အပိုင်း ၁၃
Viewers 12k

Chapter 13




ကျုံးဝေ့ကော်သည် အလျင်အမြန်ပဲ ပြိုလဲကျမတက်ဖြစ်နေသော သူ၏ ဇနီးကျန့်ယုံလန်ကို ကူညီပေးရန် ရှေ့သို့လှမ်းလိုက်သည် ။ ထို့နောက် ညင်သာစွာပင် သူမအားနှစ်သိမ့်ပေးခဲ့သည် ။ 


    " သူမက လွန်ခဲ့တဲ့ရက်အနည်းငယ်က ဖြစ်သွားတဲ့ကိစ္စကြောင့် ကိုယ်တို့ကိုအပြစ်တင်နေသေးတာ ဖြစ်မှာပါ။ မင်းရဲ့ သမီးကို အချိန်နည်းနည်းလောက်ထပ်ပေးလိုက်ပါအုံး " 


   ကျန့်ယုံလန်သည် ထိုစကားကြောင့် အသက်ကယ်အင်္ကျီကိုရလိုက်သလိုပင် ။ 


ဟုတ်တာပေါ့ ၊ ရက်အနည်းငယ်က အဲ့သည့်လူမိုက်အချို့က ရှစ်ရွှမ်းအတွက် သူမကို တွန်းထုတ်ပစ်ခဲ့ကြတယ်။ ယို့ယို့ရဲ့ လက်မောင်းတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မာမားကျုံးသည် သူမကိုသာ ကြိမ်းမောင်းခဲ့သည် ။ သူမသည် ခေါင်းမာသည့်သူဖြစ်သောကြောင့် ယခုချိန်ထိ ထိုကိစ္စနှင့်ပက်သက်၍ အခဲမကျေဖြစ်နေသေးဟန်တူသည် ။  ဤအရာကိုတွေးမိတော့မှသာ သူမသည် စိတ်သက်သာရာရကာ သက်ပြင်းချနိုင်တော့သည် ။


      ကျုံးယို့ယို့ ၏ ကွဲပြားသွားသော အကြည့်တို့သည် သူမနှလုံးသားအား အပေါက်ဖောက်လိုက်သကဲ့သို့ပင် အချိန်အတော်ကြာ အသက်မရှူနိုင်လောက်အောင် ဖြစ်စေခဲ့သည် ။


     ထိုအချိန်တွင် ကျုံးမိသားစုတစ်စုလုံး မယုံကြည်လောက်အောင်ဖြစ်နေလျက် ၊ အထူးသဖြင့် ကျန်းမားသည် ပါးစပ်အဟောင်းသားဖြင့် သူမ၏ မျက်လုံးများကိုပင် သူမ မယုံကြည်နိုင်လောက်အောင် ပြောစရာအသံပါပျောက်ရှနေခဲ့သည် ။


   မဟုတ်သေးဘူးလေ ၊ ဘာလို့ လင်မယားနှစ်ယောက်လုံး အခုလို ဖြစ်နေကြတာလဲ ။ 


သူမသည် ကျုံးအိမ်တော်တွင် နှစ်ပေါင်းများစွာ အလုပ်လုပ်ကိုင်ခဲ့ပြီး ထိုရိုင်းစိုင်းသော မိန်းကလေး ကျုံးယို့ယို့အပေါ်တွင် သခင်မကျုံး ဤကဲ့သို့ ချစ်ခင်ပြခြင်းမျိုး တစ်ခါမျှ မတွေ့ခဲ့ရဖူးချေ ။ သူမက အကြီးဆုံးသခင်မလေးကိုတောင် ဂရုမစိုက်တော့ပေ ။


   ပါပါးကျုံးက ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ မာမားကျုံးခဏအနားယူဖို့ ကူညီပေးခဲ့သည် ။ ပါပါးကျုံး၏ အကြည့်များသည် မုန့်ရှစ်ရွှမ်မျက်နှာဘေးမှဖြတ်ကာ ကျန်းမားပေါ်သို့ ကျရောက်နေသည် ။ 


