Chapter 75
(စုမုန့် ကို သံသယရှိသူ)
"ကျွန်တော်တို့လည်း သူမကို ဘာမှ လုပ်မပေးနိုင်ဘူး..အဲ့ဒီအမျိုးသမီးနဲ့ မစ္စစုက နဂိုကတည်းက သိနေကြလို့များ စကားတွေတူ(အကြံတူလို့ ထင်နေ)နေတာလား"
ထိုလူက စုမုန့်ကို ကြည့်ပြီး သူမ စကားကို မယုံသလိုမျိုး ပြောလိုက်သည်။
"ရှင်ပြောနေတဲ့ အမျိုးသမီးက ဖန့်ယင်း လား"
စုမုန့် က မေးလိုက်ရာ ထိုလူက ခေါင်းညိတ်ပြပြီး 'ထင်ထားတဲ့အတိုင်းပါလား' ဆိုသည့် မျက်နှာထားဖြစ်လာသည်။ သူ့စိတ်ထဲတွင် ထင်နေမိသည်မှာ စုမုန့်နှင့် ဖန့်ယင်းတို့သည် လက်ဝါးချင်းရိုက်ထားသူများပင်။
စုမုန့် သည် ဖုန်းရွှေပညာရှင်တစ်ယောက်အနေနှင့် အခကြေးငွေယူဖို့ သက်သက်ကြံစည်နေသည်ဟုသာ ထင်မိသည်။သူ့အတွေးကလည်း မထူးဆန်းချေ။စုမုန့်သည် လုပိုင်ကို ကယ်တင်သည့်နေ့က လုပ်ငန်းစဉ်တစ်ခုလုံးတွင် ပါဝင်ခြင်းမရှိပေ။နောက်ဆုံးကျမှ သူမ တစ်ခါလေးလိုက်ရုံမျှနှင့်တွေ့သွားခြင်းသာ။ သူသည် စုမုန့်၏စွမ်းရည်အကြောင်း အဘိုးလု ပြောသည်ကိုကြားခဲ့ဖူးသည်။ ထို့ကြောင့် အဘိုးလုကို ယုံပြီး အနည်းငယ် လေးစားစိတ်ကလေးတော့ ဖြစ်မိသေး၏။ သို့သော် စုမုန့်လို ဖုန်းရွှေပညာရှင်အတွက် ကိစ္စဖြေရှင်းပြီးပါက အခကြေးငွေ ယူရလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် ငွေကြေးကိစ္စပါလာ၍ သူ့မှာယုံကြည်စိတ်သေးသေးလေးတောင် မရှိတော့ေပ။
" ချီရှာ....ငါ့အဘိုးက မစ္စစု ရဲ့ အရည်အချင်းကို မင်းက်ို မပြောပြဘူးလား "
စုမုန့် အပေါ် သံသယနှင့်မကျေနပ်မှုများ ရှိနေသူကို လုပိုင် က ပြစ်တင်ကြိမ်းမောင်းလိုက်သည်။
" ပြောပါတယ်…ဒါပေမယ့် မတူဘူးလေ…ဆရာ့ကိုလည်း ကျွန်တော်တို့လိုက်ရှာနေတာပဲ...ရဲတွေကလည်း မရှာနိုင်ကြဘူး... မစ္စစု ကို ဒီတိုင်း အစမ်းသဘောနဲ့ခေါ်လာတာ...သူမကြောင့် ရှာတွေ့တာဆိုလည်း ဘာပဲဖြစ်ဖြစ် ကောင်းပါတယ်... ဒါပေမယ့် တာဝန်ကို ကောင်းကောင်း မစွမ်းဆောင်နိုင်လို့ ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်ချင်မိတယ်"
