Chapter 78
(လူသတ်မှု ရလဒ်)
သို့သော် စုမုန့် က သူ့ကို မျက်လုံးပြူးပြီး ဆူပူလိုက်သည်။
“ရှင် စိတ်ပူနေတယ်ဆ်ိုလည်း သူ့အခန်းဝမှာ ကျွန်မကို စောင့်မနေသင့်ဘူးလား…ဒီမှာအိပ်ရုံနဲ့ ဘယ်လို ကာကွယ်နိုင်မှာလဲ"
ရှန့်ကျန်း က ခြောက်သွေ့စွာ ရယ်မောလိုက်သည်။
“ခုနက အဘိုးက ဖုန်းဆက်ပြီး မေးတယ်...ရဲစခန်းမှာ စစ်ဆေးမှုတွေကို ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောလိုက်တယ်...မင်း ဆေးရုံတင်ထားရတယ်လို့မပြောဘူး"
ကောရှန်းသာ သူမ ဒဏ်ရာရပြီး ဆေးရုံတင်ထားရမှန်းသိလျှင် သူ စိတ်ပူသွားမှာ သေချာသဖြင့် စုမုန့်ကျေနပ်သွားရ၏။ ထိုအချိန်တွင် သူနာပြုဆရာမသည် အပြင်ဘက်မှ ဝင်လာသည်။
"လူနာ၊ဘယ်ကိုသွားလိုက်တာလဲ...ကျွန်မ ရှင့်ကို ရှာမတွေ့ဘူး...ရှင် ခုတော့ ခေါင်းကိုက်တာ ရပ်သွားပုံရတယ်"
သူနာပြုဆရာမက ဆေးတွန်းလှည်းကို တွန်း၍ စုမုန့် အနားကိုလာပြီး
“ဆေးထိုးရမယ်… မနက်ဖြန်မနက်မှာ နောက်ထပ်စစ်ဆေးမှုတစ်ခုလုပ်မယ်… နေကောင်းရင် သန်ဘက်ခါ ဆေးရုံကဆင်းနိုင်တယ်...ဆေးထိုးပြီးရင် လျှောက်သွားမနေနဲ့ဦး...တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ”
သူနာပြုဆရာမ၏ ပြစ်တင်ခြင်းကိုခံရပြီးနောက် သူမ ရှက်သွားကာ ကုတင်ပေါ်တွင် ပြန်အိပ်ပြီး ဆေးထိုးခွင့်ပြုလိုက်သည်။
တစ်ညတာသည် ထိုကဲ့သို့ ကုန်ဆုံးသွားသည်။နောက်တစ်နေ့တွင် စုမုန့် ဆေးစစ်ခဲ့ပြီး ရလဒ်ကို စောင့်နေစဉ်မှာပဲ ရဲအရာရှိ ချီရှာ ရောက်လာသည်။
"မစ္စစု၊ မနေ့က မင်းကို ကောင်းကောင်းမကာကွယ်နိုင်ခဲ့လို့ တစ်ကယ်တောင်းပန်ပါတယ်... မင်းခန္ဓာကိုယ်က ဘယ်လိုလဲ"
ချီရှာ ပုံစံက တက်ကြွနေပုံရကာ ကောင်းသည့်ကိစ္စတစ်ခုခု ဖြစ်ပျက်ခဲ့ပုံပင်။ စုမုန့် သည် သူ့မျက်နှာကို ကြည့်ပြီး အထက်အရာရှိက သူ့ကို ချီးကျူးလိုက်မှန်း ချက်ချင်း သဘောပေါက်လိုက်သည်။
"ကောင်းပါတယ်…အမှုက ဘယ်လိုလဲ…ရလဒ်ကို သိပြီလား”
သူမ၏ ကျန်းမာရေးနှင့် ယှဉ်လျှင် လုစစ်၏ ကိစ္စကို ပိုစိုးရိမ်မိသည်။
“အထောက်အထားတွေ အကုန်ရှာပြီးပြီ… လုစစ်က ကျွန်တော်တို့ကို ပြောပြတယ်လေ"
