အပိုင်း ၁၂
Viewers 12k

Chapter 12



ထိုအချိန်တွင် ဗီလာ၏ အပြင်ဘက်၌ ကားသံများကြားနေရသည် ။ အသံသည် လွန်စွာရင်းနှီးနေသောအသံဖြစ်သည် ။ ထိုကားသံသည် ကျုံးပါပါး နှင့် မာမား စီးနေကျဖြစ်သော ကားသံဖြစ်သည် ။ 


ကျုံးယို့ယို့ ခဏတာ တွေဝေမိသွားသည် ။ 


ဘာတွေဖြစ်နေတာလဲ ။ 


ဝတ္ထုထဲတွင် ကျုံးပါပါးနှင့် မာမားသည် နောက်ရက်မှသာ ပြန်ရောက်မည်ဖြစ်သည်ကို သူမသတိရသည် ။


သူတို့ ဒီည ဘာကြောင့်များ စောစောပြန်လာကြတာလဲ ။ 


 ကျန်းမားသည် ကျုံးသခင်မနှင့်အတူ မာကျောက်ကစားရန် လိုက်ပါပေးရလေ့ရှိသည် ။ ထို့ကြောင့် ကောင်းမွန်သောဆက်ဆံရေးရှိကြသည် ။ ယခုအချိန်တွင် ကျုံးသခင်မသည် သူမအတွက် အသက်ကယ်အင်္ကျီကဲ့သို့ပင် သက်ဝင်လှုပ်ရှားနေသည် ။ သူမသည် အိမ်တော်ထိန်းလက်ထဲမှ ပြေးထွက်လာကာ တံခါးအဝ၌ ကျုံးသခင်နှင့်သခင်မအား ဆီးကြိုလိုက်သည် ။


"သခင်ကြီး ..သခင်မ"


မုန့်ရှစ်ရွှမ်သည်ပင် အနည်းငယ်အံ့သြသွားသည် ။သူမမိဘတွေ အချိန်တိုတွင်း ပြန်ရောက်လာဖို့ မမျှော်လင့်ထားခဲ့ပေ ။ သူမသည် ပါးချိုင့်များပေါ်အောင်ပြုံးကာ နှုတ်ဆက်လိုက်သည် ။ ထိုသူတို့သည် သူမ၏ မိဘအရင်းများမဟုတ်ပေ ။ 


သူမအသက်ဆယ့်ငါးနှစ်တွင် သူတို့၏ သမီးအရင်းပေါ်လာခဲ့သော်လည်း သူတို့သည် သူမအပေါ်တွင် အချစ်မလျော့ခဲ့ကြချေ ။ အထူးသဖြင့် ကျုံးမာမားဖြစ်သည် ။ 


 ကျုံးမာမားသည် ငှက်ကျားမိခင်ကဲ့သို့ အသိုက်ကိုထုတ်သိမ်းထားသောသူ မဟုတ်သည်ကိုသိသော်လည်း သူမသည် ကျုံးမာမား၏ လက်မောင်းနှစ်ဖက်ထဲသို့ဝင်၍ ကလေးတစ်ယောက်လိုပင် ပြုမူနေချင်နေတုန်းဖြစ်သည် ။  

   တစ်ခဏအတွင်းပင် မီးဖိုချောင်ထဲ၌ ကျုံးယို့ယို့နှင့် ကျုံးရှီယို့ သာကျန်နေခဲ့သည် ။ ကျုံးရှီယို့သည် ကျုံးယို့ယို့ကို ကြည့်လျက် အနည်းငယ်ရှက်ရွံစွာဖြင့် တောင်းပန်လိုက်သည် 


 " အစ်မ ၊ စိတ်မကောင်းပါဘူး 

 ပါး နဲ့ မားပြန်လာပြီ ကျန်းမားကို နှင်ထုတ်လို့မရလောက်တော့ဘူး..."


