Chapter 77
(ဝေ့ထင် နိုးလာသည်)
ရက်တွေကြာလာသည်နှင့်အမျှ ကလေးလည်း တဖြည်းဖြည်းကြီးလာသည်။ ထိုကလေးသည် ဝေ့ထင်၏ ဆက်ခံမည့်သူဖြစ်မည်ဟု လူတိုင်းက ထင်မြင်လာချိန်မှာ အရာအားလုံးသည် တစ်ဖြည်းဖြည်း ပုံမှန်မဟုတ်တော့ပေ။သူမ ရင်ထဲမှာ ကိုးလကြာ လွယ်ခဲ့ရသည့် ကလေးမှာ IQ နိမ့်နေကြောင်း ပေါ်လွင်လာရသည်။ကလေးမှာ အသက်လေးနှစ်လောက်ရှိပြီဖြစ်သော်လည်း အခုထိ စကားမပြောနိုင်သေး။ အမေဝေ့က သူမသည် ဝေ့မိသားစုအတွက် အရူးတစ်ယောက်ကို မွေးဖွားခဲ့သည်ဟု ဆိုသည်။ယခုတစ်ခါကျ သူမတင်မကဘဲ၊ သူမ၏ကလေးကိုတောင် ဝေ့မိသားစုက ဝိုင်းပယ်ထားကြသည်။
“နင်က တစ်ကယ့် အမှိုက်ပဲ... နင်မွေးတဲ့ကလေးကလည်း အမှိုက်ပဲ...နင် ငါတို့ဝေ့မိသားစုကိုအရှက်ရစေခဲ့တာ...နောက်ဆို နင့်ကလေးကို အပြင်မခေါ်သွားနဲ့…ငါ မျက်နှာပျက်ရတယ်"
အမေဝေ့က ကျယ်လောင်စွာ ကျိန်ဆဲလိုက်သည်။ထိုမျှမကသေးဘဲ နောက်ပိုင်းမှာ အမေဝေ့က ကလေးသည် ဝေ့မိသားစု၏ သွေးသားရင်းမဟုတ်ကြောင်း သံသယရှိတာကြောင့် မိဘစစ်ဆေးမှုခံယူစေသည်။ သို့သော်၊ ရလဒ်က စစ်မှန်နေသောအခါ သူမကို သံသယမ၀င်တော့ဘဲ
"ဒီလို အရူးမျိုးကို ဝေ့မိသားစုထဲက နှင်ထုတ်ပစ်လိုက်...ငါတို့မိသားစုမှာ ဒီလို ကလေး မလိုအပ်ဘူး”
လူတိုင်းက အမေဝေ့ ဘက်မှ နေခဲ့ကြပြီး သူမသည် လူတိုင်း၏ ဝိုင်းပယ်ခံထားရသော အပြင်လူဖြစ်လာခဲ့သည်။ထိုအချိန်တွင် သူမသည် အကူအညီနှင့် အထောက်အပံ့များ လိုအပ်နေသော်လည်း ဝေ့ထင်ကို ဆက်သွယ်၍ မရပေ။ ဝေ့ထင်သည် နေ့ရောညပါ အိမ်ပြန်မလာတော့။တစ်နေ့မှာ၊ ဝေ့ရွှယ် သည် ဝေ့ထင် နှင့် အနုပညာရှင်အမျိုးသမီးတစ်ေယာက်၏ အတူတွဲရိုက်ထားသည့် ဓါတ်ပုံတစ်ပုံကို ပြသလိုက်သောအခါ သူမသည် ဝေ့မိသားစု၏ သခင်မလေးဘွဲ့သာ အမည်ခံထားကြောင်း သိလိုက်သည်။နောက်ပိုင်းတွင် ကလေးကို ဝေ့ရွှယ် က သေသည်အထိ နှိပ်စက်ခဲ့၏။
စုမုန့်၏ နှလုံးသားသည် အမုန်းတရားများဖြင့် ပြည့်နှက်နေသည်။
"သူမဘာမှားခဲ့လို့လဲ...သူမ ဘာလို့ ဒီအရာတွေကို ဖြတ်ကျော်ခဲ့ရတာလဲ... ကလေးကရော ဘာအမှားလုပ်မိလို့လဲ..."
