အပိုင်း ၁၅
Viewers 10k

Chapter 15




ချင်းမိသားစုသည် ကျုံးမိသားစုနှင့်မတူညီဘဲ မိသားစုဆက်ဆံရေးအရှုပ်အထွေးများရှိကြသည် ။ ရှစ်မိသားစုတွင်တော့ စီးပွားရေးများကြဆင်းနေကြပြီဖြစ်သည် ။


 ချင်းမိသားစု၏ တစ်ဦးတည်းသော ဆက်ခံသူမှာ ချင်းယောင်ဖြစ်သည် ။ချင်းမိသားစုထဲရှိ လူအကုန်သိကြသည်မှာ ချင်းယောင်အထက်ရှိ အစ်ကိုနှစ်ယောက်သည် တရားမဝင်ကလေးများဖြစ်ကြပြီး နေရာဆက်ခံပိုင်ခွင့်မရှိကြချေ ။ သူတို့သည် အဖိုးကြီးချင်းအား ကြောက်ကြသော်လည်း စိတ်ထဲတွင် အရာမထားကြပေ ။ သို့သော် ချင်းယောင်သည် အဖိုးကြီး၏ ပေါင်ပေါ်တွင်ကြီးပျင်းလာသူဖြစ်ကာ လွန်စွာမှချစ်မြတ်နိုးခြင်း ခံရသည် ။ သူသည် ဤမိသားစု၏ ပိုင်ဆိုင်မှုများကို ထုတ်မပြောသော်လည်း ထိုအရာများသည် သူ့ပိုင်ဆိုင်မှုများသာဖြစ်ကြောင်း တိတ်တဆိတ်နားလည်နေခဲ့ပြီ ဖြစ်သည် ။


 ချင်းယောင်းသည် ထိုကဲ့သို့ အသိုင်းအဝိုင်းကြီးတွင် မွေးဖွားလာခဲ့သည်မှာ စိတ်ကူး၍မရလောက်အောင်ပင် ။ သူသည် စိတ်ကူးနေဖို့ပင်မလိုအပ်ဘဲ ကောင်းသောအရာများသည် သူ့ထံသို့ အလိုအလျောက်ရောက်လာကြသည်သာ ။သို့သော် သူသည် သူ့အားမျက်လုံးထဲပင်မထည့်ထားဘဲ သူအားသဘောမကျသည့် ကျုံးယို့ယို့ကိုသာ ကြိုက်နှစ်သက်နေမိသည် ။ ထိုအရာသည် သူ့ဘဝ၏ အကြီးမားဆုံး ဆုတ်ယုတ်မှုသာဖြစ်သည် ။ 


   ချင်းယောင်သည် ဝတ္ထုထဲ၌ မကြာခဏမပေါ်လာတတ်သော်လည်း များသောအားဖြင့် ကျုံးယို့ယို့ဘေးတွင် သာတဝဲလည်လည်လုပ်နေတတ်သည် ။ မွေးနေ့ချိန်သို့ရောက်သောအခါ မိသားစုဝင်များသည် မုန့်ရှစ်ရွှမ်ဘေးတွင် စုဝေးနေကြပြီး ပျော်ရွှင်စွာ ကျင်းပနေကြသည် ။ ကျုံးယို့ယို့ သည် ထိုအချိန်တွင် ဘား၌ မူးနေခဲ့ပြီး ချင်းယောင်သည်သာလျှင် သူမအားလမ်းတစ်လျှောက်လုံး အိမ်ထိရောက်အောင် ပြန်လိုက်ပို့ပေးခဲ့သူဖြစ်သည် ။ 


ကျုံးယို့ယို့အား လူမိုက်များပိတ်ဆို့ထားခဲ့ချိန်တွင်လည်း ချင်းယောင်သည်သာလျှင် သူမအား အချိန်မီကာကွယ်ပေးနိုင်ရန် မီးနီကိုဖြတ်ကာ ကားတိုက်လုမတက်ဖြစ်ခဲ့ရပြီး တစ်ယောက်ထဲ ရောက်လာခဲ့သည့် သူဖြစ်သည် ။


