Chapter 18
*
ကျုံးယို့ယို့ ပြေး၀င်သွားလိုက်သည် ။ ရေတွေက ကြမ်းပြင်ပေါ် ပြန့်ကျဲနေပြီး သစ်သီးပန်းကန်သည်လည်း နှစ်ခြမ်းကွဲနေလေသည်။ ချင်းယောင်၏နှုတ်ခမ်းများသည် ခြောက်သွေ့ပြီး ကွဲအက်နေကာ သူ့စိတ်သည်တော့ အနည်းငယ်ဝေဝါးနေပုံရသည်။ သူမ အံ့အားသင့်သွားရပြီး သူ့ကို ထဖို့အမြန်ကူညီပေးလိုက်ကာ သူ့နဖူးကိုထိရန် လက်ဆန့်လိုက်သည်။
အရမ်းပူတယ်ဟ!
ဒါက လေးဆယ်ဒီဂရီကျော်နေပြီမို့ အရမ်းပူကျစ်နေတာကိုး!
သူ ဘယ်အချိန်ကစပြီး အဖျားတက်တာလဲ။ အခုလေးတင် သူ ကားမောင်းလာတာမဟုတ်ဘူးလား။ ပြီးတော့ စကားတောင် ပြောနိုင်သေးတယ်မလား?
ကျုံးယို့ယို့က သူ့လက်နှစ်ဖက်ကို အလျင်အမြန်ဆုပ်ကိုင်လိုက်ပြီး သူ့ကို ဆွဲတင်ဖို့ ကြိုးစားလိုက်သည် ။
သို့သော်လည်း ချင်းယောင်က အရမ်းလေးလွန်းတော့ သူ့ကို မဆွဲနိုင်တော့ဘဲ သူမပါ သူ့အပေါ် လဲကျသွားတော့သည်။ သူမနောက်ကိုလိုက်နေတဲ့ ရှစ်ကျစ်ထန်က ဒါကိုမြင်လိုက်ရသည်။ ရှစ်ကျစ်ထန်၏မျက်နှာသည် မည်းမှောင်သွားပြီး သူ့ဘေးနားရှိ အစေခံများအား ပြောလိုက်မိသည်။ "မင်းတို့တွေ ကြောင်တောင်တောင်နဲ့ ဘာလုပ်နေကြတာလဲ ဘာလို့ သွားမကူညီတာလဲ"
အစေခံတွေက အနားမကပ်ဝံ့ပေမယ့် ချင်းယောင်ကို မ,ပြီး ကျုံးယို့ယို့ရဲ့အပေါ်ထပ်အခန်းကို ပို့ပေးဖို့ကလွဲပြီး သူတို့မှာ ရွေးချယ်စရာမရှိတော့ချေ။
ကျုံးယို့ယို့ ချင်းယောင်၏နဖူးကို ထပ်ထိလိုက်တော့ ယခင်ကဲ့သို့ ပူကျစ်နေပုံမပေါ်သော်လည်း အကြောင်းတစ်ခုခုကြောင့် ချွေးများ ဆက်လက်စီးကျနေဆဲပင်။
သူမက “ရေခဲတုံးတချို့နဲ့ မျက်နှာသုတ်ပုဝါတချို့ ယူလာပေး” လို့ ပြောလိုက်သည်။
အစေခံတွေက ခေါင်းညိတ်ပြီး ထွက်သွားကြသည်။ သူတို့ထွက်သွားပြီးနောက် တစ်ယောက်ကို တစ်ယောက် ကြည့်မိလိုက်ကြသည်။
ချင်းမိသားစုရဲ့ သခင်လေးအကြောင်း သူတို့ကြားဖူးနေတာကြာပြီ၊ ဒါပေမယ့် သူတို့ သူ့ကို မတွေ့ဖူးကြချေ။ သူ့ကိုတွေ့ပြီးနောက်မှာ သူက ကောလဟာလတွေကပြောထားသလိုပဲ တကယ့်ကို ရူးသွပ်နေတာပဲ။
သူက ရေနွေးတစ်ခွက်ကို အသံမထွက်အောင် လောင်းထည့်ပြီး နဖူးပေါ်ကို ပွက်ပွက်ဆူနေတဲ့ရေနွေးတွေ သုတ်လိမ်းလိုက်သည်လေ။ အခုလို ပူပြင်းတဲ့ရာသီဥတုမှာ သူ့နဖူးကို မပူအောင် ဘယ်လိုထိန်းနိုင်မှာလဲ။ ထို့နောက် ချက်ချင်းဆိုသလိုပင် သူတို့သည် ထိတ်လန့်တုန်လှုပ်သွားရပြီး မတုံ့ပြန်နိုင်မီပင် ချင်းမိသားစု၏သခင်လေးက ရုတ်တရက် မူးလဲသွားသည်ကို တွေ့လိုက်ရသည်- - -
