အပိုင်း ၂၀
Viewers 10k

Chapter 20




ကျုံးရှီယို့က နေ့ခင်းမှာ ကျောင်းကသူငယ်ချင်းတွေနှင့် ဘတ်စကတ်ဘောသွားကစားခဲ့ခြင်းဖြစ်ပြီး မှောင်တော့မှ ဘတ်စကတ်ဘောကစားရာမှ ချွေးတွေရွှဲပြီး အိမ်ပြန်လာသည်။သူက မီးဖိုချောင်ကိုသွားပြီး ရေခဲရေတစ်ခွက်ဖြည့်လိုက်သည်။ကျုံးယို့ယို့နှင့် မုန့်ရှစ်ရွှမ်ကို အိမ်မှာမတွေ့သော်လည်း သူကတော့ ဘာဖြစ်နေမှန်း သဘောမပေါက်သေးချေ။


အဆုံးမှာတော့ စနေ၊တနင်္ဂနွေတိုင်းတွင် မုန့်ရှစ်ရွှမ်က self-studyလုပ်ရန် စာကြည့်တိုက်သို့ သွားမှာဖြစ်ပြီး ကျုံးယို့ယို့သည်တော့ သူမ၏မြေခွေးသူငယ်ချင်းအုပ်စုနှင့် ရှိနေလိမ့်မည်ပင်။


ဤသည်ကိုတွေးမိပြီး ကျုံးရှီယို့သက်ပြင်းချလိုက်၏။သူ့ရဲ့ဒုတိယအစ်မ ပြန်လာတဲ့အချိန်ကျရင် သက်မွေးအထက်တန်းကျောင်းမှ ထိုသူငယ်ချင်းအုပ်စုနှင့် ရောနှောမနေရန် စည်းရုံးဖို့လိုအပ်သည်ဟု သူခံစားရသည်။


အမှန်တော့၊ ကျုံးရှီယို့သည် သူ၏ယခင်ဘဝက ကျုံးယို့ယို့ကို နားလည်ရန်ပင် မစဉ်းစားခဲ့ဖူးချေ။ သူမကိုမြင်တာနဲ့ ‌စိတ်အနှောင့်အယှက်ဖြစ်ပြီး ရှောင်ကွင်းသွားလေ့ရှိသည် ။ အတိတ်က ကျုံးယို့ယို့၏ ပုန်ကန်ထကြွသည့်အပြုအမူအတွက် အကြောင်းရင်းကို ဇွဲရှိရှိဖြင့် သူ ဘာကြောင့် မစူးစမ်းချင်ခဲ့တာလဲ။


ပြန်လည်မွေးဖွားလာပြီးနောက် သူ၏အကြည့်များသည် ကျုံးယို့ယို့အပေါ် အချိန်အတော်ကြာအောင် ကျရောက်နေခဲ့ပြီး ထို့နောက်တွင်တော့ ဒုတိယအစ်မသည် ထိုအထက်တန်းကျောင်းမှ လူဆိုးအုပ်စုနှင့် အဘယ်ကြောင့် အချိန်ဖြုန်းရသည်ဆိုတာအား  ပြန်တွေးမှသာ သဘောပေါက်ခဲ့ရသည်။


...သူမ အရမ်းကိုအထီးကျန်နေသောကြောင့်ပင်။


လွန်ခဲ့သည့်သုံးနှစ် သူမကို မုန့်ချန်ဆီမှ ကျုံးပါပါးပြန်ခေါ်လာခဲ့စဉ်က မြို့ကြီးထဲသို့ ရုတ်တရက် ဖောက်ဝင်လာရသည့် ဖက်ထုပ်သေးသေးလေးကဲ့သို့ သူမပတ်ဝန်းကျင်ရှိ အရာအားလုံးနှင့် သဟဇာတမဖြစ်နေပေ။ သို့သော်လည်း သူမ မပေါင်းစပ်နိုင်ခင် သူမဟာ အထက်တန်းလွှာအလယ်တန်းကျောင်းအသစ်မှာ တက်လိုက်ရ၏။ ထိုအချိန်တုန်းက သူမကို ကတ်တစ်ကတ်နဲ့ စကားဝှက်သာ ပေးခဲ့ပြီး မြို့နဲ့သင့်တော်သည့် အဝတ်အစားတွေဝယ်ရန်ပင် ဘယ်သူမှ မခေါ်သွားခဲ့ကြချေ.....