အခု ကျုံးယို့ယို့က ကျန်းမားရဲ့အရှုပ်တွေကို ဘယ်လိုလြပ်ဂရုစိုက်နေနိုင်မှာလဲ ။ 


သူမ လက်ဆေးကန်ရှိရာကို အမြန်ပြေး၍ သန့်ရှင်းရေးလုပ်ရန် ဘုံပိုင်ခေါင်းကို ဖွင့်လိုက်သည် ။ မာမားကျုံးသည် သေချာပေါက် သူမအားမနှစ်မြို့သော အကြည့်များဖြင့် ကြည့်လာမည်ဖြစ်ပြီး သူမဝင်လာသည့်အခါ သူမအား ကျိန်းသေဓါးဖြင့်ပင် ထိုးလောက်မည်ဖြစ်သည် ။ လက်ဆေးကန်ရှိ ဝိုင်နီများကိုဆေးကြောပြီးနောက် ထိုပုလင်းလွတ်များကို ဝှက်ထားရန် နေရာရှာနေခဲ့သော်လည်း ယခုအချိန် သူမ၏ခေါင်းသည် ဗလာကျင်းနေသော ယင်ကောင်၏ ဦးနှောက်ကဲ့သို့ပင် ဝှက်စရာနေရာရှာမရဖြစ်နေခဲ့သည် ။


ကျုံးရှီယို့သည် သူမကို အလျင်အမြန်ပင်ကူညီခဲ့သည် ။ 

   

 " ငါ့ကိုပေးလိုက် ငါ့အခန်းထဲယူသွားပြီးတော့ ငါ့သောက်ခဲ့တာလို့ ပြောလိုက်မယ် "


 ကျုံးယို့ယို့သည် သူ့ကို ကြည့်လိုက်ပြီးနောက် ပုလင်းများကို ပေးလိုက်သည် ။


 ထိုအချိန်တွင် ကျန်းမားသည် သခင်မကျုံး၏ ဘေးတွင် အော်ဟစ်ငိုယိုကာ သခင်လေးသည် သူမအား ရုတ်တရက် အလုပ်ဖြုတ်ချင်နေပြီး မည်သို့ဖြစ်သွားမှန်းမသိကြောင်း ပြောနေခဲ့သည် ။ သခင်မကျုံးသည် စကားမပြောသော်လည်း သူမ၏အမူအရာမှာ ထူးဆန်းနေပြီး သူမဘေးရှိ ကျုံးသခင်ကြီးနှင့် အတူအခန်းထဲသို့ အလျင်အမြန်ဝင်သွားကာ သူမတို့နံဘေးရှိ ကြိုဆိုနေသော မုန့်ရှစ်ရွှမ်ကိုပင် လျစ်လျူရှုသွားကြသည် ။


 ကျန်းမားသည် လက်မလျော့ဘဲ တစ်ခုခုကိုပြောရန်ကြံရွယ်လိုက်သော်လည်း သခင်မကျုံးသည် ရုတ်တရက် ပြန်လှည့်လာကာ ကျုံးရှီယို့ထက် အဆပေါင်းများစွာ အေးစက်သော လေသံဖြင့် ဒေါသတကြီးပြောလိုက်သည် ။


 "  ငါ့သမီးကို နင်က မလေးမစားဆက်ဆံခဲ့တာ  ၊

 နင့်ရဲ့ အခြေအမြစ်မရှိတဲ့ ပါးစပ်ကသာ ပြဿနာအစစ်ပဲ  အဲ့ဒါကိုတောင် ဒီမှာလာပြီး နင့်ကိုအလုပ်မထုတ်ဖို့ ပြောနေသေးတယ်ဟုတ်လား "

     

ကျန်းမား  "....."


သူမသည် တုတ်ဖြင့်ရိုက်ခံလိုက်ရသကဲ့သို့ ကောင်းကင်ကြီးသည်လည်ပတ်နေကာ ဘာတွေဖြစ်နေသည်လဲ သူမနားမလည်နိုင်တော့ပါ ။


မုန့်ရှစ်ရွှမ်သည် မာမားကျုံး၏ လက်မောင်းအား ဖက်တွယ်ထားပြီးနောက် ရုတ်တရက် သူမသည် ငြိမ်သက်စွာဖြင့်ပင် ဖယ်ရှားလိုက်သည် ။ 


သူမ ရုတ်တရက်ထိတ်လန့်နေခဲ့ပြီး ကိစ္စများမည်သို့ဖြစ်နေမှန်း မသိလိုက်ခင်မှာပင် ပါပါးကျုံး၏ အကြည့်များအား တွေ့လိုက်ရသည် ။