“ဒါပေမယ့် ဒီတစ်ခါတော့ အိမ်ကိုလိုက်ရှာမယ်… သက်သေ အထောက်အထားတွေ ရှာတွေ့နိုင်ရင်လည်း ကောင်းပါတယ်... ဘာမှ ရှာမတွေ့ရင်တော့ နည်းနည်း ဒုက္ခရောက်လိမ့်မယ်”
စုမုန့်သည် ချီရှာ၏စကားကို နားလည်သည်။ ခိုင်လုံသောအထောက်အထားမရှိဘဲ၊ ရဲတပ်ဖွဲ့သည် အထက်အရာရှိများထံမှ အထူးဝရမ်းမရရှိပါက ထိုသို့လုပ်ဆောင်ပိုင်ခွင့်မရှိပေ။ အိမ်အတွင်း၌ တစ်စုံတစ်ခုရှိနေမည်ဟု သူမ အာမခံနိုင်သော်လည်း ရဲအရာရှိအချို့က သူမအား မယုံခဲ့ကြပေ။ သို့သော် လုပိုင် သည် ခေါင်းဆောင်ဖြစ်ပုံရသည်။သူ ယုံကြည်သရွေ့ အရာအားလုံး အဆင်ပြေသွားမည်သာ ဖြစ်သည်။
“တပ်သားနည်းနည်းခေါ်ပြီး မစ္စစု နဲ့ အိမ်ကိုလိုက်ရှာကြ"
လုပိုင်သည် ချီရှာ၏ စကားကို လျစ်လျူရှုပြီး အမိန့်ပေးသည်။ ချီရှာ စိတ်ထဲမှာ ဘယ်လောက်ပဲ သံသယတွေရှိနေပါစေ သူ့အရာရှိကပေးသည့် အမိန့်ကို လိုက်နာရပေမည်။
“မစ္စစု မင်း ပြဿနာတစ်ခုခုတွေ့ရင် ကိုယ့်ကို အကြောင်းကြားပါ... ဒီအမှုကို တစ်ကယ်ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ပါတယ်”
စုမုန့် ဘာမှပြန်မပြောဘဲ ခေါင်းညိတ်ပြပြီး ချီရှာနှင့်အတူ အိမ်ထဲသို့ လိုက်သွားခဲ့သည်။ လုပိုင်က သူတို့ကို အပြင်မှာစောင့်နေ၏။
ချီရှာနှင့် အခြားသူများ ဝင်လာသောအခါ၊ လုစစ် သည် ပထမထပ်ရှိ ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် ထိုင်နေသည်။ သူမ အိမ်ကို ရဲတွေဝိုင်းထားမှန်း သိနေတာကြောင့် အပြင်ကို တစ်လှမ်းမှမထွက်ပေ။
“မစ္စစုကို ကျွန်မ အိပ်မက်တွေကို အဓိပ္ပာယ်ဖွင့်ဖို့ ခေါ်လိုက်တာ...အခု ဆရာမက ရဲတွေခေါ်လာပါလား"
လုစစ်က စုမုန့်ကို ပြုံးပြပြီး သရော်ဟန်ဖြင့်ကြည့်လိုက်သည်။သူမ၏ မျက်နှာထားမှာ အနည်းငယ် ထူးဆန်းနေေပသည်။
စုမုန့် အဖြေကိုမစောင့်ဘဲ ဘေးမှာရှိနေသည့် ချီရှာ က ဝင်ပြောသည်။
"ကျွန်တော်တို့ ဒီအိမ်ကိုလိုက်ရှာရမယ်... ကျေးဇူးပြုပြီး အသာထိုင်နေပေးပါ"
"သဘောပါ"
လုစစ်သည် သက်တောင့်သက်သာဖြင့် လုံးဝ စိုးရိမ်ပုံမပေါ်ပေ။