   လွန်ခဲ့သော ရက်အနည်းငယ်က သူမကောလိပ်ဝင်ခွင့်စာမေးပွဲဖြေရမည့်ရက်တွင် မိုးများသည်းထန်စွာ ရွာသွန်းခဲ့သည် ။ ကျုံးပါပါး နှင့် ကျုံးမာမားသည် သူမတက္ကသိုလ်ရောက်လိမ့်မည်ဟုပင် မထင်ခဲ့ချေ ။

ချင်းယောင်သည်သာလျှင် နိုင်ငံခြားကပြန်လာပြီး သူမအား လိုက်ပို့ပေးခဲ့ကာ သူမဖြေဆိုပြီးသည်အထိ စာမေးပွဲခန်းအပြင်တွင် စောင့်နေပေးခဲ့သူဖြစ်သည် ။


ချင်းယောင်သည် သူမနှင့် မုန့်ရှစ်ရွှမ် ရန်ဖြစ်သည့်အချိန်တိုင်းတွင် ဘာကိုမျှ စဥ်းစားမနေဘဲ သူမဘက်မှ ရပ်တည်ပေးခဲ့သည့် တစ်ဦးတည်းသောသူဖြစ်သည် ။


 သူမ မုန့်ရှစ်ရွှမ်နှင့် အငြင်းပွားရသည့်အကြောင်းမှာ ရှစ်ကျစ်ထန်ဖြစ်နေလျှင်တောင်မှပေါ့....


  ချင်းယောင်သည် ကုမ္ပဏီကိစ္စရပ်များအတွက် နိုင်ငံခြားသွားခဲ့ရပြီး ရက်အနည်းပျောက်သွားချိန်တွင် သူမသည် ကျုံးမိသားစုမှ နှင်ထုတ်ခံခဲ့ရပြီး ထိုအရာဖြစ်ပွားခဲ့သည် ။ရက်အနည်းငယ်အတွင်းပင် သူမ၏ ဘဝသည် အဆိုးဆုံးအခြေအနေသို့ပြောင်းလဲသွားခဲ့သည် ။ သူမသည် ဖျက်ဆီးခံခဲ့ပြီး သူမထံတွင် တစ်ဖြေးဖြေး လူသားဆန်မှုပင်ရှိမနေတော့ချေ ။ မိန်းမတစ်ယောက်နှင့်ပင် မတူညီတော့ပဲ ၊ ဝိညာဥ်တစ်ကောင်ကဲ့သို့ပင်....


  ချင်းယောင်သည် ချက်ခြင်းပြန်ရောက်လာခဲ့ပြီး သူ၏မျက်လုံးများသည် သွေးများပြည့်နှက်နေသကဲ့သို့ နီရဲနေခဲ့ကာ လူသတ်တော့မည့်ပုံအတိုင်းပင်ဖြစ်နေခဲ့သည် ။ သူသည် ထိုအယုတ်တမာအားရှာရန် မြေကြီးကိုပင်  ၃ပေလောက် တူးဖို့ပြင်ခဲ့ပြီး သူ့ကိုယ်ထဲမှ သားရဲကိုပင် သူကိုယ်တိုင် ပြန်သတ်လုမိမတတ် ဖြစ်ခဲ့သည် ။သူ၏ လက်များသည်သာ ချုပ်နှောင်ထားခြင်းမခံထားရလျှင် ယခုချိန်တွင် သူ၏လက်များ၌ သွေးစွန်းနေလောက်ပြီ ဖြစ်သည် ။ နောက်ဆုံးတွင် သူသည် ကျုံးယို့ယို့၏ သေဆုံးမှုအတွက် ကျုံးမိသားစုအားပြန်လည်ပေးဆပ်စေခဲ့ကာ အဆုံးတွင် ထောင်ကျခဲ့သည် ။


