Chapter 17
ပူလောင်နေသောလေထုသည် အိုက်စပ်ပြီး သည်းမခံနိုင်စရာပင်။ ချင်းယောင်သည် ဧည့်ခန်းထဲသို့ ခြေလှမ်းကျဲနှင့်ဝင်သွားကာ ဆိုဖာပေါ်တွင် ထိုင်နေသော်လည်း သူ့ခန္ဓာကိုယ်ကတော့ အေးစက်စက်ရောင်ဝါများ ခပ်ရေးရေးဖုံးလွှမ်းနေလေသည်။
ဧည့်သည်တစ်ယောက်ရှိနေတာကို မြင်လိုက်ရပြီး ထိုလူက ချင်းမိသားစုရဲ့သခင်လေးဖြစ်ကြောင်း အစေခံက သိလိုက်ရတဲ့အတွက် လျစ်လျူမရှုဝံ့ဘဲ သူဘာသောက်ချင်လဲဆိုတာကိုမေးဖို့ အလျင်စလိုရောက်လာသည်။
ချင်းယောင်က သူပြောတာကို မကြားသလိုမျိုး သူ့ရဲ့နက်မှောင်တဲ့မျက်၀န်းတွေထဲမှ အကြည့်တွေကတော့ လေးလံနေခဲ့သည်။ သူက နေရာလွတ်ကို ဗလာဖြစ်စွာဖြင့် စိုက်ကြည့်နေပြီး သူ့အမူအရာကတော့ အနည်းငယ်စိတ်ဓာတ်ကျ၍ အထီးကျန်ဆန်နေလေသည်။
သူက ဧည့်ခန်းထဲမှာ ထိုင်နေတာကြောင့် ဗီလာဝင်ပေါက်မှ ကျုံးယို့ယို့နဲ့ ရှစ်ကျစ်ထန်တို့ရဲ့ စကား၀ိုင်းကို ထုံးစံအတိုင်း မကြားရချေ။
သို့သော်လည်း သူ မျက်လွှာပင့်ကြည့်လိုက်တော့ သူတို့နှစ်ယောက်သားကြားက အကွာအဝေးဟာ အလွန်အမင်းနီးကပ်နေတာကို ရှင်းရှင်းလင်းလင်း သိလိုက်ရ၏။ ထို့နောက် စကားဖလှယ်ပြီးနောက်မှာ ယို့ယို့က သူမရဲ့ဆံပင်တွေကို နားရွက်နောက်ဘက်မှာ သပ်ထည့်လိုက်ပြီး ပါးစပ်ထောင့်လေးတွေက သိသာထင်ရှားတဲ့ အကွေးလေးတစ်ခုအဖြစ် ကွေးတက်သွားသည်။
"....."
ယို့ယို့က အရင်တုန်းက သူ့ရှေ့မှာဆို ဒီလိုမျိုးတစ်ခါမှ မလုပ်ဖူးဘူး။
ထိုအခိုက်အတန့်တွင် ချင်းယောင်၏နှလုံးသားထဲမှ ပိုင်စိုးပိုင်နင်းလုပ်လိုမှုက သူ့စိတ်ကို လွှမ်းခြုံသွားသည်။ သူက မသိစိတ်ကြောင့် မတ်တပ်ထရပ်ကာ ထိုနေရာသို့ လျှောက်သွားချင်ပြီး နှစ်ယောက်သားကြားမှ ဆက်ဆံရေးကို ကျိုးကြောင်းမဆီလျော်စွာ အနှောင့်အယှက်ပေးလိုက်ချင်သည်။ သူအရင်က ဒါကို အကြိမ်ကြိမ်လုပ်ခဲ့ဖူးပြီး သူ့ကို ယို့ယို့က ပိုစက်ဆုပ်သွားအောင် လုပ်မိခဲ့သည်......
ချင်းယောင်က အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့နှလုံးသားထဲမှ ပိတ်ဆီးနေတဲ့ မနာလိုစိတ်တွေကို ချုပ်တည်းဖို့ အကောင်းဆုံးကြိုးစားခဲ့သည်။
သူက အနည်းငယ်အသက်မပါစွာနဲ့ ကော်လာကို ကြယ်သီးဖြုတ်လိုက်သည်။
..........