ချီရှာသည် ရဲသားတစ်ဦးအား အနောက်မှနေရန်နှင့် လုစစ် ကို စောင့်ကြည့်နေရန် လက်ဟန်ပြသည်။ စုမုန့် ကလည်း သူ့နောက်မှလိုက်၍ ရှာနေကြသလို တခြားသူများကလည်း နေရာစုံမှာ လိုက်ရှာကြ၏။ သို့သော် နောက်ဆုံးတော့ သူတို့ဘာမှ ရှာမတွေ့ပေ။
“မစ္စစု၊ ကြည့်စမ်းပါဦး…တွေ့လို့လား",
ချီရှာ က စုမုန့် ကို မျက်နှာပုံဆိုးနှင့် ကြည့်ကာ ပြောလေသည်။
"ဆရာမ မှားနေပြီလား.... ရဲတွေတောင် မတွေ့ဘူး”
ရှန့်ကျန်း က စုမုန့် အနားကို စိတ်ပူနေပုံဖြင့် တိုးတိုးလေးပြောသည်။ စုမုန့် သည် သူ့ပတ်ဝန်းကျင်ရှိလူများ၏ ထူးဆန်းသောအကြည့်များကို လျစ်လျူရှုလိုက်သည်။ သူမ နံရံဆီသို့ လျှောက်သွားပြီး ခေါက်လိုက်ကာ နံရံပတ်ပတ်လည်မှာ သံလိုက်အိမ်မြှောင်ကိုထုတ်၍ စစ်ဆေးသည်။နေရာအနည်းငယ်ကို ကြည့်ပြီးနောက် အိမ်မြှောင်က လှည့်ပတ်စပြုလာသောအခါ နောက်ဆုံးတွင်
"အရာရှိချီ နံရံကို ဖျက်ပစ်လို့ရလား"
ချီရှာ: “…”
သူမ စကားကို နားထောင်ပြီး အိမ်ကို လိုက်ရှာသော်လည်း ယခုထိ ဘာမှမတွေ့သေးပေ။ယခုလည်း နံရံကိုဖြိုချဖို့ပြောနေလေသည်။ဘာမှမတွေ့လျှင် သူ ဝေဖန်ခံရလိမ့်မည်ဖြစ်သည်။
စုမုန့်က လုစစ်ကို စိုက်ကြည့်နေလိုက်သည်။သူမစကားကို ကြားသည့်အခါ လုစစ် မျက်လုံးထဲမှာ ထိတ်လန့်ဟန်များ ဖြစ်လာကာ တည်ငြိမ်မှု ပျောက်ဆုံးသွားသည်။
သေချာပါတယ်…
"ရှင်ဆုံးဖြတ်ချက်မချနိုင်ရင် အရာရှိ လုပိုင်ကို မေးမယ်...သူ့မှာတော့လုပ်ပိုင်ခွင့်ရှိသင့်တယ် မဟုတ်လား”
(ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း...)
နောက်ဆုံးတွင် ချီရှာ သည် စုမုန့် ၏အကြံပြုစကားကို သဘောတူခဲ့သည်။ လုပိုင် သည် သူမအား ထောက်ခံသူဖြစ်သဖြင့် မလွှဲသာမရှောင်သာ နာခံရပေတော့သည်။ထို့ကြောင့် သူသည် ရဲနှစ်ယောက်ကို ဦးဆောင်ပြီး နံရံကို ဖြိုခွင်းခဲ့သည်။
တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော လုစစ် သည် နောက်ဆုံးတွင် ငြိမ်မနေနိုင်တော့။သူတို့ကို တားဖို့ မတ်တပ်ထရပ်လိုက်သော်ငြား သူမကို စောင့်ကြည့်နေသူ ရဲက နောက်ပြန်ဆုတ်ကာ ခေါ်သွားသည်။
