Chapter 74
(အမေဝေ့ကို ကယ်တင်ရန်)
"အရမ်းမြန်ပါလား"
စုမုန့် ကိုတွေ့သောအခါ ရှန့်ကျန်း အမြန်လျှောက်လာပြီး ဒဏ်ရာရှိမရှိကို သေချာကြည့်နေသေးသည်။အဆုံးတွင် သူသည် စုမုန့် ၏ လက်ကောက်ဝတ်ကို ပိတ်စများဖြင့် ပတ်ထားသည်ကို မြင်ပြီး
"သူက မင်းကို တစ်ကယ် အနိုင်ကျင့်တာပဲ"
ထိုအခါ သူမကလည်း လက်ကောက်ဝတ်ပေါ်ရှိ ပိတ်စကို ကြည့်ရင်း
"အဆင်ပြေပါတယ်...ဘာမှမဖြစ်ပါဘူး...ညစာ အရင်စားရအောင်…ညစာစားပြီးရင် အဘိုးလုဆီက သတင်းတစ်ခုခု ရလိမ့်မယ်”
မကြာမီ သူမဆီကို ခြေတံတိုတိုနှင့် မြေခွေးလေး လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။သူမလည်း ရှန့်ကျန်း ကို လျစ်လျူရှုပြီး ထိုသို့ ပြောပြီးနောက် မြေခွေးကလေးကို ဖက်လိုက်၏။
ဝေ့ထင်သည် စုမုန့်ကို နှုတ်ဆက်ပြီးနောက် ဝေ့မိသားစုဆီ မပြန်ဘဲ ရဲစခန်းကို သွားခဲ့၏။စောစောက ဝေ့ရွှယ် သည် အမေဝေ့ကို ရဲများခေါ်သွားပြီး ထောင်ချထားသည်ဟု ဖုန်းထဲမှာ ပြောခဲ့သည်။ ကျိုးကျာကို အကူအညီ တောင်းသော်လည်း သူမတို့ အဆင်မပြေနိုင်သေးပေ။သူ ကားမောင်းနေရင်း ဝေ့ရွှယ်ကို ဖုန်းဆက်မေးရသည်။
"ဘာတွေဖြစ်နေတာလဲ"
"ဟင့်...ဟင့်...အစ်ကိုဝေ့ထင်၊ ယောင်းမက အရမ်းပြောင်းလဲသွားတယ်…အမေက သူမကို မေးစရာရှိလို့ အိမ်ခေါ်သွားချင်တာကို အမေက သူမကို ပြန်ပေးဆွဲချင်တယ်ဆိုပြီး နားလည်မှုလွဲသွားတယ်...ပြီးတော့ ရဲကိုဖုန်းဆက်ပြီး ခေါ်လိုက်တယ်”
“ရဲတွေက အမေ့ကို ခေါ်သွားပြီး ထောင်ချပစ်လို့ရတယ်လို့လည်းပြောတယ်....သူများတွေကို အကူအညီတောင်းကြည့်တာလည်း အဆင်မပြေဘူး…အစ်ကို့ကိုလည်း ဆက်သွယ်လို့မရဘူး... အစ်ကိုဝေ့ထင်၊အမေ့ကို သွားခေါ်ရင် ပိုကောင်းမယ်… အမေကြောက်နေလိမ့်မယ်..."
