အပိုင်း၇၉
Viewers 8k

Chapter 79

(စုမုန့်က ထိုလူအား လုယူမည်ကို ကြောက်ရွံ့နေသူ)


ဆိုင်ပတ်ပတ်လည်ကို လှည့်ကြည့်ပြီးနောက် ထောင့်စွန်းတွင်ရှိသည့် ကားကို စုမုန့် ရွေးချယ်ခဲ့သည်။ဤကားက ဆိုင်မှာ ဈေးအသက်သာဆုံးဖြစ်နိုင်သည်။ သို့သော်လည်း ကားဖွဲ့စည်းမှုပုံစံက ကောင်းမွန်သလို၊သူမအတွက် သင့်တော်သည်။ သူမ ကားကိုကြည့်နေရင်း နောက်မှရောက်လာသည့် လူဝကြီးက သူမကို စောင့်ကြည့်နေသည်။


ထိုသူ့ဘေးနားရှိ မိန်းမချောလေးက ဆိုင်ရှိစျေးအကြီးဆုံးကားကို လက်ညှိုးထိုးပြပြီး 


“အစ်ကိုချမ်... ကျွန်မ အဲဒီကားကို လိုချင်တယ်...ဝယ်ပေးနိုင်မလား"


မိန်းမချောသည် ဖက်တီးအား တီတီတာတာနှင့် လက်ကိုတွဲထားကာ ပြောလိုက်သည်။ဖက်တီးက ဘာမှတုံ့ပြန်မှုမှမရှိသောအခါ သူမက ထိုသူ၏မျက်နှာနားကို ကပ်လာပြီး နှုတ်ခမ်းနီရာများထင်သည်အထိ ပါးကိုဖိနမ်းလိုက်သည်။


အရောင်းဝန်ထမ်းနှင့်ဤမြင်ကွင်းကို မြင်လိုက်ရသည့် ဖောက်သည်တွေအားလုံး လန့်သွားကြသည်။ဤမိန်းမချောသည် ဇီဇာလုံးဝမကြောင်ပေ။ထိုလူဝကြီးမှာ အသားမည်းပြီး သူ့မျက်နှာပေါ်တွင် ကြီးမားသော အဖုအထစ်များရှိသဖြင့် မာဖီးယားသူဌေးတစ်ယောက်လို ရက်စက်ကြမ်းကြုတ်လျက်ရှိသည်။  သူ့လိုရုပ်ဆိုးသူမျိုးကိုပင် သူမက ချစ်ကြိုက်ရဲသည်။သို့သော် ဖက်တီးကြီးသည် အခြားသူများ၏ စိတ်ထဲက သူ့ကို အထင်အမြင်သေးနေသည်ကို မသိခဲ့ပေ။သူ့ကို လာနမ်းသူ မိန်းမချောလေးကြောင့် ပျော်ရွှင်သွား၍ လက်ကိုဝှေ့ယမ်းပြီး 


“ဒါဆို ဒီကားကို ယူလေ... ကြိုက်တာဝယ်...ကိုယ့်မှာ  ပိုက်ဆံကလွဲလို့ အရာအားလုံး ချို့တဲ့နေတာ"


ဖက်တီးက စုမုန့်ဘက်ကို ကြည့်ပြီး အသံကျယ်ကြီးနှင့် ပြောလိုက်သည်။သူက စုမုန့်၏ အာရုံကို ဆွဲဆောင်ဖို့ တမင်တကာ ကြိုးစားနေခြင်းပင်။တစ်ကယ်လည်း သူအောင်မြင်ခဲ့၏။ စုမုန့်နှင့် ရှန့်ကျန်းတို့သည် ထိုစကားကိုကြားပြီးနောက် ခေါင်းလှည့်ကာ သူ့ကိုကြည့်ကြသည်။ စုမုန့် ခေါင်းလှည့်လာသည်ကို ဖက်တီးက မြင်လျှင် သူ့စိတ်ထဲမှာ နူးညံ့ချောမောသည်ဟု ထင်ရသော အပြုံးနှင့်ပြုံးလိုက်သည်။သူ့ကိုယ်ဟန်ပန်ကိုပင် စမတ်ကျကျဖြစ်အောင် ပြောင်းရပ်လိုက်၏။ 


အရောင်းဝန်ထမ်းသည် တခြားဘာကိုမှ ဂရုမစိုက်တော့။ဖက်တီးက စျေးအကြီးဆုံးကားကို ဝယ်ပေးချင်သည်ဟု ကြားသောအခါ သူမက နားအထိ တက်ချိတ်သွားအောင် ပြုံးလိုက်သည်။ဖက်တီးက မိန်းမချောလေးကို အတော်အရေးပေးနေတာကြောင့်