“ရဲတွေဖြစ်ပြီး သူများအိမ်နံရံကို ဘာလို့ ဖျက်ရတာလဲ...နံရံမှာ ဘာမှမရှိဘူး...အလှဆင်ထားတာက အရမ်းစျေးကြီးတယ်…”
လုစစ်က သူတို့ကို တားဖို့ ကြိုးစားသော်လည်း သူမစကားကို ဘယ်သူမှ နားမထောင်ကြေပ။ ချီရှာ ကမူ သူမကို နှစ်သိမ့်ပေးလေသည်။
"မစ္စလု....နောက်ဆုံးမှာ ဘာတစ်ခုမှ ရှာမတွေ့ရင် မင်းကို လျော်ကြေးပေးပြီး နံရံကို နဂိုအခြေအနေအတိုင်း ပြန်ဖြစ်အောင် ကူညီပေးမှာပါ"
လုစစ် ဆက်ပြောဖို့ ပြင်နေသော်လည်း ဘယ်လိုငြင်းရမှန်း မသိသဖြင့် တစ်ချက်ငြိမ်ကုပ်သွားရ၏။
စုမုန့် က နံရံတစ်ခုလုံးကို မဖြိုစေဘဲ တစ်ချို့နေရာများကို သေချာထောက်ပြလိုက်သည်။ တခြားနေရာများက လိုအပ်မည်မဟုတ်ကြောင်း သူမသိသည်။
ချီရှာ သည် သံတူနှင့် ထုလိုက်သော်လည်း နံရံက အတော်ထူထဲလှသည်။သူက တူဖြင့် အကြိမ်ပေါင်းများစွာ ရိုက်နှက်ပြီးနောက် ကျိုးနေသော ကျောက်တုံးများကို ဖယ်ထုတ်လိုက်သည်။ ထိုအခါ တစ်စုံတစ်ခုကို ရုတ်တရက်မြင်လိုက်သောအခါ တူကို ချထားလိုက်၏။သူ ရဲအရာရှိလုပ်လာသည်မှာ ခုနစ်နှစ်၊ ရှစ်နှစ်ရှိပြီဖြစ်၍ ဤအရာများနှင့် အလွန်ရင်းနှီးသည်။ သူ တွေ့နေရသည်မှာ အရိုးစုများပင်။ထို့နောက် နည်းပညာအကဲဖြတ်သူကို ခေါ်ပြီး အရိုးစုတစ်ဝိုက်ရှိ နံရံကို ဂရုတစိုက် ရိုက်ခွဲခဲ့သည်။ ထိုအခါ နံရံအလယ်မှာ မြှုပ်ထားသည့် ဦးခေါင်းခွံကို တွေ့လိုက်ရသည်။ ဦးခေါင်းခွံက မကြီးသဖြင့် ကလေး တစ်ယောက်နှင့်တူသည်။
ထိုစဉ် လုစစ်သည် အတင်း အော်ဟစ်ပြီး စုမုန့် ဆီသို့ ပြေးသွားခဲ့သည်။ လူတိုင်း၏အာရုံကို အရိုးစုများက ဆွဲဆောင်ထားသောကြောင့် လုစစ် ကို ခဏမျှ ဂရုမစိုက်ခဲ့ကြပေ။သူမ ရုတ်တရက် ထပြေးသွားခြင်းပင်။ စုမုန့် သည် အချိန်မီ မရှောင်နိုင်ဖြစ်ကာ သူမ၏ ဦးခေါင်းနောက်ကျောအား ကြွေပြားဖြင့် အရိုက်ခံရတော့သည်။ချက်ချင်း သူမစိတ်တွေ ရုတ်တရက် လွတ်ထွက်သွားကာ ထိတ်ပြာသွား၏။
"ဆရာမ"
ရှန့်ကျန်း လည်း ထိတ်လန့်သွားသည်။ ထို့နောက် ရဲများက လုစစ် ကို ဆွဲထုတ်ပြီးနောက် စုမုန့် ကို အနားယူရန် ဆိုဖာပေါ်တွင် ထိုင်ခိုင်းကြသည်။