အစေခံသည် စကားပြောဖို့ရန်ပင် မဝံ့ရဲတော့ချေ ။ 


  ကျန်းမားသည် အံပင်ကြိတ်လိုက်မိကာ ကြောက်ရွံ့မှုသည် သူမတစ်ကိုယ်လုံး လွှမ်းခြုံသွားသည် ။ ပြီးနောက် ကျုံးသခင်ကြီး သူမအား ဘာပြောတော့မည်ဆိုတာကိုပင် ရိပ်စားမိနေသည် ။


    " အစေခံထိန်း ၊ ဒီမိန်းမကခုထိ ဘာလို့ထွက်မသွားရသေးတာလဲ "


    ကျန်းမားသည် သေဆုံးခါနီး လူတစ်ယောက်ကဲ့သို့ပင် သူမ၏ မျက်နှာသည် မီးခိုးရောင်ပင်သန်းနေချေတော့သည် ။ သူမသည် အိုနေပြီဖြစ်ပြီး ယခုကဲ့သို့ ကောင်းမွန်သောအလုပ်ကို ထပ်မံရှာတွေ့ရန်မှာ မဖြစ်နိုင်တော့ချေ ။ သူမ၏ တတိယသားအတွက် ကျူရှင်စရိတ်နှင့် ဇနီးမယားတင်တောင်းငွေတို့ကို ယခုထိမစုမိသေးပါ ။ ပြီးနောက် ဒုတိယသား၏ကလေးသည်လည်း အရွယ်မရောက်သေး....


  ကျန်းမားသည် အလွန်ကိုစိုးရိမ်ပြီး နောင်တရနေပြီဖြစ်သည် ။ ကျုံးယို့ယို့သည် ယခုကဲ့သို့ ကျုံးသခင်ကြီးနှင့် သခင်မကျုံး တို့အတွက် အရေးပါသည့် ကလေးဖြစ်မှန်းသာ သိခဲ့လျှင် သူမ သတ္တိဘယ်လောက်ရှိရှိ ဤကဲ့သို့ လုပ်ရဲလိမ့်မည်မဟုတ်ပေ ။


 " ယို့ယို့က ငါ့ရဲ့သမီးအရင်းပဲ ။ ပြီးတော့ ငါက ဒီအိမ်ရဲ့ အရှင်သခင်ပဲ ။ ဘယ်သူက ဒီမှာ လျှာရိုးမရှိပြောချင်တိုင်းပြောပြီး ကန်ထုတ်ခံရမလဲဆိုတာ ငါကြည့်ဦးမယ် "


  ကျန်းမားသည် ကျုံးယို့ယို့အပေါ် ဤကဲ့သို့ဆိုးရွားစွာဆက်ဆံခြင်းများကို တွေးမိကာ ကျုံးဝေ့ကော်သည် နှလုံးများနာကျင်လာပြီး ဒေါသတထောင်းထောင်းထလာခဲ့သည် ။ယခင်ဘဝတွင် သူသည် အိမ်ရှိကိစ္စရပ်များအားလုံးကို ဂရုပင်မစိုက်ခဲ့ဘဲ အိမ်စေများပင် သူမအား ဤကဲ့သို့ ဆိုးရွားစွာဆက်ဆံစေခဲ့မိသည် ။


တစ်အိမ်လုံးတွင် တင်းမာမှုများ အပြည့်ဖြစ်နေခဲ့သည် ။ 


ကျုံးလင်မယားနှစ်ယောက်သည် နိုင်ငံခြားသို့ခရီးထွက်ခဲ့ပြီး ပြန်ရောက်သည်နှင့် ဤကဲ့သို့ ဒုတိယသမီးအပေါ် ပြောင်းလဲသွားလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ချေ ။ ကြည့်ရသည်မှာ အိမ်၏အခြေအနေသည် ပြောင်းလဲသွားမည့်ပုံပေါ်သည် ။ သူတို့သည် ဒုတိယသမီးအပေါ် လေးစားမှုမရှိစွာ ဆက်ဆံခဲ့ဖူးသည်ကို ပြန်မတွေးမိဘဲမနေနိုင်တော့....


