အပိုင်း၇၆
Viewers 7k

Chapter 76

(တရားဝင်ဇနီး)


ကျူးရွှင်း က ကျန်စကားများကို မပြောသော်လည်း စုမုန့် သည် သူ့စကားထဲတွင် ဝှက်ထားသော အဓိပ္ပါယ်ကို သိနိုင်သည်။ ဝေ့ထင် ကွယ်လွန်ပြီးနောက် သူမ မုဆိုးမဖြစ်လိမ့်မည်။ ဝေ့မိသားစုဆီမှ အပြီးထွက်သွားချင်နေသည့် သူမ ဒုက္ခဖြစ်လိမ့်မည်။ အနည်းဆုံးတော့ သူမအတွက် ဝေ့မိသားစုထဲက ထွက်ခွာဖို့ ငွေကြေးကိစ္စများပါဝင်လာမည်ဖြစ်ပြီး ခက်ခဲနိုင်၏။ထို့ကြောင့် သူမ၏ လွတ်လပ်မှုနှင့် မုဆိုးမဟု မခေါ်ခံရစေရန်အတွက် သူမ သူ့ကိုကူညီရန်ဆုံးဖြတ်ခဲ့သည်။


 "ဒါဆို သွားကြရအောင်"


စုမုန့် က သဘောတူလာသောအခါ နောက်ဆုံးတွင် ကျူးရွှင်း သက်ပြင်းချလိုက်သည်။သူမ၏ ပင်ကိုယ်စရိုက် သိသိသာသာ ပြောင်းလဲသွားပြီးကတည်းက သူမကို သွေးအေးပြီး အကြင်နာမဲ့သူဟု လူတိုင်းက ပြောခဲ့ကြသော်လည်း အခုချိန်မှာတော့ သူမသည် အလွန်နူးညံ့နေ၏။  အနည်းဆုံးတော့ သူမသည် ဥက္ကဌဝေ့ကို လက်မလွှတ်ခဲ့ပေ။


 “ဥက္ကဌဝေ့က ခုနစ်ထပ်က အော်ပရေးရှင်းအခန်းမှာရှိတယ်…အခု သွားမယ်"  


တစ်ခြားလုပ်ထုံးလုပ်နည်းတွေ ပြီးသွားပြီဖြစ်ကာ ခွဲစိတ်မှုစာချုပ်ကို ချုပ်ဆိုထားတာကြောင့် ခွဲစိတ်မှု စတင်နိုင်ပြီဖြစ်သည်။


ကျူးရွှင်း သည် စုမုန့် ကို ဝေ့ထင် ရှိရာသို့ အမြန်ခေါ်သွားခဲ့သည်။သို့သော် စုမုန့် ခေါင်းကိုက်နေရသဖြင့် အမြန်လမ်းမလျှောက်နိုင်ပေ။ဘေးက ကျူးရွှင်း မှာလည်း ဝေ့ထင်ကို စိတ်ပူလွန်း၍ ချွေးတွေထွက်နေရလေသည်။ နောက်ဆုံးတွင် ခွဲစိတ်ခန်း၏ တံခါးဝသို့ ရောက်သောအခါ သူနာပြုဆရာမတစ်ဦးက စာရွက်တစ်ရွက်ဖြင့် တံခါးဝတွင် စောင့်နေပြီဖြစ်သည်။


 "ဝေ့ထင်ရဲ့ မိသားစုဝင်တွေ ဒီမှာရှိလား...ဝေ့ထင်ရဲ့ မိသားစုဝင်တွေ"


 သူနာပြုဆရာမက တံခါးဝမှ အော်ပြောလာသောအခါ ကျူးရွှင်း ခပ်မြန်မြန်ပဲ ပြန်ပြောသည်။ 


"ဒီမှာပါ...ဒီမှာပါ"


 "ရှင်က ဘယ်သူလဲ"  


သူနာပြုက ကျူးရွှင်း ကိုမေးသည့်အခါ ကျူးရွှင်း သည် ဘေးမှဖြည်းညှင်းစွာ လမ်းလျှောက်နေသော စုမုန့် ကို လက်ညှိုးထိုးပြလိုက်သည်။  