ထို့နောက် ချီရှာက ဟိုဒီကြည့်လိုက်သည်။ တံခါးက ပိတ်သွားပြီဖြစ်သည်။ ဤသည်မှာ VIP လူနာဆောင်ဖြစ်သောကြောင့် အသံလုံသည်။
“အဲဒီမိသားစုလေးယောက်ကို လုနင်က သတ်ခဲ့ပြီး လုနင်ကို လုစစ်က သတ်ခဲ့တာ... ဖန့်ယင်း ကလည်း သက်သေထွက်တယ်"
ဤအမှုဟာ စိတ်လှုပ်ရှားစရာကောင်းလွန်း၏။ ရှန့်ကျန်း အလွန်ကြောက်လန့်သွားပြီး ကုလားထိုင်ပေါ်တွင် ခြေနှစ်ဖက်လုံး တင်ထိုင်ကာ ဒူးနှစ်ဖက်ကို ဖက်ထားသည်။
စုမုန့် က မျက်မှောင်ကြုတ်ကာ
“လုနင်က အဲဒီမိသားစုရဲ့ အိမ်ကို ဓားပြတိုက်ဖို့ သတ်လိုက်တာလား”
ချီရှာက ခေါင်းညိတ်လိုက်ရာ သူမ ဆက်မေးသည်။
"ဒါပေမယ့် လုစစ်က သူ့အစ်ကိုကို ဘာလို့သတ်တာလဲ…,ပိုက်ဆံအတွက်လား…”ပြီးလျှင် သူမ ခဏစဉ်းစားပြီး “ဒါမှမဟုတ် သူမကို အနိုင်ကျင့်လို့လား”
“မဟုတ်ဘူး" ချီရှာ က ဖြည်းညှင်းစွာပြောသည်။
"လုစစ်က ဖန့်ယင်းဆိုတဲ့ ကောင်မလေးကို ကာကွယ်ပေးနေတာ"
ထိုအကြောင်းပြချက်ကိုကြားလျှင် စုမုန့် နှင့် ရှန့်ကျန်း နှစ်ယောက်လုံး အံ့ဩတုန်လှုပ်သွားကြသည်။
"ဟင်း…လုစစ်နဲ့ လုနင်တို့ဟာ သားတွေကို သမီးတွေထက် တန်ဖိုးထားတဲ့ ကျေးလက်တောရွာက မွေးဖွားခဲ့ကြတာ...သူတို့မိဘတွေက လုစစ်ကိုကျ ပစ်ထားပြီး လုနင်ကို အလိုလိုက်ထားတယ်…လုစစ်ကိုတော့ ခဏခဏ ရိုက်တယ်...နောက်ပိုင်း လုစစ် သည်းမခံနိုင်တော့ဘဲ ထွက်သွားတယ်…အံ့သြစရာ ကောင်းတာက လုနင်ကလည်း သူမနဲ့ လိုက်ထွက်သွားခဲ့တာ"
"သူတို့မိသားစုက အရမ်းဆင်းရဲတယ်… သူတို့ထွက်သွားတုန်းက စားဖို့တောင် ပိုက်ဆံမရှိကြဘူး...နောက်ပိုင်းမှာတော့ ဖန့်ယင်း နဲ့တွေ့ပြီး သူငယ်ချင်းဖြစ်ခဲ့တယ်...ဖန့်ယင်း က သူတို့ကို ခဏခဏ ကူညီတယ်… ဖန့်ယင်းတို့ မိသားစုက ချမ်းသာတော့ လုနင်က တီဗီထဲကလို သူမကို ပြန်ပေးဆွဲချင်ပေမယ့် လုစစ် က တားထားတာ… နောက်ပိုင်းမှာ ဖန့်ယင်းကို ကာကွယ်ဖို့အတွက် လုစစ်ဟာ လုနင်ကိုသတ်ပြီး သေကြောင်းကြံသလိုမျိုး အတုလုပ်ခဲ့တာ"
“ဒါပေမယ့် အဲဒီမိသားစုလေးယောက် သေပုံရော၊ လုနင် သေတာကိုရော ကောက်ချက်မချရသေးပါဘူး… အသေးစိတ် စုံစမ်းဖို့ လိုပါသေးတယ်"