အိမ်ပြန်ရောက်လာတော့လည်း မိဘတွေနှင့် သူက သူမကို အေးစက်စက်ဆက်ဆံကြပြန်သည်..။


ထို့ကြောင့် သူမသည် သူမတည်ရှိနေသည်ဟူသည့် ခံစားချက်ကို ရှာတွေ့နိုင်ပြီး ဖြစ်တည်မှုခံစားချက်ကို မရှာနိုင်ကြသော ထိုလူဆိုးအုပ်စုနှင့် သူငယ်ချင်းတွေ ဖြစ်သွားခဲ့သည်။


ကျုံးရှီယို့က ဒါကို တွေးမိပြီး အနည်းငယ် စိတ်မသက်မသာခံစားလိုက်ရသည်။


ဒီနေ့ ဘတ်စကတ်ဘောကစားဖို့ ထွက်သွားမိတာကိုတောင် နောင်တရသွား၏။ သူ အိမ်မှာပဲနေပြီး ဒုတိယအစ်မနှင့်အတူ နေပေးလိုက်သင့်သည်၊ သူမဘာလုပ်ချင်လဲဆိုတာကိုကြည့်ပြီး သူနှင့်အတူ သူမလုပ်ချင်သောအရာကို လုပ်ပေးလိုက်သင့်သည်ပင်။ သူမတွင် သူငယ်ချင်းမရှိပေ။ ကျောင်းမှာ သူမကို သူ အနည်းငယ်ချင်းစီတိုး၍ ဂရုစိုက်ပေးလို့ရလေသည်။


သူက ဆိုဖာပေါ်ထိုင်ချလိုက်ပြီး ဂိမ်းဆော့ဖို့အတွက် အခန်းထဲပြန်ဝင်ဖို့တောင် စိတ်မပါတော့ဘူး။ သူက ရီမုကို နှိပ်လိုက်ပြီး ကျုံးယို့ယို့ပြန်လာတာကိုပဲ စောင့်နေလိုက်တော့သည်။


ညရှစ်နာရီကျော်တော့ ကားသံတစ်သံက အပြင်မှာ ရပ်လာသည်။ သူ ချက်ချင်းထရပ်၍ တံခါးကို စိတ်လှုပ်ရှားစွာဖြင့် ဖွင့်လိုက်ပြီး "ဒုတိယအစ်မ ပြန်လာပြီလား"


မုန့်ရှစ်ရွှမ်သည် အိတ်ကြီးများနှင့် ကားထဲမှ ထွက်လာပြီး သူမ ဈေးဝယ်ထွက်ပုံရသည်။ သူ့မျက်နှာပေါ်ရှိ စိတ်လှုပ်ရှားမှုများက ရုတ်တရက် ပျောက်ကွယ်သွားပြီး ကျုံးယို့ယို့ကို ပြန်လည်စောင့်ဆိုင်းရန်အတွက် ဧည့်ခန်းသို့ မပြန်မီတွင် မုန့်ရှစ်ရွှမ်ကို နွေးထွေးမှုများကင်းမဲ့နေသည့် အကြည့်တစ်ချက်ပေးလိုက်သည်။


"ရှီ..." မုန့်ရှစ်ရွှမ်၏စကားမဆုံးခင် ကျုံးရှီယို့က ထွက်သွားပြီဖြစ်ပြီး သူမ၏မျက်နှာပေါ်ရှိ အပြုံးသည်လည်း အေးခဲသွားသည်။


လွန်ခဲ့သည့်နှစ်ရက်အတွင်း သူမ၏မိဘများနှင့် မောင်လေး၏ သူမအ‌ပေါ်ထားသည့် သဘောထားများသည် သူမကို ချစ်ခင်အလိုလိုက်ခြင်းမှ သူမအပေါ် အလွန်တရာစိတ်မရှည်ခြင်းနှင့် ခပ်ရေးရေးမြင်ရသည့် မနှစ်မြို့ခြင်းအထိပင် 180 ဒီဂရီ ပြောင်းလဲသွားကြောင်း သူမ သိသိသာသာ ခံစားခဲ့ရသည်။ ဘာတွေဖြစ်နေလဲဆိုတာကို သူမနားမလည်ပေမယ့် တစ်ခုခုဖြစ်ပျက်သွားလောက်တာ ဒါမှမဟုတ် ကျုံးယို့ယို့နှင့်ပတ်သက်သည့် တစ်ခုခုဖြစ်လောက်ပြီး ထိုဟာက သူမအပေါ် သူတို့ရဲ့အမြင်ကို ပိုဆိုးသွားစေတာဖြစ်လိမ့်မယ်လို့ သူမ သိ‌လေသည်။