   သူသည် သူ၏ဘဝအား မူလကိုယ်အတွက် မြှုပ်နှံထားခဲ့သည်ဟုပင် ပြောနိုင်သည် ။


   သူသည် သေချာပေါက် ဝတ္ထုထဲမှ အရံဇာတ်ကောင်တစ်ယောက်သာဖြစ်သည် ။ ဇာတ်ဝင်ခန်းများမှာလည်း သနားစရာပင်ကောင်းလွန်းနေသည် ။ သို့သော်လည်း ကျုံးယို့ယို့သည် ထိုသူအား လွန်စွာ အထင်ကြီးခဲ့သည် ။

   သူပေါ်လာသည့်အချိန်တိုင်းသည် လွန်စွာစိတ်အားတက်ကြွဖွယ်ဖြစ်ပြီး သူသည် သေချာပေါက်ကို ရည်ရမှန်းချက်အားလုံးကို မလွဲမသွေ ဖြစ်အောင်လုပ်နိုင်မည့်သူဖြစ်သည် ။ သူသည် ကောင်းကင်ဘုံကပင် ဂုဏ်ယူရမည့်သူ ဟူသည်မှာ ချဲ့ကား၍ပြောခြင်းမဟုတ်ချေ ။ သူ့ထံတွင် အလွန်ဆွဲဆောင်မှုရှိသော တည်ကြည်သည့် မျက်လုံးများရှိပြီး မည်သူကမျှ ထိုသူအား မယှဥ်နိုင်လောက်ပေ ။


   သို့သော် အဆုံးသတ်တွင် မူလကိုယ်သေဆုံးသွားပြီးနောက်မှာတော့....


     စာအုပ်သည် အပိုင်းများစွာနှင့် အလွန်ရှည်ပြီး သူမသည် ရှစ်ကျစ်ထန်၏ ဇာတ်သိမ်းကို ဖတ်ဖို့ရန်ပင် စိတ်ပါမနေသောကြောင့် သူမသည် အလျင်အမြန်ပင် ချင်းယောင်၏ အပိုင်းများကို ကျော်ဖတ်ခဲ့သည် ။


 သို့သော်သူမသည်  ချင်းယောင်၏ မုတ်ဆိတ်မွှေးများအပြည့်ဖြင့်မျက်နှာနှင့် တောက်ပခဲ့သော မျက်လုံးများသည် ရွှံ့ရောင်ကဲ့သို့ပင် ပြောင်းလဲသွားကာ လမ်းလျှောက်နေသော လူသေတစ်ကောင်လို ပြောင်းလဲသွားသည့်ပုံအား ဝတ္ထု၌ ဖော်ပြလာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ ။ 


ချင်းယောင်သည် လုံးဝ ပျက်ဆီးသွားခဲ့လေပြီ ။


ကျုံးယို့ယို့ အသက်ရှင်ခဲ့စဥ် နှင့် သေဆုံးပြီး ဆန့်ကျင်ဘက်ဖြစ်ရပ်၏ သက်ရောက်မှုသည် ချင်းယောင်အတွက် ရွေးချယ်စရာလမ်းပင်မရှိတော့သည်အထိဖြစ်ခဲ့သည်။ ချင်းယောင်၏ အဆုံးသတ်အား ဖတ်ပြီးသည့်အခါ သူမသည် ပြောစရာစကားပင်မရှိတော့လောက်အောင်ဖြစ်ခဲ့ရပြီး စာရေးသူအား စိတ်ထဲမှပင် ကြိမ်ဖန်များစွာ ဆဲရေးမိတော့သည် ။