မကြာမီ စုမုန့် ဆိုဖာပေါ် မှီပြီး အိပ်ပျော်သွားသည်။သူမ အိပ်ပျော်သွားပြီးနောက်တွင် ထူးဆန်းသော အိပ်မက်တစ်ခု မက်ခဲ့သည်။ လူလေးယောက်က တန်းစီရပ်ပြီး ကျေးဇူးတင်ကြောင်းဖော်ပြရန် သူမအား ဦးညွှတ်နေသည်ဟု အိပ်မက်မက်ခဲ့သည်။ သူမရှေ့တွင် မြူခိုးထုကြီးတစ်ခု ရှိနေသည်။ ထိုသူများကို သူမ ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေမယ့် သူတို့ပုံစံက ရန်ပြုလိုစိတ်၊မုန်းတီးစိတ်များ မရှိကြောင်း သူမ ခံစားရနိုင်သည်။ သူမ အနီးကပ်ကြည့်ချင်သော်လည်း၊သူမ ရှေ့တိုးလာလေလေ မြူတွေက ပိုမိုထူထပ်လာလေလေပင်။ထိုလူလေးယောက်ကို သူမ လက်လှမ်းကာ ထိလိုက်သော်လည်း ချက်ချင်း အိမ်မက်မှနိုးလာခဲ့သည်။
စုမုန့် မျက်လုံးဖွင့်လိုက်ရာ သူမသည် ဆေးရုံကုတင်ပေါ်တွင် လဲလျောင်းနေမှန်း သိရသည်။
"နောက်ဆုံးတော့ မင်းနိုးလာပြီပဲ"
ရှန့်ကျန်းက သူမ ဘေးမှာ ရှိနေ၏။သူကလွဲ၍ တခြားဘယ်သူမှ မရှိချေ။
"ဘာလို့ ဆေးရုံကို ေရာက်နေတာလဲ… လုစစ်ရဲ့အိမ်ကို စုံစမ်းပြီးကြပြီလား… သူတို့ တစ်ခုခုတွေ့ခဲ့သလား"
သူမ နာကျင်နေသော ခေါင်းကို အုပ်ထားရင်း မေးလိုက်သည်။ သူမ တစ်ချက်လှုပ်လိုက်တိုင်း ဦးခေါင်းမှာ ပို၍ပင်နာလာသည်။
"မလှုပ်သေးနဲ့...နည်းနည်းလန့်သွားတာဆိုတော့ ငြိမ်ငြိမ်လေး အနားယူဖို့ လိုတယ်လို့ ဆရာဝန်က ပြောတယ်"
ရှန့်ကျန်း က သူမကို ခေါင်းအုံးအား နောက်ကျောမှာမှီထားစေကာ ငုတ်တုတ်ထိုင်နိုင်စေဖို့ ကူညီပေးသည်။
“မင်း တစ်ကယ်ကို အံ့သြစရာကောင်းတာပဲ...မင်းက အခု ရဲစခန်းမှာ နာမည်ကြီးနေတာ…ဒီအမှုက ဘယ်လောက်ကြီးလဲ သိလား… အရာရှိချီက နံရံကနေ အရိုးစုတွေ တွေ့တာကို မင်းမြင်ခဲ့တယ်မဟုတ်လား”
“အင်း”
စုမုန့် အသာ ခေါင်းညိတ်သည်။
"ဒါဆို နံရံမှာ လူတွေရဲ့အရိုးတွေ ဘယ်လောက်ရှိပြီလဲ ခန့်မှန်းကြည့်ပါဦး"
"...လေးစုလား"
ရှန့်ကျန်း က သူမ အဖြေမှန်ကြောင်း ပြောပြရင်း