"ကျွန်တော် မဟုတ်ဘူး...သူမက သူ့တရားဝင်ဇနီးပါ”


ကျူးရွှင်း ပြောလိုက်သောစကားကြောင့် စုမုန့် က မျက်မှောင်ကြုတ်သွားရပြီး သူ့ကို ချေပချင်သည်။သို့သော် သူမသည် ဝေ့ထင်၏ ဇနီးအဖြစ် ဤနေရာတွင် ရှိနေသောကြောင့် မပြောသာတော့။သူနာပြုက ဘောပင်နှင့် စာရွက်ကို စုမုန့် အား  ပေးလိုက်သည်။ ကျူးရွှင်း က သူမကို တစ်ဖက်ကနေ တိုက်တွန်းနေတာကြောင့် သူမ ရေးထားသည့်စာကို မဖတ်ဖြစ်ခဲ့ပေ။သူနာပြုက သူမကို လက်မှတ်ထိုးခိုင်းသည့် နေရာတိုင်းမှာ လက်မှတ်ထိုးလိုက်၏။ လက်မှတ် ရေးထိုးပြီးသောအခါ သူနာပြုက စာရွက်ကို သေချာကြည့်ပြီး အမှားအယွင်းမရှိကြောင်း အတည်ပြုပြီးနောက် ရလဒ်ကို တံခါးဝတွင် စောင့်ခိုင်းပြီး ထွက်သွားခဲ့သည်။


နောက်ဆုံး အလုပ်ပြီးသွားပြီဖြစ်၍ ကျူးရွှင်း သက်ပြင်းချပြီး တံခါးနားက ကုလားထိုင်ပေါ်မှာ ထိုင်လိုက်သည်။


 "ဝေ့ထင် ဘာဖြစ်သွားတာလဲ...ဒီနေ့ သူကျွန်မကို လာရှာတုန်းက အကောင်းကြီးပါ…သူဘာလို့ရုတ်တရက် ခွဲစိတ်ရသလဲ" 


စုမုန့် သည်လည်း ဆိုးရွားစွာ ခေါင်းကိုက်နေရသဖြင့် ကျူးရွှင်း ၏ ဘေးတွင်သာ ထိုင်နေလိုက်သည်။


 "ဥက္ကဌဝေ့ က သခင်မလေးကို အရမ်းကောင်းပေးပါတယ်…ဖြစ်နိုင်ရင် သခင်မလေးတို့နှစ်ယောက် အမြဲ သဟဇာတဖြစ်နိုင်မယ်လို့ ကျွန်တော်တစ်ကယ်မျှော်လင့်ပါတယ်” 


ကျူးရွှင်း က အသံတိုးတိုးနှင့် ပြောသည်။


 "ကျွန်မကို သူက ကောင်းပေးတယ် ဟုတ်လား"  


စုမုန့် သည် ဤစကားကိုကြားသောအခါ ကျယ်လောင်စွာ ရယ်မောလိုက်ပြီး 


“အရင်က ကျွန်မ ဘယ်လိုတွေ ဖြစ်ခဲ့တယ်၊ဝေ့ထင်က ကျွန်မကို ဘယ်လိုဆက်ဆံခဲ့လဲ ရှင် သိလား...  ဒီစကားတွေမပြောခင် အားလုံးနားလည်တဲ့အထိ စောင့်လိုက်ပါဦး… "


သူမသည် နာကျင်မှုများစွာကို ခံစားခဲ့ရပြီး စကားလုံးအနည်းငယ်ဖြင့် ဖြေဖျောက်နိုင်သော အရာမဟုတ်ပေ။


 "ဒါပေမယ့် ဝေ့ထင် က သခင်မလေးအတွက် ဒီလိုလုပ်နေတာပါ"  


ကျူးရွှင်း သည် စုမုန့် ကို ဆန့်ကျင်ရန် မဝံ့ရဲသော်လည်း သူ့စိတ်ထဲတွင် သူပြောလိုသော စကားများစွာ ရှိနေသောကြောင့် တိုးညှင်းသော လေသံဖြင့်သာ ခုခံနိုင်ခဲ့သည်။