စုမုန့် ခေါင်းညိတ်လိုက်သည်။ သူမသည် ဖုန်းရွှေကိုကူညီနိုင်သော်လည်းအမှုဖြေရှင်းရန်ရဲကိုသာအားကိုးနိုင်သည်။ လုစစ် ဘာပဲလုပ်လုပ် သူမနှင့် ဘာမှမဆိုင်ပေ။အိပ်မက်ဆိုးတွေအကြောင်း လုစစ် ပြောခဲ့တာကတော့ သူမ တွေးထားသည့်အတိုင်းပင်။ လုစစ်သည် ထိုနေ့တွင် အစ်ကိုဖြစ်သူကိုသတ်ပြီး မှန်ထဲမှာ သူမကိုယ်သူမ ပြုံးကြည့်နေခဲ့သည်။ထိုအခါ မှန်ထဲက ကိုယ့်ကိုယ်ကို ထိတ်လန့်သွားခဲ့သည်။
“မင်းတို့က ဒီအဖြစ်အပျက်အတွက် အများကြီး အထောက်အကူ ပြုခဲ့တယ်...အရာရှိလုကလည်း မင်းတို့ကို သိပ်ကျေးဇူးတင်တယ်တဲ့...ကျေးဇူးဆပ်ပါဦးမယ်လို့လည်း ပြောသေးတယ်… မင်း အခုနေကောင်းနေပြီဆိုတော့ ငါပြန်သွားပြီး သတင်းပို့လိုက်မယ်"
ချီရှာက ပြောပြီးသည်နှင့် စုမုန့် ကို နှုတ်ဆက်ကာ ချက်ချင်း ထွက်သွား၏။ ရှန့်ကျန်း သည် ချီရှာ ထွက်သွားပြီးနောက် စုမုန့် ဘက်သို့ လှည့်ကာ ကြောက်ရွံ့တုန်လှုပ်စွာဖြင့်
“ကြည့်စမ်း...ကိုယ် အခု ကံကောင်းလာလိုက်တာ.. ကိုယ့် ပထမဆုံးအလုပ်က အခုမှစတာကို လူသတ်မှုကြီးဖြစ်နေတယ်…ပြီးတော့ ကိုယ်လည်း ဘာအန္တရာယ်မှ မရှိခဲ့ဘူး...မိုက်လိုက်တာ"
“အဲဒါကြောင့် ရှင့်ကံ ပိုကောင်းလာတယ်လို့ ပြောတာပေါ့...လူသတ်သမားနဲ့တွေ့တာတောင် ရှင် အဆင်ပြေခဲ့တယ်”
သို့နှင့်၊ လုစစ် ကိစ္စက ပြီးသွားပြီဖြစ်သည်။ရလဒ်ကို သူမအား ပြောပြသည်ဖြစ်စေ၊ မပြောသည်ဖြစ်စေ ဂရုမစိုက်တော့ပေ။ သူမက ရဲတွေကို ကူညီနေသရွေ့တော့ အဆင်ပြေသွားမည်ဖြစ်သည်။
( မျက်နှာနှစ်ခုရှိသူ...)
နှစ်ယောက်သား လူနာေဆာင်ထဲမှာ ခဏနေလိုက်လျှင် စမ်းသပ်မှုရလဒ် ထွက်လာသည်။ စုမုန့် နေကောင်းနေပြီးဖြစ်၍ ဆေးရုံက ဆင်းနိုင်ပါပြီ။ နောက်ဆုံးတွင် ဝေ့ထင်နှင့် ဆေးရုံတစ်ခုတည်းတွင် မနေရတော့ပေ။
စုမုန့် သည် သူမ၏ အ၀တ်အစားများကို ပြန်လဲပြီးနောက် ဆေးရုံဆင်းရန် လုပ်ငန်းစဉ်များကို လုပ်ဆောင်ခဲ့သည်။ ထို့နောက် သူမသည် ရှန့်ကျန်း နှင့်အတူ ချက်ချင်းထွက်ခွာသွားခဲ့သည်။
ရှန့်ကျန်း က သူမနောက်ကို လိုက်လာပြီး "ဆရာမ အဲဒီ ဥက္ကဌဝေ့ကို ထပ်ပြီး မကြည့်တော့ဘူးလား"
"ဘာလို့ သူ့ကိုကြည့်ရမှာလဲ"
“အင်း… မင်း ကြည့်ရတာ သူ့အတွက်...." 'စိတ်ပူနေတယ်လို့ ကိုယ်ခံစားရတယ်....'