 ချင်းယောင်သည် စွန့်လွှတ်အနစ်နာခံမှုများနှင့် မူလကိုယ်အတွက်ဆိုလျှင် အသက်ပင်ပေးနိုင်လောက်သည်အထိ ချစ်ခဲ့ခြင်းဖြစ်သည်။သို့သော်လည်း မူလပိုင်ရှင်သည် ထိုသူအား ငြင်းပယ်ခဲ့ပြီး ဂရုပင်မစိုက်ခဲ့ချေ ။ ထိုသူသည် သူမအား လက်လွှတ်ပေးကာ သူမ သူ့အားမကြိုက်သည်ကိုပင် မျက်ကွယ်ပြုပေးခဲ့သည် ။သူမ ဤအကြောင်းအရာတို့အား ဖတ်ပြီးနောက်တွင် သူမသည် မျက်တောင်ပင် မခတ်နိုင်ဖြစ်ခဲ့ရသည် ။


  သူမသည် မူလကိုယ်သာဆိုလျှင် သူမသေချာပေါက်ကို နောင်တကြီးစွာရမည်ဖြစ်သည် ။


သူမသည် သူမ အား မချစ်မနှစ်သက်သည့်အပြင်  ဂရုပင်မစိုက်ခဲ့သည့် ရှစ်ကျစ်ထန်ဘေးတွင်သာ သူမတစ်ဘဝလုံးကို ကုန်ဆုံးစေချင်ခဲ့ပြီး သူမအတွက် သူ၏ တစ်ဘဝလုံးအပါအဝင် များစွာပေးဆပ်ခဲ့သော ချင်းယောင်ကိုတော့ တစ်ခါမျှပင် လှည့်မကြည့်ခဲ့ချေ ။


   သို့သော် သူမသည် မူလကိုယ် ရှစ်ကျစ်ထန်ကို မည်မျှချစ်ခဲ့သည်ကို ပြောချင်နေသေးသည် ။ တစ်ကယ်တမ်း၌ သူမတွင်ရွေးချယ်စရာမရှိခဲ့ပေ ။ ထိုအရာသည် သူမပိုင်ဆိုင်သော အရာအားလုံး မုန့်ရှစ်ရွှမ်ထံမှ လုယူခံခဲ့ရသောကြောင့် အဆုံးရှုံးမခံနိုင်ခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သည် ။


သူမ ဘယ်လိုလုပ်မမုန်းဘဲနေနိုင်ပါ့မလဲ ။


မည်သို့ပင်ဖြစ်စေ ဤအရာကြောင့် ကျုံးယို့ယို့ သည် ချင်းယောင်ကို ဆုံးရှုံးခဲ့ရသည် ။

....


ဟူး...


ကျုံးယို့ယို့ သက်ပြင်းချလိုက်မိသည် ။ 


သူက မူလကိုယ်နဲ့ တစ်ကယ်မထိုက်တန်တာပဲ ။


   ချင်းယောင်သည် တစ်ဖက်တွင် ကျုံးယို့ယို့ စကားပြောလာမည်ကို စောင့်ဆိုင်းနေခဲ့သည်။ သူ၏ ချောမောသော မျက်နှာသည်ပင် အနီရောင်သန်းနေခဲ့ပြီး သူ၏ နှလုံးသားသည်လည်း သူ၏ လည်ချောင်းမှ ခုန်ထွက်တော့မတက်ဖြစ်နေသည် ။ ပြီးနောက် သူ၏ လက်ချောင်းများသည် သူမ၏ အသက်ရှူသံကိုပင် လွတ်သွားမည်စိုးသည့်အလားဖုန်းအား နားထဲသို့ပင် ထည့်လုမတတ်ဖြစ်နေသည် ။ 