ပါပါးကျုံးသည် သူ့ ဒေါသများအား ပြေပျောက်စေရန်ကြိုးစားနေပုံရကာ သူမအား ခါးသီးသောနောင်တများဖြင့် စေ့စပ်စွာ ကြည့်နေခဲ့သည် ။ ခဏအကြာမှာပဲ ပါပါးကျုံးသည် သူမအားကြည့်မနေတော့ဘဲ သူ၏ အေးစက်သောအကြည့်များအား တစ်ဖက်သို့လွှဲလိုက်ပြီး အခန်းထဲသို့ဝေ့ကြည့်ကာ မေးလိုက်သည် ။


"  ဒုတိယသမီးဘယ်မှာလဲ "


ကျုံးဝေ့ကော် ( ပါပါးကျုံး ) နှင့် ကျန့်ယုံလန် (မာမားကျုံး ) သည် သူတို့ကိုယ်သူတို့ ပြန်လည်မွေးဖွားလာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြချေ ။ လွန်ခဲ့သောနာရီပိုင်းအတွင်းကပင် သူတို့သည် ဦးခေါင်းတွင်ဆံပင်ဖြူများအပြည့်နှင့် အနက်ရောင်ထီးကိုကိုင်လျက် ကျုံးယို့ယို့၏ အုတ်ဂူရှေ့တွင် ရပ်နေခဲ့ကြသည် ။


 ဖြစ်ပွားခဲ့သော ယာဥ်တိုက်မှုအပြီးတွင် သူတို့မိဘနှစ်ပါးနှင့် ကျုံးရှီယို့သည် ထိခိုက်ဒဏ်ရာအများအပြားရရှိခဲ့ပြီး ဆေးရုံသို့ခေါ်ဆောင်သွားခံခဲ့ရသည် ။ မည်သို့ပင်ဆိုဖြစ်စေ ကျုံးယို့ယို့၏ ငယ်ရွယ်မှုနှင့် ဘဝ တို့သည် အပြီးတိုင်ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည် ။ ကျုံးယို့ယို့ သည် ကားနောက်ခန်းတွင် ထိုင်နေခဲ့ပြီး


သူမလွတ်မြောက်နိုင်ခဲ့သော်လည်း သူတို့အား ကယ်တင်ရန်အတွက် မီးထဲမှာပင် လောင်ကျွမ်းသွားခဲ့ရသည် ။ လောင်ကျွမ်းမှုကြောင့် သူတို့သည် သူမ၏ ပြာမှုန်လေးများကိုပင်ရှာမရဖြစ်ခဲ့သည် ။ ထိုမြင်ကွင်းသည် သူတို့၏ စိတ်ထဲတွင် တစ်က္ကန့်စာမျှပင် မေ့မရနိုင်လောက်သော ကိစ္စရပ်ဖြစ်သည် ။ 


ကျန့်ယုံလန်သည် သူမ၏ မျက်နှာအလှပျက်မည်ကိုပင် မစိုးရိမ်နိုင်တော့ကာ မျက်ရည်များ ဆည်ကျိုးသွားသကဲ့သို့ ပြင်းပြင်းထန်ထန် ငိုကြွေးခဲ့သည် ။ သူမ၏ ဘဝတွင် ထိုငိုကြွေးမှုသည် ပထမဆုံး ထိန်းချုပ်ခြင်းကင်းမဲ့သော ငိုကြွေးမှုပင် ဖြစ်သည်။ သူမသည် နှလုံးများပင်ကြေကွဲလောက်အောင် ငိုကြွေးမှုဖြင့် သေဆုံးသွားခဲ့သည် ။


 " မင်းပထမဦးဆုံး အိမ်ကိုစရောက်တုန်းက မားက မင်းနဲ့ပက်သက်ပြီး မကျေမနပ်ဖြစ်ခဲ့တယ် ၊ အလွန်ကိုခက်ထန်ခဲ့တယ် ။ မိဘတွေကို ကယ်ဖို့အတွက် မင်းမသေဆုံးခင်အချိန်ထိ မားက မင်းအပေါ်မှာ မိခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာတွေကို မပြသမိခဲ့ဘူး ။ မားတကယ်ကို မှားသွားတယ် "