*
ကျုံးယို့ယို့က ရယ်နေပေမယ့် တကယ်တော့ လှောင်ရယ်နေတာပင်။ သူမက လက်ပိုက်ကာ ရှစ်ကျစ်ထန်ရဲ့မျက်၀န်းတွေကို အနည်းငယ်ရယ်သွမ်းသွေးစွာဖြင့် ကြည့်လိုက်သည်။
"မုန့်ရှစ်ရွှမ် အိမ်မှာ မရှိဘူး၊ နောက်နေ့မှ လာခဲ့"
အဲ့ဒီလူနှစ်ယောက်က ကျောင်းမှာ တစ်ယောက်နဲ့တစ်ယောက် တွေ့ရတာမလုံလောက်ကြသေးလို့ သူမကို အော်ဂလီဆန်အောင်လုပ်ဖို့ ဒီအိမ်ထိ လိုက်လာဖို့လုပ်နေကြတာလား။
ရှစ်ကျစ်ထန်ရဲ့မျက်၀န်းတွေက သူ့ရှေ့မှ ကျုံးယို့ယို့၏မျက်နှာပေါ်သို့ ကျရောက်လာပြီး သူ့နှလုံးသားသည်တော့ တခဏတာ တုန်လှုပ်သွားရသည်။
ကျုံးယို့ယို့ ဒီကို လွန်ခဲ့တဲ့ ၃ နှစ်လောက်က ပြောင်းလာတုန်းက သူမကို ပထမဆုံးမြင်လိုက်ရတဲ့အချိန်မှာ သူ အံ့အားသင့်သွားခဲ့ရသည်။ ထောင့်စွန်းတွင်ထိုင်နေသော ရှက်ရွံ့တတ်သောကလေးမလေးက သူ့ကို ခိုးကြောင်ခိုး၀ှက်ကြည့်ခဲ့ပေမယ့်လည်း စကားလာမပြော၀ံ့ခဲ့ပေ။ ဒါက စိတ်ချမ်းမြေ့စွာနေထိုင်နေရတဲ့ အလိုလိုက်ခံရပြီး နူးညံ့သိမ်မွေ့ကာ ကြင်နာတတ်တဲ့ မုန့်ရှစ်ရွှမ်နဲ့ လုံးဝမတူကွဲပြားတဲ့ အလှလေးတစ်ယောက်ပင်။
ထိုအချိန်တုန်းကတော့ ကျုံးယို့ယို့သည် ပွင့်လန်းလာတော့မည့်ပုံပေါက်သော်လည်း ဆူးများဖြင့် ဖုံးအုပ်ထားသည်။ သူမသည် တုန်လှုပ်ပြီး အားကိုးရာမဲ့နေသော ပန်းဖူးလေးဖြစ်ကာ သူမ၏ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ရှက်ကိုးရှက်ကန်းနှင့် ဂရုတစိုက်ဆက်ဆံတတ်ပြီး လူများကို အကြောင်းပြချက်မရှိဘဲ သနားစိတ်၀င်စေသည်။
ထိုသို့သောကျုံးယို့ယို့က တခဏတည်းသာ ဖြစ်တည်ခဲ့တာတော့ နှမြောစရာပင်။
ထို့နောက်မှာတော့ သူမကိုမြင်တိုင်း သူမက ပို၍ပုန်ကန်ပြီး ပို၍ရိုင်းပျလာတော့သည်။ သူမရဲ့ ပင်ကိုယ်စရိုက်က ကျိုးကြောင်းမဆီလျော်ဖြစ်လာပြီး စိတ်အနှောက်အယှက်ဖြစ်စေရုံသာမက သူမရဲ့ မိတ်ကပ်နဲ့ဆံပင်ကလည်း ညစ်ပတ်ရှုပ်ထွေးလာခဲ့သည်ပင်။ သူမ၏မျက်နှာကို အမြဲတမ်း eyeshadowနှင့် မျက်တောင်ထူထူများဖြင့် ထူထူထဲထဲဖုံးအုပ်ထားလေ့ရှိသောကြောင့် တစ်ခါတစ်ရံမှာဆို သူမမျက်နှာကို သူ ရှင်းရှင်းလင်းလင်းမမြင်ရပေ။
ဒါပေါ့၊ သူမကိုယ်သူမ ထိုသရဲတစ္ဆေသွင်ပြင်သို့ ပြောင်းလိုက်ပြီးနောက် ကျုံးမိသားစုရဲ့ ဧည့်သည်တော်တော်များများက သူမကို ဒုတိယတစ်ခေါက် လုံးဝ ထပ်မကြည့်ရဲကြတော့ဘူး။
သို့သော်ငြားလည်း ယခုမူကား...