 ကျုံးယို့ယို့သည် မည်သည့်အချိန်ကမှ သူ့အားစ၍ ခေါ်ဆိုခြင်းမရှိခဲ့။ 


  ဘာတွေဖြစ်နေတာပါလိမ့် ။


နေပါဦး ၊ ကိစ္စတစ်ခုခုရှိနေတာပဲ ဖြစ်ရမယ်။ ဟုတ်တယ်မလား ။


 ချင်းယောင်၏ မျက်နှာသည် ရုတ်ချည်းပြောင်းလဲသွားခဲ့ပြီး လူအိုကြီးနှင့်ပင် စကားပြောလို့မပြီးသေးဘဲ တံခါးဖွင့်ကာ အောက်ထပ်သို့အပြေးဆင်းသွားခဲ့သည် ။ တံခါးဖွင့်လိုက်သောအခါ ဧည့်ခံပွဲမှဆူညံသံများသည် ဖုန်းလိုင်းမှတစ်ဆင့် ကျုံးယို့ယို့ နားထဲသို့ရောက်သွားခဲ့သည် ။ထို့နောက်မှသာ ကျုံးယို့ယို့သည် တစ်ခုခုတုံပြန်လာခဲ့သည် ။ သူမအချိန်အတော်တန်ကြာအောင် ဘာမှမပြောခဲ့သည့်အတွက် အလျင်အမြန်ပဲ ဆိုလိုက်သည် 


" ချင်းယောင် , ငါနင့်ကို တစ်ခုပြောစရာရှိတယ် ။ နင်ငါ့ကို ကူညီပေးနိုင်မလား "


 ချင်းယောင်သည် ရပ်တန့်သွားခဲ့ပြီး စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်ခဲ့သည် ။


  သူဆင်းလာသည်ကိုမြင်သည်နှင့် ဧည့်သည်များသည် တစ်ယောက်ပြီးတစ်ယောက် လာရောက်နှုတ်ဆက်နေခဲ့ကြပြီး သူ့အတွက် ဝိုင်ခွက်များမြှောက်ကာ ဂုဏ်ပြုပေးနေကြသည် ။ သို့သော် သူတို့ဘာမှမပြောရသေးခင်ပင် တတိယသခင်လေးသည် သီးသန့်ဥယျာဥ်ထဲသို့ လျှောက်သွားခဲ့သည် ။


 ချင်းယောင်သည် ဘာမှပြန်မပြောသည်ကို သိရသောအခါ ယို့ယို့သည် အနည်းငယ်ထူးဆန်းသွားပြီး မေးလိုက်သည်


 " ချင်းယောင် နင်နားထောင်နေရဲ့လား "


 သေချာပေါက်ကို ချင်းယောင်နားထောင်နေခဲ့တာပေါ့ ။ ချင်းယောင်က တစ်လျှောက်လုံး နားထောင်နေခဲ့တာ..

သူ့ဘေးတွင် မည်သူမျှမရှိတော့သည့်အခါတွင် ၊ သူ၏ နှုတ်ခမ်းထောင့်များသည် နားရွက်တက်ချိတ်လုမတက် ဖြစ်နေပြီး သူ၏ နှလုံးသားသည်လည်း ပြင်းထန်စွာခုန်ပေါက်နေခဲ့ကာ သူစကားပြောသောအခါအတွင် သူ၏ ခံစားချက်များအား သူမထံဖော်ထုတ်ခံလိုက်ရမည်ကိုပင် စိုးရိမ်နေရသည်။


သူ လည်ချောင်းရှင်းလိုက်ပြီး ဖုန်းကို အနည်းငယ် ဝေးဝေးထားရန် လက်မောင်းဆန့်တန်းလိုက်သည် ။ ထို့နောက် အသက်ခပ်ပြင်းပြင်းရှူလိုက်ကာ ဖုန်းအား အနားသို့ ပြန်ကပ်လိုက်ပြီး ယဥ်ကျေးစွာပင်မေးလိုက်သည် ။


  " ဘာကိစ္စများလဲ "


ကျုံးယို့ယို့ "...."