"ရှင်တို့နှစ်ယောက်က တစ်ကယ့်ကို အရမ်းချောပြီး အရမ်းလိုက်တာပဲ...ကားနဲ့ပတ်သတ်ပြီးတော့လည်း အရမ်းအရွေးတော်တာပဲ… ဒီကားက ကျွန်မတို့ဆိုင်ရဲ့ ရတနာပါ...သူ့ရဲ့ အသွင်အပြင်နဲ့ စွမ်းဆောင်ရည်က ဆိုင်မှာ အကောင်းဆုံးပါပဲ”


 “ဒါ့အပြင် ဒီကားက Limited Edition ပါ...တစ်နိုင်ငံလုံးမှာ တစ်စီးတည်းပဲ ကျန်တော့တယ်...ဒီကားကိုမောင်းရင် အရမ်းစမတ်ကျပြီး ရှင်တို့ရဲ့ အဆင့်အတန်းကို အလိုလို ပြပြီးသားဖြစ်လိမ့်မယ်...ဒီကားက ရှင်တို့နှစ်ယောက်အတွက် အသင့်တော်ဆုံးကားပဲ”


ဤကား၏ကော်မရှင်ခသည် ဆိုင်တွင်အမြင့်ဆုံးဖြစ်၍ အရောင်းဝန်ထမ်းက ဝင်ပြောသည်။ဤကား၏ ကော်မရှင်ခက အခြားကားများစွာ ရောင်းချမှ ရရှိမည်ဖြစ်သည်။


အရောင်းဝန်ထမ်း၏ ချီးမွမ်းသံကို ကြားလိုက်ရသောအခါ မိန်းမချောသည် ပို၍ပင် ပျော်ရွှင်လာသည်။ သူမသည် ဖက်တီးကို ပွေ့ဖက်ထားပြီး သူမရင်ဘတ်နှင့်သူ့လက်မောင်းကို ထိအောင် တမင်တကာ ပွတ်သပ်လိုက်သည်။ဖက်တီးကလည်း မရှက်ဘဲ မိန်းမချောလေးကို ပြန်လည် ပွေ့ဖက်လိုက်သည်။  သူတို့နှစ်ယောက်ကိုကြည့်ပြီး အခြားသူများမှာ ဆွံ့အနေရတော့သည်။


 “စုမုန့်…ဒီကားက ဈေးအကြီးဆုံးပဲ… တစ်ကယ်မိုက်တယ်"  


ရှန့်ကျန်းသည် ဖက်တီးတို့ ရွေးချယ်ထားသောကားကို ကြည့်လိုက်ပြီး သူလည်း လိုချင်လာသည်။


စုမုန့် ထိုကားကိုတစ်ချက်ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ အဲဒီကား…


ဖက်တီးက စုမုန့် သူ့ဘက်ကို လှမ်းကြည့်နေသည်ကိုမြင်လျှင် ဆံပင်ကို နောက်လှန်ကာ မိန်းမချောလေးကို လွှတ်ပြီး သူမဆီသို့ လျှောက်သွားသည်။


 "အလှလေး... မင်း ကိုယ့်ကိုကြည့်နေတာ ကို မြင်တယ်…အဲဒီကားကို ကြိုက်လား... မင်းလိုချင်ရင် ကိုယ်…”


"ရှင် တခြားကားကို ပြောင်းဝယ်ဖို့ ကျွန်မ အကြံပေးချင်တယ်"  


စုမုန့်က ဖက်တီးစကားဆုံးသည်အထိမစောင့်ဘဲ ဆိုလိုက်သည်။


"ဘာလို့ပြောင်းရမှာလဲ  ဒီကားကို ကြိုက်လို့လား" 


 မိန်းမချောလေးသည် ဖက်တီးကို ကောင်းကောင်းသိ၏။ဖက်တီးက စုမုန့်ကို စိတ်ဝင်တစား ဖြစ်နေသည်ကို မြင်ရသောအခါ ဝင်ပြောသည်။အထူးသဖြင့် ကားပြောင်းဖို့ စုမုန့် ပြောလာသည့်အခါ စုမုန့်က သူမလိုမျိုး မိန်းမဟုထင်မိသည်။စုမုန့်သည် ဖက်တီးကို သဘောကျပြီး မြှူဆွယ်ချင်နေသည်ဟုသာ ထင်လိုက်၏။


 “ဒီကားက အဆင်မပြေဘူး”