ကလေး သေသွားသည့် မြင်ကွင်းက သူမ စိတ်ထဲမှာ ထပ်ခါထပ်ခါ ဖြစ်နေသည်။ ဝေ့ရွှယ် တဟားဟားရယ်မောပြီး ကလေးကို ဓားတစ်ချောင်းနှင့် တစ်ချက်တည်း ထိုးသတ်လိုက်သည်။ သူမ ဝေ့ရွှယ်ကို တားချင်သော်လည်း သူမကိုလည်း ကြိုးချည်ထားခြင်းပင်။ထို့ကြောင့် သူမသည် စိတ်ပျက်လက်ပျက်ဖြစ်ပြီး ယူကျုံးမရ၍သာ စောင့်ကြည့်နေနိုင်ခဲ့သည်။
မဟုတ်ဘူး!
ဝေ့ထင် နိုးလာသောအခါတွင် မျက်လုံးထောင့်မှ သူ့ဘေးတွင် လဲလျောင်းနေသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။ သူ ခေါင်းကို လှည့်ကြည့်လိုက်တော့ စုမုန့် မှန်းသိလိုက်သည်။ စုမုန့် သည် သူ့ဘက်ကို မျက်နှာမူကာ လက်မောင်းပေါ်တွင် မှောက်အိပ်နေ၏။သူမ မျက်နှာလေးက တည်ငြိမ်အေးချမ်းနေသည်။သူမ၏ ပင်ကိုယ်စရိုက် ပြောင်းသွားကတည်းက သူမနှင့်ဆုံတိုင်း အရင်လို မဟုတ်တော့၊ တစ်ခုမဟုတ်တစ်ခု အချေအတင် ပြောဆိုနေခဲ့ရသည်။ထို့ကြောင့် သူတို့နှစ်ဦး အေးချမ်းစွာ အတူတူရှိဖို့ဆိုသည်က မဖြစ်နိုင်တော့ေပ။
ဝေ့ထင်သည် စုမုန့်ကို ထိဖို့ သူ့လက်ကို ဆန့်ထုတ်လိုက်သည်။ သို့သော် သူမ၏ နဖူးကို ထိခါနီးတွင် သူ့လက်က ရပ်တန့်သွားရသည်။ သူ့ကြောင့် စုမုန့် နိုးလာပြီး ကောင်းမွန်သောလေထုကို ဖျက်ဆီးပစ်မည်ကို သူကြောက်သည်။ထို့ကြောင့် သူမကို တိတ်တဆိတ်ကြည့်နေလိုက်သည်။သို့သော် သူမ ဝတ်ထားသည့်အဝတ်အစားသည် သူ့စိတ်ထဲမှာ ရင်းနှီးနေသလိုပင်။အချိန်အတော်ကြာပြီးနောက် သူမ ဝတ်ထားသည့်အဝတ်အစားသည် သူ့အဝတ်အစားနှင့်တူကြောင်း သိလိုက်သည်။
ဒါဆို စုမုန့် လည်း ဆေးရုံတင်ထားရတာလား…
တွေးနေရင်း သူ မမူးလဲခင် ခေါင်းကိုက်ခဲ့ရသည်ကို သတိရမိသည်။ သူ့ခန္ဓာကိုယ်ကြောင့်လား ဒါမှမဟုတ် စုမုန့် တစ်ခုခုဖြစ်သွားတာလား မသိပေမယ့် သူ နာကျင်မှုကြောင့် မေ့သွားခဲ့တာ...သူမ တစ်ခုခုကြောင့် ထိခိုက်သွားတာ ဖြစ်နိုင်လား။
ဝေ့ထင် ငုတ်တုတ်ထထိုင်လိုက်သည်။ စုမုန့် ဒဏ်ရာရ၊မရကို သူကြည့်ချင်သည်။ အချိန်အတော်ကြာ စောင့်ကြည့်ပြီးနောက် သူမပုံစံက ပုံမှန်ဖြစ်ကြောင်း သူတွေ့လိုက်ရသည်။ သူမ၏ ခန္ဓာကိုယ်ပေါ်တွင် ပတ်တီးများမရှိသလို၊ တည်ငြိမ်နေ၍ ဒဏ်ရာရထားခြင်းမဖြစ်နိုင်။