  သူမ၏နှလုံးသားကို ဆူးချွန်တစ်ခုနှင့်ထိုးနေသကဲ့သို့ပင်...ကျုံးယို့ယို့ မသေဆုံးမီအချိန်ထိ သူမသည် သွေးကရေထက်ပျစ်သည် ဆိုသောသဘောတရားကိုလည်း နားမလည်ခဲ့ပေ ။ အဆုံးတွင် သူမသည် ယို့ယို့အပေါ်တွင် အဘယ်ကြောင့် ဤမျှလောက်ခက်ထန်ခဲ့မိသည်ကို နားလည်သွားခဲ့သည် ။ သူမသည် လမ်းပေါ်တွင် မဝံ့မရဲနှင့် ညစ်ပတ်ပေရေစွာ ရပ်နေသော ၊  အနောက်တိုင်းအစားစာဆိုင်များတွင် ဓါး နှင့် ခရင်းကိုပင် မကိုင်တတ်သော ကလေးသည် သူမ၏ ကလေးအရင်းဖြစ်သည်ကို လက်မခံချင်ခဲ့ခြင်းဖြစ်သည် ။ မုန့်ချန်၏ ရုန့်ရင်းကြမ်းတမ်းသောစကားများကို ပြောတတ်သည့် ယို့ယို့ သည် သူမ၏ သွေးသားရင်းချာ ကလေးဖြစ်လာခဲ့သည် ။

  ယင်းသည် သူမ၏အမှားကို လက်မခံချင်သော မာမားကျုံး ကြောင့်သာဖြစ်သည် ။ ကလေးကိုသာ သူမ၏ ဘေးတွင်ထား၍ ဂရုတစိုက်စောင့်ရှောက်ခဲ့လျှင် ထိုကဲ့သို့ ဖြစ်လာမည်မဟုတ်ပေ ။ သူမသည် ကလေးအားဆုံးရှုံးခဲ့သောမိခင် ၊ မိခင်မဖြစ်ထိုက်သောသူအဖြစ် ကိုယ့်ကိုယ်ကိုယ် ရင်မဆိုင်ရဲခဲ့ခြင်းဖြစ်သည် ။

   

သူမသည် ယို့ယို့အပေါ် အရာအားလုံးကို လွှဲချခဲ့ပြီး သူမ၏ ကလေးအပေါ် အလွန်ကိုရက်စက်ခဲ့သည် ။


ကျန့်ယုံလန်သည် တစ်ကိုယ်လုံးတုန်ရီလာခဲ့ပြီး ငိုကြွေးခြင်းကိုမရပ်တန့်နိုင်ခဲ့ပေ ။ သို့သော် အရာအားလုံးသည် နောင်တရဖို့ရန် နောက်ကျသွားခဲ့လေပြီ ။


ကျုံးဝေ့ကော်သည် သူမအား နှစ်သိမ့်ရန် မတတ်နိုင်ခဲ့ပေ ။ သူ၏ မျက်နှာတွင်လည်း နာကြင်မှုတို့အား မကွယ်ဝှက်နိုင်ခဲ့ ။ ဇနီးဖြစ်သူ၏ နာကြင်မှု ၊ ရှင်သန်လိုမှုတို့ နှင့်ယှဥ်လျှင် သူသည် ခါးသီးမှုကို ပို၍ခံစားနေရသည် ။ မုန့်ချန် နှင့် မုန့်ရှစ်ရွှမ်တို့ သားအမိအပေါ် မုန်းတီးခြင်းပင် ။ မုန့်ရှစ်ရွှမ်၏ ဖျောင်းဖြတောင်းဆိုမှုတို့ကို လျစ်လျူရှု ခဲ့ပြီး မုန့်ချန်ကို စစ်ဆေးရေးဌာနကိုသာ ပိုခဲ့သင့်သည် ။ လွန်ခဲ့သော ဆယ့်ငါးနှစ်က မုန့်ရှစ်ရွှမ်အား သူ၏ သမီးရင်းကဲ့သို့ ချစ်မြတ်နိုးခဲ့မိသည် ကို သူနောင်တရမိသည် ။ သူသည် မုန့်ရှစ်ရွှမ်အား ပြန်မလွှတ်နိုင်ခဲ့ဘဲ ကျုံးအိမ်တော်မှာသာနေစေပြီး သူ၏သမီးရင်းကဲ့သို့ဆက်လက်ချစ်မြတ်နိုးပေးခဲ့သည် ။