   ကျန်းမား၏ လက်အောက်မှ အစေခံနှစ်ယောက်၏ မျက်နှာများသည် ဖြူဖျော့လာကြသည် ။သူတို့သည် ဒုတိယသမီး ၏နောက်ကွယ်တွင် သူမအကြောင်းကို ဆိုးရွားစွာပြောဆိုခဲ့ကြသည်ကို အမှတ်ရသွားကြသည် ။ သူတို့အခုမှ ဘာတတ်နိုင်တော့မှာလဲ ။ အစေခံနှစ်ယောက်သည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်မိပြီး တစ်ပြိုင်နက်ထဲ တွေးလိုက်မိသည်မှာ အနာဂတ်တွင် ဒုတိယသမီးအား ကျေနပ်အောင်လုပ်ပေး၍ တောင်းဆိုရန်သာ ဖြစ်သည် ။


       မုန့်ရှစ်ရွှမ်အတွက်ကတော့.....


   ပါပါးကျုံး၏ မျက်နှာသည် အေးစက်နေသကဲ့သို့ 

  စိတ်ခံစားချက်ကင်းမဲ့နေသော သူ၏ အေးစက်စက်အကြည့်များသည်  မုန့်ရှစ်ရွှမ်အပေါ်သို့ ကျရောက်လာခဲ့သည် ။


     မုန့်ရှစ်ရွမ်သည်ထိုအချိန်တွင် ခြေဖျားလက်ဖျားများပင် အေးလာသလို ခံစားရသည် ။ သူမသည် ပါပါးကျူံးနှင့် မာမားကျုံး ၏ ပြောင်းလဲမှုများ ၊ သူမကိုငြင်းပယ်နေမှုများအား မခံစားမိသည်မဟုတ်ပါ ။


အထူးသဖြင့် ပါပါးကျုံး၏ မျက်လုံးများထဲတွင် ချစ်ခင်မှုအရိပ်ယောင်စိုးစဥ်းမျှ မရှိတဲ ထိုအစား မုန်းတီးသော အရိပ်ယောင်များသာရှိနေလေသည် ။ဘာတွေဖြစ်နေတာလဲ ။ လွန်ခဲ့သော နှစ်ရက်က ရှစ်ကျစ်ထန် နှင့် ကျုံးရှီယို့၏ ပြောင်းလဲမှုများကိုပါ ပြန်လည်အမှတ်ရမိသောအခါ သူမနှလုံးသားတစ်ခုလုံး တွင်းနက်ထဲသို့ ပြုတ်ကျသွားသကဲ့သို့ပင် ။


အဲ့ဒါက ကျုံးယို့ယို့ တစ်ခုခုလုပ်ခဲ့တာများလား ။


   သူမ၏ မိဘများ အပေါ်ထပ်သို့တက်သွားတာကို တွေ့လိုက်ရပြီး သူတို့သည် သူမအား တစ်ချက်တစ်လေမျှပင် မကြည့်သွားခဲ့ကြချေ ။ အဆုံးတွင် သူမဘာမှမတတ်နိုင်တော့ဘဲ လှမ်းခေါ်လိုက်မိသည် ။


" မား.."