သူတို့က ဒီလိုမပြောချင်ပေမယ့် သန်မာပြီး အရပ်ရှည်တဲ့ ဒီလူက သူ ခေါင်းမူးနေတယ်လို့ပြောတဲ့အခိုက်အတန့်မှာ ကျုံးယို့ယို့တစ်ယောက်တည်းကသာ အဲ့လိုပြောတာကို ယုံကြည်တဲ့သူပင်။
ကျုံးယို့ယို့က တံခါးကိုပိတ်ပြီး ကုတင်ဘေးမှာထိုင်ကာ မေးလိုက်သည်။
"အအေးမိနေတာလား စောစောက ဘာလို့ မပြောခဲ့တာလဲ၊ နင်နေမကောင်းနေတဲ့အချိန် ငါဖုန်းဆက်လိုက်မိတာ တောင်းပန်ပါတယ်"
ချင်းယောင်သည် မျက်လုံးဖွင့်လိုက်ပြီး မျက်လွှာချ၍ စကားတစ်ခွန်းမှ မပြောဘဲ နှုတ်ခမ်းစေ့ထားလိုက်သည်။ အရပ်ရှည်ရှည်လူတစ်ယောက်က ကုတင်သေးသေးလေးပေါ် လှဲလျောင်းနေပြီး သူ့ရဲ့ဖြူဖျော့နေတဲ့နှုတ်ခမ်းကိုပါ ထပ်ပေါင်းလိုက်တော့ အလွန်တရာပင် သနားစရာကောင်းလှသည်။
"....."
ကျုံးယို့ယို့သည် ရုတ်တရက်ကြီး သူ့ကို ပြစ်တင်ရှုတ်ချရန် ရှက်ရွံ့သွားပြီး သူမကိုယ်သူမသာ အပြစ်တင်လိုက်သည်။
ရှစ်ကျစ်ထန်နဲ့ သူမ ဘာတွေအကြာကြီး ပြောနေရတာလဲ။
သူမ ပြောလိုက်မိသည်။"ဒါဆို ငါဘာလုပ်ရမလဲ နင်အရင်ဆုံး အနားယူပြီး ဒီနေ့ ငါတို့ မပြောင်းရွှေ့တော့ရင်ရော ဘယ်လိုလဲ နောက်နေ့မှ နင့်ကို ငါလာရှာမယ်လေ"
ချင်းယောင်၏အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။ သူစကားပြောခါနီးတွင် ကျုံးယို့ယို့ သူ့ကိုကြည့်နေတာကို မြင်လိုက်ရပြီး သူ့ခေါင်းကို ကမန်းကတန်းပြန်မြုပ်ထားလိုက်ကာ ထုံထိုင်းစွာဖြင့် "မင်း ပြောင်းချင်ရင် ပြောင်းကြရအောင် ချွေးထွက်ပြီးရင် ငါနေကောင်းသွားလိမ့်မယ်"
"သေချာလား?" ကျုံးယို့ယို့က သံသယစိတ်ဖြင့် မေးလာသည်။
အစေခံက ရေခဲတုံးများနှင့် မျက်နှာသုတ်ပုဝါများကို ယူလာပေးသည်။ သူမက ရေခဲတုံးများကို မျက်နှာသုတ်ပုဝါဖြင့် သေချာထုပ်ပိုးကာ ချင်းယောင်ကို လက်တစ်ဖက်ဖြင့်တွန်းပြီး အခြားလက်တစ်ဖက်ဖြင့် သူ၏နဖူးပေါ် ရေခဲတုံးများဖြင့် ဖိထားလိုက်သည်။
သူမ ထင်ယောင်ထင်မှားဖြစ်နေတာဟုတ်မဟုတ် မသိသော်ငြားလည်း ရေခဲထုပ်ကို နှစ်မိနစ်လောက်ကြာအောင်ထားပြီးနောက် ချင်းယောင်၏နဖူးပေါ်ရှိ အပူချိန်က လျင်မြန်စွာကျဆင်းသွားသည်........
သူမ စိတ်ရှုပ်သွားသည်။ သူမနဖူးကိုထိပြီးနောက် ချင်းယောင်၏နဖူးကို ပြန်ထိလိုက်တော့ ချင်းယောင်၏နဖူးအပူချိန်က သူမ၏နဖူးထက် နိမ့်နေသည်ကို သိလိုက်ရသည်။ ဘာတွေဖြစ်နေတာလဲ? သူမ ရေခဲတုံးများကို အမြန်ဖယ်ရှားလိုက်သည်။
"ဘာလို့ ထပ်မပူနေတော့တာလဲ?"