မုန့်ရှစ်ရွှမ်သည် သူတို့မိသားစုအား ယာဥ်တိုက်မှုတွင် ပစ်သွားခဲ့ပြီးနောက် သူမအပေါ်တွင်ထားသည့် သူ၏ အနည်းငယ်သော ချစ်ခြင်းမေတ္တာပင်လျှင် ယခုချိန်တွင် မရှိတော့ပြီဖြစ်သည် ။ မြေခွေးဖြူဝံပုလွေအပေါ် မုန်းတီးခြင်း နှင့် သူ၏ သစ္စာဖောက်ခြင်းတို့သာ ကျန်ရစ်လေသည် ။


 ပြီးတော့...ယို့ယို့ ။ 


သူသည် ယို့ယို့အပေါ်တွင် ဂရုစိုက်ခြင်း အလွန်နည်းခဲ့သည် ။ သူမကို ပြန်ခေါ်လာပြီးနောက်တွင် သူ၏ ဇနီးနှင့် သားသည် သူမကို အချိန်တိုအတွင်း ပြန်လက်ခံသွားလိမ့်မည်ဟုသာ ထင်ခဲ့သည် ။ သူသည် သူမကို ငွေအမြောက်အများသာပေးထားခဲ့ပြီး အိမ်တွင်းကိစ္စများကို ဂရုစိုက်မနေတော့ပေ ။ ယို့ယို့ အရွယ်ရောက်လာသည်နှင့်အမျှ ပို၍ သည်းမခံနိုင်စရာကောင်းလာသည်ကို သူဘယ်လိုထင်ခဲ့ပါသလဲ ။ 


အတော်ကိုပုန်ကန်တတ်နေတာပဲ ။ ကြာလာတာနဲ့အမျှ သူမပုံစံက ဆိုးသည်ထက် ဆိုးလာတာပဲရှိတယ်....


 ပါပါးကျုံးသည် ဤအရာများကိုတွေးနေမိပြီး ယာဥ်တိုက်မှုဖြစ်စဥ်ကို ပြန်အမှတ်ရမိသည် ။ သူမသည် သွားများကိုပင်တင်းတင်းစေ့ကာ သူ့အား အန္တာရယ်တောတွင်းမှ ကယ်တင်ပေးခဲ့ပြီး ပြုံးနေရုံသာတတ်နိုင်ခဲ့သည်  ။  အဆုံးသတ်တွင်တော့ ဘေးအန္တာရယ်ဆိုးများကျရောက်ချိန်မှသာ လူတွေရဲ့ နှလုံးသားကို မြင်နိုင်ခဲ့သည် ။ ဤကမ္ဘာပေါ်တွင် မိမိ၏ သွေးသားရင်းချာ သည်သာ အယုံကြည်ရဆုံးသူဖြစ်သည် ။


  ကောင်းကင်ကြီးသည် မှောင်မဲနေခဲ့ပြီး မိုးများသည်းထန်စွာရွာသွန်းနေခဲ့သည် ။


 ကျန့်ယုံ့လန်သည် ပြင်းထန်စွာ ငိုကြွေးနေခဲ့သောကြောင့် တစ်ဖြေးဖြေး အားနည်းလာခဲ့သည် ။ သူသည် သူမအား ဆေးရုံသို့ပင် ခေါ်ဆောင်သွားခဲ့ရသည် ။ မမျှော်လင့်ထားသည်မှာ သူတို့သည် နောက်တစ်စက္ကန့်အတွင်းပင် ပြန်လည်မွေးဖွားလာခဲ့ကြသည် ။ နှစ်ယောက်သား မျက်လုံးများဖွင့်ကြည့်လိုက်ချိန်တွင် သူတို့သည် လေယာဥ်ပေါ်တွင်ရှိနေခဲ့ပြီး လွန်ခဲ့သော ဆယ်နှစ် ၊ ယို့ယို့ ဆယ့်ရှစ်နှစ်သာရှိသေးသောအချိန်သို့ ပြန်ရောက်ရှိနေခဲ့သည် ။


ထိုအချိန်တွင် သူတို့သည် မဖော်ပြနိုင်လောက်အောင် ခံစားနေခဲ့ရပြီး သူတို့၏ ဦးခေါင်းများကို ဆုပ်ကိုင်ကာ လေယာဥ်ပေါ်တွင် ငိုကြွေးနေခဲ့မိသည် ။  လေယာဥ်သည် တစ်ခြားမြို့သို့ သွားရန်သာဖြစ်သည်။ ကျုံးဝေ့ကော်တွင် စီးပွားရေးကိစ္စဆွေးနွေးရန်ရှိနေသောကြောင့် အိမ်ကို နောက်ရက်တွင်ပြန်မလာနိုင်ခဲ့ပေ ။