   မာမားကျုံးသည် ရပ်တန့်လိုက်ပြီး သူမဘက်သို့ လှည့်ကြည့်လိုက်သည် ။


  မာမားကျုံးသည် အရာအားလုံးရှုပ်ထွေးနေသကဲ့သို့ ခံစားနေရသည် ။ သူမသည် ဤတစ်အိမ်လုံးတွင် မုန့်ရှစ်ရွှမ်အပေါ် အချစ်ခဲ့ဆုံးသူဖြစ်သည် ။ အဆုံးတွင်တော့ သူမသည် မုန့်ရှစ်ရွှမ်အား ကျန်ခဲ့သောနှစ်များအတွင်း ပျိုးထောင်လာပေးခဲ့သူဖြစ်သည် ။သို့သော်လည်း ပြန်လည်မွေးဖွားပြီးနောက်တွင် သူမသည် မူလ,ကကဲ့သို့ မုန့်ရှစ်ရွှမ်အပေါ်ကြည့်ရှူနေတော့မည် မဟုတ်ပေ ။  သူမ၏ နှလုံးသားထဲတွင် လွယ်လွယ်နှင့် ဖျက်လို့မရသော အတားအဆီးတစ်ခုသည် အမြဲရှိနေတော့မည်ကို သိလိုက်ပြီဖြစ်သည် ။ 


  သူမသည် ထပ်၍ လှည့်ကြည့်မနေတော့ဘဲ မတူညီစွာဖြင့်ပင်ပြောခဲ့သည် ။


  " နင် ငါနဲ့အခန်းထဲလိုက်ခဲ့ "


မုန့်ရှစ်ရွှမ် အလွန်ကိုစိတ်ပျက်နေသော်လည်း မာမားကျုံးထံမှ ထိုကဲ့သို့ကြားလိုက်ရသည့်အခါ သူမအားစကားပြောချင်နေသေးသည် သိလိုက်ရပြီး စိတ်သက်သာရာရသွားမိကာ အလျင်အမြန်ပဲနောက်မှလိုက်သွားခဲ့သည်။ 


   ကျုံးရှီယို့သည် မိဘများ၏ အမူအရာ တစ်ရာ့ရှစ်ဆယ်ဒီဂရီလောက် ပြောင်းလဲသွားပုံကိုကြည့်ပြီး တစ်ခုခုကို အနည်းငယ်သတိထားခဲ့မိသည် ။မူလတွင် သူသည် မိဘများပြန်ရောက်လာသောအခါ ကျန်းမားအား ဆက်နေထိုင်ခွင့်ပေးမည်ကို စိုးရိမ်ခဲ့သည် ။ သူသည် သူ၏ ဒုတိယအစ်မရှေ့တွင် အာဏာအချို့ကို ထုတ်သုံးပြခဲ့သော်လည်း အဆုံးတွင် ကျန်းမားကို နှင်ထုတ်ခဲ့သောသူမှာ သူမဟုတ်ခဲ့ချေ။ သို့သော်လည်း စိုးရိမ်စရာတော့မရှိပေ ။


*


   မုန့်ရှစ်ရွှမ်၏ အခန်းသည် ဗီလာတစ်ခုလုံးတွင် အကောင်းဆုံးအခန်းဖြစ်သည် ။တောင်ဘက်ကို မျက်နှာမူထားပြီး ၊ ကြမ်းပြင်မှ မျက်နှာကြက်ထိ ပြတင်းပေါက်များ အားဖွင့်လှစ်ထားပြီး ပန်းများအပြည့်နှင့် လသာဆောင်ကိုပါ ဖွင့်လှစ်ထားသည် ။ ပန်းနုရောင်အပြင်အဆင်များအားလုံးသည် မာမားကျုံးကိုယ်ဝန်ရှိခဲ့စဥ်အခါက သူမ စိတ်တိုင်းကျ ရွေးချယ်ထားခဲ့ခြင်းဖြစ်သည် ။သူမ ပထမဆုံး ကိုယ်ဝန်စလွယ်သည့်အချိန်တွင် သူမသည် နှလုံးသားထဲမှပင် အလွန်ကိုပျော်ရွှင်နေခဲ့ပြီး မမျှော်လင့်ထားခဲ့သည်ကတော့ ထိုအရာများအားလုံးသည် အခြားလူတစ်ယောက်၏ ကလေးအတွက်ဖြစ်သွားခဲ့မည်ကိုပင် ။