မဟုတ်သေးပါဘူး ။ ဒါကဘယ်လိုအခြေအနေကြီးလဲ ။ဒါကြီးက ဝတ္ထုထဲကနဲ့ လုံးကို တစ်ခြားစီဖြစ်နေတာမဟုတ်ဘူးလား ။ချင်းယောင်က အခုမှ သူမကို မကြိုက်တော့ဘူးဆိုတာရော ဖြစ်နိုင်သေးလား ။


အဲ့ဒါက ဝတ္ထုထဲတွင် ချင်းယောင်ပါသည့်အခန်းသည် အရမ်းနည်းခဲ့ပြီး သူမအား ထိုသူဘယ်ချိန်ချစ်မိသွားခဲ့သလဲ ဆိုသည်ကိုပင်မသိလိုက်သောကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပါသည် ။ ဖြစ်နိုင်တာက ကျုံးပါပါးနှင့် ကျုံးမာမားကဲ့သို့ပင် ချင်းယောင်သည်လည်း ဝတ္ထုထဲကနှင့် မတူညီတော့ခြင်းဖြစ်မည် ။


  ဒါက ဘယ်လိုတောင် ကံမကောင်းရတာလဲ ။


သို့သော် ယခုဖုန်းဆက်ပြီးသည့်အချိန်မှတော့ သူမသည် ချင်းယောင် သူမအား မျက်နှာပေးရန်သာ တောင်းဆိုနိုင်တော့သည် ။ သူမ၏ အသံမှာ စိတ်ပျက်အားလျော့နေသကဲ့သို့ တိုးညင်းစွာဖြင့် " ငါ ငါ့မိသားစုနဲ့ ပြဿနာဖြစ်ခဲ့တယ် ။ အခုငါထွက်သွားဖို့စီစဥ်နေတာ နင်သိလား ။နင်ငါ့ကို သင့်တော်တဲ့အိမ်တစ်လုံးလောက် ရှာပေးဖို့ ကူညီပေးနိုင်မလား "


"...."


ချင်းယောင်၏ နားရွက်များသည် နီရဲနေခဲ့သည် ။ တစ်ခဏတာ ငြိမ်သက်နေခဲ့ပြီးနောက်တွင် သူသည် ငြင်သာသော အသံဖြင့် ပြန်ပြောခဲ့သည် ။


 " နင်ပြောလိုက်ပြီဆိုကတည်းကိုက ကူညီဖို့ ငါတွန့်နေမှာမဟုတ်ပါဘူး... ငါ ကူညီပါ့မယ်  "


 သူ၏ တွန့်ဆုတ်နေသောအသံကိုကြားလိုက်ရသောအခါ ကျုံးယို့ယို့သည် ဖုန်းချပစ်လိုက်ပြီး စိတ်ဓာတ်ပင်ကျသွားရသည် ။


သူမပြောနိုင်တာကတော့  သေချာပေါက်ကို ဒါက သူမရဲ့ ဆုံးရှုံးမှုကြီးပဲ ။သူမ ဝတ္ထုဖတ်ခဲ့စဥ်က ချင်းယောင်ရဲ့ ဇာတ်ကောင်ကို သူမအထင်ကြီးခဲ့မိသည် ။ပြီးနောက် သူမက ချင်းယောင်ကို တောင်းဆိုမှုအနည်းငယ်လုပ်ဖို့ ဖုန်းဆက်ခဲ့တယ် ...


မည်သို့ပင်ဖြစ်စေ ချင်းယောင်သည် သူမကို ယခုချိန်တွင် လုံးဝမကြိုက်နှစ်သက်တော့တာ ဖြစ်နိုင်သည်။ သူမ ဘာမှစဥ်းစားမနေတော့ဘဲ ဆေးကြောသန့်စင်ပြီး အိပ်ယာဝင်ရန်သာရှိတော့သည် ။


ကျုံးယို့ယို့မသိလိုက်သည်က ချင်းမိသားစု၏ တတိယသခင်လေးသည် ဖုန်းအားလက်မှမချသေးဘဲ တစ်ဖက်တွင် ဖုန်းစပီကာကို နားအနီးတွင်ပင်  အချိန်အတော်တန်ကြာအောင် ကပ်ထားလျက်ရှိသေးသည်။ ညဘက်တွင် ထိုသူ၏ အနီရောင်သန်းနေနှင့်ပြီးသောမျက်နာသည် ခရမ်းချဥ်သီးကဲ့သို့ပင် ပြောင်းလဲနေပြီဖြစ်သည် ။ 