စုမုန့် အဆင်ပြေနေသည်ကိုမြင်မှ ဝေ့ထင် စိတ်အေးသွားသည်။ ဆန့်ကျင်ဘက်အားဖြင့် သူ့ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာက ပြင်းထန်စွာ နာကျင်လာသည်။သူ သေနတ်မှန်ရခြင်းမှာ သူမကို ကာကွယ်လိုသောကြောင့်ပင်။အစက သူ ဆေးရုံတက်ပြီး ပြန်လည်သက်သာလာခဲ့ပြီးဖြစ်သည်။ သို့သော်လည်း တိုက်ပွဲဖြစ်စဥ်အတွင်း လူဆိုးဂိုဏ်းသားအနည်းငယ် ထွက်ပြေးသွားခဲ့သည်။ သူမကို သွားဒုက္ခပေးမှာစိုးရိမ်တာကြောင့် သူ့ဒဏ်ရာတွေကို ခံရပ်ပြီး သူမအား လိုက်ရှာခဲ့သည်။ သူမကို လုံခြုံသောနေရာသို့ ခေါ်ဆောင်သွားချင်သည်။ အဆုံးတွင် သူ့အမေ၏ကိစ္စကို ကိုင်တွယ်ရန် ဝေ့ရွှယ် ထံမှ ဖုန်းလက်ခံရရှိခဲ့သည်။
မူလက စုမုန့် နှင့် သူ့အမေတို့ အတော်လေး အဆင်ပြေသင့်သည်ဟု ထင်ခဲ့သည်။ ထိုနေ့ကမှသာလျှင် စုမုန့် သည် ဝေ့မိသားစုတွင်ရှိစဉ်က သူ စိတ်ကူးထားသလောက်၊အဆင်မပြေခဲ့ဟု သူသဘောပေါက်ခဲ့သည်။
ဝေ့ထင် ခေါင်းကို လှည့်ကြည့်လိုက်ရာ ကုတင်ဘေးစားပွဲပေါ်က ဖုန်းကို တွေ့လိုက်သည်။ထို့နောက် ဖုန်းယူပြီး ကင်းလှည့်အရာရှိကျူးထံသို့ စာတစ်စောင် ပို့ခဲ့သည်။ သူပို့ပြီးသည်နှင့် စုမုန့် လန့်အော်လေတော့သည်။
"မဟုတ်ဘူး!"
တစ်ချိန်တည်းမှာပင် သူမ မျက်လုံးများကို ဖွင့်ကြည့်လာပြီး အလွန်တုန်လှုပ်ဟန် ဖြစ်နေသည်။ ဝေ့ထင် သည် သူမ၏အသံကိုကြားလိုက်သည်နှင့် ချက်ချင်းပင် မျက်လုံးမှိတ်ကာ အိပ်ပျော်သွားဟန်ဆောင်လိုက်သည်။ သူတို့ ဆက်ဆံရေးအရ၊သူ နိုးလာတာကိုတွေ့လျှင် သူမ ချက်ချင်းထွက်သွားမည်ဆိုသည်ကို သိနေ၏။သူမကို သူ့ဘေးမှာ အချိန်ကြာကြာနေစေချင်မိ၏။
စုမုန့် အိပ်မက်မှ လန့်နိုးသွားပြီး ဟိုဒီ လှည့်ပတ်ကြည့်သည်။ကလေးလည်း မရှိဘဲ သူမသည် ယခုအချိန်တွင် ဆေးရုံတွင်ရှိနေပြီး အနားတွင် ခွဲစိတ်မှုပြီးသွားသော ဝေ့ထင်သာ ရှိနေသည်ထို့ကြောင့် အိပ်မက် မက်နေမှန်းသိလိုက်သည်။သူမ၏ အရင်ဘဝတုန်းက ကလေးသေသွားတာကို မမြင်ခဲ့ပေ။သို့သော်၊ယခု အိပ်မက်ထဲမှာ ကလေးက သူမ မျက်စိရှေ့မှာပင် အသတ်ခံလိုက်ရ၏။ဒါက... သူမ၏ သေဆုံးပြီးသော ကလေးက နိမိတ်ပုံလာပေးခြင်း ဖြစ်နိုင်သလား... သူမ ခေါင်းက နည်းနည်းနာနေတုန်းပဲ...