 "ဘာရယ်  နင် မနာလိုဖြစ်နေတာထင်တယ်...မနာလိုဖြစ်နေလို့လည်း ဘာအသုံးဝင်မှာလဲ...နင့်ပုံစံကြည့်တာနဲ့ မတတ်နိုင်မှန်း အရမ်းသိသာတယ်...ဘာလို့ တခြားကားကို မကြည့်တာလဲ... တခြားကားတွေက နင်နဲ့ ပိုလိုက်ဖက်တယ်လို့ ထင်တယ်”  


မိန်းမချောလေးသည် ထောင့်ရှိပိုးကောင်ပုံရှိသော ကားငယ်အား မေးငေါ့၍ပြောဆိုလိုက်၏။ထိုကားသည် နွားချီးပိုးကောင်နှင့်တူသည်။ထူးဆန်းသောအသွင်အပြင်ရှိပြီး အလွန်သေးငယ်သည်။တန်ဖိုးကြီးကားတွေကြားမှာ ရုပ်ဆိုးစွာ အနည်းငယ်ကွဲထွက်နေ၏။


"ရှင်ကိုယ်တိုင် ကားဝယ်ဖို့ မတတ်နိုင်ရင်လည်း ရပါတယ်…ကျေးဇူးပြုပြီး တခြားဧည့်သည်တွေကို မနှောင့်ယှက်ပါနဲ့…ဒီကားက အကောင်းဆုံးပါ… ကဏ္ဍပေါင်းစုံကနေကြည့်ရင် အရမ်းကို ပြီးပြည့်စုံပါတယ်…ဒီကားက သူမနဲ့ အသင့်တော်ဆုံးပါပဲ”  


လက်ထောက်က စုမုန့်၏စကားကို ကြားလိုက်သည်နှင့် မျက်နှာအမူအရာ ပြောင်းသွားသည်။ကံကောင်းစွာပင် မိန်းမချောလေးကလည်း စုမုန့် ကိုပင် လှောင်ပြောင်ခဲ့သည်။ထို့ကြောင့် သူမ ဘယ်ဘက်ကိုလိုက်ရမှန်း သဘောပေါက်ကာ အတင်းမြှောက်ပင့်ပြောဆိုလေသည်။


မိန်းမချောလေးကလည်း ဖက်တီး၏လက်မောင်းကို ပွေ့ဖက်ကာ စုမုန့်ကို အထက်စီးကကြည့်လိုက်သည်။သူမ၏မျက်လုံးများသည် ဒေါသနှင့်ပြည့်နှက်နေသည်။


 "အစ်ကိုချမ်...ဒါကိုပဲ ကျွန်မလိုချင်တာ"  


စုမုန့်အား စိုက်ကြည့်နေသော ဖက်တီး၏ မျက်လုံးများကို မိန်းမချောလေး မြင်လိုက်ရသဖြင့် ချွဲနွဲ့၍ ပြောဆိုနေပေတော့သည်။


(နောက်ဆုံးတွင် ကားတစ်စီးဝယ်ခဲ့သည်...)


ထိုအချိန်တွင် ဆိုင်ထဲသို့ ဖောက်သည်တစ်ဦး ရောက်လာသည်။အရောင်းဝန်ထမ်းက ခေါင်းကို လှည့်ကြည့်လိုက်တော့ ရိုးရိုးရှင်းရှင်း ၀တ်စားထားပြီး ကျောပိုးအိတ်လွယ်ထားသည့် ကျောင်းသူလေးတစ်ယောက်မှန်း တွေ့ရသည်။နောက်တစ်ခုက ဆင်းရဲပုံလည်း ပေါက်သည်။ထို့ကြောင့် အရောင်းဝန်ထမ်းသည် တစ်ချက်မျှသာ ကြည့်ပြီး နောက်သို့ လှည့်လိုက်သည်။သူမ၏ ယနေ့ရည်မှန်းချက်က ဖက်တီးနှင့် မိန်းမချောလေးကို ဆွဲဆောင်ကာ ဤကားကို အောင်မြင်စွာ ရောင်းချဖို့ပင်။


 “ဒီကားက လှလိုက်တာ.. ဘယ်လောက်ကျလဲ" 


ကျောင်းသူလေးသည် မိန်းမချောလေး နှစ်သက်သည့် ကားကို လက်ညှိုးထိုးပြပြီး မေးသည်။သူမသည် ဆိုင်ထဲသို့ ဝင်လာကတည်းက ထိုကားကို စိတ်ကူးယဉ်ထားပြီးသားပင်။အရောင်းဝန်ထမ်း ထိုစကားကိုကြားသော် သူ့မျက်လုံးတွေ ချက်ချင်း လင်းလက်လာသည်။ပြိုင်ဆိုင်မှုရှိနေခြင်းက ပိုကောင်းသည်။ဤကားအကြောင်း မေးပြီး စိတ်ဝင်စားလာသူတွေရှိသရွေ့ သူမအတွက် ဂွင်တွေ့ရလေသည်။ 