 သို့သော်လည်း သူသည် ချက်ခြင်းပင်ဆုံးဖြတ်ချက်ချကာ လေယာဥ်စိုက်သည်နှင့် လက်ထောက်အား အိမ်ပြန်ရန် အမြန်ဆုံးလက်မှတ်ကို ဖြတ်ခိုင်းခဲ့သည် ။ လေယာဥ်မစီးခင် ကျန့်ယုံလန်သည် သူမ၏ မျက်လုံးများအား ရေခဲကပ်နေပြီး နောက်ဆုံးတွင်တော့ သူမ၏စိတ်သည် ငြိမ်သက်သွားပြီဖြစ်သောကြောင့် ကျုံးယို့ယို့ထံသို့ ဖုန်းခေါ်ခဲ့သည် ။ထိုအချိန်တွင် လင်မယားနှစ်ယောက်လုံး အလွန်ကို စိတ်လှုပ်ရှားနေခဲ့ပြီး ဘာပြောရမှန်းမသိကြချေ ။ ကျန့်ယုံ့လန်သည် အနည်းငယ်ရူးကြောင်ကြောင်နိုင်သော စာများကိုပင်ရိုက်ခဲ့ပြီး မပို့ဖြစ်ခဲ့ပေ။


မမျှော်လင့်ထားသည်မှာ ကျုံးယို့ယို့ သည် ဖုန်းအားလုံးဝမကိုင်ခဲ့ဘဲ ချက်ခြင်းပင်ချပစ်လိုက်ခြင်းဖြစ်သည် ။


 ကျုံးယို့ယို့သည် စာမေးပွဲဖြေနေတုန်းဖြစ်လိမ့်မည်ဟုသာတွေးလျက် သူတို့သည် သူမအားဆက်လက်မနှောင့်ယှက်ခဲ့ကြချေ ။ဘယ်လိုပဲဖြစ်ဖြစ် သူမအား နောက်နာရီအနည်းငယ်အတွင်း တွေ့နိုင်တော့မှာဖြစ်သည် ။ သူတို့သည် ဝမ်းနည်းခြင်း ၊ စိတ်ရှုပ်ခြင်း ၊ ပျော်ရွှင်ခြင်း ၊ မျှော်လင့်ခြင်း စသော ခံစားချက်တို့နှင့် စိတ်ရှုပ်ထွေးနေခဲ့သည် ။ နောက်မှာတော့ သူတို့နှစ်ဦးစလုံး အိမ်ပြန်ရောက်လာခဲ့ကြသည် ...


"ဒုတိယသမီးဘယ်မှာလဲ " 


ဤသည်ကို မေးခဲ့သော ကျုံးဝေ့ကော်သည် မသိစိတ်ထဲမှ အနည်းငယ် စိုးရွံ့နေခဲ့သည် ။ ဘေးနားမှာ မာမားကျုံးသည် မျက်ရည်များကိုပင် ကြာကြာမထိန်းထားနိုင်တော့ဘဲ ဒေါက်ဖိနပ်များကို ကန်ချွတ်ပြီး ဗီလာထဲသို့ အမြန်ဝင်သွားခဲ့သည် ။


 ကံကောင်းထောက်မစွာနှင့်ပင် ယခုချိန်တွင် သူမနှင့် ယို့ယို့ ကြားရှိဆက်ဆံရေးသည် များစွာ မယိုယွင်းသေးကြောင်း သူမမှတ်မိသည် ။


 ယို့ယို့သည် ပုန်ကန်တတ်ပြီး ရွံမုန်းစရာကောင်းသောအရာများကိုသာရွေးလုပ်တတ်သော်လည်း ဤအရာသည် သူတို့ထံမှ ဂရုစိုက်ခံရအောင် လုပ်ခြင်းသာဖြစ်သည်ကို သူတို့သိသည် ။ခွဲခြမ်းစိတ်ဖြာမှု၏အဆုံးသတ်ရလဒ်တွင် သူမသည်  မိဘမေတ္တာကိုတောင့်တနေသော ကလေးတစ်ယောက်သာပင် ဖြစ်လေသည် ။ ထိုအရာများကို အချိန်မှီ ကုစားနိုင်ပါက သားအမိနှစ်ယောက်ကြားရှိဆက်ဆံရေးသည် ပြန်လည်သင့်မြတ်လာမည်ဖြစ်သည် ။