အဲဒီအခါမှာ သူမက သူတို့စိတ်ကျေနပ်အောင် အတတ်နိုင်ဆုံး ကြိုးစားပြီး သူမအပေါ်ထားရှိတဲ့ မကောင်းတဲ့အမြင်တွေကို ဖယ်ရှားပစ်ရမည်ပင်။


မုန့်ရှစ်ရွှမ်က အသက်ပြင်းပြင်းရှူလိုက်ရင်း သူမ၏မျက်နှာပေါ် နွေးထွေးသည့်အပြုံးတစ်ပွင့် ပြန်လည်တပ်ဆင်လိုက်ကာ အိတ်များနှင့်အတူ အထဲဝင်လာခဲ့လိုက်သည်။


မဖယ်ရှားနိုင်ဘူးလို့ သူမ လုံးဝမယုံကြည်ချေ။ ကျုံးမိသားစုသည် သူမနှင့်ဆယ့်ရှစ်နှစ်ကြာ ဆက်ဆံရေးရှိခဲ့ပြီး ထိုဆယ့်ငါးနှစ်လောက်အတွင်း ကျုံးယို့ယို့ပေါ်မလာခင်ထိ သူမဟာ သူတို့ရဲ့မိသားစု၀င်ပင်။ နှစ်ပေါင်းများစွာ အတူတူအိပ်ပြီး နွေးထွေးမှုတောင်းဆိုခဲ့တဲ့ရလဒ်က ဘယ်လိုဖြစ်မလဲ။ ထိုအချိန်မှစ၍ အထင်လွဲမှားမှုတွေ ပျောက်ကွယ်သွားခဲ့သည်။


"ရှီယို့ ၊ ဒီကိုကြည့်၊ ဒါ နောက်ဆုံးမော်ဒယ်လေ" မုန့်ရှစ်ရွှမ်သည် ဂိမ်းစက်ကို ထုတ်ယူလိုက်သည်။


ကျုံးရှီယို့အကြောင်းကို သူမ သိသည်။ သူသည် ရိုးရိုးဖက်ရှင်၀တ်၍ ခပ်မိုက်မိုက်နှင့် ပျင်းရိတတ်သောကောင်ငယ်လေးဖြစ်ပြီး အပြင်လူတွေကိုတော့ သူစိမ်းတစ်ယောက်လို ဆက်ဆံတတ်သည်။ တကယ်တော့ သူက ဂိမ်းကို စွဲလန်းနေတဲ့ ကောင်လေးတစ်ယောက်ပင်။ သူ့မှာ လျို့ဝှက်ကြံစည်မှုဆိုတာမရှိသလို သူ့အတွေးတွေကို ဖုံးကွယ်မထားနိုင်တဲ့သူလည်း ဖြစ်လေသည်။ သူ့ဆီကနေစပြီး မိဘတွေရဲ့စိတ်နေသဘောထားတွေ တစ်ချိန်တည်းမှာ ဘာကြောင့် ပြောင်းလဲသွားတယ်ဆိုတာ သူမသိနိုင်သည်လေ။


သေချာ‌သည်၊ ထိုဟာက နောက်ဆုံးမော်ဒယ်ပင်။


ကျုံးရှီယို့၏မျက်၀န်းများ ခပ်မိုက်မိုက်အနီရောင်ရီမုပေါ် ရောက်သွားသည်နှင့် တပြိုင်နက် သူ့မျက်၀န်းများသည်လည်း စင်းကျသွားတော့သည်။


သို့သော်လည်း သူ မုန့်ရှစ်ရွှမ်ရဲ့ရည်ရွယ်ချက်ကို ကောင်းကောင်းသိသည်... ဘာကြောင့်လဲတော့ မသိသော်ငြား အကယ်၍ အခုနေ ဂိမ်းစက်အသစ်ကို ပေးနေသည်က ဒုတိယအစ်မသာဆိုလျှင်၊ ပျံတက်သွားလောက်တဲ့ထိ အရမ်းပျော်မှာပေမယ့် သူ့ကိုပေးနေသည်က မုန့်ရှစ်ရွှမ်ဖြစ်နေသည်။ သူ့ရဲ့စိတ်အားထက်သန်မှုတွေ ကုန်ဆုံးသွားရ၏။


မုန့်ရှစ်ရွှမ်သည် မိသားစုထဲရှိ လူတိုင်း၏နှစ်သက်မှုနှင့် အကျင့်စရိုက်များကို နားလည်ပြီး ကျုံးမိသားစု၏ အရင်းအချာ အနွေးဂျက်ကတ်ငယ်လေး အမြဲဖြစ်‌ခဲ့သည်။ သူမက သူ့ကို စိတ်ကျေနပ်အောင် လုပ်ပေးပြီးရင် ကျုံးမိဘတွေကိုလည်းပဲ သေချာပေါက် ကျေနပ်အောင်လုပ်ပေးလိမ့်မယ်...