“ညီမ စုမုန့်ဆီ သွားခဲ့သေးတယ်၊ ဒါပေမယ့် သူမက မကူညီရုံတင်မကဘူး၊ ညီမကိုတောင် ဆဲလွှတ်လိုက်သေးတယ်…အစ်ကိုဝေ့ထင် သူမကို အနိုင်ကျင့်ခဲ့တာလား...သူမက ဘာလို့ အမေ့ကိုရော၊ညီမတို့ကိုပါ အရမ်းမုန်းရတာလဲ"
ဝေ့ရွှယ်သည် နာကျည်းမှုများ ခံစားခဲ့ရသလို စကားပြောရင်း ငိုယိုနေခဲ့သည်။
"ကောင်းပြီ အိမ်မှာစောင့်နေ…အမေ့ကို ငါ သွားခေါ်လိုက်မယ်"
" ကျေးဇူးတင်ပါတယ် အစ်ကို"
ဝေ့ရွှယ်သည် ဝေ့ထင် အမေဝေ့ ကို ခေါ်လာမည်ဟု ပြောသံကြားသောအခါ အကြိမ်ကြိမ်ကျေးဇူးတင်ပြီးနောက် ဖုန်းချလိုက်သည်။ ဖုန်းချပြီးနောက် မျက်ရည်ကျနေသော ဝေ့ရွှယ် ၏ မျက်နှာအမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားသည်။ သူမ မျက်ရည်တွေကို ခြောက်အောင်သုတ်လိုက်ပြီး ဂုဏ်ယူသော အပြုံးတစ်ခုပေါ်လာသည်။စုမုန့် ယခုလို လုပ်ရခြင်းအကြောင်းက ဝေ့ထင် နှင့် သူမကြားက ဆက်ဆံရေးကို လုံးဝဖြတ်တောက်ပစ်လိုက်ပြီဟု ဆိုလိုခြင်းပင်။ အမေဝေ့အား ရဲစခန်းကိုတောင် ခေါ်သွားခဲ့သဖြင့် နောက်ဆိုလျှင် သူတို့နှစ်ယောက် ပြန်ပေါင်းထုတ်ရန်မှာလည်း မဖြစ်နိုင်တော့။ ဝေ့ထင် လက်မလွှတ်ချင်ဘူးဆိုလျှင်တောင် အမေဝေ့က စုမုန့်ကို ဝေ့မိသားစုထဲသို့ ထပ်ပြီး ဝင်ခွင့်မပေးတော့ပေ။ထိုအခြေအနေမျိုးတွင် သူမ အနည်းငယ်ပို၍ကြိုးစားလိုက်ပါက ဝေ့ထင် နှင့် နီးစပ်ဖို့ အခွင့်ရေးရလာပေလိမ့်မည်။
ဝေ့ထင်သည် ဝေ့ရွှယ် နှင့် စကားပြောပြီးသည့်အခါ သူ့မျက်နှာက အရောင်ဖျော့သွားရကာ နှုတ်ခမ်းတွေကလည်း သွေးမရှိတော့ေပ။သူ အခြေအနေမကောင်းကြောင်း သိသာထင်ရှားသော်လည်း ရဲစခန်းသို့ ကားကို ဆက်လက်မောင်းနှင်ခဲ့သည်။ထို့နောက် V ၏အကူအညီဖြင့် အမေဝေ့ကို ရဲစခန်းမှ အောင်အောင်မြင်မြင် ခေါ်ဆောင်လာခဲ့သည်။
အမေဝေ့ကတော့ အခြေအနေမကောင်းပေ။ ဆံပင်တွေက ရှုပ်ပွနေပြီး မျက်နှာက ဖြူဖျော့နေသည်။ သူမ အကြောက်လွန်နေလျက်နှင် ဝေ့ထင် နောက်သို့ တိတ်တဆိတ် လိုက်လာခဲ့သည်။ သူတို့နှစ်ယောက်သား ရဲစခန်းအပြင်ဘက်ကို လျှောက်လာရင်း သူမက ဒေါသတကြီးနှင့်
“မင်းရဲ့ မိန်းမကို ကြည့်စမ်း... တစ်ကယ်ကို အရည်အချင်းရှိတာပဲ..ယောက္ခမကိုတောင် ရဲစခန်းကို ပို့လိုက်တယ်... ငါ့သူငယ်ချင်းတွေရှေ့မှာ ငါဘယ်လို ခေါင်းမော့မျက်နှာပြရမလဲ...ငါ ရဲစခန်းမှာ ရက်အတော်ကြာနေခဲ့ရပေမယ့် ငါ့ကိုတောင် သူမ လှည့်မကြည့်ဘူး... အချိုးတွေ ပြောင်းသွားလိုက်တာ…ဒီတစ်ခါတော့ မင်းတို့ တစ်ကယ် ကွာရှင်းရမယ်… ငါတို့ဝေ့မိသားစုက ဒီလောက်ဆိုးတဲ့ ချွေးမမျိုး လက်မခံနိုင်ဘူး"