သူမနှလုံးသားသည် အလွန်ကိုစိတ်အားထက်သန်​နေပြီး မုန့်ရှစ်ရွှမ်အား ဂရုမစိုက်နိုင်တော့ဘဲ သူမ၏ လက်မောင်းအား ထပ်ဖက်တွယ်လာတော့မည့် မုန့်ရှစ်ရွှမ်ကို တွန်းထုတ်ပစ်ခဲ့သည် ။


မုန့်ရှစ်ရွှမ်၏ ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားပြီး သူမအမေ၏ နောက်ကျောကိုသာမယုံကြည်နိုင်စွာ ကြည့်နေမိကာ အေးခဲသွားရသည် ။


 ကျုံးယို့ယို့ ဝတ္ထုကိုဖတ်စဥ်အခါက သူမမိဘများအတွက် နှလုံးသားထဲတွင် အနည်းငယ်မျှပင် မခံစားခဲ့ရချေ။ သူမဖြစ်စေချင်တဲ့အတိုင်း သူတို့ဖြစ်သွားခဲ့သည့်အတွက် သူမအတွက်တော့ကောင်းပါသည် ။ ဒါကြောင့် သူမသည် မီးဖိုချောင်ထဲမှ ထိုသူတို့သတိမထားမိစေရန် သူမအခန်းသို့ တိတ်တိတ်ကလေးပြန်သွားခဲ့သည် ။


 သို့သော်လည်း သူမအပေါ်ထပ်သို့ ခြေလှမ်းအနည်းငယ်တက်ပြီးသည်နှင့် သူမအနောက်မှ ရေမွှေးနံ့ထွက်နေသော တစ်စုံတစ်ခုသည် သူမအား ဖမ်းဆွဲထားခဲ့သည် ။


 မာမားကျုံးသည် သူမ၏သမီးလေး အသက်ရှင်လျက်ရှိနေသည်ကို တွေ့လိုက်ရသည် ။ သူမသည် အိပ်မက်မက်နေသကဲ့သို့ ခံစားနေရပြီး မည်သည်ကိုမျှ ဂရုစိုက်နိုင်ခြင်းလည်း ရှိမနေတော့ပေ ။ သူမသည် ကသောကမြောဖြင့်ပင် ကျုံးယို့ယို့ အား ပျောက်ဆုံးသွားသော ရတနာများအား ပြန်လည်ရရှိသည့်အတိုင်းပွေ့ပိုက်ထားသကဲ့သို့ တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားခဲ့သည် ။ ခဏအကြာတွင် မျက်ရည်များကျလာခဲ့ပြီး "ယို့ယို့ .."


 ကျုံးယို့ယို့ တုန်လှုပ်သွားမိပြီး မျက်လုံးများပင်ပြူးကျယ်လာကာ ခေါင်းထဲ၌ မေးခွန်းများပြည့်နှက်သွားခဲ့သည် ။


 နေပါအုန်း ၊ အခုသူမကို ဖက်ထားတာက မာမားကျုံးလား ။  သူပဲမှားနေတာလား ။ သူမအခုတစ်ခုခုကို မှားမြင်လိုက်တာများလား ။ မူလမာမားကျုံးက သူမကို သေလောက်အောင် မုန်းနေတာမဟုတ်ဘူးလား ။


  ကျုံးယို့ယို့သည် ချက်ခြင်းပင် သတိပြန်လည်လာပြီး မာမားကျုံးကို တွန်းထုတ်ကာ အနောက်သို့လှည့်ပြီး မျက်ခုံးများပင့်လျက် ခြေနှစ်လမ်းမျှပင်ဆုတ်လိုက်မိသည် ။


   မာမားကျုံးသည် သူမဤကဲ့သို့ တွန်းထုတ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူမဝမ်းနည်းမှုကို မခံစားနိုင်သေးခင်မှာပင် အံ့အားသင့်မှုများနှင့် လှေကားမှပင် ပြုတ်ကျလုမတတ် ဖြစ်သွားရသည် ။ 