 "ဒါဆို ဝေ့ထင် က ဘာဖြစ်နေတာလဲ...ရှင် စကားတွေသာလျှောက်ပြောနေတယ်…အရေးကြီးတဲ့စကားတစ်ခွန်းမှ မပြောရသေးဘူး


သူမလည်း စိတ်မရှည်တော့။ ကျူးရွှင်း ဘဘာမှမပြောလာလျှင် သူမလည်း ထွက်သွားချင်မိသည်။


 “ကျွန်တော်လည်း ဘာပြောရမှန်းတောင် မသိဘူး...ဥက္ကဌဝေ့နိုးလာပြီး သခင်မလေးကို သူကိုယ်တိုင် ပြောပါစေလို့ပဲ ကျွန်တော် မျှော်လင့်မိတယ်… သခင်မလေး၊ဥက္ကဌဝေ့ကို ဒီမှာစောင့်နေနိုင်လား...သခင်မလေးကသာ သူ့ကို တစ်ချိန်လုံး စောင့်ပေးနေတယ်ဆိုတာသာ သူသိရင် သူ အရမ်းပျော်နေလိမ့်မယ်"  


ကျူးရွှင်း စုမုန့်ကို ရှင်းရှင်းလင်းလင်းရှင်းပြချင်သော်လည်း... ဝေ့ထင် သိသွားလျှင် သူ့အား ဒေါသထွက်မှာကို သူကြောက်နေမိသည်။


သူ့မှာ ရွေးချယ်စရာမရှိတော့‌ေပ။ စုမုန့် ပြန်မသွားစေဖို့ သူ အစွမ်းကုန်လုပ်ရမည်ဖြစ်သည်။ကျန်ကိစ္စများကတော့ ဝေ့ထင် ၏ ကြိုးစားအားထုတ်မှုပေါ်မှာ မူတည်သည်။


သူ စကား အများကြီးပြောပြီးပြီ ဖြစ်၍ နောက်ထပ်ရှင်းပြစရာ မလိုတော့ပေ။ထို့အပြင် စုမုန့် သည် ကျူးရွှင်းက ဆက်လက်မရှင်းပြသောကြောင့် ဆက်မမေးတော့ဘဲ ရပ်လိုက်သည်။ သူမ ဝေ့ထင် ကို ခဏလောက် စောင့်မည်ဟု တွေးထားသည်။သူမလည်း ဆေးရုံတက်နေတာမို့ လေကောင်းလေသန့်လည်း ရပြီး စိတ်လည်းလန်းဆန်းလာနိုင်သည်။ထို့အပြင် ကျူးရွှင်း ၏ စကားအဓိပ္ပါယ်အရ သူမ မသိသော အရာတစ်ခု ရှိနေပုံရသည်။ထို့ကြောင့်  ဝေ့ထင် နိုးလာသည်အထိ စောင့်ဆိုင်းရန် ဆုံးဖြတ်ခဲ့သည်။


 ကောင်းကင်ကြီးသည် တဖြည်းဖြည်း မှောင်လာသည်။ စုမုန့် ထိုင်ပြီး သူ့ကိုစောင့်နေရင်း သူမလည်း ခေါင်းကိုက်နေရ၍ မျက်လုံးမှိတ်ထားကာ ဒူးကိုပိုက်လျက် မှေးနေလိုက်သည်။အချိန်တစ်ခုကုန်ဆုံးပြီးနောက်၊ ခွဲစိတ်ခန်းထဲရှိ မီးများ နောက်ဆုံးတွင် မှိတ်သွားပြီး ဆရာဝန်တစ်ယောက် အတွင်းကနေ ထွက်လာ၏။


ကျူးရွှင်း သည် ဆရာဝန်ကိုတွေ့သောအခါ ချက်ချင်းအပြေးအလွှားသွားပြီး


 “ဒေါက်တာ ဥက္ကဌဝေ့ ဘယ်လိုနေလဲ


 "စိတ်မပူပါနဲ့ သူအဆင်ပြေပါတယ်... သူ့အခြေအနေကတော့ ငြိမ်သက်နေပါပြီ... ဒါပေမယ့် သူ့ခန္ဓာကိုယ်က တစ်ကယ်ကို အားနည်းနေတယ်...ဆေးရုံတက်လိုက်ရင် ကောင်းကောင်းပြန်ကောင်းလာမှာပါ...ခဏလောက်တော့ သူ့ကို အရင်လို ဆက်ပြီး အလုပ်မလုပ်စေနဲ့တော့.. မဟုတ်ရင် သူ့ကို ကယ်တင်ဖို့ ဘုရားကိုပဲ ဆုတောင်းရတော့မှာပဲ"


(အတိတ်ဘဝအိပ်မက်...)