ဝေ့ထင်က ခြေလှမ်းရပ်လိုက်ပြီး သူ့အမေဘက် လှည့်လိုက်သည်။
"အမေ ကျွန်တော် စုမုန့် ကို မကွာရှင်းဘူး"
အမေဝေ့ သည်းမခံနိုင်တော့ဘဲ ဝေ့ထင် ၏လက်မောင်းကိုဆွဲကိုင်လိုက်ပြီး
"မကွာရှင်းဘူး ဟုတ်လား…မင်းအမေကို ရဲစခန်းပို့လိုက်တဲ့ကောင်မကို မင်းမကွာရှင်းဘူးလား"
“အမေက ဘာလို့ သူမကို ဘော်ဒီဂတ်တွေနဲ့ သွားရှုပ်တာလဲ… အဲဒါက ပြန်ပေးဆွဲမှုနဲ့ ပတ်သက်နေပြီ”
ဝေ့ထင်၏ လေသံမှာ အနည်းငယ် ပျော့နေသော်လည်း သူ့အမေ၏ လေသံကတော့ ဒေါသများပြည့်နေလေသည်။ သားဖြစ်သူ၏ အခြေအနေ မမှန်တာကို သူမ သတိမထားမိ။ ထောင်ကျနေချိန်၌ သူမသည် ဒေါသများဖြင့် ပြည့်နှက်နေရသည်။
“ကြည့်စမ်း၊ ငါ့သားကိုကြည့်… မင်း အဲဒီမိန်းမဘက်ကနေ ကာပြောရဲတယ်ပေါ့… သူမက မင်းညီမလေးကို ဘာလုပ်ခဲ့လဲ သိလား...သူမက မင်းညီမကို မကောင်းကြံချင်လို့ ဟိုဗီဒီယိုကို သက်သက်လုပ်ထားတာလေ... မင်းညီမ နောင်ကျရင် ဘယ်လိုလက်ထပ်မှာလဲ"
"အမေ အဲ့ဒီဗီဒီယိုကို စုမုန့် လုပ်တာမဟုတ်ဘူး.. ရှောင်ရွှယ် အိမ်ထောင်ပြုတာပဲဖြစ်ဖြစ်၊ မပြုတာပဲ ဖြစ်ဖြစ် အရေးမကြီးဘူး…ဝေ့မိသားစုက သူမကို ကျွေးမွေးနိုင်တာပဲလေ"
ပြောရင်းဆိုရင်း ဝေ့ထင် ၏ နဖူးမှာ ချွေးများဖြင့် ဖုံးလွှမ်းနေပြန်သည်။
အမေဝေ့က လှောင်ရယ်တော့သည်။
"သူမ မဟုတ်ရင် ဘယ်သူဖြစ်နိုင်မှာလဲ...သူတို့က ရှောင်ရွှယ်ကို အရောင်ဆိုးနေကြတာ… ရှောင်ရွှယ် မကြာသေးခင်က ဘယ်လိုဖြစ်နေလဲ သိလား...သူမ အိမ်ကနေတောင် အိမ်ပြင်တောင် မထွက်ရဲဘူး"
( စုံစမ်းစစ်ဆေးမှု စတင်သည်...)
ဝေ့ထင် မျက်မှောင်ကြုတ်ပြီးပြောလိုက်သည်။
"ရှောင်ရွှယ် နဲ့ ပတ်သက်ပြီး ကျွန်တော်စုံစမ်းမယ်… ဒါပေမယ့် ဒီကိစ္စက စုမုန့် နဲ့ ဘာမှမဆိုင်ပါဘူး”
"သူမနဲ့ဘာမှမဆိုင်ဘူးလား…မင်းညီမကိုရော မကောင်းကြံတယ်… ငါ့ကိုလည်း ရဲစခန်းပို့တဲ့မိန်းမကို မင်းယုံလား"
အမေဝေ့၏ မျက်နှာသည် ဖြူဖျော့နေပြီး သူမ၏ ခံစားချက်များ မတည်မငြိမ်ဖြစ်နေပြီး ဝေ့ထင်ကို လှမ်းအော်သည်။
ဝေ့ထင် သည် အမေဝေ့ နှင့်ဆက်ပြောလည်း ဘာမှထူးမှာမဟုတ်၍ စကားဆက်မပြောတော့ပေ။အမေဝေ့ ဘယ်လောက်ပဲ ပြောဆိုနေပါစေ၊ သူမကို လျစ်လျူရှုလိုက်သည်။ ရဲစခန်းမှ ထွက်လာသောအခါ ဝေ့မိသားစု၏ ဒရိုင်ဘာက သူတို့ကို ကြိုဆိုနှုတ်ဆက်သည်။
"သခင်မကြီးကို ဆေးရုံကိုခေါ်သွားပါ… တခြားဘာမှမရှိရင် အိမ်ပြန်ခေါ်သွားလိုက်".