သန့်ရှင်းသပ်ရပ်နေသော ကျုံးယို့ယို့သည် သူ့ရှေ့တွင် ဤကဲ့သို့ရပ်နေသည်ကို သူမြင်လိုက်ရသည်။ သူမ၏ သန့်ရှင်းပြီး ဖြူစင်သောမျက်နှာလေးသည် နေရောင်ဖြင့် ဖြန်းပက်ခံထားရပြီး တောက်ပသော အလင်းရောင်တို့ဖြင့် လွှမ်းခြုံနေသည်။ ထိုသည်က သူ့မျက်၀န်းတွေကို အဝေးကိုလွှဲပစ်ဖို့ ခက်ခဲစေ၏။
သူမရဲ့အလှတရားက လူတွေကို ဝန်မခံ၀ံ့ဖြစ်စေလေသည်။
ရှစ်ကျစ်ထန်၏စိတ်သည် ရှုပ်ထွေးနေသည်။ သူ၏နောက်ဆုံးဘဝ အခက်ခဲဆုံးအချိန်၌ မုန့်ရှစ်ရွှမ်က တွေဝေခြင်းပင်မရှိပဲ သူတို့ရဲ့စေ့စပ်ကြောင်းလမ်းမှုကို ဖြတ်တောက်ခဲ့သည်။ ထိုအစား၊ ကျုံးယို့ယို့သည်တော့ အရင်က သူမကို သူဘယ်လိုနာကျင်အောင် လုပ်ခဲ့လဲဆိုတာကို ဂရုမစိုက်ဘဲ သူလိုအပ်နေတဲ့အချိန်မှာ သူ့ကို ကူညီခဲ့သည်။ သူ့နှလုံးသားက ကျောက်တုံးနဲ့လုပ်ထားတာမဟုတ်ပေ။ ကျုံးယို့ယို့အတွက်
ယောက်ျားနှင့်မိန်းမကြားမှ ခံစားချက်မရှိသေးသော်လည်း သူ စိတ်လှုပ်ရှားမိနေဆဲပင်...
ထို့အပြင် ယခုတွင် သူမ၏တောက်ပလင်းလက်မှုကို ပြန်လည်ရရှိသွားသော ကျုံးယို့ယို့သည် သူ့အား တခဏတာ စိတ်လွတ်သွားစေကာ သူ့နှလုံးခုန်သံတွေတောင် လွှဲချော်သွားရသည်။
သူ စိတ်ပြန်တည်ငြိမ်သွားပြီးမှ ဒီကိုလာရတဲ့ ရည်ရွယ်ချက်ကို သတိရပြီး ပြောလိုက်သည်။
"ငါ မင်းကိုလာရှာတာ ပြောစရာရှိတယ်"
ကျုံးယို့ယို့က ခဏလောက် အံ့အားသင့်သွားပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။
- - ရှစ်ကျစ်ထန်မှာ နှလုံးသား(စာနာစိတ်)နည်းနည်းရှိရင် မူလပိုင်ရှင်ရဲ့ရှေ့မှာ မပေါ်လာသင့်ဘူး။ မူလပိုင်ရှင်က သူ့ကို အရမ်းသဘောကျတယ်ဆိုတာ သူသိပြီး မူလပိုင်ရှင်ကို မျှော်လင့်ချက်တွေ အမြဲပေးလေ့ရှိသည်။တခါတရံမှာ လျစ်လျူရှုထားပြီး တခါတရံမှာတော့ နွေးထွေးမှု အနည်းငယ် ပြသတတ်၏။ သူဒီလိုပိုလုပ်လေလေ မူလပိုင်ရှင်က လက်မလွှတ်နိုင်လေလေပဲဆိုတာ သူမသိဘူးလား။
လုံးဝကို သွေးအေးအေးနဲ့ သူပြန်ချစ်မယ့်အကြောင်း တွေးမနေဖို့ မူလပိုင်ရှင်ကို ရက်ရက်စက်စက်ပြောလိုက်တာက ပိုကောင်းလိမ့်မယ်။
သူမက နှာမှုတ်လိုက်ပြီး လက်ပြန်ချကာ အိတ်ကပ်ထဲ လက်ထည့်ထားလိုက်ပြီး တံခါးကို မှီထားလိုက်သော်လည်း သူမ၏အမူအရာကတော့ ပို,ပို၍ စိမ်းကားလာကာ အေးစက်စွာ ပြောလိုက်သည်။
"စကားပြောဖို့လား ငါတို့ကြားမှာ ဘာပြောစရာရှိလို့လဲ"