ဆရာဝန် ထွက်သွားပြီးနောက် သူနာပြုက ဝေ့ထင်ကို ခွဲစိတ်ခန်းထဲက တွန်းထုတ်လာသည်။ကုတင်ပေါ်တွင် လဲလျောင်းနေသော ဝေ့ထင်သည် မျက်လုံးများကို တင်းတင်းမှိတ်ထားသည်။ သူ့မျက်နှာက ဖြူဖျော့နေပြီး အောက်ဆီဂျင်မျက်နှာဖုံးလည်း တပ်ထားတာကြောင့် အားနည်းနေပုံပင်။သူ အရင်ကလို အေးစက်ခက်ထန်ပုံမပေါ်ဘဲ သနားစရာကောင်းနေ၏။


စုမုန့်သည် ဝေ့ထင်၏ အားနည်းသောပုံစံကို မမြင်ဖူးပေ။ သူမ၏ စိတ်ထဲတွင်၊ သူသည် အမြဲတစေ သူမနှင့်ဝေးကွာလျက်ရှိပြီး အေးစက်နေသူဖြစ်သည်။ထို့နောက် ဝေ့ထင်ကို သူနာပြုများက ဝါ့ဒ်ထဲသို့ တွန်းပို့ကာ IV ချိတ်ပေး၍ ပြန်ထွက်သွားသည်။ထို့နောက် သူမသည် ကောရှန်း တစ်ယောက်တည်း အိမ်မှာရှိနေသဖြင့် ရှန့်ကျန်းကို အရင်ပြန်ခွင့်ပြုလိုက်ကာ သူမနှင့် ကျူးရွှင်းကသာ ဝေ့ထင် ကို စောင့်ကြည့်နေသည်။


ခဏစောင့်ကြည့်နေပြီးနောက်၊ ဝေ့ထင် ၏ အသက်ရှူသံနှင့် နှလုံးခုန်သံသည် အလွန်တည်ငြိမ်လာ၍ ကျူးရွှင်း က စုမုန့် အား 


"သခင်မလေး၊ ကျွန်တော့်အစား ဥက္ကဌဝေ့ကို ပြုစုပေးပါဦး…သူ့အတွက် အဝတ်အစားနည်းနည်းသွားယူလိုက်ဦးမယ်....အကြောင်းတစ်ခုခုရှိရင် ဖုန်းဆက်ပေးပါ...ဒါပေမယ့် ဒီကိစ္စကို ဘယ်သူ့ကိုမှ မပြောပါနဲ့နော်”


ပြီးလျှင် ကျူးရွှင်းသည် သူမ စကားကိုပင် မစောင့်ဘဲ ချက်ချင်းထွက်သွားကာ တံခါးကို အမြန်ပိတ်လိုက်သည်။ သူမ သဘောမတူမှာ ကြောက်တာကြောင့် စကားပြောခွင့်မပေးခဲ့ခြင်းပင်။


စုမုန့် သက်ပြင်းချကာ အားကိုးရာမဲ့ဖြစ်နေ၏။ယခုတော့ ဝေ့မိသားစုနှင့် အဆက်အသွယ်ရှိသူတိုင်းက ဝေ့ထင် နှင့် သူမ၏ ဆက်ဆံရေးအကြောင်း သိသွားပြီဖြစ်သည်။ အထူးသဖြင့် ဝေ့ထင် နှင့် ကွာရှင်းပြတ်စဲသည့်ကိစ္စကို ဝေ့ရွှယ် က လူသိရှင်ကြား ချပြခဲ့သည်။ ထို့ကြောင့် သူမစိတ်ထဲတွင် ဝေ့မိသားစုဝင်တစ်ဦးအဖြစ် သူမကိုယ်သူမ မတွေးတော့ပေ။