“ရှင် ဒီကားကို လိုချင်သေးလား…လာမေးတဲ့ တခြားဧည့်သည်တွေလည်း ရှိနေပြီလေ…ရှင်တို့ နှစ်ယောက်မလိုချင်ရင် အဲ့ဒီဧည့်သည်ကို ပြရမှာမလို့ပါ"


ထိုအခါ မိန်းမချောလေး ချက်ချင်းစိုးရိမ်သွားကာ ဖက်တီးကို "အစ်ကိုချမ်...လိုချင်တယ်"


 ကျောင်းသူကလည်း ရုန်းရင်းဆန်ခတ်ဖြစ်နေသည်ကို သတိပြုမိကာ ဟိုကြည့်ဒီကြည့်နှင့် စုမုန့်ကိုတွေ့သွားရာ ခဏကြောင်သွား၏။ထို့နောက် သူမအား နှုတ်ဆက်ရန် ပြေးလာသည်။  


"အစ်မက.. စုမုန့်လား"


စုမုန့် ရှေ့ကကောင်မလေးကို ကြည့်ပြီး အရင်က တွေ့ဖူးသလားဟု ပြန်စဉ်းစားကြည့်သည်။သို့သော် သူမဘယ်လောက်ပဲ ကြိုးစားကြိုးစား မမှတ်မိချေ။


 “ဟုတ်ပါတယ်…”


 "မင်္ဂလာပါ...ညီမနာမည်က လင်းအိုက်ပါ...အစ်မ ဆရာရဲ့ ရှေးဟောင်းပစ္စည်းဆိုင်မှာ အချိန်ပိုင်းအလုပ်လုပ်ဖူးတယ်...အစ်မကို အရင်ကတွေ့ဖူးပေမယ့် အစ်မက သတိမထားမိဘူးထင်တယ်...အဲဒီနေ့က အစ်မက ဆိုင်အဝင်ဝမှာ ရပ်နေတဲ့အချိန်တုန်းက မြင်ဖူးတာပါ...အစ်မကိုတွေ့တဲ့အခါ အဘိုးကြီး ကော က သူ့ကို လာဆက်သွယ်ဖို့ ပြောခဲ့တယ်...အစ်မ အဘိုးကောနဲ့ တွေ့ပြီးပြီလား"


 "ဟုတ်တယ်..တွေ့ပြီးပါပြီ...အစ်မက အခု ရှေးဟောင်းဆိုင်မှာနေနေတယ်"  


လင်းအိုက်နှင့် စုမုန့်တို့ စကားပြောနေကြစဉ် မိန်းမချောလေးသည် ဖက်တီးကို ဆက်၍ ပူဆာပြီးညုတုတုလုပ်နေလေသည်။


 "အစ်ကိုချမ် အခု မဝယ်ရင် ဒီကလေးမလေးက ဝယ်သွားလိမ့်မယ်…ကလေးမလေးတစ်ယောက်က ကျောတာကိုတော့ အစ်ကိုမခံချင်ဘူးမလား"


သူမသည် ဖက်တီးအကြောင်း ကောင်းစွာသိသူပီပီ သူ့ကို စိတ်ဓာတ်တက်ကြွလာအောင် မည်သို့ပြောရမည်ကို သိသည်။ထိုအခါ ဖက်တီးက သူ့ဘဏ်ကတ်ကို ထုတ်ပြီး အရောင်းဝန်ထမ်းကို ပေးလိုက်၏။


 "ဒီကားကို ငါတို့လိုချင်တယ်"


အရောင်းဝန်ထမ်းက ပြုံးပြီး “ကောင်းပြီ စိတ်မပူပါနဲ့...ဒီဆိုင်က တရားဝင်ဆိုင်ပါ...လုပ်ထုံးလုပ်နည်းတွေနဲ့  ကားအာမခံလည်း လုပ်ပေးပါတယ်…နောက်  ရှင်တို့မှာ တစ်ခုခုရှိမယ်ဆိုရင် ကျွန်မတို့ဆီကို လာနိုင်ပါတယ်"


သူကြိုက်သည့်ကားကို တခြားသူက ဝယ်ခါနီး ဖြစ်နေသောအခါ လင်းအိုက် တားချင်မိသည်။ထိုအခါ စုမုန့်သည် သူမ လက်ကိုကိုင်ကာ 