သူသာ သတိမရှိပဲ ဒုတိယအစ်မနားမှာ သူမကို ပေးရပ်လိုက်ရင် သူ့မိဘတွေ ထပ်ပြီး စိတ်ပျော့သွားကြမှာမဟုတိဘူးလား။


ကျုံးရှီယို့၏အမူအရာပြောင်းလဲသွားကာ နောက်ဆုံးတွင် အေးစက်စက်ဖြင့် ထရပ်လိုက်ပြီး "ဘာလဲ၊ အဲ့ဒါ ကျွန်တော့်အတွက်လား ၊ အစ်မ ကျွန်တော့်အတွက် လက်ဆောင်ပြင်ထားတယ်ပေါ့ မွေးနေ့လည်းမဟုတ် အားလပ်ရက်လည်းမဟုတ်ပဲနဲ့လေ"


မုန့်ရှစ်ရွှမ်က ပြုံးလိုက်ပြီး "အရင်တစ်ခေါက်တုန်းက မောင်လေး သူများကိုပေးချင်တဲ့လက်ဆောင်ကို အစ်မသွားထိမိပြီး မောင်လေးကို စိတ်မချမ်းသာအောင် လုပ်မိလိုက်တယ် အစ်မက မောင်လေးအကြိုက်ဆုံးဂိမ်းစက်ကို အထူးတလည်နဲ့ အသစ်ဝယ်လာခဲ့တယ်နော် မောင်လေးစမ်းဆော့ကြည့်လို့ ရတယ် ပျော်စရာမကောင်းရင် မဆော့နဲ့တော့ပေါ့"


သူမ၏နှုတ်ခမ်းထောင့်စွန်းတွင် အပြုံးလေးများပင် တည်ရှိနေသေးသည်။ ကျုံးရှီယို့၏ မျက်၀န်းများသည် ဂိမ်းစက်ပေါ်  ရောက်လာသည်ကို မြင်လိုက်ရသဖြင့် ဤမောင်လေးက အနည်းငယ်စိတ်ပျော့သွားမှန်း သူမ စိတ်ထဲတွင်သိလိုက်သောကြောင့် ဂိမ်းစက်ကို ကောက်ကိုင်ပြီး မသိကျိုးကျွန်ပြုလိုက်သည်။


မထင်မှတ်ပဲ ကျုံးရှီယို့က သူ့လက်ကို ရုတ်လိုက်ပြီး ဂိမ်းစက်ကို အေးစက်စက်ဖြင့် ချက်ချင်းပြန်တွန်းပေးလာသည်။


“ဒါဆို ဒုတိယအစ်မအတွက်ရော လက်ဆောင်တွေ ပြင်ဆင်ထားလား” ကျုံးရှီယို့က လျစ်လျူရှုပြီး မျက်လွှာပင့်ကြည့်လာကာ "အရင်တစ်ခေါက်တုန်းကလက်ဆောင်က ဒုတိယအစ်မကိုပေးဖို့အတွက် ကျွန်တော်ဝယ်လာခဲ့တာ အစ်မက ခွင့်ပြုချက်မရှိဘဲ ဖွင့်လိုက်တယ်လေ လက်ဆောင်အတွက် တောင်းပန်ချင်ရင် ဒုတိယအစ်မကိုပဲ တောင်းပန်သင့်တယ်မလား“


မုန့်ရှစ်ရွှမ်၏ပါးစပ်ထောင့်များသည် လုံးဝ တောင့်တင်းသွားသည်။ "........."