စုမုန့် ခေါင်းကို ကိုင်လိုက်ပြီး ဝေ့ထင် အား ကြည့်လိုက်သည်။ ထို့နောက်၊အိပ်မက်ထဲက ကလေးအကြောင်း တွေးရင်း၊ဝေ့ရွှယ်၏ ရူးသွပ်လှသည့် ရယ်မောသံကို တွေးကာ မျက်လုံးတွေ တဖြည်းဖြည်း မည်းမှောင်သွားခဲ့သည်။
(ဝေ့ထင်ကို သတ်ချင်သည်...)
ဖြစ်နိုင်လျှင် သူမသည် ကလေးအစား လက်စားချေရန် ဝေ့ထင် နှင့် ဝေ့ရွှယ် ကို ချက်ချင်းသတ်ပစ်ချင်သည်။
ခုနက အိပ်မက်ကိုပါ မက်ထားသဖြင့် အားလုံးကို ထပ်ပြီးခံစားခဲ့ရသလို ခံစားလိုက်ရသည်။ သူမရှေ့မှာ ကလေးသေဆုံးသွားခဲ့သဖြင့် နာကြည်းမှုက သူမကို ရူးလုမတတ် ဖြစ်သွားသည်။သူမ လက်သီးကို တင်းတင်းဆုပ်ထားလိုက်သည်။ထိုအချိန်တွင် ဝေ့ထင်သည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်။ သူမ လှုပ်ရှားနေသော်လည်း သူ နိုးလာမည်မဟုတ်။ဤအခိုက်အတန့်က သူမအတွက် တစ်ခုတည်းသော အခွင့်အရေး ဖြစ်နိုင်သည်။ သာမာန်အားဖြင့် ဝေ့ထင် သည် သူမထံ စပြီးချဉ်းကပ်ခြင်းမရှိပါက၊ သူမ သူနှင့် တွေ့ခွင့်ပင်မရှိပေ။
စုမုန့် ဖြည်းဖြည်းချင်း ထရပ်ပြီး ဝေ့ထင် ကိုစိုက်ကြည့်နေသည်။ပြီးလျှင် သူမလက်ကို မြှောက်ထားပြီး သူ့လည်ပင်းပေါ် တင်လိုက်ကာ အင်အားသုံးတော့မည့်အချိန်မှာ အရှုံးပေးလိုက်မိသည်။ သူမ ပြန်လည်မွေးဖွားလာခြင်းမှာ ဘုရားသခင်က သူမကို ဘဝသစ်တစ်ခုတွင် အသက်ရှင်ခွင့်ပေးထားသည်ဟု ဆိုလိုခြင်းပင်။ ကလဲ့စားချေခြင်းသည် အရေးကြီးသော်လည်း သူမ ကောင်းမွန်စွာနေထိုင်ရမည်ဖြစ်သည်။သူမဆရာနှင့် တခြားလုပ်စရာတွေလည်း ရှိနေ၍ သူ့လိုလူကြောင့် သူမ၏ လက်ကို မညစ်ပတ်စေသင့်ပေ။
ထို့ကြောင့် စုမုန့် သည် ဝေ့ထင်ကို မကြည့်ဘဲ အခန်းထဲမှ ထွက်လာခဲ့သည်။စုမုန့် တံခါးမှ ထွက်သွားသည်နှင့် ဝေ့ထင်သည် မျက်လုံးကို ဖြည်းညှင်းစွာဖွင့်ကာ စိတ်ရှုပ်ထွေးစွာဖြင့် တံခါးကို ကြည့်လိုက်လေသည်။