  သူမသည် ယခင်ဘဝက မုန့်ရှစ်ရွှမ်ပေါ် ထားသည့် အချစ်များကြောင့် မျက်လုံးများကန်းနေသကဲ့သို့ ဖြစ်ခဲ့သည် ။ ယခုတွင်တော့ သူမသည် ဆင်ခြေနိုင်စွမ်းရှိနေပြီဖြစ်သည် ။ သူမ အရင်က ရူးသွားခဲ့တာမဟုတ်ဘူးလား ။ သူမသည် အခြားသူများအတွက် မဂ်လာဝတ်စုံများချုပ်ပေးနေသကဲ့သို့ အဲ့သည့်မိန်းမမုန့်ချန်လက်ထဲ၌ ကျရှူံးခဲ့ရသည် ။


   မာမားကျုံးသည် မုန့်ရှစ်ရွှမ်အား သူမနှလုံးသားထဲမှပင် စတင်မုန်းတီးလာမိသည် ။သူမသည် ခေါင်းကိုမော့လိုက်ပြီး မုန့်ရှစ်ရွှမ်အား စိမ်းသက်သော အကြည့်များဖြင့် ကြည့်ခဲ့သည် ။


   မုန့်ရှစ်ရွှမ်သည် အနားသို့လျှောက်သွားပြီး မာမားကျုံး၏ ခြေရင်းနားတွင် ထိုင်ချခဲ့သည် ။ အရင်ကကဲ့သို့ မာမားကျုံး၏ ဒူးခေါင်းရင်းနားတွင် မေးတင်ကာ ချစ်ခင်မှုကိုပြသရန် ဖြစ်သည် ။


  သို့သော်လည်း မာမားကျုံးသည် သူမ၏ ချဥ်းကပ်လာမှုကို တွန်းလှန်နေသကဲ့သို့ အဝေးသို့ဖယ်ခွာသွားသည် ။

  မုန့်ရှစ်ရွှမ်၏ လှုပ်ရှားမှုများ ရုတ်တရက်အေးခဲသွားခဲ့သည် ။ 


   သူမတစ်ခုခုမပြောရသေးခင်မှာပဲ မာမားကျုံး၏ အသံကိုကြားလိုက်သည် ။


   " နင့်အခန်းကို ယို့ယို့ကိုပေးလိုက်တော့ "


  မုန့်ရှစ်ရွှမ်၏ သွေးများပြောင်းပြန်စီးသွားသလိုပင် ။ သူမရုတ်ချည်း ဒေါသထွက်ကာ ထိတ်လန့်သွားမိသည် ။ သို့သော် သူမသည် မာမားကျုံး၏ တစ်ခုခုကွဲပြားနေသော အကြည့်တို့ကို ခံစားမိနေသည် ။


 သူမသည် ချက်ခြင်းပင် နူးညံ့သည့်ပုံစံဖမ်းကာ မျက်လုံးများသည်လည်း ငိုကြွေးလုမတတ် နီရဲလာခဲ့သည်။


   " မား..ဘာလို့ရုတ်တရက်ကြီးလဲ "


လက်ရှိမာမားကျုံးသည် ထိုကဲ့သို့သော အကြည့်များအား လိုက်ခံစားနေတော့မည်မဟုတ်ချေ ။ သူမနှလုံးသားထဲမှ မုန့်ရှစ်ရွှမ်အပေါ် အချစ်များသည် တစ်ဖြေးဖြေး မှေးမှိန်ပျောက်ကွယ်လာပြီဆိုသည်ကိုသာ သူမခံစားမိသည် ။