ချင်းယောင်လည်းပဲ အနည်းငယ် အံ့အားသင့်သွားပြီး အပြစ်ကင်းစွာဖြင့် မျက်တောင်ခတ်နေပုံရသည်။
"မင်းရဲ့ ရေခဲတုံးနည်းလမ်းက အတော်လေးအသုံးဝင်သွားတာများလား?"
ကျုံးယို့ယို့သည် ခဏတာလောက် ပြောစရာမဲ့သွားရပြီး ကုတင်ပေါ်မှ သူ့ကိုဆွဲထလိုက်ကာ "နင် အားရှိသေးရဲ့လား"
ချင်းယောင်သည် ဒီနေ့ သူမ တကယ်ကြီး မပြောင်းရွှေ့တော့မှာစိုးသောကြောင့် အိပ်ယာမှ အလျင်စလိုထကာ သူ့အင်္ကျီလက်ကိုဆွဲတင်၍ သူ၏ ဖြူဖွေးစွမ်းဆောင်နိုင်သော လက်မောင်းများကို တမင်တကာ ထုတ်ဖော်လိုက်ပြီး ကျုံးယို့ယို့ ပတ်ပတ်လည်တွင် လှည့်ပတ်ကာ သူမ၏ ခရီးဆောင်အိတ်ကို ပေါ့ပေါ့ပါးပါး ကောက်ယူလိုက်ပြီး "မင်း ဘယ်လိုထင်လဲ"
ကျုံးယို့ယို့သည် ချင်းယောင်၏နဖူးကို ထပ်မံထိလိုက်ပြီး သူတကယ်ဖျားခြင်းမရှိကြောင်း သေချာအောင်လုပ်ပြီးနောက် သူမလက်ကို ပြန်ချလိုက်သည်။ သူမသည် အပေါ့ပါးဆုံး အိတ်နှစ်လုံးကိုသယ်ကာ သူ့နောက်လိုက်၍ အောက်ထပ်ကိုဆင်းသွားပြီး ပစ္စည်းများကို သူ့ကား၏ပစ္စည်းခန်းထဲသို့ ရွှေ့လိုက်သည်။
နှစ်ယောက်သားက အပေါ်ထပ်နှင့်အောက်ထပ်ကို နှစ်ကြိမ်လောက် တက်လိုက်ဆင်းလိုက်လုပ်ပြီးနောက် ရှစ်ကျစ်ထန်ကို လုံးလုံးမေ့သွားကြပြီး ဧည့်ခန်းထဲတွင် သူ ခဏလောက် ထိုင်နေခဲ့သည်ကို သတိမထားမိလိုက်ကြချေ။
ကျုံးယို့ယို့ ဆင်းမလာသေးတာကို မြင်လိုက်ရတော့ သူက ရှုပ်ထွေးတဲ့ခံစားချက်တွေနဲ့ ထွက်ခွာသွားခဲ့သည်......
ထိုအချိန်တွင် အရာအားလုံးကို ကားပေါ်သို့ တင်ဆောင်ထားပြီဖြစ်ကာ ကျုံးယို့ယို့သည် ခရီးသည်ထိုင်ခုံမှာ ထိုင်လိုက်ပြီးမှ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသည် ။
"ငါ အသီးအနှံတွေ သွားယူလိုက်ဦးမယ်၊ နင့်အတွက် အထူးတလည်ဆေးပေးထားတာနော် မစားလိုက်ရင် နှမြောစရာကြီး"
"ငါ့အတွက် တကယ်အသီးဆေးပေးထားတာလား"
ချင်းယောင်သည် သူ၏ထိုင်ခုံခါးပတ်ကို ပတ်ထားပြီး ရုတ်တရက် မယုံကြည်နိုင်စွာ တုန်လှုပ်သွားခဲ့သည်။
“ဟုတ်တယ်” ကျုံးယို့ယို့က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး "ငါ နင့်အတွက် ဆေးပေးတာမဟုတ်ဘူးဆိုရင် ဘယ်သူ့အတွက် ဆေးပေးတာလဲ ငါက နင်တစ်ယောက်တည်းနဲ့ပဲ ချိန်းထားတာ ပြီးတော့ ရှစ်ကျစ်ထန်က ရုတ်တရက်ကြီး ရောက်လာမယ်လို့ ငါမသိခဲ့ဘူးလေ"