"... ယို့ယို့ မင်း ဘာလို့..." အစောပိုင်းက ရှစ်ကျစ်ထန်ပြင်ဆင်ထားတဲ့ စကားလုံးတွေက ရုတ်တရက် သူ့လည်ချောင်းထဲ တန့်သွားပြီး ကျုံးယို့ယို့ကို နားမလည်နိုင်စွာ ကြည့်လိုက်သည်။
သူ့ရှေ့မှာဆို ကျုံးယို့ယို့သည် အမြဲလိုလိုပင် နှိမ့်ချပြီး ပျော်ရွှင်နေလေ့ရှိသည်။ ကျုံးယို့ယို့ကို နည်းနည်းလောက် ပိုကြည့်ပေးလိုက်ရင် သူမက တနေကုန် ပျော်နေလိမ့်မယ်။သူလည်းပဲ သူ့နောက်ကိုကျုံးယို့ယို့လိုက်နေတာ သဘောကျ၏။ ဒါပေမယ့် ဒီနေ့ ကျုံးယို့ယို ဘာဖြစ်နေတာလဲ။သူမရဲ့မျက်၀န်းတွေက အရမ်းကိုအေးစက်နေပြီး အချစ်အရိပ်အယောင်ကို ရှာမရချေ။
ဒါမှမဟုတ် မကြာသေးခင်က မုန့်ရှစ်ရွှမ်အတွက် သူပြောပေးခဲ့လို့ သူမဒေါသထွက်နေတာလား။
ရှစ်ကျစ်ထန်က အကြောင်းပြချက်ကို ရှာတွေ့သွားပြီဟု တွေးကာ သက်ပြင်းလေးချပြီး အလိုလိုက်တဲ့လေသံလေးနဲ့ ပြောလိုက်သည်။
"ဒီလိုမဖြစ်ပါနဲ့၊ ငါ မင်းနဲ့ စကားကောင်းကောင်းပြောချင်တယ် မင်း မုန့်ရှစ်ရွှမ်ကိုမကြိုက်ရင် အနာဂတ်မှာ ငါ သူမနဲ့ နည်းနည်းပဲဆက်ဆံတော့မယ်လေ ဟုတ်ပြီလား?"
သူ့မျက်၀န်းတွေက ရိုးသားပြီး သူ့စကားတွေက လေးနက်လေသည်။
သူ့ယခင်ဘဝက ထိုသို့သောအရာများကို တွေ့ကြုံခံစားခဲ့ရတော့ ယခုအခါတွင် သူသည် မုန့်ရှစ်ရွှမ်ကိုမြင်ရတာ ငြီးငွေ့နေပြီဖြစ်သည်။ လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း၊ သူ့ယခင်ဘဝ ကျုံးယို့ယို့နှင့် အတူနေခဲ့သည့်အချိန်တုန်းက အသေးစိတ်အချက်အလက်များက သူ့စိတ်ထဲမှာ တရစ်ဝဲ၀ဲဖြစ်နေခဲ့သည်။ သူ၏ယခင်ဘဝတွင် ကျုံးယို့ယို့ကို သူ့ညီမလေးအဖြစ်သာ မှတ်ယူခဲ့ပြီး သူမနှင့်ဆက်ဆံရန် အခွင့်အလမ်းများစွာ မရှိခဲ့သော်လည်း ကျုံးယို့ယို့၏ အထင်အမြင်ကောင်းကိုတော့ သူ ဆုပ်ကိုင်နိုင်ခဲ့သည်လေ။
ဒီဘဝမှာ ကျုံးယို့ယို့က သူ့ကို သဘောကျနေသေးရင် သူမကို သူ သေချာပေါက်ကောင်းကောင်း ဆက်ဆံမည် လွန်ခဲ့သည့်ရက်အနည်းငယ်တွင်၊ သူသည် ကျုံးယို့ယို့ သူ့ကို အစပြုလာရှာဖွေတာကို စောင့်ဆိုင်းနေခဲ့သည်။ ကျုံးယို့ယို့သည် သူ့ကိုမြင်ရဖို့အတွက် သူမဘာမှလုပ်စရာမရှိသည့်အခါ သူ့အတန်းကိုသွားဖို့ သို့မဟုတ် သူ့အိမ်အနီးလှည့်ပတ်သွားဖို့ ဆင်ခြေရှာလာစမြဲပင်။