"သွားကြရအောင်" ရှန့်ကျန်း စကားမဆုံးခင် စုမုန့်က ဖြတ်ပြောလိုက်သည်။ထို့ကြောင့် ရှန့်ကျန်း ကျန်စကားလုံးတွေကို မျိုချလိုက်ရသည်။
သူတို့နှစ်ယောက် ဆေးရုံက ထွက်လာချိန်မှာ စုမုန့်သည် သူမ၏ လျှပ်စစ်စက်ဘီးအကြောင်း ရုတ်တရက် တွေးမိကာ ရှန့်ကျန်း ကို " လျှပ်စစ်စက်ဘီးက ဘယ်မှာလဲ"
“လျှပ်စစ်စက်ဘီးက လုစစ် ရဲ့ ဗီလာအနားမှာပဲ... အဲဒီတုန်းက မင်းသတိလစ်နေလို့ ကိုယ် အရမ်းစိတ်တွေပူပြီး လူနာတင်ယာဉ်နဲ့ လိုက်လာခဲ့တာ"
ရှန့်ကျန်းလည်း စက်ဘီးကိစ္စကို မေ့နေခဲ့သည်။စက်ဘီးပျောက်သလား၊မပျောက်သလားပင် မသိပေ။သို့သော် အနက်ရောင် လျှပ်စစ်စက်ဘီး၏ရုပ်ဆိုးသော ပုံစံကို တွေးကြည့်သောအခါ မည်သူမျှ ခိုးယူမည်မဟုတ်ပေ။ ကံကောင်းချင်တော့ ဆေးရုံက ရှေးဟောင်းလမ်းနှင့် သိပ်မဝေးပေ။ ထိုနေရာသို့ရောက်ရန် အချိန်တိုလေးသာကြာသည်။
သို့ဖြင့် စုမုန့် နှင့် ရှန့်ကျန်း သည် ဖြည်းညှင်းစွာ ပြန်ထွက်လာခဲ့သည်။ စုမုန့် သည် ဆိုင်တစ်ဆိုင်ကို တစ်ချက် လှမ်းကြည့်ရင်း ရုတ်တရက် အကြံတစ်ခု ထွက်ပေါ်လာသည်။ သူမ ရှန့်ကျန်း၏ ပခုံးကိုပုတ်ပြီး ဆိုင်တစ်ခုကို မေးစေ့နှင့် ထိုးပြသည်။
မိနစ်အနည်းငယ်ကြာပြီးနောက် နှစ်ယောက်သား မှန်တံခါးကိုဖွင့်ကာ 4S ဆိုင်ထဲသို့ ၀င်သွားကြသည်။ ဆိုင်မှာ လူသိပ်မရှိပေ။
"ဘာလိုပါသလဲရှင်"
အရောင်းဝန်ထမ်းက သူတို့ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုသည်။
"ကျွန်မတို့ ကားဝယ်ချင်ပါတယ်..."
စုမုန့်က ဆိုလိုက်ရာ အရောင်းဝန်ထမ်းက ပြုံးပြီး "ဒါဆို ကားကို ဘယ်လောက်အထိ သုံးချင်ပါသလဲ"
သူမသည် ဆိုင်ရှိ ကားများကို ငုံ့ကြည့်ကာ ပေါ့ပေါ့ပါးပါးဖြင့်
"တွက်ခြေကိုက်ပြီး ဈေးနှုန်းသင့်တင့်ရင်ရပြီး...ပုံစံက အရေးမကြီးပါဘူး”
ဆိုလိုသည်မှာ ကားစျေးသက်သာလေ ပိုကောင်းလေဖြစ်သည်။ထိုအခါ အရောင်းဝန်ထမ်း မျက်နှာ ချက်ချင်း ပျက်သွားကာ တစ်ချိန်တည်းမှာပင် စုမုန့်ကို တစ်ကိုယ်လုံး စုန်ချည်ဆန်ချည် ကြည့်နေသည်။ စုမုန့်သည် သာမာန်အဝတ်အစားများ ဝတ်ဆင်ထားပြီး သူမ၏ခန္ဓာကိုယ်တွင် တန်ဖိုးရှိသောအရာ တစ်ခုမှ မမြင်လိုက်ရသဖြင့် သူမမှာ ပိုက်ဆံမရှိဟု ထင်ကာ ချက်ချင်းပင် စိတ်ဝင်စားမှုမရှိတော့။
“တောင်းပန်ပါတယ် မစ္စ… ဒါက အဆင့်မြင့်ဆိုင်ပါ… ကျွန်မတို့မှာ ဈေးသက်သာတဲ့ ကားတွေ မရှိပါဘူး…ဒါပေမယ့် စျေးသက်သာတဲ့ ကားလိုချင်ရင် တခြားတစ်နေရာကို သွားကြည့်လို့ရပါတယ်"