*


ကျုံးယို့ယို့ ၏ စိတ်ဝင်စားမှုသည် ချက်ခြင်းပြောင်းလဲသွားခဲ့ပြီး သူမထုတ်ပိုးခဲ့သော လက်ဆွဲအိတ်အား ကြည့်ကာ သူမနှလုံးသားသည် စိတ်အားထက်သန်မှုတို့ပြည့်နှက်နေခဲ့သည် ။


  ပြောရမည်ဆိုလျှင် , မူလကိုယ်တွင် ပစ္စည်းများများစားစားမရှိချေ ။သူမည် ဤအိမ်သို့ပြောင်းလာသည့်အချိန်ကတည်းကပင် ဧည့်သည်ခန်း အခန်းကျဥ်းလေးတွင်ပင်နေထိုင်ခဲ့သည် ။သူမအဲ့တာကို တွေးကြည့်ရုံနှင့်ပင်ရသည် ။ စောင် , အိပ်ယာခင်း , မျက်နှာသုတ်ပဝါ အစရှိသည်တို့သာလျှင်ဖြစ်သည် ။


စံပုံစံ အပြာရောင်နှင့် အဖြူရောင်စပ်ထားပုံသည် သာမန်မျှသာဖြစ်ပြီး အစေခံများပင် တူညီသော ပုံစံကို အသုံးပြုကြသည် ။မာမားကျုံးသည် သူမအား အသစ်တစ်စုံဝယ်ပေးရန်ပင် စိတ်မကူးခဲ့ချေ ။


 ထို့ကြောင့် ကျုံးယို့ယို့သည်လည်း ထိုအရာများကို သယ်ဆောင်သွားနေတော့မည် မဟုတ်ပေ။


  မုန့်ရှစ်ရွှမ်အခန်းထဲမှ လှပသော အရုပ်များနှင့် စုံလင်လှသော ဆံထိုးများနှင့်ယှဥ်လျင် မူလကိုယ်၏ အခန်းထဲတွင်သော မည်သည့် အရာမျှ ရှိမနေခဲ့ ။ အဆုံးတွင် ထိုအရာများသည် လက်ဆောင်များသာဖြစ်သည် ။ သူမကိုတော့ မည်သူတစ်ဦးတစ်ယောက်ကမျှ ပေးခဲ့ခြင်းမျိုးမရှိခဲ့ ။ သူမ ဒီကိုရောက်တာ သုံးနှစ်ပင်ရှိခဲ့ပြီ ။ နှစ်တိုင်းလိုလိုပင် သူမမိသားစု၏ အာရုံစိုက်မှုသည် မုန့်ရှစ်ရွှမ်အပေါ်တွင်သာ ဖြစ်ပြီး သူမ မူးပြီးပြန်လာသည့်အခါတိုင်းတွင် သူမအား ခါးသီးစွာဆက်ဆံခဲ့ကြသည် ။


  ထို့ကြောင့် ကျုံးယို့ယို့ သိမ်းဆည်းပြီးသွားသည့်နောက်တွင် သူမသယ်ဆောင်သွားဖို့လိုအပ်သောအရာများသည် သူမ မကြာသေးခင် ကုန်တိုက်ကမှ ဝယ်လာသောပစ္စည်းများသာဖြစ်သည်ကိုသိလိုက်ရသည် ။


 သူမဘာမှမတတ်နိုင်တော့ဘဲ ကြမ်းပြင်ပေါ်တွင် ထိုင်ချပြီး သက်ပြင်းသာ ချနိုင်တော့သည် ။မူလကိုယ်၏ အထီးကျန်ဆန်မှုများအား သူမနှလုံးသား​အောက်ခြေမှပင် ခံစားလိုက်ရသည် ။မည်သူကမျှဂရုမစိုက်ဘဲ အနောက်ဘက်ကို မျက်နှာမူနေသကဲ့သို့ ကြိုဆိုခြင်းမရှိသည့် ဤအခန်းထဲတွင် တစ်ရက်ပြီးတစ်ရက်နေထိုင်ရသည်မှာ အလွန်ကို စိမ်းသက်လွန်းလှသည် ။