ဝေ့ထင်က ဒရိုင်ဘာကို ပြောသည်။
အမေဝေ့ ဝေ့ထင်ကို အံ့အားသင့်စွာကြည့်ကာ
"မင်း အိမ်မပြန်ဘူးလား…ငါအဖမ်းခံရတုန်းက ရှောင်ရွှယ်က မင်းကို ရှာမတွေ့ဘူးလို့ ပြောတယ်...အခုမှ ငါ ရဲစခန်းက ထွက်လာတာကို မင်းက အိမ်မပြန်လာချင်ဘူးလား"
"ကျွန်တော် လုပ်စရာရှိသေးတယ်"
ဝေ့ထင် ပြောပြီးသည်နှင့် အမေဝေ့ကို လျစ်လျူရှုကာ ကားပေါ်သို့ တက်လိုက်သည်။ အမေဝေ့ကမူ တစ်ယောက်တည်း ဒေါသထွက်ကာ နေရာတွင် ရပ်နေခဲ့သည်။
“ဒီကောင်စုတ် ဘာလို့ ဒီလိုဖြစ်သွားတာလဲ...အပြင်လူကို ဂရုစိုက်နေတယ်… အမေကိုတောင် ဂရုမစိုက်တော့ဘူး…”
သို့သော် အမေဝေ့ မည်မျှပင် ညည်းညူနေပါစေ ဝေ့ထင် သူမစကားကို မကြားနိုင်ပေ။
ဝေ့ထင် ၏ မျက်နှာသည် ဖြူဖျော့နေပြီး သွေးယောင်ကိုပင် မတွေ့ရတော့ပေ။ ကားထဲမှာ လေအေးပေးစက်ကို ဖွင့်ထားသော်လည်း အေးစက်စက် ချွေးတွေက ထွက်နေဆဲပင်။သူ ကုမ္ပဏီကိုပြန်သွားပြီး ကောင်းကောင်းအနားယူဖို့လိုသည်။သူ့ကျန်းမာရေးမကောင်းသည်ကို တခြားသူတွေအား ပြ၍မဖြစ်ပေ။
စုမုန့် ထမင်းစားပြီးချိန်မှာ ရဲစခန်းက ဖုန်းဆက်လာ၏။သို့သော် လုပင်း ထံမှမဟုတ်ဘဲ လုပိုင် ဆီမှ ဖြစ်သည်။
“မစ္စစု၊ ကိုယ်တို့ လုစစ်ရဲ့အိမ်နဲ့အနီးမှာ ရောက်နေပြီ...ဒါပေမယ့် မင်းရဲ့အကူအညီ လိုအပ်နေသေးတယ်...မင်းအချိန်ရလား"
လုပိုင်က ဖုန်းတစ်ဖက်ကနေ မေးလိုက်သည်။
"ကောင်းပြီ ကျွန်မလည်း မကြာခင် ရောက်တော့မယ်"
ထို့နောက် စုမုန့် က ရှန့်ကျန်း ကိုခေါ်ပြီး သူတို့ နှစ်ယောက် လုစစ်၏ အိမ်ဆီ ဦးတည်သွားကြသည်။
"သမီး သတိထားပါနော်"
စုမုန့် တို့မသွားခင် ကောရှန်း က ရှန့်ကျန်းအား စုမုန့်ကို ကောင်းစွာဂရုစိုက်ရန် သတိပေးခဲ့ သေးသည်။ ရှန့်ကျန်း နှင့် စုမုန့် သည်လည်း သဘောတူပြီးနောက် သူတို့နှစ်ဦး ထွက်သွားခဲ့သည်။
ရဲတွေက လုစစ်၏အိမ်ကို သော့ပိတ်ပြီးဝိုင်းထားချိန်မှာ သူမတို့ရောက်သွားခဲ့သည်။ လုပိုင်က ဝှီးချဲပေါ်မှာ ထိုင်နေရင်း စုမုန့် ဝင်လာသည်ကိုမြင်ပြီး လက်ပြနှုတ်ဆက်လိုက်သည်။
"မစ္စတာလု ရှင့်ဒဏ်ရာက..."
