ့အားသင့်နေချိန်တွင် သူက သူမ၏လက်ကို ဆုပ်ကိုင်လိုက်ကာ ဆေးရည်ထဲကို ဂွမ်းစနှစ်ပြီး ဒဏ်ရာကို သုတ်လိုက်သည်။


 "မလိုပါဘူး ကျွန်မဘာသာလုပ်မယ်"  


သူမ လက်ကို ပြန်ဆွဲယူလိုက်ချင်သည်။ ဝေ့ထင် နှင့် နီးကပ်စွာမနေချင်မိပေ။ ဒဏ်ရာကလည်း ပိုပိုပြီး နာကျင်လာရ၏။


 “ဆေးအရင်လိမ်းရဦးမယ်" 


ဝေ့ထင် မျက်မှောင်ကြုတ်လိုက်ပြီး လက်ကိုမလွှတ်သေးဘဲ ပိုးသတ်ဆေး ဆက်ထည့်သည်။စုမုန့်လည်း ယခု ဆက်မရုန်းတော့ဘဲ အသာစောင့်ကြည့်နေလိုက်သည်။မည်သို့ပင်ဆိုစေ၊ ဆေးလိမ်းထားသဖြင့် ခဏနေလျှင် ဒဏ်ရာက သက်သာသွားလိမ့်မည်။


 "မင်း ဒီလိုပဲ သတိလက်လွတ် ဖြစ်တတ်တယ် မဟုတ်လား"  ဝေ့ထင် က သူမကို မေးသည်။


 “ဒဏ်ရာက သေးသေးလေးပါ...ခဏနေ သွေးတိတ်သွားလိမ့်မယ်...ဘာမှ ကြီးကြီးမားမားလည်း မဟုတ်ပါဘူး"  


 "သေချာဆေးမဆေးရင် နောက်ဆို အမာရွတ်ကျန်ခဲ့လိမ့်မယ်"  


သူက ခေါင်းငုံ့ပြီး ဒဏ်ရာကို ပိုးသတ်ပြီးနောက် ပိတ်စကို ထုတ်ကာ ညင်သာစွာ စည်းနှောင်ပေးသည်။ ထို့နောက် တိပ်ကို အသုံးပြု၍ ကပ်လိုက်သည်။ ထိုအချိန်တွင် ရှေ့မှ သူ့ဖုန်းသည် ရုတ်တရက် မြည်လာသည်။


စုမုန့် တစ်ချက်ကြည့်လိုက်ပြီး ဖုန်းခေါ်ဆိုလာသူ၏ အမည်ကို မြင်သောအခါ ချက်ချင်းပင် ရယ်ချင်စိတ် ဖြစ်လာသည်။သေချာသည်က၊ထိုသူ ခေါ်လာလိမ့်မည်ဟု သူမ မျှော်လင့်ထားပြီးသားပင်။ ဝေ့ထင် သာ သူမနှင့်အတူ ရှိနေမှန်းသိပါက၊ဝေ့ရွှယ် ဘာမှ မဖြစ်ပဲ မနေနိုင်ပေ။ယခုတောင် အခြေအနေကိုသိချင်၍ ဖုန်းတဂွမ်ဂွမ် ဆက်နေလေပြီ။


ဝေ့ထင် သည် ဖုန်းမြည်သံကို ကြားသော်လည်း မကြည့်ဘဲ သူ လုပ်စရာရှိတာသာ ဆက်လုပ်နေ၏။


“ရှင့်ညီမဆီက လာတာလေ...မကိုင်ဘူးလား" 


 "နောက်မှက်ိုင်ပါ့မယ်"  


 "သူမ စိတ်ဆိုးသွားမှာကို မကြောက်ဘူးလား… နားလည်မှုလွဲသွားရင် ဘယ်လိုလုပ်မလဲ”  


သူမက မျက်ခုံးပင့်ကာ သူ့ကို အကဲခတ်သလိုမျိုး မေးသည်။


 "အထင်လွဲစရာတွေရှိစရာလား… ငါ့အချိန်ဇယားကို သူမဆီ အစီရင်ခံဖို့ လိုမှမလိုတာ"


 “အို” 


သူမ တစ်ခွန်းတည်းသာ ပြောသော်လည်း စိတ်ထဲတွင် ဝေ့ထင် သည် လူယုတ်မာစစ်စစ်တစ်ယောက်ဖြစ်ကြောင်း ပို၍ပင် သေချာနေခဲ့သည်။