သနားညှာတာမှုမရှိ သူမရဲ့ခေါင်းပေါ် ရေအေးတစ်ဇလုံ လောင်းချခံလိုက်ရသလိုပင်။ အချိန်အတော်ကြာပြီးနောက် သူမက ရှက်ရွံ့စွာဖြင့် “ဟုတ်တယ် သူမအတွက်လည်း အဆင်သင့်ပြင်ထားပြီးသားပါ သူမပြန်လာရင် အစ်မပေးလိုက်မယ်”


"တကယ်လား?" သူမက ဒုတိယအစ်မအတွက် လက်ဆောင်လုံးဝမဝယ်ခဲ့ဘူးလေ။


ကျုံးရှီယို့သည် သူမအား ရယ်သွမ်းသွေး(လှောင်)ချင်သည့် အကြည့်တစ်ချက်ပေး၍ ထွက်ခွာသွားခဲ့သည်။


ပြန်လည်မွေးဖွားပြီးနောက်တွင် သူသည် မုန့်ရှစ်ရွှမ်၏ သူတော်ကောင်းယောင်‌ဆောင်မှုကဲ့သို့သော အရာများစွာကို အမှန်တကယ်တွေ့မြင်ခဲ့ရသည်။ သူမသည် သူမကိုယ်သူမ ကောင်းမွန်စွာ ဆက်ဆံတတ်ပြီး ရည်ရွယ်ချက်အပြည့်ရှိလှသည်။ သူသာ အသုံးမ၀င်ရင် သူမဘယ်လိုလုပ်မလဲ။ ယာဉ်တိုက်မှုဖြစ်တုန်းကမြင်ကွင်းကို သူ ပြန်မတွေးဘဲ မနေနိုင်ခဲ့ချေ။ ဟုတ်သည်၊သူတို့သာ အသုံးမဝင်ပါက သူမသည် နှစ်ပေါင်းများစွာရှိခဲ့သော ခံစားချက်တွေကိုမေ့ပြီး သူတို့ကို အန္တရာယ်ထဲမှာ ထားခဲ့လိမ့်မည်ပင်။


သူမသည် ဤကဲ့သို့သောမျက်နှာဖုံးကို တပ်ဆင်ထားသောကြောင့် သူမနှင့်ပလဲနံပသင့်ရန် လွယ်ကူသော်လည်း ၎င်းသည် ဆူးများဖုံးလွှမ်းထားသော ဒုတိယအစ်မထက် စစ်မှန်မှုနည်းပါးလှသည်။


.......


ဆိုဖာပေါ်တွင်ထိုင်နေသော မုန့်ရှစ်ရွှမ်သည် ဂိမ်းစက်ဘူးကို ချိုးလုနီးပါးဖြစ်သွားရပြီး ဘူးကိုကိုင်ထားသည့် သူမ၏လက်ချောင်းများက ဖြူဖျော့သွားကာ သူမ၏နူးညံ့သိမ်မွေ့ပြီး ဖော်ရွေသောသွင်ပြင်နှင့် လုံးဝလိုက်ဖက်မှုမရှိသော မှုန်မှိုင်းမှုတစ်ခုက စင်းကျနေသောမျက်၀န်းထဲတွင် ဖြတ်ပြေးသွားတော့သည်။


သူမကို ဘာကြောင့်ဒီလိုဆက်ဆံရတာလဲ။ ကျုံးရှီယို့မှာ ဒီလိုသဘောထားမျိုးရှိသေးတာလား? သူက ဒီဂိမ်းစက်ကို သိသိသာသာကြီး သဘောကျနေပေမယ့် ကျုံးယို့ယို့အတွက် စိတ်ထိန်းထားနိုင်ခဲ့တယ်ပေါ့။


နာရီလက်တံသည် ကိုးနာရီခွဲသို့ ရောက်ရှိလာသော်လည်း ကျုံးယို့ယို့သည်တော့ ပြန်ရောက်မလာသေးတာကြောင့် ကျုံးရှီယို့မှာ အနည်းငယ် စိုးရိမ်စပြုလာသည်။ ဒုတိယအစ်မက လွန်ခဲ့သည့်နှစ်များအတွင်း ဆိုးဆိုးရွားရွားအဆင်မပြေဖြစ်ခဲ့ရသည်မှာ အမှန်ပင်။ သူမက သန်းခေါင်ယံရောက်ခါနီးထိ မမူးမချင်းပြန်မလာတတ်ဘဲ ယနေ့လည်း ထိုသို့လုပ်မိပြီး ထိုအချိန်ရောက်လျှင် ကျုံးပါပါးဆီးမှ ဝေဖန်ခံရမည်ကို စိုးရိမ်ခဲ့သည်။ ထို့ကြောင့် သူ စိတ်ထိန်းမနေတော့ဘဲ ကျုံးယို့ယို့ကို ဖုန်းခေါ်ဖို့ လက်ဦးမှုယူခဲ့သည်။


ဆက်သွယ်လို့မရပေ ၊ missed call ဖြစ်သွားရုံသာမက သူမက ကိုင်ပင်မကိုင်ခဲ့ချေ။


ကျုံးရှီယို့ : "..."