   သူမခေါင်းမော့ကာ ကျုံးယို့ယို့လက်များအား ဖမ်းဆုပ်ထားခဲ့ပြီး အတက်နိုင်ဆုံး သူမအသံအား နူးညံ့အောင်ကြိုးစားကာပြောလိုက်သည်။


 " မင်းပါးနဲ့ မားတို့ အလုပ်ကိစ္စနဲ့ ခရီးသွားရတာ တစ်ပတ်လောက်ကြာသွားတယ် ။ ယို့ယို့ မားကို လွမ်းနေသေးလား ။ အခန်းထဲ သွားထိုင်ပြီး မားတို့ စကားအေးဆေးပြောကြရအောင်လေ "


သူမသည် ကျုံးယို့ယို့ မျှော်လင့်တကြီး ကြည့်နေခဲ့သည် ။ ယခင်ဘဝတွင် သူမ၏ ကလေးသည် သူမအား တောင့်တသော မျက်လုံးများဖြင့် ကြည့်နေခဲ့ပြီး သူတို့ထံမှ ချစ်ခြင်းမေတ္တာကို ရရှိရန် လှည့်စားဖို့ ရူးသွပ်ခဲ့ရသည် ။ယခုဘဝတွင်တော့ ဤကဲ့သို့ဖြစ်လိမ့်မည် မဟုတ်တော့ပေ ။ သူမကလေးအား သေချာပေါက်....


 သူမသည် ကျုံးယို့ယို့အား ထပ်မံပွေ့ဖက်ရန် အဆင်သင့်ဖြစ်နေခဲ့ပြီး ကျုံးယို့ယို့ထံမှာ ပျော်ရွှင်ကြည်နူးနေသော မျက်ဝန်းများအား စောင့်မျှော်နေခဲ့သော်လည်း သူမအံ့အားသင့်သွားခဲ့ရသည် ။


 "ဘာများပြောစရာရှိနေလို့လဲ... "


  ကျုံးယို့ယို့၏ အမူအရာသည် အနည်းငယ် စိတ်မရှည်ပုံပေါ်သည် ။ ဂရုမစိုက်သလို ဟန်ဆောင်နေခြင်းမျိုးလည်းမဟုတ်သလို ၊ ဆူးများဝန်းရံထားသကဲ့သို့ တမင်ခက်ထန်ပြနေခြင်းမျိုးလည်းမဟုတ်ခဲ့ ။ သူစိမ်းများကြောင့် စိတ်ကသိကအောက်ဖြစ်နေသကဲ့သို့ ရွံရှာပုံရကာ သူမ၏ မျက်လုံးများသည် အေးစက်နေခဲ့သည် ။

 အရမ်းကို ခပ်တန်းတန်းဖြစ်နေခဲ့သည် ။


 စကားပြောပြီးသည့်နောက် ကျုံးယို့ယို့သည် အပေါ်ထပ်သို့တက်သွားကာ သူမ၏ အခန်းထဲသို့ဝင်ပြီး တံခါးအားအရှိန်ပြင်းစွာပိတ်သွားခဲ့သည် ။


    သူမထွက်သွားပြီးနောက်တွင် ကျုံးမာမား၏ သွင်ပြင်သည် ဝမ်းနည်းသိမ်ငယ်သွားပုံပေါ်နေသည် ။ 


    "....."


ခဏတာလောက် ကျုံးမာမားသည် လည်ချောင်းများ ထုံသွားသကဲ့သို့ ဘာမှမပြောနိုင်တော့ပေ ။ သူမသည် ဦးခေါင်းထက်မှ ရေအေးအေးဖြင့် လောင်းချလိုက်သကဲ့သို့ပင် အေးစက်မှုတို့ကိုသာ ခံစားခဲ့ရသည် ။ ယခုတွင် ကျုံးယို့ယို့ ၏ အကြည့်များသည် သူမ၏ နှလုံးသည်းပွတ်အား ဓါးဖြင့်ကြိမ်ဖန်များစွာထိုးစိုက်လိုက်သကဲ့သို့ပင် ဖြစ်နေချေတော့သည် ။


   အကြောင်းပြချက်မရှိပါဘဲနှင့် ။


  အခု ကျုံးယို့ယို့ရဲ့ အကြည့်တွေက ဘာလို့ သူတို့ကို နည်းနည်းမှ ဂရုမစိုက်တော့ပုံပေါ်နေရတာလဲ...။