ဖုန်းမြည်သံက ဆက်တိုက်မြည်လာနေသည်။ပထမတစ်ခေါက်မြည်ပြီးနောက် တစ်ကျော့ပြန်မြည်လာသည်။သူ မလှုပ်ဘဲ သူမ၏ဒဏ်ရာကို ပတ်တီးပတ်ရန်သာ အာရုံစိုက်ခဲ့သည်။ နောက်ဆုံး ပတ်တီးပတ်ပြီးသောအခါ ဖုန်းကိုင်ဖို့ အဆင်သင့်ဖြစ်သွားရပြီ။ သို့သော် သူ့ဖုန်းကို ကိုင်လိုက်သည်နှင့်ပင် ဖုန်းမြည်သံ ရုတ်တရက် ရပ်တန့်သွားသည်။


စုမုန့် လက်ကောက်ဝတ်မှာ ပတ်ထားသည့် ပတ်တီးကို ကြည့်လိုက်သည်။ဒဏ်ရာက သေးငယ်သော်လည်း ဝေ့ထင် ပတ်ထားပုံက အတော်ပြင်းထန်သော ဒဏ်ရာလိုမျိုး ရေးကြီးခွင်ကျယ်နိုင်လှသည်။နည်းနည်း ရယ်စရာကောင်းနေ၏။ သို့သော် သူ၏လုပ်ပုံကိုင်ပုံက ကျွမ်းကျင်လှသည်။


"ကိုယ့်ဘာသာကိုယ်ဂရုစိုက်.. ရေမထိနဲ့....အစပ်မစားနဲ့…အမာရွတ် ကျန်ခဲ့လိမ့်မယ်"  


ဖုန်းက ဆက်မမြည်လာသဖြင့် သူ ဖုန်းကို ပြန်ချလိုက်ပြီး ဆေးပစ္စည်းများကို ဖယ်လိုက်သည်။


(သူပြောပြီးတာနဲ့ ထွက်သွားတော့တယ်...)


 “အမာရွတ်ရှိလည်း ဘာဖြစ်လဲ...အလုပ်လုပ်ပါတယ်ဆို ဘယ်လိုလုပ်ပြီး မထိခိုက်ဘဲ နေမှာလဲ...  လူ့အဖွဲ့အစည်းရဲ့ အောက်ခြေမှာ အလုပ်လုပ်နေတဲ့ ကျွန်မတို့လို သာမန်လူတွေကတော့ ခန္ဓာကိုယ်မှာ အမာရွတ်တွေ ရှိနေတာ ပုံမှန်ပါပဲ”  


သူမ ခန္ဓာကိုယ်မှာ အမာရွတ်တစ်ခုထက်ပိုသည်။ယခင်က အကြိမ်ပေါင်းများစွာ ဒဏ်ရာရခဲ့သော်လည်း သူမကို မည်သူမှ ဂရုမစိုက်ခဲ့ပေ။ သူမ၏ ဒဏ်ရာတွေကို ပေါ့ပေါ့တန်တန် ကုသခဲ့တာကြောင့် အမြဲ အမာရွတ်များ ကျန်နေခဲ့ရ၏။ 


 “မင်းက မိန်းကလေးလေ...ကိုယ့်ကိုကိုယ် မထိခိုက်မိအောင် သတိထားသင့်တယ်...တချို့အမာရွတ်တွေဆို ဘယ်တော့မှ ပျောက်မသွားတတ်ဘူး"


စုမုန့် က သူ့စကားကို ဂရုမစိုက်သဖြင့် ဝေ့ထင် မျက်မှောင်ကြုတ်လိုက်သည်။ သူမသည် ဝေ့မိသားစုမှ သခင်မလေးဖြစ်သည်။ သူမ လိုချင်တာမှန်သမျှ အားလုံးရနိုင်၏။သို့သော် သူမသည် ကိုယ့်ဘာသာကိုယ် ဝင်ငွေရှာချင်ပြီး တခြားသူများကို အားကိုးချင်စိတ် မရှိချေ။


အရင်တုန်းက ဝေ့မိသားစုမှာ သူမ တစ်ကယ်ကို ဒုက္ခရောက်ခဲ့ရသလား…ဒါကြောင့် ကွာရှင်းခွင့် တောင်းပြီး ဝေ့မိသားစုကို အားကိုးချင်စိတ်မရှိဖြစ်ခဲ့တာလား...သူမပိုင်သင့်တဲ့အရာကိုတောင် မလိုချင်တော့တာပဲကြည့်လေ...