“ဒီကားက မသန့်ဘူး...တခြားကားပဲ ဝယ်ပါ"


လင်းအိုက် မယုံနိုင်လောက်အောင် ဖြစ်သွားသော်လည်း စုမုန့်၏ လေးနက်သော မျက်နှာထားကို မြင်ပြီး စုမုန့်သည် အဘိုးကော၏ တပည့်ဖြစ်ကြောင်း သတိရသောအခါတွင် ချက်ချင်းနားလည်သွားပြီး ခေါင်းညိတ်လိုက်သည်။


 “တခြားကားတွေကို သွားကြည့်လို့ရတယ်...ဒီတစ်ခုနဲ့ ဒီတစ်ခုကလွဲလို့ ကျန်တာအကုန်အဆင်ပြေတယ်" 


စုမုန့် ပြဿနာဖြစ်နေသည့် ကားနှစ်စီးကို ပြလိုက်၏။သို့သော် လင်းအိုက်သည် ကားဝယ်ရန် စိတ်ဝင်စားမှု မရှိတော့ပေ။  


“လောလောဆယ်တော့ ညီမလည်း မဝယ်သေးဘူး...နောက်မှပဲ အစ်မဆီက အကြံလာတောင်းမယ်"


ထို့နောက် စုမုန့် ဖက်တီးကို ဂရုမစိုက်တော့ဘဲ အခြားအရောင်းဝန်ထမ်းတစ်ဦးကို ရှာပြီး ကုန်ကျစရိတ်အသက်သာဆုံးဟု ထင်သည့်ကားကို ဝယ်ခဲ့သည်။


 ဖက်တီးအား ကားဝယ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို  လုပ်ပေးနေသည့် အရောင်းဝန်ထမ်းက သူမ ကားတစ်စီး တကယ်ဝယ်ခဲ့သည်ကို တွေ့လိုက်ရလျှင် အံ့အားသင့်သွားသည်။  သို့သော် ဈေးသက်သာသော ကား ဖြစ်‌နေသည့်အခါ 'ထင်ထားတဲ့အတိုင်းပဲ'ဟုတွေးကာ လျစ်လျုရှုလိုက်၏။ 


 "သူက ဘယ်လိုဖြစ်တာလဲ..သူကများ လူကို လာနှိမ်ချင်သေးတယ်"


ရှန့်ကျန်းသည် ထိုအရောင်းဝန်ထမ်း၏ သဘောထားကြောင့် စိတ်ဆိုးနေခဲ့သည်မှာ ကြာခဲ့ပြီ။သူမက မထီမဲ့မြင်ပြုလာသောအခါ သူ ပို၍ပင် ဒေါသဖြစ်ခဲ့ရသည်။


 " ဘော့စ်...မန်‌နေဂျာကို‌ တိုင်ရင် ဘယ်လိုလဲ...သူ့ပုံစံကို ကြည့်ဦး"


သို့သော် စုမုန့်က ဘာမှမထူးခြားသလိုပြုံးပြီး


 "ရပါတယ်...သူမအတွက် စိတ်မပူပါနဲ့...သူမက လုံးဝ ကံမကောင်း‌ေနနိုင်ဘူး…နောက်ဆို သူမက အတားအဆီးတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်...သူမအတွက် စိတ်မပူပါနဲ့"


 "အဲဒါကောင်းတယ်…သူမနဲ့ တစ်ကယ်ထိုက်တန်တယ်"


ယခုမှပဲ ရှန့်ကျန်း စိတ်ထဲ နေသာထိုင်သာရှိသွား၏။သူတို့နှစ်ဦး လုပ်ထုံးလုပ်နည်းများ လုပ်၍ ငွေပေးချေပြီးသည့်နောက် စုမုန့် ကားကို အပိုင်ရသွားသည်။သူမ၏ကားက တန်ဖိုးကြီးကားမဟုတ်သော်လည်း ကိုယ့်အပိုင်ဆိုသောအသိကြောင့် သံယောဇဉ်ဖြစ်မိသည်။နောင်တွင် သူမ သွားချင်သည့်နေရာကို အဆင်ပြေပြေ သွားလာနိုင်ပေတော့မည်။သူမ ကားဝယ်ထားသည်ကို လင်းအိုက် မြင်လျှင်


“အစ်မစုမုန့်ရဲ့ ကားနဲ့ ညီမ လိုက်လို့ရမလား...ညီမ အဘိုးကောကို မတွေ့တာကြာပြီ... သူ့ကို သတိရနေတာ"



xxxxx