သို့သော်လည်း ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း ကျုံးယို့ယို့သည် သူ့အကြောင်းကို တစ်ခါမှမတွေးနေသလိုမျိုး သူ့ရှေ့မှာ တစ်ခါမှ ပေါ်မလာခဲ့ချေ။
သူက ကျုံးယို့ယို့ကို ဖုန်းခေါ်ပေမယ့် ကျုံးယိုယို့က ပြန်မဖြေခဲ့ပေ။
သူ အခု နည်းနည်းထိတ်လန့်နေပြီး သူ့စိတ်ထဲမှာလည်း ဆိုးရွားတဲ့ခံစားချက်တွေ ရှိနေတာကြောင့် ဒီနေ့မှာ လာရောက်လည်ပတ်ဖို့ သူ့ဘက်ကအစပြုခဲ့ရသည်။
သူ့နောက်ဆုံးဘ၀တွင် ထိုသို့သောကိစ္စများ တွေ့ကြုံခံစားခဲ့ရပြီးမှသာ သူသည် ဆုံးဖြတ်ချက်တစ်ခုချရာတွင် အရမ်းကို ဆုံးမဖြတ်နိုင်ဖြစ်နေပြီး ချီတုံချတုံဖြစ်နေတတ်ကြောင်း သဘောပေါက်ခဲ့ပြီး ၎င်းက နောက်ဆုံးရလဒ်ကို ဖြစ်ပေါ်စေခဲ့သည်။ကျုံးယို့ယို့ ထိုသို့သောအဆုံးသတ် ဖြစ်သွားရခြင်းအတွက် သူ့မှာလည်း တာဝန်ရှိလေသည်။ ထို့ကြောင့် ဒီနေ့ စကားတွေ အများကြီးပြောဖို့ သူပြင်ဆင်ထားသည်။ အခုလေးတင် သူပြောခဲ့တဲ့စကားက တိုက်ရိုက်အဆန်ဆုံးဖြစ်ပြီး ဝန်ခံခြင်းသဘော သက်ရောက်သည်......
ကျုံးယို့ယို့သည် ထိတ်လန့်တုန်လှုပ်ပြီး အံ့အားသင့်နေသော မျက်၀န်းများပြသလာကာ အမှန်တွေပါလို့ ယုံကြည်မှာမဟုတ်တာကို သူသိသည်။ ဒါတွေအကုန်လုံးက အမှန်တွေပါလို့ ကျုံးယို့ယို့ကို ပြောဖို့စောင့်ဆိုင်းနေစဉ်တွင် သူ အနည်းငယ်နူးညံ့စွာ မပြုံးပဲမနေနိုင်တော့ချေ။
"နင် အတည်ပြောတာလား?"
ကျုံးယို့ယို့က တကယ်ကို ထိတ်လန့်သွားတာဖြစ်ပေမယ့် သူမ နည်းနည်းလေးတောင် မပျော်ခဲ့ပေ။ သူမက ရိုးရိုးရှင်းရှင်းကို ပြောစရာစကားမရှိတော့တာပင်။ ရှစ်ကျစ်ထန်က မုန့်ရှစ်ရွှမ်နှင့်အမြဲပျော်ရွှင်စွာ အတူရှိနေခဲ့ပေမယ့် ဘာကြောင့် ရုတ်တရက်ကြီး ပြန်လှည့်ပြီး သူမကို ရှာနေရတာလဲ။ သူ အရမ်းအားနေတာလား။
ရှစ်ကျစ်ထန်က နူးညံ့စွာ ပြောလာသည်။
"အတည်"
"... မဟုတ်သေးပါဘူး၊ ဘာက နင့်ကို ယုံကြည်ချက်ရှိစေတာလဲ ငါက တာယာအပိုတစ်ခုအဖြစ် ဆက်နေချင်တယ်လို့ တွေးပြီးတော့လား" ကျုံးယို့ယို့က ဘယ်လမ်းက မြောက်ဘက်သွားတဲ့လမ်းလဲဆိုတာ မသိတော့တဲ့ထိ လန့်ဖျပ်သွားရသည်။
[တာယာအပို - အရေးပေါ်ကိစ္စအတွက် အရန်အဖြစ်ထားသည့် ယောက်ျားလေး သို့မဟုတ် မိန်းကလေး]
"..." ရှစ်ကျစ်ထန်၏နားများ တုန်ခါသွားသည်။ ကျုံးယို့ယို့ပြောလိုက်တာကို သူ နားမလည်ပေ။
သူမက သူ့ကို အမြဲသဘောကျနေခဲ့တာ မဟုတ်ဘူးလား...