ထိုသို့ပြောပြီးသွားတော့ သူမက ကားပေါ်က ခုန်ဆင်းပြီး ဆေးကြောထားတဲ့ ချယ်ရီသီးတွေကို အိတ်သေးသေးလေးထဲထည့်ဖို့ ရေခဲသေတ္တာဆီ သွားလိုက်သည်။ ရာသီဥတုက အရမ်းပူတော့ နောက်ကျရင် ကားထဲမှာ စားလို့ရသည်။ မထွက်ခွာခင်မှာ သူမက ဗီလာကို တချက်ကြည့်လိုက်ပြီး အရမ်းပျော်တယ်ဆိုတဲ့ ခံစားချက်တစ်ခုသာ ရှိနေလေသည်။
ထို့ကြောင့် ကားပေါ်ကို သူမပြန်တက်လာတဲ့အချိန်မှာ ပျော်ရွှင်သံလေးတွေ ထွက်နေဆဲပင်။
ချင်းယောင် အေးခဲနေသေးတာကိုမြင်တော့ သူမက တိုက်တွန်းလိုက်သေးသည်။
"နင် ဘာလို့ ကြောင်တောင်တောင်ဖြစ်နေတာလဲ၊ မောင်းတော့"
ချင်းယောင်က သူမကို စိုက်ကြည့်နေဆဲဖြစ်ပြီး ထပ်ပြောလာသည်။ "ဒါကို ငါ့အတွက် တကယ်ဆေးကြောပေးခဲ့တာလား?"
"ဟုတ်ပါတယ်ဆို"
ကျုံးယို့ယို့သည် သစ်သီးဘူးကိုဖွင့်၍ အစက်အပြောက်မရှိ သန့်ရှင်းကြည်လင်နေသော လတ်ဆတ်နီရဲနူးညံ့သည့် ချယ်ရီသီးအချို့ကို ကောက်ယူလိုက်သည်။ သူမက ချင်းယောင်ရဲ့ပါးစပ်ထဲကို ချယ်ရီသီးတစ်လုံး သွပ်ထည့်လိုက်ပြီး တိုက်တွန်းလိုက်ပြန်သည်။
"မြန်မြန်လုပ်၊ နေအရမ်းပူနေတယ်"
သူမရဲ့လက်ချောင်းထိပ်များက ချင်းယောင်၏နှုတ်ခမ်းကို ထိသွားသောအချိန်တွင်တော့ ချင်းယောင်သည် ရုတ်တရက် တောင့်တင်းသွားတော့သည်။
ချယ်ရီသီးကို သူ့ပါးစပ်ထဲထိုးထည့်ပြီးနောက် အချိန်အတော်ကြာမှသာ ဖြေးညှင်းစွာဖြင့် စတင်ဝါးလိုက်မိပြီး ဝါးပြီးအချိန်အတော်ကြာပြီးနောက်မှ တောင့်တင်းမှုတွေ ပြေလျော့သွားခဲ့သည်။
ထိုခံစားချက်မျိုးသည် အမှောင်ထဲသို့ ပြုတ်ကျသွားပြီး သူက ၎င်းကို လက်ခံရန် တုံ့ဆိုင်းနေချိန်တွင် သူမက ရုတ်တရက် အသက်ကယ်ကောက်ရိုးတစ်မျှင်ကို ပစ်ချပေးလိုက်တာမျိုးနှင့် တူညီလှသည်။
--သူမက သူ့အတွက် တကယ်အသီးဆေးကြောပေးတယ်၊ သူ့အတွက် တကယ်ကြီး အသီးဆေးကြောပေးခဲ့တယ်! ဒါဆို သူ့အတွက် သူမ မိတ်ကပ်လိမ်းထားတာလည်း.... ဖြစ်နိုင်လောက်လား။
ချင်းယောင်သည် ရုတ်တရက် ဆုချီးမြှင့်ခံလိုက်ရသော ကလေးတစ်ယောက်နှင့်တူသည်။ အရှေ့၊ အနောက်၊ တောင် ၊မြောက် ရှာမတတ်တော့သလိုမျိုး သူက အရမ်းကိုအံ့အားသင့်သွားရ၏။ သူက ကြည်နူးပီတိဖြစ်သွားကာ နှလုံးသားလေးကပင် တဒုတ်ဒုတ်ခုန်နေလေသည်။
*
စာရေးသူမှာ ပြောစရာရှိတယ်။
ချင်းယောင် : အရမ်းပျော်တာပဲ။
ကျုံးယို့ယို့ : ဘယ်လိုတောင် စိတ်ပျက်စရာကောင်းရတာလဲ။