သူမ၏ ဘယ်ဘက်လက်မောင်းကို မြှောက်လိုက်ပြီး တစ်ချက်ကြည့်လိုက်မိသည် ။ ဒဏ်ရာသည် ယခုချိန်တွင် အနာကျက်သွားပြီဖြစ်ပြီး အမာရွတ်သာလျှင် ကျန်ရှိခဲ့သည် ။


 အကုန်လုံး ပြီးစီးသွားသည့်နောက်တွင် ကျုံးယို့ယို့သည် အလွန်ကို ပင်ပန်းနေခဲ့ပြီဖြစ်သည် ။ သူမ အိပ်ယာပေါ်သို့  လှဲချလိုက်သည့် တခဏချင်းတွင်ပင် အိပ်ပျော်သွားခဲ့လေပြီ ။ သူမ ဖုန်းအားအသံပိတ်ပြီးနောက်တွင် ဖုန်းတွင် လွတ်သွားသောခေါ်ဆိုမှုတစ်ခုရှိနေသည်ကို သူမမသိခဲ့ပေ ။ 


ရှစ်ကျစ်ထန်ဟူသော နာမည်သုံးလုံးသည် သူမဖုန်းမျက်နှာပြင်ပေါ်တွင် တစ်ခါပြီးတစ်ခါ ပေါ်လာခဲ့ပြီး သူသည် အလွန်ကို စကားပြောချင်နေခဲ့သည် ။ ထို့နောက် ခေါ်ဆိုခြင်းကို ရပ်တန့်လိုက်ပြီး သူချက်ခြင်းပဲ ထွက်လာခဲ့တော့သည် ။


*


ကျုံးယို့ယို့နှင့် ချင်းယောင်သည် နောက်တစ်နေ့ နေ့လည်တွင် ပြောင်းရွှေ့ရန် သဘောတူခဲ့ကြသည် ။ ထို့ကြောင့် နောက်တစ်နေ့တွင် သူမသည် ကျုံးပါပါး နှင့် မာမားတို့အား ရှောင်နေရန် တမင်အိပ်နေခဲ့သည် ။သူတို့သည် ဒီရက်တွင် ကုမ္ပဏီသို့သွားသင့်နေပြီဖြစ်ပြီး ဤကဲ့သို့ မြင်ကွင်းမျိုးကတော့ သူမအမှန်ပင် မထင်မှတ်ထားခဲ့ချေ ။


သူမထမင်းစားခန်းသို့ဝင်ဝင်ချင်းပင် ကြီးမားသော စားပွဲပေါ်တွင် ဟင်းလျာအစုံအလင်အပြည့်ရှိနေခဲ့သည် ။မာမားကျုံးသည် ရှေ့ဖုံးခါးစည်းကို ဝတ်ဆင်ထားခဲ့သည် ။သူမကို မြင်သည်နှင့် မာမားကျုံးသည် အလွန်နူးညံ့သွားခဲ့ပြီး " နိုးလာပြီလား ၊ ဒီမှာ လာထိုင်လေ "

 ပါပါးကျုံးသည်ပင် သူမအား ကြင်နာစွာကြည့်နေခဲ့လေသည် ။


" သမီးအမေက သမီးအတွက် စောစောထပြီး မနက်စာပြင်ပေးထားတာလေ ။ဒါတွေအကုန်လုံး သူမကိုယ်တိုင်ပဲ ပြင်ဆင်ခဲ့တာ "


 သူမအတွက်တဲ့လား ။ ဒါက လုံးဝကို အသစ်အဆန်းကြီးပဲ ။