စုမုန့် က လုပိုင် နှုတ်ဆက်လိုက်တာကြောင့် တစ်ချက်ကြည့်ပြီး မေးလိုက်သည်။ သူမ ယခုလိုမေးရသည့် အကြောင်းရင်းက လုပိုင် သည် ပတ်တီးများဖြင့် ပတ်ထားဆဲဖြစ်ပြီး ဝှီးချဲပေါ်တွင် ထိုင်နေကာ ရဲယူနီဖောင်းဝတ်ထားသည့် အမျိုးသားတစ်ဦးက တွန်းပေးနေသည်။သူမကို ထိုလူက ယဉ်ကျေးသည့်အပြုံးလေးနှင့် နှုတ်ဆက်လိုက်သည်။သူ့ကို သူမ သိသလိုရှိသော်လည်း သေချာမမှတ်မိပေ။
"ကောင်းပါတယ်"
ပြောရင်းဆိုရင်း လုပိုင် သည် စုမုန့် ၏ လက်ကောက်ဝတ်ကို မျက်လုံးထောင့်မှ စိုက်ကြည့်လိုက်ရာ ပတ်တီးလေးကို တွေ့သွားကာ “
ဘာဖြစ်တာလဲ"
“ ဒဏ်ရာလေးရထားတာပါ...ဘာမှမဟုတ်ပါဘူး...ကျွန်မ ဘာလုပ်ပေးရမလဲ"
စုမုန့် က ဝေ့ထင် အကြောင်း မပြောချင်တော့သည့်အတွက် ခေါင်းစဉ်ပြောင်းလိုက်သည်။ လုစစ်၏အိမ်သည် သူမကို ပို၍ပင် စိတ်မသက်မသာဖြစ်စေသည်။ ဤကိစ္စကို အရင်ဖြေရှင်းတာက ပိုကောင်း၏။
"ကျွန်တော် လုနင်ရဲ့အမှုကို ကြည့်ပြီးပြီ...ဒါက တစ်ကယ်ကို သတ်သေတာပါပဲ...ရဲတွေက တစ်အိမ်လုံးကို ရှာဖွေခဲ့တာ...တခြားဘာမှ မရှိဘူး… မင်းဖုန်းဆက်ပြီး သေချာပြောတယ်ဆိုတော့ တခြားဘာကိုရှာတွေ့သေးလို့လဲ"
လုပိုင်က သူမကို မေးသည်။
စုမုန့် ခဏလောက်စဉ်းစားပြီး ရှေ့က ဗီလာကြီးကို ကြည့်လိုက်ပြီးနောက် လုပိုင်ကို ကြည့်ကာ
"ရဲတွေက ဒီအိမ်ရဲ့အရင်ပိုင်ရှင်ကို စုံစမ်းခဲ့သလား...ဒီအိမ်မှာ နာကျည်းမှုလှိုင်းက တစ်ခုထက်ပိုနေသလိုမျိုး ခံစားရတယ်၊ ဒါကြောင့် လုနင် တစ်ယောက်တည်း သေဆုံးသွားတာ မဖြစ်နိုင်ဘူး"
လုပိုင် သည် စုမုန့် ၏ ဆိုလိုရင်းကို ချက်ချင်း သဘောပေါက်သွားသည်။ သူက မျက်ခုံးပင့်ပြီး အံ့အားသင့်စွာနှင့်
"အရင်ပိုင်ရှင်နဲ့ တစ်ခုခုတော့ ပတ်သက်နေပြီလို့ ဆိုလိုတာလား...ရဲတွေ ပြောတာကတော့ အရင်အိမ်ပိုင်ရှင်မိသားစုက တခြားမြို့ကို အမြန်ပြောင်းချင်လို့ဆိုပြီး လုမောင်နှမဆီကို စျေးပေါပေါနဲ့ ရောင်းတယ်တဲ့….လုနင် ဒုက္ခရောက်တုန်းက မိသားစုဆီက ဘာသတင်းမှ မကြားရဘူး…ဒါပေမယ့် တစ်ကယ်ကို ထူးဆန်းတာတစ်ခုတော့ ရှိတယ်...ရဲတပ်ဖွဲ့က သူတို့ကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့လည်း မရဘူး...ဒီကိစ္စက သူတို့နဲ့ ဘာမှမဆိုင်တဲ့အတွက် ရဲတွေကလည်း ဆက်မရှာဘူး”
စုမုန့် က ခေါင်းညိတ်ပြပြီး “ဒါဆို အိမ်ရဲ့ အတွင်းပိုင်းကို အရင်စစ်ကြည့်ရအောင်…အထဲမှာ ထူးဆန်းတဲ့ အရာတစ်ခု ရှိနေတယ်လို့ ခံစားရတယ်”
လုပိုင် နောက်ကနေ ဝှီးချဲကို တွန်းနေသူက စုမုန့် နှင့် လုပိုင် တို့၏စကားပြောသံကို ကြားလိုက်ရလျှင် သံသယရှိစွာဖြင့် ပြောသည်။
“အရာရှိလု…အဲဒီတုန်းက အမျိုးသမီးတစ်ယောက်က စစ်ဆေးရေးရလဒ်ကို မကျေနပ်တဲ့အတွက် ဒီကိစ္စဟာ အသေးအဖွဲကိစ္စမဟုတ်ဘူးဆိုပြီး တစ်ခါတစ်လေ ရဲစခန်းကို ဖုန်းဆက်မေးတယ်တဲ့”
xxxxx