စုမုန့် သည် ဝေ့ထင် ၏ စကားကို ကြားသောအခါ ဝေ့ရွှယ် အကြောင်းကို တွေးလိုက်မိသည်။ဝေ့ထင်က သူမသည်လည်း ဝေ့ရွှယ်လို မိန်းမမျိုးဟု ထင်နေပုံရ၏။


"ဝေ့ရွှယ် ကိုသာ ကောင်းကောင်း ဂရုစိုက်လိုက်လေ…ကျွန်မကို လာဂရုမစိုက်နဲ့…ကျွန်မက ဝေ့ရွှယ်နဲ့မတူဘူး"  


စုမုန့်သည် ဝေ့ထင် စေတနာကိုပင် ငြင်းပယ်ခဲ့သည်။သူသည် ဝေ့ရွှယ်နှင့် ပတ်သက်၍ အလွန်စိုးရိမ်သည်ဟု ထင်ကာ သူမ စိတ်ထဲတွင် ရွံရှာစပြုလာသည်။ဝေ့ထင်က မျက်မှောင်ကြုတ်ပြီး တစ်ခုခုပြောဖို့လုပ်နေရင်း သူ့ဖုန်းက ထပ်မြည်လာပြန်၏။သူ ချက်ချင်း ကောက်ကိုင်လိုက်သည်။


ဖုန်းတစ်ဖက်က ဝေ့ရွှယ် ဘာပြောသည်ကို စုမုန့် မသိပေ။ ဝေ့ထင်၏ မျက်ခုံးမွှေးများ တွန့်ချိုးသွားပြီး မျက်နှာကလည်း သုန်မှုန်သွားသည်ကို သူမ မြင်လိုက်ရသည်။


 "ကောင်းပြီ ငါအခုချက်ချင်းပြန်လာလိုက်မယ်"


ဝေ့ထင်၏ လေသံမှာလည်း အနည်းငယ် စိုးရိမ်စိတ်များ ဖြစ်နေသည်။ စုမုန့် သူ့ကို ဘေးကနေ တိတ်တဆိတ် ကြည့်နေမိသည်။ဝေ့ရွယ် လှမ်းခေါ် လိုက်သည်နှင့် ချက်ချင်းပြန်သွားရန် သဘောတူလိုက်သဖြင့် သူမ စိတ်ပျက်သွားသလို ခံစားလိုက်ရသည်။ သူမနှင့် ဝေ့ရွှယ်က တစ်ကယ်ကို ကွဲပြားသည်။ သူမ၏ ယခင်ဘဝတွင် ဝေ့ထင်ကို အချိန်တိုင်း ဖုန်းဆက်ကာ ခြေရာခံလေ့ရှိ၏။ သို့သော် သူမရရှိခဲ့သည်က ဝေ့ထင်၏ စိတ်မရှည်ခြင်းသာဖြစ်သည်။သူမ ပြောတိုင်း တစ်ခါမှ အိမ်ပြန်ဖို့ ချက်ခြင်းသဘောတူတာမျိုး မရှိပေ။ယခု ဝေ့ရွှယ် ကိုမူ တစ်ခွန်းသာပြောရသေးသည်။ချက်ချင်း အချိုးပြောင်းသွား၏။သေချာသည်က သူမက သူတို့ အမည်ခံမောင်နှမနှစ်ယောက်အတွက် အကာအကွယ်သာ ဖြစ်နိုင်သည်။


"တောင်းပန်ပါတယ် ကိုယ့်မှာ လုပ်စရာတွေရှိနေသေးလို့ မင်းကို အဲဒီကို မခေါ်သွားနိုင်တော့ဘူး" 


ဝေ့ထင် က ပြောပြီးသည်နှင့် ကားကို လမ်းကြောင်းပြောင်းပြီး ပြန်မောင်းသည်။


 "ချက်ချင်း ကျွန်မကို ချထားခဲ့မယ်လို့ ထင်ထားတာ...ကြည့်ရတာ ရှင့်မှာ အသိတရားတော့ ရှိနေသေးပုံရတယ်” 


စုမုန့် က ရွဲ့စောင်းပြီး ပြောလိုက်သည်။သူမ ဤနေရာကို အရင်က တစ်ခါမှ မရောက်ဖူးပေ။ကားတွေလည်း အများကြီး မရှိဘဲ အတော်ဝေးသည်။သူမကိုသာ ဤနေရာမှာ ချထားခဲ့လျှင် ပြန်လာဖို့မဖြစ်နိုင်တော့။သူမ သူ့ကို တစ်ခါမှ အထင်ကြီးခဲ့ခြင်းမရှိသော်လည်း နောက်ထပ်ပြောလာသည့် စကားကြောင့် သူမ ကြေကွဲသွားသည်။