စုမုန့် သည် အခန်းထဲက ထွက်လာပြီးနောက် ကုလားထိုင်ပေါ်မှာ ထိုင်နေသည့် ကျူးရွှင်း ကို တွေ့လိုက်သည်။ သူ့ဘေးမှာ ကျောပိုးအိတ် အနက်ရောင်လေး ရှိနေ၏။သူက သူမ ထွက်လာသည်ကို မြင်ပြီး ရှက်ရွံ့စွာ ပြုံးပြသည်။
သူမ ကျူးရွှင်းကိုကြည့်ပြီး အေးစက်စွာမေးလိုက်သည်။
"ပြန်လာကတည်းက ရှင်ဘာလို့မဝင်လာတာလဲ"
ကျူးရွှင်းက အိတ်ကို ကောက်ကိုင်လိုက်ပြီး မတ်တပ်ရပ်ကာ ပြုံးပြလိုက်သည်။
"သခင်မလေးက ဥက္ကဌဝေ့နဲ့နေနေတာဆိုတော့ စိတ်အနှောင့်အယှက်ဖြစ်မှာစိုးလို့ပါ…ဒါနဲ့ သခင်မလေး၊ အခု ဥက္ကဌဝေ့ရဲ့ အခြေအနေ ဘယ်လိုရှိလဲ"
"သခင်မလေးက ဘယ်သူလဲ…ကျွန်မကို အဲ့ဒီလိုမခေါ်နဲ့... စိတ်မပူပါနဲ့၊ သူ မသေသေးဘူး…အနည်းဆုံးတော့ သူအသက်ရှုနေသေးတယ်…သူအသက်မရှူရင် ကျွန်မကိုပြန်ဆက်သွယ်ပါ... မီးရှူးမီးပန်း အစုံလိုက်ဝယ်ထားမယ်”
စုမုန့်၏ သဘောထားက စောစောက ပုံစံနှင့် ပြောင်းလဲသွားသည်။ခဏလောက်နေပြီးနောက်မှ ဘာကြောင့် ရုတ်တရက်ပြောင်းလဲသွားတာလဲ.... ကျူးရွှင်း သည် သူမ၏ သဘောထားကြောင့် ထိတ်လန့်သွားပြီး ချက်ချင်း အသံပင်မထွက်ရဲပေ။
"ရှင် ဝေ့ရွှယ်ကို အကြောင်းကြားပြီးပြီလား"
စုမုန့် ထွက်သွားချိန်မှာ တစ်စုံတစ်ခုကို မေ့သွားသဖြင့် ဖြည်းညှင်းစွာ လှည့်ပြီး ကျူးရွှင်းကို မေးလိုက်သည်။
ကျူးရွှင်း နားမလည်ပေ။ ဘာလို့ ရုတ်တရက် မမလေးကို မေးတာလဲ…သို့သော် သူဘာမှ မမေးဝံ့ဘဲ ခေါင်းခါပြလိုက်သည်။
"ဒါဆို ရှင် သူ့ကို အမြန်အကြောင်းကြားရမယ်…မဟုတ်ရင် ဝေ့ထင် နိုးလာတဲ့အခါ ရှင့်ကို ဆူနေလိမ့်မယ်..."
ထိုသို့ပြောပြီးနောက် စုမုန့် မနေတော့ဘဲ ထွက်ခွာသွားခဲ့သည်။ ကျူးရွှင်း ကတော့ ဘာလုပ်ရမှန်းမသိဘဲ မတ်တပ်ရပ်နေဆဲ။
ဒီကိစ္စက မမလေးနဲ့ ဘာဆိုင်လို့လဲ... ဝေ့ထင် ဒဏ်ရာရသွားတာက သူမကြောင့်မှ မဟုတ်ပဲ...