ဝေ့ထင်သည် သူမကို မုန်းတီးခဲ့သည်။သူ့အမြင်မှာ သူမသည် ဝေ့ရွှယ်နေရာကို လုယူသူအဖြစ် မြင်နေပေလိမ့်မည်။သူ   ရုတ်တရက်နိုးလာပြီး သူမ သူ့ဘေးမှာရှိနေသည်ကို မြင်လိုက်ရလျှင် ခွဲစိတ်ခန်းထဲကိုပင် ပြန်ဝင်ချင်လောက်အောင် သူဒေါသထွက်သွားနိုင်သည်။


ထိုသို့စဉ်းစားရင်း သူမ ကိုယ့်ကိုယ်ကို သနားစိတ်ဖြစ်လာရသည်။ တစ်ဖန် သူမ၏ယခင်ဘဝက ရိုးသားမှုသည် သူတို့မိသားစုနှင့်မထိုက်တန်ကြောင်း ခံစားမိပြန်သည်။


 "ရှင် အခု မသေနဲ့ဦး...ကျွန်မတို့ မကွာရှင်းရသေးဘူး...ရှင့်ကြောင့် ကျွန်မ  မုဆိုးမ မဖြစ်ချင်ဘူး"


 "ကျွန်မလည်း ဒဏ်ရာ ရထားတယ်…ရှင့်ကိုလည်း ပြုစုရမယ်တဲ့...ကျူးရွှင်း လုပ်ပုံနဲ့တော့ ကျွန်မတို့နှစ်ယောက် ဒီမှာအတူတူသေရမှာပဲ..."


"ပြောပါဦး....ကျွန်မကို ဘာလို့မကြိုက်ရတာလဲ...ရှင် ကြိုက်တာပြောလို့ရတယ်… ဒါပေမယ့် ရှင်က မပြောတော့ ကျွန်မကို မျှော်လင့်ချက်ပေးနေသလိုမျိုးဖြစ်နေတယ်လေ…  ရှင် စိတ်ကျေနပ်အောင် အတတ်နိုင်ဆုံးကြိုးစားခဲ့ပေမဲ့ နောက်ဆုံးမှာတော့ ကျွန်မ မဖြစ်ချင်တာတွေ ကြုံခဲ့ရတယ်"


စုမုန့် သည် ဝေ့ထင် ကို တတွတ်တွတ် ပြောလျက်ရှိသည်။သူမရှေ့တွင် သူ သတိလစ်နေချိန်တွင် ရင်ထဲက မကျေနပ်ချက်များကို ပြောခဲ့သည်။သူမတွင် ရွေးချယ်စရာမရှိပေ။ သူ နိုးလာသောအခါကျလျှင် သူ့ကို နိုင်အောင်ပြော၍မရနိုင်ပေ။


ကျူးရွှင်း သည် အချိန်အတော်ကြာပြီး  ဖြစ်သော်လည်း ပြန်မလာခဲ့ပေ။သူမ ထွက်သွားချင်သော်လည်း ဝေ့ထင် ရုတ်တရက် သေဆုံးသွားမှာကို သူမကြောက်မိသည်။ ဝေ့ထင် ဘာဖြစ်ဖြစ် သူမ ဂရုမစိုက်သော်လည်း သူမတို့နှစ်ဦးသည် ဥပဒေအရ ဆက်ဆံရေးအလွှာတစ်ခုရှိခဲ့သည်။


အချိန်အတော်ကြာအောင် စောင့်ပြီးနောက် စုမုန့် အလွန်မူးဝေလာကာ အန်ပစ်ချင်လာသည်။ ကုတင်ဘေးမှာ အိပ်ဖို့ကလွဲ၍ ရွေးချယ်စရာမရှိသဖြင့် မျက်လုံးကို ခဏမှိတ်ထားလိုက်၏။ သူမ မသိလိုက်သည်မှာ၊သူမသည် ဆေးရုံဝါ့ဒ်ထဲမှ ထွက်သွားတာကြာပြီဖြစ်၍ သူနာပြုဆရာမက လာရောက်စစ်ဆေးရာတွင် သူမကို ရှာမတွေ့ခဲ့ပေ။သူမ ရောဂါက အထွေအထူးမဟုတ်သော်လည်း သေးငယ်သောကိစ္စမဟုတ်ပေ။