  မုန့်ရှစ်ရွှမ်၏ မကျေနပ်မှုများအား မြင်ရသည်မှာ သူမအား စိတ်ပင်ပန်းစေရုံသာမက ပို၍ပင် အေးစက်စေခဲ့သည် ။ ထိုအရာမှာ ချိုးငှက်သည် သူ၏ အသိုက်ကို သူပြန်လာချင်းသာဖြစ်သည် ။ 


မုန့်ရှစ်ရွှမ်က အဲ့ဒါကို ဘာဖြစ်နေရတာလဲ ။ 


  မာမားကျုံးသည် သူမ၏ အဝတ်များအား ခါထုတ်လိုက်ပြီး မတ်တပ်ရပ်ကာ တံခါးဆီသို့ လျှောက်သွားခဲ့သည် ။


  " ဘာကို ရုတ်တရက်ကြီးလဲ ။ ယို့ယို့က ငါ့ရဲ့သမီးအရင်းလေ ၊ ပြီးတော့ အဲ့အခန်းက သူမအတွက် အရင်ထဲက ငါပြင်ဆင်ပေးထားတဲ့ အခန်းပဲ "


   မုန့်ရှစ်ရွှမ်က အလျင်အမြန်ပဲပြောလိုက်တယ်


" မား သမီးကအဲ့လိုဆိုလိုချင်တာမဟုတ်ပါဘူး ။ ညီမလေးလိုချင်တာဆို ဘာပဲဖြစ်ဖြစ်ပေးမှာပါ "


  မာမားကျုံးက သူမ၏ ရက်ရောမှုကြောင့် မတုန်လှုပ်သွားခဲ့ပေ ။ မာမားကျုံးသည် သူမအား အနည်းငယ်ကြည့်လိုက်ကာ ကြားဖြတ်၍ ပြောလိုက်သည် ။


  "ကောင်းတယ် ၊ အဲ့ဒါက မနက်ဖြန်အတွင်းမှာပဲ ဖြစ်လာလိမ့်မယ် ။ နင်အရင်ဆုံး ဧည့်သည်ခန်းကိုပြောင်းထားလိုက် "


သူမသည် အခန်းအားပြန်လည်ပြင်ဆင်ပြီး ယိုယို့ကို နေစေမည်ဖြစ်သည် ။ 


 "...."


 မုန့်ရှစ်ရွှမ်၏ မျက်နှာတစ်ခုလုံး အဖြူရောင်စာရွက်တစ်ရွက်ကဲ့သို့ဖြစ်နေပြီး သူမမည်သည့်စကားတစ်ခွန်းမျှပင် မပြောနိုင်တော့။


  မာမားကျုံးထွက်သွားပြီးသည့်တိုင်အောင် သူမသည်ထိုနေရာတွင် ဒူးထောက်ထိုင်နေမိပြီး နောက်ဆုံးတွင် သူမခြေထောက်များ ခွေယိုင်လာပြီး အိပ်ယာပေါ်သို့ လှဲချလိုက်မိတော့သည် ။


 ဘာတွေဖြစ်နေတာလဲ ၊ ဒီကမ္ဘာကြီးတစ်ခုလုံး ရူးသွားကြတာများလား ။ဒါမှမဟုတ် သူမအိပ်မက်မက်နေခဲ့တာလား ။ ဘာလို့များ သူမကိုချစ်သော ပါပါးကျူံး ၊ မာမားကျုံးနှင့် ကျုံးရှီယို့ တို့အကုန်လုံး တစ်ညအတွင်း ထိုကဲ့သို့ ပြောင်းလဲသွားကြတာလဲ ။


 သူမစိတ်ထဲတွင် အလွန်နာကျင်နေပြီဖြစ်သည် ။


သို့သော်လည်း သူမစိတ်အေးအေးထားကာ  အရင်ရက်အတွင်း ဘာတွေဖြစ်သွားသလဲဆိုသည်ကို သေချာပြန်စဥ်းစားရပေမည် ။