" မင်းက တစ်ကယ့် ဆရာကြီးပဲ... လုစစ် အိမ်နံရံမှာ အရိုးစုလေးခုရှိတယ်...,အားလုံးက ပုံပျက်နေကြတာ…တစ်နည်းအားဖြင့်ပြောရရင် ဒီလူလေးယောက်ကို ပုံဖျက်ထားတာပါပဲ…ရက်စက်လိုက်တာ… အရာရှိချီက အရိုးစုလေးခုကို ပြန်စစ်ဆေးကြည့်မယ်လို့ ပြောတယ်..အရိုးစုနှစ်ခုက လူကြီးများဖြစ်ပြီး ကျန်တာက ကလေးနှစ်ယောက်ပဲ…တစ်ကယ် ရက်စက်တယ် သူတို့မိသားစုလေးယောက်ကို သတ်ပြီး အိမ်မပြောင်းရွှေ့ခင် သူတို့ရဲ့အလောင်းတွေကို နံရံမှာ မြှုပ်နှံထားတာ”
ရှန့်ကျန်း သည် အိမ်မှ ထွက်လာပြီဖြစ်သော်လည်း ပြောရင်းဆိုရင်း ကြောက်ရွံ့မှုအချို့ကို ခံစားရဆဲဖြစ်သည်။ တစ်ချိန်က လုစစ် ၏အိမ်သို့ သူတစ်ယောက်တည်းသွားခဲ့ဖူးသည်ကိုလည်း သတိရမိကာ ကျောချမ်းလာသည်။ကံကောင်းထောက်မစွာပင် သူ အသတ်မခံရခဲ့။
" လုနင်ကို လုစစ် သတ်လိုက်တာလား"
စုမုန့်က ရှန့်ကျန်းကို ကြည့်ကာ မေးလိုက်သည်။ တစ်ချိန်တည်းမှာပင် သူမမက်ဖူးသော အိပ်မက်ကို ပြန်သတိရမိသည်။ထိုမိသားစုသည် သူမကို တစ်ကယ်ကျေးဇူးတင်နေပုံရသည်။
(အသိဟောင်းနှင့်တွေ့ဆုံခြင်း...)
ရှန့်ကျန်းက ခေါင်းခါပြီး
“မသိဘူး၊ အရာရှိချီ ကပြောတာက အခုအချိန်က အထောက်အထား စုဆောင်း နေဆဲမို့ ရလဒ်အားလုံးကို အကဲဖြတ်ပြီး နောက်ထပ် စစ်ဆေးရမယ်တဲ့…ဒါပေမယ့် ကိုယ်တို့က တစ်ကယ်ကို ကူညီပေးခဲ့တာနော်…"
"ဒီတစ်ခါ ကိုယ်တို့ရဲ့ စွမ်းဆောင်ရည်အတွက် ဆုလက်ဆောင်တွေ ရလိမ့်မယ်လို့ ထင်လား…အိုး၊ ဆုလာဘ်အကြောင်းပြောရင်း ဆိုရင်း အရာရှိ ကောယန်က ဟိုတစ်ခါတုန်းက မင်းကို သေတ္တာတစ်ခု ပေးတယ်မဟုတ်လား…ကြည့်ပြီးပြီလား"
စုမုန့် လည်း ဤကိစ္စကို မကြာသေးမီက အလုပ်များလွန်းခဲ့ပြီး မေ့သွားခဲ့သည်။
“သေတ္တာက အိတ်ထဲမှာ… သွားပြီး ရှာကြည့်လိုက်ပါ"
သူမ ခေါင်းတစ်ချက် လှည့်လိုက်ရာ အိတ်ကို ဘေးက ကုလားထိုင်ပေါ်မှာ ချထားသည်ကို တွေ့လိုက်ရလျှင် ရှန့်ကျန်း ကို လွှတ်ပြီး ယူခိုင်းလိုက်သည်။ ရှန့်ကျန်း က သူမထက်တောင် ပိုစိတ်လှုပ်ရှားနေသည်။
”ကျောက်မျက်ရတနာအကြီးကြီး ဒါမှမဟုတ် ဘဏ်ကတ်လား မသိဘူး… ချမ်းသာတဲ့သူတွေက ဒီလိုပေးရတာ ကြိုက်တယ်မလား...တစ်ကယ်တန်ဖိုးရှိတဲ့ဟာဆိုရင် ကိုယ့်ကို မမေ့နဲ့နော်…”