သို့သော် စုမုန့် ၏ သဘောထားကိုကြည့်ပြီး သူ့စိတ်ထဲတွင် သံသယများ ရှိနေသော်လည်း မမေးဝံ့ပေ။ လက်ရှိ စုမုန့်သည် အလွန်ကြောက်စရာကောင်းသည်ဟု သူ ခံစားမိသည်။ ဝေ့ထင်ကို အရင်သွားပြီး ဂရုစိုက်ခြင်းက ပိုကောင်းသည်။သူ ခဏတုံ့ဆိုင်းပြီးနောက် တံခါးကိုဖွင့်ကာ အထဲသို့ဝင်လိုက်သည်။
ကျူးရွှင်း ဝင်လာသောအခါ ဝေ့ထင် နိုးနေပြီဖြစ်ကာ ကုတင်ပေါ်တွင် လဲလျောင်းရင်း မျက်နှာကျက်ကို ကြည့်ကာ သူဘာတွေ တွေးနေမှန်းမသိ။ကျူးရွှင်း က သူသတိပြန်လည်လာစေဖို့ အကျယ်ကြီးအော်ပြောရလေသည်။
"သူမ ဘာဖြစ်သွားတာလဲ"
ဝေ့ထင် က အသံတိုးတိုးဖြင့် မေးသည်။
"အင်"
ကျူးရွှင်း ကြောင်သွားသော်လည်း ဝေ့ထင် ၏ အေးစက်သော မျက်လုံးများကို မြင်လိုက်ရသောအခါ ချက်ချင်းပင် တုံ့ပြန်ခဲ့သည်။
"သခင်မလေးက အမှုကို စုံစမ်းစစ်ဆေးဖို့ ရဲတွေနဲ့လုပ်နေချိန်မှာ သံသယရှိသူက သူမကို ရိုက်နှက်လိုက်လို့ ထိခိုက်ဒဏ်ရာ ရသွားတာပါ…ဒါပေမယ့် ကျွန်တော် ဆရာဝန်ကို မေးပြီးပြီ... ဆရာဝန်က ဘာမှ သိပ်မပြောဘူး.. သူတို့ ဒီနေ့ တစ်ရက်စောင့်ကြည့်ပြီး နောက်ထပ် နှစ်ရက်လောက်နေမှ ဆေးရုံက ဆင်းရမယ်တဲ့"
ဝေ့ထင်က မျက်မှောင်ကြုတ်လျက်
“စုမုန့်ကို ကာကွယ်ဖို့ လူနှစ်ယောက်ကို လွှတ်လိုက်...သူတို့ကိုအမှောင်ထဲမှာပဲ ကာကွယ်ခိုင်းထား....လုံးဝမရိပ်မိစေနဲ့"
"ဥက္ကဌဝေ့က သံသယရှိသူတရားခံကို စိတ်ပူနေတာလား"
“မဟုတ်ဘူး၊ အဲဒီနေ့က ရာဇ၀တ်ကောင်တချို့ ထွက်ပြေးသွားတယ်... စုမုန့်ရဲ့မျက်နှာကို သူတို့မြင်ဖူးမယ်ထင်တယ်...သူမကို ပစ်မှတ်ထားမှာကို ငါကြောက်တယ်…ဒါ့အပြင် ဝေ့မိသားစုမှာ စုမုန့် တွေ့ကြုံခဲ့ရတာတွေကို ကူညီရှာဖွေပေးစမ်းပါ...အသေးစိတ်သိချင်တယ်၊ တစ်ချက်မှ မကျန်ခဲ့စေနဲ့"
ဝေ့ထင် အရာရှိကျူးကို အမိန့်ပေးပြီးနောက် မျက်လုံးမှိတ်ပြီး အနားယူလိုက်သည်။သူ အမြဲတမ်း ခေါင်းမူးနေရခြင်းမှာလည်း မျှော်လင့်ထားသည့်အတိုင်း စုမုန့် ဒဏ်ရာရသွားသောကြောင့်ဖြစ်သည်။ ကံကောင်းထောက်မစွာ၊သူမ ဒဏ်ရာက ကြီးကြီးမားမားမဟုတ်ပေ။
သူမ၏ အခန်းထဲသို့ ပြန်ရောက်လာသော စုမုန့် သည် ဝေ့ထင် ပြောသည့်ကိစ္စအကြောင်း ဘာဆိုဘာမှ မသိခဲ့ပေ။ သူမ ကုတင်ပေါ် လှမ်းကြည့်လိုက်ရာ ရှန့်ကျန်း က လဲလျောင်းနေပြီး အိပ်ပျော်နေသည်။မသိလျှင် သူက လူနာလိုလိုပင်။
စုမုန့်: “…”
သူမ ရှန့်ကျန်း ကိုတစ်ချက်လှုပ်နှိုးလိုက်ကာ...
"ရှင့်ကို ဆရာနဲ့နေဖို့ ပြန်သွားခိုင်းခဲ့တာမဟုတ်ဘူးလား...ဘာလို့ဒီမှာရှိနေတာလဲ"
"မင်းရဲ့ခင်ပွန်းဟောင်းက မင်းကိုဒုက္ခပေးမှာစိုးလို့..ဒါကြောင့် ကိုယ်မင်းကို အချိန်မရွေးကူညီဖို့ အသင့်စောင့်နေတာ"
xxxxxx