သူ အကျပ်အတည်းအချို့နှင့် ပြောလိုက်မိ၏။
"မင်း ဘာဆိုလိုတာလဲ"
ကျုံးယို့ယို့က ပြုံးပြီး သူ့ကို ရိုးရိုးရှင်းရှင်းပင် နားရှင်းအောင်ပြောလိုက်သည်။
"ဆိုလိုတာက အခု တာယာအပိုက တာယာအပိုဆက်လုပ်ဖို့ ဆန္ဒမရှိတော့ဘူးတဲ့ နားလည်ပြီလား"
သူ့ခေါင်းနောက်ကို တုတ်နဲ့အရိုက်ခံလိုက်ရတယ်လို့ ရှစ်ကျစ်ထန် ခံစားရသည်။ သူ့စိတ်က အချိန်အတော်ကြာအောင် တုန်လှုပ်နေပြီး ဘာမှတွေးတောမနိုင်တော့ချေ။
ရေခဲတိုက်ထဲ ပစ်ချခံလိုက်ရသလိုမျိုး သူ ထိုနေရာမှာပင် မလှုပ်မယှက် ရပ်နေခဲ့လေသည်။ ကျုံးယို့ယို့က ဒေါသထွက်လို့ ဒီလိုပြောထွက်တာလားဆိုတာကို သူကြိုးစားမေးမြန်းချင်ခဲ့ပေမယ့် သူ့ကို ဒီလို အေးစက်တဲ့သဘောထားမျိုးနဲ့ ဘယ်တုန်းကမှ ကျုံးယို့ယို့ သူ့ကို မဆက်ဆံခဲ့ဖူးပေ။
...သူ ရုတ်တရက် အသက်ရှူမဝသလို ခံစားလိုက်ရသည်။ ကျုံးယို့ယို့၏ ဤကဲ့သို့သော လျစ်လျူရှုချင်သည့် သဘောထားမျိုးဖြင့် ဆက်ဆံခံရသည့်အချိန်ထိတိုင်အောင် သူသည် အရင်က ထိုသို့သောခံစားချက်မျိုး တစ်ခါမှ မခံစားခဲ့ရချေ။
"ယို့ယို့ မင်း ရုတ်တရက်ကြီး ဘာလို့..."
သူ့စကားမဆုံးခင်မှာ ဗီလာရဲ့ဧည့်ခန်းထဲမှလာတဲ့ “ဒုန်း” ဟူသောအသံတစ်သံကို ရုတ်တရက်ကြားလိုက်ရသည်။ လေးလံသော အရာဝတ္ထုတစ်ခု ပြုတ်ကျပြီး ကောင်းကင်ကြီးတုန်ခါသွားကာ အစေခံအများအပြားက တုန်လှုပ်ခြောက်ခြားစွာဖြင့် အော်ဟစ်ခဲ့ကြသည်။
"သခင်လေးချင်း သခင်လေးဘာဖြစ်သွားတာလဲ"
"ချင်းယောင်လည်း ဒီကိုရောက်နေတာလား..."
ရှစ်ကျစ်ထန်၏အမူအရာမှာ ပြောင်းလဲသွားတော့သည်။
သို့သော် ကျုံးယို့ယို့သည် ထိတ်လန့်သွားပြီး သူ့ကို ဂရုမစိုက်တော့ဘဲ အလျင်စလိုဖြင့် အထဲဝင်သွားလေသည်။