အိတ်ထဲမှာ ပစ္စည်းတွေ များနေသဖြင့် ရှန့်ကျန်း အတော်ကြိုးစားရှာရ၏။ထို့နောက် သေတ္တာလေးအားတွေ့လျှင် စုမုန့်ကို အမြန်ဖွင့်ခိုင်းသည်။
စုမုန့် ဖွင့်ကြည့်လိုက်ရာ သေတ္တာထဲမှာ လက်ဝတ်ရတနာတွေ၊ အဖိုးတန်ပစ္စည်းတွေ မရှိဘဲ ငြိမ်သက်စွာ လှဲလျောင်းနေသည့် အဝါရောင်တံဆိပ်တစ်ခုသာ ရှိသည်။ ကြည့်ရပုံမှာ ရွှေချထားသလိုမျိုးပင်။
"ဒါက ဆုတံဆိပ်လား"
စုမုန့်သည် ပစ္စည်းကို ထုတ်ကာ သေချာကြည့်သည်။ဤသည်က သူမကို စစ်တပ်ကပေးခြင်းပင်။ ဤဆုတံဆိပ်မျိုးကို သာမန်လူမပြောနှင့် စစ်သားတစ်ယောက်ရဖို့ပင် မလွယ်လှသဖြင့် သူမ ပျော်မိသည်။ဤတံဆိပ်က ပိုက်ဆံထက် အများကြီး ပိုတန်ဖိုးကြီးသည်။ ဘယ်ပိုက်ဆံနှင့် မဝယ်နိုင်ပေ။သူမ စိတ်ထဲမှာ မြတ်နိုးမိသည်။
ရှန့်ကျန်း ဘေးမှကြည့်နေ၏။ ထိုဆုတံဆိပ်က မည်မျှတန်ဖိုးရှိသည်ကိုလည်း သူသိသဖြင့် သူ့မျက်လုံးများမှာ ငြူစူခြင်းများဖြင့် ပြည့်နေသည်။
"တို့နှစ်ယောက် အတူတူသွားခဲ့ကြရက်သားနဲ့...ဘာလို့ မင်းကိုပဲ ပေးလိုက်တာလဲ...ကိုယ်လည်း လိုချင်တာ"
စုမုန့်က ရှန့်ကျန်း၏ မနာလိုမှုကို စိတ်ထဲမထားဘဲ ပြုံးပြီး နှစ်သိမ့်ပေးသည်။
“ဒါဆို ရှင်ကြိုးစားရမယ်လေ…နောက်ဆိုလည်း ရှင့်အတွက် အခွင့်အရေး အမြဲရှိနေမှာပါ"
ဆုကိုကြည့်ပြီးနောက် သူမ အိမ်သာသွားချင်လာ၍ ကုတင်ပေါ်မှ ဖြည်းညှင်းစွာထလိုက်သည်။ သူမအကူအညီမလိုအပ်ကြောင်း ရှန့်ကျန်း ကိုပြောထားပြီးဖြစ်သော်လည်း သူက အတင်းပျာပျာသလဲ ကူညီပေးချင်နေ၏။နောက်ဆုံး သူမလည်း ပြောမရ၍ အပြင်မှာသာ စောင့်နေဖို့ မှာရသည်။
နှစ်ယောက်သား ဝါ့ဒ်ထဲမှ ထွက်လာကြရင်း လှေကားထောင့်မှာ ရင်းနှီးနေသည့် လူတစ်ယောက်ကို စုမုန့် ရုတ်တရက်တွေ့လိုက်သည်။ ထိုလူက သူမကိုမြင်ပြီး သူမဆီသို့ တည့်တည့်ပြေးလာသည်။
ရှန့်ကျန်း သည် လူစိမ်းတစ်ယောက်က သူမဆီသို့ ပြေးလာသည်ကို တွေ့လိုက်ရပြီး ရှေ့မှာ ချက်ချင်း ပိတ်ဆို့လိုက်သည်။ ယခု စုမုန့် သည် လူနာတစ်ဦးဖြစ်နေ၍ သူမကို ဂရုတစိုက် ပြုစုစောင့်ရှောက်ရတော့သည်။