အရောင်းဝန်ထမ်း စကားပြောပြီးသည်နှင့် နားရွက်ကြီးကြီး၊ထိပ်ပြောင်ပြောင် ဗိုက်ရွှဲရွှဲနှင့် လည်ပင်းတွင် ရွှေဆွဲကြိုးကြီးကို ဝတ်ဆင်ထားပြီး လက်မောင်းပေါ်တွင် တက်တူးထိုးထားသည့် လူတစ်ယောက်ဝင်လာသည်။ ထိုသူ ဝင်သွားသည်နှင့် ချောမောလှပသည့် အမျိုးသမီးတစ်ဦးလည်း ဝင်လာခဲ့သည်။ သူမသည် ထိုလူထံသို့ လျင်မြန်စွာ လျှောက်သွားပြီး
“ရှင်က စိတ်ဆိုးတာလား...ကျွန်မက ရှင့်ကိုနောက်တာပါ…အဲ့လောက်ထိလည်း ကပ်စေးမနှဲပါနဲ့"
ချောမောလှပသော အမျိုးသမီးသည် စကားစမြည်ပြောရင်း ထိုသူကို မှီတွယ်ထား၏။သူတို့နှစ်ဦးသည် ဈေးကြီးအ၀တ်အစားများနှင့် လက်ဝတ်ရတနာများ ၀တ်ဆင်ထား၍ ချမ်းသာပုံရသည်။
အရောင်းဝန်ထမ်းက သူတို့ကိုတွေ့လိုက်သည့်အခါ မျက်နှာအမူအရာက ချက်ချင်းပြောင်းလဲသွားသည်။သူမ ပြုံးပြပြီး သူတို့ဆီ လျှောက်သွားကာ
" ဧည့်သည်တို့ကြိုက်တဲ့ ကားများ ရှိနှင့်ပြီလားရှင်…မရှိသေးရင် ကျွန်မ အကြံပေးနိုင်ပါတယ်"
ထိုအခါ စုမုန့်သည် အိမ်သွားကြည့်သည့်နေ့ကို ပြန်သတိရမိသည်။အိမ်လိုက်ပြပေးသည့် အရောင်းဝန်ထမ်းကလည်း ယခုမိန်းကလေးလိုပင်။သူမလိုမိန်းကလေးမျိုး နေရာတိုင်းမှာရှိသည်။ယခု အခြေအနေက နောက်ဆုံးအကြိမ်နှင့် အတူတူပင်။ တစ်ခုတည်းသော ခြားနားချက်မှာ ယခင်က သူမမှာ အိမ်ဝယ်ရန် ပိုက်ဆံမရှိသော်လည်း ယခုအခါတွင် ကားဝယ်ရန် ပိုက်ဆံရှိနေပြီဖြစ်သည်။ကြည့်ရသည်က၊အရောင်းဝန်ထမ်းသည် ကော်မရှင်ခ ယူချင်ပုံမရချေ။
"ဒီကလေးမလေးက မျက်နှာနှစ်ခုရှိတာပဲ"
ရှန့်ကျန်း က ဘေးမှနေ၍ လှောင်ပြောင်လိုက်သည်။
“ဒါက ပုံမှန်ပါပဲ... ဒါတွေအားလုံးဟာ သူတို့ အသက်မွေးဝမ်းကြောင်းအတွက်နဲ့ ဝင်ငွေရှာဖို့လုပ်နေကြတာပဲ…သူမဘဝအတွက် အကောင်းဆုံးရွေးချယ်မှုလုပ်ခဲ့တာ… သူမ ကျွန်မတို့ကို ဘာမှ မထိပါးလာရင် ဒါတွေကို ဂရုစိုက်နေဖို့ မလိုပါဘူး”
သူမ နောက်ဆုံးအကြိမ် အရောင်းဝန်ထမ်းနှင့် ရန်ဖြစ်ရသည့် အကြောင်းအရင်းက၊ သူမကို ဒေါသဖြစ်ပြီး လှောင်ပြောင်ခဲ့တာကြောင့်ပင်။ထို့ကြောင့် သူမသည် ဂရုမစိုက်ဘဲ သူမကိုယ်တိုင် ကားများကြည့်ဖို့ စိတ်ကူးထား၏။
“ဒါပေမယ့် မဖြစ်သင့်ဘူးလေ…ဖောက်သည်တစ်ယောက်ကို ဒီလိုမျိုး ဘယ်လိုဆက်ဆံသင့်မလဲ...ဖောက်သည်က ဘုရားသခင်မဟုတ်လား"
"ဘုရားသခင်?… ချမ်းသာတဲ့သူတွေက ဘုရားသခင်... ဆင်းရဲသားတွေက ကြက်သွန်မြိတ်တွေချည်းပဲ…သူများတွေက ကြက်သွန်မြိတ်တွေကို ရိတ်ချင်လှီးချင်ကြတာချည်းပဲ"
ထိုစကားကို ပြောပြီးနောက် သူမကိုယ်တိုင်ပင် သဘောကျသွားခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်း၊ သူမ၏ ကျင့်ကြံစဉ် တိုးတက်လာသည်နှင့်အမျှ သူမ၏ စိတ်ဓာတ်ကလည်း ပိုကောင်းလာသည်။
xxxxxxx