"ကားပေါ်ကနေ ချက်ချင်းဆင်းချင်ရင်လည်း ဆင်းလေ" 


စုမုန့်: “…”


မျှော်လင့်ထားသည့်အတိုင်း ဝေ့ထင် ၏ စကားများသည် သူမအား အမြဲတမ်း စိတ်ပျက်စေသည်။သူက အတွင်းအပြင်တစ်ခုမှ လုံးဝမကောင်းပေ။


သို့သော် ဝေ့ထင်သည် ပြောသာပြောခဲ့သော်လည်း စုမုန့် ကားပေါ်မှ ဆင်းရန် မလိုလားခဲ့ပေ။ အရှိန်လုံးဝမလျှော့ဘဲ ရှေးဟောင်းလမ်းဆီသို့ အမြန်မောင်းသွားခဲ့သည်။


လျင်မြန်စွာဖြတ်သွားသော ကားဘေးနှစ်ဖက်၏ ရှုခင်းကို ကြည့်ရင်း စုမုန့် စိတ်ထဲမှာ အချဉ်ပေါက်လာရသည်။ဝေ့ထင်က ဝေ့ရွှယ်ကို တစ်ကယ် ဂရုစိုက်သည်။ သူမကိုတွေ့ဖို့အတွက် သူ မြန်မြန်မောင်းနေခြင်းသာ ဖြစ်နိုင်သည်။သူ မတော်တဆမှု ဖြစ်မှာကိုပင် မကြောက်ခဲ့ပေ။ရှေးဟောင်းလမ်းကို ပြန်မောင်းသွားသည့်အချိန်သည် သူတို့ စ,မောင်းလာချိန်၏ တစ်ဝက်နီးပါးမြန်ဆန်သည်။ ရောက်သွားသည့်အခါ  သူက သူမကို ကားပေါ်ကဆင်းခိုင်း၏။


 "ဝေ့ထင်...ရှင် ခိုင်းချင်သလိုခိုင်းရနေတဲ့ လူတစ်ယောက်လို့များ ကျွန်မကို ထင်သလား...ဒီအချိန်မှာ ကျွန်မတို့ ကွာရှင်းခွင့်မရရင် နောက်ဆို လာမတွေ့နဲ့... ရှင် ကျွန်မကို သေအောင်ရိုက်ရင်တောင် အတွေ့မခံရဘူး...ရှင် စမ်းချင်ရင် စမ်းကြည့်လိုက်လေ"


စုမုန့် အတော်လေး ဒေါသထွက်နေသည်။ ဝေ့ထင် ကိုလည်း မကျေနပ်စိတ်တို့ကြောင့် အတွေးထဲမှာ ကြိမ်ဖန်များစွာ ကျိန်ဆဲခဲ့သည်။ သို့‌ေသာ်၊သူက  ဒေါသထွက်ဖို့ နေနေသာသာ၊နှုတ်ခမ်းလေးတွန့်ကာ ပြုံးပင်ပြုံးနေသေးသည်။


 "အိုကေ မင်းသဘော"


ထိုသို့ပြောပြီးနောက် တံခါးကို ဖွင့်ကာ စုမုန့် ကို ဆင်းစေလိုက်သည်။  သူထွက်သွားဖို့ အလျင်လိုနေတာကြောင့်လား သို့မဟုတ် သူမ ကွာရှင်းစကားဆက်ပြောမှာကို ကြောက်လို့လား ဘယ်သူမှ မသိပေ။သူမကို ချခဲ့ပြီးနောက် ဝေ့ထင် သည် သူမ မတ်တပ်တောင် ကောင်းကောင်းမရပ်မီ ကားကို မောင်းသွားခဲ့ပြီးဖြစ်သည်။


စုမုန့်: "?!"


သူမသည် ဒေါသတကြီးဖြင့် ထပ်ပြီး ပြောချင်သော်လည်း ဝေ့ထင် ထွက်သွားခဲ့ပြီ။ သူမ အံကြိတ်ကာ စိတ်ထဲတွင် ကျိန်ဆဲရင်း ကား၏ ဦးတည်ရာကို စိုက်ကြည့်နေလေသည်။ထို့နောက် သူမ မှုန်ကုပ်ကုပ်နှင့် ရှေးဟောင်းဆိုင်ဆီသို့ လျှောက်သွားသည်။ ရှန့်ကျန်း က ဆိုင်အပြင်ဘက် လှေကားထစ်ပေါ်တွင် ထိုင်ကာ သူမကို မျှော်နေရှာလေသည်။



xxxxxx