"သခင်မလေး၊ ဘာလို့ ဆေးရုံရောက်နေတာလဲ"
ပြေးလာသူမှာ ဝေ့ထင် ၏ လက်ထောက် ကျူးရွှင်း ဖြစ်သည်။
"ဘာဖြစ်လို့လဲ"
ကျူးရွှင်း ရောက်နေသဖြင့် ဝေ့ထင် လည်း သေချာပေါက် ဤနေရာမှာရှိနေမည်ဖြစ်သည်။ သူမ ဝေ့ထင် ကို မတွေ့ချင်သောကြောင့် ကျူးရွှင်း စကားကို မဖြေဘဲ လှည့်ထွက်သွားခဲ့သည်။
သို့သော်လည်း ကျူးရွှင်း သည် သူမ ရှေ့မှာ အမြန်ရပ်လိုက်ရင်း စိုးရွံ့စွာဖြင့် သူပြောသည်မှာ
“သခင်မလေး၊တော်သေးတာပေါ့…ဥက္ကဌဝေ့က ခွဲစိတ်ကုသရမှာမို့ မိသားစုဆီက လက်မှတ်ထိုးဖို့ လိုနေတာ.…ကျွန်တော်နဲ့လိုက်ခဲ့လို့ရမလား...ဥက္ကဌဝေ့ အခြေအနေက တစ်ကယ့်ကို စိုးရိမ်စရာဖြစ်နေလို့ပါ… တစ်ကယ်လို့ သူ့မိသားစုက လက်မှတ်မထိုးရင် ခွဲစိတ်မှု လုပ်နိုင်မှာ မဟုတ်ဘူး”
သို့သော် စုမုန့် စိတ်မ၀င်စားဘဲ သူ့ကို အေးတိအေးစက် ငြင်းပယ်လိုက်သည်။
“ကျွန်မက သူနဲ့ ဘာမှမဆိုင်ဘူး…သူက မိဘမဲ့မဟုတ်ဘူး…သူ့မှာ မိဘတွေလည်းရှိတယ်…ညီမတစ်ယောက်ရှိတယ်…ဘာပဲဖြစ်ဖြစ် ကျွန်မနဲ့မဆိုင်ပါဘူး"
ဝေ့ထင်သည် သူမနှင့်ရှိနေစဉ် ဝေ့ရွှယ် နှင့်ဖုန်းပြောကာ လိုက်သွားသဖြင့် သူမ အတော် ဒေါပွနေရပြီဖြစ်သည်။ သူမကို ဘာလာရှုပ်တာလဲ....ဝေ့ထင်က အကြောင်းပြချက်မရှိ လူတွေကို စိတ်အနှောက်အယှက်ဖြစ်စေသူပင်။
“ဒါပေမယ့် ဥက္ကဌဝေ့ရဲ့ အခြေအနေက အရမ်းကို မကောင်းလို့ပါ…သခင်မလေး ဥက္ကဌဝေ့ကို ဒေါသထွက်ရင်တောင် ဒါက ဥက္ကဌဝေ့ရဲ့အသက်နဲ့ သက်ဆိုင်နေလို့ လောလောဆယ်တော့ သူ့ကို ခွင့်လွှတ်ပေးပါ…"
ကျူးရွှင်းကတော့ ဟန်ဆောင်တတ်သူမဟုတ်မှန်း သူမ အလိုလိုသိနေတာကြောင့် နောက်ဆုံး မနေနိုင်တော့ဘဲ...
"ဝေ့ထင်က ဘာဖြစ်သွားတာလဲ"
“ဥက္ကဌဝေ့ နေကောင်းလာတဲ့အခါ သူ့ကို မေးနိုင်ပါတယ်…ကိစ္စက နည်းနည်းရှုပ်ထွေးတယ်… ကျွန်တော်လည်း မပြောနိုင်ဘူး…ပြီးတော့ သခင်မလေးနဲ့ ဥက္ကဌဝေ့တို့က အခု တရားဝင် လက်ထပ်ပြီးပြီလေ...ဥက္ကဌဝေ့ တစ်ခုခုကြောင့်သေရင် သခင်မလေးလည်း …”
xxxxxx