သူမကို နှစ်ဆယ့်လေးနာရီတိုင်း စောင့်ကြည့်နေရမည်ဖြစ်သည်။သူနာပြုသည် သူမ ဖုန်းကိုခေါ်ကြည့်သေးသည်။သို့သော် သူမ ဖုန်းက ဝါ့ဒ်ထဲမှာသာ ရှိနေပြီး မပါလာခဲ့ပေ။


ညဉ့်နက်နေပြီဖြစ်၍ ဆေးရုံစင်္ကြံသည် တဖြည်းဖြည်း တိတ်ဆိတ်လာသည်။မကြာမီ စုမုန့် နှစ်ခြိုက်စွာ အိပ်ပျော်သွားပြီး ယခင်ဘဝကအဖြစ်တို့ကို အိပ်မက်မက်ခဲ့သည်။ ဝေ့ထင် နှင့် လက်ထပ်သည့်နေ့ကစပြီး သူမ၏ အတိတ်က ဖြစ်ရပ်များက အစီအရီပြန်ပေါ်လာကြသည်။


မင်္ဂလာပွဲပြီးနောက် ဝေ့ထင်သည် သူမအား လျစ်လျူရှုကာ အိမ်မှထွက်သွားပြီး မင်္ဂလာဦး အခန်းသစ်ထဲတွင် သူမကို တစ်ယောက်တည်း ထားခဲ့သည်။ ရက်အနည်းငယ်ကြာပြီးသည်အထိ သူ့ကိုမတွေ့ရသေးပေ။ထိုအခါ ဝေ့ရွှယ်က ဝေ့ထင်ကို သွေးဆောင်ဖို့ ဆေးခပ်ရန် အကြံတစ်ခုပေးလိုက်သည်။ သို့နှင့်၊သူမသည် ဝေ့ထင်၏ ခန္ဓာကိုယ်ကို ဖြားယောင်းသွေးဆောင်ခြင်း အောင်မြင်ခဲ့သော်လည်း သူ၏ နှလုံးသားကို မရရှိခဲ့ပေ။ ထို့အပြင် သူ့ထံမှ အမုန်းတရာများပါ ရလိုက်သေးသည်။နောက်ပိုင်းမှာ သူမ ကိုယ်ဝန်ရှိလာခဲ့သည်။ သို့သော် ဝေ့ထင် က ဂရုမစိုက်သေး။ဆန့်ကျင်ဘက်ပင်၊ ဝေ့မိသားစု၏ အဘွားကြီးသည် သူမအပေါ် အမြင်ပြောင်းလဲသွားသည်။အရင်ကလို သူမကို အေးစက်စွာ မပြောဆိုတော့ဘဲ ဆူပူခြင်းလည်းမပြုတော့။ထို့မျှမက‌ေသး အစေခံများကိုလည်း သူမ လိုချင်တာမှန်သမျှလုပ်ပေးစေသည်။ 


နောက်တော့ သူမ ကလေးမွေးသည်။ယောက်ျားလေးဖြစ်နေ၍ အမေဝေ့ ပိုလို့တောင်ပျော်သွားသည်။ သူမက စုမုန့် ကို လက်ညှိုးထိုးပြပြီး 


"နင်က အခုထိ အသုံးဝင်နေတုန်းပဲ... အနည်းဆုံး နင်က ငါတို့မိသားစု မျိုးဆက်မပြတ်စေဖို့ ကလေးတစ်ယောက်မွေးနိုင်သားပဲ..."


ကလေးသည် ဝေ့မိသားစု၏ စောင့်ရှောက်မှုအားလုံးကို လက်ခံရရှိခဲ့ပြီး သူမသည်လည်း အမေဝေ့၏ အနိုင်ကျင့်မှုနှင့် ဖိနှိပ်မှုကို ဆက်လက်ခံနိုင်ရည်ရှိခဲ့သည်။ သို့ရာတွင်၊အမေဝေ့က သူမကို မျိုးပွားစက်တစ်ခုအဖြစ်သာ သဘောထား၏။



xxxxxx